သမ္မာတရား၌ကျင်လည်သော အမှုဆောင်ဖက်များဖြစ်လော့
ယောဟန်သြဝါဒစာ ဒုတိယနှင့်တတိယစောင်မှ ပေါ်လွင်ချက်များ
ကျမ်းစာသမ္မာတရားအသိပညာသည် ယေဟောဝါကိုးကွယ်သူများ၏ အမှတ်အသားဖြစ်သည်။ (ယောဟန် ၈:၃၁၊ ၃၂၊ ၁၇:၁၇) မြင့်မြတ်သောသမ္မာတရား၌ကျင်လည်ခြင်းသည် ကယ်တင်ခြင်းအတွက် အရေးကြီးသည်။ ဘုရားသခင်၏ကျေးကျွန်များသည် သမ္မာတရား၌ အမှုဆောင်ဘက်များ ဖြစ်ရကြမည်။
တမန်တော်ယောဟန်၏ ဒုတိယနှင့်တတိယမှုတ်သွင်းခံစာစောင်များသည် “သမ္မာတရား၌ကျင်လည်” ခြင်းအကြောင်းဖေါ်ပြထားသည်။ (၂ ယောဟန် ၄။ ၃ ယောဟန် ၃၊ ၄) ယောဟန်တတိယစာစောင်ကလည်း “သမ္မာတရားကိုကူမသောသူများ” အနေနှင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။ (၃ ယောဟန် ၅-၈) ဤသြဝါဒစာနှစ်စောင်စလုံးကို စီအီး ၉၈ ခန့်ကဧဖက်မြို့တွင် သို့မဟုတ်အနီး၌ ရေးသားခဲ့ပါသည်။ သို့သော် ယင်း၏သြဝါဒစကားများသည် ယေဟောဝါလူမျိုးကို အကျိုးပြုနိုင်ပါသည်။
ယောဟန်သြဝါဒစာ ဒုတိယစောင်သည် သမ္မာတရားကို အလေးအနက်ဖေါ်
ယောဟန်ဒုတိယစောင်သည် သမ္မာတရားနှင့်ချစ်ခြင်းမေတ္တာကို ဦးစွာအလေးအနက်ပေါ်လွင်စေသည်။ အန္တိခရစ်ကိုသတိပြုရန်လည်း မှာကြားသည်။ (အငယ် ၁-၇) ထိုစာစောင်ကို အမျိုးသမီးဖြစ်ကောင်းဖြစ်မည့် “မြတ်သောသခင်မ” ထံရေးသားခဲ့သည်။ သို့သော် အသင်းတော်ထံပို့ခဲ့ပါမူ သူမ၏ “သားသမီးများ” သည်ကောင်းကင်အသက်တာဝင်စားခြင်းငှာ ဘုရားသခင် “ရွေးချယ်” တော်မူသော ဝိညာဉ်တော်ဖွားခရစ်ယာန်များဖြစ်သည်။ (ရောမ ၈:၁၆၊ ၁၇။ ဖိလိပ္ပိ ၃:၁၂-၁၄) “သမ္မာတရား၌ကျင်လည်” ကြသည့်အတွက် အချို့တို့သည် ဖောက်ပြန်ခြင်းကို ငြင်းဆန်နေကြသောကြောင့် ယောဟန်ဝမ်းမြောက်ခဲ့သည်။ သို့နှင့်ပင် ယေရှုသည်လူဇာတိဖြင့်ကြွလာတော်မူသည်ကို ငြင်းပယ်သော “အန္တိခရစ်” ကိုသူတို့သတိပြုရကြမည်ဖြစ်သည်။ ဖောက်ပြန်ခြင်းနှင့်ဆိုင်သော ဤကဲ့သို့သတိပေးချက်များကို ယနေ့ယေဟောဝါသက်သေများ သတိပြုကြ၏။
ထို့နောက် ဖောက်ပြန်သူတို့နှင့် မည်သို့ဆက်ဆံရမည်အကြောင်း ယောဟန်သြဝါဒပေးသည်။ နိဂုံးတွင် သူ၏အလိုဆန္ဒကိုဖေါ်ပြပြီး နှုတ်ခွန်းဆက်သလိုက်သည်။ (အငယ် ၈-၁၃) စာစောင်ကိုရည်ညွှန်းရေးသားခံရသူများ ဘာသာပြောင်းဝင်လာသည်ထိ သူနှင့်အခြားသူတို့၏ ကြိုးစားဟောပြောခဲ့ခြင်းက အကျိုးဖြစ်ထွန်းစေခဲ့သည်။ ဝိညာဉ်ရေးအရ ကိုယ်ကိုယ်ကို ‘သတိပြုစောင့်ရှောက်’ ခြင်းအားဖြင့်သာလျှင် သစ္စာရှိဘိသိက်ခံသူများအတွက်ဖြစ်သော ကောင်းကင် “ဓမ္မသရဖူ” ပါဝင်ပုံရှိသည့် “စုံလင်သောအကျိုးကိုရမည်” ဖြစ်သည်။ (၂ တိမောသေ ၄:၇၊ ၈) ‘ခရစ်တော်၏ဒေသနာ၌မတည်သော မည်သူမဆို’ ရောက်လာလျှင် “သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့” မရောက်စေခြင်းငှာ ‘သူ့ကိုဘယ်သောအခါမျှ အိမ်ထဲလက်မခံ၊ မင်္ဂလာရှိစေသောဟု နှုတ်မဆက်သင့်’ ပါ။ ထိုယုံကြည်သူချင်းတို့ထံရောက်လာ၍ စကားပြောဆိုရမည်ကိုမျှော်လင့်သည်ဟုဆိုကာ ယောဟန်နှုတ်ဆက်လိုက်သည်။
ယောဟန်သြဝါဒစာ တတိယစောင်သည် ဝိုင်းဝန်းကူညီမှုကို ပေါ်လွင်စေ
ယောဟန် တတိယစောင်ကို ဂါယုထံရေးသားခဲ့သည်။ ယုံကြည်သူချင်းတို့အတွက် သူ၏အကျိုးဆောင်မှုများကို ဦးစွာဖေါ်ပြသည်။ (၃ယော အငယ် ၁-၈) ခရစ်ယာန်ဒေသနာတစ်ရပ်လုံးကို လိုက်နာခြင်းအားဖြင့် ဂါယုသည် “သမ္မာတရား၌ကျင်လည်” နေသည်။ လည်ပတ်ရောက်ရှိလာသော ညီအစ်ကိုများကိုကူညီပေးခြင်းအားဖြင့်လည်း သူသည် “သစ္စာနှင့်အညီပြု” မူနေသည်။ “ငါတို့သည် သမ္မာတရားကိုကူမသောသူဖြစ်အံ့သောငှာ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကိုပြုအပ်ကြ၏” ဟုယောဟန်ရေးသားခဲ့သည်။ ယနေ့ယေဟောဝါသက်သေများသည် နယ်လှည့်ကြီးကြပ်မှူးများကို ထပ်တူဧည့်ဝတ်ပြုကြပါသည်။
ဒယောတရပ်၏မကောင်းသောအကျင့်နှင့် ကွာခြားသောဒေမေတရိအကြောင်း ယောဟန်နိဂုံး၌တင်ပြသည်။ (အငယ် ၉-၁၄) အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ယောဟန်ကိုရိုသေမှုမပြ။ ညီအစ်ကိုများကို ဧည့်ဝတ်ပြုသော အသင်းတော်သားများကိုပင် အသင်းတော်ထဲကနှင်ထုတ်ရန်ကြိုးစားခဲ့သည်။ သို့သော် ဒေမေတရိမူကား ပုံသက်သေကောင်းတင်ပြသည်။ ဂါယုနှင့်ယောဟန်မကြာမီတွေ့ဆုံရန် မျှော်လင့်၏။ ဂါယုသည် ငြိမ်သက်ခြင်းရှိပါစေဟု နှုတ်ခွန်းဆက်စကားဖြင့် နိဂုံးချုပ်လေသည်။
[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
စက္ကူ၊ မှင်နှင့်မှင်တံဖြင့်။ “စက္ကူပေါ်၌မှင်နှင့်ရေးခြင်း” ထက် “မြတ်သောသခင်မ” နှင့်သူ၏ “သားသမီးများ” ထံသို့ယောဟန်ရောက်ရှိလိုသည်။ ဂါယုထံ “မှင်နှင့်မှင်တံ” ဖြင့်တမန်တော်ဆက်ရေးသားမည့်အစား မကြာမီသူနှင့်ပြန်တွေ့ဆုံရန် မျှော်လင့်သည်။ (၂ ယောဟန် ၁၊ ၁၂။ ၃ ယောဟန် ၁၊ ၁၃၊ ၁၄) “မှင်တံ” ဟုပြန်ဆိုသည့်ဂရိစကားလုံး (ကာလမော့စ်၊ ka’la·mos) သည် ကြိမ်သို့မဟုတ်ကျူတံကိုဆိုလို၍ “စာရေးကျူတံ” ဟုပြန်ဆိုနိုင်သည်။ ဂရိနှင့်ရောမလူမျိုးတို့၏ ကျူမှင်တံသည် ထိပ်ချွန်၍ နောင်ကာလ၌သုံးလေ့ရှိ ငှက်တောင်မှင်တံများကဲ့သို့ ခွဲလှီးထားသည်။ “မှင်” ဟုပြန်ဆိုသည့် ဂရိစကားလုံးမီလံ (me’lan) သည် “အနက်” အဓိပ္ပာယ်ရှိ မီလာစ် me’la) ၏နပုလ္လိင်စကားလုံးဖြစ်၏။ ရှေးအကျဆုံးမှင်တို့သည် ဆီ သို့မဟုတ် သစ်သားကို မီးရှို့ခြင်းမှရသောကျပ်ခိုး၊ သို့မဟုတ် သစ်ဝါး၊ သားရေမှရသောဖန်မီးသွေးပုံစံရှိ မည်းနက်သောဆေးမှုန့်ရည်ဖြစ်သည်။ အများအားဖြင့်ဆိုလျှင် မှင်တုံးပုံစံဖြင့်သိမ်းထားလေ့ရှိပြီး စာရေးသူက အရည်ဖျော်၍သူ၏ကျူတံဖြင့်တို့ရေးတတ်ကြသည်။ ထိုခေတ်က ပပိုင်းရတ်ပင်မှအမျှင်များကို ပါးလွှာသောစက္ကူချပ်များသို့ပြုလုပ်အသုံးပြုကြသည်။ ရှေးခရစ်ယာန်များသည် ဤကဲ့သို့သောစက္ကူပေါ် စာစောင်များ၊ ကျမ်းလိပ်များကိုရေးသားခဲ့သည်။