ဖျားနာခြင်းနှင့်သေခြင်းကို တိုက်ဖျက်ခြင်း—အောင်မြင်ခဲ့ပြီလော
ဖျားနာခြင်း၊ သေခြင်း ရှိတော့မည်မဟုတ်ပါတကား။ လူအများအတွက်မူ ယင်းသည် ဆန္ဒအတွေးသက်သက်သာဖြစ်ပေမည်။ နောက်ဆုံးတော့၊ ဆရာဝန်လည်းဖြစ်၊ ဘက်တီးရီးယားဆိုင်ရာ ပရောဖက်ဆာလည်းဖြစ်သူ ဝိတ်ဒ်ဒဘလျူအော်လစ်ဗာ ရေးသကဲ့သို့ပင်ဖြစ်သည်။ “မှတ်တမ်းတင်ထားသော သမိုင်းဦးကပင် ရောဂါသည် လူသားတို့၏ကြမ္မာကိုစိုးမိုးခဲ့သည်။ . . . ကြီးကျယ်သောကပ်ဘေးများသည် ကြောက်မက်ဖွယ်နှုန်းဖြင့် လူသားများအပေါ် ရုတ်တရက်ကျရောက်ခဲ့သည်။ . . . ဖျားနာမှုသည် အမြဲပင်ခိုင်မာစွာဖြင့် တက်လှမ်းလျက်ရှိသည်။”
ပြောင်းလဲမှုကြီးဖြစ်ရန်နီးပြီဟု ယုံကြည်ရန် အကြောင်းရင်းများရှိပါသလော။ ဆေးသိပ္ပံသည်ဖျားနာမှုနှင့် သေခြင်းကိုယ်နှိုက်ကိုပင် ပယ်ရှင်းပစ်ရန်နီးပြီလော။
ဆရာဝန်များနှင့်သုတေသနပြုသူများသည် ရောဂါကိုတိုက်ဖျက်ရာ၌ အံ့ဖွယ်ကောင်းလောက်အောင် စွမ်းဆောင်ခဲ့သည်မှာ စောဒကတက်စရာမလိုချေ။ ၁၉ ရာစုအဆုံးပိုင်းတွင် ဝမ်းရောဂါကိုအောင်မြင်စွာကုသနိုင်ခြင်း သို့မဟုတ် ကြောက်မက်ဖွယ်ကျောက်ရောဂါကုဆေးများ ပေါ်လာသည့်အတွက် အသိဉာဏ်ရှိသူများတွင်ကျေးဇူးမတင်မည့်သူ ရှိပါမည်လော။ ထိုကျောက်ဆေးကို ၁၇၉၆ တွင်အဲဒွက်ဂျဲန်နာက ပိုအန္တရာယ်နည်းသော နွားကျောက်နာမှ ထုတ်လုပ်ခဲ့သည်။ ၁၈၀၁ တွင်၊ အမေရိကန်သမ္မတ သောမတ်စ်ဂျက်ဖစင်သည် ဂျဲန်နာထံစာရေးခဲ့စဉ်က အများ၏သဘောထားကို ဖော်ပြခဲ့သည်။ “သင်အသက်ရှင်ခဲ့သည်ကို မည်သူမျှမေ့နိုင်မည်မဟုတ်ချေ။ အနာဂတ်လူမျိုးဆက်အနေနှင့် ရွံရှာဖွယ်ကျောက်ရောဂါသည် ရှိခဲ့ကြောင်းသမိုင်းအားဖြင့်သာ သိကြမည်။”
ထို့ပြင်၊ ဆုံဆို့နာနှင့်သွက်ချာပါဒ ရောဂါမျိုးကဲ့သို့သော ရောဂါများနှင့်စပ်လျဉ်း၍ ဆေးသုတေသနအောင်မြင်မှုများကိုလည်း ကျေးဇူးတင်လျက် ချီးမွမ်းထိုက်သည်။ မကြာသေးမီကတိုးတက်လာသော နှလုံးရောဂါနှင့်ကင်ဆာကုသခြင်းအတွက်လည်း လူအများချီးမွမ်းကြသည်။ သို့ပင်ငြားလည်း၊ နှလုံးရောဂါနှင့်ကင်ဆာမှ လူများသေနေရတုံးပင်ဖြစ်သည်။ ရောဂါနှင့်ဖျားနာမှုအားလုံး ကို ဖယ်ရှားရန်ပန်းတိုင်သည် ရှောင်ဖယ်နေကြောင်း ပြသခဲ့လေသည်။
ရောဂါ “သစ်” များ
ကိုယ်တွင်းလေ့လာကြည့်ရှုခြင်းနှင့်၊ ကိုယ်အင်္ဂါများပြန်လည်တည်ဆောက်ခြင်းဆိုင်ရာ ခွဲစိတ်မှုများမြင်တွေ့ရသော ယနေ့ခေတ်သည် ဘက်တီးရီးယားအဆုတ်ရောင်ရမ်းရောဂါ၊ အဆိပ်တက်လက္ခဏာစုနှင့်ကျော်ကြားသော အေအိုင်ဒီအက်စ်ကဲ့သို့သောရောဂါ “သစ်” များပေါက်ဖွားလာသည်ကိုလည်း မြင်ခဲ့ရကြသည်။
ဤရောဂါများသည် မည်မျှသစ်ဆန်းသနည်းဟုမေးနိုင်သည်။ U.S.News & World Report စာစောင်ကအချို့ကိစ္စများတွင် ကြာမြင့်စွာကပင်ရှိနေသော ရောဂါများသည် မကြာသေးမီကပင် ပို၍တိကျစွာစိစစ်မှတ်သားနိုင်ပြီး၊ အမည်သစ်များပေးနိုင်ခဲ့သည်ဟု မှတ်ချက်ချထားသည်။ ဥပမာ၊ ဘက်တီးရီးယားအဆုတ်ရောင်ရမ်းရောဂါကို ၁၉၇၆ တွင်ဖော်ထုတ်နိုင်ခဲ့သော်လည်း ယင်းကိုဗိုင်းရတ်အဆုတ်ရောင်ရမ်းရောဂါဟု မှားယွင်းစွာသတ်မှတ်ခဲ့ကြသည်။ အလားတူပင်၊ အဆိပ်တက်လက္ခဏာစုကို ယခင်ကနီမြန်းအဖျားရောဂါဖြင့် မှားယွင်းနိုင်ခဲ့သည်။
သို့ပင်ငြားလည်းရောဂါအများသည် သစ်ဆန်းပုံရသည်။ ယင်းတို့တွင် အေအိုင်ဒီအက်စ်သည် အများသိဖြစ်လေသည်။ ချိနဲ့၍သေနိုင်သောရောဂါကိုဦးဆုံး ၁၉၈၁ တွင်ထုတ်ဖော်နိုင်ခဲ့ပြီး၊ အမည်ပေးခဲ့သည်။ အခြားလူသိနည်းသောရောဂါ “သစ်” တစ်ခုမှာဘရာဇီးသွေးစို့နာဖြစ်သည်။ ၁၉၈၄ ခုတွင်ဘရာဇီး၌ယင်းကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ သေနိုင်နှုန်းသည် ၅၀ ရာနှုန်းရှိကြောင်းခန့်မှန်းကြသည်။
ကုထုံးမတွေ့နိုင်
ထို့ကြောင့်၊ လူသားတို့အတတ်နိုင်ဆုံးကြိုးပမ်းသော်လည်း၊ လူသားတို့၏ဖျားနာမှုကို လုံးဝနှင့်ထာဝစဉ်ပျောက်ကင်းသွားစေရန်အစအနပင်မတွေ့နိုင်သေးချေ။ ၁၉၀၀ ခုနှစ်မှစ၍ လူတို့၏ပျမ်းမျှသက်တမ်းသည် ၂၅ နှစ်ခန့်ပိုရှည်လာသည်မှာ မှန်ပါသည်။ သို့သော်ဤပြောင်းလဲခြင်းသည်အဓိက ငယ်ရွယ်စဉ်က သို့မဟုတ် ကလေးဘဝ၌ အသေအပျောက်နည်းစေသော ဆေးဘက်ဆိုင်ရာ အတတ်ပညာတို့ကြောင့်ဖြစ်သည်။ လူ့သက်တမ်းသည်အခြေခံအားဖြင့် ကျမ်းစာပြောသည့် “အနှစ်ခုနစ်ဆယ်” ဝန်းကျင်၌သာရှိနေလေသည်။—ဆာလံ ၉၀:၁၀။
ထို့ကြောင့်အင်နာဝီလျံသည် ၁၉၈၇ ခုနှစ်၊ ဒီဇင်္ဘာလတွင်အသက် ၁၁၄ နှစ်၌သေဆုံးသောအခါ သတင်းထူးဖြစ်ခဲ့သည်။ မစ္စဝီလျံသေဆုံးနှင့်စပ်လျဉ်း၍ ဆောင်းပါးရေးသူတစ်ဦးက “၁၁၅ နှစ်မှ ၁၂၀ နှစ်သည်လူ့သက်တမ်းရှည်ခြင်းအပိုင်းဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယူမှတ်ကြသည်။ သို့သော်အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်လူ့ခန္ဓာသည် ၇၀၊ ၈၀ သို့မဟုတ် ၁၁၅ နှစ်အထိပင်ရှင်ပြီးနောက် ပြီးဆုံးသွားရသနည်း” ဟုရေးသားခဲ့သည်။
၁၉၆၀ ပြည့်လွန်နှစ်များက ဆေးသိပ္ပံပညာရှင်များက လူသားတို့၏ဆဲလ်များသည် အကြိမ် ၅၀ လောက်သာခွဲခြမ်းနိုင်စွမ်းရှိပုံရကြောင်း တွေ့ရှိခဲ့ကြသည်။ ဤအကန့်အသတ်သို့ရောက်သောအခါ၊ ဆဲလ်များကို ရှင်သန်နေရန် ဘာမျှလုပ်နိုင်ပုံမရချေ။ လျောက်ပတ်သော အခြေအနေဖန်တီးပေးလျှင် လူ့ဆဲလ်သည် အကန့်အသတ်မရှိရှင်သန်နိုင်ကြောင်း စောစောပိုင်းက သိပ္ပံဆိုင်ရာအဆိုကို ဆန့်ကျင်သောသဘောဖြစ်လေသည်။
လူ့ဝေဒနာများတွင် လူလုပ်၍ဖြစ်ပေါ်လာသည်များလည်းရှိသည်။ သုတေသနပြုသူတစ်ဦး စဉ်းစဉ်းစားစားနှင့် ဖော်ပြထားသကဲ့သို့ပင်ဖြစ်သည်။ “ရောဂါများသည် ဆေးဆိုင်ရာကုထုံးများဖြင့်သာ မအောင်မြင်နိုင်ချေ။ ရောဂါသမိုင်းသည် လူမှုရေး၊ စာရိတ္တအကြောင်းရင်းများနှင့် အနီးကပ်ဆက်နွယ်လျက်ရှိသည်။”
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သုံးသပ်ထားသည်။ “ကျွန်ုပ်တို့သည် အစကတည်းက ရောဂါအကြောင်းရင်းကို ကာကွယ်မည့်အစား သိပ္ပံ၊ ဆရာဝန်များနှင့်ဆေးရုံများက ပျောက်စေမှာပဲဟုယုံကြည်လျက် ကိုယ့်ကိုယ်ကိုအနာသင့်စေခဲ့သည်။ ကျွန်ုပ်တို့သည် အသက်ကယ်သော ဆေးဘက်ဆိုင်ရာများ မရှိမဖြစ်လိုအပ်သည်မှာမှန်သည်။ သို့သော်ယင်းတို့သည် ကျွန်ုပ်တို့၏ ‘ကျန်းမာရေး’ ကိုထပ်ဆင့်ခြင်းမဟုတ်ကြောင်း သဘောပေါက်သင့်သည်။ ယင်းတို့သည်ကျွန်ုပ်တို့ကို သေရန်မှ တားဆီးပေးခြင်းဖြစ်သည်။ . . . ဆေးလိပ်သောက်သူနှင့်အရက်သမား၏ ကိုယ့်ကိုယ်ကိုအဖျက်တွန်းအား၊ အလုပ်လက်မဲ့၏စိတ်နှင့်ခန္ဓာအပေါ် ထိခိုက်မှုတို့သည် ‘ရောဂါသစ်များ’ အချို့ပင်ဖြစ်သည်။ အသက်များကိုသေကျေစေ၍ ကျွန်ုပ်တို့၏ငွေကြေးကို ကုန်ခန်းစေသော ‘ထိခိုက်မှုကြီး’ ကိုအဘယ်ကြောင့်ကျွန်ုပ်တို့ခွင့်ပြုရသနည်း။”
ထို့ကြောင့်ရောဂါ၊ ဖျားနာခြင်း၊ ဝေဒနာနှင့်သေခြင်းသည် ကျွန်ုပ်တို့နှင့်အတူရှိနေတုန်းပင်။ သို့သော်ဖျားနာခြင်းနှင့်သေခြင်းမရှိတော့မည့်အချိန်ကို ကျွန်ုပ်တို့စိတ်ချစွာဖြင့်စောင့်မျှော်ရန် အကြောင်းရင်းများရှိလေသည်။ အကောင်းဆုံးမှာ၊ ထိုအချိန်သည်လက်တစ်ကမ်းသာလိုတော့ကြောင်း ယုံကြည်ရန် ခိုင်လုံသောအကြောင်းရင်းများ ရှိနေခြင်းဖြစ်သည်။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]
“အဲဂုတ္တုပြည် [အီဂျစ်] ၏အနာဆိုး”များ
လူတို့သည်ရှေးကတည်းက ဖျားနာမှုကိုတိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းကို သမ္မာကျမ်းမှတ်တမ်းများကပင်တင်ပြသည်။ ဥပမာ၊ မောရှေသည် “ရှိသမျှ. . . အဲဂုတ္တုပြည်၏အနာဆိုး” ဟုစိတ်ဝင်စားဖွယ် ကိုးကားထားသည်။—တရားဟောရာ ၇:၁၅။
ယင်းတို့တွင်ဆင်ခြေထောက်၊ ဝမ်းကိုက်၊ ကျောက်ရောဂါ၊ ဘင်ထွက်ပလိပ်ရောဂါနှင့် မျက်စိနာများပါဝင်ပုံရသည်။ မောရှေ၏လူများသည် အဓိကပညတ်တရားအားဖြင့် သူတို့အပေါ်ချမှတ်ထားသော အဆင့်မြင့်ကျန်းမာရေးဆိုင်ရာလုပ်ရပ်များကြောင့် ထိုသို့သောဖျားနာမှုများမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
အီဂျစ်မံမီများကို အသေးစိတ်လေ့လာသောအခါအခြား “အဲဂုတ္တုအနာ” များကိုလည်း တွေ့ရှိခဲ့ရသည်။ ထိုအထဲတွင်၊ ရိုးဆက်ရောင်ရမ်းနာ၊ ကျောရိုးဆစ်ယိုယွင်းခြင်း၊ သွားနှင့်မေးရိုးရောဂါ၊ အူအတက်ရောင်ခြင်းနှင့်ဒူလာရောဂါများ ပါဝင်သည်။ အီဘာပေစာဟုသိကြသော စောစောပိုင်းလောကဆေးစာစောင်တစ်ခုက အကျိတ်၊ ဝမ်းနှင့်အသဲရောဂါ၊ ဆီးချို၊ နူနာ၊ မျက်ခွံအတွင်းသားရောင်ရမ်းနာနှင့်နားပင်းရောဂါကဲ့သို့သော ရောဂါများကိုပင် ဖော်ညွှန်းထားသည်။
ရှေးအီဂျစ်ဆရာဝန်များသည် ထိုရောဂါများကို တိုက်ဖျက်ရာ၌ သူတို့အတတ်နိုင်ဆုံးကြိုးပမ်းခဲ့၍ အချို့သည်သူတို့၏ဆေးဘက်ဆိုင်ရာတွင် အထူးကျွမ်းကျင်လာကြသည်။ ဂရိသမိုင်းပညာရှင်ဟေရုဒ်ဒိုတပ်စ်က “နိုင်ငံ [အီဂျစ်] တွင်ဆရာဝန်များနှင့်ပြည့်နေသည်။ တစ်ယောက်သည် မျက်စိရောဂါသာ၊ အခြားတစ်ယောက်သည်ဦးခေါင်း၊ သွား၊ ဝမ်းဗိုက် သို့မဟုတ် ကိုယ်တွင်းရောဂါမျာ:ကိုသာကုသသည်။” သို့သော်၊ အီဂျစ် “ဆေး” သည်ဘာသာရေးဆိုင်ရာ ပျောက်စေကုထုံးများဖြစ်ပြီး သိပ္ပံနည်းမကျချေ။
မျက်မှောက်ခေတ်ဆရာဝန်များသည် ရောဂါကိုတိုက်ဖျက်ရာ၌ ပိုမိုအောင်မြင်လာကြသည်။ သို့တိုင်၊ ဆေးဘက်ဆိုင်ရာသုတေသနပြုသူ ဂျက်စီဒေါ့ဘ်စင်က ဤသို့စဉ်းစားဖွယ်နိဂုံးချုပ်ထားသည်။ “လွန်ခဲ့သည့်ခေတ်များက ရောဂါများကိုလေ့လာခြင်းဖြင့် ဘာသိရှိခဲ့ရသနည်း။ အထောက်အထားများကိုလေ့လာခြင်းဖြင့် ရှေးယခင်ကရောဂါဝေဒနာများသည် လက်ရှိအချိန်နှင့်လွန်စွာကွာခြားမှုမရှိကြောင်း အများသဘောပိုက်ကြသည်။ လူနာများကိုသုတေသနပြုလုပ်သော ကျွမ်းကျင်မှုနှင့်ကြိုးပမ်းမှုအားလုံးသည် ရောဂါကိုအနည်းအကျဉ်းသာ ပပျောက်စေနိုင်ကြောင်းထင်ရှားသည်။”