ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၇/၁ စာ. ၃-၅
  • မြေကြီးမိခင်မှ မျိုးပွားဘုရားမများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြေကြီးမိခင်မှ မျိုးပွားဘုရားမများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗာဗုလုန်မူရင်းပုံစံ
  • မိခင်ဘုရားမဝတ်ပြုရေး ပျံ့နှံ့လာ
  • မယ်တော်ဘုရားမဝတ်ပြုမှုသည် ရှင်သန်နေဆဲလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • မာရိဟာ ဘုရားရဲ့ မယ်တော်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အစောပိုင်း ခရစ်ယာန်ဘာသာနှင့် ရောမနတ်ဘုရားများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၇/၁ စာ. ၃-၅

မြေကြီးမိခင်မှ မျိုးပွားဘုရားမများ

ဤ မဂ္ဂဇင်း၏မျက်နှာဖုံးပါ ဘုရားမပုံကိုသင်သိသလော။ ယင်းကား အီဂျစ်ပြည်၏မယ်တော်ဘုရားမ အိုင်စစ္စ Isis ဖြစ်သည်။ ပြတိုက်တစ်ခုခုသို့ရောက်ဖူးမည် သို့မဟုတ် ရှေးခေတ်သမိုင်းစာစောင်တစ်အုပ်အုပ်ကိုဖတ်ဖူးမည်ဆိုလျှင် ဤရုပ်တု သို့မဟုတ် ယင်းနှင့်ဆင်တူသောရုပ်ပုံကို သင်တွေ့ဖူးပေမည်။ သို့သော် ဘုရားမအိုင်စစ္စရှေ့သင်ပျပ်ဝပ်ပြီးကိုးကွယ်မည်လောဟု စဉ်းစားကြည့်ပါ။

သင်သည်ခရစ်ယာန်အသင်းဝင်တစ်ဦးဖြစ်နေမည်ဆိုလျှင် ယင်းသည်သင်နှင့်မအပ်စပ်သည့်မေးခွန်းပါဟုယူမှတ်ပေမည်။ “ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့၏အဘ” ဟုခေါ်ဝေါ်ခံရသော ဖန်ဆင်းရှင်ကိုကိုးကွယ်ပါသည်ဟု သင်တပ်အပ်ပြောပေမည်။ (မဿဲ ၆:၉) မယ်တော်ဘုရားမရှေ့ပျပ်ဝပ်ခြင်းသည် သင့်အတွက် ထူးဆန်းနေမည်သာမက မနှစ်မြို့စရာပင်ဖြစ်နေမည်။ မည်သို့ဆိုစေ ဘုရားမကိုးကွယ်မှုသည် သမိုင်းတစ်လျှောက် အနှံ့အပြားရှိခဲ့ဖူးပေပြီ။ ယနေ့ကြီးမြတ်တော်မူသောမယ်တော်ဘုရားမကို မည်သူတို့ကိုးကွယ်နေကြကြောင်းသိရုံဖြင့် သင်ထိတ်လန့်အံ့သြသွားမည်။

သို့ရာတွင် ၄င်းကိုမဆွေးနွေးမီ ရှေးခေတ်က မယ်တော်ဘုရားမကိုးကွယ်မှု မည်မျှကျယ်ပြန့်ခဲ့ကြောင်းကိုသုံးသပ်ခြင်းအားဖြင့် နောက်ခံအချက်အလက်အချို့ကိုရရှိရန်ကြိုးစားကြည့်စို့။ ဤကဲ့သို့သောဝတ်ပြုရေးသည် မှောက်မှားသောဘာသာ၏ ရှေးအစအဦးပိုင်းပုံစံဖြစ်ပုံရှိသည်။ ဥရောပတစ်လျှောက်၊ မြေထဲပင်လယ်မှစ၍ အိန္ဒိယနိုင်ငံအထိ ရှေးဟောင်းပစ္စည်းသုတေသီများသည် နေရာဒေသအမြောက်အမြားတွင် ဝတ်လစ်စလစ်မယ်တော်ဘုရားမရုပ်တု အမြောက်အမြားတူးဖေါ်ရရှိခဲ့ပေပြီ။

မြေကြီးမိခင်အား သက်ရှိအပေါင်း၏ဇာစ်မြစ်၊ အသက်ပေးပြီး သေခြင်း၌ ထိုအသက်ကိုကိုယ်တိုင်ပြန်သိမ်းယူသူအဖြစ် ယူမှတ်ထားကြသည်။ ယင်းကဲ့သို့သောသူအဖြစ် သူမအားကိုးကွယ်ကြပြီး တစ်ကြိမ်တည်းတွင်လည်း ကြောက်ရွံ့ကြသည်။ အစကနဦးတွင် သူမ၏မျိုးပွားစွမ်းရည်တို့သည် ဖိုမမရှိခဲ့ဟူ၍ ယူမှတ်ကြသည်။ ထိုနောက် ဒဏ္ဍာရီအရ သူမသည်ပုလ္လိင်ဖြစ်သော မိုးကောင်းကင်အဖကိုဖွားမြင်ခဲ့၍ သူမသည် ၄င်း၏ဇနီးဖြစ်လာလေသည်။ တစ်ဖန်ဤမောင်နှံစုံသည် မရေမတွက်နိုင်သော ဘုရားများ၊ ဘုရားမများကို ထပ်မံဖွားမြင်လေသည်။

ဗာဗုလုန်မူရင်းပုံစံ

ဗာဗုလုန်နတ်ပေါင်းစုတွင် အစ်ရှ်တာ Ishtar သည် အဓိကဘုရားမဖြစ်သည်။ ယင်းကား စူမီရီယန်မျိုးပွားဘုရားမ အင်နာနနှင့်တူသည်။ မဖြစ်နိုင်ပုံရှိသော်လည်း သူမသည်စစ်ဘုရားမဖြစ်ပြီး တစ်ကြိမ်တည်းတွင် မေတ္တာ၏ဘုရားမ၊ တဏှာကျူးပျော်မြူးသူဟုသတ်မှတ်ထားသည်။ Les Religions de Babylonie et d’Assyrie (ဗာဗုလုန်နှင့်အာရှုရိ၏ဘာသာရပ်များ) ဟူသည့် မိမိ၏စာအုပ်တွင် ပြင်သစ်ပညာရှင် ဒေါမ် (Dhorme) ကအစ်ရှ်တာအကြောင်း ဤသို့ဆိုသည်။ “သူမသည် ဆုပတ္ထနာကိုနားညောင်းပြီး အမျက်ကြီးသောနတ်ဘုရားများရှေ့ဝင်ကာ ဒေါသပြေငြိမ်းစေရန် ဖျန်ဖြေပေးသောဘုရားမ၊ မယ်တော်၊ ကရုဏာသက်သည့်မိခင်ဖြစ်သည်။ . . . နတ်ဘုရားတကာတို့ထက် သူမအားချီးမြှင့်ကြရာ ဘုရားမတကာတို့၏ဘုရားမ၊ နတ်ဘုရားအလုံးစုံ၏ဘုရင်မ၊ ကောင်းကင်မြေကြီးဘုရားများ၏အချုပ်အခြာဘုရင်မတည်း။”

အစ်ရှ်တာကိုကိုးကွယ်သူတို့က သူမအား “အပျိုကညာ”၊ “သန့်ရှင်းသောအပျိုကညာ”၊ နှင့် “အပျိုကညာမယ်တော်” ဟူ၍ခေါ်ဝေါ်ကြသည်။ ရှေးစူမီရိုအာကဲဒီယန်၏ “အစ်ရှ်တာထံ မြည်တမ်းခြင်းဆုပတ္ထနာ” ကဤသို့ဆိုသည်။ “ဂုဏ်ထူးဆောင်အမျိုးသမီးတကာတို့၏အမျိုးသမီး၊ ဘုရားမတကာတို့၏ဘုရားမ။ အိုအစ်ရှ်တာ၊ လူတကာ၏ဘုရင်မ။ . . . အာဏာစက်သရဖူကိုဆောင်းတော်မူသော မြင့်မြတ်သည့်တန်ခိုးအပေါင်းကို ပိုင်သသောအရှင်။ . . . ဝတ်ကျောင်းငယ်များ၊ သန့်ရှင်းရာနေရာ၊ မြင့်မြတ်ရာအရပ်နှင့်တန်ဆောင်းများပင် သခင်မအားနာခံ၏။ . . . သခင်မ၏ပုံတူများ မထွင်းမထုဘဲ ဘယ်မှာရှိသနည်း။ အိုအကျွန်ုပ်သခင်မ၊ အကျွန်ုပ်ကိုရှုစားတော်မူပါ။ အကျွန်ုပ်ဆုပန်ချက်တို့ကို နားညောင်းတော်မူပါ။”a

မိခင်ဘုရားမဝတ်ပြုရေး ပျံ့နှံ့လာ

အရှေ့တိုင်းယဉ်ကျေးမှုတတ်ကျွမ်းသူ အဲဒဝါဒ်ဒေါမ် (Dhorme) က “အစ်ရှ်တာဝတ်ပြုရေးတိုးချဲ့ခြင်း” အကြောင်းဖေါ်ပြသည်။ မက်ဆိုပိုတေးမီးယားတစ်လျှောက်ပျံ့နှံ့ခဲ့ရာ အစ်ရှ်တာကိုယ်တိုင်ကိုလည်းကောင်း၊ ထပ်တူဂုဏ်ရည်ရှိအမည်ကွဲသောဘုရားမများကို အီဂျစ်၊ ဖိုနီးရှား၊ ခါနာန်နှင့်အန်နတိုလီယာ (အာရှမိုင်းနား)၊ ဂရိ နှင့် အီတလီနိုင်ငံများတွင်ကိုးကွယ်ကြသည်။

အီဂျစ်တွင်ကိုးကွယ်သော အဓိကမယ်တော်ဘုရားမမှာ အိုင်စစ္စဖြစ်သည်။ သမိုင်းဆရာ H. G. Wells ဤသို့ရေးသားသည်။ “အိုင်စစ္စကိုကိုးကွယ်ဝတ်ပြုသူများစွာတို့သည် သူမအားအသက်ပေးရန်သစ္စာဝတ်ပြုကြသည်။ ကောင်းကင်ဘုရင်မအဖြစ်သရဖူဆောင်းပြီး သား Horus ကိုပွေ့ပိုက်၍ရပ်နေသည့် သူမ၏ရုပ်တုများ ဗိမာန်တော်၌ရှိသည်။ သူမရှေ့၌ဖယောင်းတိုင်မီးများတောက်ချီယိမ်းချီနှင့်၊ အဓိဌာန်အတိုင်းပြုသည့် ဖယောင်းရုပ်အလှူများ တန်ဆောင်း၌ချိတ်ဆွဲထားသည်ကိုလည်းကောင်း တွေ့ရှိရ၏။” (The Outline of History) အိုင်စစ္စကိုးကွယ်မှုကို အီဂျစ်နိုင်ငံသားများ အလွန်သဘောကျနှစ်သက်ကြသည်။ မြေထဲပင်လယ်အရပ်၊ အထူးသဖြင့် ဂရိနိုင်ငံနှင့်ရောမတိုင်းသို့လည်း ပျံ့နှံ့ခဲ့သည်။ အရှေ့နှင့်မြောက်ဥရောပအထိ ရောက်ရှိခဲ့သည်။

ဖိုနီးရှားနှင့်ခါနာန်တွင် မယ်တော်ဘုရားမကိုးကွယ်မှုသည် ဗာလ၏မိဖုရားဟုဆိုကြသည့် အဲရှ်တိုရဲသ် (Ashtoreth) သို့မဟုတ် အက်စ်တာ့ (Astarte) ကိုအာရုံပြုသည်။ သူမ၏ထပ်တူကျရာဗာဗုလုန်ဘုရားမအစ်ရှ်တာနည်းတူ သူမသည်မျိုးပွားခြင်းအပြင် စစ်မှုဘုရားမလည်းဖြစ်သည်။ အက်စ်တာ့အား ကောင်းကင်ဂုဏ်ထူးဆောင်အမျိုးသမီးနှင့် ကောင်းကင်ဘုရင်မဟုခေါ်ဝေါ်ထားသည့် ရှေးကမ္ပည်းကျောက်စာများကို အီဂျစ်ပြည်တွင်တွေ့ရှိခဲ့သည်။ ဤမျိုးပွားဘုရားမ၏ဝတ်ပြုရေးဩဇာအောက် မရောက်ရလေအောင် ဣသရေလလူမျိုးသည် အမြဲတိုက်လှန်နေရကြသည်။

အနောက်မြောက်ဘက်ရှိ အန်နတိုလီယာ (Anatolia) တွင် အစ်ရှ်တာ၏မျိုးတူဘုရားမအမည်မှာ စိုင်ဘီလီ (Cybele) ဖြစ်သည်။ သူ့အား ဘုရားများ၏ကြီးမြတ်သောမယ်တော်ဟုခေါ်ခဲ့သည်။ ခပ်သိမ်းကိုဖွားမြင်သူ၊ ခပ်သိမ်းကိုကျွေးမွေးပြုစုသူ၊ ကောင်းချီးခံရသူအပေါင်း၏မိခင်ဟူ၍လည်း ခေါ်ဆိုကြသည်။ အန်နတိုလီယာမှ စိုင်ဘီလီဂိုဏ်းသည် ဂရိနိုင်ငံ၊ ထိုနောက် ရောမနိုင်ငံထိပျံ့နှံ့ခဲ့ရာ ဤခေတ်သက္ကရာဇ်တိုင် ရှင်သန်ခဲ့ပါသည်။ ဤမျိုးပွားဘုရားမဝတ်ပြုရေးတွင် အပြင်းအထန်ကခုန်ခြင်း၊ ယဇ်ပုရောဟိတ်များက ကိုယ့်ကိုယ်ကိုအနာတရပြုခြင်း၊ ယဇ်ပုရောဟိတ်ဖြစ်လိုသူများလည်း ကိုယ့်ကိုယ်ကိုဝှေးသင်းပစ်ခြင်း နှင့်ဘုရားမ၏ရုပ်တုကို ထည်ဝါသောအခမ်းအနားဖြင့် လှည့်လည်သယ်ဆောင်ခြင်းတို့ပါဝင်သည်။b

ရှေးကျသောဂရိလူမျိုးတို့သည် ဂေအာ (Gaea) အမည်ရှိသော မြေကြီးမိခင်ကိုကိုးကွယ်ကြသည်။ သို့သော် သူတို့၏နတ်ဘုရားပေါင်းစုတွင် မျိုးပွားခြင်းနှင့်ခုံမင်ခြင်းဘုရားမ အက်ဖရိုဒိုက် (Aphrodite) စစ်မှုဘုရားမအသီနာ (Athena) စိုက်ပျိုးရေးဘုရားမ ဒီမီတာ (Demeta) အစရှိသည့် အစ်ရှ်တာ (Ishtar) ပုံစံဘုရားမများလည်းပါဝင်လာသည်။

ရောမနိုင်ငံတွင် ဗီးနပ်စ် (Venus) သည် ခုံမင်ခြင်းဘုရားမဖြစ်၍ ဂရိလူမျိုး၏ အက်ဖရိုဒိုက် (Aphrodite) ဗာဗုလုန်လူမျိုး၏အစ်ရှ်တာ (Ishtar) တို့နှင့်တူသည်။ သို့ရာတွင် ရောမလူမျိုးတို့သည် ဘုရားမအိုင်စစ္စ (Isis)၊ စိုင်ဘီလီ (Cybele) နှင့်မီနာဗာ (Minerva) (ဂရိလူမျိုး၏အသီနာ) တို့ကိုလည်းကိုးကွယ်သည်။ ယင်းတို့အားလုံးသည် ဗာဗုလုန်မူလပုံစံ အစ်ရှ်တာ (Ishtar) အသွင်ကို တစ်နည်းမဟုတ်တစ်နည်းအားဖြင့်ဆောင်ကြသည်။

ကြီးမြတ်တော်မူသောဖန်ဆင်းရှင်ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးကို မယ်တော်ဘုရားမဝတ်ပြုမှုသည် နှစ်ပေါင်းထောင်ချီ၍ ဩဇာကြီးစွာလွှမ်းမိုးခဲ့သော ယှဉ်ပြိုင်ဘက်ဖြစ်ကြောင်း အမှန်ထင်ရှားလှသည်။ ကြီးမြတ်သောမယ်တော်ဘုရားမဝတ်ပြုမှုသည် မှေးမှိန်ပြီး ပျောက်ကွယ်ခဲ့ပါသလော။ သို့မဟုတ် မျက်မှောက်ခေတ်တိုင်အောင် ရှင်သန်နေပါသလော။ ဆက်လက်ဖတ်ရှုကြည့်ပါ။

[အောက်ခြေမှတ်ချက်များ]

a ပရင်စတင်တက္ကသိုလ်ပုံနှိပ်တိုက်မှ ဂျိမ်း ပရီချာဒ်တည်းဖြတ်သည့် Ancient Near Eastern Texts, စာမျက်နှာ ၃၈၃-၄။

b အာရှမိုင်းနားတွင်ကိုးကွယ်သော အခြားမျိုးပွားဘုရားမမှာ ဧဖက်မြို့၏အာတေမိ (Artemis) ဖြစ်ရာ နောက်ဆက်တွဲဆောင်းပါးတွင် ၄င်းအကြောင်းသုံးသပ်မည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ကြယ်အသွင်ဆောင် ဗာဗုလုန်၏ အစ်ရှ်တာ

[Credit Line]

Courtesy of The British Museum

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

အီဂျစ်ပြည်၏ အိုင်စစ္စနှင့် ကလေးငယ်ဘုရား ဟိုရပ်စ်

[Credit Line]

Musée du Louvre, Paris

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ