ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၁/၁၅ စာ. ၁၆-၂၂
  • အမှုထမ်းရန် သင်အရည်အချင်းရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှုထမ်းရန် သင်အရည်အချင်းရှိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တူညီသောအရည်အချင်းများ
  • ဓမ္မအမှုထမ်းများအပေါ် အာရုံစိုက်ခြင်း
  • အကြီးအကဲများ၏အရည်အချင်းများကို အာရုံစူးစိုက်ခြင်း
  • အရည်အချင်းများ မီအောင်လိုက်ခြင်း
  • ညီအစ်ကိုတို့၊ အကြီးအကဲ ဖြစ်ဖို့ တက်လှမ်းနေသလား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ဖခင်နှင့်အကြီးအကဲ—တာဝန်နှစ်ရပ်ကို ကျေပွန်စေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • အကျိုးပြုလုပ်ငန်းကို ထမ်းဆောင်နေတဲ့ အသင်းတော် အမှုထမ်းများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများအကြား သင့်တင့်ညီညွတ်မှုကိုတင်ပြခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၁/၁၅ စာ. ၁၆-၂၂

အမှုထမ်းရန် သင်အရည်အချင်းရှိသလော

“ငါတို့တတ်စွမ်းခြင်းမှာ ဘုရားသခင်မှဖြစ်၏။”—၂ ကောရိန္သု ၃:၅၊ ကဘ။

၁။ ခရစ်ယာန်အသင်းတော်၌ မည်သို့သောသူများအတွက် နေရာမရှိသနည်း။

ယေဟောဝါဘုရားသခင်နှင့်ယေရှုခရစ်တော်သည် ဝီရိယရှိလုပ်သားများဖြစ်ကြသည်။ ယေရှုဤသို့မိန့်တော်မူသည်။ “ငါ့ခမည်းတော်သည် ယခုတိုင်အောင်အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းလုပ်၏။” (ယောဟန် ၅:၁၇) အလုပ်မလုပ်ချင်သောသူတို့ကို ဘုရားသခင်နှစ်သက်တော်မမူ။ သူတစ်ပါးကိုအစိုးတရပြုခြင်းငှာ တာဝန်ခံယူလိုသူများကိုလည်း နှစ်သက်တော်မမူ။ ခရစ်ယာန်အသင်းတော်၌ ပေါ့ပေါ့တန်တန်နေသူများ၊ အတ္တဆန်သည့်ရည်မှန်းချက်ရှိသူများအတွက် နေရာမရှိပါ။—မဿဲ ၂၀:၂၅-၂၇။ ၂ သက်သာလောနိတ် ၃:၁၀။

၂။ ခရစ်ယာန်အသင်းတော်တွင် တာဝန်ထမ်းဆောင်ရန် အမျိုးသားများစွာ ယခုအဘယ်ကြောင့်လိုအပ်နေသနည်း။

၂ စစ်မှန်သောဝတ်ပြုရေး “တောင်တော်” သို့လူများစွာ တသီတတန်းဝင်လာသည့် အထူးသဖြင့်ယခုအချိန်တွင် ယေဟောဝါသက်သေများအတွက် ‘ဘုရားသခင်၏အမှုတော်၌ ဆောင်ရွက်စရာများစွာရှိ’ သည်။ (၁ ကောရိန္သု ၁၅:၅၈။ ဟေရှာယ ၂:၂-၄) အသင်းတော်တွင် တာဝန်ထမ်းဆောင်ရန် ဝိညာဏအရည်အချင်းပြည့်ဝသောအမျိုးသားများစွာလိုအပ်နေပါသည်။ အတ္တဆန်သည့်ရည်မှန်းချက်မရှိသူများသည် ကိုယ့်ကိုယ်ကိုမချီးမြင့်ဘဲ ယေဟောဝါကိုချီးမြှင့်ကြသည်။ (သု၊ ၈:၁၃) “ပဋိညာဉ်တရားသစ်၏ဆရာ” များအား “အစွမ်းသတ္တိကို ဘုရားသခင်ပေး” တော်မူသကဲ့သို့ အသင်းတော်တာဝန်များကို မိမိတို့ထမ်းရွက်နိုင်ရန်အရည်အချင်းရှိလာဖို့ ဘုရားသခင်အကူအညီပေးကြောင်း သူတို့သိကြသည်။—၂ ကောရိန္သု ၃:၄-၆။

၃။ အခြေခံအရ အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများ၏တာဝန်များကား အဘယ်နည်း။

၃ ရှေးခရစ်ယာန်များနည်းတူ ယနေ့လည်းအမျိုးသားတို့သည် အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများအဖြစ် အမှုထမ်းနိုင်ကြရန် ယေဟောဝါအဖွဲ့အစည်း၏အစီအစဉ်မှတစ်ဆင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခန့်အပ်ခံရကြသည်။ (တမန်တော် ၂၀:၂၈။ ဖိလိပ္ပိ ၁:၁။ တိတု ၁:၅) အကြီးအကဲများသည် ဘုရားသခင်၏သိုးတော်စုကို ဝိညာဉ်ရေးအရထိန်းကျောင်းပေးသည်။ လိုအပ်သလိုစောင့်ရှောက်ကွပ်ကဲပေးသည်။ သူတို့ကိုဝိညာဉ်ရေးအရဦးစီးရသည့်တာဝန်မခံယူထားသော ဓမ္မအမှုထမ်းများကကူညီပေးကြပါသည်။ (၁ ပေတရု ၅:၂။ တမန်တော် ၆:၁-၆ နှင့်နှိုင်းယှဉ်။) သူတစ်ပါးအစေကိုခံခြင်းငှာ ကြွလာတော်မူသောဘုရားသခင်၏သားတော်နည်းတူ တာဝန်ခန့်အပ်ခံရသောဤသူတို့သည် ယုံကြည်သူချင်းတို့၏အမှုကို ဆောင်ရွက်လိုကြပါသည်။ (မာကု ၁၀:၄၅) သင်သည်ခရစ်ယာန်အမျိုးသားတစ်ဦးဖြစ်ပါက ၄င်းစိတ်ထားသင်၌ရှိပါသလော။

တူညီသောအရည်အချင်းများ

၄။ အသင်းတော်တာဝန်အပ်နှင်းခံရသူများ၌ရှိရမည့် အရည်အချင်းများကို အဘယ်နေရာတွင် အထူးဖော်ပြထားသနည်း။

၄ ၁ တိမောသေ ၃:၁-၁၀၊ ၁၂၊ ၁၃ နှင့် တိတု ၁:၅-၉ တွင်တမန်တော်ပေါလုသည် အသင်းတော်တာဝန်အပ်နှင်းခံရသူများ၌ရှိရမည့်အရည်အချင်းများကို အထူးဖော်ပြထားသည်။ အကြီးအကဲနှင့်ဓမ္မအမှုထမ်းများ၌ရှိအပ်သော ဤအရည်အချင်းများကိုသုံးသပ်ကြရာတွင် လောကီစံချိန်များအတိုင်း ယင်းတို့ကိုမမြင်သင့်။ ၄င်းအစား ပထမရာစုနှစ်အခြေအနေအတိုင်းကြည့်မြင်ကာ ယေဟောဝါလူမျိုးနှင့်သက်ဆိုင်ကြောင်း အသိအမှတ်ပြုသင့်သည်။ ဤအရည်အချင်းများကိုလိုက်မီနိုင်ရန် စုံလင်ဖို့မလို။ ထိုသို့ဆိုလျှင်အဘယ်သူမျှ အရည်အချင်းရှိနိုင်မည်မဟုတ်ပါ။ (၁ ယောဟန် ၁:၈) သို့သော် သင်သည်ခရစ်ယာန်အမျိုးသားတစ်ဦးဖြစ်ပါက အသင်းတော်တာဝန်ကိုသင်ထမ်းရွက်ရသည်ဖြစ်စေ၊ မထမ်းရွက်ရသည်ဖြစ်စေ သင့်ကိုယ်ပိုင်အရည်အချင်းများကိုစိစစ်ကြည့်ပါ။

၅။ အပြစ်ဆိုဖွယ်မရှိ ဟူသည့်အဓိပ္ပာယ်ကားအဘယ်နည်း။

၅ အပြစ်ဆိုဖွယ်မရှိသောသူ၊ အသင်းတော်ပြင်ပရှိလူတို့၏ ရိုသေလေးစားမှုကိုခံရသောသူ၊ အပြစ်တစ်စုံတစ်ရာမျှမတွေ့ရသူ။ (၁ တိမောသေ ၃:၂၊ ၇၊ ၈၊ ၁၀၊ သတ ။ တိတု ၁:၆၊ ၇) ခန့်အပ်ခံရ၍အမှုထမ်းရွက်ချိန်တွင် ဓမ္မအမှုထမ်းများနှင့်အကြီးအကဲများသည် အပြစ်ဆိုဖွယ်မရှိသောသူများဖြစ်ရမည်။ ဆိုလိုသည်ကား ပြစ်တင်ရှုတ်ချခြင်းနှင့်ကင်းလွတ်ရမည်။ မကောင်းသောအကျင့် သို့မဟုတ် မှားသောသွန်သင်ချက်တစ်ခုကြောင့် တရားသဖြင့် စွပ်စွဲခံရသည့်အတွက် ဆုံးမခံရစရာမလိုသူဖြစ်ရမည်။ သို့သော် “ညီအစ်ကိုဟန်ဆောင်သူများ” သို့မဟုတ်အခြားသူတို့ မမှန်မကန် စွပ်စွဲပြောဆိုသည့်အတွက် လူတစ်ဦးအားအပြစ်ဆိုဖွယ်ရာကောင်းသူ မဖြစ်စေပါ။ အသင်းတော်တွင် တာဝန်ထမ်းဆောင်ရာမှ ရပ်ဆိုင်းခံရလောက်သည့်စွပ်စွဲချက်သည် အသေးအဖွဲမဖြစ်ရ။ ကျမ်းစာစံချိန်များနှင့်သက်သေထူပြနိုင်ရမည်။ (၂ ကောရိန္သု ၁၁:၂၆။ ၁ တိမောသေ ၅:၁၉) အသင်းတော်တွင်ခန့်အပ်ခံရသူတစ်ဦးသည် “ကဲ့ရဲ့ပြစ်တင်ခြင်းမခံရစေရန်နှင့် စာတန်၏ကျော့ကွင်းထဲသို့မကျရောက်စေရန် . . . အသင်းတော်ပြင်ပရှိ လူတို့၏ရိုသေလေးစားမှုကိုခံရသူဖြစ်ရမည်။” လွန်ခဲ့သောအချိန်က ကြီးလေးသောအပြစ်တစ်ခုပြုမိခဲ့လျှင် ယခုကဲ့ရဲ့ပြစ်တင်စရာမရှိတော့၍ နာမည်ကောင်းရနေသူဖြစ်မှ တာဝန်ခန့်အပ်ခံရပေမည်။

၆။ မယားတစ်ယောက်တည်းရှိသောသူ ဟူသောအဓိပ္ပာယ်ကားအဘယ်နည်း။

၆ မယားတစ်ယောက်တည်းရှိသောသူ။ (၁ တိမောသေ ၃:၂၊ ၁၂။ တိတု ၁:၆) ယင်းကြောင့်အိမ်ထောင်သည်များသာလျှင် ဓမ္မအမှုထမ်းများ၊ အကြီးအကဲများဖြစ်နိုင်သည်ဟုမဆိုလိုပါ။ သို့သော်အိမ်ထောင်ရှိမည်ဆိုလျှင် အသက်ရှင်သောမယားတစ်ဦးတည်းသာရှိ၍ သူ့အပေါ်သစ္စာရှိရမည်။ (ဟေဗြဲ ၁၃:၄) ပထမရာစုရှိခရစ်ယာန်မဟုတ်သူအများနည်းတူ သူသည်မယားအများရှိသူမဖြစ်ရ။a

၇။ (က) အမျိုးသားတစ်ဦးအား အကြီးအကဲအရည်အချင်းရှိစေသည်ကား အသက်အရွယ်လော။ (ခ) မိမိအိမ်ထောင်ကိုကောင်းစွာအုပ်ထိန်းခြင်း၌ အဘယ်အရာပါဝင်သနည်း။

၇ မိမိအိမ်ကိုကောင်းမွန်စွာအုပ်စိုး၍ မိမိသားသမီးများကိုဆုံးမနိုင်သောသူဖြစ်ရမည်။ (၁ တိမောသေ ၃:၄၊ ၅၊ ၁၂။ တိတု ၁:၆) အကြီးအကဲများသည် အနည်းဆုံးအသက် ၃၀ ရှိရမည်ဟုအချို့ယူဆသည်။ သို့သော်သမ္မာကျမ်းစာက အနည်းဆုံးသက်တမ်းမကန့်သတ်ထားပါ။ သို့သော်ထိုသူသည် ဝိညာဉ်ရေးဘက်အသက်ကြီးသူဖြစ်ရပေမည်။ ဓမ္မအမှုထမ်းများနှင့်အကြီးအကဲများသည် သားသမီးများရနိုင်သည့်အရွယ်ရှိသင့်သည်။ အိမ်ထောင်ရှိက ပြင်ပ၌ဘုရားတရားနှင့်အညီပြုမူပြီး အိမ်တွင်း၌မူကား ကြမ်းကြုတ်ခက်ထန်သူဖြစ်မည်ဆိုလျှင် မထိုက်တန်ပါ။ ကျမ်းစာမူအတိုင်း မိမိအိမ်ထောင်ကိုအုပ်ထိန်းသူအနေနှင့် ရိုသေလေးစားခံရမည်။ အိမ်သူအိမ်သားတိုင်းကို ဝိညာဉ်ရေးအရအောင်မြင်စွာပြုစုပေးနိုင်ခြင်းသည် သူ၏ရည်မှန်းချက်ဖြစ်သင့်သည်။ ယေဘုယျသဘောအရဆိုလျှင် ဖခင်ဖြစ်သောအကြီးအကဲတစ်ဦး၏ကလေးသူငယ်များသည် ယဉ်ကျေးရည်မွန်သော “ယုံကြည်သူများ” ဖြစ်သင့်သည်။ ဘုရားသခင်ထံဆက်ကပ်အပ်နှံခြင်းအဆင့်သို့တိုးတက်နေသူများ၊ သို့မဟုတ် ယေဟောဝါသက်သေများအဖြစ်နှစ်ခြင်းယူပြီးသောကလေးများဖြစ်သင့်သည်။ မိမိသားသမီးများကို ယုံကြည်ခြင်းတည်ဆောက်မပေးနိုင်သူသည် သူတစ်ပါးအားယုံကြည်ခြင်းရှိစေရန် ပြုလုပ်ပေးနိုင်မည်မဟုတ်ပေ။

၈။ အိမ်ထောင်သည်တစ်ဦးသည် အကြီးအကဲမဖြစ်နိုင်မီ သူအဘယ်အရာကိုသင်ယူရမည်နည်း။

၈ အိမ်ထောင်သည်တစ်ဦးသည် အသင်းတော်တွင် ဝိညာဏဦးစီးမှုပြုနိုင်သောအရည်အချင်းရှိ အကြီးအကဲတစ်ဦးမဖြစ်လာနိုင်မီ မိမိအိမ်ထောင်ကိုဦးစီးညွှန်ကြားတတ်ရမည်။ မိမိအိမ်ကိုမအုပ်စိုးတတ်လျှင် ဘုရားသခင်၏အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း။” (၁ တိမောသေ ၃:၅) မယုံကြည်သောမယား၏အတိုက်အခံကိုခံရသူ ဖြစ်ကောင်းဖြစ်ပေမည်။ (မဿဲ ၁၀:၃၆။ လုကာ ၁၂:၅၂) အခြားသားသမီးများသည် ဝိညာဉ်ရေးဘက်အခြေအနေကောင်းနေကြသော်လည်း သားသို့မဟုတ်သမီးတစ်ယောက်သည် ကြီးလေးသောအပြစ်ပြုသူဖြစ်ပေမည်။ သို့ဖြစ်၍ပင် ထိုအမျိုးသားသည် အတတ်နိုင်ဆုံးကြိုးစားခဲ့၍ အထူးသဖြင့် သူ၏အိမ်ထောင်ရှိအခြားအိမ်သူအိမ်သားတို့ကို ဝိညာဉ်ရေးဘက်အောင်မြင်စွာပြုစုနိုင်ခဲ့ပြီဆိုလျှင် အိမ်သားတစ်ဦးက သူ၏ကောင်းမြတ်လှသောညွှန်ကြားမှုကို ငြင်းပယ်ခဲ့သည့်အတွက် ထိုသူအားဓမ္မအမှုထမ်း သို့မဟုတ် အကြီးအကဲအရာ၌ခန့်အပ်ရန် အရည်အချင်းမရှိဟုမဆိုနိုင်ပေ။

၉။ အရက်သေစာနှင့်ပတ်သက်၍ အကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦး အဘယ်အရာကိုဂရုစိုက်ရမည်နည်း။

၉ စပျစ်ရည်နှင့်ပျော်မွေ့သူ သို့မဟုတ် စပျစ်ရည်ကိုသောက်ကြူးသောသူ မဖြစ်ရ။ (၁ တိမောသေ ၃:၃၊ ၈။ တိတု ၁:၇) ဓမ္မအမှုထမ်း သို့မဟုတ် အကြီးအကဲတစ်ဦးသည် အရက်သေစာကိုသောက်ကြူးခြင်းမပြုရ။ ယင်းကိုစွဲနေခြင်းသည် မိမိစိတ်ကိုမထိန်းသိမ်းနိုင်သဖြင့် အရက်မူးပြီးရန်ပွဲများဖြစ်စေတတ်သည်။ “စပျစ်ရည်ကိုသောက်ကြူးသောသူ” မဖြစ်သင့်။ အရက်စွဲနေသူ၊ သို့မဟုတ် အရက်အိုးဟူသော နာမည်ပျက်မရှိသင့်။ (သု၊ ၂၃:၂၀၊ ၂၁၊ ၂၉-၃၅) သိုးထိန်းလုပ်ငန်းလည်ပတ်ရာတွင် သေရည်သောက်ကြူးမှုကြောင့် ရည်ရွယ်ချက်ပျက်စီးခဲ့လျှင် မည်မျှဝမ်းနည်းစရာပါတကား။ ညီအစ်ကိုတစ်ဦးသည် သောက်တတ်သည့်တိုင် စည်းဝေးတက်ချိန်၊ ဓမ္မအမှုနှင့်အခြားမြင့်မြတ်သောလုပ်ငန်းတွင်ပါဝင်ချိန်၌ မသောက်သင့်ပါ။—ဝတ်ပြုရာ ၁၀:၈-၁၁။ ယေဇကျေလ ၄၄:၂၁။

၁၀။ ငွေကိုတပ်မက်သောသူ သို့မဟုတ် မစင်ကြယ်သောစီးပွားကိုတပ်မက်သောသူများသည် အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းများ အဘယ်ကြောင့်မဖြစ်နိုင်သနည်း။

၁၀ ငွေကိုတပ်မက်သောသူ သို့မဟုတ် မစင်ကြယ်သောစီးပွားကိုတပ်မက်သောသူ မဖြစ်ရ။ (၁ တိမောသေ ၃:၃၊ ၈။ တိတု ၁:၇) ငွေကိုတပ်မက်သောသူတို့အတွက် ဝိညာဏအန္တရာယ်ရှိသည်။ “လောဘကြီးသူများ” သည် ဘုရားသခင်၏နိုင်ငံတော်ကိုအမွေမခံရ။ သို့ဖြစ်၍ ဤကဲ့သို့သောသူများသည် အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းများဖြစ်ရန်မသင့်တော်ချေ။ (၁ ကောရိန္သု ၆:၉၊ ၁၀။ ၁ တိမောသေ ၆:၉၊ ၁၀) “မစင်ကြယ်” ဟုပြန်ဆိုသောဂရိတ်မူရင်းစကားလုံးမှာ “ရှက်ဖွယ်ရာ” အဓိပ္ပာယ်ရှိ၍ “စီးပွား” ဟုပြန်ဆိုထားသည့်စကားလုံးမှာမူ မည်သည့်နည်းဖြင့်မဆိုရသည့်အမြတ်၊ သို့မဟုတ် အခွင့်အရေးကိုဆိုလိုပါသည်။ (ဖိလိပ္ပိ ၁:၂၁။ ၃:၄-၈) ဘုရားသခင်၏ “သိုး” ကိုမစင်ကြယ်မရိုးသားစွာဆက်ဆံမည့်ပုံစံရှိသူသည် အသင်းတော်တာဝန်ခံယူရန် မသင့်တော်ပါ။ (ယေဇကျေလ ၃၄:၇-၁၀။ တမန်တော် ၂၀:၃၃-၃၅။ ယုဒ ၁၆) အလှူငွေအပ်နှင်းခံရလျှင် အနည်းငယ်ခိုးယူရန် သွေးဆောင်ခံရနိုင်မည့်သူဖြစ်ကြောင်း ကြိုတင်သိထားလျှင် ထိုသို့သောသူကိုထောက်ခံပေးရန် သတိပြုရပါမည်။—ယောဟန် ၁၂:၄-၆။

၁၁။ အသင်းတော်တာဝန်အတွက် “ဘာသာဝင်လူသစ်တစ်ဦး” အားအဘယ်ကြောင့်မထောက်ခံသင့်သနည်း။

၁၁ ဘာသာဝင်လူသစ်မဖြစ်ရ။ ရှေ့မဆွက စမ်းသပ်စစ်ဆေးခြင်းကိုခံပြီးသူဖြစ်ရမည်။ (၁ တိမောသေ ၃:၆၊ ၁၀) တာဝန်အပ်နှင်းခံရသည့်အခါ သစ္စာရှိစွာထမ်းဆောင်လိမ့်မည်ဟု နှစ်ခြင်းခံယူခါစလူသစ်တစ်ဦး သက်သေပြဖို့အချိန်အလုံအလောက်မရရှိသေးပါ။ ဆင်းရဲဒုက္ခခံရသူအပေါ် စာနာစိတ်ကင်းမဲ့နေနိုင်သည်။ ယုံကြည်သူချင်းတို့ကိုကူညီပေးရန် လိုအပ်သောဉာဏ်ပညာအလုံအလောက်မရှိသူဖြစ်နိုင်သည်။ သူတစ်ပါးကိုအထင်အမြင်သေးသူတစ်ဦးပင်ဖြစ်နိုင်သည်။ ထိုကြောင့် ဓမ္မအမှုထမ်းတစ်ဦး၊ အထူးသဖြင့်အကြီးအကဲတစ်ဦးအဖြစ် အမျိုးသားတစ်ဦးကိုမထောက်ခံမီ ‘ထိုက်တန်မတန်စမ်းသပ်စစ်ဆေးခြင်းကိုခံပြီး’ သူဖြစ်သင့်သည်။ ကောင်းစွာပိုင်းခြားဝေဖန်တတ်သူ၊ ယုံကြည်အားထားနိုင်သူဖြစ်ကြောင်းသက်သေထူနိုင်ရမည်။ ဤစမ်းသပ်စစ်ဆေးချိန်အတွက် အကန့်အသတ်မရှိပါ။ ဝိညာဏတိုးတက်မှုနှုန်းသည်လည်း တစ်ဦးနှင့်တစ်ဦးမတူပါ။ သို့သော် “မာနနှင့်ယစ်မူးလျက်၊ မာရ်နတ်၏အပြစ်ရောက်မည်ဟုစိုးရိမ်စရာရှိ၍” လူသစ်တစ်ဦးကို အလျင်အမြန်မထောက်ခံမိရန် အကြီးအကဲများသတိပြုသင့်သည်။ ထိုသူသည်ခရစ်တော်ကဲ့သို့သောနှိမ့်ချမှုကို ဦးစွာတင်ပြပါလေစေ။—ဖိလိပ္ပိ ၂:၅-၈။

ဓမ္မအမှုထမ်းများအပေါ် အာရုံစိုက်ခြင်း

၁၂။ စာရင်းတင်ပြထားသည့် ဓမ္မအမှုထမ်းများအတွက်လိုအပ်ချက်တို့ကို သူတို့သာ မီအောင်လိုက်ဖို့ဖြစ်သလော။

၁၂ ဓမ္မအမှုထမ်းများအတွက်လိုအပ်ချက်အချို့ကို တင်ပြထားသည်။ သို့နှင့်ပင် အကြီးအကဲများလည်း ဤလိုအပ်ချက်များကိုမပြည့်မီပါက အမှုထမ်းရန် မသင့်တော်ပါ။ ခရစ်ယာန်အမျိုးသားတစ်ဦးအနေနှင့် ဤကဏ္ဍများဘက်တွင် သင်အရည်အချင်းရှိပါသလော။

၁၃။ တည်ကြည်သည် ဟူသည့်အဓိပ္ပာယ်ကားအဘယ်နည်း။

၁၃ တည်ကြည်သောသူဖြစ်ရမည်။ (၁ တိမောသေ ၃:၈) ဓမ္မအမှုထမ်းအဖြစ်ခန့်အပ်ခံရရန် အရည်အချင်းရှိသူသည် မိမိတာဝန်ကိုပေါ့ပေါ့တန်တန်မယူဆသင့်။ ရိုသေလေးစားမှုခံထိုက်ရန် ဂုဏ်သိက္ခာရှိရှိ သူကျင့်ကြံပြုမူသင့်သည်။ တစ်ခါတစ်ရံ ဟာသဉာဏ်ဖြင့် နောက်ပြောင်ခြင်းသည် မမှားသော်လည်း တစ်ချိန်လုံးကပြက်ကချော်ပြုမူနေမည်ဆိုလျှင် သူအရည်အချင်းပြည့်မီမည်မဟုတ်ပါ။

၁၄။ (က) လျှာနှစ်ခွမဖြစ်ရ ဟူသည့်အဓိပ္ပာယ်ကားအဘယ်နည်း။ (ခ) စင်ကြယ်သောသြတ္တပ္ပစိတ်ရှိရန် အဘယ်အရာလိုအပ်သနည်း။

၁၄ လျှာနှစ်ခွနှင့်ပြောသောသူမဖြစ်ရ။ စင်ကြယ်သောသြတ္တပ္ပစိတ်ရှိသူဖြစ်ရမည်။ (၁ တိမောသေ ၃:၈၊ ၉ ကဘ) ဓမ္မအမှုထမ်းများ (နှင့်အကြီးအကဲများ) သည်မှန်ကန်စွာပြောဆိုသူဖြစ်ရမည်။ အတင်းပြောသူမဖြစ်သင့်။ ကွေ့ကောက်ပြောတတ်သူမဖြစ်ရ။ လျှာနှစ်ခွနှင့်ပြောဆိုသူမဖြစ်သင့်သည့်အတွက် ဟန်ဆောင်ကာတစ်ဦးတစ်ယောက်အားတစ်မျိုး၊ အခြားတစ်ဦးအား ယင်းနှင့်ဆန့်ကျင်သည့် အခြားစကားတစ်မျိုးမပြောဆိုသင့်ပေ။ (သု၊ ၃:၃၂။ ယာကုပ် ၃:၁၇) ဤသူတို့သည် “ယုံကြည်ခြင်း၏နက်နဲသောအရာကို စွဲလမ်းသောသူ” အဖြစ်သမ္မာတရားကိုမားမားမတ်မတ်ထောက်ခံသူများလည်းဖြစ်ရမည်။ ဘုရားသခင့်ရှေ့မှောက်တွင် မိမိဖြောင့်မတ်ကြောင်း၊ မလိမ့်တပတ်သို့မဟုတ် ညစ်ညူးစွာ အဘယ်အရာကိုမျှမပြုကြောင်း ဤသူ၏သြတ္တပ္ပစိတ်သည် သက်သေထူရမည်။ (ရောမ ၉:၁။ ၂ ကောရိန္သု ၁:၁၂။ ၄:၂။ ၇:၁) သမ္မာတရားနှင့်ဘုရားရေးရာမူများကို စွဲမြဲစွာမဆုပ်ကိုင်ထားသူမည်သူမဆို ဘုရားသခင်၏သိုးတော်စုကိုထိန်းကျောင်းရန်မသင့်တော်ပါ။

အကြီးအကဲများ၏အရည်အချင်းများကို အာရုံစူးစိုက်ခြင်း

၁၅။ ယခုအဘယ်အရည်အချင်းများကို သုံးသပ်မည်နည်း။ ယင်းတို့တွင် အဘယ်အရာများအထူးပါဝင်သနည်း။

၁၅ အရည်အချင်းအချို့သည် အကြီးအကဲများနှင့်အထူးသက်ဆိုင်ပြီး သိုးထိန်းများနှင့်သွန်သင်ပေးသူများအဖြစ် သူတို့၏လုပ်ငန်းနှင့်ကျယ်ပြန့်စွာပတ်သက်နေသည်။ ခရစ်ယာန်အမျိုးသားတစ်ဦးအနေနှင့် ဤလိုအပ်ချက်များကို သင်လိုက်မီပါသလော။

၁၆။ (က) သမ္မာသတိရှိရန် အဘယ်အရာများလိုအပ်သနည်း။ (ခ) အကြီးအကဲတစ်ဦးသည် ချုပ်တည်းမှုမည်သို့ရှိနိုင်မည်နည်း။

၁၆ သမ္မာသတိရှိသောသူ၊ ကာမဂုဏ်ကိုချုပ်တည်းသောသူဖြစ်ရမည်။ (၁ တိမောသေ ၃:၂။ တိတု ၁:၈) အကြီးအကဲတစ်ဦးသည် အကျင့်ဆိုးများ၏ကျွန်၊ စားကြူးသောက်ကြူးသူမဖြစ်သင့်ပေ။ စုံစမ်းခြင်းများခံရသည့်အခါ ဆာလံဆရာနည်းတူ သူဆုတောင်းမည်ဆိုလျှင် တည်ငြိမ်မျှတမှုရှိရန် ဘုရားသခင်သူ့အားကူညီပေးတော်မူမည်။ “အကျွန်ုပ်စိတ်နှလုံးဆင်းရဲသည်ကို ချမ်းသာပေး၍အမှုများထဲကကယ်နှုတ်တော်မူပါ။” (ဆာလံ ၂၅:၁၇) အကြီးအကဲတစ်ဦးသည် ဘုရားသခင်၏ဝိညာဉ်တော်အတွက်လည်း ဆုတောင်းသင့်သည်။ ချုပ်တည်းခြင်းအပါအဝင် ယင်း၏အသီးများကိုသီးပြရမည်။ (လုကာ ၁၁:၁၃။ ဂလာတိ ၅:၂၂၊ ၂၃) စဉ်းစား၊ ပြောဆို၊ ပြုမူလေသမျှကို ထိန်းချုပ်ခြင်းဖြင့် အသင်းတော်အားဝိညာဏလမ်းပြမှုပေးရာတွင် တစ်ဖက်စောင်းနင်းဖြစ်မည်မဟုတ်ပါ။

၁၇။ ဣန္ဒြေစောင့်စည်းခြင်း၌ အဘယ်အရာများပါဝင်သနည်း။

၁၇ ဣန္ဒြေစောင့်စည်းခြင်း။ (၁ တိမောသေ ၃:၂) အကြီးအကဲတစ်ဦးသည်ပိုင်းခြားဝေဖန်နိုင်စွမ်း၊ သတိပညာ၊ အမြော်အမြင်တို့ရှိရမည်။ အပြောအဆို၊ အပြုအမူတွင် ရည်ရွယ်ချက်ပန်းတိုင်ရှိကာ ကျိုးကြောင်းလျော်ကန်ရပေမည်။ သူ၏နှိမ့်ချမှုရှိ မျှတတည်ငြိမ်သောအတွေးအခေါ်များသည် ဘုရားရေးရာဉာဏ်ပညာနှင့် ယေဟောဝါနှုတ်ကပါဌ်တော်၏ ကျန်းခံ့သောသွန်သင်ချက်များအပေါ်အခြေခံရမည်။ ယင်းတို့ကိုသူဝီရိယရှိရှိလေ့လာရပေမည်။—ရောမ ၁၂:၃။ တိတု ၂:၁။

၁၈။ လျောက်ပတ်စွာကျင့်ရန် အကြီးအကဲ၌အဘယ်အရာလိုအပ်သနည်း။

၁၈ လျောက်ပတ်စွာကျင့်သောသူ။ (၁ တိမောသေ ၃:၂) ဤတွင်အသုံးပြုထားသည့်ဂရိစကားလုံးကို ၁ တိမောသေ ၂:၉ တွင် “လျောက်ပတ်တင့်တယ်စွာ” ဟုပြန်ဆိုထားသည်။ ထိုကြောင့်အကြီးအကဲတစ်ဦးသည် တင့်တယ်လျောက်ပတ်သောဘဝပုံစံအတိုင်း အသက်ရှင်ရမည်။ ပထမရာစုခရစ်ယာန်များသည် မှတ်တမ်းစာရင်းယူခြင်းကို ဦးစားမပေးခဲ့ပုံရှိသည်။ ယနေ့အကြီးအကဲတစ်ဦးသည် စာရင်းကိုင်ကျွမ်းကျင်သူ၊ သို့မဟုတ် စာရေးတစ်ဦးဖြစ်စရာမလိုပါ။ ဤကိစ္စများကို ဓမ္မအမှုထမ်းများလိုအပ်သလိုဆောင်ရွက်ပေးနိုင်သည်။ သို့သော် “လျောက်ပတ်စွာကျင့်ခြင်း” ဟုပြန်ဆိုသည့်ဂရိစကားလုံးသည် အကျင့်အကြံကောင်းကိုရည်ညွှန်းနိုင်သည်။ စည်းစနစ်မကျ၊ လျောက်ပတ်တင့်တယ်စွာမပြုမူသူသည် အကြီးအကဲဖြစ်ရန် သင့်တော်မည်မဟုတ်ပါ။—၁ သက်သာလောနိတ် ၅:၁၄။ ၂ သက်သာလောနိတ် ၃:၆-၁၂။ တိတု ၁:၁၀။

၁၉။ ဧည့်ဝတ်ကျေပွန်သူဖြစ်သောကြောင့် အကြီးအကဲသည် ဘာကိုပြုလုပ်သနည်း။

၁၉ ဧည့်ဝတ်ကျေပွန်သောသူ။ (၁ တိမောသေ ၃:၂။ တိတု ၁:၈၊ ကဘ) အကြီးအကဲတစ်ဦးသည် “အာဂန္တုတို့အား ဧည့်သည်ဝတ်ကိုကြိုးစား၍ပြု” ၏။ (ရောမ ၁၂:၁၃။ ဟေဗြဲ ၁၃:၂) “ဧည့်ဝတ်ကျေပွန်သောသူ” ဟုအနက်ရှိဂရိစကားလုံးသည် စာသားအရ “အာဂန္တုကိုခင်မင်ခြင်း” အဓိပ္ပာယ်ရှိသည်။ သို့ဖြစ်၍ ဧည့်ဝတ်ကျေပွန်သောအကြီးအကဲသည် ခရစ်ယာန်စည်းဝေးများကိုတက်ရောက်လာသည့် လူသစ်များကိုကြိုဆိုသည်။ ဆင်းရဲနွမ်းလျသူအား ငွေရတတ်သူကဲ့သို့ပင် တန်းတူစိတ်ဝင်စားမှုတင်ပြပါမည်။ ခရစ်ယာန်ဘာသာတရားတိုးတက်ရေးအတွက် ခရီးလှည့်လည်သူတို့ကို ဧည့်ဝတ်ပျူငှာလျက် “သူတို့ကိုဘုရားသခင်၏အလိုတော်နှင့်အညီပို့” တတ်သည်။ (၃ ယောဟန် ၅-၈) အကြီးအကဲတစ်ဦးသည် အထူးသဖြင့်ယုံကြည်သူချင်းတို့အား သူတို့လိုအပ်မှုကိုလိုက်၍ မိမိအခြေအနေခွင့်ပြုသရွေ့ ဧည့်ဝတ်ပြုမည်အမှန်။—ယာကုပ် ၂:၁၄-၁၇။

၂၀။ အဘယ်နည်းများဖြင့် အကြီးအကဲသည် သွန်သင်ပေးနိုင်သောအရည်အချင်းရှိရမည်နည်း။

၂၀ ဆုံးမသြဝါဒပေးတတ်သောသူ။ (၁ တိမောသေ ၃:၂) ဝိညာဏဆရာသမားတစ်ဦးအနေနှင့် အကြီးအကဲတစ်ဦး၏အရည်အချင်းသည် သူ၏ဉာဏ်စွမ်း သို့မဟုတ် လောကီဉာဏ်ပညာအပေါ်မူမတည်ပါ။ (၁ ကောရိန္သု ၂:၁-၅၊ ၁၃) “စင်ကြယ်သောသြဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှာလည်းကောင်း၊ ငြင်းခုံသောသူတို့၏စကားကိုချေခြင်းငှာလည်းကောင်း တတ်နိုင်မည်အကြောင်း ကိုယ်တိုင်သင်ပြီးသောသစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူဖြစ်” သောကြောင့်အရည်အချင်းရှိလာခြင်းဖြစ်သည်။ (တိတု ၁:၉။ တမန်တော် ၂၀:၁၈-၂၁၊ ၂၆၊ ၂၇ နှင့်နှိုင်းယှဉ်။) “ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာဆုံးမ” ပေးနိုင်ရမည်။ (၂ တိမောသေ ၂:၂၃-၂၆) အကြီးအကဲတစ်ဦးသည် အသင်းတော်တွင်ကျွမ်းကျင်စွာဟောပြောနိုင်သူတစ်ဦးမဟုတ်သည့်တိုင် ကျမ်းစာကိုလေ့လာနေသောယုံကြည်သူချင်းတို့အား သွန်သင်ဆုံးမပေးနိုင်စွမ်းရှိသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုကောင်းစွာလေ့လာထားသူဖြစ်ရပေမည်။ (၂ ကောရိန္သု ၁၁:၆) မိသားစုလိုက်သော်လည်းကောင်း၊ တစ်ဦးစီသော်လည်းကောင်း ဘုရားရေးရာအသက်တာများကို မီအောင်လိုက်နိုင်ကြရန် “စင်ကြယ်သောသြဝါဒ” ကိုပေးနိုင်ဖို့အရည်အချင်းပြည့်မီရမည်။—တိတု ၂:၁-၁၀။

၂၁။ (က) အကြီးအကဲတစ်ဦးသည် ရိုက်ပုတ်သူမဟုတ်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။ (ခ) နူးညံ့သင့်တင့်သည်ကား အဘယ်နည်း။ (ဂ) ရန်လိုသူမဟုတ်ခြင်းကား အဘယ်နည်း။

၂၁ ရိုက်ပုတ်သူမဟုတ်၊ နူးညံ့သင့်တင့်၏၊ ရန်လိုသူမဟုတ်။ (၁ တိမောသေ ၃:၃။ တိတု ၁:၇) ငြိမ်းချမ်းမှုလိုလားသူဖြစ်ရာ အကြီးအကဲတစ်ဦးသည် သူတစ်ပါးကိုရိုက်ပုတ်မည်မဟုတ်။ ဆဲရေးတိုင်းထွာမည် သို့မဟုတ် စူးရှနာကြည်းသောစကားများဖြင့် သူတစ်ထူးကိုနိုင်လိုမင်းထက်ပြုမည်မဟုတ်ပါ။ (၂ ကောရိန္သု ၁၁:၂၀ နှင့်နှိုင်းယှဉ်။) (ရှေ့၌ပြောသည့် “စပျစ်ရည်၌ပျော်မွေ့” သူမဟုတ်ဟုဆိုခြင်းက အများအားဖြင့်ရန်ပွားစေသည့်သောက်ကြူးခြင်းကို ရှောင်ကြဉ်သူဖြစ်မည်။) အမိန့်ပေးအာဏာပြသူ၊ အလိုမကျနိုင်သူမဟုတ်ဘဲ “နူးညံ့သင့်တင့်” (သို့မဟုတ် “အလျော့ပေးလိုက်လျော”) သူဖြစ်သည့်အတွက် အသေးအဖွဲ့ကိစ္စများကို ရေးကြီးခွင့်ကျယ်မလုပ်ပါ။ (၁ ကောရိန္သု ၉:၁၂။ ဖိလိပ္ပိ ၄:၅။ ၁ ပေတရု ၂:၁၈) အကြီးအကဲတစ်ဦးသည် ရန်တွေ့သူ၊ အငြင်းပွားတတ်သူမဟုတ်သည့်အတွက် ရန်ဖြစ်ခြင်းကိုရှောင်သည်။ “အမျက်ထွက်ခြင်းငှာနှေးသည်။”—တိတု ၃:၂။ ယာကုပ် ၁:၁၉၊ ၂၀။

၂၂။ အကြီးအကဲတစ်ဦးသည် ကိုယ်အလိုသို့လိုက်တတ်သူမဖြစ်ရခြင်းကား ဘာကိုတင်ပြသနည်း။

၂၂ ကိုယ်အလိုသို့လိုက်သောသူမဟုတ်။ (တိတု ၁:၇) စာသားအတိုင်းဆိုလျှင် “ကိုယ်ကြိုက်ရာကိုလုပ်သူမဟုတ်” ဖြစ်သည်။ (၂ ပေတရု ၂:၁၀ နှင့်နှိုင်းယှဉ်ပါ။) အကြီးအကဲတစ်ဦးသည် တစ်ယူမသန်ဘဲ မိမိအရည်အချင်းများကို နှိမ့်ချသောအမြင်ဖြင့်ရှုသင့်သည်။ မည်သူထက်မဆို အရာရာကို မိမိသာပိုင်နိုင်စွာပြုလုပ်သည်ဟုအထင်မကြီးဘဲ တာဝန်များကိုသူတစ်ထူးနှင့်နှိမ့်ချစွာမျှဝေထမ်းဆောင်ပြီး အကြံပေးသူအများ၏စကားကို တန်ဖိုးထားပါသည်။—တောလည်ရာ ၁၁:၂၆-၂၉။ သု၊ ၁၁:၁၄။ ရောမ ၁၂:၃၊ ၁၆။

၂၃။ (က) “ကောင်းမြတ်ခြင်းကိုမြတ်နိုးသူ” ကိုမည်သို့ရှင်းပြမည်နည်း။ (ခ) ဖြောင့်မတ်ရမည်ဟူသည့်အဓိပ္ပာယ်ကားအဘယ်နည်း။

၂၃ ကောင်းမြတ်ခြင်းကိုမြတ်နိုးသူ၊ ဖြောင့်မတ်သူ။ (တိတု၁:၈) အကြီးအကဲတစ်ဦးအဖြစ် အရည်အချင်းရှိရန် အမျိုးသားတစ်ဦးသည် ကောင်းမြတ်ခြင်းကိုမြတ်နိုးပြီး ဖြောင့်မတ်ရမည်။ ကောင်းမြတ်ခြင်းကိုမြတ်နိုးသူသည် ယေဟောဝါမျက်မှောက်၌ ကောင်းရာမှန်ရာကိုမြတ်နိုးတတ်သည်။ ကြင်နာမှုရှိ၍ အကူအညီဖြစ်စေသောအပြုအမူများကိုပြုတတ်သည်။ သူတစ်ပါး၏ကောင်းမှုကိုလည်း တန်ဖိုးထားလေးစားကြောင်းတင်ပြသည်။ (လုကာ ၆:၃၅။ တမန်တော် ၉:၃၆၊ ၃၉။ ၁ တိမောသေ ၅:၉၊ ၁၀ နှင့်နှိုင်းယှဉ်) ဖြောင့်မတ်သည်ဟုဆိုရာတွင် ဘုရားသခင်၏ပညတ်များ၊ စံချိန်များအတိုင်း လိုက်နာခြင်းဖြစ်သည်။ အခြားအရာများအနက် ဤကဲ့သို့သောသူသည် မျက်နှာမလိုက်ဘဲ ဖြောင့်မတ်စင်ကြယ်၍မွန်မြတ်သောအရာများကို စိတ်စွဲလမ်းတတ်သည်။ (လုကာ ၁:၆။ ဖိလိပ္ပိ ၄:၈၊ ၉။ ယာကုပ် ၂:၁-၉) ကောင်းမြတ်ခြင်းသည် ဖြောင့်မတ်ခြင်းနှင့်ခြားနားသည့်အချက်မှာ ယင်းသည်တရားခြင်းထက်ပိုလွန်ပေသည်။ ကောင်းမြတ်ခြင်းကိုမြတ်နိုးသူသည် မိမိထံမှတောင်းဆိုထားသည်ထက်ပို၍ သူတစ်ပါးအတွက်ပြုမူတတ်သည်။—မဿဲ ၂၀:၄၊ ၁၃-၁၅။ ရောမ ၅:၇။

၂၄။ သစ္စာရှိရန် ဘာလိုအပ်သနည်း။

၂၄ သစ္စာရှိသူ။ (တိတု ၁:၈) အကြီးအကဲအရည်အချင်းရှိသူသည် ဘုရားသခင်ကိုသစ္စာမဖျက် ဆက်ကပ်အပ်နှံသည်။ သူ၏သစ္စာသမာဓိသည် မည်သည့်နည်းဖြင့်ပင် စမ်းသပ်ခံရစေကာမူ ကိုယ်တော်၏ပညတ်ကိုလိုက်လျှောက်သူဖြစ်သည်။ သူ့ထံမှယေဟောဝါတောင်းဆိုသည့်အတိုင်းသာ သူပြုလုပ်မည်ဖြစ်သည်။ ယင်း၌နိုင်ငံတော်သတင်းကို သစ္စာရှိရှိကြွေးကြော်ခြင်းပါဝင်သည်။—မဿဲ ၂၄:၁၄။ လုကာ ၁:၇၄၊ ၇၅။ တမန်တော် ၅:၂၉။ ၁ သက်သာလောနိတ် ၂:၁၀။

အရည်အချင်းများ မီအောင်လိုက်ခြင်း

၂၅။ ဆွေးနွေးခဲ့ပြီးသောအရည်အချင်းများ မည်သူတို့၌ရှိရန် တောင်းဆိုထားသနည်း။ ဤအရည်အချင်းများကို မည်သို့ရရှိနိုင်မည်နည်း။

၂၅ ဆွေးနွေးပြီးခဲ့သောအရည်အချင်းအများမှာ ယေဟောဝါသက်သေတိုင်းထံမှတောင်းဆိုသည့်အရည်အချင်းများဖြစ်သည်။ တစ်ဦးစီ၏လေ့လာမှု၊ ကြိုးစားအားထုတ်မှု၊ ကောင်းသောပေါင်းသင်းမှုနှင့်ဆုတောင်းခြင်းအပေါ် ဘုရားသခင်၏ကောင်းချီးပေးမှုအားဖြင့်ရရှိသောအရည်အချင်းများဖြစ်သည်။ တစ်ဦးစီအနေနှင့် အချို့အရည်အချင်းတွင် အခြားသူတစ်ဦးထက် ပိုသာပေမည်။ သို့သော်ဓမ္မအမှုထမ်းများနှင့်အကြီးအကဲများသည် သူတို့၏ထူးခြားသောအခွင့်အရေးအတွက် လိုအပ်ချက်အားလုံးအတော်အသင့်ရှိကြရမည်။

၂၆။ ခရစ်ယာန်အမျိုးသားများသည် အသင်းတော်တာဝန်ထမ်းဆောင်ရန် ကိုယ်ကိုယ်ကိုအဘယ်ကြောင့်အသင့်ပြင်ဆင်သနည်း။

၂၆ ယေဟောဝါသက်သေများအားလုံး ဘုရားသခင်၏လုပ်ငန်းတော်တွင် အတတ်နိုင်ဆုံးပါဝင်ချင်စိတ်ရှိရမည်။ ဤစိတ်ဓာတ်က ခရစ်ယာန်အမျိုးသားများအား အသင်းတော်တာဝန်ထမ်းဆောင်ရန် ကိုယ်ကိုယ်ကိုအသင့်ပြင်ဆင်ချင်စိတ်ရှိစေသည်။ အသင်သည် ဆက်ကပ်အပ်နှံပြီးနှစ်ခြင်းယူထားသည့်အမျိုးသားတစ်ဦးလော။ ထိုသို့ဖြစ်လျှင် တက်လှမ်းပြီးအမှုထမ်းနိုင်ရန်အရည်အချင်းရှိဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။

[အောက်ခြေမှတ်ချက်များ]

a ၁၉၈၃၊ မတ် ၁၅ ရက်ထုတ် အင်္ဂလိပ်ကင်းမျှော်စင် စာမျက်နှာ ၂၉ “ကျမ်းစာအရအိမ်ထောင်ကွာရှင်းခြင်း” ခေါင်းစဉ်ငယ်အောက်ကြည့်ပါ။

သင်မည်သို့ဖြေဆိုမည်နည်း

▫ အသင်းတော်တွင် တာဝန်ထမ်းဆောင်ရန် နှစ်ခြင်းခံပြီးသောအမျိုးသားများစွာ ယခုအဘယ်ကြောင့်လိုအပ်နေသနည်း။

▫ ဓမ္မအမှုထမ်းများ၌ရှိအပ်သော အရည်အချင်းအချို့ကားအဘယ်နည်း။

▫ အကြီးအကဲများ၌ရှိအပ်သော အရည်အချင်းအချို့ကားအဘယ်နည်း။

▫ အကြီးအကဲတစ်ဦးသည် မိမိအိမ်ထောင်ကိုကောင်းစွာအုပ်ထိန်းနိုင်သူ အဘယ်ကြောင့်ဖြစ်သင့်သနည်း။

▫ ခရစ်ယာန်အမျိုးသားများအား အသင်းတော်တာဝန်ထမ်းဆောင်ရန် ကိုယ်ကိုယ်ကိုအသင့်ပြင်ဆင်ချင်စိတ်ရှိစေသည်ကားအဘယ်နည်း။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

အကြီးအကဲနှင့်ဓမ္မအမှုထမ်းများသည် ကျမ်းစာမူအတိုင်း သူတို့အိမ်ထောင်ကိုအုပ်ထိန်းသင့်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ