ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၂/၁၅ စာ. ၁၀-၁၆
  • ဘုရားသခင့်နိုင်ငံတော် မျှော်လင့်ချက်၌ ဝမ်းမြောက်လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နိုင်ငံတော် မျှော်လင့်ချက်၌ ဝမ်းမြောက်လော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရွှင်လန်းမှုစစ်—နှလုံးသားမှအရည်အချင်းတစ်ရပ်
  • ပြဿနာများရှိငြား မျှော်လင့်ချက်၌ဝမ်းမြောက်ခြင်း
  • ကျွန်ုပ်တို့၏မျှော်လင့်ချက်ကိုစိတ်ထဲထားခြင်း
  • ပရဒိသုမျှော်လင့်ချက်၌ ယခုဝမ်းမြောက်နေ
  • အသက်ရှင်ရကျိုးနပ်စေသောမျှော်လင့်ချက်
  • စိတ်ပျက်ရမှာ မဟုတ်တဲ့ မျှော်လင့်ချက်
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ယေဟောဝါကိုမျှော်လင့်လျက် ရဲရင့်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေဟောဝါ၌ ဝမ်းမြောက်ကြလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ရွှင်လန်းသောနှလုံးနှင့် ယေဟောဝါအမှုတော်ကို ဆောင်ရွက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၂/၁၅ စာ. ၁၀-၁၆

ဘုရားသခင့်နိုင်ငံတော် မျှော်လင့်ချက်၌ ဝမ်းမြောက်လော့

“မျှော်လင့်ချက်၌ဝမ်းမြောက်လော့။ ဆင်းရဲဒုက္ခအောက် ခံနိုင်ရည်ရှိလော့။”—ရောမ ၁၂:၁၂၊ ကဘ။

၁။ ယေဟောဝါနှင့်ပေါင်းသင်းရာတွင် ကျွန်ုပ်တို့အဘယ်ကြောင့်ရွှင်လန်းနိုင်သနည်း။ တမန်တော်ပေါလုက ခရစ်ယာန်များအားဘာပြုလုပ်ရန် တိုက်တွန်းသနည်း။

“ပျော်ရွှင်သောဘုရားသခင်။” (၁ တိမောသေ ၁:၁၁) ယေဟောဝါကိုဖော်ပြရာ၌ မည်မျှဆီလျော်လှပါသည်တကား။ အကြောင်းမှာ၊ ကိုယ်တော်၏လုပ်ရပ်အားလုံးသည် ကိုယ်တော်အား ကြီးစွာသောပျော်ရွှင်မှုကို ဖြစ်စေသောကြောင့်ဖြစ်သည်။ ယေဟောဝါသည် ကောင်းမြတ်ပျော်ရွှင်ဖွယ်အရာခပ်သိမ်း၏အရင်းအမြစ်ဖြစ်သောကြောင့် ကိုယ်တော်၏ဉာဏ်အမြော်အမြင်ရှိသတ္တဝါအပေါင်းသည် ကိုယ်တော်နှင့်ပေါင်းသင်းခြင်းမှ ပျော်ရွှင်မှုတွေ့ရှိနိုင်သည်။ လျောက်ပတ်စွာပင် တမန်တော်ပေါလုသည်ခရစ်ယာန်များအား ယေဟောဝါဘုရားကိုသိကျွမ်းရသည့် သူတို့၏ရွှင်လန်းဖွယ်အခွင့်အရေးကိုလေးမြတ်ရန်၊ ကိုယ်တော်၏အံ့ဖွယ်ဖန်ဆင်းရာဆုကျေးဇူးအားလုံးအတွက် ကျေးဇူးတင်ရန်၊ သူတို့အားကိုယ်တော်ပြသသော မေတ္တာကရုဏာတော်တွင်ပျော်ရွှင်ရန် တိုက်တွန်းခဲ့သည်။ ပေါလုက “သခင်ဘုရား၌အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန်ငါဆိုသည်ကား ဝမ်းမြောက်ကြလော့” ဟုရေးသားခဲ့သည်။—ဖိလိပ္ပိ ၄:၄။ ဆာလံ ၁၀၄:၃၁။

၂။ မည်သည့်မျှော်လင့်ချက်က ကြီးစွာသောရွှင်လန်းမှုကိုဖြစ်စေသနည်း။ ဤမျှော်လင့်ချက်နှင့်စပ်လျဉ်း၍ ခရစ်ယာန်များဘာပြုရန်တိုက်တွန်းခံရသနည်း။

၂ ခရစ်ယာန်များသည် ပေါလုပေးသောဤတိုက်တွန်းချက်ကို နာယူနေပါသလော။ အမှန်ပင်နာယူနေကြသည်။ ယေရှုခရစ်၏ဝိညာဏညီအစ်ကိုများသည် သူတို့အတွက်ဘုရားရှင်ဖွင့်လှစ်ပေးသော ထူးမြတ်လှသည့်မျှော်လင့်ချက်၌ ဝမ်းမြောက်လျက်ရှိသည်။ (ရောမ ၈:၁၉-၂၁။ ဖိလိပ္ပိ ၃:၂၀၊ ၂၁) မှန်ပါသည်၊ ခရစ်တော်၏ကောင်းကင်ဆိုင်ရာနိုင်ငံတော်အုပ်ချုပ်မှုတွင် ကိုယ်တော်နှင့်အတူထမ်းဆောင်ခြင်းဖြင့် ရှင်သူနှင့်သေသူနှစ်ဦးစလုံးဖြစ်သော လူသားတို့၏အနာဂတ် မဟာမျှော်လင့်ချက်ကိုပြည့်စုံစေရာတွင် သူတို့ပါဝင်မည်ကိုသူတို့သိကြသည်။ ဘုရင်များနှင့်ယဇ်ပုရောဟိတ်များအဖြစ်ထမ်းဆောင်လျက် သူတို့၏ပူးတွဲအမွေခံများအဖြစ်အခွင့်အရေးတွင် သူတို့မည်မျှဝမ်းမြောက်လိုက်မည်ကို စဉ်းစားကြည့်လိုက်ပါ။ (ဗျာဒိတ် ၂၀:၆) သူတို့သည်သစ္စာရှိလူသားများကို စုံလင်ခြင်းသို့ရောက်ရှိရန်ကူညီလျက် ကျွန်ုပ်တို့မြေကြီးကိုပရဒိသုဖြစ်ရန် ပြန်လည်တည်ထောင်ရာတွင် လမ်းညွှန်ကူညီပေးရာတွင် မည်မျှပျော်ရွှင်လိုက်မည့်ဖြစ်ခြင်းပါတကား။ အမှန်ပင်၊ ဘုရားသခင့်ကျေးကျွန်အားလုံးသည် ‘မုသားနှင့်ကင်းစင်တော်မူသောထာဝရဘုရားသည် ရှေးကပ်ကာလမတည်ရှိမီကပင် ကတိထားတော်မူသော ထာဝရအသက်အတွက် မျှော်လင့်ချက်အခြေခံ’ ကိုရရှိထားသည်။ (တိတု ၁:၂) ဤထူးမြတ်လှသောမျှော်လင့်ချက်ကိုထောက်ရှုလျက် တမန်တော်ပေါလုက ခရစ်ယာန်အားလုံးအား “မျှော်လင့်လျက်ဝမ်းမြောက်ကြလော့” ဟုအားပေးလေသည်။—ရောမ ၁၂:၁၂a

ရွှင်လန်းမှုစစ်—နှလုံးသားမှအရည်အချင်းတစ်ရပ်

၃၊ ၄။ (က) “ဝမ်းမြောက်ရန်” ဟူသည့်အသုံးအနှုန်းသည် မည်သို့အဓိပ္ပာယ်သက်ရောက်ပြီး ခရစ်ယာန်များသည် မည်မျှဝမ်းမြောက်ရမည်နည်း။ (ခ) ရွှင်လန်းမှုစစ်ကားအဘယ်နည်း။ ယင်းသည်အဘယ်အပေါ်တွင်မူတည်သနည်း။

၃ “ဝမ်းမြောက်ရန်” ဟူသည် ရွှင်လန်းမှုကိုခံစားထုတ်ဖော်ခြင်းဖြစ်သည်။ ယင်းသည်အစဉ် လှုပ်ရှားတက်ကြွ သို့မဟုတ် ပြည့်လျှံပြည့်ဖြိုးနေခြင်းကိုမဆိုလိုချေ။ သမ္မာကျမ်းစာတွင် “ရွှင်လန်းခြင်း” “အားရဝမ်းသာခြင်း” နှင့် “ဝမ်းမြောက်ခြင်း” ဟူ၍အသုံးပြုသည့် ဟေဗြဲနှင့်ဂရိစကားလုံးများသည် ရွှင်လန်းမှု၏အတွင်းခံစားမှုနှင့်ပြင်ပပေါ်လွင်မှုနှစ်ခုစလုံးကို ဖော်ညွှန်းသည့်ကြိယာများနှင့်ဆက်နွယ်နေသည်။ ခရစ်ယာန်များကို “ဝမ်းမြောက်ခြင်းရှိကြလော့” “အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့” ဟုအားပေးထားသည်။—၂ ကောရိန္သု ၁၃:၁၁။ ၁ သက်သာလောနိတ် ၅:၁၆။

၄ သို့သော်တစ်ဦးတစ်ယောက်သည် မည်သို့အစဉ်ဝမ်းမြောက်နိုင်သနည်း။ စစ်မှန်သောရွှင်လန်းမှုသည် နှလုံးသားအရည်အချင်း၊ နက်ရှိုင်းသောအတွင်းအရည်အချင်း၊ ဝိညာဏဆိုင်ရာဖြစ်သောကြောင့် အစဉ်ဝမ်းမြောက်နိုင်သည်။ (တရားဟောရာ ၂၈:၄၇။ သု၊ ၁၅:၁၃။ ၁၇:၂၂) ယင်းသည်ဘုရားသခင့်ဝိညာဉ်အသီးတစ်သီးဖြစ်ပြီး ပေါလုကယင်းကို ချစ်ခြင်းပြီးနောက်ဖော်ပြခဲ့သည်။ (ဂလာတိ ၅:၂၂) အတွင်းပိုင်းအရည်အချင်းဖြစ်သောကြောင့် ယင်းသည်ပြင်ပအရာများ၊ ကျွန်ုပ်တို့၏ညီအစ်ကိုများအပေါ်ပင်မူမတည်ချေ။ သို့သော်ယင်းသည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်အပေါ်တွင်မူ,မူတည်သည်။ သမ္မာတရား၊ ဘုရားနိုင်ငံတော်မျှော်လင့်ချက်နှင့် ယေဟောဝါနှစ်သက်ရာကို သင်ပြုလုပ်နေကြောင်းသိသည့် ထိုနက်ရှိုင်းသောအတွင်းပိုင်းကျေနပ်မှုမှ ဝမ်းမြောက်ခြင်းဖြစ်လာသည်။ ထို့ကြောင့်ဝမ်းမြောက်ခြင်းသည် ကျွန်ုပ်တို့၏မွေးရာပါကိုယ်ပိုင်အရည်အချင်းတစ်ခုမျှသာမဟုတ်ချေ။ ယင်းသည် “လူသစ်” ၏တစ်စိတ်တစ်ဒေသဖြစ်ကာ ယေရှုခရစ်အားထူးခြားစေသည့် အရည်အချင်းမှ အစိတ်အပိုင်းဖြစ်လေသည်။—ဧဖက် ၄:၂၄။ ကောလောသဲ ၃:၁၀။

၅။ ဘယ်သောအခါနှင့် မည်သို့ရွှင်လန်းမှုသည် ပြင်ပတွင်ပေါ်လွင်နိုင်သနည်း။

၅ ရွှင်လန်းမှုသည် နှလုံးသားအရည်အချင်းတစ်ခုဖြစ်သော်လည်း အပြင်ပန်းပေါ်လွင်သောအခါလည်းရှိလေသည်။ ရွှင်လန်းမှုသည် အပြင်ပန်းပေါ်လွင်သော ဤချိန်ခါများကားအဘယ်နည်း။ ယင်းတို့သည် မျက်နှာထားတည်ငြိမ်အေးဆေးခြင်းမှ ပကတိရွှင်လန်းမှုဖြင့် မြူးကြွနေခြင်းအထိပါဝင်သည်။ (၃ ဓမ္မရာဇဝင် ၁:၄၀။ လုကာ ၁:၄၄။ တမန်တော် ၃:၈။ ၆:၁၅) သို့ဖြစ်လျှင်ယင်းက စကားမများသူများ သို့မဟုတ် အမြဲပြုံးလေ့မရှိသူများ ရွှင်လန်းမှုမရှိဟု ဆိုလိုပါသလော။ မဟုတ်ပါ။ စစ်မှန်သောရွှင်လန်းမှုသည် အစဉ်အမြဲစကားပြောခြင်း၊ ရယ်မောခြင်း၊ ပြုံးခြင်း သို့မဟုတ် ရွှင်ပြုံးနေခြင်းဖြင့်မဖော်ပြချေ။ ရွှင်လန်းခြင်းကိုနည်းအဖုံဖုံဖြင့်ပြသရန် အခြေအနေကယင်းကိုဖြစ်စေသည်။ နိုင်ငံတော်ခန်းမတွင် ကျွန်ုပ်တို့အား နှစ်မြို့ဖွယ်ဖြစ်စေခြင်းသည် ရွှင်လန်းခြင်းသာမဟုတ်ဘဲ ကျွန်ုပ်တို့၏ညီအစ်ကိုချင်းတွယ်တာမှုနှင့် မေတ္တာကသာဖြစ်စေသည်။

၆။ ခရစ်ယာန်များသည် မသာယာသောအခြေအနေများနှင့်ရင်ဆိုင်ရသော်လည်း အဘယ်ကြောင့်အစဉ်ဝမ်းမြောက်နိုင်သနည်း။

၆ ရွှင်လန်းမှု၏ခိုင်မြဲသောအသွင်သည် ခရစ်ယာန်လူသစ်ပုံသဏ္ဌာန်၏နှလုံးသားအရည်အသွေးအဖြစ် တည်မြဲသောအတွင်းပိုင်းဆိုင်ရာဖြစ်သည်။ ထို့ကြောင့်လည်း အစဉ်ရွှင်လန်းနေနိုင်ခြင်းဖြစ်သည်။ တစ်ခုခုကြောင့် ကျွန်ုပ်တို့စိတ်အနှောင့်အယှက်ဖြစ်ခြင်း သို့မဟုတ် မသာယာသောအခြေအနေများ ရင်ဆိုင်ရသည့်အခါများတော့ရှိပေမည်။ သို့သော်လည်း ကျွန်ုပ်တို့၏နှလုံးတွင် ရွှင်လန်းမှုရယူထားနိုင်သည်။ ရှေးခရစ်ယာန်အချို့သည် ကျေးကျွန်များဖြစ်ပြီး သူတို့၏သခင်များသည် စိတ်နှင့်တွေ့ရန်ခက်သူများဖြစ်သည်။ ထိုသို့သောခရစ်ယာန်များသည် အစဉ်ဝမ်းမြောက်နိုင်မည်လော။ ဝမ်းမြောက်နိုင်ပါသည်၊ အကြောင်းမှာသူတို့၏ဘုရားနိုင်ငံတော်မျှော်လင့်ချက်နှင့် သူတို့၏နှလုံးတွင်ရှိ ရွှင်လန်းမှုကြောင့်ဖြစ်သည်။—ယောဟန် ၁၅:၁၁။ ၁၆:၂၄။ ၁၇:၁၃။

၇။ (က) ယေရှုသည် ဆင်းရဲဒုက္ခအောက်ရွှင်လန်းမှုအကြောင်း မည်သို့ဆိုခဲ့သနည်း။ (ခ) ဆင်းရဲဒုက္ခအောက်ခံနိုင်ရည်ရှိရန် ဘာကကျွန်ုပ်တို့အားကူညီပေးသနည်း။ ယင်းနှင့်စပ်လျဉ်း၍ မည်သူကအကောင်းဆုံးပုံသက်သေပြခဲ့သနည်း။

၇ တမန်တော်ပေါလုက “မျှော်လင့်ချက်၌ဝမ်းမြောက်လော့” ဟူ၍ပြောပြီးနောက် “ဆင်းရဲဒုက္ခအောက်ခံနိုင်ရည်ရှိလော့” ဟုထပ်ဆင့်ခဲ့သည်။ (ရောမ ၁၂:၁၂) မဿဲ ၅:၁၁၊ ၁၂ တွင်ယေရှုက ‘သင်တို့ကိုကဲ့ရဲ့ညှဉ်းဆဲကြသောအခါ မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌သင်တို့အကျိုးသည် ကြီးလှပေ၏’ ဟုမိန့်ဆိုခဲ့သောအခါ ဆင်းရဲဒုက္ခအောက်ရွှင်လန်းမှုကိုလည်း မြွက်ကြားခဲ့သည်။ ဤတွင်ဖော်ပြထားသော ဝမ်းမြောက်မှုနှင့်ရွှင်လန်းမြူးကြွနေခြင်းသည် စာသားအရအပြင်ပန်းပြသနေရန်မလိုချေ။ ယင်းသည် စုံစမ်းခြင်းအောက်ခိုင်မြဲစွာခံရပ်သောအခါ ယေဟောဝါနှင့်ယေရှုခရစ်ကို နှစ်သက်စေသည့်အတွက်ခံစားရသည့် ထိုနက်ရှိုင်းသောအတွင်းကျေနပ်မှုမှာ အဓိကဖြစ်သည်။ (တမန်တော် ၅:၄၁) အမှန်တွင်၊ ဆင်းရဲဒုက္ခခံရစဉ် ခံနိုင်ရည်ရှိရန် ကျွန်ုပ်တို့အားကူညီပေးသောအရာသည် ရွှင်လန်းခြင်းဖြစ်သည်။ (၁ သက်သာလောနိတ် ၁:၆) ဤတွင်ယေရှုက အကောင်းဆုံးပုံသက်သေကို ပြသခဲ့သည်။ ကျမ်းစောင်ကကျွန်ုပ်တို့အား “ရှေ့၌ထားသောယုံကြည်ခြင်းကြောင့် . . . လက်ဝါးကပ်တိုင်၌ခံ” တော်မူ၏ဟုဆိုထားသည်။—ဟေဗြံ ၁၂:၂။

ပြဿနာများရှိငြား မျှော်လင့်ချက်၌ဝမ်းမြောက်ခြင်း

၈။ ခရစ်ယာန်များမည်သည့်ပြဿနာများရင်ဆိုင်နိုင်သနည်း။ သို့သော်ပြဿနာများသည် ခရစ်ယာန်တစ်ဦး၏ပျော်ရွှင်မှုကို အဘယ်ကြောင့်မပယ်ရှားနိုင်သနည်း။

၈ ယေဟောဝါ၏ကျေးကျွန်တစ်ဦးဖြစ်ခြင်းက တစ်ဦးတစ်ယောက်အား ပြဿနာများမှ မကင်းလွတ်စေပါ။ အိမ်ထောင်ရေးပြဿနာများ၊ စီးပွားရေးအခက်အခဲများ၊ ကျန်းမာရေးချို့တဲ့ခြင်း သို့မဟုတ် ချစ်မြတ်နိုးသူများသေဆုံးခြင်းဖြစ်နိုင်သည်။ ထိုသို့သောအရာများသည် ဝမ်းနည်းမှုကိုဖြစ်စေသော်လည်း ကျွန်ုပ်တို့၏နှလုံးတွင်ရှိသော အတွင်းရွှင်လန်းမှုဖြစ်သည့် ဘုရားနိုင်ငံတော်မျှော်လင့်ချက်တွင် ဝမ်းမြောက်ရန်အတွက် ကျွန်ုပ်တို့၏အခြေခံကို ယင်းတို့ကယူမသွားချေ။—၁ သက်သာလောနိတ် ၄:၁၃။

၉။ အာဗြဟံတွင်မည်သည့်ပြဿနာများရှိခဲ့သနည်း။ သူ၏နှလုံးတွင်ရွှင်လန်းမှုရှိကြောင်း ကျွန်ုပ်တို့မည်သို့သိရှိနိုင်သနည်း။

၉ ဥပမာအာဗြဟံကိုသုံးသပ်ပါ။ ဘဝသည်သူ့အတွက်အစဉ် အဆင်ပြေနေသည်ကားမဟုတ်ချေ။ အိမ်ထောင်ရေးပြဿနာများ သူရင်ဆိုင်ခဲ့ရသည်။ သူ၏မယားငယ်ဟာဂရနှင့်မယားဖြစ်သူစာရာသည် အဆင်မပြေခဲ့ချေ။ ကတောက်ကဆတ်ဖြစ်ခဲ့ကြသည်။ (ကမ္ဘာဦး ၁၆:၄၊ ၅) ဣရှမေလသည် ဣဇာက်ကိုလှောင်ပြောင်၍ညှဉ်းပန်းသည်။ (ကမ္ဘာဦး ၂၁:၈၊ ၉။ ဂလာတိ ၄:၂၉) နောက်ဆုံးတွင်အာဗြဟံ၏ချစ်မြတ်နိုးလှသောမယား သေဆုံးခဲ့ရသည်။ (ကမ္ဘာဦး ၂၃:၂) ဤပြဿနာများရှိလင့်ကစား လူမျိုးအပေါင်းတို့သည် အာဗြဟံမျိုးနွယ်တော်အားဖြင့် မိမိတို့ကိုယ်ကိုကောင်းချီးပေးမည့် ဘုရားနိုင်ငံတော်မျိုးနွယ်မျှော်လင့်ချက်အပေါ် အာဗြဟံဝမ်းမြောက်ခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၅-၁၈) နှလုံးတွင်ရွှင်ပြုံးလျက် သူ၏မြို့ဥရမှထွက်ခွာပြီးနောက် နှစ်ပေါင်းတစ်ရာတိုင်အောင် ယေဟောဝါ၏အမှုဆောင်ခြင်းတွင် ခံနိုင်ရည်ရှိခဲ့သည်။ ထို့ကြောင့်သူနှင့်စပ်လျဉ်း၍ ဤသို့ရေးသားခဲ့သည်။ “ဘုရားသခင်တည်ထောင်ပြုစုတော်မူသော ခိုင်ခံ့မြဲမြံသောမြို့ကိုမျှော်လင့်သတည်း။” လာလတံ့သောမေရှိယနိုင်ငံတော်တွင် အာဗြဟံ၏ယုံကြည်ခြင်းကြောင့် ဘုရင်ဖြစ်ရန်ဘုရားခန့်အပ်ပြီးသူသခင်ယေရှုက “အာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှာ အလွန်အလိုရှိ၏။ မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ရောက်သည်” ဟုမိန့်ဆိုနိုင်ခဲ့သည်။—ဟေဗြဲ ၁၁:၁၀။ ယောဟန် ၈:၅၆။

၁၀၊ ၁၁။ (က) (က) ခရစ်ယာန်များအဖြစ်ကျွန်ုပ်တို့မည်သည့်ရုန်းကန်မှု ရင်ဆိုင်ရသနည်း။ ကျွန်ုပ်တို့အားမည်သို့ကယ်တင်ခဲ့သနည်း။ (ခ) ကျွန်ုပ်တို့၏အပြစ်သွေးသားကို စုံလင်စွာမတိုက်လှန်နိုင်၍ ဟာနေသည့်အကွက်ကို အဘယ်အရာကဖြည့်စွက်ပေးသနည်း။

၁၀ မစုံလင်သောလူသားများအနေနှင့် ကျွန်ုပ်တို့တွင်လည်း ရင်ဆိုင်နေရသည့် အပြစ်သွေးသားများရှိပြီး မှန်သည်ကိုလုပ်ဆောင်ရန် ကြိုးပမ်းရာတွင် အလွန်အနှောင့်အယှက်ဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏အားနည်းချက်ကို တိုက်ခိုက်ရသည့်အတွက် ကျွန်ုပ်တို့တွင်မျှော်လင့်ချက်မရှိတော့ဟု ဆိုလိုခြင်းကားမဟုတ်ချေ။ ပေါလုသည် ဤဆိုင်ပြိုင်မှုအပေါ် စိတ်မသာယာမှုခံစားခဲ့ရပြီး “ဤအသေကောင်မှ ငါ့ကိုအဘယ်သူကယ်လွှတ်မည်နည်း။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏” ဟုဆိုခဲ့သည်။ (ရောမ ၇:၂၄၊ ၂၅) ယေရှုခရစ်နှင့်ကိုယ်တော်ပေးခဲ့သောရွေးဖိုးအားဖြင့် ကျွန်ုပ်တို့သည်ကယ်လွှတ်ခံရသည်။—ရောမ ၅:၁၉-၂၁။

၁၁ ခရစ်တော်၏ရွေးဖိုးပူဇော်သက္ကာသည် အပြည့်အဝမတိုက်လှန်နိုင်သည့်ဟာကွက်ကို ဖြည့်စွက်ပေးသည်။ ဤရွေးဖိုးသည် ကြည်လင်သောသြတ္တပ္ပစိတ်ကိုဖြစ်စေပြီး ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်မှုဖြစ်စေသောကြောင့် ကျွန်ုပ်တို့ဝမ်းမြောက်နိုင်သည်။ ဟေဗြဲ ၉:၁၄ တွင်ပေါလုက “သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကိုပယ်ရှင်း၍ . . . ကိုယ်ကိုယ်ကိုသိသောစိတ်ကိုစင်ကြယ်စေခြင်းငှာ” တတ်နိုင်သော “ခရစ်တော်၏အသွေး” အကြောင်းဆိုခဲ့သည်။ ထို့ကြောင့်ခရစ်ယာန်များ၏သြတ္တပ္ပစိတ်သည် အပြစ်တင်ခြင်းနှင့်အပြစ်ရှိသည်ဟုခံစားနေရခြင်းဖြင့် ဝန်ပိမနေသင့်ချေ။ ကျွန်ုပ်တို့တွင်ရှိသော မျှော်လင့်ချက်နှင့်အတူ ယင်းသည်ရွှင်လန်းဖွယ်ပျော်ရွှင်မှုအတွက် အားကြီးသောစွမ်းအားဖြစ်သည်။ (ဆာလံ ၁၀၃:၈-၁၄။ ရောမ ၈:၁၊ ၂၊ ၃၂) ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို အာရုံစူးစိုက်နေလျှင် ကျွန်ုပ်တို့အားလုံးသည် အောင်မြင်စွာတိုက်လှန်နေရန်အတွက် ခွန်အားရရှိပေမည်။

ကျွန်ုပ်တို့၏မျှော်လင့်ချက်ကိုစိတ်ထဲထားခြင်း

၁၂။ ဘိသိက်ခံခရစ်ယာန်များသည် မည်သည့်မျှော်လင့်ချက်ကို အာရုံစိုက်နိုင်သနည်း။

၁၂ ဝိညာဏဘိသိက်ခံအကြွင်းအကျန်များနှင့် အခြားသိုးများနှစ်ဦးစလုံးသည်သူတို့၏ “ကယ်တင်ခြင်းသို့ရောက်မည်ဟုမျှော်လင့်ခြင်း” ကိုစိတ်ထဲတွင်ထားလျက် ကာကွယ်ရန်သံခမောက်အဖြစ်ဆောင်းထားရန် အရေးကြီးသည်။ (၁ သက်သာလောနိတ် ၅:၈) ဘိသိက်ခံခရစ်ယာန်များသည် ကောင်းကင်တွင်မသေနိုင်သောအဖြစ်ရရှိမည့် ထူးမြတ်လှသောအခွင့်အရေးကို အာရုံစိုက်နိုင်သည်။ ထိုတွင်ယေဟောဝါဘုရားရှင်ထံချဉ်းကပ်လျက် ဘုန်းတန်ခိုးရှင်ယေရှုခရစ်၊ တမန်တော်များနှင့်ရာစုနှစ်များတစ်လျှောက်တည်ကြည်ခဲ့သောအခြား ၁၄၄,၀၀၀ သောသူအားလုံးနှင့်အတူ နှစ်ကိုယ်ကြားပေါင်းသင်းခွင့်ရရှိမည်။ မဖော်ပြနိုင်အောင်ပေါကြွယ်သော ပေါင်းသင်းမှုပါတကား။

၁၃။ မြေကြီးပေါ်တွင်ရှိနေသေးသောဘိသိက်ခံခရစ်ယာန်များသည် သူတို့၏မျှော်လင့်ချက်နှင့်စပ်လျဉ်း၍ မည်သို့ရှုမြင်ခံစားကြသနည်း။

၁၃ မြေကြီးပေါ်တွင်ရှိနေသေးသည့် ဘိသိက်ခံအနည်းငယ်သည် သူတို့၏ဘုရားနိုင်ငံတော်မျှော်လင့်ချက်ကို မည်သို့ရှုမြင်ခံစားရသနည်း။ ၁၉၁၃ တွင်နှစ်ခြင်းခံယူခဲ့သော ကင်းမျှော်စင်အသင်း၏ဥက္ကဌအက်ဖ်၊ ဒဗလျူဖရန့်ဇ်၏စကားဖြင့် ခြုံ၍တင်ပြနိုင်လေသည်။ “ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် သေချာသောအရာတစ်ခုဖြစ်၍ ကျွန်ုပ်တို့စိတ်ကူးနိုင်သည်ထက်ကျော်လွန်၍သိုးစုငယ်မှ ၁၄၄,၀၀၀ အဝင်တစ်ယောက်မကျန်အပေါ် အပြည့်အဝပြည့်စုံလိမ့်မည်။ ၁၉၁၄ ခုနှစ်တွင် အသင့်ရှိနေသောအကြွင်းအကျန်မှ ကျွန်ုပ်တို့သည် ကောင်းကင်သို့သွားရန် မျှော်လင့်ခဲ့ပြီး ထိုမျှော်လင့်ချက်ကို တန်ဖိုးထားခြင်းမပျောက်ဆုံးခဲ့ပါ။ သို့သော်ကျွန်ုပ်တို့သည် ယခင်ကထက်ပို၍ ထိုမျှော်လင့်ချက်တွင်ခိုင်မာလာပြီး ယင်းအတွက်ကျွန်ုပ်တို့ပို၍စောင့်ဆိုင်းရလေလေ ယင်းကိုပို၍လေးမြတ်လေလေဖြစ်သည်။ နှစ်ပေါင်းတစ်သန်းပင် စောင့်ဆိုင်းရပါစေ စောင့်ဆိုင်းရကျိုးနပ်သည်။ ကျွန်ုပ်သည်ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ယခင်ကထက်ပို၍တန်ဖိုးထားပြီး ယင်းအတွက်လေးမြတ်ခြင်းကို ဘယ်တော့မျှ မပျောက်ဆုံးစေလိုချေ။ အခြားသိုးမှလူအုပ်ကြီး၏မျှော်လင့်ချက်သည် ကျွန်ုပ်တို့၏အတောက်ပဆုံးစိတ်ကူးထက်ကျော်လွန်၍ မပျက်မကွက်ပြည့်စုံမည်ဟူသည့် ယုံကြည်စိတ်ချမှုကို သိုးစုငယ်၏မျှော်လင့်ချက်ကလည်း ဖြစ်စေသည်။ ထို့ကြောင့်ပင်၊ ကျွန်ုပ်တို့သည် ဤအချိန်တိုင်အောင်စွဲကိုင်နေလျက် ဘုရားရှင်သည်မိမိ၏ ‘အလွန်ကြီးမြတ်၍အဖိုးထိုက်သောကတိများ’ အတိုင်းတည်စေကြောင်း အမှန်သက်သေထူသည့်တိုင်အောင် ကျွန်ုပ်တို့သည်ဆက်လက်၍ စွဲကိုင်ထားမည်။”—၂ ပေတရု ၁:၄။ တောလည်ရာ ၂၃:၁၉။ ရောမ ၅:၅။

ပရဒိသုမျှော်လင့်ချက်၌ ယခုဝမ်းမြောက်နေ

၁၄။ လူအုပ်ကြီးသည်မည်သည့်မျှော်လင့်ချက်ကို စိတ်ထဲတွင်ထားရန်လိုအပ်သနည်း။

၁၄ ထိုသို့သောအားရဝမ်းသာဖွယ်ယုံကြည်ခြင်းက အခြားသိုးမှလူအုပ်ကြီးအား ဝမ်းမြောက်ရန်အကြောင်းကြီးဖြစ်ပေါ်စေသည်။ (ဗျာဒိတ် ၇:၁၅၊ ၁၆) ထိုသို့သောသူများသည် အာမဂေဒုန်ကိုလွတ်မြောက်ခြင်းမျှော်လင့်ချက် စိတ်ထဲထားရန်လိုအပ်သည်။ မှန်ပါသည်၊ ဘုရားနိုင်ငံတော်သည် ယေဟောဝါဘုရား၏စကြဝဠာအချုပ်အခြာကို ထင်ရှားစေမည့်အချိန်နှင့် မာရ်နတ်သည်ဘုရားဖြစ်သော ဆိုးယုတ်သူများ၏ကမ္ဘာကိုသုတ်သင်မည့်ကြီးစွာသောဒုက္ခကို ရောက်ရှိစေခြင်းဖြင့် ကိုယ်တော်၏မဟာနာမတော်ကို ထင်ရှားလေးမြတ်စေမည့်အချိန်ကို စောင့်မျှော်ပါလေ။ ကြီးစွာသောဒုက္ခမှ လွတ်မြောက်ရခြင်းသည် မည်မျှရွှင်လန်းမှုဖြစ်မည်ပါတကား။—ဒံယေလ ၂:၄၄။ ဗျာဒိတ် ၇:၁၄။

၁၅။ (က) ယေရှုသည်မြေကြီးပေါ်တွင်ရှိစဉ် မည်သည့်ကုသပေးခြင်းလုပ်ဆောင်ခဲ့ပြီး အဘယ်ကြောင့်နည်း။ (ခ) အာမဂေဒုန်ကျော်နင်းသူများ၏ ကျန်းမာရေးလိုအပ်ချက်ကား အဘယ်အရာဖြစ်မည်နည်း။ ရှင်ပြန်ထမြောက်လာမည့်သူများနှင့်သူတို့သည် အဘယ်ကြောင့်ကွာခြားသနည်း။

၁၅ လူအုပ်ကြီးနှင့်စပ်လျဉ်း၍ဗျာဒိတ် ၇:၁၇ က “သိုးသငယ်သည် သူတို့ကိုလုပ်ကျွေး၍ အသက်စမ်းရေတွင်းသို့လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်” ဟုဆိုသည်။ ဤပရောဖက်ပြုချက်သည် ယခုဝိညာဏပြည့်စုံချက်ရှိသော်လည်း အာမဂေဒုန်လွတ်မြောက်သူများသည် စာသားအရပြည့်စုံမှုကိုတွေ့ရမည်။ မည်သို့နည်း။ ယေရှုမြေကြီးပေါ်တွင်ရှိစဉ် မည်သို့ပြုမူခဲ့သနည်း။ ကိုယ်တော်သည် အင်္ဂါချို့တဲ့သူကိုကုသပေးခဲ့သည်၊ ခြေမသန်သူကို လမ်းလျှောက်စေခဲ့သည်၊ နားပင်းသူကိုကြားစေ၍ မျက်စိကန်းသူကို မြင်စေခဲ့သည်။ နူနာစွဲသူနှင့်လက်ခြေသေသူကို ပျောက်ကင်းစေခဲ့ကာ “လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကိုငြိမ်းစေ” တော်မူခဲ့သည်။ (မဿဲ ၉:၃၅။ ၁၅:၃၀၊ ၃၁) ယင်းသည်ယနေ့ခရစ်ယာန်များ လိုအပ်ရာမဟုတ်ပေလော။ လူအုပ်ကြီးသည် ကမ္ဘာဟောင်းကိုယ်အင်္ဂါချို့တဲ့မှုများနှင့် မသန်စွမ်းမှုများကို ကမ္ဘာသစ်ထဲသို့သယ်ဆောင်သွားမည်။ ယင်းတို့နှင့်စပ်လျဉ်း၍ သိုးသငယ်မည်သို့ပြုလုပ်ပေးရန် ကျွန်ုပ်တို့မျှော်လင့်သနည်း။ အာမဂေဒုန်ကျော်နင်းသူများ၏လိုအပ်ချက်သည် ရှင်ပြန်ထမြောက်လာမည့်သူများလိုအပ်ချက်မှ အလွန်ကွာခြားပါလိမ့်မည်။ ထမြောက်လာမည့်သူများသည် လူ့စုံလင်မှုမရရှိသေးသော်လည်း ကျန်းမာသန်စွမ်းသောခန္ဓာများဖြင့် ပြန်လည်ဖန်ဆင်းခံရဖွယ်အကြောင်းရှိလေသည်။ အံ့ဖွယ်တန်ခိုးဖြင့်ထမြောက်ပြီးဖြစ်ခြင်းကြောင့် သူတို့သည်ယခင်ကအင်္ဂါချို့တဲ့မှုများကို အံ့ဖွယ်ကုသခြင်းဖြင့် ပြန်လည်ပြုပြင်ရန် လိုမည်မဟုတ်ကြောင်းထင်ရှားသည်။ အခြားတစ်ဖက်တွင်မူ အာမဂေဒုန်ကိုတစ်မူထူးခြားစွာလွတ်မြောက်ခဲ့ခြင်းကြောင့် လူအုပ်ကြီးမှအများသည် အံ့ဖွယ်ပြုပြင်မှုကိုလိုအပ်မည်ဖြစ်ပြီး ရရှိမည်ဖြစ်သည်။ ယေရှုအနာငြိမ်းစေခဲ့ခြင်း၏အဓိကရည်ရွယ်ချက်မှာ လူအုပ်ကြီးသည် ကျော်နင်းလွတ်မြောက်ရုံမကဘဲယင်းနောက်တွင် အနာငြိမ်းစေမည်ဖြစ်ကြောင်း အားပေးရန်အတွက် ပုံတင်ပြချက်ဖြစ်သည်။

၁၆။ (က) အာမဂေဒုန်ကျော်နင်းသူများအပေါ် အံ့ဖွယ်ကုသခြင်းဘယ်သောအခါ ဖြစ်မည်နည်း။ မည်သည့်ရလဒ်ရရှိမည်နည်း။ (ခ) လာမည့်အနှစ်တစ်ထောင်အတွင်းတွင် မည်သည့်မျှော်လင့်ချက်၌ ကျွန်ုပ်တို့ဆက်လက်ဝမ်းမြောက်မည်နည်း။

၁၆ အာမဂေဒုန်လွတ်မြောက်သူများအတွင်းတွင် ထိုသို့သောအံ့ဖွယ်ကုသပေးမှုသည် အာမဂေဒုန်ပြီးနောက်မကြာမီနှင့် ထမြောက်ခြင်းမစမီတွင်ဖြစ်မည်မှာဆီလျော်သည်။ (ဟေရှာယ ၃၃:၂၄။ ၃၅:၅၊ ၆။ ဗျာဒိတ် ၂၁:၄။ မာကု ၅:၂၅-၂၉ နှိုင်းယှဉ်) ထိုအခါတွင်လူများသည် မျက်မှန်များ၊ တုတ်ထောက်များ၊ ချိုင်းထောက်များ၊ လူနာတွန်းလှည်းများ၊ သွားတုများ၊ နားကြပ်များစသည်တို့ကို ပစ်လိုက်ကြမည်။ မည်မျှဝမ်းမြောက်ဖွယ်ပါတကား။ ယေရှု၏ထိုသို့သော ကနဦးပြန်လည်ထူထောင်ရေးလုပ်ဆောင်ချက်သည် မြေကြီးသစ်၏အုတ်မြစ်များအဖြစ် အာမဂေဒုန်ကျော်နင်းသူများ၏ကဏ္ဍနှင့် မည်မျှသင့်မြတ်လှပါသည်တကား။ လွတ်မြောက်သူများသည် ရှေ့သို့ဇွဲနပဲဖြင့်ချီတက်နိုင်ရန် အနာရောဂါများကိုဖယ်ရှားပစ်မည်။ သူတို့ရှေ့တွင်ရှိနေသော အနှစ်တစ်ထောင်အတွင်း ထူးမြတ်လှသောလုပ်ငန်းများကို စိတ်ဇော်ထက်သန်စွာဖြင့်ရှုမျှော်ရင်း ကမ္ဘာဟောင်းကသူတို့အပေါ်ဖိစီးခဲ့သည့်ဝေဒနာများက သူတို့အားပြန်လည်ဆွဲချမည်မဟုတ်ချေ။ အနှစ်တစ်ထောင်တစ်လျှောက်လုံးတွင်လည်း ထိုအနှစ်တစ်ထောင်အဆုံးတွင် ရောက်ရှိမည့်လုံးဝစုံလင်မည့် လူ့အသက်တာမျှော်လင့်ချက်၌ ဝမ်းမြောက်နေမည်။

၁၇။ ပရဒိသုတည်ထောင်ခြင်းလုပ်န်း ဆက်လက်လုပ်ဆောင်စဉ် မည်သည့်ရွှင်လန်းမှုရှိမည်နည်း။

၁၇ ယင်းသည်သင့်မျှော်လင့်ချက်ဖြစ်ခဲ့သော် မြေကြီးပေါ်တွင် ပရဒိသုပြန်လည်တည်ထောင်ခြင်းတွင် ပါဝင်ရသည့်ပျော်ရွှင်မှုအပေါ်တွင်လည်း အာရုံစိုက်ပါလေ။ (လုကာ ၂၃:၄၂၊ ၄၃) အာမဂေဒုန်ကျော်နင်းသူများသည် မြေကြီးကိုရှင်းလင်းရာတွင် ကူညီမည်မှာမလွဲပေ။ သို့ဖြင့်သေဆုံးသူများ ပြန်လည်ရှင်ပြန်လာမည့်နေရာသည် သာယာနေပေမည်။ သေဆုံးသွားသောကျွန်ုပ်တို့ချစ်မြတ်နိုးသူများအပါအဝင် ထမြောက်လာသူများကို ကြိုဆိုခြင်းအစီအစဉ်များဖြင့် အသုဘများကိုအစားထိုးပေမည်။ လွန်ခဲ့ပြီးသောရာစုနှစ်များမှ သစ္စာရှိယောက်ျားမိန်းမများနှင့် ကောင်းမြတ်လှသည့်ပေါင်းသင်းမှုကို စဉ်းစားကြည့်ပါ။ မည်သူကိုသင်အထူးစကားပြောလိုသနည်း။ အာဗေလ၊ ဧနောက်၊ ယောဘ၊ နောဧ၊ အာဗြဟံ၊ စာရာ၊ ဣဇာက်၊ ယာကုပ်၊ ယောသပ်၊ မောရှေ၊ ယောရှု၊ ရာခပ်၊ ဒေဗောရ၊ ရှံဆုံ၊ ဒါဝိဒ်၊ ဧလိယ၊ ဧလိရှဲ၊ ယေရမိ၊ ယေဇကျေလ၊ ဒံယေလ သို့မဟုတ် နှစ်ခြင်းဆရာယောဟန်လော။ ထို့ကြောင့်၊ ဤရွှင်မြူးဖွယ်အလားအလာသည်လည်း သင့်မျှော်လင့်ချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သင်သည်သူတို့နှင့်စကားပြောနိုင်မည်။ သူတို့ထံမှသင်ယူနိုင်မည်ဖြစ်ပြီး မြေကြီးတစ်ခွင်လုံးကိုသူတို့နှင့်အတူပရဒိသုဖြစ်ရန် လုပ်ဆောင်နိုင်မည်။

၁၈။ မည်သည့်ထပ်ဆင့်ရွှင်လန်းမှုကို ကျွန်ုပ်တို့စူးစိုက်နိုင်သနည်း။

၁၈ ယေဟောဝါဖန်ဆင်းခဲ့သည့်မူလအတိုင်း ကျွန်ုပ်တို့၏မြေကြီးသည် စုံလင်သောဝန်းကျင်မျှတမှုအခြေအနေသို့ ပြန်လည်ဆိုက်ရောက်ခါ အာဟာရရှိသောအစားအစာ၊ စင်ကြယ်သောရေ၊ သန့်ရှင်းသောလေတို့ကိုလည်း စဉ်းစားကြည့်လိုက်ပါ။ ထိုအခါတွင်၊ အသက်တာသည် စုံလင်ခြင်းကိုမလှုပ်မရှားခံစားနေခြင်းမျှသာမဟုတ်ဘဲ ရွှင်လန်းဖွယ်လုပ်ရပ်များတွင် လှုပ်လှုပ်ရှားရှားနှင့် အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်လုပ်ဆောင်ခြင်းဖြစ်မည်။ ရာဇဝတ်မှု၊ ဘဝင်မြင့်မှုများ၊ မနာလိုခြင်း၊ ရန်ဖြစ်ခြင်းကင်းရှင်းသည့် လူတိုင်းဝိညာဉ်တော်အသီးမွေးမြူ၍သီးသည့် ညီအစ်ကိုအသင်းအပင်းကို ရှုမျှော်ကြည့်လိုက်ပါ။ မည်မျှစိတ်လှုပ်ရှားဖွယ်ပါတကား။—ဂလာတိ ၅:၂၂၊ ၂၃။

အသက်ရှင်ရကျိုးနပ်စေသောမျှော်လင့်ချက်

၁၉။ (က) ရောမ ၁၂:၁၂ တွင်ဖော်ပြထားသောဝမ်းမြောက်ခြင်းကို မည်သည့်အခါခံစားဖို့ဖြစ်သနည်း။ (ခ) ဘဝဝန်ထုပ်များသည် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ဘေးဖယ်မပစ်ရန် အဘယ်ကြောင့်သန္နိဌာန်ချထားသင့်သနည်း။

၁၉ မျှော်လင့်နေသည့်အရာဖြစ်လာခဲ့လျှင် မျှော်လင့်ချက်မဟုတ်တော့ချေ။ ထို့ကြောင့်ရောမ ၁၂:၁၂ တွင်တမန်တော်ပေါလုအားပေးခဲ့သည့် ဝမ်းမြောက်ခြင်းသည် ယခုခံစားရရန်ဖြစ်သည်။ (ရောမ ၈:၂၄) ဘုရားနိုင်ငံတော်ဖြစ်ပေါ်စေမည့် အနာဂတ်ကောင်းချီးများကို စဉ်းစားနေခြင်းကိုယ်နှိုက်က ထိုမျှော်လင့်ချက်တွင်ကျွန်ုပ်တို့ယခုဝမ်းမြောက်ရန် အကြောင်းဖြစ်သည်။ ထို့ကြောင့်၊ သင်၏ထူးမြတ်လှသော မျှော်လင့်ချက်ကို ဘေးသို့တွန်းဖယ်လိုက်ရန် ယိုယွင်းသောလောကတွင် ဘဝဝန်ထုပ်များကိုခွင့်မပြုမိဖို့ သန္နိဌာန်ချထားပါလေ။ ရှေ့တွင်ရှိမျှော်လင့်ချက်ကို မျက်ခြေပြတ်လျက် နွမ်းလျ၊ အရှုံးမပေးပါနှင့်။ (ဟေဗြဲ ၁၂:၃) ခရစ်ယာန်လမ်းစဉ်ကို စွန့်ပစ်လိုက်ခြင်းသည် သင့်ပြဿနာများကို ပြေလည်စေမည်မဟုတ်ချေ။ တစ်ဦးတစ်ယောက်သည် ယခုဘဝဝန်ထုပ်များကြောင့် ဘုရားသခင့်အမှုဆောင်ခြင်းကို ရပ်ဆိုင်းလိုက်လျှင် သူသည်ထိုဝန်ထုပ်များနှင့်ပိနေတုန်းပင်ဖြစ်သည်ကိုသတိရပါ။ သို့သော်သူသည်မျှော်လင့်ချက်ပျောက်ဆုံးကာ ရှေ့တွင်ရှိထူးမြတ်လှသော အလားအလာတွင် ဝမ်းမြောက်ခြင်းပျောက်ဆုံးခြင်းပင်ဖြစ်လေသည်။

၂၀။ ဘုရားနိုင်ငံတော်မျှော်လင့်ချက်သည် ယင်းကိုလက်ခံသူများအပေါ် မည်သို့အကျိုးသက်ရောက်မှုရှိသနည်း။ အဘယ်ကြောင့်နည်း။

၂၀ ယေဟောဝါ၏လူများသည် ပျော်ရွှင်ဖွယ်အသက်တာရရှိရန် အကြောင်းလုံးဝရှိသည်။ သူတို့၏တောက်ပ၊ စိတ်လှုပ်ရှားဖွယ်မျှော်လင့်ချက်သည် အသက်ရှင်ရကျိုးနပ်စေသည်။ သူတို့သည် ဤရွှင်လန်းဖွယ်မျှော်လင့်ချက်ကို သူတို့ကိုယ်နှိုက်အတွက်သာမထား,ထားချေ။ သို့အစား၊ သူတို့သည်အခြားသူများကိုဝေမျှရန် စိတ်ပြင်းပြကြသည်။ (၂ ကောရိန္သု ၃:၁၂) ထို့ကြောင့်၊ ဘုရားနိုင်ငံတော်မျှော်လင့်ချက်ကိုရရှိသူတို့သည် အခိုင်အမာစိတ်ချသောလူမျိုးဖြစ်ပြီး သူတို့သည်အခြားသူများအား ဘုရားသခင့်ထံမှသတင်းကောင်းကို ဟောပြောခြင်းဖြင့် အခြားသူများကို အားပေးရန်ကြိုးပမ်းကြသည်။ ယင်းကသတင်းကောင်းကိုလက်ခံသည့် သူအားလုံး၏အသက်တာကို လူသားတို့အားပေးခဲ့သမျှမျှော်လင့်ချက်တွင် အထူးမြတ်ဆုံးဖြစ်သည့် မြေကြီးကိုပရဒိသုပြန်လည်တည်ထောင်မည့် ဘုရားနိုင်ငံတော်မျှော်လင့်ချက်ဖြင့် ပြည့်လွှမ်းစေသည်။ လူတို့သည်လက်မခံလျှင်လည်း ကျွန်ုပ်တို့ဆက်လက် ဝမ်းမြောက်နေသည်။ အကြောင်းမှာ၊ ကျွန်ုပ်တို့သည်မျှော်လင့်ချက်ရရှိထားသောကြောင့်ဖြစ်သည်။ နားပိတ်ထားသူများသာ ရှုံးသူများဖြစ်၍ ကျွန်ုပ်တို့ကားမဟုတ်ချေ။—၂ ကောရိန္သု ၄:၃၊ ၄။

၂၁။ မည်သည့်အရာနီးပြီနည်း။ ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ကျွန်ုပ်တို့မည်သို့ တန်ဖိုးထားနိုင်သနည်း။

၂၁ ဘုရားသခင်၏ကတိတော်မှာ ‘ကြည့်ရှုလော့။ ငါသည်ခပ်သိမ်းသောအရာတို့ကိုအသစ်ဖန်ဆင်းသည်’ ဟူ၍ဖြစ်သည်။ (ဗျာဒိတ် ၂၁:၅) ကမ္ဘာသစ်နှင့်ယင်း၏ကြည်နူးမှုခပ်သိမ်းအပါအဝင် အဆုံးမရှိသောကောင်းချီးများနီးနေပေပြီ။ ကောင်းကင်တွင်ဖြစ်စေ၊ မြေကြီးပရဒိသုအပေါ်တွင်ဖြစ်စေ အသက်ရှင်ရခြင်းဖြစ်သော ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် အဖိုးထိုက်လှသည်။ ယင်းကိုကွယ်ကာထားပါလေ။ ဤခဲယဉ်းသောနောက်ဆုံးကာလတွင် ယခင်ကထက်ပို၍ယင်းကို “မြဲမြံခိုင်ခံ့သောစိတ်နှလုံး၏ကျောက်ဆူး” အဖြစ်ရှုမြင်ပါလေ။ “နိစ္စအမြဲတည်သောကျောက်” ယေဟောဝါတွင် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ကျောက်ဆူးချလျက် ကျွန်ုပ်တို့ရှေ့တွင်ထားရှိသော “မျှော်လင့်ချက်၌ဝမ်းမြောက်” ရန်ယခုတွင်ပင်ကျွန်ုပ်တို့၌ခိုင်မာ၍ စိတ်ရွှင်ပြဖွယ်အကြောင်းရှိသည်မှာ သေချာလေသည်။—ဟေဗြဲ ၆:၁၉။ ဟေရှာယ ၂၆:၄၊ သမ္မ။

[အောက်ခြေမှတ်ချက်များ]

a ၁၉၉၂ ခုနှစ်အတွင်း ကမ္ဘာချီယေဟောဝါသက်သေများ၏နှစ်ချုပ်ကျမ်းချက်—“မျှော်လင့်ချက်၌ဝမ်းမြောက်လော့။ . . . ဆုတောင်းခြင်းတွင်စွဲမြဲလော့။”—ရောမ ၁၂:၁၂၊ ကဘ။

ပြန်လည်သုံးသပ်ရန်မေးခွန်းများ

▫ လူသားတို့၏ကြီးမားသောမျှော်လင့်ချက်ကားအဘယ်နည်း။

▫ စစ်မှန်သောရွှင်လန်းမှုကားအဘယ်နည်း။

▫ အာမဂေဒုန်ကျော်နင်းသူများအပေါ် အံ့ဖွယ်အနာငြိမ်းမှုသည် ဘယ်သောအခါဖြစ်နိုင်သနည်း။

▫ ဘဝဝန်ထုပ်များက ကျွန်ုပ်တို့မျှော်လင့်ချက်ကိုဘေးဖယ်ပစ်ရန် အဘယ်ကြောင့်ခွင့်မပြုသင့်သနည်း။

▫ ကမ္ဘာသစ်တွင်မည်သည့်ရွှင်လန်းမှုကို သင်ရှုမျှော်သနည်း။

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ယေရှုကုသပေးခဲ့သည်မျိုး သင်မြင်တွေ့ရလျှင် သင့်နှလုံးသည်ရွှင်လန်းမှုဖြင့် ပြည့်နေမည်မဟုတ်ပေလော

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဘုရားနိုင်ငံတော်တွင် ဝမ်းမြောက်သူများသည် သူတို့၏မျှော်လင့်ချက်ကိုဝေမျှခြင်းဖြင့် အခြားသူများကို အားပေးသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ