ယေဟောဝါ၏ထူးခြားသောစီရင်ချက်ကို အဆက်မပြတ်သတိပေး
“ထာဝရဘုရားသခင် [ယေဟောဝါ၊ ] သည် . . . ပေရဇိမ်တောင်ပေါ်မှာပြုသကဲ့သို့ ထတော်မူမည်။ ဂိဗောင်ချိုင့်ထဲ မှာရှိသကဲ့သို့ အမျက်ထွက်တော်မူမည်။”—ဟေရှာယ ၂၈:၂၁။NW
၁၊ ၂။ ဒါဝိဒ်ခေတ်တွင် အဘယ်ထူးခြားသောအမှုကို လူမျိုးတော်အတွက် ယေဟောဝါစီရင်တော်မူသနည်း။
ထူး ခြားသောစီရင်ချက်အမှန်ဖြစ်သည်တကား။ အလွန်ထူးဆန်းလှပေသည်။ ဘီစီအီး ၁၁ ရာစုတွင် ရှေးဣသရေလလူမျိုးအကျိုးအလိုငှာ ထိုသို့ယေဟောဝါစီရင်တော်မူခဲ့ပေသည်။ ဤထူးခြားသောစီရင်ချက်သည် နီးကပ်လှသောအနာဂတ်တွင် ကိုယ်တော်ပြုတော်မူမည့် ထိုထက်ပင်ထူးခြားအံ့သြဖွယ်စီရင်ချက်၏ ပုံစံမျှဖြစ်ပေသည်။ ထိုရှေးကစီရင်ချက်မှာ အဘယ်နည်း။ ယေရုရှလင်မြို့တွင် ဒါဝိဒ်မင်းမြှောက်ခံရပြီးသည်နှင့် အိမ်နီးချင်းဖိလိတ္တိနိုင်ငံသည် လာရောက်တိုက်ခိုက်ခဲ့သည်။ ယင်းကား ယေဟောဝါထူးခြားစွာစီရင်လိုက်ရန် တွန်းပို့ပေးခဲ့သည်။ ဖိလိတ္တိလူမျိုးသည် ရေဖိမ်ချိုင့်၌ဝင်တိုက်ခိုက်ကြသည်။ မိမိဘာပြုလုပ်ရမည်နည်းဟု ယေဟောဝါအားဒါဝိဒ်မေးမြန်းခဲ့ရာ ခုခံတိုက်ခိုက်ရန် ညွှန်ကြားခံရသည်။ ယေဟောဝါ၏အမိန့်တော်ကိုနာခံကာ ဒါဝိဒ်သည် ခွန်အားကြီးသောဖိလိတ္တိစစ်တပ်ကို ဗာလပေရဇိမ်မြို့တွင် အနိုင်ယူဆုံးရှုံးစေခဲ့သည်။ သို့သော် ဖိလိတ္တိလူမျိုးသည် အရှုံးမပေး။ မကြာမီပင် ရေဖိမ်ချိုင့်သို့ပြန်လာ၍ တိုက်ခိုက်လုယက်ပြန်သည်။ ယေဟောဝါထံမှဒါဝိဒ်သည် အကူအညီတစ်ဖန်တောင်းဆိုခဲ့သည်။
၂ ဤတစ်ကြိမ်တွင် ဖိလိတ္တိတပ်၏နောက်ပိုင်းသို့ မိမိစစ်သည်များနှင့်သွားရန် အမိန့်ရခဲ့သည်။ ယေဟောဝါကဤသို့မိန့်တော်မူသည်။ “ပိုးစာပင်ဖျား၌ စစ်ချီသံကိုကြားသောအခါ တိုက်အံ့သောငှာ ချီလော့။ ထိုအခါ ဘုရားသခင်သည် ဖိလိတ္တိတပ်ကိုလုပ်ကြံခြင်းငှာ သင့်ရှေ့မှာကြွသွားမည်။” ထိုအတိုင်းပင်ဖြစ်ပျက်ခဲ့လေသည်။ လေပြင်းတိုက်စေခြင်းဖြစ်ကောင်းဖြစ်မည့် ပိုးစာပင်ဖျား၌ စစ်ချီသံကို ယေဟောဝါဖြစ်ပေါ်စေသည်တိုင် ဒါဝိဒ်စောင့်ဆိုင်းခဲ့၍ တစ်မုဟုတ်ချင်းတွင် ဒါဝိဒ်နှင့်သူ၏စစ်သည်များသည် ပုန်းကွယ်နေရာများမှထွက်ပြီး အာရုံလွင့်ပါးခဲ့သောဖိလိတ္တိလူတို့ကို တိုက်ခိုက်ခဲ့ရာ များစွာသတ်ဖြတ်ဖျက်ဆီးပစ်ခဲ့ပေသည်။ စစ်မြေပြင်ပေါ် ဖိလိတ္တိလူမျိုးတို့ချန်ရစ်သောဘာသာရေးရုပ်တုများကို သူတို့စုသိမ်းဖျက်ဆီးပစ်ခဲ့ကြသည်။—၂ ဓမ္မရာဇဝင် ၅:၁၇-၂၅။ ၁ ရာဇဝင်ချုပ် ၁၄:၈-၁၇။
၃။ ယေဟောဝါ၏ထူးခြားသောစီရင်ချက်သည် ဟေရှာယခေတ်ရှိဂျူးများအတွက် အဘယ်ကြောင့်စိတ်ဝင်စားဖွယ်ဖြစ်သနည်း။ ယနေ့ခရစ်ယာန်ဘောင်စိတ်ဝင်စားရာ အဘယ်ကြောင့်ဖြစ်သင့်သနည်း။
၃ ဤမည်ကား ထူးခြားသောလုပ်ငန်းဖြစ်ပေသည်။ ဖိလိတ္တိလူမျိုးတစ်ဖက် ကိုယ်တော်၏ဘိသိက်ခံဘုရင်အတွက် ယေဟောဝါ၏စီရင်ချက်ဖြစ်သည်။ ဤထူးခြားသောအမှုသည် အထူးစိတ်ဝင်စားဖွယ်ဖြစ်သည်။ အကြောင်းမှာ ယုဒပြည်ရှိဝိညာဏသောက်ကြူးသူများတစ်ဖက် ထပ်ထူထပ်မျှထူးခြားသည့်တန်ခိုးတော်ကို ယေဟောဝါပြတော်မူလိမ့်မည်အကြောင်း ပရောဖက်ဟေရှာယ သတိပေးခဲ့သည်။ သို့ဖြစ်၍ ဟေရှာယခေတ်ရှိ သစ္စာမဲ့ဘာသာရေးခေါင်းဆောင်များ သတိပြုစရာဖြစ်ခဲ့သည်။ မျက်မှောက်ခေတ်ခရစ်ယာန်ဘောင်လည်း သတိထားသင့်သည်။ အကြောင်းမူကား၊ ခရစ်ယာန်ဘောင်၏နောက်ဆုံးအဖြစ်ဆိုးကို ယုဒနိုင်ငံတွေ့ကြုံခဲ့သောအဖြစ်အပျက်က ပုံဆောင်ပြခဲ့သည်။
‘ခုတင်သည် တိုလွန်းကြောင်းထင်ရှား’
၄၊ ၅။ (က) မိမိခေတ်ရှိဘာသာရေးခေါင်းဆောင်များ၏ မနေသာမထိုင်သာအခြေအနေကို ဟေရှာယမည်သို့ကွင်းကွင်းကွက်ကွက်ဖေါ်ပြသနည်း။ (ခ) ယနေ့ခရစ်ယာန်ဘောင်၏မနေသာမထိုင်သာအဖြစ်ကား အဘယ်ကြောင့်နည်း။
၄ ထိုရှေးဝိညာဏသောက်ကြူးသူတို့ အားထားခဲ့သော နိုင်ငံရေးမိတ်သဟာယများသည် လှည့်ဖြားရာ၊ မုသာသက်သက်ဖြစ်ကြောင်း ဟေရှာယဦးစွာဖေါ်ထုတ်ပြခဲ့သည်။ ထိုနောက် ယင်းမုသာကိုမျှော်ကိုးသူများ၏ မနေသာမထိုင်သာအခြေအနေကို ဤသို့ကွင်းကွင်းကွက်ကွက်ဖေါ်ပြပေးသည်။ “ခုတင်သည် ကိုယ်မဆန့်လောက်အောင်တို၏။ စောင်သည်လည်း မခြုံလောက်အောင်ငယ်၏။” (ဟေရှာယ ၂၈:၂၀) တိုလွန်းသောခုတင်ပေါ် ကိုယ်ဆန့်လိုက်လျှင် မိမိခြေထောက်သည်ထွက်နေ၍အေးလာသည်ကို တွေ့ရှိရ၏။ တစ်ဖက်ကကြည့်ပြန်လျှင် ခုတင်တိုသဖြင့် ဒူးညွတ်လိုက်မည်ဆိုလျှင်လည်း စောင်သည်ကျဉ်းနေသဖြင့် ခန္ဓာကိုယ်မဖုံးနိုင်သည်ကို သတိပြုမိမည်။ သူမည်သို့ပင်ပြုစေကာမူ သူ့ကိုယ်တစ်ပိုင်းထွက်နေပေသည်။
၅ မုသာ၏ခိုလှုံရာကိုအားထားသူ ဟေရှာယခေတ်သားတို့သည် ပုံဆောင်စကားအားဖြင့် ထိုအခြေအနေမျိုးတွင် ရောက်ရှိနေကြသည်။ ခရစ်ယာန်ဘောင်၏မုသာ၌ခိုလှုံသူများလည်း ယနေ့ထပ်တူမနေသာမထိုင်သာအခြေအနေမျိုးတွင် ရောက်နေကြပါသည်။ ဤအချိန်အခါသည် ငြိမ်းချမ်းလုံခြုံမှုအတွက် လောကီအစီအစဉ်များ၌စိတ်ချနေရန် အချိန်မဟုတ်။ ဘုရားသခင်၏ကျရောက်လုသောတရားစီရင်ချက်၏ ရှေ့ပြေးအရိပ်နိမိတ်များအောက်တွင် နိုင်ငံရေးအုပ်ချုပ်သူများနှင့်မိတ်သဟာယဖွဲ့ခြင်းကား ခရစ်ယာန်ဘောင်အတွက် မည်သည့်သက်သာမှုမျှရရှိစေမည်မဟုတ်ပါ။
ယေဟောဝါ၏ထူးဆန်းသောအမှု
၆။ ယုဒနိုင်ငံတစ်ဖက် ယေဟောဝါမည်သို့စီရင်မည်ဖြစ်သနည်း။ ခရစ်ယာန်ဘောင်တစ်ဖက် ကိုယ်တော်မည်သို့စီရင်တော်မူမည်နည်း။
၆ မိမိခေတ်ရှိသစ္စာမဲ့ယေရုရှလင်နှင့် မျက်မှောက်ခေတ်သစ္စာမရှိသောခရစ်ယာန်ဘောင်၏ မနေသာမထိုင်သာအခြေအနေကို ကွင်းကွင်းကွက်ကွက်ဖေါ်ပြပြီးနောက် ဟေရှာယဤသို့ဆက်ပြောသည်။ “ထာဝရဘုရားသခင် [ယေဟောဝါ၊ NW ] သည်အမှုတော်တည်းဟူသော ထူးခြားသောအမှုတော်ကိုပြုခြင်းငှာလည်းကောင်း၊ အလုပ်တော်တည်းဟူသော လုပ်မြဲမဟုတ်သောအလုပ်တော်ကိုလက်စသတ်ခြင်းငှာလည်းကောင်း ပေရဇိမ်တောင်ပေါ်မှာပြုသကဲ့သို့ ထတော်မူမည်။ ဂိဗောင်ချိုင့်ထဲမှာရှိသကဲ့သို့ အမျက်ထွက်တော်မူမည်။” (ဟေရှာယ ၂၈:၂၁) မှန်သည်၊ မကြာမီပင် ဗာလပေရဇိမ်တွင် ကိုယ်တော်ထတော်မူသကဲ့သို့ ယေဟောဝါထ၍စီရင်တော်မူမည်။ သို့သော်ဤအကြိမ်တွင် ကိုယ်တော်၏သစ္စာမဲ့လူမျိုးတစ်ဖက်စီရင်တော်မူမည်။ ပြိုကျနေသောဆည်၌အက်ကြောင်းရှိရာမှ မတားဆီးနိုင်အောင် ရေလွှမ်းမိုးဘိသကဲ့သို့ ကိုယ်တော်စီရင်တော်မူမည်။ သေမင်းနှင့်ယေရုရှလင်ပြုထားသည့်ပဋိညာဉ်သည် အချည်းနှီးသက်သက်မျှဖြစ်ကြောင်း ထင်ရှားရမည်တည်း။ ထပ်တူနည်းအတိုင်းပင် ခရစ်ယာန်ဘောင်တစ်ဖက် များမကြာမီယေဟောဝါစီရင်တော်မူမည်။ ဤလောကနှင့် သူမဖွဲ့ဆိုထားသည့် အားရစရာသဘောတူညီချက်များအားလုံးတို့သည် အဓိပ္ပာယ်ကင်းမဲ့ကြောင်း တွေ့ရှိရလိမ့်မည်။ သူမ၏ကြီးမားသောအဖွဲ့အစည်းသည် ကျိုးပဲ့ပျက်စီးရလိမ့်မည်။ သူမကိုအားကိုးအားထားသူများ ကစဉ့်ကလျားဖြစ်ကုန်ကြမည်။ သူမ၏မှောက်မှားသောဘုရားတို့သည်လည်း လုံးလုံးမီးလောင်ကျွမ်းကုန်လိမ့်မည်။
၇။ ယုဒနိုင်ငံနှင့်ပတ်သက်၍ ယေဟောဝါ၏ရည်ရွယ်ချက်များသည် အဘယ်ကြောင့် “ထူးခြား” ၍ “အံ့ဖွယ်ရာ” ဖြစ်ရသနည်း။
၇ ယေရုရှလင်တစ်ဖက် ယေဟောဝါ၏စီရင်ခြင်းကို ထူးခြား၍အံ့သြဖွယ်အလုပ်ဟူ၍ ဟေရှာယအဘယ်ကြောင့်ခေါ်ရသနည်း။ ယေရုရှလင်သည် ယေဟောဝါ၏ဝတ်ပြုရေးဗဟိုဖြစ်ရုံမက ယေဟောဝါဘိသိက်ခံဘုရင်၏မြို့တော်လည်းဖြစ်သည်။ (ဆာလံ ၁၃၂:၁၁-၁၈) ယင်းအဖြစ် ထိုမြို့တော်သည် တစ်ခါမျှပျက်စီးခြင်းမရောက်ခဲ့ရပေ။ ဗိမာန်တော်သည်လည်း တစ်ခါမျှမီးမလောင်ကျွမ်းခဲ့ချေ။ ယေရုရှလင်မြို့တော်၌ ဒါဝိဒ်၏မင်းမျိုးမင်းဆက် စိုက်တည်ချိန်ကတည်းက တစ်ခါမှမှောက်လှန်ခြင်းမခံခဲ့ရဘူးပေ။ ဤသို့ဖြစ်နိုင်လိမ့်မည်ဟူ၍ စဉ်းစားစရာအကြောင်းလုံးဝမရှိခဲ့။ ဤသို့သောအမှုများကိုဖြစ်စေရန် ယေဟောဝါခွင့်ပြုတော်မူမည်ဟု ယူမှတ်နိုင်စရာအကြောင်းလုံးလုံးမရှိပါ။
၈။ ယေဟောဝါသည် မိမိ၏လာလတံ့သော ထူးခြားသည့်စီရင်ချက်အကြောင်း မည်သို့သတိပေးခဲ့သနည်း။
၈ သို့သော် ထိတ်လန့်ဖွယ်အမှုများဖြစ်ပျက်လုပြီဟု ပရောဖက်များမှတစ်ဆင့် ယေဟောဝါကြိုတင်သတိပေးတော်မူသည်။ (မိက္ခာ ၃:၉-၁၂) ဥပမာ၊ ဘီစီအီး ခုနစ်ရာစုတွင်အသက်ရှင်ခဲ့သော ပရောဖက်ဟဗက္ကုတ် ဤသို့ဆိုခဲ့သည်။ “သစ္စာပျက်သောသူတို့၊ ကြည့်ရှုဆင်ခြင်၍ အလွန်မှိုင်တွေကြလော့။ အကြောင်းမူကား၊ သင်တို့အားသူတစ်ပါးပြညွှန်သော်လည်း သင်တို့မယုံသောအမှုကို သင်တို့လက်ထက်ကာလ၌ငါပြု၏။ ပြင်းထန်လျင်မြန်သောခါလဒဲအမျိုးကို ငါနှိုးဆော်၏။ ကိုယ်မပိုင်သောနေရာအရပ်တို့ကို သိမ်းယူခြင်းငှာ မြေတစ်ပြင်လုံး၌ချီသွားကြလိမ့်မည်။ အလွန်ကြောက်မက်ဖွယ်သောသူဖြစ်၍ ကိုယ်အလိုအလျောက်တရားစီရင်ဆုံးဖြတ်ကြ၏။”—ဟဗက္ကုတ် ၁:၅-၇။
၉။ ယေရုရှလင်တစ်ဖက်ကိုယ်တော်၏သတိပေးချက်အတိုင်း ယေဟောဝါမည်သို့ဆောင်ရွက်တော်မူခဲ့သနည်း။
၉ ဘီစီအီး ၆၀၇ ခုနှစ်တွင် သတိပေးချက်အတိုင်း ယေဟောဝါပြုမူစီရင်တော်မူသည်။ ယေရုရှလင်တစ်ဖက် ဗာဗုလုန်တပ်မဟာကိုတိုက်ခိုက်ရန် ခွင့်ပြုတော်မူပြီးနောက် မြို့တော်နှင့်ဗိမာန်တော်ကိုပါဖျက်ဆီးပစ်စေတော်မူသည်။ (မြည်တမ်းခြင်း ၂:၇-၉) ၄င်းပြင် ယေရုရှလင်အား ဒုတိယအကြိမ်ပျက်စီးစေတော်မူခဲ့သည်။ အဘယ်ကြောင့်နည်း။ နှစ်ပေါင်း ၇၀ ပြည်နှင်ခံရပြီးနောက် နောင်တရသောဂျူးတို့သည် မိမိအရပ်ဒေသသို့ပြန်လာ၍ နောက်ဆုံးတွင်ယေရုရှလင်၌ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ခဲ့ကြသည်။ သို့သော် ဂျူးတို့သည် ယေဟောဝါထံတော်မှ တစ်ဖန်ပြန်သွေဖည်လမ်းလွဲကြသည်။ စီအီးပထမရာစုတွင် မိမိခေတ်သားဂျူးတို့အား ဟဗက္ကုတ်၏စကားများကို ပေါလုကိုးကား၍ ထိုပရောဖက်ပြုချက်သည် နောင်တစ်ကြိမ်ပြည့်စုံရဦးမည်အကြောင်း သတိပေးခဲ့သည်။ (တမန်တော် ၁၃:၄၀၊ ၄၁) ယေရုရှလင်နှင့်၄င်း၏ဗိမာန်တော်သည် ယုံကြည်ခြင်းကင်းမဲ့သောဂျူးတို့ကြောင့် ပျက်စီးရမည်ဟု ယေရှုကိုယ်တော်တိုင်အတိအလင်းသတိပေးတော်မူသည်။ (မဿဲ ၂၃:၃၇–၂၄:၂) ထိုပထမရာစုဂျူးတို့သည် သတိထားကြပါသလော။ မထားကြချေ။ သူတို့ဘိုးဘေးများနည်းတူ ယေဟောဝါ၏သတိပေးချက်ကိုလုံးလုံးငြင်းပယ်ကြသည်။ သို့ဖြစ်သောကြောင့် ကိုယ်တော်၏ထူးဆန်းသောအမှုကို ယေဟောဝါထပ်မံပြုတော်မူသည်။ စီအီး ၇၀ ခုနှစ်တွင် ယေရုရှလင်နှင့်ယင်းရှိဗိမာန်တော်သည် ရောမဗိုလ်ခြေများလက်ချက်ဖြင့် ပျက်စီးခဲ့ရလေသည်။
၁၀။ မကြာမီ ခရစ်ယာန်ဘောင်တစ်ဖက် ယေဟောဝါမည်သို့စီရင်မည်နည်း။
၁၀ ထိုကြောင့် ကျွန်ုပ်တို့ခေတ်တွင်လည်း ထပ်တူအမှုမျိုးကို ယေဟောဝါပြုတော်မူမည်မဟုတ်ဟု အဘယ်ကြောင့်ထင်မှတ်နိုင်သနည်း။ အမှန်မှာ၊ မယုံသင်္ကာဖြစ်သူများက ထူးခြား၍အံ့ဖွယ်ရာပင်ဟုယူမှတ်ဦးတော့ မိမိရည်ရွယ်တော်မူချက်ကို ကိုယ်တော်ဆောင်ရွက်တော်မူမည်။ ဤတစ်ကြိမ်တွင် သူ၏စီရင်ချက်ကို ခရစ်ယာန်ဘောင်ခံရလိမ့်မည်။ ယင်းသည် ရှေးယုဒနိုင်ငံနည်းတူ ဘုရားကိုကိုးကွယ်ပါသည်ဟုဆိုလျက်ပင် အဖတ်ဆယ်မရနိုင်သည့်တိုင် ပျက်စီးယိုယွင်းနေပေသည်။ သာ၍ကြီးမြတ်တော်မူသောဒါဝိဒ်တည်းဟူသော ယေရှုခရစ်အားဖြင့် ခရစ်ယာန်ဘောင်၏ “ဖိလိတ္တိသားများ” တစ်ဖက် သူတို့မထင်မမှတ်သောအချိန်တွင် ယေဟောဝါစီရင်တော်မူမည်။ ခရစ်ယာန်ဘောင်၏ဘာသာရေးစနစ်များ မကြွင်းမကျန်သည်တိုင်အောင် ကိုယ်တော်၏ထူးခြားသောအမှုကိုပြုတော်မူမည်။—မဿဲ ၁၃:၃၆-၄၃။ ၂ သက်သာလောနိတ် ၁:၆-၁၀။
ယေဟောဝါ၏စီရင်ချက်အကြောင်း သတိပေးခြင်း
၁၁၊ ၁၂။ ယေဟောဝါ၏လာလတံ့သော တရားစီရင်ချက်များအကြောင်း ယေဟောဝါသက်သေများ မည်သို့သတိပေးခဲ့သနည်း။
၁၁ ယေဟောဝါပြုတော်မူမည့် ကျရောက်လုဆဲစီရင်ချက်အကြောင်းကို ယေဟောဝါသက်သေများသည် နှစ်ပေါင်းများစွာသတိပေးခဲ့ပေပြီ။ ဘီစီအီး ၆၀၇ နှင့်စီအီး ၇၀ ခုနှစ်တွင် ယေရုရှလင်နှင့်၄င်း၏ဗိမာန်တော်ပျက်စီးခဲ့ခြင်းသည် ခရစ်ယာန်ဘောင်အပေါ် သင့်မည့်ဘေးများအကြောင်း ပရောဖက်ပြုသတိပေးချက်များဖြစ်သည်ဟု သူတို့ညွှန်ပြခဲ့ကြပြီ။ ထို့ပြင် ခရစ်ယာန်ဘောင်သည် ယင်း၏ဖောက်ပြန်မှုကြောင့် မှောက်မှားသောဘာသာ၏ကမ္ဘာ့အင်ပိုင်ယာ မဟာဗာဗုလုန်အဝင်ဖြစ်နေကြောင်း သက်သေထူခဲ့ပေပြီ။ ယင်းကြောင့် စာတန်၏စုပေါင်းအဖွဲ့ကြီးတွင် သူမသည်အပြစ်အကြီးလေးဆုံးဖြစ်သဖြင့် မဟာဗာဗုလုန်အပေါ်သင့်မည့် ဘုရားသခင်၏စီရင်ချက်များသည် အထူးသဖြင့်ခရစ်ယာန်ဘောင်အပေါ်ကျရောက်ရလိမ့်မည်။—ဗျာဒိတ် ၁၉:၁-၃။
၁၂ ယေဟောဝါ၏အခန့်သင့်အချိန်တွင် မဟာဗာဗုလုန်၏နိုင်ငံရေးကြာခိုသူများသည် သူမကိုပြန်ရန်မူလိမ့်မည်အကြောင်း ကျမ်းစာပရောဖက်ပြုချက်ကို ယေဟောဝါသက်သေများညွှန်ပြခဲ့ကြပြီ။ ယင်းတို့အား သားရဲနီ၏ချိုဆယ်ချောင်းအဖြစ်တင်စားပြီး ဗျာဒိတ်ကျမ်းက ဤသို့သတိပေးခဲ့သည်။ “ယခုမြင်သောချိုဆယ်ချောင်းနှင့်သားရဲသည် ပြည်တန်ဆာ [မဟာဗာဗုလုန်] ကိုမုန်း၍ သူ၏စည်းစိမ်ကိုဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကိုချွတ်၍ သူ၏အသားကိုကိုက်စားလိမ့်မည်။” (ဗျာဒိတ် ၁၇:၁၆) ဘာသာရေးဆိုင်ရာခရစ်ယာန်ဘောင်သည် မီးလောင်ကျွမ်းပြီး အခြားမှောက်မှားသောဘာသာများနှင့်အတူ ဖျက်ဆီးခြင်းခံရလိမ့်မည်။ ယင်းကား ယေဟောဝါ၏ထူးခြားသောစီရင်ချက်၊ ကျွန်ုပ်တို့ခေတ်၌အံ့ဖွယ်အမှုဖြစ်ပေလိမ့်မည်။
၁၃။ ယနေ့ယေဟောဝါ၏သတိပေးချက်များကိုတုံ့ပြန်ပုံသည် ဟေရှာယကြုံတွေ့ခဲ့ရသောအဖြစ်နှင့် မည်သို့ထပ်တူထပ်မျှဖြစ်သနည်း။
၁၃ ဤလာလတံ့သောဘေးအကြောင်း ယေဟောဝါသက်သေများသတိပေးသောအခါ သူတို့အားပြက်ရယ်ပြုကဲ့ရဲ့သူများကိုတွေ့ကြုံတတ်ကြသည်။ ဤသို့ပြောပိုင်ကြရန် သူတို့ကိုယ်ကိုသူတို့ မည်သူများဖြစ်သည်ဟုယူမှတ်ကြသနည်းဟူ၍ လူအများဝေဖန်ကြသည်။ ခရစ်ယာန်ဘောင်၏အုတ်မြစ်သည် မြဲမြံခိုင်ခံ့ပုံရှိလှပေသည်။ သူမ၏အခြေအနေ သာ၍ပင်တိုးတက်နေသည်ဟု အချို့ယူမှတ်ကြသည်။ တစ်ချိန်ကသူမကိုဖိစီးသောအစိုးရများပင် လွတ်လပ်ခွင့်သာ၍ပေးပေပြီ။ အမှန်မှာ၊ ခရစ်ယာန်ဘောင်သည် ဟေရှာယ၏သြဝါဒကိုလိုက်နာသင့်သည်။ “သင်တို့၏နှောင်ကြိုးမြဲမည်ကိုစိုး၍ မသရော်ကြနှင့်။ မြေတစ်ပြင်လုံးကျွတ် ပြဌာန်းတော်မူခဲ့သော ကုန်ဆုံးခြင်းအကြောင်းကို ဗိုလ်ခြေတို့အရှင် ထာဝရဘုရားသခင့် [ယေဟောဝါ၊ NW ] ထံတော်မှငါကြားရ၏။”—ဟေရှာယ ၂၈:၂၂။ ၂ ပေတရု ၃:၃၊ ၄။
၁၄။ ခရစ်ယာန်ဘောင်၏နှောင်ကြိုးများသည် မည်သည့်နည်းဖြင့် သာ၍စည်းကြပ်၍ခိုင်မြဲလာမည်နည်း။
၁၄ အများစုအနေဖြင့် ခရစ်ယာန်ဘောင်သည် ဘုရင်နှင့်ကိုယ်တော်၏နိုင်ငံတော်ကို ရန်ဘက်ဆက်ပြုကြလိမ့်မည်။ (၂ သက်သာလောနိတ် ၂:၃၊ ၄၊ ၈) သို့ရာတွင် တစ်ချိန်တည်းတွင် သူမ၏နှောင်ကြိုးတို့သည် သာ၍စည်းကြပ်ပြီးခိုင်မြဲလာမည်။ တစ်နည်းအားဖြင့်ဆိုလျှင် သူမ၏ဖျက်ဆီးခြင်းဘေးသည် သာ၍သေချာလာပေမည်။ ဘီစီအီး ၆၀၇ တွင်ယေရုရှလင်နှင့်ဗိမာန်တော်ပျက်စီးရာအကြောင်းကို ယေဟောဝါစိတ်ဆုံးဖြတ်တော်မူသည်နည်းတူ ခရစ်ယာန်ဘောင်ကိုဖျက်ဆီးပစ်ရန် ပိုင်ပိုင်နိုင်နိုင်စိတ်ဆုံးဖြတ်ထားတော်မူပြီ။
“သူမအထဲမှထွက်လော့”
၁၅။ စိတ်နှလုံးမှန်ကန်သူများအတွက် လွတ်မြောက်ရာလမ်း မည်သို့ပွင့်လာမည်နည်း။
၁၅ ခရစ်ယာန်ဘောင်၏အဖြစ်ဆိုးကို မည်သူကပ်ကျော်နိုင်မည်နည်း။ ဣသရေလခေတ်က စိတ်နှလုံးမှန်ကန်သူတို့အား စစ်မှန်သောဝတ်ပြုရေးသို့လှည့်လာကြရန် သစ္စာရှိပရောဖက်တို့အား ယေဟောဝါစေလွှတ်တော်မူခဲ့သည်။ ယနေ့ကိုယ်တော်သည် ထပ်တူရည်ရွယ်ချက်အတွက် သက်သေခံများကိုပေါ်လာစေခဲ့ရာ ယခုသူတို့အရေအတွက်သည် သန်းများစွာကျော်နေပေပြီ။ သူတို့က ခရစ်ယာန်ဘောင်၏ဝိညာဏအသေအဖြစ်ကို ရဲရင့်စွာဖေါ်ထုတ်နေကြသည်။ သို့ပြုကြရာတွင် ဗျာဒိတ် အခန်းကြီး ၈ နှင့် ၉ ပါကောင်းကင်တမန်များတံပိုးမှုတ်သည့် ကပ်ဘေးသင့်မည့်ကြွေးကြော်ချက်တို့ကို အတိအလင်းပဲ့တင်ထပ်ကြသည်။ ထို့ပြင် ဗျာဒိတ် ၁၈:၄ ၌မှတ်တမ်းတင်သည့်အမှာစကားကို ဝီရိယရှိရှိကြေညာနေကြပါပြီ။ “ငါ၏လူမျိုးတို့ . . . သူ၏ဘေးဒဏ်များကိုခံခြင်းနှင့်ကင်းလွတ်အံ့သောငှာ သူ၏အထဲကထွက်ကြလော့။” ဤတွင်ဆိုထားသည့် “သူ” ကား မှောက်မှားသောကမ္ဘာ့ဘာသာရေးအင်ပိုင်ယာ၊ မဟာဗာဗုလုန်ဖြစ်ပြီး ခရစ်ယာန်ဘောင်ကား ယင်း၏အဓိကအဖွဲ့ဝင်ဖြစ်သည်။
၁၆။ မှောက်မှားသောဘာသာတရားမှ သန်းပေါင်းများစွာတို့သည် မည်သို့လွတ်မြောက်လာကြပြီနည်း။
၁၆ ၁၉၁၉ ခုနှစ်ကတည်းက အထူးသဖြင့် ၁၉၂၂ က၊ ထိုသြဝါဒကိုနာခံသည့်အနေနှင့် မဟာဗာဗုလုန်ကိုစွန့်သူ၊ နှိမ့်ချသူများဦးရေတိုးများလာနေသည်။ အစပထမတွင် ထောင်ချီ၍၊ နောင်တွင် အထောင်အသောင်းချီစစ်မှန်သောဝတ်ပြုရေးသို့လွတ်မြောက်ခဲ့ရာ ယခုမူကား အထူးသဖြင့်ခရစ်ယာန်ဘောင်နှင့်မှောက်မှားသောဘာသာတို့မှထွက်လာကြသူ သန်းပေါင်းများစွာရှိနေပါသည်။ (ဟေရှာယ ၂:၂-၄) ဤနည်းဖြင့်မဟာဗာဗုလုန်မှထွက်ကြမှသာလျှင် ယေဟောဝါ၏ထူးခြားသောစီရင်ချက် ကျရောက်ချိန်တန်လျှင် သူမ၏ဖျက်ဆီးခြင်းဖြစ်သည့် သူခံရမည့်ဘေးများကို သူတို့ရှောင်ကြဉ်နိုင်မည်အကြောင်းသိကြပါသည်။
၁၇၊ ၁၈။ လူမျိုးတော်အတွက် ယေဟောဝါသည် မည်သည့်နည်းဖြင့် မာနသရဖူနှင့်ဘုန်းအသရေပန်းဦးရစ်ဖြစ်လာသနည်း။
၁၇ စစ်မှန်သောဝတ်ပြုရေးဘက်ရပ်တည်သူတို့၏ ရွှင်လန်းအားရစရာအခြေအနေအကြောင်းကို ပရောဖက်ဟေရှာယဤသို့ဖေါ်ပြသည်။ “ထိုကာလ၌ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား [ယေဟောဝါ၊ NW ] သည်ကျန်ကြွင်းသောမိမိလူတို့၌ ဘုန်းရှိသောသရဖူ၊ အသရေတင့်တယ်သောဦးရစ်ဖြစ်တော်မူလိမ့်မည်။ တရားမှုကိုစီရင်သောသူတို့အား တရားစီရင်သောဉာဏ်ကိုလည်းကောင်း၊ ရန်သူမျိုးတံခါးတိုင်အောင် စစ်မှုကိုလှန်သောသူတို့အား ခွန်အားဗလကိုလည်းကောင်း ပေးတော်မူလိမ့်မည်။”—ဟေရှာယ ၂၈:၅၊ ၆။
၁၈ သမ္မာတရားကို သစ္စာတည်ကြည်ကြသောကြောင့် သစ္စာနှင့်သတိပညာရှိကျေးကျွန်အတန်းစားအဝင်တို့အတွက် ယေဟောဝါသည် မညှိုးနွမ်းနိုင်သောဘုန်းတန်ခိုးဦးရစ်သရဖူဖြစ်သည်။ အထူးသဖြင့် ၁၉၂၆ ခုနှစ်ကတည်းက ဤသို့ဖြစ်ပျက်နေပေပြီ။ ထိုနှစ်တွင် ဇန်နဝါရီ ၁ ရက်ထုတ်ကင်းမျှော်စင် က “မည်သူယေဟောဝါကိုဂုဏ်တင်ချီးမွမ်းမည်နည်း” ဟူသောခေါင်းစဉ်ပါ တက်ကြွလှုပ်ရှားဖွယ်ဆောင်းပါးက ယေဟောဝါ၏နာမတော်ဘုန်းထင်ရှားရန် အရေးကြီးကြောင်း အလေးအနက်ဖေါ်ပြပါသည်။ ထိုအချိန်ကတည်းက ဘိသိက်ခံခရစ်ယာန်များသည် တစ်ချိန်တစ်ခါနှင့်မျှမတူဘဲ နာမတော်မြတ်ကို ကမ္ဘာချီကြေညာနေကြပါသည်။ ၁၉၃၁ ခုနှစ်တွင် ယေဟောဝါသက်သေများဟူသည့်နာမည်ကိုလက်ခံခြင်းအားဖြင့် ယေဟောဝါနှင့်ဆက်စပ်ကြောင်း သာ၍ပင်ထင်ရှားလာသည်။ ထို့ပြင် ခရစ်ယာန်ဘောင်နှင့်မဟာဗာဗုလုန်အထဲမှ အခြားသိုးအဝင်လူအုပ်ကြီးလည်းထွက်လာပြီ။ ဤသူတို့လည်း ဘုရားသခင်၏နာမတော်ကိုခံယူထားကြပေပြီ။ ရလဒ်ကားအဘယ်နည်း။ ခေတ္တယာယီလွတ်လပ်သောတိုင်းပြည်တစ်ခုခုအစား နိုင်ငံနှင့်ကျွန်းပေါင်း ၂၁၂ နေရာရှိ လေးသန်းကျော်သောသူတို့အတွက် ယေဟောဝါကိုယ်တော်တိုင်သည် မာနသရဖူနှင့်ဘုန်းအသရေပန်းဦးရစ်ဖြစ်လာပေပြီ။ တစ်ဆူတည်းသောအသက်ရှင်တော်မူထသည့် ဘုရားမှန်၏နာမတော်ကိုခံယူခွင့်ရရှိခြင်းကား ဤသူတို့အတွက် ထူးမြတ်လှသောအခွင့်အရေးပါတကား။—ဗျာဒိတ် ၇:၃၊ ၄၊ ၉၊ ၁၀၊ ၁၅:၄။
“ယေဟောဝါ၏ဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်”
၁၉။ တရားမှုကိုစီရင်သောသူကား မည်သူနည်း။ ကိုယ်တော်အတွက် ယေဟောဝါသည် တရားစီရင်ခြင်းဉာဏ် မည်သို့ဖြစ်လာသနည်း။
၁၉ “တရားမှုကိုစီရင်သောသူ” ယေရှုအတွက် ယေဟောဝါသည် “တရားစီရင်ခြင်းဉာဏ်” သဖွယ်ဖြစ်လာပေပြီ။ ယေရှုမြေကြီးပေါ်သက်တော်ထင်ရှားစဉ် လောကီမိတ်သဟာယ၏ တက်ကြွလှုပ်ရှားသောစိတ်ဓာတ်၏လွှမ်းမိုးခြင်းကို ကိုယ်တော်ငြင်းပယ်ခဲ့သည်။ ယနေ့ယေဟောဝါ၏နန်းတင်ဘုရင်အနေနှင့် ကိုယ်တော်သည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသဖြင့် ဟန်ချက်ညီမျှတ၍ရှင်းလင်းပြတ်သားသောဆုံးဖြတ်ချက်များချရန် ညွှန်ကြားခံရသည်။ ယေရှုတွင် ဤပရောဖက်ပြုချက်ပြည့်စုံလေပြီ။ “ထာဝရဘုရား [ယေဟောဝါ၊ NW ] ၏ဝိညာဉ်တော်တည်းဟူသောဉာဏ်ပညာကိုပေးသောဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သောသတ္တိကိုပေးသောဝိညာဉ်၊ ထာဝရဘုရား [ယေဟောဝါ၊ NW ] ကိုသိ၍ကြောက်ရွံ့သောသဘောကိုပေးသောဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။” (ဟေရှာယ ၁၁:၂) မှန်ပါသည်။ ယေရှုအားဖြင့် ယေဟောဝါရှင်သည် “တရားစောင့်ခြင်းကိုမျဉ်းကြိုးအဖြစ်၊ ဖြောင့်မတ်ခြင်းကိုမှန်ထုပ်အဖြစ်ထား” တော်မူမည်။ (ဟေရှာယ ၂၈:၁၇) ဝိညာဏသောက်ကြူးသည့်ရန်သူများသည် ဖျက်ဆီးခြင်းဘေးဒဏ်ခံစဉ် ယေဟောဝါ၏သန့်ရှင်းသောနာမတော်မြတ်နှင့်စကြဝဠာအချုပ်အခြာအာဏာအတွက် တရားခြင်းနှင့်အညီဘုန်းထင်ရှားရမည်။
၂၀၊ ၂၁။ ဟေရှာယ ၂၈:၁-၂၂ ပါစကားများသည် သင်နှင့်မည်သို့သက်ဆိုင်သနည်း။
၂၀ ယင်းကြောင့် ဟေရှာယ အခန်းကြီး ၂၈ ပါဤပရောဖက်ပြုချက်သည် ယနေ့ကျွန်ုပ်တို့အတွက် ခန့်ညားသောအဓိပ္ပာယ်ရှိလှသည်တကား။ ခရစ်ယာန်ဘောင်၏သောက်ကြူးသူတို့ကိုဝေးဝေးရှောင်ကြဉ်ပြီး စစ်မှန်သောဝတ်ပြုရေးကိုဆုတ်ကိုင်ထားကြမည်ဆိုလျှင် ကိုယ်တော်၏ထူးခြားအံ့ဖွယ်ရာစီရင်ချက်ကို ယေဟောဝါပြုတော်မူသောအခါ ကျွန်ုပ်တို့အကာအကွယ်ရရှိကြမည်။ ယင်းကိုသိထားရ၍ဝမ်းသာအားရနိုင်လှသည်။ ဤအရာများဖြစ်ပျက်လာမည့်အခါ ဗိုလ်ခြေတို့အရှင်ယေဟောဝါသည် သစ္စာရှိလူမျိုးတော်အကျိုးအလိုငှာလည်းကောင်း၊ နာမတော်ထင်ရှားရေးအတွက်လည်းကောင်း ယေရှုခရစ်အားဖြင့်စီရင်တော်မူခဲ့ပြီအကြောင်း လူတိုင်းမသိမနေ သိရှိဝန်ခံရကြလိမ့်မည်။—ဆာလံ ၈၃:၁၇၊ ၁၈။
၂၁ ထိုကြောင့်စစ်မှန်သောခရစ်ယာန်အားလုံး ယေဟောဝါ၏ထူးခြားသောစီရင်ချက်အကြောင်း ရဲရင့်စွာဆက်သတိပေးနေကြစို့။ ကိုယ်တော်၏ထူးဆန်းသောလုပ်ငန်းတော်အကြောင်း ဇွဲလုံ့လနှင့်ကြားပြောကြစေ။ ယင်းသို့ပြုကြရာတွင် ကျွန်ုပ်တို့၏ခိုင်ခံ့မြဲမြံသောမျှော်လင့်ရာသည် နန်းထိုင်ဘုရင်လက်အောက်ရှိဘုရားသခင့်နိုင်ငံတော်၌တည်ရှိကြောင်း လူတို့အပေါင်းအားကြားသိကြပါစေ။ သူတို့၏ဇွဲလုံ့လ၊ စွဲမြဲခြင်းနှင့်သစ္စာသမာဓိအားဖြင့် ကျွန်ုပ်တို့အနန္တတန်ခိုးရှင်ဘုရားသခင် ယေဟောဝါ၏ထာဝရဘုန်းထင်ရှားခြင်းဖြစ်ပါစေတကား။—ဆာလံ ၁၄၆:၁၊ ၂၊ ၁၀။
သင်မှတ်မိသလော
▫ ခရစ်ယာန်ဘောင်သည် အဘယ်ကြောင့်မနေသာမထိုင်သာအခြေအနေတွင်ရှိနေသနည်း။
▫ ယေရုရှလင်အတွက် ယေဟောဝါမည်သို့ရည်ရွယ်တော်မူသနည်း။ ယင်းကားအဘယ်ကြောင့် “ထူးခြား” ၍ “အံ့ဖွယ်ရာ” ဖြစ်သနည်း။
▫ ခရစ်ယာန်ဘောင်နှင့်စပ်လျဉ်း၍ ယေဟောဝါသက်သေများ အဘယ်သတိပေးချက်ကိုကြေညာခဲ့ပြီနည်း။ သူတို့အဘယ်တုံ့ပြန်မှုကို ကြုံတွေ့ခဲ့ရပြီနည်း။
▫ ခရစ်ယာန်ဘောင်၏အဖြစ်ဆိုးကို လူတို့မည်သို့ကျော်လွှားနိုင်မည်နည်း။