ယေဟောဝါကျွန်တော့်ကို ခွန်အားပေးပြီ
အီကွန်ဘာ အိုကိုကာ ပြောပြသည်
အလယ်ပိုင်းအာဖရိကနိုင်ငံတစ်ခုရှိ “ခရစ်ယာန်” အိမ်ထောင်စုတစ်ခုအတွင်း ကျွန်တော်ကြီးပြင်းလာ၍ ဘုရားကိုချစ်မြတ်နိုးတတ်သူဖြစ်လာသည်။ ကျွန်တော့်အဖေသည် ဇွဲလုံ့လရှိသောအကူတရားဟောဆရာဖြစ်၍ ချာ့ချ်တွင်သူဟောသည့်အခါ၊ အိမ်များ၌ဆုတောင်းပေးသည့်အခါ သူနှင့်ကျွန်တော်လိုက်သွားဖူးသည်။ ဘုရားကြည်ညိုဟန်ရှိသောလူငယ်ဖြစ်ပုံရသည့်အတွက် အခြားအကူတရားဟောဆရာများက မာ့စ်ပေးချိန်တွင်ဘုန်းကြီးကိုထောက်ကူရန် ကျွန်တော့်ကိုရွေးချယ်ကြသည်။ တစ်နေ့တွင် ကျွန်တော်လည်းဘုန်းကြီးတစ်ပါးဖြစ်လာမည့်အလားအလာရှိသည်ဟု သူတို့ပြောကြသည်။
သို့သော်ညပိုင်း၌မူ ကျွန်တော်သည် ဒေသခံမာတွန်ဘာငိုမိုတီးဝိုင်းအဖွဲ့တွင် အဓိကအဆိုနှင့်အကသည်ဖြစ်ပါသည်။ ဤသို့အားဖြင့် ကျွန်ုပ်တို့ဒေသရှိအပျိုလူပျိုများနှင့်အတူ သီလယိုယွင်းမှုအမျိုးမျိုးတွင် ပါဝင်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် ဇနီးသည်တစ်ဦးတည်းရှိရန်နှင့် တစ်နေ့နေ့ “သူတော်စင်များ” နှင့်အတူကောင်းကင်သို့ရောက်ရန် မျှော်မှန်းပါသည်။ ကျွန်တော့်အသင်းတော်တွင် စနေနေ့တိုင်း ကျွန်တော်တို့အပြစ်များကိုခွင့်လွှတ်ပေးရန်အစီစဉ်ရှိသည့်အတွက် သီလစင်ကြယ်ရမည့်အကြောင်းကို ကျွန်တော်သဘောမပေါက်ခဲ့ပါ။
အခက်အခဲများစတင်လာ
၁၉၆၉ ခုနှစ်တွင်ကောလိပ်တက်နေစဉ် ကျွန်တော့်အဆစ်များစနာလာသည်။ အဘယ်ကြောင့်ဖြစ်ရသည်ကိုမသိသော်လည်း ပို၍သာနာလာသည်။ ကျွန်တော့်မိဘများသည် “ခရစ်ယာန်” ဖြစ်ကြသော်လည်း ကျွန်တော့်ကိုတစ်ဦးတစ်ယောက်ပြုစားထားသည်ဟုဆိုပြီး ကျွန်တော်ကျန်းမာသွားရန် သူတို့ဆုတောင်းချက်များနှင့်ဆေးတို့ကိုသုံးစွဲရမည်ဟုပြောသော နတ်ဆရာအသီးသီးထံ ခေါ်သွားပါသည်။ သို့သော်လည်း ထော့ကျိုးထော့ကျိုးဖြင့်ကျွန်တော်လမ်းသွားရပါသည်။ ၁၉၇၀ ခုနှစ်တိုင်သော် တုတ်ထောက်အကူနှင့်ပင် ခဲယဉ်းစွာလမ်းသွားခဲ့ရသည်။ ဤအချိန်တွင် ကျွန်တော်လုံးလုံးလမ်းမလျှောက်နိုင်တော့မည့်အခါ နီးပြီဟုထင်မှတ်မိသည်။
၁၉၇၂ ခု၊ ဖေဖော်ဝါရီလတွင် ဝင်ဘိုနိုင်အာမာမြို့ရှိဆေးရုံ၌ ရောဂါကုပေးရန် အဖေစိတ်ဆုံးဖြတ်ခဲ့သည်။ ဆေးရုံတက်ချိန်ကြာလွန်းသည့်အတွက် ကျွန်တော့်ကိုဆေးရုံပိုင်ရှင်ဟူ၍ပင် ပြောင်နောက်ကြသည်။ ဆေးရုံတက်သူများ ရောဂါပျောက်ကင်း၍ဆေးရုံဆင်းပြီးနောက် အခြားရောဂါတစ်ခုနှင့်ပြန်ရောက်လာကြသည်အထိ ကျွန်တော့်မှာဆေးရုံမဆင်းရသေးပါ။ ကျွန်တော့်အဖေလည်း စပါးရိတ်ချိန်ရောက်လာသဖြင့် အိမ်ပြန်သွားရသည်။ ဤအချိန်တွင် ကျွန်တော်လည်းကလေးနှစ်ယောက်အဖေဖြစ်နေသည်။ အသက် ၂၁ နှစ်မျှရှိသောကျွန်တော့်ချစ်ဇနီးသည် ကျွန်တော့်ကိုပြုစုပေးရင်း ကျွန်တော်တို့လိုအပ်ရာများအတွက် အလုပ်လုပ်ကိုင်ရရှာသည်။
မည်သို့ဆိုစေကာမူ ကျွန်တော့်အခြေအနေကြောင့် အလွန်စိတ်ဓာတ်ကျနေမိသည်။ ၂၄ နှစ်အရွယ်တွင် ရောဂါအခြေအနေပိုဆိုးရွားလာနေသည်။ ကျွန်တော့်သူငယ်ချင်းများမူ အလုပ်အကိုင်နှင့်ကြီးပွားနေကြသည်။ သို့နှင့်ကိုယ့်ကိုယ်ကိုသတ်သေလျှင် အားလုံးအတွက်အဆင်ပြေလိမ့်မည်ဟု ကျွန်တော်ယူမှတ်ခဲ့ပါသည်။ ထိုကြောင့်ကျွန်တော့်ပစ္စည်းများကို သားသမီးများနှင့်ညီအစ်ကိုများအား ဘာမျှမပြောမဆိုဘဲ ဝေငှပေးခဲ့ပါသည်။ ကျွန်တော်အကြိုက်ဆုံးရှပ်အင်္ကျီနှင့်သင်္ဂြိုဟ်ခံရဖို့အတွက် ယင်းတစ်ခုသာချန်ထားသည်။
ဘဝအသက်တာအသစ်စတင်ခြင်း
ထိုအချိန်တွင် ယေဟောဝါသက်သေတစ်ဦး ကျွန်တော့်ခုတင်ဘေးတွင် ဆေးရုံလာတက်သည်။ သူသည်မျက်လုံးတစ်ဖက်ကန်းပြီး အခြားတစ်ဖက်ပါကွယ်သွားမည်စိုးရိမ်နေရသော်လည်း ကျမ်းစာတွင်ပါသော ယေဟောဝါနှင့်ကိုယ်တော့်နိုင်ငံတော်အကြောင်း ကျွန်တော့်ကိုသက်သေခံပါသည်။ ရက်အနည်းငယ်ကြာသောအခါ သူဆေးရုံဆင်းသွားသည်။ သို့သော်သူ့ထံလည်ပတ်လာသည့် သက်သေခံအချို့နှင့်ကျွန်တော့်ကိုမိတ်ဆက်ပေးခဲ့သည်။ သူတို့နှင့်အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီးနောက် သူတို့ပြန်သွားကြရသည်။ သို့သော်တစ်ယောက်ကစာအားဖြင့် ကျွန်တော်နှင့်ကျမ်းစာသင်အံမှုပြုလုပ်ခဲ့သည်။ ကျွန်တော့်ကိုပျော်ရွှင်မှုပေးသည့် ကျမ်းစာစာပေများစွာကိုလည်း သူပေးထားခဲ့သည်။
ဤနည်းဖြင့်ဝိညာဏအစာစားခဲ့ရ၍ ကျွန်တော့်စိတ်ဓာတ်ကျမှုသည် တဖြည်းဖြည်းပျော်ရွှင်မှုသို့ပြောင်းလဲလာသည်။ ကျွန်တော်၏ချာ့ချ်သည် ကျွန်တော့်အား “ငရဲမီး” သာတိုက်ကျွေးနေခဲ့ပုံရှိပြီး ယခုမှအသက်ရေကိုဝဝလင်လင်သောက်သုံးနေရဟန်တူသည်။ သုံးပါးတစ်ဆူ၊ ဝိညာဉ်မသေနိုင်၊ လူသေကိုကြောက်စိတ်၊ ဘိုးဘေးတို့ကိုကိုးကွယ်ခြင်းအစရှိသည့် အယူသည်းမှုများမှလွတ်မြောက်စေသည့်အတွက် ယေဟောဝါကိုလှိုက်လှဲစွာကျေးဇူးတင်ခဲ့ပါသည်။
ဤအချိန်တွင် ကျွန်တော်ဆေးရုံဆင်းလိုနေသည်။ ဤတွင် အချိန်ပြည့်ဓမ္မအမှုဆောင် နှစ်အိမ်ထောင်သည် ဝင်ဘိုနိုင်ယာမာမြို့၌တာဝန်ခန့်အပ်ခံရကြောင်းသတင်းရ၍ သူတို့လာသည်အထိ ဆေးရုံ၌ဆက်နေရန် စိတ်ဆုံးဖြတ်ပါသည်။ ကျွန်တော့်ကိုဆေးရုံတွင် သူတို့လာတွေ့သည့်နေ့သည် ကျွန်တော့်အတွက်အလွန်ပျော်ရွှင်စရာကောင်းသည့်နေ့ရက်ဖြစ်ခဲ့ပါသည်။ ယခုစာအားဖြင့်မဟုတ်တော့ဘဲ ကျမ်းစာသင်အံမှုကိုလူတွေ့ဆက်ပြုလုပ်နိုင်ပေပြီ။
ရက်အနည်းငယ်အကြာတွင် မဂ္ဂဇင်းများ၌ကျွန်တော်ဖတ်ရှုရသည့်အတိုင်း နိုင်ငံတော်ခန်းမတွင် စည်းဝေးများကျင်းပပါသလောဟု သူတို့အားကျွန်တော်မေးသည်။ သူတို့နေသည့်တဲအိမ်ငယ်တစ်ခုတွင် စည်းဝေးအားလုံးကိုကျင်းပကြောင်းပြောပြပါသည်။ ကျွန်တော်စည်းဝေးတက်နိုင်ရန် စက်ဘီးပေါ်တင်ပို့ပေးမည်ဟူ၍လည်းပြောပါသည်။ ကျွန်တော့်နောက်ကြောရိုးနှင့်အဆစ်အားလုံး အလွန်ကိုက်ခဲနေသော်လည်း စည်းဝေးအားလုံးတက်ခွင့်ရသည့်အတွက် အလွန်အားရဝမ်းသာခဲ့ရပါသည်။ အရည်အချင်းရှိလာသည့်အခါ ၁၉၇၄ ခု၊ ဧပြီလမှစ၍ နှစ်ခြင်းမခံယူသေးသည့်ကြေညာသူတစ်ဦးအဖြစ် မှတ်တမ်းသွင်းနိုင်သည့်အခွင့်အရေးကိုရရှိခဲ့သည်။
နောက်ထပ်သုံးလအကြာတွင် ရေ၌နှစ်ခြင်းယူခြင်းအားဖြင့် ယေဟောဝါထံဆက်ကပ်အပ်နှံပြီးကြောင်း တင်ပြခဲ့ပါသည်။ ဆေးရုံဝန်ထမ်းများ၊ လူနာများ၊ လည်ပတ်လာသည့် ပရိုတက်စတင့်သာသနာပြုများနှင့် ဆန့်ကျင်အတိုက်အခံပြုသော ကျွန်တော့်ဆွေမျိုးများကိုသက်သေခံခဲ့ပါသည်။ ဤအချိန်တွင် အိပ်ရာပေါ်လဲလျောင်းနေစဉ်၊ သို့မဟုတ် ကျွန်တော်အပိုင်မဝယ်နိုင်မချင်း ဆေးရုံကပေးထားသည့် ဘီးတပ်ကုလားထိုင်ပေါ်ထိုင်စဉ် သက်သေခံလေ့ရှိသည်။
ခံရပ်ခြင်းမှအကျိုးဖြစ်ထွန်းလာ
ဆွေမျိုးသားချင်းတို့၏အတိုက်အခံကြား ယေဟောဝါလမ်းစဉ်အတိုင်း ကျွန်တော်ဆက်လျှောက်လှမ်းသည့်အတွက် ကြွယ်ဝစွာကောင်းချီးခံစားခဲ့ရသည်။ ကျွန်တော့်ဇနီးသည် သမ္မာတရားတွင်ရပ်တည်လာပြီး ၁၉၇၅ ခုနှစ်တွင်နှစ်ခြင်းယူခဲ့သည်။ အသင်းတော်ရှိနှင့်သောကာတာကိုကောမ်ဘီမြို့တွင် အခြေချရန် ကျွန်တော်တို့စိတ်ဆုံးဖြတ်သည်။ ၁၉၇၅ ခုနှစ်တွင် သက်သေခံအားလုံးအသတ်ခံရကြမည်ဟု ကျွန်တော့်မိဘများသတင်းရသဖြင့် ကျွန်တော်တို့အတွက်အလွန်စိုးရိမ်ခဲ့ကြပါသည်။ သက်သေခံများနှင့်ပေါင်းသင်းမှုကို ကျွန်တော်တို့မဖြတ်ပစ်သည့်အတွက် ကျွန်တော်တို့ထံအစာရေစာမပို့ပေးတော့သဖြင့် အကြပ်အတည်းအကြီးအကျယ်တွေ့ကြုံခဲ့ကြရသည်။ တစ်ရက်ခွဲအစာမစားရဘဲ ငတ်ပြတ်ခဲ့ရသည့်အတွက် ကျွန်တော့်သားငယ်ကလေးတစ်ယောက် လဲကျသွားခဲ့သည့်အချိန်ကို မှတ်မိသည်။ ဤအကြောင်းခရစ်ယာန်ညီအစ်ကိုများသိလာသည်နှင့် ငါးနှင့်စားစရာယူလာပေးကြပါသည်။ နောက်ပိုင်းတွင် ကျွန်တော့်မိဘများပြန်ထောက်ပံ့ပေးခဲ့သော်လည်း ညီအစ်ကိုများက ကာယအကူအညီကိုဆက်ပေးခဲ့ပါသည်။
၁၉၇၅ ခု၊ ဖေဖော်ဝါရီလတွင် ကျွန်တော့်ညာလက်သေသွားပြီး ပိန်လှီသွားလေသည်။ သို့သော်ယုံကြည်ခြင်းခိုင်မြဲစွာဖြင့် ယေဟောဝါကိုဝမ်းမြောက်ရွှင်လန်းစွာ ဆက်အမှုထမ်းပါသည်။ နောက်ပိုင်းတွင် ကျွန်တော့်လက်ပြန်သန်စွမ်းလာ၍ ယနေ့ယင်းကိုလှုပ်ရှားနိုင်သည့်အတွက် ကျမ်းစာဖွင့်နိုင်ပြီ၊ အသင်းမစာပေများကိုအသုံးပြုနိုင်ပြီဖြစ်သည်။
အာဏာပိုင်များရှေ့ရဲရင့်ခြင်း
၁၉၇၇ ခုနှစ်တွင် အနီးအနားအသင်းတော်ရှိ အထူးရှေ့ဆောင်တစ်ဦးကို ဖမ်းချုပ်ထားသည့်ရပ်ကွက်ကော်မီရှင်ရှေ့တွင် ရပ်ကွက်လူကြီးသည် ကျွန်တော့်အားမတရားစွပ်စွဲခဲ့သည်။ တစ်နေ့သောအခါ သမ္မန်စာနှင့်စစ်သားတစ်ဦး ကျွန်တော့်ကိုလာခေါ်သည်။ မိသားစုနှင့်အတူဆုတောင်း၍ အသင်းတော်ကိုအားပေးပြီးနောက် သူနှင့်အတူလိုက်သွားပါသည်။ စွပ်စွဲချက်များကို ယေဟောဝါ၏ဝိညာဉ်တော်အားဖြင့်ရဲရင့်စွာချေပနိုင်ခဲ့သည်။ ရပ်ရွာနှင့်စစ်ဖက်အာဏာပိုင်များရှေ့ဆွေးနွေးတင်ပြခွင့်ရပြီးနောက် အထူးရှေ့ဆောင်နှင့်အတူ ကျွန်တော့်အားလွှတ်လိုက်ပါသည်။
လအနည်းငယ်အကြာတွင် အခြားရပ်ကွက်လူကြီးတစ်ဦး ကျွန်တော့်အားလူလွှတ်ခေါ်ခဲ့၍ ဤအကြိမ်လည်းယေဟောဝါအကူအညီဖြင့် သတင်းကောင်းကိုရွှင်လန်းခြင်းသတ္တိဖြင့် ခုခံတင်ပြခွင့်ရပြန်သည်။ ဤသူနှင့်ကြာမြင့်စွာဆွေးနွေးခွင့်ရရှိခဲ့ရာ အဆုံးတွင် ထိုအရာရှိကိုယ်တိုင် ကျွန်တော့်ဘီးတပ်ကုလားထိုင်ကိုတွန်း၍ သူ့ရုံးခန်းထဲခေါ်သွားခဲ့ပါသည်။ ထိုနောက် “ညနေကျရင် ကျွန်တော့်အိမ်ကိုလာလည်ပါ” ဟုတိုးတိုးဖိတ်ခေါ်ခဲ့သည်။ သူ့ထံအကြိမ်ကြိမ်လည်ပတ်ပြီးနောက် သူနှင့်ကျမ်းစာသင်အံမှုစနိုင်ခွင့်ရရှိခဲ့သည်။ နောက်ဆုံးတွင် အရာရှိပိုင်းမှအမှုထမ်းများနှင့် အိမ်တွင်းကျမ်းစာသင်အံမှုခုနစ်ခုကျင်းပနိုင်ခဲ့ပါသည်။ သူတို့အနက်အများစုသည် ဒေသခံအသင်းတော်စည်းဝေးများကိုတက်လာကြပါသည်။
အထူးလုပ်ငန်းဆောင်ရွက်ခြင်း
ကျွန်တော့်ရောဂါအခြေအနေမကောင်းသော်လည်း ခွန်အားရှိသမျှဖြင့်အမှုတော်ထမ်းနိုင်ရန် ကျွန်တော့်သစ္စာဝတ်ကိုပြုနိုင်ဖို့ ယေဟောဝါထံအကူအညီတောင်းခံခဲ့ပါသည်။ စာရင်းမပေးဘဲ အရန်ရှေ့ဆောင်အရည်အချင်းမီရန် ကျွန်တော်ကြိုးစားအားထုတ်ခဲ့သည်။ အောင်မြင်မှုတွေ့ရှိရန်ယေဟောဝါအကူအညီပေးခဲ့သည့်အတွက် ဇွန်လမှအောက်တိုဘာလအထိ အရန်ရှေ့ဆောင်ဖို့လျှောက်လွှာတင်ခဲ့သည်။ ထိုနောက် မှန်မှန်ရှေ့ဆောင်ရန်လျှောက်လွှာကို အသင်းမလက်ခံပါသည်။ ၁၉၇၆ နိုဝင်ဘာလတွင် မှန်မှန်ရှေ့ဆောင်ခဲ့ပါသည်။ ၁၉၇၇ စက်တင်ဘာလတွင် ကာတာကိုကောမ်ဘီအသင်းတော်၌ အထူးရှေ့ဆောင်အဖြစ်ခန့်စာကျလာသည့်အခါ ကျွန်တော်အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ပါသည်။
ယင်းကိုမည်သို့ဆောင်ရွက်နိုင်ပါသနည်း။ ကျွန်တော့်ချစ်ဇနီးနှင့်အသင်းတော်ရှိညီအစ်ကိုများအကူအညီဖြင့် ဘီးပါကုလားထိုင်နှင့် ရပ်ကွက်ကိုနှံ့စပ်အောင်သက်သေခံနိုင်ပါသည်။ တစ်ခါတစ်ရံ ကျိုင်းထောက်ဖြင့် တစ်ယောက်တည်းပင်အမှုဆောင်ထွက်ပါသည်။ တစ်ခါတစ်ရံချော်လဲခဲ့သည်။ ဤအချိန်မျိုးတွင် မြေကြီးပေါ်၌မလှုပ်မရှားနိုင်ဘဲ အကူအညီပေးနိုင်မည့် လူသွားလူလာရောက်လာဖို့ကို စောင့်ဆိုင်းနေပါသည်။ သူတို့အကူအညီဖြင့်ပြန်ထပြီး ကျိုင်းထောက်ဖြင့်ဆက်သွားပါသည်။ တမန်တော်များနှင့်ယေရှု၏တပည့်တော်များ၏ဇွဲကို ကျွန်တော်အမြဲသတိရပါသည်။ (တမန်တော် ၁၄:၂၁၊ ၂၂။ ဟေဗြဲ ၁၀:၃၅-၃၉) လဲတိုင်း စိတ်ဓာတ်မကျပါစေနှင့်ဟုယေဟောဝါထံဆုတောင်းပြီး အမှုတော်ဆက်ထမ်းနိုင်ဖို့ခွန်အားတောင်းဆိုပါသည်။ “ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်” ဟူသောဟေရှာယ၏ပရောဖက်ပြုချက်တွင်ပါသည့် ဝမ်းသာစရာကတိတော်ကို ကျွန်တော်အမြဲစွဲမှတ်ထားသည်။—ဟေရှာယ ၃၅:၆။
လုပ်ငန်းတော်ကို ကျွန်တော်တိုး၍လုပ်ကိုင်လေ ကာယချို့ငဲ့မှုများကို ကျော်လွှားနိုင်လေဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် လူဗွန်ဗာရှီမြို့၌ နိုင်ငံတော်ဓမ္မအမှုကျောင်းကိုတက်ခွင့်ရရှိခဲ့သည်။ ထိုမြို့သို့ရောက်ရန် ထရပ်ကားတစ်တန်၊ သင်္ဘောတစ်တန်၊ ရထားတစ်တန် မိုင် ၁,၂၀၀ ခရီးကိုနှင်ခဲ့ရပါသည်။ ဤခရီးကိုသွားနိုင်ရန် ကျွန်တော့်အားယေဟောဝါအမှန်ခွန်အားပေးခဲ့ပါသည်။ (ဟေရှာယ ၁၂:၂။ ၄၀:၂၉) ယခုဆိုလျှင် ကျိုင်းထောက်မပါဘဲပေ ၃၀၀ အထိခဲရာခဲဆစ်လမ်းသွားနိုင်ပါပြီ။ ဇွဲလုံ့လနှင့်အမှုတော်ထမ်းနိုင်ရန်ခွန်အားပေးဖို့ ၁၉၇၃ ခုနှစ်ကတောင်းခဲ့သောဆုတောင်းချက်ကို ယေဟောဝါအမှန်နားညောင်းတော်မူသည်။
ခန့်အပ်ခံတာဝန်အသစ်
ကာတာကိုကောမ်ဘီအသင်းတော်၌ ခုနစ်နှစ်အမှုထမ်းခွင့်ရပြီးနောက် ၁၉၈၄ ခုနှစ်တွင်လောဒ်ဂျာစဲန်တာအသင်းတော်နှင့်အတူ တွဲအမှုဆောင်ရန်တာဝန်ရရှိခဲ့သည်။ တစ်နှစ်အကြာတွင် ၇ မိုင်ဝေးသောနေရာ၌ စာအုပ်ကြီးသင်တန်းအသစ်တစ်ခုဖွင့်နိုင်ခဲ့ကြသည်။ နောက်များမကြာမီ ထိုနေရာမှမိုင် ၂၀ ခရီးတွင်အခြားတစ်ခုစတင်နိုင်ပြန်သည်။ ယင်းကိုသီးခြားအုပ်စုအဖြစ် မကြာမီအသိအမှတ်ပြုပြီး ၁၉၈၈ ခုနှစ်တွင် အသင်းတော်အဖြစ်တည်ထောင်ရန်လက်ခံခဲ့သည်။ ယခု အကြီးအကဲအဖြစ်၌ကျွန်တော်ယခုအမှုထမ်းနေပါသည်။
ရှေ့ဆောင်ခြင်းသည် ဝိညာဉ်ရေးဘက်နှင့်ကာယရေးဘက်တွင်ကျွန်တော့်အဖို့များစွာအကူအညီဖြစ်သည်။ ကျိုင်းထောက်နှင့်အမှုဆောင်ထွက်ပေးသည့်အတွက် ဆရာဝန်များအကြံပေးသည့်လေ့ကျင့်ခန်းများကို ကျွန်တော်လုပ်ကိုင်နေနိုင်ပါသည်။ ရှေ့ဆောင်အဖြစ်စအမှုဆောင်ချိန်ကထက် ယခုကျွန်တော်ပိုသန်မာလာပါပြီ။ ဤလုပ်ငန်းကိုအဆုံးတိုင်လုပ်ကိုင်သွားနိုင်ရန် ကျွန်တော်ဆန္ဒပြင်းပြပါသည်။ ကျွန်တော့်ရောဂါကြောင့်ခံရသည့် စူးရှသောနာကျင်မှုမရှိတော့သောအခါ ‘ဒရယ်ကဲ့သို့အဘယ်နည်းဖြင့်ယေဟောဝါခုန်’ စေမည်ကိုမျှော်တလင့်လင့်စောင့်ကြည့်နေရပါသည်။
ကျွန်တော့်ကိုခွန်အား၊ ရဲရင့်ခြင်းသတ္တိနှင့်အချိန်ပြည့်လုပ်ငန်းကိုပေးထားတော်မူသော ကောင်းကင်ခမည်းတော်ကို ကျွန်တော်နှလုံးပြည့်လျှံလျက်ကျေးဇူးတင်ပါသည်။ ယခုကျွန်တော် ၃၇ နှစ်ရှိပြီ။ ရှေ့ဆောင်လုပ်ငန်းသက်တမ်း ၁၂ နှစ်ကြာပြီဖြစ်၍ အနာဂတ်တွင် မည်သည့်အရာကိုပင်ရင်ဆိုင်ရစေကာမူ ဆက်လုပ်ဆောင်နိုင်ရန်မျှော်လင့်သည်။ ကြီးမြတ်တော်မူသောယေဟောဝါဘုရားသခင်ကို ခွန်အားရှိသမျှဖြင့်ဂုဏ်တော်ချီးမွမ်းရန် စိတ်ဆုံးဖြတ်ထားပါသည်။