ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ မေ စာ. ၂၇-၂၉
  • ညီအစ်ကိုတွေကို ဂါယု ကူညီပေးပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ညီအစ်ကိုတွေကို ဂါယု ကူညီပေးပုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ချစ်ခင်ရတဲ့ မိတ်ဆွေထံ ပေးစာ
  • “ဘုရားသခင့်နာမည်အကြောင်း ဟောပြောဖို့ ခရီးသွား”
  • ခက်ခဲချိန်မှာ ကူညီပေးခြင်း
  • ကောင်းမွန်တာကို လုပ်ဆောင်ဖို့ အကောင်းဆုံး အကြောင်းပြချက်
  • ယောဟန် တတိယစောင်မှ သင်ခန်စာများ
  • သမ္မာတရား၌ကျင်လည်သော အမှုဆောင်ဖက်များဖြစ်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ၃ ယောဟန် မာတိကာ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ယောဟန်နှင့် ယုဒစာတို့မှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေဟောဝါအား အပြစ်မဆိုနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ မေ စာ. ၂၇-၂၉
တမန်တော် ယောဟန်ရဲ့ စာကို ဂါယု ဖတ်နေစဉ်

ညီအစ်ကိုတွေကို ဂါယု ကူညီပေးပုံ

ပထမရာစုနှောင်းပိုင်းမှာ ဂါယုနဲ့ တခြားခရစ်ယာန်တွေဟာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ကြရတယ်။ မှားယွင်းတဲ့အယူဝါဒ ဖြန့်သူတွေက အသင်းတော်တွေ အားနည်းသွားအောင်၊ စိတ်ဝမ်းကွဲအောင် လုပ်ကြတယ်။ (၁ ယော. ၂:၁၈၊ ၁၉။ ၂ ယော. ၇) ဒယောတရပ်ဆိုသူက တမန်တော် ယောဟန်နဲ့ တခြားသူတွေအကြောင်း “မလိုတမာစိတ်နဲ့” ပြောဆိုနေတယ်။ နယ်လှည့်ခရစ်ယာန်တွေကို ဧည့်ဝတ်မပြုချင်ဘူး။ သူ့လို လိုက်လုပ်ဖို့ တခြားသူတွေကိုလည်း သွေးဆောင်နေတယ်။ (၃ ယော. ၉၊ ၁၀) ဒါက ဂါယုဆီ ယောဟန် စာရေးတုန်းက အခြေအနေပဲ။ အေဒီ ၉၈ လောက်မှာ ရေးပို့တဲ့ တမန်တော်ရဲ့ စာဟာ ခရစ်ယာန် ဂရိကျမ်းစောင်မှာ “ယောဟန်တတိယစောင်” ပါပဲ။

အခက်အခဲတွေ ကြုံရပေမဲ့ ဂါယုဟာ ယေဟောဝါကို သစ္စာရှိရှိ ဆက်အမှုဆောင်ခဲ့တယ်။ သစ္စာရှိကြောင်း ဘယ်လို ပြခဲ့သလဲ။ ဂါယုရဲ့ ပုံသက်သေကို ဒီနေ့ ဘာကြောင့် တုပချင်ကြသလဲ။ ယောဟန်ရဲ့ စာက ဂါယုကို တုပဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

ချစ်ခင်ရတဲ့ မိတ်ဆွေထံ ပေးစာ

ယောဟန် တတိယစောင် ရေးသူက သူ့ကိုယ်သူ “အသက်ကြီးသူ” လို့ဆိုထားတယ်။ ဒါကြောင့် တမန်တော် ယောဟန်ပဲဆိုတာ သားလို ချစ်ရတဲ့ဂါယု သိလောက်ပါတယ်။ ယောဟန်က “မေတ္တာစစ်နဲ့ ချစ်ခင်ရတဲ့ ဂါယု” လို့ လှိုက်လှိုက်လှဲလှဲ ခေါ်ထားတယ်။ ပြီးတော့ ဂါယု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေလို့ ဆန္ဒပြုထားတယ်။ မွန်မြတ်တဲ့သဘောထား၊ နှစ်သက်ဖွယ် စကားပါပဲ။—၃ ယော. ၁၊ ၂၊ ၄။

ဂါယုဟာ အသင်းတော် ကြီးကြပ်မှူး ဖြစ်နိုင်ပေမဲ့ စာထဲမှာတော့ တိတိကျကျ မဖော်ပြထားဘူး။ မသိကျွမ်းတဲ့ ညီအစ်ကိုတွေကိုတောင် ဧည့်ဝတ်ပြုလို့ ဂါယုကို ယောဟန် ချီးမွမ်းခဲ့တယ်။ ဒါဟာ ဂါယုရဲ့ သစ္စာရှိမှုလို့ ယောဟန် သတ်မှတ်ခဲ့တယ်။ ဧည့်ဝတ်ကျေပွန်မှုဟာ ဘုရားသခင့် ကျေးကျွန်တွေရဲ့ အမှတ်အသား အမြဲဖြစ်လို့ပါပဲ။—က. ၁၈:၁-၈။ ၁ တိ. ၃:၂။ ၃ ယော. ၅။

ညီအစ်ကိုတွေအတွက် ဂါယုရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ချီးမွမ်းထားတဲ့ ယောဟန်ရဲ့ စကားတွေကို ကြည့်ခြင်းအားဖြင့် တမန်တော်ယောဟန် နေတဲ့နေရာနဲ့ အသင်းတော်တွေဆီ ခရစ်ယာန်တွေ မှန်မှန် သွားလာနေကြကြောင်း ဖော်ပြတယ်။ ဒီခရီးသွားတွေက ကြုံတွေ့ခဲ့တာတွေအကြောင်း ယောဟန်ကို ပြောပြကြတယ်။ ဒါကြောင့် ယောဟန်က အသင်းတော်တွေအကြောင်း ကြားသိရတာ ဖြစ်နိုင်တယ်။

နယ်လှည့်ခရစ်ယာန်တွေဟာ ယုံကြည်သူချင်းတွေဆီမှာပဲ တည်းခိုချင်ကြတယ်။ တည်းခိုခန်းတွေက ညံ့ဖျင်းတဲ့ ဝန်ဆောင်မှု၊ အကျင့်ပျက်မှုတွေကြောင့် နာမည်ပျက်နေတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ပညာရှိတဲ့ခရီးသွားတွေဟာ မိတ်ဆွေတွေဆီမှာ တည်းခိုချင်ကြတယ်။ နယ်လှည့်ခရစ်ယာန်တွေကလည်း ခရစ်ယာန်ချင်းတွေဆီမှာပဲ တည်းခိုချင်ကြတယ်။

“ဘုရားသခင့်နာမည်အကြောင်း ဟောပြောဖို့ ခရီးသွား”

ဧည့်ဝတ်ကျေပွန်ဖို့ ဂါယုကို ယောဟန် ဆက်အားပေးခဲ့တယ်။ “သူတို့ ခရီးဆက်တဲ့အခါ ဘုရားသခင် နှစ်သက်တဲ့အတိုင်း ကူညီပေး” ဖို့ တောင်းဆိုခဲ့တယ်။ ခရီးဆက်တဲ့အခါ ကူညီပေးဖို့ဆိုတာက ရှေ့ဆက်မယ့် ခရီးအတွက် ဧည့်သည်တွေကို ကူညီပေးခြင်း၊ ခရီးဆုံးတဲ့အထိ လိုအပ်သမျှ ဖြည့်ဆည်းပေးခြင်းကို ဆိုလိုတယ်။ အိမ်ရှင်တွေရဲ့ မေတ္တာ၊ ယုံကြည်ခြင်းအကြောင်း ယောဟန်ဆီ ပြောပြကြလို့ ဧည့်သည်တွေကို ဂါယု ဧည့်ဝတ်ပြု ကူညီပေးခဲ့ဖူးတာ ထင်ရှားပါတယ်။—၃ ယော. ၃၊ ၆။

ဧည့်သည်တွေဟာ သာသနာပြုတွေ၊ ယောဟန် စေလွှတ်လိုက်သူတွေ၊ နယ်လှည့်ကြီးကြပ်မှူးတွေ ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ပါစေ သူတို့တစ်တွေ သတင်းကောင်းအတွက် သွားလာနေကြတာပါ။ “သူတို့ဟာ . . . ဘုရားသခင့်နာမည်အကြောင်း ဟောပြောဖို့ ခရီးသွားနေသူတွေပါ” လို့ ယောဟန် ပြောခဲ့တယ်။ (၃ ယော. ၇) ဒါကြောင့် ခရစ်ယာန်အသင်းသား ညီအစ်ကိုတွေဟာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခံထိုက်ပါတယ်။ “အဲဒီလိုလူတွေကို ဧည့်ဝတ်ပြုရမယ့်တာဝန် ရှိတယ်။ ဒါမှ ကျွန်တော်တို့ဟာ အမှန်တရား ကြေညာတဲ့လုပ်ငန်းမှာ လုပ်ဖော်ဆောင်ဖက်တွေ ဖြစ်ကြမှာပေါ့” လို့ ယောဟန် ရေးခဲ့တယ်။—၃ ယော. ၈။

ခက်ခဲချိန်မှာ ကူညီပေးခြင်း

ကျေးဇူးတင်ကြောင်း  ပြောဖို့လောက်ပဲ  ဂါယုဆီ ယောဟန် စာရေးခဲ့တာ မဟုတ်ဘူး။ ကြီးလေးတဲ့ ပြဿနာတစ်ခုကိုလည်း ယောဟန် ကူညီဖြေရှင်းပေးချင်နေတယ်။ အကြောင်းတစ်ခုခုကြောင့် ဒယောတရပ်ဆိုတဲ့ ခရစ်ယာန်အသင်းသားတစ်ယောက်က နယ်လှည့်ခရစ်ယာန်တွေကို ဧည့်ဝတ်မပြုချင်ဘူး။ တခြားသူတွေ ဧည့်ဝတ်ပြုတာကိုလည်း တားဆီးနေတယ်။—၃ ယော. ၉၊ ၁၀။

သစ္စာရှိ ခရစ်ယာန်တွေဟာ ဖြစ်နိုင်မယ်ဆိုရင် ဒယောတရပ်ဆီမှာ မတည်းချင်ကြဘူး။ သူက အသင်းတော်ရဲ့ ထိပ်ဆုံးနေရာ ရချင်တယ်။ ယောဟန် ပြောသမျှကို တလေးတစားနဲ့ လက်မခံဘူး။ တမန်တော် ယောဟန်နဲ့ တခြားသူတွေအကြောင်း မလိုတမာစိတ်နဲ့ ပြောဆိုနေတယ်။ ဒယောတရပ်ကို ဆရာအတုအယောင်လို့ ယောဟန် တစ်ခါမှ မခေါ်ခဲ့ပေမဲ့ တမန်တော်ရဲ့ အခွင့်အာဏာကို ဆန့်ကျင်နေတယ်။ ဒယောတရပ်ရဲ့ ထင်ပေါ်ချင်တဲ့ဆန္ဒ၊ ခရစ်ယာန် မဆန်တဲ့သဘောထားက သူ့ရဲ့သစ္စာစောင့်သိမှုကို သံသယဝင်စရာ ဖြစ်စေခဲ့တယ်။ ရည်မှန်းချက်ကြီးသူတွေ၊ မာနထောင်လွှားသူတွေက အသင်းတော်မှာ စိတ်ဝမ်းကွဲပြားစေမယ်ဆိုတာ ဒယောတရပ်ရဲ့ အဖြစ်က ဖော်ပြတယ်။ ဒါကြောင့် “အဆိုးကို အတုမယူပါနဲ့” လို့ ဂါယုကို ယောဟန် ပြောခဲ့တဲ့စကားက ကျွန်တော်တို့ တစ်ယောက်ချင်းစီနဲ့လည်း သက်ဆိုင်တယ်။—၃ ယော. ၁၁။

ကောင်းမွန်တာကို လုပ်ဆောင်ဖို့ အကောင်းဆုံး အကြောင်းပြချက်

ဒယောတရပ်နဲ့ မတူဘဲ ဒေမေတရိလို့ခေါ်တဲ့ ခရစ်ယာန်တစ်ယောက်ကတော့ ပုံသက်သေကောင်းတယ်လို့ ယောဟန် ဖော်ပြခဲ့တယ်။ “ဒေမေတရိကတော့ . . . နာမည်ကောင်း ရတယ်။ . . . ကျွန်တော်တို့ကလည်း သူ့ကို ထောက်ခံပါတယ်။ ကျွန်တော်တို့ ထောက်ခံတာ မှန်ကန်မှန်း ခင်ဗျားသိပါတယ်” လို့ ယောဟန် ရေးခဲ့တယ်။ (၃ ယော. ၁၂) ဒေမေတရိဟာ ဂါယုရဲ့ အကူအညီ လိုအပ်နေနိုင်တယ်။ ယောဟန် တတိယစောင်က တမန်တော်ရဲ့ မိတ်ဆက်စာ၊ ထောက်ခံစာ ဖြစ်နိုင်တယ်။ ဒေမေတရိကိုယ်တိုင် ဒီစာကို ဂါယုဆီ ယူလာပေးတာ ဖြစ်နိုင်တယ်။ ယောဟန် စေလွှတ်လိုက်သူ၊ နယ်လှည့်ကြီးကြပ်မှူး တစ်ယောက်အနေနဲ့ ဒေမေတရိက ယောဟန် ရေးလိုက်တဲ့စာကို ပိုလေးနက်စေနိုင်တယ်။

ဧည့်ဝတ်ကျေပွန်ပြီးသား ဂါယုကို ဆက်ဧည့်ဝတ်ကျေပွန်ဖို့ ယောဟန် ဘာကြောင့် တိုက်တွန်းခဲ့သလဲ။ ဂါယုရဲ့ ရဲစွမ်းသတ္တိကို အားဖြည့်ပေးဖို့ လိုနေကြောင်း သိမြင်လို့လား။ အသင်းတော်တွေ ဧည့်ဝတ်တာကို ဒယောတရပ် တားဆီးနေတာကြောင့် ဂါယု တွန့်ဆုတ်သွားမှာ တမန်တော် ယောဟန် စိုးရိမ်လို့လား။ ဘာကြောင့်ပဲဖြစ်ပါစေ “ကောင်းမွန်တာကို လုပ်တဲ့သူဟာ ဘုရားသခင်ရဲ့ ဘက်တော်သားပဲ” လို့ ဂါယုကို ယောဟန် အားပေးခဲ့တယ်။ (၃ ယော. ၁၁) ဒါဟာ ကောင်းမွန်တာကို လုပ်ဖို့၊ ဆက်လုပ်နေဖို့ အကောင်းဆုံး အကြောင်းပြချက်ပါပဲ။

ယောဟန်ရဲ့ စာက ဂါယုကို ဆက်ဧည့်ဝတ်ကျေပွန်ဖို့ တွန်းအားဖြစ်စေခဲ့သလား။ ဖြစ်စေခဲ့ပုံရပါတယ်။ ယောဟန် တတိယစောင်ကို ကျမ်းစာမှာ ထည့်သွင်းထားပြီး “အကောင်းကို အတုယူ” ဖို့ တခြားသူတွေကို လက်ဆင့်ကမ်း အားပေးထားလို့ပါပဲ။

ယောဟန် တတိယစောင်မှ သင်ခန်စာများ

ချစ်ရတဲ့ ညီအစ်ကိုကြီး ဂါယုအကြောင်း နောက်ထပ် မသိရတော့ဘူး။ ဒါပေမဲ့ သူ့ဘဝအကြောင်း အနည်းငယ်ကနေ သင်ယူစရာများစွာ ရနိုင်ပါတယ်။

စုံတွဲတစ်တွဲကို မိသားစုတစ်ခု အစားအသောက်နဲ့ ဧည့်ဝတ်ပြုနေစဉ်

ဘယ်လိုနည်းတွေနဲ့ “ဧည့်ဝတ်ပြုတတ်တဲ့အကျင့် ရှိအောင် လုပ်” နိုင်သလဲ

ပထမ၊ ကျွန်တော်တို့အများစု အမှန်တရား သိအောင် လိုလိုလားလား ခရီးသွားလာပြီး ကူညီပေးတဲ့ သစ္စာရှိသူတွေအပေါ် ကျေးဇူးကြွေး တင်နေကြတယ်။ ဒီနေ့ ခရစ်ယာန် အသင်းတော်သားအားလုံးဟာ သတင်းကောင်းအတွက် ခရီးဝေးသွားလာနေသူတွေ မဟုတ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးစတဲ့ နယ်လှည့်သွားလာသူတွေကို ဂါယုလိုပဲ တစ်နည်းနည်းနဲ့ အားပေးထောက်မနိုင်တယ်။ ပြည်တွင်းပြည်ပရှိ ပိုလိုအပ်တဲ့ဒေသတွေမှာ ပြောင်းရွှေ့အမှုဆောင်နေတဲ့ ညီအစ်ကို/မတွေကို လက်တွေ့ကျ အကူအညီ ပေးနိုင်ပါတယ်။ “ဧည့်ဝတ်ပြုတတ်တဲ့အကျင့် ရှိအောင် လုပ်” ကြပါစို့။—ရော. ၁၂:၁၃။ ၁ တိ. ၅:၉၊ ၁၀။

ဒုတိယ၊ ဖြစ်တောင့်ဖြစ်ခဲအနေနဲ့ အသင်းတော်မှာ အခွင့်အာဏာ ဖီဆန်တာမျိုး ကြုံတွေ့ရရင် မအံ့ဩသင့်ပါဘူး။ အဲဒီလို အခြေအနေမျိုး ယောဟန်နဲ့ တမန်တော် ပေါလုတို့ ကြုံတွေ့ခဲ့ရတယ်။ (၂ ကော. ၁၀:၇-၁၂။ ၁၂:၁၁-၁၃) အသင်းတော်အတွင်းမှာ အလားတူအခြေအနေမျိုး ကြုံတွေ့လာရင် ဘယ်လို တုံ့ပြန်သင့်သလဲ။ “ဘုရားသခင်ရဲ့ ကျွန်ဟာ ခိုက်ရန်ဖြစ်စရာ မလိုဘူး။ လူအားလုံးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ သိမ်မွေ့တဲ့သူ၊ သွန်သင်နိုင်စွမ်းရှိသူ၊ သူတစ်ပါးရဲ့အမှားကို သည်းခံနိုင်သူ၊ သဘောချင်းမတူတဲ့သူကို နူးညံ့သိမ်မွေ့စွာ သွန်သင်ပေးသူ ဖြစ်ရမယ်” လို့ တိမောသေကို ပေါလု အကြံပေးခဲ့တယ်။ ဒေါသအဆွခံရတဲ့အခါမှာတောင် နူးညံ့သိမ်မွေ့မှု ဆက်ပြမယ်ဆိုရင် အပြစ်တင်ဝေဖန်သူတချို့ရဲ့ သဘောထား တဖြည်းဖြည်း ပြောင်းလဲလာနိုင်တယ်။ ဒီလိုနဲ့ “သူတို့ နောင်တရပြီး အမှန်တရားနဲ့ဆိုင်တဲ့ တိကျမှန်ကန်တဲ့ အသိပညာ သိရှိလာအောင် ဘုရားသခင် အခွင့်အရေးပေးတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။”—၂ တိ. ၂:၂၄၊ ၂၅။

တတိယ၊ ဆန့်ကျင်မှုတွေကြား ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်နေတဲ့ ခရစ်ယာန်ချင်းတွေကို အသိအမှတ်ပြုပြီး လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပေးသင့်ပါတယ်။ တမန်တော် ယောဟန်က ဂါယုကို အားပေးခဲ့တယ်။ မှန်ကန်ရာကို လုပ်ဆောင်နေကြောင်း စိတ်ချစေခဲ့တယ်။ အလားတူပဲ ဒီနေ့ခေတ် အကြီးအကဲတွေက ညီအစ်ကို/မတွေကို ‘မမောပန်း’ အောင် အားပေးခြင်းအားဖြင့် ယောဟန်ရဲ့ ပုံသက်သေကို တုပသင့်ပါတယ်။—ဟေရှာ. ၄၀:၃၁။ ၁ သက်. ၅:၁၁။

ဂါယုဆီ တမန်တော်ယောဟန် ရေးတဲ့၊ ဂရိစာလုံး ၂၁၉ လုံးပဲပါတဲ့ စာဟာ အတိုဆုံး ကျမ်းစာစောင်ပါ။ ဒါပေမဲ့ ဒီနေ့ခေတ် ခရစ်ယာန်တွေအတွက် အလွန်အဖိုးတန်လှပေတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ