ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၇/၁၅ စာ. ၅-၉
  • ကမ္ဘာသစ် တည်ထောင်လုနီးပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာသစ် တည်ထောင်လုနီးပြီ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာသစ်တည်ထောင်ရန် ကတိရှိ
  • ကမ္ဘာသစ်အလွန်နီးပြီ
  • လူသားမတတ်နိုင်သော ကောင်းချီးများ
  • အခြေခံလိုအပ်ရာများ ဖူလုံနေ
  • ထိုတွင် အသင်ရှိမည်လော
  • “ကပ်ကမ္ဘာကုန်” ခြင်း နီးပြီ!
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြပါသလား
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဤလောက ဆက်လက် တည်ရှိမည်လော
    ဤလောက ဆက်လက် တည်ရှိမည်လော
  • နောက်ဆုံးကာလ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၇/၁၅ စာ. ၅-၉

ကမ္ဘာသစ် တည်ထောင်လုနီးပြီ

ကို ယ်တိုင်ဖန်တီးသော ကမ္ဘာသစ်အစီအစဉ်အကြောင်း နိုင်ငံရေးသမားများ ကြွားလုံးထုတ်ခဲ့သည်မှာကြာမြင့်ပြီ။ လူလူချင်း၊ တိုင်းနိုင်ငံချင်း ဝိုင်းဝန်းကူညီမှုမရှိစေသည့် စိုးရိမ်စိတ်နှင့်အတားအဆီးဟူသ၍ကို ကမ္ဘာပေါ်မှပပျောက်စေမည်ဟု သူတို့ဆိုကြသည်။ သို့သော် ကမ္ဘာသစ်တစ်ခုတည်ထောင်ရန် လူတို့တတ်နိုင်ပါမည်လော။

ငြိမ်းချမ်းလုံခြုံသည့်ကမ္ဘာကိုတည်ထောင်ပေးရန် လူသားအတွက် ရာစုနှစ်ပေါင်းများစွာအချိန်ရရှိခဲ့ပေပြီ။ ဤကဲ့သို့ကြိုးပမ်းမှုမျိုးကို စိတ်ရင်းမှန်ဖြင့်ပြုမူသူ များစွာရှိခဲ့မည်မှန်သည်။ ဤရည်မှန်းချက်ဖြစ်မြောက်အောင်မြင်ရေးအတွက် လူတို့ကြံစည်ခဲ့သော အစိုးရဖွဲ့စည်းပုံ မည်သို့ရှိခဲ့စေကာမူ သမ္မာကျမ်းစာမှန်ကန်ပေပြီ။ “လူသည် သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။”—ယေရမိ ၁၀:၂၃။

ကမ္ဘာသစ်တည်ထောင်ရန် ကတိရှိ

သို့ဖြစ်လျက်ပင် ထိုမှုတ်သွင်းခံဘုရားသခင့်နှုတ်ကပါဌ်တော်က ကမ္ဘာသစ်တည်ထောင်မည့်အကြောင်း စိတ်ချစေသည်။ အစီအစဉ်စနစ်၏ဆုံးခန်းကို ကြိုတင်ဟောပြောပြီးနောက် ခရစ်ယာန်တမန်တော်ပေတရုက ဤသို့ကြွေးကြော်သည်။ “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီမျှော်လင့်ကြ၏။”—၂ ပေတရု ၃:၁၀-၁၃။

မည်သူ၏ကတိတော်နည်း။ “မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူသော” ယေဟောဝါကိုယ်တော်တိုင်ပေးသောကတိဖြစ်သည်။ (ဆာလံ ၈၃:၁၈) လူတို့မတတ်နိုင်ရာကို ကိုယ်တော်ဖြစ်မြောက်စေတော်မူမည်။ မှန်ပေသည်။ ကမ္ဘာသစ်ကို ယေဟောဝါဘုရားသခင် တည်ထောင်တော်မူမည်။ သို့သော် အဘယ်အခါနည်း။

ကမ္ဘာသစ်အလွန်နီးပြီ

ဘုရားသခင်ကတိထားရာကမ္ဘာသစ်သည် မြေကြီးတစ်ခွင်မတည်ထောင်မီ လက်ရှိ “ကမ္ဘာ” သို့မဟုတ် “အစီအစဉ်စနစ်” ဆုံးခန်းတိုင်ရမည်။ ယင်းအကြောင်း ယေရှုခရစ်၏တပည့်တော်များ ဤသို့မေးခဲ့သည်။ “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ။” (မဿဲ ၂၄:၃) ပိုမိုတိကျသော New World Translation တင်ပြသည်အတိုင်း ယေရှုတပည့်များက “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ရောက်ရှိနေ၍ ဤအစီအစဉ်ဆုံးခန်း၏ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ” ဟုမေးကြသည်။

ကောင်းကင်နိုင်ငံတော်တန်ခိုးခံယူသည့် နာမ်ဝိညာဉ်ပုဂ္ဂိုလ်အနေနှင့် မျက်မြင်မရနည်းဖြင့် ကိုယ်တော်ရောက်ရှိနေခြင်း၏ပုပ္ပနိမိတ်အဝင် လက္ခဏာများစွာကိုကြိုတင်ဟော၍ ယေရှုဖြေဆိုခဲ့သည်။ (၁ ပေတရု ၃:၁၈) ဥပမာအားဖြင့် ကိုယ်တော်က “လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်” ဟုဆိုသည်။ ၁၉၁၄ ခုနှစ်တွင် “ဒုက္ခဆင်းရဲခြင်း၏အစအဦး” ဖြစ်ကတည်းက မျက်မြင်မရနည်းဖြင့် ကိုယ်တော်ရောက်ရှိနေခြင်း၏ပုပ္ပနိမိတ်အဖြစ် စစ်မှု၊ အစာခေါင်းပါးခြင်း၊ မြေငလျင်ဘေးများကို ယေရှုရည်ညွှန်းခဲ့သော “ဤလူမျိုးဆက်” သည် အဆက်မပြတ်ကြုံတွေ့နေရကြသည်။—မဿဲ ၂၄:၇၊ ၈၊ ၃၄။

၁၉၁၄ ခုနှစ်ကတည်းက စစ်မှုသည် တစ်ချိန်တစ်ခါနှင့်မျှမတူအောင် ဖြစ်ပျက်နေပြီ။ ပထမကမ္ဘာစစ်အတွင်း ခန့်မှန်းချက်အရ လူပေါင်း ၁၄ သန်းအသက်စတေးခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်သည်နှင့်အရပ်သား ၅၅ သန်းသတ်ဖြတ်ခံခဲ့ရသည်။ ၁၉၁၄ ခုနှစ်ကတည်းက စစ်မှုကြောင့် အသက်စတေးခဲ့ရသူ သန်း ၁၀၀ ကျော်ရှိပေပြီ။ ယင်းက ယေရှုရောက်ရှိနေခြင်း၏ ပုပ္ပနိမိတ်အဝင်လက္ခဏာတစ်ရပ်အမှန်ဖြစ်သည်။

ကမ္ဘာ့စစ်ကြီးနှစ်ခုအနက် တစ်ခုစီပြီးတိုင်း ခရစ်တော်ကြိုတင်ဟောသည့် အစာခေါင်းပါးခြင်းသည် အပြည်ပြည်ကိုဖျက်ဆီးခဲ့သည်။ သိပ္ပံဘက်တိုးတက်နေလျက်ပင် ယနေ့ ကမ္ဘာ့လေးပုံတစ်ပုံခန့် ငတ်ပြတ်နေသည်။ နှစ်စဉ်ပင် အာဟာရချို့တဲ့မှုကြောင့် ကလေးနှင့်လူကြီး သန်းပေါင်းများစွာသေဆုံးနေကြသည်။ The World Book Encyclopedia ကဤသို့ဆိုသည်။ “အာဖရိက၊ အာရှနှင့်အမေရိကန်အလယ်ပိုင်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည် ပြည်သူလူထုကို လောက်ငစွာမကျွေးမွေးနိုင်ကြချေ။ ဤနိုင်ငံများရှိ သန်းပေါင်းများစွာတို့သည် ငတ်ပြတ်နေကြသည်။ အစာရေစာထုတ်လုပ်ရေးနှင့်သွင်းကုန်များသည် အကြောင်းတစ်ခုခုကြောင့် လျော့နည်းခဲ့သော် ငတ်မွတ်ခြင်းဘေးဆိုက်ကာ သန်းပေါင်းများစွာသေဆုံးရပေမည်။”

“နောက်ဆုံးကာလ” အတွင်းရောက်နေသူ ဤလူမျိုးဆက်သည် မြေငလျင်ဒဏ်ကို များစွာခံခဲ့ရပြီ။ (ဒံယေလ ၁၂:၄) ငလျင်ဒဏ်ခံရသူဦးရေခန့်မှန်းချက်တို့သည် ခြားနားပါသည်။ သို့သော် ၁၉၁၄ ခုနှစ်ကတည်းက မြေငလျင်ဘေးကြောင့်ပျက်စီးခြင်းသည် ကမ္ဘာတစ်ဝန်းတိုးများလာပြီ။ ယင်းကြောင့် အသက်သေဆုံးသူ သန်းပေါင်းများစွာရှိခဲ့ပေပြီ။ ယင်းတို့အနက် နှစ်ခုကိုသာဖေါ်ပြကာ ၁၉၈၉၊ အောက်တိုဘာ ၁၉ ရက်ထုတ် Yorkshire Post ကဤသို့ဆိုသည်။ “၁၉၂၀ ခုနှစ်တွင် တရုတ်ပြည်၊ ဂျီအန်စူနယ်၌ဖြစ်ပျက်ခဲ့သောမြေငလျင်ဘေးကြောင့် ၁၈၀,၀၀၀ သေဆုံးခဲ့သည်။ ၁၉၇၆ ခုနှစ်၊ ဇူလိုင် ၂၈ ရက်နေ့တွင် မျက်မှောက်ခေတ်သမိုင်းတွင် အဆိုးဆုံးမြေငလျင်ဘေးကို တရုတ်ပြည်ခံခဲ့ရရှာသည်။ အရှေ့မြောက်ပိုင်းရှိ တန်ရှမ်မြို့သည် အတိအကျမသတ်မှတ်ထားသည့် ရစ်ချ်တာစကေးပေါ်တွင် ၇.၈ ပြသည့်ငလျင်ကြောင့် လုံးလုံးပျက်စီးလုမတတ်ဖြစ်ခဲ့စဉ်က အနည်းဆုံး ၂၄၀,၀၀၀ သေဆုံးခဲ့သည်။” ၂၀ ရာစုအတွင်း ပြင်းထန်သောအခြားမြေငလျင် ၃၀ ကျော်ကိုသတင်းစာကစာရင်းတင်ပြပါသည်။

မျက်မြင်မရနည်းဖြင့် ယေရှုရောက်ရှိနေခြင်း၏လက္ခဏာတစ်ခုအနေနှင့် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းကိုလည်း ကြိုတင်ဟောထားပါသည်။ မေးခွန်းမေးခဲ့သောတပည့်တော်တို့အားကိုယ်တော်က “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား [သတင်းကောင်း၊ NW] ကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတံ့။” (မဿဲ ၂၄:၁၄) ယေရှုကြိုတင်ဟောသည့်အတိုင်းပင် ဤဟောပြောခြင်းလုပ်ငန်းကို ကမ္ဘာချီနိုင်ငံပေါင်း ၂၁၂ နိုင်ငံတွင် ယေဟောဝါသက်သေ ၄,၀၀၀,၀၀၀ ကျော်တို့ထမ်းဆောင်နေကြပါသည်။

ယင်းနှင့်အခြားပရောဖက်ပြုချက်များ မျက်မှောက်အချိန်တွင်ပြည့်စုံနေကြခြင်းက “နောက်ဆုံးကာလ” တွင်ကျွန်ုပ်တို့အသက်ရှင်နေကြောင်း သက်သေထူပါသည်။ (၂ တိမောသေ ၃:၁-၅) ကျွန်ုပ်တို့ရှေ့မှောက်တွင် ယေရှုခရစ်ကြိုတင်ဟောခဲ့သည့် “ကြီးစွာသောဒုက္ခ” ရှိပါသည်။ ဟာမဂေဒုန်၌ အထွတ်အထိပ်သို့ရောက်မည့် “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသခင်၏နေ့ကြီး၌စစ်” မှုသည် လက်ရှိဆိုးသွမ်းသောအစီအစဉ်စနစ်ကို အဆုံးတိုင်စေမည်။ (မဿဲ ၂၄:၂၁။ ဗျာဒိတ် ၁၆:၁၄-၁၆) ထိုအခါ ဘုရားသခင်ကတိထားရာကမ္ဘာသစ်သည် အကယ်စင်စစ်တည်ရှိလာမည်။a

လူသားမတတ်နိုင်သော ကောင်းချီးများ

နိုင်ငံရေးသမားများသည် မိမိတို့လက်ဖြစ် ကမ္ဘာသစ်အစီအစဉ်တစ်ခုအကြောင်း ဝါကြွားကြသည်။ သို့သော် ကောင်းကင်မြေကြီး၏ဘုရားသခင် ယေဟောဝါရှင်သည် လက်ရှိစနစ်ကို ကမ္ဘာသစ်ဖြင့်အစားထိုးပေးရန် လူသားတို့အားမှာကြားတော်မမူ။ ကိုယ်တော်တစ်ဦးတည်းသာသိရှိသည့် နေ့ရက်နာရီတွင် ကိုယ်တော်တိုင် ထိုသို့ပြုတော်မူမည်။ (မဿဲ ၂၄:၃၄၊ ၃၆) လူမဟုတ်ဘဲ ဘုရားသခင်ပြုတော်မူမည့် ဤမြင်ကွင်းကို သက်ကြီးရွယ်အို တမန်တော်ယောဟန်ကြိုတင်တွေ့မြင်ခဲ့သည်။

“ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား ရှေးကောင်းကင်နှင့်ရှေးမြေကြီးသည် ရွေ့သွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။ သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည် မိမိခင်ပွန်းဖို့တန်ဆာဆင်သောမင်္ဂလာဆောင်သတို့သမီးကဲ့သို့ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှကြီးသောအသံကား၊ ‘ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။’ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောသူကလည်း ‘ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်’ ဟုမိန့်တော်မူ၏။ တစ်ဖန်တုံ၊ ‘ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏’ ဟူ၍” မိန့်တော်မူ၏။—ဗျာဒိတ် ၂၁:၁-၅။

“ကောင်းကင်သစ်” သည် ယေရှုခရစ်၏ကောင်းကင်နိုင်ငံတော်ဖြစ်သည်။ “မြေကြီးသစ်” သည် အခြားကမ္ဘာဂြိုဟ်ဟ်တစ်ခုမဟုတ်ဘဲ ဤဂြိုဟ်ဟ်ပေါ်အသက်ရှင်သော၊ ခရစ်တော်၏နိုင်ငံတော်အောက် နာခံမှုအပြည့်ရှိ လူမျိုးနှင့်ဘာသာစကားခွဲခြားမှုမရှိသော လူ့ဘောင်အသစ်ဖြစ်ပေသည်။ (ဆာလံ ၉၆:၁ နှင့်နှိုင်းယှဉ်) လက်ရှိပုံဆောင်ချက်ကောင်းကင်နှင့်မြေကြီးဖြစ်သော စာတန်နှင့်သူ၏နတ်ဆိုးများသြဇာလွှမ်းသည့် အစိုးရနည်းနိဿယအတိုင်းဖြစ်သော မာရ်နတ်၏အစီအစဉ်စနစ်သည် ဖျက်ဆီးပြီးသားဖြစ်မည်။ (၁ ယောဟန် ၅:၁၉) ပကတိပင်လယ်သမုဒ္ဒရာများကျန်ရှိဦးတော့ ပုံဆောင်ရာပင်လယ်ဖြစ်သည့် ဆူပူသောင်းကျန်းသောလောကီသားများရှိတော့မည်မဟုတ်။ ယေရှု၏တွဲဖက်ကောင်းကင်မင်းများသည် ယေရုရှလင်မြို့သစ်ဖြစ်ပြီး ကိုယ်တော်နှင့်အတူ ဖြောင့်မတ်သောလူ့အဖွဲ့အစည်းကိုအစိုးရသည့် အဓိကအဖွဲ့အစည်းဖြစ်ပေမည်။ အနှစ်တစ်ထောင်တရားစီရင်ရာနေ့အတွင်း ခရစ်တော်အားဖြင့် ဘုရားသခင်နှင့်မိတ်သဟာယအပြည့်အဝဖွဲ့ခြင်းခံနေရစဉ် နာခံမှုရှိသောလူသားနှင့်အတူ ဘုရားသခင်သည် ‘တဲတော်’ တွင်ကိုယ်စားပြုနေတော်မူမည်။—ဗျာဒိတ် ၁၄:၁-၄၊ ၂၀:၆။

ဘုရားသခင်၏နိုင်ငံတော်အစိုးရအောက်တွင် ပျော်ရွှင်စရာအကြောင်း များစွာရှိပေမည်။ ဖျားနာမှု၊ ဝမ်းနည်းခြင်းနှင့်ထပ်တူအရာတို့ကြောင့် ညည်းတွားမှု၊ ငိုကြွေးခြင်းနှင့်နာကျင်မှုတို့သည် အတိတ်မှအတွေ့အကြုံများဖြစ်ကုန်မည်။ ကျွန်ုပ်တို့၏ပထမအဖ အပြစ်သားအာဒံမှပြန့်ပွားခဲ့သည့် သေခြင်းပင်လျှင် ရှိတော့မည်မဟုတ်။ (ရောမ ၅:၁၂) ကမ္ဘာချီမျက်ရည်ကျရသည့် ဤအကြောင်းရင်းသည် ထာဝစဉ်ပပျောက်သွားသည့်အခါ မည်မျှရွှင်လန်းကြမည်တကား။

ဤကောင်းချီးများကို သေမျိုးလူသားများမဟုတ်ဘဲ ဘုရားသခင်ကိုယ်တော်တိုင်အာမခံထားသည်။ “ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” ဟုကိုယ်တော်မိန့်တော်မူခဲ့သည်။ မှန်ပေသည်။ တမန်တော်ယောဟန်အား “ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏” ဟူ၍ယေဟောဝါဘုရားမိန့်တော်မူခဲ့သည်။

အခြေခံလိုအပ်ရာများ ဖူလုံနေ

ဘုရားသခင်ပြုပေးတော်မူသောကမ္ဘာသစ်တွင် မြေကြီးသည် နောက်ဆုံးတစ်နေ့ ပရဒိသုဖြစ်လာပေမည်။ ယင်းသို့ဧကန်ဖြစ်ပျက်မည်။ အကြောင်းမူကား၊ ကိုယ်တော်နှင့်အတူနှက်တိုင်တင်အသတ်ခံရသော နောင်တရသူလူဆိုးအား ယေရှုက “ယနေ့ငါအမှန်ဆိုသည်ကား သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်” ဟုကတိပေးတော်မူခဲ့သည်။ (လုကာ ၂၃:၄၃၊ NW) ပရဒိသုအခြေအနေများအောက်တွင် လူသားတို့၏အခြေခံလိုအပ်ရာများဖြစ်သည့် စားဝတ်နေရေးဖူလုံမည်ဖြစ်သည်။

အစာရေစာခေါင်းပါးမှုကြောင့် ယနေ့သန်းပေါင်းများစွာသောသူတို့ အသက်စတေးရသည်။ ငတ်ပြတ်သူများကို ကျွေးမွေးရေးအစီအစဉ် မည်မျှပင်မြင့်မြတ်စေကာမူ လောဘရမ္မက်နှင့်အခြားအရာများက ဤကဲ့သို့သောပြဿနာများ ဖြေရှင်းပေးရေးကို မအောင်မြင်စေပါ။ ဥပမာအနေနှင့်၊ တောင်အာဖရိက၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့သတင်းစာ၊ Saturday Star ကဤသို့ဆိုသည်။ “နိုင်ငံရေးအငြင်းပွားမှုများ၊ လောင်စာဈေးနှုန်းတိုးမြင့်နေခြင်းနှင့်အာဖရိက၏ အတောမသတ်နိုင်ဟန်ရှိပဋိပက္ခများကြောင့် အထွေထွေပင်ပန်းမှုများက ထောက်ပံ့ကူညီမှုပေးခြင်းကို ကြန့်ကြာစေသည်။ . . . ငတ်မွတ်ဘေးဒဏ်ကိုအခံရဆုံးသော ဆူဒန်နိုင်ငံတွင် ၁၉၉၁ ခုနှစ်အတွင်း လူပေါင်း ၅ သန်းမှ ၆ သန်းငတ်မွတ်ခေါင်းပါးခြင်းကို ရင်ဆိုင်ရကြသည်။” သို့သော် ဘုရားသခင့်ကမ္ဘာသစ်တွင် ငတ်မွတ်ခြင်းကိုမေ့ပျောက်နေရကြမည်။ ဘုရားသခင့်နိုင်ငံတော်အစိုးရအောက်တွင် “ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် . . . တောင်ထိပ်ပေါ်မှာလှုပ်ရှားလိမ့်မည်။”—ဆာလံ ၇၂:၁၆။

ကျွန်ုပ်တို့ခေတ်တွင် အိုးအိမ်ဖူလုံမှုသည် ဖြည့်စည်းပေးစရာ လူ့လိုအပ်ချက်တစ်ခုဖြစ်နေဆဲပင်။ သန်းပေါင်းများစွာသောသူတို့သည် အိမ်ကုတ်တဲစုတ်များတွင်နေရကြ၏၊ သို့မဟုတ် အိုးအိမ်မဲ့ဖြစ်နေကြ၏။ The New York Times အရ အရှေ့တိုင်းနိုင်ငံတစ်နိုင်ငံရှိ “လျှပ်စစ်ကုမ္ပဏီတစ်ခုတွင် . . . အသက် ၂၀ ရှိအလုပ်သမားများသည် အိုးအိမ်နှင့်ဖြစ်လာနိုင်ရန် ၇၃ နှစ်တိုင်စောင့်နေရမည့်နာမည်စာရင်းတွင်ရှိနေကြသည်။” အစိုးရပြန်တမ်းတစ်ခုအရ အချို့သူတို့သည် “ကုန်လှောင်ရုံများ၊ ရုံးခန်းများ သို့မဟုတ် အိမ်သာများတွင်ပင်” နေထိုင်ရကြမည်ဟုသိရှိရ၏။ သို့သော် ကမ္ဘာသစ်တွင် ထိုသို့လုံးဝမဖြစ်ပါ။ အနာဂတ်ပရဒိသု၌ “သူတို့သည် ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကိုစားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။”—ဟေရှာယ ၆၅:၂၁၊ ၂၂။

ဘုရားသခင်ကတိထားတော်မူသည့် ကမ္ဘာသစ်တွင် ပတ်ဝန်းကျင်ပြဿနာများရှိတော့မည်မဟုတ်။ ကောက်ပဲသီးနှံနှင့်လူ့ကျန်းမာရေးကိုပျက်စီးစေသော လေထုညစ်ညမ်းမှုရှိတော့မည်မဟုတ်ပါ။ ယခုအပင်များနှင့်သတ္တဝါတို့ကို အမျိုးပြုန်းစေသည့် ညစ်ညမ်းမှုနှင့်ဇာတိဒေသဖျက်ဆီးမှုတို့သည် ထိုအခါ ခြိမ်းခြောက်မှုဖြစ်တော့မည်မဟုတ်။ အိုဇုန်းလွှာလျော့ပါးခြင်းအစရှိသည့်အရာတို့ကြောင့် အသက်ဘေးကြုံရစရာအကြောင်းများလည်း ရှိတော့မည်မဟုတ်။ ဤပြဿနာများကို ယေဟောဝါဘုရားသခင်ဖြေရှင်းပေးမည်ဟု ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။ အကြောင်းမူကား၊ များမကြာမီ ကိုယ်တော်သည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူမည်” ဟုနှုတ်ကပါဌ်တော်ကအာမခံထားသည်။—ဗျာဒိတ် ၁၁:၁၈။

သို့သော် စစ်မှုသည်ကမ္ဘာသစ်တွင် ရှေးဖြစ်ဖူးသောအရာဖြစ်ပေမည်။ နိုင်ငံရေးသမားများက တိုင်းနိုင်ငံများကို လက်နက်ဖျက်သိမ်းပေးနိုင်သောကြောင့်မဟုတ်ဘဲ နိုင်ငံရေးအစိုးရမင်းများ မတတ်နိုင်ခဲ့ရာကို ဘုရားသခင်စီရင်ပေးတော်မူမည်ဖြစ်သည်။ ဆာလံဆရာ၏စကားနှင့်အညီ နာခံမှုရှိလူသားတို့အတွက် ငြိမ်းချမ်းသာယာမှုပေးတော်မူမည်။ ယေဟောဝါ “စီရင်ပြုပြင်၍ မြေကြီးပေါ်မှာသုတ်သင်ပယ်ရှင်းခြင်းအမှုတော်များကို လာ၍ကြည့်ရှုကြလော့။ လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက်၊ မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏။” (ဆာလံ ၄၆:၈၊ ၉) တည်ထောင်လုနီးသော ဘုရားသခင်၏ကတိတော်တည်ရာ ကမ္ဘာသစ်တွင် လူတို့သည် စစ်ဆင်နွှဲတော့မည်မဟုတ်ဘဲ စစ်မှန်သောငြိမ်းချမ်းလုံခြုံမှု၌ ပျော်မွေ့မည်ဖြစ်သည်။—မိက္ခာ ၄:၂-၄။

ထိုတွင် အသင်ရှိမည်လော

ယေဟောဝါဘုရားသခင်ကတိထားရာ ကမ္ဘာသစ်ကို အသင်စိတ်ချနိုင်ပါသည်။ ကိုယ်တော်သည် မုသာမသုံးပါ။ (ဟေဗြဲ ၆:၁၇၊ ၁၈) ကိုယ်တော့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာသည် မှန်ကန်ပေသည်။ ၄င်း၌ကတိထားရာတို့သည် အမြဲပြည့်စုံလေ့ရှိသည်။—ယောဟန် ၁၇:၁၇။

နာခံမှုရှိလူသားတို့အတွက် အံ့ဖွယ်ကောင်းချီးများဆိုင်ရာသတင်းကောင်းကို စိတ်နှလုံးရိုးဖြောင့်သူအပေါင်းအား ယေဟောဝါသက်သေများ ကြိုးစားပြောဆိုနေကြပါသည်။ မြင့်မြတ်သောရည်ရွယ်ချက်ကိုတိုးသိနားလည်ရန် သင်ယခုပင်ကြိုးစားပြီး သမ္မာကျမ်းစာပါ ကောင်းမြတ်သောကတိတော်များအတိုင်းပြုလုပ်သင့်သည်။ ယင်းသို့ပြုခြင်းက အဆုံးမရှိအသက်သို့ပို့ဆောင်စေမည်။ အကြောင်းမှာ ယေရှုက “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသောယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟုဆိုထားသည်။ (ယောဟန် ၁၇:၃) ထိုအခါ ရှေ့တစ်ကွေ့တွင်ရှိသော ရွှင်လန်းဝမ်းမြောက်ဖွယ်ခေတ်သမယ၌ ပျော်မွေ့ခွင့်ရပါလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်၏ကမ္ဘာသစ် တည်လုနီးပြီ။

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင် ကျမ်းစာနှင့်ဝေစာအသင်းက ထုတ်ဝေသော သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်၏ အခန်း ၁၇ နှင့် ၁၈ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ