နှုတ်တိုက်ပညတ်—အဘယ်ကြောင့်ရေးသားခဲ့
ပထမရာစုမှ ဂျူးများစွာတို့သည် ယေရှုကို မေရှိယအဖြစ် အဘယ်ကြောင့်လက်မခံခဲ့ကြသနည်း။ မျက်မြင်သက်သေတစ်ဦးက ဤသို့ဖော်ပြသည်– “[ယေရှုသည်] ဗိမာန်တော်သို့ဝင်ပြန်၍ ဆုံးမသြဝါဒပေးတော်မူစဉ်တွင် ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် အထံတော်သို့ချဉ်းကပ်၍၊ ‘ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသနည်း။ ထိုအခွင့်ကို အဘယ်သူပေးသနည်း’ ဟုမေးလျှောက်ကြ” သည်။ (မဿဲ ၂၁:၂၃) သူတို့အမြင်အရ အဆုံးမရှိတန်ခိုးရှင်သည် ဂျူးလူမျိုးကို တိုရာ (ပညတ်) ပေးခဲ့ပြီး ယင်းက အချို့သောသူတို့ကို ဘုရားသခင်ပေးအခွင့်အာဏာရရှိစေသည်ဟူ၍ဖြစ်သည်။ ဤအခွင့်အာဏာကို ယေရှုရရှိခဲ့သလော။
တိုရာနှင့် ၎င်းက စစ်မှန်သောအခွင့်အာဏာပေးထားသူများကို ယေရှုသည် အတတ်နိုင်ဆုံးလေးစားမှုပြသခဲ့သည်။ (မဿဲ ၅:၁၇-၂၀; လုကာ ၅:၁၄; ၁၇:၁၄) သို့သော် ကိုယ်တော်သည် ဘုရားသခင့်ပညတ်တော်ကို လွန်ကျူးသူများအား မကြာခဏ လူသိရှင်ကြားရှုတ်ချခဲ့သည်။ (မဿဲ ၁၅:၃-၉; ၂၃:၂-၂၈) ဤသို့သောသူများသည် နှုတ်တိုက်ပညတ်ဟုသိရှိလာသော ထုံးတမ်းစဉ်လာကို လိုက်ခဲ့ကြသည်။ ၎င်း၏အခွင့်အာဏာကို ယေရှုငြင်းပယ်ခဲ့သည်။ သို့နှင့် လူအများသည် ကိုယ်တော်အား မေရှိယအဖြစ် လက်မခံခဲ့ကြချေ။ သူတို့ထဲမှ အခွင့်အာဏာရှိသူများ၏ ထုံးတမ်းစဉ်လာများကို ထောက်ခံသူသာလျှင် ဘုရားသခင့်ကျောထောက်နောက်ခံရရှိနိုင်သည်ဟု သူတို့ယုံကြည်ခဲ့ကြသည်။
အဆိုပါနှုတ်တိုက်ပညတ်သည် မည်သို့အစပြုခဲ့သနည်း။ ကျမ်းစာတွင် မှတ်တမ်းတင်ရေးသားထားသော ပညတ်နှင့်ညီတူညီမျှအခွင့်အာဏာရှိဘိသကဲ့သို့ ယင်းကို ဂျူးများမည်သို့ရှုမြင်လာခဲ့ကြသနည်း။ ယင်းကို နှုတ်တိုက်ထုံးတမ်းစဉ်လာတစ်ခုအဖြစ် ယူမှတ်ကြရမည်ဆိုလျှင် နောက်ဆုံး၌ ယင်းကို အဘယ်ကြောင့်ရေးသားခဲ့ကြရသနည်း။
ထုံးတမ်းစဉ်လာများသည် မည်သည့်နေရာမှစတင်ခဲ့သနည်း
ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်၌ သိနာတောင်ပေါ်တွင် ဣသရေလလူတို့သည် ယေဟောဝါဘုရားသခင်နှင့် ပဋိညာဉ်ဖွဲ့ခဲ့သည်။ မောရှေမှတစ်ဆင့် ထိုပဋိညာဉ်၏ပညတ်ချက်များကို သူတို့ရရှိခဲ့ကြ၏။ (ထွက်မြောက်ရာ ၂၄:၃) အဆိုပါစည်းမျဉ်းများကို လိုက်လျှောက်ခြင်းအားဖြင့် ‘သူတို့၏ဘုရားသခင် ယေဟောဝါသည် သန့်ရှင်းသကဲ့သို့ ကိုယ့်ကိုယ်ကိုသန့်ရှင်းစေ’ ကြောင်းတင်ပြမည်ဖြစ်သည်။ (ဝတ်ပြုရာ ၁၁:၄၄) ပညတ်ပဋိညာဉ်အောက်၌ ယေဟောဝါအားဝတ်ပြုရာတွင် ခန့်အပ်ထားသောယဇ်ပုရောဟိတ်တစ်ဦးပူဇော်ပေးရသည့် ယဇ်ပူဇော်သကာများပါဝင်သည်။ ဝတ်ပြုရေးအတွက် ဗဟိုဌာနတစ်ခုရှိရန်ဖြစ်ခဲ့သည်—နောက်ဆုံးတွင် ယေရုရှလင်ရှိ ဗိမာန်တော်ပင်ဖြစ်သည်။—တရားဟောရာ ၁၂:၅-၇; ၂ ရာဇဝင်ချုပ် ၆:၄-၆။
မောရှေပညတ်သည် လူမျိုးတစ်မျိုးအနေနှင့် ယေဟောဝါအား ဣသရေလလူမျိုးဝတ်ပြုရမည့်ပုံစံကို ပြဋ္ဌာန်းပေးခဲ့သည်။ သို့ရာတွင် အသေးစိတ်အချက်အလက်အချို့ကို ရှင်းလင်းပြတ်သားစွာ မဖော်ပြခဲ့ချေ။ ဥပမာ၊ ဥပုသ်နေ့တွင် အလုပ်မလုပ်ရဟူသော ပညတ်ရှိသော်လည်း အလုပ်နှင့်အခြားလုပ်ဆောင်မှုများကို တိကျပြတ်သားစွာ ခွဲခြားဖော်ပြမထားပါ။—ထွက်မြောက်ရာ ၂၀:၁၀။
ထိုသို့ပြုလုပ်သင့်သည်ဟု ယေဟောဝါယူမှတ်မည်ဆိုလျှင် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာအသီးသီးအတွက် အသေးစိတ်စည်းမျဉ်းများကို ကိုယ်တော်ပေးနိုင်ခဲ့သည်။ သို့သော် ဘုရားသခင်သည် လူတို့တွင် ကိုယ်ကိုကိုယ်သိသောစိတ်ထည့်သွင်းဖန်ဆင်းထားခဲ့ရာ ကိုယ်တော့်စည်းမျဉ်းဘောင်အတွင်း သူတို့အတော်အသင့် ပြောင်းသာလဲသာပြုလုပ်ခွင့်ဖြင့် ကိုယ်တော်အား အစပြုကိုးကွယ်စေခဲ့သည်။ တရားရေးအမှုများကို ယဇ်ပုရောဟိတ်များ၊ လေဝိများနှင့် တရားသူကြီးများစီရင်ပေးရန် ပညတ်တရားကပြဋ္ဌာန်းပေးခဲ့၏။ (တရားဟောရာ ၁၇:၈-၁၁) အမှုများတိုးများလာသောအခါ အစဉ်အလာအချို့ကို ချမှတ်ခဲ့ပြီး ယင်းတို့ထဲမှအချို့ကို လူမျိုးတစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းခဲ့သည်မှာ ယုံမှားဖွယ်မရှိချေ။ ယေဟောဝါ၏ဗိမာန်တော်တွင် ယဇ်ပုရောဟိတ်ဆိုင်ရာတာဝန်များကို ထမ်းဆောင်ရသောနည်းစနစ်များကိုလည်း ဖခင်မှသားထံသို့ လက်ဆင့်ကမ်းပေးခဲ့ကြသည်။ လူမျိုးလိုက် အတွေ့အကြုံများလာသည်နှင့်အမျှ ထုံးတမ်းစဉ်လာများလည်း တိုးများလာလေသည်။
သို့သော် ဣသရေလဝတ်ပြုမှု၏အဓိကအပိုင်းတွင် ရေးသားထားသော မောရှေ၏ပညတ်တရားရှိပါသည်။ ထွက်မြောက်ရာ ၂၄:၃၊ ၄ တွင်ဤသို့ဖော်ပြထားသည်– “မောရှေသည်လည်း လူများတို့ရှိရာသို့လာ၍၊ ထာဝရဘုရား၏စကားတော်အလုံးစုံကိုလည်းကောင်း၊ စီရင်တော်မူချက်အလုံးစုံကိုလည်းကောင်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ‘ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်’ ဟုတစ်သံတည်းပြန်ပြောကြ၏။ မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးထား” ခဲ့၏။ ဘုရားသခင်သည် ဣသရေလလူတို့နှင့်ပဋိညာဉ်ပြုခဲ့သည့် ဤရေးသားထားသော အမိန့်တော်များနှင့်အညီ ကျင့်စောင့်ရန်ဖြစ်ခဲ့သည်။ (ထွက်မြောက်ရာ ၃၄:၂၇) အမှန်ပင်၊ သမ္မာကျမ်းစာသည် မည်သည့်နေရာ၌မျှ နှုတ်တိုက်ပညတ်ရှိကြောင်းကို မဖော်ပြထားချေ။
“ထိုအခွင့်ကို အဘယ်သူပေးသနည်း”
မောရှေပညတ်သည် အာရုန်၏သားစဉ်မြေးဆက် ယဇ်ပုရောဟိတ်များလက်ထဲ မူလဘာသာရေးအခွင့်အာဏာနှင့် သွန်သင်မှုကို အပ်ထားခဲ့သည်မှာ ရှင်းနေပါသည်။ (ဝတ်ပြုရာ ၁၀:၈-၁၁; တရားဟောရာ ၂၄:၈; ၂ ရာဇဝင်ချုပ် ၂၆:၁၆-၂၀; မာလခိ ၂:၇) သို့သော် ရာစုနှစ်များတစ်လျှောက်တွင် ယဇ်ပုရောဟိတ်အချို့သည် သစ္စာမဲ့ကာ ယိုယွင်းလာခဲ့ကြသည်။ (၁ ဓမ္မရာဇဝင် ၂:၁၂-၁၇၊ ၂၂-၂၉; ယေရမိ ၅:၃၁; မာလခိ ၂:၈၊ ၉) ဂရိကြီးစိုးသည့်ခေတ်အတွင်း ယဇ်ပုရောဟိတ်များစွာတို့သည် ဘာသာရေးကိစ္စရပ်များနှင့်ပတ်သက်၍ အလျှော့ပေးလိုက်လျောခဲ့ကြသည်။ ဘီ.စီ.အီး. ဒုတိယရာစုတွင် ယဇ်ပုရောဟိတ်အဖွဲ့ကို အယုံအကြည်ကင်းမဲ့သော ဂျူးဘာသာအတွင်းရှိ အုပ်စုအသစ်ဖြစ်သည့် ဖာရိရှဲများက သာမန်လူတစ်ဦးသည် မိမိကိုယ်ကို ယဇ်ပုရောဟိတ်နည်းတူသန့်ရှင်းသည်ဟု ယူမှတ်နိုင်သောထုံးတမ်းစဉ်လာများကို စတီထွင်ခဲ့၏။ အဆိုပါထုံးတမ်းစဉ်လာတို့ကို လူအများနှစ်သက်ကြသော်လည်း ၎င်းတို့သည် ပညတ်တရားတွင် လက်မခံနိုင်သောထပ်ဆင့်ခြင်းဖြစ်သည်။—တရားဟောရာ ၄:၂; ၁၂:၃၂ (ဂျူးကျမ်းစာစောင်များတွင် ၁၃:၁)။
ဖာရိရှဲများသည် ယဇ်ပုရောဟိတ်များ မလုပ်ခဲ့ကြသောအလုပ်ကို မိမိတို့လုပ်ကိုင်ကြသည်ဟုယူမှတ်သည့် ပညတ်တရား၏ပညာရှင်သစ်များဖြစ်လာခဲ့ကြသည်။ မောရှေပညတ်က သူတို့ကို အခွင့်အာဏာမပေးထားသောကြောင့် သူတို့၏ရှုမြင်ချက်များကို ထောက်ခံပုံရှိသည့် အခြားနည်းများနှင့် ပဟေဠိဆန်သည့် ရည်ညွှန်းချက်များဖြင့် ကျမ်းစာကိုအနက်ဖွင့်ဆိုရန် နည်းသစ်များကို သူတို့ဖော်ထုတ်ခဲ့ကြ၏။။a အဆိုပါထုံးတမ်းစဉ်လာများ၏ အဓိကတီထွင်သူများနှင့်အားပေးသူများအနေနှင့် သူတို့သည် ဣသရေလနိုင်ငံတွင် အခွင့်အာဏာအခြေခံသစ်ဖြစ်လာခဲ့၏။ စီ.အီး. ပထမရာစုတိုင်လေသော် ဖာရိရှဲများသည် ယုဒဘာသာတွင် ကြီးစိုးလာခဲ့ကြသည်။
ဖာရိရှဲများသည် တည်ရှိနေသောနှုတ်တိုက်ထုံးတမ်းစဉ်လာများကို စုဆောင်းကာ ကိုယ်ပိုင်ယူဆချက်များ ပို၍ခိုင်လုံလာစေရန် ကျမ်းဆိုင်ရာသက်ဆိုင်ပုံကို ရှာဖွေကြစဉ် သူတို့၏လုပ်ဆောင်မှုအပေါ် အခွင့်အာဏာထပ်လောင်းပေးဖို့ လိုအပ်ကြောင်းသိမြင်ခဲ့ကြသည်။ ဤထုံးတမ်းစဉ်လာများ၏ မူလအစနှင့်ပတ်သက်သော ထင်မြင်ယူဆချက်အသစ်တစ်ခု ပေါ်ပေါက်ခဲ့လေ၏။ ရဗ္ဗိများက ဤသို့စတင်သွန်သင်ခဲ့ကြသည်– “မောရှေသည် သိနာတောင်ပေါ်တွင် တိုရာကိုရရှိခဲ့ကာ ယောရှုထံ လွှဲပြောင်းပေးအပ်ခဲ့ကာ ယောရှုသည် အကြီးအကဲများ၊ အကြီးအကဲများက ပရောဖက်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ပရောဖက်များကလည်း အစည်းအဝေးကြီးရှိ အမျိုးသားတို့ထံ လွှဲပြောင်းပေးခဲ့ကြသည်။”—အဗော့ ၁:၁၊ မစ်ရှ်နာ။
“တိုရာကို မောရှေရရှိခဲ့သည်” ဟုဆိုရာတွင် ရဗ္ဗိများသည် ရေးသားထားသောပညတ်များကိုသာ ရည်ညွှန်းနေခြင်းမဟုတ်ဘဲ သူတို့၏နှုတ်တိုက်ထုံးတမ်းစဉ်လာအားလုံးကိုလည်း ရည်ညွှန်းနေခြင်းဖြစ်သည်။ လူတို့တီထွင်ဖြစ်ပေါ်စေခဲ့သော ထုံးတမ်းစဉ်လာများကို သိနာတောင်ပေါ်တွင် ဘုရားသခင်က မောရှေကိုပေးခဲ့သည်ဟု သူတို့ဆိုကြ၏။ ဘုရားသခင်သည် ရေးသားထားသောပညတ်တရားက မဖော်ပြထားသည့်အရာကို နှုတ်ဖြင့်အနက်ဖွင့်ဆိုထားပြီဖြစ်ရာ လူတို့ကြိုက်သလို ကွက်လပ်များကိုဖြည့်စွက်ရန် ခွင့်မပြုထားချေဟု သူတို့သွန်သင်ခဲ့ကြသည်။ သူတို့အဆိုအရ မောရှေသည် အဆိုပါနှုတ်တိုက်ပညတ်ကို လူမျိုးဆက်များတစ်လျှောက် ယဇ်ပုရောဟိတ်များထံမဟုတ်ဘဲ အခြားခေါင်းဆောင်များအား လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်။ ဖာရိရှဲများက မိမိတို့သည် ဤအခွင့်အာဏာကို “အဆက်မပြတ်” တရားဝင်လက်ခံရရှိသူများဖြစ်သည်ဟု ဆိုခဲ့ကြသည်။
ပညတ်တရားအကျပ်အတည်းဆိုက်ရောက်—ဖြေရှင်းနည်းအသစ်
ဘုရားသခင်ပေးအခွင့်အာဏာရရှိထားခြင်းကို ဂျူးဘာသာရေးခေါင်းဆောင်များ၏ စောဒကတက်ခံခဲ့ရသောယေရှုသည် ဗိမာန်တော်ဖျက်ဆီးခံရမည့်အကြောင်း ကြိုဟောခဲ့သည်။ (မဿဲ ၂၃:၃၇–၂၄:၂) စီ.အီး. ၇၀ ခုနှစ်၌ ဗိမာန်တော်ကို ရောမများဖျက်ဆီးပြီးနောက်တွင် ယဇ်ပူဇော်ခြင်းနှင့် ယဇ်ပုရောဟိတ်လုပ်ငန်းနှင့်ဆိုင်သော မောရှေပညတ်၏လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်တော့ချေ။ ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာအပေါ်အခြေခံ၍ ဘုရားသခင်သည် ပဋိညာဉ်သစ်ဖွဲ့ခဲ့သည်။ (လုကာ ၂၂:၂၀) မောရှေပညတ်ပဋိညာဉ်သည် အဆုံးတိုင်ခဲ့လေပြီ။—ဟေဗြဲ ၈:၇-၁၃။
ယေရှုသည် မေရှိယဖြစ်ကြောင်း သက်သေအထောက်အထားအဖြစ် ၎င်းအဖြစ်အပျက်များကို ရှုမြင်မည့်အစား ဖာရိရှဲများက အခြားဖြေရှင်းနည်းတစ်ခုကို တွေ့ရှိခဲ့ကြသည်။ သူတို့သည် ယဇ်ပုရောဟိတ်၏ အခွင့်အာဏာအတော်များများကို လုယူသိမ်းပိုက်လိုက်ခဲ့ပြီးဖြစ်သည်။ ဗိမာန်တော်ပျက်စီးသွားခဲ့ရာ သူတို့သည် နောက်ထပ်တစ်ဆင့်တက်နိုင်ခဲ့သည်။ ဂျဗ်နေရွာရှိ ရဗ္ဗိတက္ကသိုလ်သည် ပြန်လည်ဖွဲ့စည်းထားသောဆဲန်ဟီဒရင်—ဂျူးအထက်တရားရုံး—အတွက်ဌာနဖြစ်လာခဲ့၏။ ဂျဗ်နေရွာရှိ ရိုဟာနာန် ဘင်န် ဇားခိုက်နှင့် ဒုတိယမြောက် ဂါမလျေလတို့၏ ခေါင်းဆောင်မှုအောက်တွင် ယုဒဘာသာကို လုံးလုံးလျားလျားပြန်လည်ဖွဲ့စည်းခဲ့သည်။ ဗိမာန်တော်၌ ယဇ်ပုရောဟိတ်များ ကြီးကြပ်ခဲ့ကြသည့်ဝတ်ပြုမှုကို တရားဇရပ်၌ ရဗ္ဗိများဦးဆောင်ခဲ့ကြသည့် ဝတ်ပြုဆုတောင်းပွဲများက အစားထိုးလိုက်ခဲ့ကြသည်။ အထူးသဖြင့် အပြစ်ဖြေရာနေ့များတွင် ယဇ်ပူဇော်မှုများအစား ဆုတောင်းပွဲများပြုလုပ်ခဲ့ကြ၏။ သိနာတောင်ပေါ်တွင် မောရှေအားပေးခဲ့သော နှုတ်တိုက်ပညတ်သည် ယင်းကို ကြိုမြင်ပြီးစီစဉ်ခဲ့သည်ဟု ဖာရိရှဲများဆင်ခြေတက်ခဲ့ကြ၏။
ရဗ္ဗိတက္ကသိုလ်များသည် ပိုမိုအရေးပါလာခဲ့သည်။ သူတို့၏အဓိကသင်ရိုးညွှန်းတမ်းသည် နှုတ်တိုက်ပညတ်ကို စူးစိုက်ဆွေးနွေးခြင်း၊ ကျက်မှတ်ခြင်းနှင့် ကျင့်သုံးခြင်းတို့ဖြစ်သည်။ ယခင်က နှုတ်တိုက်ပညတ်အတွက်အခြေခံသည် မီဒရက်ရှ်ခေါ် ကျမ်းစာအနက်ဖွင့်ဆိုချက်နှင့်ဆက်နွှယ်ခဲ့၏။ ယခုတွင်၊ တိုးများလာနေသော စုပုံလာသည့်ထုံးတမ်းစဉ်လာများကို စတင်သွန်သင်ခဲ့ကာ သီးခြားဖွဲ့စည်းခဲ့သည်။ နှုတ်တိုက်ပညတ်၏စည်းမျဉ်းအသီးသီးကို အတိုချုပ်ခဲ့ပြီး လွယ်ကူစွာကျက်မှတ်နိုင်သည့် စကားစုများသို့ဖွဲ့ကာ တီးလုံးနှင့်သီဆိုလေ့ရှိ၏။
နှုတ်တိုက်ပညတ်ကို အဘယ်ကြောင့်ရေးသားခဲ့ရသနည်း
ရဗ္ဗိတက္ကသိုလ်များနှင့်ရဗ္ဗိစည်းမျဉ်းများ တိုးများလာခြင်းတို့ကြောင့် ပြဿနာအသစ်တစ်ခုဖြစ်ပေါ်စေခဲ့သည်။ ရဗ္ဗိပညာရှင် အယ်ဒင်စတိန်းစော့လ်ဇ်က ဤသို့ရှင်းပြပါသည်– “ဆရာတစ်ဦးစီသည် ကိုယ်ပိုင်နည်းစနစ်ရှိခဲ့ပြီး တစ်မူထူးသည့် ကိုယ်ပိုင်ပုံစံဖြင့် နှုတ်တိုက်စည်းမျဉ်းများကို သုံးနှုန်းခဲ့ကြသည်။ . . . ကျောင်းသားတစ်ဦးသည် သူ့ဆရာ၏သွန်သင်ချက်များကိုသာမက အခြားပညာရှင်များ၏ သွန်သင်ချက်များနှင့်လည်း အကျွမ်းတဝင်ရှိဖို့ လိုအပ်လာသည် . . . ထိုသို့ဖြင့် ကျောင်းသားများသည် ‘အသိပညာတိုးများလွန်းခြင်း’ ကြောင့်အကြောင်းအရာအတော်များများကို မကျက်မနေကျက်မှတ်ကြရလေ၏။” အသိပညာပရမ်းပတာပေါ်ပေါက်နေသည့် ပင်လယ်ပြင်တွင် ကျောင်းသားသည် မှတ်ဉာဏ်ကို ရေကုန်ရေခန်းအသုံးပြုရန် ဖိအားပေးခံခဲ့ရသည်။
စီ.အီး. ဒုတိယရာစုတွင် ဘာရ် ခိုဘားဦးဆောင်သော ရောမကိုဆန့်ကျင်သည့် ဂျူးပုန်ကန်မှုကြောင့် ရဗ္ဗိပညာရှင်များ အကြီးအကျယ်နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရ၏။ ဦးဆောင်နေသော ပညာရှင်များစွာအပါအဝင် ဘာရ် ခိုဘားကိုထောက်ခံသည့် အထင်ရှားဆုံးရဗ္ဗိအခေဗားကိုလည်း သတ်ပစ်ခဲ့ကြသည်။ နောက်ထပ်နှိပ်စက်ညှဉ်းပန်းမှုက သူတို့၏နှုတ်တိုက်ပညတ်တည်ရှိရေးကို အန္တရာယ်ပြုနိုင်ကြောင်း ရဗ္ဗိများစိုးရိမ်ပူပန်ခဲ့ကြသည်။ ထိုထုံးတမ်းစဉ်လာများကို ဆရာသမားမှတပည့်ထံသို့ နှုတ်တိုက်ပို့ချခြင်းသည် အကောင်းဆုံးနည်းဖြစ်သည်ဟု သူတို့ယုံကြည်ခဲ့ကြသော်လည်း အဆိုပါပြောင်းလဲနေသော အခြေအနေများကြောင့် ယင်းတို့ကို လုံးဝမေ့သွားမည်စိုးသောကြောင့် ကဝိများ၏သွန်သင်ချက်များကို ထိန်းသိမ်းရန် စနစ်တကျဖွဲ့စည်းဖို့ ကြိုးစားအားထုတ်ခဲ့ကြသည်။
ရောမနှင့်အတော်အတန်ငြိမ်းချမ်းရေး ရရှိပြီးနောက်ပိုင်းအချိန်အတွင်း စီ.အီး. ဒုတိယရာစုအကုန်ပိုင်းနှင့် တတိယရာစုအစောပိုင်းမှ ဦးစီးနာယကရဗ္ဗိဖြစ်သော ဂျူဒါဟာနာစီးသည် ပညာရှင်မြောက်မြားစွာကို စုစည်းပြီး နှုတ်တိုက်ထုံးတမ်းစဉ်လာမြောက်မြားစွာကို တစ်ပိုင်းစီတွင် အပိုင်းငယ်စုစုပေါင်း ၆၃ ပိုင်းရှိ အပိုင်းခြောက်ပိုင်းသို့ စနစ်တကျတည်းဖြတ်ဖွဲ့စည်းခဲ့သည်။ အဆိုပါစာပေသည် မစ်ရှ်နာအဖြစ် သိရှိလာခဲ့သည်။ နှုတ်တိုက်ပညတ်ပညာရှင် အီဖရိမ်အူရ်ဘာခ်က ဤသို့မှတ်ချက်ချသည်– “တိုရာမှလွဲလျှင် မည်သည့်စာအုပ်မျှ . . . မစ်ရှ်နာကဲ့သို့သော လက်ခံအတည်ပြုမှုနှင့် အခွင့်အာဏာမရရှိခဲ့ပေ။” မေရှိယကို ငြင်းပယ်ခဲ့ကြသည်၊ ဗိမာန်တော်သည် ပျက်ယွင်းလျက်ရှိခဲ့သည်၊ သို့သော် နှုတ်တိုက်ပညတ်မူကား မစ်ရှ်နာအသွင်ဖြင့် ရေးသားပြုစုထိန်းသိမ်းထားရာ ယုဒဘာသာတွင် တစ်ခေတ်ဆန်းသစ်လာလေသည်။
[အောက်ခြေမှတ်ချက်များ]
a ကျမ်းစာကို ဤသို့အနက်ဖွင့်ဆိုခြင်းကို မီဒရက်ရှ်ဟုခေါ်သည်။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဂျူးများစွာတို့သည် ယေရှု၏အခွင့်အာဏာကို အဘယ်ကြောင့် ငြင်းပယ်ခဲ့သနည်း