နှုတ်တိုက်ထုံးတမ်းစဉ်လာအရမဟုတ်သော ဖြောင့်မတ်ခြင်း
“သင်တို့၏ဖြောင့်မတ်ခြင်းသည် ဖာရိရှဲတို့နှင့်ကျမ်းပြုဆရာတို့ထက်မလွန်မသာလျှင် သင်တို့သည်ကောင်းကင်နိုင်ငံတော်သို့မဝင်ကြရ။”—မဿဲ ၅:၂၀ ကဘ။
၁၊ ၂။ တောင်ပေါ်ဒေသနာကို ယေရှုမပြောဆိုမီကလေးတွင် ဘာဖြစ်ပျက်ခဲ့သနည်း။
ယေရှုသည် တောင်တစ်ခုပေါ်တွင် ညဉ့်တာကို ကုန်လွန်စေခဲ့သည်။ ကိုယ်တော့်အထက်ဝယ် ကြယ်အတိပြီးသော ကောင်းကင်ရှိနေသည်။ ညဉ့်သတ္တဝါငယ်များ ချုံတောထဲတိုးဝှေ့ပြေးလွှားနေကြသည်။ အရှေ့ဘက်တွင် ဂါလိလဲပင်လယ်ရေသည် ကမ်းခြေကို ညင်သာစွာရိုက်ခတ်နေသည်။ သို့သော်လည်း ယေရှုမှာမူ ကိုယ်တော်၏ဝန်းကျင်ရှိ ငြိမ်သက်အေးမြသောအလှကျက်သရေကို ဂရုမစိုက်နိုင်သလောက်ဖြစ်ချေမည်။ ခမည်းတော်၏လမ်းပြညွှန်ကြားမှုကိုလိုအပ်နေ၍ တစ်ညလုံး ကောင်းကင်ခမည်းတော်ထံဆုတောင်းခဲ့ပါသည်။ နောက်နေ့ကား အလွန်အရေးကြီးသည့်ရက်ဖြစ်လိမ့်မည်။
၂ အရှေ့အရပ်တွင် အလင်းရောင်သန်းလာ၍ ငှက်များပျံသန်းသံ၊ မြူးထူးသံများကြားရလေပြီ။ တောပန်းများ လေပြေတွင်ယိမ်း၍နေစဉ် နေရောင်ခြည်မြင်ရသည်နှင့် တပည့်တော်များကို မိမိထံယေရှုခေါ်ပြီး သူတို့အနက် တမန်တော်အရာသို့ ၁၂ ဦးကိုရွေးချယ်တော်မူ၏။ ထိုနောက် သူတို့အားလုံးနှင့်အတူ တောင်အောက်ဆင်းလာရာ ဂါလိလဲ၊ တုရုနှင့်ဇိဒုန်၊ ယုဒနှင့်ယေရုရှလင်မှလာကြသောလူစုလူဝေးကို တွေ့မြင်ရလေသည်။ သူတို့သည် ရောဂါများပျောက်ကင်းလို၍ ကိုယ်တော်ထံလာနေကြရာ ယေရှုကိုတို့ထိခြင်းဖြင့် သူတို့၏ရောဂါပျောက်ကင်းကြစဉ် ယေဟောဝါထံတော်မှရသောခွန်အားထွက်သွားသည်ကို ယေရှုခံစားရ၏။ လူအုပ်၏နှလုံးသက်သာရာဖြစ်စေသည့် ကိုယ်တော့်တရားကိုလည်း သူတို့လာကြားနာကြခြင်းဖြစ်သည်။—မဿဲ ၄:၂၅။ လုကာ ၆:၁၂-၁၉။
၃။ ယေရှုစတင်ဟောပြောသောအခါ တပည့်တော်များနှင့်လူအုပ်သည်တရားနာဖို့ အဘယ်ကြောင့်အသင့်ရှိကြသနည်း။
၃ ရဗ္ဗိဆရာများသည် မိမိတို့သွန်သင်ပို့ချချိန်များ၌ ထိုင်လေ့ရှိကြ၍ စီအီး ၃၁ နွေဦးကာလ၊ ဤနံနက်ခင်း၌ တောင်စောင်း၏မြင်သာသောအမြင့်အရပ်တွင် ယေရှုထိုင်လိုက်သည်။ ၄င်းကိုမြင်လိုက်ကြသည့် ကိုယ်တော့်တပည့်များနှင့်လူအုပ်တို့သည် အကြောင်းထူးရှိကြောင်းရိပ်မိကြပြီး မျှော်လင့်တကြီးဖြင့် ကိုယ်တော့်ထံဝိုင်းရံလာကြသည်။ ကိုယ်တော်စတင်ဟောပြောရာတွင် တရားနာဖို့အသင့်ရှိကြ၏။ အတန်ကြာဟောပြောတော်မူပြီးသော် သူတို့ကြားနာရလေသမျှတို့ကြောင့် အံ့သြမိန်းမောနေကြလေသည်။ ထိုသို့အဘယ်ကြောင့်ဖြစ်ရသည်ကို ကြည့်ကြဦးစို့။—မဿဲ ၇:၂၈။
ဖြောင့်မတ်ခြင်းတရားနှစ်မျိုး
၄။ (က) အငြင်းပွားနေသည့် ဖြောင့်မတ်ခြင်းနှစ်မျိုးနှစ်စားကားအဘယ်နည်း။ (ခ) နှုတ်တိုက်ထုံးတမ်းစဉ်လာများ၏ရည်ရွယ်ချက်ကားအဘယ်နည်း။ ရည်ရွယ်ချက်ပြည့်စုံခဲ့သလော။
၄ မဿဲ ၅:၁–၇:၂၉ နှင့် လုကာ ၆:၁၇-၄၉ ၌မှတ်တမ်းတင်ထားသည့် တောင်ပေါ်ဒေသနာတွင် ဇဒ္ဒုကဲ၊ ဖာရိရှဲနှင့် သူတို့ဖိစီးသောသာမညလူတန်းစား၊ ဤလူတန်းစားနှစ်စု၏ခြားနားမှုကို ယေရှုအထူးတလည်တင်ပြသည်။ ဖြောင့်မတ်ခြင်းတရားနှစ်မျိုးအကြောင်း၊ ဖာရိရှဲတို့၏ဟန်ဆောင်ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားစစ်ကို ဖော်ပြတော်မူသည်။ (မဿဲ ၅:၆၊ ၂၀) ဖာရိရှဲများနှင့်ဆိုင်သော ကိုယ်ကိုယ်ကိုဖြောင့်မတ်သည်ထင်မြင်ခြင်းသည် နှုတ်တိုက်ထုံးတမ်းစဉ်လာတို့အပေါ်အခြေပြုသည်။ ဟေလသအယူ (ဂရိယဉ်ကျေးမှု) မှ “ပညတ်တရားကိုကာကွယ်ပေးရန်” အတွက် ယင်းတို့ကို ဘီစီအီး ဒုတိယရာစုတွင်စတင်ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့ကို ပညတ်တရားအဝင်ကဲ့သို့ယူမှတ်လာကြပေပြီ။ အမှန်ဆိုလျှင် မှတ်တမ်းတင်ပညတ်တရားထက်ပင် နှုတ်တိုက်ထုံးတမ်းစဉ်လာတို့ကို ကျမ်းတတ်များက ပို၍အသားပေးနေကြ၏။ မစ်ရှ်နာခေါ်ဂျူးဓမ္မသတ်ကဤသို့ဆိုသည်။ “ချမှတ်ထားသည့်ပညတ္တိကျမ်းထက် ကျမ်းတတ်တို့၏စကား [သူတို့၏နှုတ်တိုက်ထုံးတမ်းစဉ်လာများ] ကိုလိုက်လျှောက်ရန်ပို၍ကြပ်မတ်ကြရမည်။” သို့ဖြစ်၍ကာကွယ်ပေးခြင်းအလိုငှာ “ပညတ်တရားအတွက်စောင်ရန်း” ဖြစ်မည်အစား သူတို့၏ထုံးတမ်းစဉ်လာများသည် ယေရှုဆိုသည့်အတိုင်း ပညတ်တရားကိုပျော့ညံ့စေရုံမကအချည်းနှီးဖြစ်စေသည်။ “သင်တို့သည် အဆက်ဆက်ခံသောနည်းဥပဒေသကိုကျင့်ရသောအခွင့်ရှိစေခြင်းငှာ ဘုရားသခင်၏ပညတ်တော်ကို လျောက်ပတ်စွာပယ်ကြသည်တကား။”—မာကု ၇:၅-၉။ မဿဲ ၁၅:၁-၉။
၅။ (က) ယေရှုတရားကိုနာရန်ရောက်လာသူများ၏အခြေအနေကား အဘယ်သို့နည်း။ ကျမ်းပြုဆရာနှင့်ဖာရိရှဲများက သူတို့အားမည်သို့ကြည့်မှတ်သနည်း။ (ခ) နှုတ်တိုက်ထုံးတမ်းစဉ်လာများသည် ကာယလုပ်သားများအအပေါ် အဘယ်ကြောင့်ဝန်လေးစရာဖြစ်သနည်း။
၅ ယေရှုတရားကိုနာယူရန်စုဝေးလာကြသည့် သာမညလူတန်းစားသည် “ထိန်းသူမရှိဘဲပစ်ထားခံရသောသိုးကဲ့သို့ဖြစ်ကြရာ” ဝိညာဉ်ရေးအရငတ်ပြတ်နေကြ၏။ (မဿဲ ၉:၃၆) စိတ်ကြီးဝင်မာနထောင်လွှားစွာဖြင့် ကျမ်းတတ်နှင့်ဖာရိရှဲတို့သည် သူတို့ကိုအထင်သေးလျက် အမ်ဟာအရက်စ် (မြေကြီးသား) ဟုခေါ်ဆို၍ နှုတ်တိုက်ထုံးတမ်းစဉ်လာများကိုမလိုက်လျှောက်ကြသည့်အတွက် ရှင်ပြန်ထမြောက်ခွင့်မရထိုက်သောအပြစ်သား၊ အညတရများအဖြစ် ရွံရှာကြသည်။ ယေရှုခေတ်တိုင်သော် ထိုထုံးတမ်းစဉ်လာများသည် များပြားတိုးပွားလာ၍ ဥပဒေဆိုင်ရာအသေးစိတ်အချက်အလက်များကို ရေးကြီးခွင်ကျယ်ပြုလုပ်လွန်းလှပြီး အချိန်များစွာကုန်သည့်အခမ်းအနားများပါဝင်သဖြင့် ကာယလုပ်သားများအနေနှင့် ယင်းတို့ကိုမလိုက်လျှောက်နိုင်ပါ။ ယင်းကြောင့်ယေရှုကထုံးတမ်းစဉ်လာများကို ‘ပခုံးပေါ်တင်တတ်သည့် အလွန်လေး၍ထမ်းခဲသောဝန်’ ဟုခေါ်ဆိုခြင်းသည် အံ့သြစရာမဟုတ်ပါ။—မဿဲ ၂၃:၄။ ယောဟန် ၇:၄၅-၄၉။
၆။ ယေရှု၏စကားချီးသည်အံ့သြစရာဖြစ်ရခြင်းကား အဘယ်ကြောင့်နည်း။ တပည့်တော်များအပြင် ကျမ်းပြုဆရာနှင့်ဖာရိရှဲများအတွက် အဘယ်ပြောင်းလဲမှုကိုတင်ပြသနည်း။
၆ ထိုကြောင့်တောင်စောင်းပေါ်ယေရှုထိုင်လိုက်လေသော် နားထောင်ရန်ကိုယ်တော်ထံချဉ်းကပ်လာသူတို့မှာ တပည့်တော်များနှင့်ဝိညာဉ်စာငတ်ပြတ်နေသောလူအုပ်ဖြစ်သည်။ ကိုယ်တော်၏စကားချီးသည် သူတို့အားအံ့သြသွားစေခဲ့မည်။ ‘ဆင်းရဲသူတို့ဝမ်းမြောက်၏၊ ဆာမွတ်သူတို့ဝမ်းမြောက်၏၊ ငိုကြွေးသူများဝမ်းမြောက်၏၊ အမုန်းခံရသူတို့ဝမ်းမြောက်ကြ၏။’ သို့သော်ဆင်းရဲနေမည်၊ ဆာလောင်နေမည်၊ ငိုနေရမည်၊ အမုန်းခံရမည်ဆိုလျှင် အဘယ်နည်းဖြင့်ဝမ်းမြောက်နိုင်မည်နည်း။ ကြွယ်ဝချမ်းသာ၍ဝဝလင်လင်စားသောက်ရသူများ၊ ရယ်မောနိုင်သူနှင့်ချီးမွမ်းခံရသူတို့မူကား အမင်္ဂလာရောက်မည်ဟုဆိုသည်။ (လုကာ ၆:၂၀-၂၆) စကားအနည်းငယ်ဖြင့်ပင် ထုံးစံရှိသည့်ခံယူချက်များနှင့် လူ့စံချိန်တို့ကို ယေရှုပြောင်းပြန်လှန်ခဲ့သည်။ နောက်ဆက်တွဲယေရှု၏စကားနှင့်အညီ ယင်းကားအခြေအနေထူးခြားစွာပြောင်းလဲသွားခြင်းဖြစ်သည်။ “ကိုယ်ကိုယ်ကိုချီးမြှောက်သောသူမည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတ္တံ့။ ကိုယ်ကိုယ်ကိုနှိမ့်ချသောသူမည်သည်ကား ချီးမြှောက်ခြင်းသို့ရောက်လတ္တံ့။”—လုကာ ၁၈:၉-၁၄။
၇။ ယေရှု၏ပရိသတ်ရှိ ဝိညာဉ်ရေးငတ်ပြတ်နေသူများအပေါ် ယေရှု၏အဖွင့်စကားများသည် မည်သို့ဖြစ်စေသနည်း။
၇ ကိုယ်ကိုယ်ကိုကျေနပ်နေသောကျမ်းပြုဆရာဖာရိရှဲတို့နှင့်မတူဘဲ ဤနေ့ရက်နံနက်ချိန်တွင် ယေရှုထံချဉ်းကပ်လာသူတို့သည် မိမိတို့၏ဝမ်းနည်းကြေကွဲဖွယ်ဝိညာဏအခြေအနေကို အသိအမှတ်ပြုကြသည်။ ကိုယ်တော်၏နိဒါန်းစကားများသည် သူတို့အားမျှော်လင့်ချက်များစွာရှိစေခဲ့မည်။ “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်းသတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။” (ကဘ ) ဆက်လက်၍ကိုယ်တော်က “ဖြောင့်မတ်ခြင်းပါရမီကိုဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာ [ဝမ်းမြောက်ခြင်း၊ ကဘ ] ရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဝပြောခြင်းသို့ရောက်ကြလတ္တံ့။” (မဿဲ ၅:၃၊ ၆။ ယောဟန် ၆:၃၅။ ဗျာဒိတ် ၇:၁၆၊ ၁၇) ဖြောင့်မတ်ခြင်းနှင့်ဝပြောမည်မှန်သည်။ သို့သော်ဖာရိရှဲတို့၏ဖြောင့်မတ်ခြင်းအမျိုးအစားမဟုတ်ပါ။
“လူများရှေ့ မှာဖြောင့်မတ်” ရုံနှင့်မလုံလောက်
၈။ မိမိတို့၏ဖြောင့်မတ်ခြင်းသည် ဖာရိရှဲတို့နှင့်ကျမ်းပြုဆရာတို့ထက် မည်သို့သာလွန်နိုင်ပါမည်နည်းဟု အချို့အဘယ်ကြောင့်တွေးတောကြသနည်း။ သာလွန်ရန်အဘယ်ကြောင့်လိုအပ်ရသနည်း။
၈ “သင်တို့၏ဖြောင့်မတ်ခြင်းသည် ဖာရိရှဲတို့နှင့်ကျမ်းပြုဆရာတို့ထက်မလွန်မသာလျှင် သင်တို့သည်ကောင်းကင်နိုင်ငံတော်သို့မဝင်ကြရ” ဟုယေရှုဆိုသည်။ (မဿဲ ၅:၁၇-၂၀၊ ကဘ။ မာကု ၂:၂၃-၂၈။ ၃:၁-၆။ ၇:၁-၁၃ ကိုရှု။) သို့နှင့်အချို့တို့က ‘ဖာရိရှဲများထက်သာလွန်ဖြောင့်မတ်ရမည်လော။ သူတို့က အစာရှောင်ကြ၊ ဆုတောင်းကြ၊ ဆယ်ဖို့တစ်ဖို့ပေး၍အလှူဒါနများပြုကြသည်။ ပညတ္တိကျမ်းကိုတစ်ချိန်လုံးလေ့လာနိုင်ကြသည်။ သူတို့ထက် ကျွန်ုပ်တို့မည်သို့ဖြောင့်မတ်နိုင်ပါမည်နည်း’ ဟုစဉ်းစားကြမည်။ သို့သော်ထိုထက်သာလွန်ရမည်။ ဖာရိရှဲများသည် အထင်ကြီးခံရသူများဖြစ်ကြပေမည်။ သို့သော် သူတို့ကိုဘုရားသခင်အထင်မကြီးနိုင်ပါ။ ဤဖာရိရှဲများအား နောင်တစ်ချိန်တွင်ယေရှုက “သင်တို့သည်လူများရှေ့ မှာဖြောင့်မတ်ဟန်ဆောင်သော်လည်း ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကိုသိမြင်တော်မူ၏။ လူသဘောအားဖြင့် အမြတ်ထားသောအရာသည် ဘုရားသခင့်ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။”—လုကာ ၁၆:၁၅။
၉-၁၁။ (က) ဘုရားသခင်ရှေ့ဖြောင့်မတ်သောအနေအထားရနိုင်သည့်နည်းတစ်နည်းကား မည်သို့ဖြစ်သည်ဟု ကျမ်းပြုဆရာနှင့်ဖာရိရှဲများယူမှတ်သနည်း။ (ခ) ဖြောင့်မတ်နိုင်မည်ဟုအထင်ရှိသည့် ဒုတိယနည်းကားအဘယ်နည်း။ (ဂ) သူတို့အားကိုးသည့်တတိယနည်းကားအဘယ်နည်း။ ဤနည်းလမ်းမအောင်မြင်နိုင်ကြောင်း တမန်တော်ပေါလုကမည်သို့ဆိုသနည်း။
၉ ဖြောင့်မတ်ခြင်းငှာ ကိုယ်ပိုင်စည်းမျဉ်းများကို ရဗ္ဗိဆရာများထုတ်ထားသည်။ တစ်ခုကား၊ အာဗြဟံအမျိုးအနွယ်ဖြစ်ရခြင်းအသရေဖြစ်သည်။ “ကျွန်ုပ်တို့အဘအာဗြဟံ၏တပည့်များသည် ဤလောက၌ပျော်မွေ့ရုံမက လာလတ္တံ့သောလောကကိုအမွေခံကြမည်။” (မစ်ရှ်နာကျမ်း) နှစ်ခြင်းဆရာယောဟန်က “နောင်တရခြင်းနှင့်ထိုက်တန်သောအကျင့်ကိုကျင့်ကြလော့။ ‘အာဗြဟံသည် ငါတို့အဘဖြစ်သည် [သို့နှင့်လုံလောက်ဘိသကဲ့သို့]’ ဟူ၍စိတ်ထဲ၌မအောက်မေ့ကြနှင့်။”—မဿဲ ၃:၇-၉။ ယောဟန် ၈:၃၃၊ ၃၉ ကိုလည်းကြည့်ပါ။
၁၀ ဖြောင့်မတ်ရန်ဒုတိယနည်းကား အလှူဒါနပြုခြင်းအားဖြင့်ဖြစ်သည်ဟု သူတို့ဆိုကြသည်။ ဘီစီအီးဒုတိယရာစုအတွင်း အယူသည်းထန်သောဂျူးများရေးသားသည့် အပေါ်ခရစ်ဖာခေါ်အာမခံချက်မရှိသောစာစောင်နှစ်စောင်က ဤမိရိုးဖလာယူဆချက်ကိုတင်ပြသည်။ တိုဘစ်ကျမ်း၌ပါသည်ကား “လှူဒါန်းပေးကမ်းခြင်းသည် သေခြင်းမှကယ်နှုတ်၍ အပြစ်ရှိသမျှကိုကျေငြိမ်းစေသည်” ဖြစ်၏။ (၁၂:၉၊ The New American Bible) စီရာခ်စာစောင် (ဒေသနာကျမ်း) ကဤသို့သဘောတူညီပါသည်။ “ရေသည်တောက်လောင်သောမီးကိုငြိမ်း၏။ အလှူဒါနများကား အပြစ်များပြေစေသည်။”—၃:၂၉၊ NAB.
၁၁ ဖြောင့်မတ်ခြင်းငှာသူတို့ကြိုးစားသည့်တတိယနည်းမှာ ပညတ္တိကျမ်းကိုကျင့်သုံးခြင်းဖြင့်ဖြစ်သည်။ လူ၏အကျင့်တို့သည်အများအားဖြင့်ကောင်းမွန်ပါက ထိုသူသည်ကယ်တင်ခြင်းသို့ရောက်မည်ဟု သူတို့၏နှုတ်တိုက်ထုံးတမ်းစဉ်လာကသွန်သင်ပေးသည်။ “အကောင်း သို့မဟုတ် အဆိုးကိုများစွာပြုခြင်းအရ” တရားစီရင်ခြင်းခံရ၏။ (မစ်ရှ်နာကျမ်း) တရားစီရင်ခံရသည့်အခါ မျက်နှာသာရရန် “အပြစ်များထက်ကုသိုလ်များသာ၍ပြုမိရန်” ကြိုးစားကြသည်။ လူတစ်ဦး၏ကောင်းမှုသည် သူ့အဆိုးများထက်သာလွန်မည်ဆိုလျှင် ထိုသူသည်ကယ်တင်ခြင်းရမည်ဆိုသည်။ သို့ဖြင့်ဘုရားသခင်သည် သူတို့၏အသေးအဖွဲလုပ်ငန်းကို စာရင်းယူဘိသကဲ့သို့ပင်တည်း။ (မဿဲ ၂၃:၂၃၊ ၂၄) မှန်ကန်သောအယူအဆကို ပေါလုဤသို့တင်ပြသည်။ “ပညတ်တရား၏အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှဖြောင့်မတ်ရာသို့မရောက်ရာ။” (ရောမ ၃:၂၀) ခရစ်ယာန်ဖြောင့်မတ်ခြင်းသည် ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၏ဖြောင့်မတ်ခြင်းထက် သာလွန်ရမည်မှန်သည်။
“ရှေးပညတ်စကားကိုသင်တို့ကြားရပြီ”
၁၂။ (က) တောင်ပေါ်ဒေသနာတွင် ဟေဗြဲကျမ်းကို ယေရှုရည်ညွှန်းရာတွင် ခါတိုင်းနှင့် မည်သို့ကွာခြားသနည်း။ အဘယ်ကြောင့်နည်း။ (ခ) “သင်တို့ကြားရပြီ” ဟူသောဆဌမကြိမ်မြောက်အသုံးပြုပုံမှ အဘယ်အကြောင်းသိရှိရသနည်း။
၁၂ ဟေဗြဲကျမ်းမှယေရှုကိုးကားချိန်တွင် ကိုယ်တော်က “ကျမ်းစာလာသည်ကား” ဟုဆိုသည်။ (မဿဲ ၄:၄၊ ၇၊ ၁၀) သို့သော်တောင်ပေါ်ဒေသနာတွင်ခြောက်ကြိမ်တိုင် ဟေဗြဲကျမ်းမှဖြစ်ပုံရှိသောစကားကိုကိုးကား၍ “သင်တို့ကြားရပြီ” ဟူ၍စကားချီးပြုပြောခဲ့သည်။ (မဿဲ ၅:၂၁၊ ၂၇၊ ၃၁၊ ၃၃၊ ၃၈၊ ၄၃) အဘယ်ကြောင့်နည်း။ အကြောင်းမှာဘုရားသခင့်ပညတ်ချက်များနှင့်ဆန့်ကျင်သည့် ဖာရိရှဲတို့၏ထုံးတမ်းစဉ်လာအရအနက်ဖွင့်ထားသောကျမ်းကို ယေရှုကိုးကားနေခြင်းကြောင့်ဖြစ်သည်။ (တရားဟောရာ ၄:၂။ မဿဲ ၁၅:၃) ဤအစီအရီတွင် ခြောက်ကြိမ်မြောက်ဖြစ်၍နောက်ဆုံးအကြိမ်ဖြစ်သည့် “ ‘ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်လော့။ ရန်သူကိုမုန်းလော့’ ဟူသောပညတ်စကားကိုသင်တို့ကြားရပြီ” ဟုယေရှု၏ကိုးကားချက်က ယင်းအချက်ကိုတင်ပြသည်။ သို့သော်မည်သည့်မောရှေပညတ်ချက်ကမျှ “ရန်သူကိုမုန်းလော့” ဟုမမိန့်မှာပါ။ ကျမ်းပြုဆရာနှင့်ဖာရိရှဲများသာမိန့်ဆိုသည်။ အခြားသူတို့မပါ ကိုယ်နှင့်စပ်ဆိုင်သူသောသူဂျူးတို့ကိုသာချစ်ရန်ဖြစ်သည်ဟု ပညတ္တိကျမ်းကိုသူတို့အနက်ဖွင့်ထားကြသည်။
၁၃။ လူ့အသက်သတ်မိသည်အထိဖြစ်စေနိုင်သော အပြုအမူ၏အစအကြောင်း ယေရှုမည်သို့သတိပေးသနည်း။
၁၃ ခြောက်ကြိမ်တိုင်ပြောဆိုခဲ့သည့်ဤစကားအနက် ပထမအကြိမ်ကိုယခုသုံးသပ်ပါမည်။ ယေရှုက “ ‘လူအသက်ကိုမသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏’ ဟူသောရှေးပညတ်စကားကိုသင်တို့ကြားရပြီ။ ငါပညတ်သည်ကား ‘ညီအစ်ကိုကိုအထောက်မတန်အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏။” (မဿဲ ၅:၂၁၊ ၂၂) နှလုံးထဲအမျက်ထွက်နေခြင်းက ဆဲဆိုကဲ့ရဲ့သောစကားများနှုတ်မြွက်စေ၍ နောက်ဆုံးအပြစ်စီရင်မိပြီး လူ့အသက်သတ်ခြင်းကိုပင်ပြုစေနိုင်သည်။ နှလုံးထဲကြာမြင့်စွာအမျက်သိုထားခြင်းသည် သေစေတတ်သဖြင့် “မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား လူအသက်ကိုသတ်သောသူဖြစ်၏” ဟုဆို၏။—၁ ယောဟန် ၃:၁၅။
၁၄။ သူ့အိမ်ယာပြစ်မှားခြင်းသို့ပို့ဆောင်သည့်လမ်းပေါ် စသွားခြင်းကိုပင်မပြုရန် ယေရှုမည်သို့ဆုံးမသနည်း။
၁၄ ယေရှုဆက်၍ဆိုသည်ကား၊ “ ‘သူ့မယားကိုမပြစ်မှားရ’ ဟူသောရှေးပညတ်စကားကိုသင်တို့ကြားရပြီ။ ငါပညတ်သည်ကား ကိလေသာစိတ်နှင့်သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ထိုမိန်းမနှင့်ပြစ်မှားပြီ။” (မဿဲ ၅:၂၇၊ ၂၈) သူ့မယားကိုမပြစ်မှားတော့ဘူးဟုတ်လား။ သို့ဆိုလျှင်ယင်းအကြောင်းစိတ်ဖြင့်ပင်မတွေးတောပါနှင့်။ ဤသို့သောကိစ္စများအစပေါ်တတ်သည့် သင့်နှလုံးကိုစောင့်စည်းပါ။ (သု၊ ၄:၂၃။ မဿဲ ၁၅:၁၈၊ ၁၉) ယာကုပ် ၁:၁၄၊ ၁၅ ကဤသို့သတိပေးသည်။ “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကိုခံသောသူမည်သည်ကား အပြစ်သွေးဆောင်ခြင်းသို့ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ဒုစရိုက်ကိုဖွားတတ်၏။ ဒုစရိုက်သည်လည်းပြည့်စုံလျှင် သေခြင်းကိုဖွားတတ်၏။” တစ်ခါတစ်ရံအချို့ပြောတတ်သည်ကား ‘သင်အဆုံးမသတ်နိုင်သည့်ကိစ္စကိုအစမပြုနှင့်’ ဖြစ်သည်။ သို့သော်ဤကိစ္စမျိုးတွင် ‘သင်မရပ်စဲနိုင်သည့်ကိစ္စကိုအစမပြုနှင့်’ ဖြစ်သင့်သည်။ လူသတ်ကွင်းတွင် ပစ်သတ်ခံရမည်ဟုခြိမ်းခြောက်ခံရချိန်တွင် သစ္စာရှိခဲ့သူများပင်လျှင် လိင်စာရိတ္တယိုယွင်းရန်အကောက်ကြံ၍ဖမ်းသောထောင်ချောက်ထဲ ကျဆင်းခဲ့ဖူးသည်။
၁၅။ လင်မယားကွာရှင်းခြင်းကိုယေရှုယူဆပုံသည် ဂျူးတို့၏နှုတ်တိုက်ထုံးတမ်းစဉ်လာနှင့် မည်သို့လုံးလုံးကွာခြားသနည်း။
၁၅ ယခုယေရှု၏တတိယပြောဆိုချက်ကိုသုံးသပ်မည်။ ကိုယ်တော်က “တစ်ဖန်တုံ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကိုအပ်ပေးစေဟူသောပညတ်စကားရှိပြီ။ ငါပညတ်သည်ကား ‘မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာသောသူသည် မိမိမယားကိုမှားယွင်းစေ၏။ [သီလယိုယွင်းခြင်းအကြောင်းမဟုတ်သည့် အခြားအကြောင်းကြောင့်] ကွာသောမိန်းမနှင့်စုံဖက်ခြင်းကိုပြုသောသူသည်လည်း သူ့မယားကိုပြစ်မှား၏” ဟုမိန့်တော်မူသည်။ (မဿဲ ၅:၃၁၊ ၃၂) ဂျူးအချို့သည် မိမိတို့မယားကိုသစ္စာဖျက်ပြီး အကြောင်းပြချက်အသေးအဖွဲကလေးဖြင့် မိမိမယားကိုကွာခဲ့ကြသည်။ (မာလခိ ၂:၁၃-၁၆။ မဿဲ ၁၉:၃-၉) “ဟင်းလျာတစ်ခွက်ပျက်စီးသွားလျှင်ပင်” သို့မဟုတ် “သူမထက်ပို၍လှပသူတစ်ဦးတွေ့မြင်ခဲ့လျှင်ပင်” နှုတ်တိုက်ထုံးတမ်းစဉ်လာများသည် မိမိမယားကိုကွာခွင့်ပြုသည်။—မစ်ရှ်နာကျမ်း။
၁၆။ အဘယ်ဂျူးထုံးစံသည် ကျိန်ဆိုခြင်းကိုအဓိပ္ပာယ်မဲ့စေသနည်း။ အဘယ်အနေအထားမျိုးကို ယေရှုခံယူထားသနည်း။
၁၆ ထပ်တူသဘောထားမျိုးဖြင့်ယေရှုဆက်မိန့်ဆိုသည်ကား “ ‘ကျိန်ဆိုခြင်းကိုပြုသည်အတိုင်း . . . တည်စေလော့’ ဟူသောရှေးပညတ်စကားကိုသင်တို့ကြားရပြီ။ ငါပညတ်သည်ကား ကျိန်ဆိုခြင်းကိုအလျှင်းမပြုရ။” ၄င်းအချိန်တိုင်သော် ဂျူးတို့သည် ကျိန်ဆိုခြင်းကိစ္စကိုအလွဲသုံးစားပြုနေကြ၍ စကားမတည်စေဘဲအသေးအဖွဲကိစ္စများကိုပင် ကျိန်ဆိုပြုလုပ်နေကြသည်။ သို့သော်ယေရှုဤသို့မိန့်တော်မူသည်။ “မကျိန်ရ။ သင်၏စကားမှာဟုတ်သည်ကိုအဟုတ်၊ မဟုတ် သည်ကိုမဟုတ်ဖြစ်စေလော့။” ကိုယ်တော့်စည်းမျဉ်းသည် ရိုးရိုးလေးသာဖြစ်သည်။ မိမိစကားမှန်ကန်ကြောင်းကို ကျိန်ဆိုပြောနေစရာမလိုဘဲ အချိန်အခါမရွေး မှန်မှန်ကန်ကန်ပြောဆိုရန်ဖြစ်သည်။ အရေးကြီးကိစ္စများအတွက်သာ ကျိန်ဆိုချက်ပေးစရာဖြစ်စေပါ။—မဿဲ ၅:၃၃-၃၇။ ၂၃:၁၆-၂၂ နှင့်နှိုင်းယှဉ်ပါ။
၁၇။ “သူ့မျက်စိဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကိုခံစေ” ထက်ကောင်းသည့်အဘယ်နည်းလမ်းကို ယေရှုသွန်သင်သနည်း။
၁၇ ယေရှုနောက်ထပ်ပြောသည်ကား “သူ့မျက်စိဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကိုခံစေဟူသောပညတ်စကားကိုသင်တို့ကြားရပြီ။ ငါပညတ်သည်ကား နှောင့်ယှက်သောသူကိုမဆီးမတားနှင့်။ သင်၏ပါးတစ်ဖက်ကိုသူတစ်ပါးပုတ်လျှင် ပါးတစ်ဖက်ကိုလှည့်၍ပေးဦးလော့။” (မဿဲ ၅:၃၈-၄၂) ဒဏ်ရာရစေလို၍ပါးရိုက်ခြင်းကို ဤတွင်ယေရှုဆိုလိုနေခြင်းမဟုတ်ဘဲ စော်ကားသည့်သဘောမျိုးဖြင့်ရိုက်ပုတ်ခြင်းကိုဆိုလိုနေပါသည်။ အပြန်အလှန်စော်ကားရိုင်းပျခြင်းဖြင့် မိမိကိုယ်ကိုအဆင့်အတန်းမရှိသူမဖြစ်စေပါနှင့်။ အဆိုးကိုအဆိုးနှင့်တုံ့မိရန် ငြင်းပယ်ပါ။ ယင်းအစားအကောင်းနှင့်တုံ့ခြင်းဖြင့် “အကောင်းအားဖြင့်အဆိုးကိုနိုင်လော့။”—ရောမ ၁၂:၁၇-၂၁။
၁၈။ (က) ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ပါဟူသောပညတ်ကို ဂျူးတို့ကမည်သို့ပြောင်းလဲသနည်း။ ယေရှုကယင်းကိုမည်သို့ကန့်ကွက်ဖျက်ဆီးသနည်း။ (ခ) “ကိုယ်နှင့်စပ်ဆိုင်သူ” ကိုအသုံးပြုပုံအား ကန့်သတ်လိုသည့်ရှေ့နေတစ်ဦးအား ယေရှုမည်သို့ဖြေဆိုသနည်း။
၁၈ ဆဌမမြောက်ဖြစ်သည့်နောက်ဆုံးဥပမာတွင် ရဗ္ဗိထုံးတမ်းစဉ်လာအားဖြင့် မောရှေ၏ပညတ်တရားပျက်စီးရခြင်းကို ယေရှုရှင်းလင်းစွာတင်ပြသည်။ “ ‘ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်လော့။ ရန်သူကိုမုန်းလော့’ ဟူသောပညတ်စကားကိုသင်တို့ကြားရပြီ။ ငါပညတ်သည်ကား သင်တို့သည်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘ၏သားဖြစ်လိုသောငှာ သင်တို့၏ရန်သူတို့ကိုချစ်ကြလော့။ . . . သင်တို့ကိုနှောင့်ယှက်ညှဉ်းဆဲသောသူတို့အဖို့ ဘုရားသခင်ကိုဆုတောင်းကြလော့။” (မဿဲ ၅:၄၃၊ ၄၄) မှတ်တမ်းတင်ထားသောမောရှေပညတ္တိကျမ်းသည် ချစ်ခြင်းမေတ္တာကိုအကန့်အသတ်မထားပါ။ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။” (ဝတ်ပြုရာ ၁၉:၁၈) ဤပညတ်ချက်ကိုဖာရိရှဲများလက်မခံလို၍ “ကိုယ်နှင့်စပ်ဆိုင်သူ” သည်ထုံးတမ်းစဉ်လာလိုက်နာသူများကိုဆိုလိုသည်ဟုယူမှတ်စေ၍ ပညတ်ချက်ကိုရှောင်ခဲ့သည်။ ဤအကြောင်းကြောင့် နောင်တစ်ချိန်တွင် ‘ကိုယ်နှင့်စပ်ဆိုင်သောသူကိုကိုယ်နှင့်အမျှချစ်ရမည်’ ဟူသောပညတ်ကို ရှေ့နေတစ်ဦးအားသတိပေးခဲ့သည့်အခါ ထိုသူက “အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သောသူဖြစ်ပါသနည်း” ဟုရိသဲ့သဲ့ပြောလိုက်သည်။ ရှမာရိအမျိုးသားကောင်းဥပမာကိုပေး၍ သင့်အကူအညီလိုအပ်နေသူအား သင့်ကိုယ်ကိုကိုယ်နှင့်စပ်ဆိုင်သူဖြစ်စေပါဟု ယေရှုဖြေဆိုတော်မူသည်။—လုကာ ၁၀:၂၅-၃၇။
၁၉။ လူဆိုးအပေါ်ယေဟောဝါပြသည့် အဘယ်အပြုအမူကို ကျွန်ုပ်တို့အတုယူရန် ယေရှုထောက်ခံထားသနည်း။
၁၉ ဒေသနာတော်ကိုဆက်ပြောကာယေရှုက ‘လူဆိုးကိုဘုရားသခင်မေတ္တာပြသည်။ သူတို့အပေါ်နေကိုထွက်စေ၍ မိုးကိုရွာစေတော်မူ၏။ မိမိကိုချစ်သောသူအားချစ်တုံ့ပြုခြင်းသည် အံ့သြစရာမဟုတ်ပါ။ လူဆိုးများလည်း ထို့အတူပြုသည်။ ယင်းအတွက်အဘယ်ကျေးဇူးမျှမရှိပါ။ ဘုရားသခင်၏သားများဖြစ်ကြောင်းသက်သေပြကာ ကိုယ်တော်ကိုအတုယူပါ။ ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ပြီး လူတိုင်းအားကိုယ်နှင့်စပ်ဆိုင်သူဖြစ်စေပါ။ သို့ဖြစ်၍ “ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဘသည်စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်းစုံလင်ခြင်းရှိကြလော့။” (မဿဲ ၅:၄၅-၄၈) လိုက်လျောအောင်နေစရာစိန်ခေါ်ချက်ဖြစ်သောစံချိန်ပါတကား။ ကျမ်းပြုဆရာနှင့်ဖာရိရှဲများ၏ဖြောင့်မတ်ခြင်းသည် ထိုစံချိန်ကိုမမီ၊ အလွန်ဝေးလှသည်ဟုတင်ပြနေပါသည်တကား။
၂၀။ မောရှေပညတ်ကိုဖယ်ရှားမည့်အစား ယင်း၏အကျိုးသက်ရောက်မှုကို ယေရှုမည်သို့ကျယ်ပြန့်၍နက်ရှိုင်းစေပြီး သာ၍မြင့်မားသောအဆင့်သို့တင်မြှောက်တော်မူသနည်း။
၂၀ ထိုကြောင့်ပညတ်အပိုင်းအချို့ကိုယေရှုညွှန်း၍ “ငါပညတ်သည်ကား” ဟုဆက်ပြောသောအခါ မောရှေပညတ်ကိုကိုယ်တော်ဖယ်ရှားပြီး အခြားတစ်ခုကိုအစားထိုးနေခြင်းမဟုတ်ပါ။ ထိုသို့ပြုတော်မူသည်မဟုတ်ဘဲ ပညတ်ချက်၏နောက်ဝယ်ရှိသဘောတရားကိုဖော်ပြခြင်းအားဖြင့် ယင်း၏စွမ်းဆောင်မှုသည် မည်မျှထူးမြတ်ကွာခြားသည်ကို ကိုယ်တော်တင်ပြနေခြင်းဖြစ်သည်။ ညီအစ်ကိုချင်းစိတ်ထားဆိုင်ရာသာ၍မြင့်မားသောပညတ်က အာဃာတစိတ်ဆက်ထားခြင်းကို လူသတ်မှုဟုစီရင်ချက်ချသည်။ စင်ကြယ်မှုဆိုင်ရာသာ၍မြင့်မားသောပညတ်က ရာဂစိတ်ဆက်ပြင်းပြခြင်းကို မတရားမေထုန်ဟုစီရင်သည်။ အိမ်ထောင်ရေးဆိုင်ရာသာ၍မြင့်မားသောပညတ်က လင်မယားသစ္စာပျက်စေသည့် နောက်အိမ်ထောင်ပြုခြင်းသို့ ဦးတည်စေသည့် မဖြစ်စလောက်နှင့်ကွာရှင်းခြင်းကို တားမြစ်သည်။ အမှန်တရား ဆိုင်ရာသာ၍မြင့်မားသောပညတ်က ထပ်ခါတလဲကျိန်ဆိုနေရန်မလိုကြောင်းတင်ပြသည်။ သာ၍မြင့်မားသောနူးညံ့သိမ်မွေ့ခြင်းက ကလဲ့စားချေခြင်းကိုဖယ်ရှားလိုက်သည်။ သာ၍မြင့်မားသောချစ်ခြင်းမေတ္တာတရားက အကန့်အသတ်မရှိသောဘုရားရေးရာမေတ္တာပြစေသည်။
၂၁။ ရဗ္ဗိဆရာများ၏ကိုယ်ဖြောင့်မတ်သည်သဘောအကြောင်း ယေရှု၏သြဝါဒများကမည်သို့ဖော်ပြီး လူအုပ်သည် အခြားအဘယ်အကြောင်းများကိုသင်ယူနိုင်ဦးမည်နည်း။
၂၁ ယင်းစကားများကိုပထမဦးဆုံးအကြိမ်ကြားနာရသူများအတွက် ထိုမကြားစဖူးသြဝါဒစကားများသည် အလွန်ထူးခြားခဲ့ပေမည်။ ရဗ္ဗိဆရာများ၏ထုံးတမ်းစဉ်လာများအောက် ဝန်ပိနေရခြင်းအဖြစ်၏ ဟန်ဆောင်မှုမျှဖြစ်သောမိမိ၏ဖြောင့်မတ်ခြင်းအတွက်ကြိုးစားခြင်းကို အချည်းနှီးသက်သက်သာဖြစ်စေသည်တကား။ တောင်ပေါ်ဒေသနာကိုယေရှုဆက်ဟောပြောရာတွင် ဘုရားသခင့်ဖြောင့်မတ်ခြင်းတရားအတွက်ဆာလောင်ငတ်မွတ်သူတို့သည် နောက်ဆက်တွဲဆောင်းပါးတင်ပြသည့်အတိုင်း ယင်းကိုမည်သို့ရရှိနိုင်ကြောင်း အတိအကျသိရှိနားလည်လာကြပေသည်။
ပြန်လည်စစ်ဆေးရန်မေးခွန်းများ
◻ နှုတ်တိုက်ထုံးတမ်းစဉ်လာများကို ဂျူးများအဘယ်ကြောင့်ဖန်တီးခဲ့ရသနည်း။
◻ ကျမ်းပြုဆရာများ၊ ဖာရိရှဲများနှင့်သာမန်လူများနှင့်စပ်လျဉ်း၍ အဘယ်ထူးခြားသောပြောင်းလဲမှုကိုယေရှုပြုလုပ်ခဲ့သနည်း။
◻ ဘုရားသခင်ရှေ့တော်မှောက် ဖြောင့်မတ်သောအနေအထားမျိုးရရှိရန် ကျမ်းပြုနှင့်ဖာရိရှဲများ မည်သို့မျှော်လင့်ကြသနည်း။
◻ မတရားမေထုန်နှင့် သူ့အိမ်ယာပြစ်မှားခြင်းကိုရှောင်ကြဉ်ရန်နည်းလမ်းကို ယေရှုမည်သို့တင်ပြသနည်း။
◻ မောရှေပညတ္တိကျမ်းများနောက်ဝယ်ရှိစိတ်ထားကိုဖော်ပြခြင်းဖြင့် အဘယ်မြင့်မားသောစံချိန်များကိုယေရှုအတည်ပြုခဲ့သနည်း။