ကမ္ဘာ့ငြိမ်းချမ်းရေးသည် မိုးကုတ်စက်ဝန်းပေါ်၌ရှိသလော
ငြိ မ်းချမ်းရေးစီမံကိန်းများ၊ ငြိမ်းချမ်းရေးကြွေးကြော်ချက်များ သမိုင်းတစ်လျှောက် တစ်ခုမဟုတ်တစ်ခုရှိစမြဲပင်။ ဝမ်းနည်းစရာကား၊ ယင်းတို့ကိုပယ်ဖျက်သည့်စစ်မှုများလည်း ထပ်တူထပ်မျှပင်ရှိခဲ့သည်။ ယင်းကြောင့် လူအများသည် ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်စာချုပ်များနှင့်ကြွေးကြော်ချက်များကို မယုံကြည်နိုင်စရာအဖြစ်မြင်လာကြသည်။
သို့ဖြစ်စေကာမူ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အခြေအနေပြောင်းလဲလာနေသည်ဟု သုတေသီများနှင့်သတင်းအကဲခတ်သူတို့ သတိပြုနေကြပါသည်။ ဤတစ်ကြိမ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဇာတ်ကွက်ဆင်နေပုံရှိသည်ဟု သူတို့မျှော်လင့်ကြသည်။ “ဒုတိယကမ္ဘာစစ်ပြီးဆုံးကတည်းက အတိုက်အခံဖြစ်မှုကို ငြိမ်းချမ်းစွာဆုံးဖြတ်စရာအကြောင်းရှိသည် ဟူသောမျှော်လင့်ချက်မှာ မည်သည့်နှစ်ထက်မဆို အခြေခံအုတ်မြစ်ကောင်းရှိနေပါသည်” ဟုစတောခ်.ဟုမ်းအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဌာနချုပ်ကတင်ပြသည်။ အရှေ့ဥရောပ၌ လျင်မြန်စွာဖြစ်ပျက်ခဲ့သည့်အခြေအနေများကိုထောက်ရှု၍ ကျော်ကြားသောသတင်းထောက်တစ်ဦးက “ဒုတိယကမ္ဘာစစ်ဖြစ်ပြီးကတည်းက ယခုကမ္ဘာပေါ်ငြိမ်းချမ်းစရာအကြောင်း ပိုရှိပါသည်” ဟုဆို၏။ The Bulletin of the Atomic Scientists ဂျာနယ်၌ပင် ဤသဘောထားတင်ပြထားသည်။ ၁၉၈၈ ခုနှစ်တွင် ကမ္ဘာ့ပျက်သုဉ်းခြင်းဘေးကိုခန့်မှန်းသောနာရီ၏လက်တံကို ညဉ့်သန်းခေါင်အချိန်မတိုင်မီ သုံးမိနစ်အလို၌သတ်မှတ်ထားခြင်းမှ ညဉ့်သန်းခေါင်အချိန်မတိုင်မီ ခြောက်မိနစ်အလိုသို့ရွှေ့ပြောင်းသတ်မှတ်လိုက်သည်။ ၄င်းနောက် ၁၉၉၀ ဧပြီလတွင် ညဉ့်သန်းခေါင်အချိန်မတိုင်မီ ဆယ်မိနစ်အလိုသို့ရွှေ့ပြောင်းခဲ့ပြန်သည်။
ယင်းကြောင့် အခြေအနေပိုကောင်းလာစရာမြင်၍ ကြေနပ်အားရမှုဖြစ်ပွားစေခဲ့သည်။ စစ်မှုသည်အချည်းနှီးသာဖြစ်သည်ကို တိုင်းနိုင်ငံအများ အမြင်မှန်ရကြပြီဖြစ်၍ ယခုငြိမ်သက်မှုအတွက် အသင့်ပြင်နေကြပြီဟု ကမ္ဘာသားများယူမှတ်လာကြပြီဖြစ်သည်။ စစ်အေးနှင့်လက်နက်ပြိုင်ဆိုင်မှုတို့သည် အဆုံးတိုင်ပြီဟု လူအများပြောဆိုနေကြ၏။ စစ်စရိတ် ကုန်ကျမှုလျော့နည်းသည့်အတွက် စုဆောင်းမိသောငွေကို အစိုးရများ အဘယ်အတွက်အသုံးပြုကြမည်အကြောင်း တွက်ချက်ခန့်မှန်းနေကြသည်။ တည်မြဲသောငြိမ်းချမ်းရေး တကယ်ရောက်ရှိလာရန်အချိန် တိုင်ပြီလော။ တိုင်းနိုင်ငံများသည် “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကိုတံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း” အမှန်သင်ယူနေကြပြီလော။ (ဟေရှာယ ၂:၄) ဖြစ်ရပ်မှန်တို့က အဘယ်အရာကိုတင်ပြသနည်း။
မေ့ပျောက်နေသောစစ်မှုများ
လန်ဒန်မြို့၏ The Economist ကဤသို့သတိပြုစေသည်။ “စစ်အေးငြိမ်းပြီး အရှေ့နှင့်အနောက်စပ်ကြား တင်းမာမှုလျော့နည်းခြင်းကား ငြိမ်းချမ်းရေးသည် ခေတ်အနေအထားဖြစ်သည်ဟု အချို့သူတို့ယူဆစရာဖြစ်လာစေသည်။ ထိုသို့မဟုတ်ပါ။ တင်းမာမှုကြီးတစ်ခုလျော့နည်းသွားသော်လည်း အခြားတင်းမာမှုငယ်အမြောက်အမြား ကမ္ဘာပေါ်ရှိနေပါသေးသည်။” ဤတင်းမာမှုသို့မဟုတ်အတိုက်အခံ “ငယ်များ” ကားအဘယ်နည်း။
အမေရိကနိုင်ငံရှိ ပုဂ္ဂလိကသုတေသနအဖွဲ့ဖြစ်သည့် လင့်ဇ် (Lentz) ၏ငြိမ်းချမ်းရေးသုတေသနဌာနက ၁၉၉၀ စက်တင်ဘာလကတည်းက ကမ္ဘာတစ်ဝန်း စစ်မှုအနည်းဆုံး ၁၅ ခုဆင်နွှဲနေကြောင်း တင်ပြသည်။ ယင်းစစ်မှုတို့၌ ကူဝိတ်ကိုအီရတ်ဝင်သိမ်းခြင်းမပါဝင်ပါ။ အကြောင်းမှာအဆိုပါသတင်းတွင် ၄င်းအချိန်အထိ နှစ်စဉ်လူတစ်ထောင်သေကြေသောစစ်ပွဲကိုသာ စာရင်းထည့်သွင်းထားသည်။ ဤစစ်ပွဲအချို့သည် အနှစ် ၂၀ သို့မဟုတ် ထိုထက်မကတိုက်ခိုက်နေခဲ့ပါပြီ။ ၄င်းတို့၌ စုစုပေါင်းသေဆုံးသူ ၂,၉၀၀,၀၀၀ ရှိခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ရရှာသည်။ ဤအရေအတွက်တွင် ယူဂန်ဒါ၊ အာဖဂန်နစ္စတန်နှင့်အီရန်အီရတ် အစရှိသည့်နိုင်ငံများတွင်တိုက်ခိုက်ခဲ့သော လွန်ခဲ့သည့်နှစ်၌ပင် ပြီးဆုံးခဲ့သော သွေးထွက်သံယိုမှုအများဆုံးစစ်များ၌ သေဆုံးခဲ့သူဦးရေမပါချေ။
ကမ္ဘာကြီးငြိမ်းချမ်းနေပါသည်ဟုဆိုကြသည့်အချိန်တွင်ပင် လူသုံးသန်းနီးပါးအသတ်ခံခဲ့ရပါသည်တကား။ ဤအဖြစ်အပျက်ကိုယ်နှိုက်ပင် အလွန်ဝမ်းနည်းစရာဖြစ်သည်။ သို့သော် ထိုထက်ဝမ်းနည်းစရာကောင်းသည်ကား ဤစစ်မှုအများအပြားမှာ မထင်မရှားဖြစ်ပျက်နေပါသည်။ ကမ္ဘာ့အခြားဒေသများ မကြားမသိ၊ ဝမ်းနည်းတသရမှန်းမသိ ဖြစ်ပျက်နေသည်။ အစိုးရအာဏာကိုလုယူခြင်း၊ ပြည်တွင်းစစ်၊ တော်လှန်ရေးအစရှိသည့် ယင်းတို့အနက်အများမှာ မဖွံ့ဖြိုးသေးသောနိုင်ငံ တစ်ခုမဟုတ်တစ်ခုတွင် တိုက်ခိုက်နေသည်ဖြစ်ရာ ၄င်းတို့ကို မေ့ပျောက်နေသောစစ်မှုများဟု ခေါ်ဆိုနိုင်ပါသည်။ ကြွယ်ဝချမ်းသာသည့် စက်မှုလက်မှုတိုးတက်သောနိုင်ငံများရှိ လူအများအတွက်ဆိုလျှင်၊ ဆူဒန်နိုင်ငံတွင် အသတ်ခံရသူငါးသိန်း သို့မဟုတ် အင်ဂိုလာတွင် သုံးသိန်းကျော်တို့သည် စိတ်စွဲမှတ်စရာမဖြစ်လှချေ။ လက်နက်များစုပုံလာ၍ တင်းမာမှုပြင်းထန်ခဲ့သော်လည်း အင်အားကြီးနိုင်ငံများ စစ်မတိုက်ကြခြင်း၊ တိုးတက်ဖွံ့ဖြိုးသောနိုင်ငံများ၌ စစ်မဖြစ်ခြင်းကြောင့် ဒုတိယကမ္ဘာစစ်ပြီးကတည်းက တစ်ချိန်တစ်ခါနှင့်မျှမတူ ကမ္ဘာကြီးသည်ငြိမ်းချမ်းသာယာနေသည်ဟု ဆင်ခြေပြသူများလည်းရှိပါသည်။
ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရှိပါသလော
ငြိမ်းချမ်းရေးမည်သည် ကမ္ဘာ့နျူကလီးယားစစ်မဖြစ်ခြင်းမျှကိုဆိုလိုပါက ငြိမ်းချမ်းဖို့အတွက် လူမျိုးတို့ကြိုးစားကြရာတွင် အနည်းအကျဉ်းအောင်မြင်ပြီဟု ဆိုကောင်းဆိုနိုင်ပေမည်။ အင်အားကြီးနိုင်ငံများကအမည်ပေးထားသည့် အပြန်အလှန်ဖျက်ဆီးခြင်းဝါဒကား သူတို့ကိုတားဆီးပေးခဲ့သည်။ သို့သော် ယင်းသည် ငြိမ်းချမ်းရေးအစစ်အမှန်လော။ ဗြုန်းစားကြီးလုံးဝဖျက်ဆီးခံရမည်ကို အမြဲကြောက်ရွံ့နေရလျှင် မည်သို့ဖြစ်နိုင်မည်နည်း။ ကမ္ဘာတစ်ဝန်း စစ်ဆင်မှုတို့ကြောင့် ဘဝပြိုပျက်၊ အသက်မွေးဝမ်းကျောင်းဆုံးရှုံးရ၊ အဓိပ္ပာယ်ပြည့်ဝသောဘဝပုံစံအတွက်မျှော်လင့်ချက်လည်း ပပျောက်နေရာ ငြိမ်းချမ်းသည်ဟု မည်သို့ဆိုနိုင်မည်နည်း။
နိုဘယ်လ်ဆုရသူ အီလိုင်းဝီစဲလ် (Elie Wiesel) သည်တစ်ချိန်က ဤသို့ရေးသားခဲ့သည်။ “ရှေးပဝေသဏီကတည်းက ငြိမ်းချမ်းရေးမရသေးဘဲနှင့် ရရှိပြီဟုလူတို့ပြောဆိုကြသည်။ အတွေ့အကြုံနည်းသေးရုံလောက်သာဖြစ်သလော။ ငြိမ်းချမ်းရေးအကြောင်းပြောဆိုသော်လည်း စစ်မှုဆင်နွှဲနေကြသည်။ တစ်ခါတစ်ရံ ငြိမ်းချမ်းရေးအမည်ဖြင့်ပင် စစ်ဆင်နွှဲကြသည်။ . . . စစ်မှုသည် သမိုင်းအဝင်ဖြစ်သဖြင့် ဘယ်တော့မှပယ်ဖျက်မရရာများဖြစ်နေမှာလား။”
ငြိမ်းချမ်းရေးရရှိရေးအတွက် လူသားတို့ရှာကြံနေသည့်နေရာသည် လွဲမှားနေပါသလော။