ရွှင်လန်းသောနှလုံးနှင့် ယေဟောဝါအမှုတော်ကို ဆောင်ရွက်လော့
‘ဝမ်းမြောက်ရွှင်လန်းသောစိတ် [နှလုံး၊ ကဘ] နှင့် သင်၏ဘုရားသခင် ယေဟောဝါ၏အမှုတော်ကို မဆောင်မရွက်သောကြောင့် . . . ဤကျိန်ခြင်းအမင်္ဂလာရှိသမျှတို့သည် သင့်အပေါ်မှာ သက်ရောက် . . . လိမ့်မည်။’—တရားဟောရာ ၂၈:၄၅-၄၇။
၁ ယေဟောဝါ၏ကျေးကျွန်များသည် မည်သည့်နေရာတွင်ပင် ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်စေကာမူ ဝမ်းမြောက်ရွှင်လန်းကြောင်း အဘယ်သာဓကရှိသနည်း။
ယေဟောဝါ၏ကျေးကျွန်များသည် ကောင်းကင်တွင်ဖြစ်စေ၊ မြေကြီးပေါ်တွင်ဖြစ်စေ ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ကြစဉ် ဝမ်းမြောက်ရွှင်လန်းကြသည်။ ကောင်းကင် “နံနက်ကြယ်တို့သည်” မြေကြီးအမြစ် တည်ချိန်တွင် ဥဒါန်းကျူးရင့်ခဲ့ကြ၍ ကောင်းကင်တမန် အသင်္ချေတို့သည် ‘ဘုရားသခင့် နှုတ်ကပါဌ်တော်အတိုင်း’ ရွှင်လန်းစွာ ဆောင်ရွက်နေကြပေမည်။ (ယောဘ ၃၈:၄-၇; ဆာလံ ၁၀၃:၂၀) ယေဟောဝါ၏ တစ်ပါးတည်းသောသားတော်သည် ကောင်းကင်တွင် ရွှင်လန်းသော “လုပ်သားချုပ်” ဖြစ်တော်မူခဲ့၍ ကမ္ဘာပေါ်တွင် လူသားယေရှုခရစ်တော်အဖြစ် အလိုတော်မြတ်ကို အားရဝမ်းသာ ဆောင်ရွက်တော်မူသည်။ ယင်းထက်မက “ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော် လက်ယာဘက်၌ ထိုင်နေတော်မူ၏။”—သု. ၈:၃၀၊ ၃၁; ဟေဗြဲ ၁၀:၅-၁၀; ၁၂:၂။
၂။ ဣသရေလလူမျိုးသည် ကောင်းချီး သို့မဟုတ် ကျိန်ခြင်းကို ခံစားရရန် အဘယ်အရာက ဆုံးဖြတ်စီရင်သနည်း။
၂ ဣသရေလလူမျိုးသည် ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်သောအခါ ရွှင်လန်းကြသည်။ သို့သော် သူတို့စကားနားမထောင်လျှင်ကော။ ဤသို့ သတိပေးခံရသည်– “သင့်အပေါ်၌လည်းကောင်း၊ သင့်အမျိုးအနွယ်အပေါ်၌လည်းကောင်း၊ [ကျိန်ခြင်းတို့သည်] အစဉ်မပြတ် နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှု ဖြစ်ကြလိမ့်မည်။ သင်သည် ဥစ္စာကြွယ်ဝသောအခါ ဝမ်းမြောက်ရွှင်လန်းသောစိတ် [နှလုံး၊ ကဘ] နှင့် သင်၏ဘုရားသခင် ထာဝရဘုရား၏အမှုတော်ကို မဆောင်မရွက်သောကြောင့် ထာဝရဘုရား စေလွှတ်တော်မူသော ရန်သူ၏အမှုကို သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းနှင့်တကွ၊ အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည် မပျက်စီးမီတိုင်အောင် သင့်လည်ပင်း၌ သံထမ်းပိုးကို တင်ထားတော်မူမည်။” (တရားဟောရာ ၂၈:၄၅-၄၈) မည်သူတို့သည် ယေဟောဝါ၏ကျေးကျွန်များဖြစ်သည်၊ မည်သူတို့မူကား မဟုတ်ကြောင်းကို ကောင်းချီးနှင့်ကျိန်ခြင်းတို့က ထင်ရှားစေသည်။ ဘုရားသခင်၏ မူများနှင့် ရည်ရွယ်ချက်တို့ကို မလေးမခန့်၊ မထီတရီမပြုနိုင်ကြောင်း ဤကျိန်ခြင်းတို့က အသေအချာသိစေသည်။ ဣသရေလလူမျိုးသည် ဖျက်ဆီးခြင်းခံရပြီး ပြည်နှင်ခံရမည်ဟု ယေဟောဝါ၏သတိပေးချက်ကို ငြင်းပယ်ကြသောကြောင့် ယေရုရှလင်မြို့သည် “မြေပေါ်မှာ လူအမျိုးမျိုး ကျိန်ဆဲသောမြို့” ဖြစ်လာလေသည်။ (ယေရမိ ၂၆:၆) ထို့ကြောင့် ဘုရားသခင်၏စကားကို နားထောင်ကြကာ ကိုယ်တော်၏မျက်နှာသာတော်နှင့် တွေ့ကြစို့။ ရွှင်လန်းခြင်းသည် ဘုရားရေး၌မွေ့လျော်သူများ ခံစားရသောကောင်းချီးအများအနက် တစ်ခုအဝင်ဖြစ်သည်။
“ရွှင်လန်းသောစိတ် [နှလုံး၊ ကဘ]” နှင့် မည်သို့ဝတ်ပြုနိုင်
၃။ ဥပစာနှလုံးကား အဘယ်နည်း။
၃ ဣသရေလလူမျိုးသည် ယေဟောဝါ၏အမှုတော်ကို “ဝမ်းမြောက်ရွှင်လန်းသောစိတ် [နှလုံး၊ ကဘ] နှင့် ဆောင်ရွက်ရမည်ဖြစ်သည်။ ဘုရားသခင်၏ မျက်မှောက်ခေတ်ကျေးကျွန်များလည်း ထို့အတူပြုရမည်။ ဝမ်းမြောက်ခြင်းမည်သည်ကား “ရွှင်လန်းသည်; ဝမ်းသာအားရသည်” ဖြစ်သည်။ ကျမ်းစာက ကိုယ်ကာယနှလုံးကို ဖော်ပြသော်လည်း ယင်းသည် ပကတိအတိုင်း မစဉ်းစားမဆင်ခြင်တတ်ပါ။ (ထွက်မြောက်ရာ ၂၈:၃၀) ၎င်း၏အဓိကဆောင်ရွက်ချက်မှာ ခန္ဓာကိုယ်ဆဲလ်များကို အာဟာရဖြည့်ဆည်းပေးရန် အသွေးကို ညှစ်ထုတ်ပေးခြင်းဖြစ်သည်။ ကျမ်းစာတွင်ကား များသောအားဖြင့် ဥပစာနှလုံးကို ဖော်ပြသည်။ ယင်းသည် ချစ်ခင်ခြင်း၊ လှုံ့ဆော်တိုက်တွန်းခြင်းမှအပ စဉ်းစားဆင်ခြင်နိုင်စွမ်း၏ ဗဟိုချက်မ မျှသာမဟုတ်ပါ။ ၎င်းသည် “ယေဘုယျအားဖြင့် အလယ်ဗဟို၊ အတွင်းကိုဆိုလိုသဖြင့် လုပ်ကိုင်လေသမျှတွင်ဖြစ်စေ၊ မိမိ၏ နှလုံးဆန္ဒများ၊ ချစ်ခင်ကြင်နာမှုများ၊ နှလုံးလှုပ်ရှားမှုများ၊ မက်မောရာများ၊ ရည်ရွယ်ချက်များ၊ မိမိစဉ်းစားသည့်အရာ၊ မြော်မြင်ပုံ၊ စိတ်ကူးယဉ်ချက်၊ မိမိ၏အသိဉာဏ်ပညာ၊ တတ်စွမ်းမှု၊ မိမိ၏ ယုံကြည်ချက်များနှင့် တွေးတောဆင်ခြင်ချက်များ၊ မိမိ၏မှတ်ဉာဏ်နှင့်အသိတရားအစရှိသည့် မိမိကိုယ်ကို ထင်ရှားစေသော အတွင်းလူကိုဆိုလိုသည်။” (Journal of the Society of Biblical Literature and Exegesis, 1882, page 67) ကျွန်ုပ်တို့၏ ဥပစာနှလုံးတွင် ရွှင်လန်းခြင်းအပါအဝင် ကျွန်ုပ်တို့၏ခံစားချက်များနှင့် စိတ်လှုပ်ရှားမှုများ ပါဝင်သည်။—ယောဟန် ၁၆:၂၂။
၄။ ယေဟောဝါဘုရား၏အမှုတော်ကို ရွှင်လန်းသောနှလုံးနှင့် ဆောင်ရွက်နိုင်ရန် အဘယ်အရာက ကူညီနိုင်မည်နည်း။
၄ ယေဟောဝါ၏အမှုတော်ကို ရွှင်လန်းသောနှလုံးနှင့် ဆောင်ရွက်နိုင်ရန် အဘယ်အရာက ကူညီမည်နည်း။ ကျွန်ုပ်တို့၏ကောင်းချီးများနှင့် ဘုရားပေးအခွင့်အရေးများကို အပြုသဘောဆောင်သော ကျေးဇူးတင်လေးစားခြင်းက အကူအညီပေးပါလိမ့်မည်။ ဥပမာ၊ စစ်မှန်သော “ဘုရားဝတ်” ပြုခွင့်ကို ဝမ်းမြောက်ရွှင်လန်းစွာ ဆင်ခြင်သုံးသပ်နိုင်သည်။ (လုကာ ၁:၇၄) ယင်းနှင့်ဒွန်တွဲနေသည်ကား သက်သေခံများအဖြစ် ယေဟောဝါ၏နာမတော်ကို ခံယူခွင့်ဖြစ်သည်။ (ဟေရှာယ ၄၃:၁၀-၁၂) ထို့ပြင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လိုက်နာသည့်အတွက် အလိုတော်နှင့်တွေ့ကြောင်း သိရှိရခြင်းသည်လည်း ရွှင်လန်းမှုကို တိုးပွားစေသည်။ ဝိညာဏအလင်း ထွန်းလင်းခြင်းအားဖြင့် လူတို့အား အမှောင်မှထွက်လာကြရန် ကူညီခွင့်ရခြင်းသည်လည်း အလွန်အားရရွှင်လန်းစရာပါတကား!—မဿဲ ၅:၁၄-၁၆; ၁ ပေတရု ၂:၉ နှိုင်းယှဉ်။
၅။ ဘုရားရေးရာရွှင်လန်းမှု၏ အရင်းအမြစ်ကား အဘယ်နည်း။
၅ သို့ဖြစ်စေကာမူ ရွှင်လန်းသောနှလုံးနှင့် ယေဟောဝါအမှုတော်ဆောင်ခြင်းသည် အပြုသဘောဆောင်၍ စဉ်းစားခြင်းကိစ္စမျှမဟုတ်ပါ။ အပြုသဘောဆောင်သောအမြင်ရှိခြင်းသည် အကျိုးရှိသော်လည်း မိမိဂုဏ်အသရေတိုးတက်စေခြင်းအားဖြင့် ဘုရားရေးရာရွှင်လန်းမှုကိုရမည်မဟုတ်ပါ။ ယင်းကား ယေဟောဝါ၏ဝိညာဉ်အသီးဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ယင်းကဲ့သို့သောရွှင်လန်းမှုမျိုးမရှိလျှင် ပြုပြင်စရာလိုပေမည်။ သို့မှသာ ဘုရားသခင်၏ဝိညာဉ်တော်ကိုနှလုံးနာစေမည့် ကျမ်းစာနှင့်မကိုက်ညီသော တွေးတောစဉ်းစား၊ ပြုမူပုံကို ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။ (ဧဖက် ၄:၃၀) သို့သော် တစ်စုံတစ်ရာသောအချိန်တွင် ရွှင်လန်းမှုမရှိခြင်းက ဘုရားသခင့်မျက်နှာသာမရသည့်လက္ခဏာဖြစ်သည်ဟူ၍ ယေဟောဝါကိုချစ်မြတ်နိုးသူများ မယူမှတ်သင့်ပေ။ ကျွန်ုပ်တို့အားလုံး မစုံလင်သူများဖြစ်ကြရာ နာကျင်ခြင်း၊ ဝမ်းနည်းခြင်း၊ တစ်ခါတစ်ရံ စိတ်ဓာတ်ကျခြင်း ဖြစ်တတ်ကြသည်။ သို့သော် ကျွန်ုပ်တို့ကို ယေဟောဝါ သိနားလည်တော်မူသည်။ (ဆာလံ ၁၀၃:၁၀-၁၄) ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်ရဖို့ ဆုတောင်းပါ။ ဝမ်းမြောက်ရွှင်လန်းခြင်း ဝိညာဉ်အသီးသည် ဘုရားပေးဆုကျေးဇူးဖြစ်ကြောင်း အမြဲသတိရပါ။ ချစ်ခြင်းမေတ္တာရှင် ကောင်းကင်ခမည်းတော်သည် ဤကဲ့သို့သောဆုတောင်းချက်များကို နားညောင်းတော်မူ၍ ရွှင်လန်းသောနှလုံးနှင့် ကိုယ်တော့်အမှုထမ်းနိုင်ရန် အမှန်ကူညီပါလိမ့်မည်။—လုကာ ၁၁:၁၃။
ရွှင်လန်းခြင်း မရှိသည့်အခါ
၆။ ယေဟောဝါ၏အမှုတော်ကို ဆောင်ရွက်ရာတွင် ရွှင်လန်းခြင်း မရှိပါက မည်သို့ပြုလုပ်သင့်သနည်း။
၆ ယေဟောဝါ၏အမှုတော်ကို ဆောင်ရွက်ရာတွင် ရွှင်လန်းခြင်း မရှိပါက တဖြည်းဖြည်းဇွဲလျော့နည်းသွားမည်။ သစ္စာဖျက်သူပင် ဖြစ်သွားနိုင်သည်။ ယင်းကြောင့် ပညာရှိလမ်းစဉ်ကား နှိမ့်ချစွာဆုတောင်းပြီး မိမိ၏ရည်ရွယ်ချက်ကို စစ်ဆေးသုံးသပ်ကာ လိုအပ်သလို ပြုပြင်ရန်ဖြစ်သည်။ ဘုရားပေးရွှင်လန်းခြင်းရှိရန် ယေဟောဝါကို ချစ်မြတ်နိုးသောကြောင့် စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှ၊ စိုးလ်အပြည့် ဝတ်ပြုရမည်။ (မဿဲ ၂၂:၃၇) အပြိုင်အဆိုင်စိတ်ဓာတ်နှင့် အမှုတော်မဆောင်သင့်ကြောင်း ပေါလု ဤသို့ရေးသားမှာကြား၏– “ငါတို့သည် ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင် ဝိညာဉ်ပကတိအတိုင်း ကျင့်ကြကုန်အံ့။ အချည်းနှီးသော ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်း ချုပ်ချယ်နှောင့်ယှက်ခြင်း၊ အချင်းချင်းငြူစူခြင်းတို့ကိုရှောင်၍ နေကြကုန်အံ့။” (ဂလာတိ ၅:၂၅၊ ၂၆) သူတစ်ပါးထက် သာလိုသောစိတ်၊ သို့မဟုတ် ချီးမွမ်းခံလိုသောစိတ်ကြောင့် အမှုထမ်းမည်ဆိုလျှင် စစ်မှန်သောရွှင်လန်းခြင်း မရှိနိုင်ပါ။
၇။ ရွှင်လန်းသောနှလုံး ပြန်ရှိလာရန် မည်သို့ပြုလုပ်ပေးနိုင်သနည်း။
၇ ယေဟောဝါထံ ဆက်ကပ်အပ်နှံဝတ်ကို ဖြည့်စွက်သည့်အခါ ရွှင်လန်းမှုရရှိသည်။ မိမိကိုယ်ကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံစဉ်က ခရစ်ယာန်လမ်းစဉ်ကို ဇွဲလုံ့လဖြင့် စတင်လျှောက်လှမ်းခဲ့သည်။ ကျမ်းစာကိုလည်း အပတ်တကုတ်လေ့လာပြီး စည်းဝေးများကို မှန်မှန်တက်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဓမ္မအမှုတွင် ပါဝင်ခြင်းမှလည်း ရွှင်လန်းမှုရခဲ့သည်။ သို့ဖြစ်ခဲ့သော်လည်း ယခုထိုရွှင်လန်းခြင်း လျော့နည်းနေသည်ဆိုလျှင် မည်သို့ပြုလုပ်နိုင်သနည်း။ ကျမ်းစာလေ့လာခြင်း၊ စည်းဝေးတက်ခြင်း၊ ဓမ္မအမှု၌ ပါဝင်ခြင်းဖြစ်သည့် ခရစ်ယာန်ဘာသာတရားဆိုင်ရာ လုပ်ငန်းရပ်အားလုံးတွင် အပြည့်အဝပါဝင်ခြင်းက ကျွန်ုပ်တို့အား ဝိညာဏတည်ငြိမ်မှုရှိစေမည်။ ရှေးဦးအစက ချစ်ခြင်းနှင့် ရွှင်လန်းခြင်းကိုပါ ပြန်ရရှိစေမည်။ (ဗျာဒိတ် ၂:၄) ထိုအခါ ရွှင်လန်းခြင်း ပျောက်နေပုံရှိပြီး ဝိညာဉ်ရေးအရ အကူအညီလိုအပ်လေ့ရှိနေသူတို့နှင့် တူတော့မည်မဟုတ်ပါ။ အကြီးအကဲများသည် အကူအညီပေးရန် အမြဲအသင့်ရှိကြသော်လည်း ကျွန်ုပ်တို့တစ်ဦးစီအနေနှင့်လည်း မိမိဆက်ကပ်အပ်နှံဝတ်ကို ဖြည့်စွက်ရန် တာဝန်ရှိသည်။ ကျွန်ုပ်တို့အတွက် အခြားမည်သူမျှ ယင်းတာဝန်ကိုမထမ်းနိုင်ပါ။ ထို့ကြောင့် သာမန်ခရစ်ယာန်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ကိုင်သွားစို့။ သို့မှသာ ယေဟောဝါထံ ဆက်ကပ်အပ်နှံဝတ်ကို ဖြည့်စွက်နိုင်ပြီး စစ်မှန်သော ရွှင်လန်းခြင်းရှိမည်။
၈။ ရွှင်လန်းလိုလျှင် ကြည်လင်သောသြတ္တပ္ပစိတ်ရှိရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၈ ဘုရားသခင်၏ဝိညာဉ်အသီးဖြစ်သော ရွှင်လန်းခြင်းရှိလိုလျှင် ကြည်လင်သောသြတ္တပ္ပစိတ် လိုအပ်သည်။ မိမိအပြစ်ကို ဣသရေလဘုရင် ဒါဝိဒ်သည် ဖုံးကွယ်ထားသည့်ကာလပတ်လုံး သူစိတ်ဆင်းရဲနေသည်။ သူ၏ချွေးရည် သွေ့ခြောက်သည့်တိုင် ဖြစ်ပုံရှိပြီး ဖျားနာခဲ့ပေမည်။ သို့သော် နောင်တယူပြီး အပြစ်ကိုဝန်ချတောင်းပန်သောအခါ သူ့စိတ်မည်မျှပေါ့ပါးသွားလိမ့်မည်ဖြစ်ခြင်း! (ဆာလံ ၃၂:၁-၅) ကြီးလေးသောအပြစ်တစ်ခုခုကို ဖုံးဖိလျှို့ဝှက်ထားမည်ဆိုလျှင် လုံးဝရွှင်လန်းနိုင်မည်မဟုတ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်မည်သာအမှန်။ ထိုသို့ပြုခြင်းက ရွှင်လန်းမှုရှိရန် နည်းလမ်းမဟုတ်ပါ။ အပြစ်ကို ဝန်ချတောင်းပန်ပြီး နောင်တရခြင်းကသာ နှလုံးသက်သာစေပြီး ရွှင်လန်းသောနှလုံးကို ပြန်ရရှိစေနိုင်မည်ဖြစ်သည်။—သု. ၂၈:၁၃။
ရွှင်လန်းစွာ စောင့်မျှော်နေခြင်း
၉၊ ၁၀။ (က) အဘယ်ကတိတော်ကို အာဗြဟံရခဲ့သနည်း။ သို့သော် သူ၏ယုံကြည်ခြင်းနှင့် ရွှင်လန်းခြင်း မည်သို့စမ်းသပ်ခံခဲ့ရမည်နည်း။ (ခ) အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့၏ပုံသက်သေမှ ကျွန်ုပ်တို့ မည်ကဲ့သို့အကျိုးရနိုင်သနည်း။
၉ မြင့်မြတ်သောရည်ရွယ်တော်မူချက်ကို အစကနဦးသိရှိလာသည့်အခါ ရွှင်လန်းမှုရခြင်းနှင့် နှစ်ရှည်လများကုန်လွန်လေသော် ဆက်လက်ရွှင်လန်းနေခြင်းသည် လုံးဝမတူပါ။ ယင်းကို သစ္စာရှိသူအာဗြဟံ၏ အဖြစ်အပျက်ဖြင့် ဖော်ပြနိုင်သည်။ ဘုရားသခင့်အမိန့်တော်အတိုင်း သားဣဇာက်ကိုပူဇော်ဖို့ ကြိုးစားပြီးနောက် ကောင်းကင်တမန်တစ်ပါးက ဤသတင်းကို ဆင့်ဆိုသည်– “သင်သည် ဤအမှုကိုပြု၍ သင်၏သား သင်၌ တစ်ယောက်တည်းသောသားကို ငါ့အား မငြင်းသောကြောင့် ငါသည် သင့်အား အစဉ်အမြဲ ကောင်းချီးပေးမည်။ သင်၏အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း၊ အစဉ်အမြဲပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးများကို အစိုးရလိမ့်မည်။ သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။” (ကမ္ဘာဦး ၂၂:၁၅-၁၈) ဤကတိတော်ကြောင့် အာဗြဟံသည် အမှန်တကယ်ဝမ်းသာလုံးဆို့ ဖြစ်ခဲ့မည်။
၁၀ ထို “အမျိုးအနွယ်” သည် ဣဇာက်ဖြစ်ပြီး သူ့အားဖြင့် ယင်းကောင်းချီးမင်္ဂလာများကို ခံစားရလိမ့်မည်ဟု အာဗြဟံယူမှတ်ခဲ့မည်။ သို့သော် နှစ်ပေါင်းများစွာ ကုန်လွန်သော်လည်း ဣဇာက်အားဖြင့် အဘယ်ထူးခြားချက်မျှ မဖြစ်ပေါ်လာသည့်အတွက် အာဗြဟံနှင့် သူ့အိမ်ထောင်စုသည် ယုံကြည်ခြင်း စမ်းသပ်ခံရပြီး ရွှင်လန်းခြင်းပင် ပျောက်လွင့်နိုင်ပေသည်။ ဘုရားသခင်က ဣဇာက်ကိုမက ယာကုပ်ကိုပါ ယင်းကတိတော်ကို ထပ်မံမိန့်တော်မူသည့်အတွက် အမျိုးအနွယ် ပေါ်လာမည့်အချိန်သည် မတိုင်သေးကြောင်း သဘောပေါက်စေခဲ့မည်။ ယင်းကြောင့် သူတို့ဆက်လက်ယုံကြည်ပြီး ရွှင်လန်းနေကြမည်။ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့သည် ကတိတော်နှင့်စပ်ဆိုင်သောပြည့်စုံချက်ကို မမြင်ရဘဲ သေလွန်ကြသော်လည်း သူတို့သည် ရွှင်လန်းမှုမရှိသော ယေဟောဝါကျေးကျွန်များ မဟုတ်ကြပါ။ (ဟေဗြဲ ၁၁:၁၃) ကျွန်ုပ်တို့လည်း ယေဟောဝါ၏ ကတိတော်ပြည့်စုံချက်ကို စောင့်မျှော်စဉ် ယုံကြည်ခြင်း၊ ရွှင်လန်းခြင်းရှိရှိနှင့် အမှုတော်ထမ်းဆောင်နိုင်ပါသည်။
ညှဉ်းဆဲခံရသော်လည်း ရွှင်လန်းခြင်း
၁၁။ ညှဉ်းဆဲခံရသော်လည်း အဘယ်ကြောင့်ရွှင်လန်းနိုင်သနည်း။
၁၁ ကျွန်ုပ်တို့သည် ယေဟောဝါ၏ကျေးကျွန်များအဖြစ် ညှဉ်းဆဲခံရသော်လည်း ရွှင်လန်းသောနှလုံးနှင့် ယေဟောဝါအမှုတော်ကို ဆောင်ရွက်နိုင်ကြသည်။ ယေရှုကြောင့် ညှဉ်းဆဲခံရသူများသည် ဝမ်းမြောက်ရွှင်မြူးမည်ဟု ကိုယ်တော်မိန့်တော်မူသည်။ တမန်တော်ပေတရုကလည်း ဤသို့ဆိုသည်– “သင်တို့သည် ခရစ်တော်၏ ဆင်းရဲကို ဆက်ဆံကြသည်ဖြစ်၍ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း ယခုပင် ဝမ်းမြောက်ကြလော့။ ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ၏။” (၁ ပေတရု ၄:၁၃၊ ၁၄; မဿဲ ၅:၁၁၊ ၁၂) သင်သည် ဖြောင့်မတ်ခြင်းတရားကြောင့် ညှဉ်းဆဲခံရလျှင် ယေဟောဝါ၏ဝိညာဉ်တော်ရပြီး မျက်နှာသာတော်နှင့်တွေ့သည့်အတွက် အမှန်တကယ် ရွှင်လန်းနိုင်သည်။
၁၂။ (က) ယုံကြည်ခြင်းစမ်းသပ်ချက်များကို ရွှင်လန်းစွာ အဘယ်ကြောင့်ခံရပ်သွားနိုင်သနည်း။ (ခ) ပြည်နှင်ခံခဲ့ရသော လေဝိသားတစ်ဦး၏အဖြစ်မှ အဘယ်သင်ခန်းစာရသနည်း။
၁၂ ဘုရားသခင်သည် ကျွန်ုပ်တို့၏ခိုလှုံရာ ဖြစ်တော်မူသောကြောင့် ယုံကြည်ခြင်းစမ်းသပ်ချက်များကို ရွှင်လန်းစွာ ခံသွားနိုင်မည်။ ယင်းကို ဆာလံ ၄၂ နှင့် ၄၃ ကထင်ရှားစေသည်။ တစ်စုံတစ်ရာသောအကြောင်းကြောင့် လေဝိသားတစ်ဦးသည် ပြည်နှင်ခံခဲ့ရ၍ ဘုရားသခင်၏ သန့်ရှင်းရာဌာနတွင် ဝတ်ပြုခွင့်ကို သူတောင့်တလွန်းသဖြင့် လွင်တီးခေါင်အရပ်၌ ရေငတ်သောသမင်ဒရယ်ကဲ့သို့ သူခံစားနေရသည်။ ယေဟောဝါကိုလည်းကောင်း၊ ဘုရားသခင်၏ သန့်ရှင်းရာဌာနတွင် ကိုယ်တော်အား ဝတ်ပြုခွင့်ကိုလည်းကောင်း သူ “ငတ်လှ၏” သို့မဟုတ် လွမ်းနေသည်။ (ဆာလံ ၄၂:၁၊ ၂) ယေဟောဝါလူမျိုးနှင့် ပေါင်းသင်းခွင့်ရခြင်းကို ကျေးဇူးတင်ကြောင်းဖော်ပြရန် ကျွန်ုပ်တို့အား ဤပြည်နှင်ခံရသူ၏ တွေ့ကြုံမှုက တိုက်တွန်းပေးသင့်သည်။ ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် ခေတ္တအကျဉ်းကျသည့် အခြေအနေမျိုးတွင်ရောက်နေ၍ ပေါင်းသင်းဆက်ဆံမှု ပြတ်တောက်မည်ဆိုလျှင် မြင့်မြတ်သောလုပ်ငန်းတော်တွင် ရခဲ့သော ရွှင်လန်းမှုများကို ပြန်သတိရစို့။ ထို့နောက် “ဘုရားသခင်ကိုမျှော်လင့်” စဉ် ဝတ်ပြုသူချင်းတို့နှင့် မှန်မှန်ပြန်အမှုဆောင်နိုင်ဖို့၊ ခံနိုင်ရည်ရှိဖို့ ဆုတောင်းကြစို့။ —ဆာလံ ၄၂:၄၊ ၅၊ ၁၁; ၄၃:၃-၅။
‘ယေဟောဝါ၏အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့’
၁၃။ ဘုရားသခင်၏အမှုတော်ဆောင်ရွက်ရာတွင် ရွှင်လန်းခြင်းသည် ထူးခြားချက်ဖြစ်သင့်ကြောင်း ဆာလံ ၁၀၀:၁၊ ၂ ကမည်သို့ဖော်ပြသနည်း။
၁၃ ဘုရားသခင်၏အမှုတော် ဆောင်ရွက်ရာတွင် ရွှင်လန်းခြင်းသည် ထူးခြားချက်တစ်ခုဖြစ်ရမည်။ “မြေကြီးသားအပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ ထာဝရဘုရား၏အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက် အထံတော်သို့ဝင်ကြလော့” ဟုဆာလံဆရာသီဆိုခဲ့သော ကျေးဇူးတော်ချီးမွမ်းချက်က ယင်းကိုဖော်ပြသည်။ (ဆာလံ ၁၀၀:၁၊ ၂) ယေဟောဝါသည် “ရွှင်လန်းသောဘုရား” ဖြစ်သည်။ ကိုယ်တော့်ကျေးကျွန်များသည် သူတို့၏ ဆက်ကပ်အပ်နှံဝတ်နှင့်အညီ အသက်ရှင်နေထိုင်ကြစဉ် သူတို့အား ဘုရားသခင်ရွှင်လန်းစေလိုတော်မူသည်။ (၁ တိမောသေ ၁:၁၁၊ ကဘ) လူမျိုးအပေါင်းတို့သည် ယေဟောဝါ၌ အားရရွှင်လန်းသင့်သည်။ ကျွန်ုပ်တို့၏ ချီးမွမ်းထောမနာပြုချက်သည် ‘အောင်သံ’ နှင့်ကြွေးကြော်သောဗိုလ်ခြေကဲ့သို့ ကျယ်ကျယ်လောင်လောင်ဖြစ်သင့်သည်။ ဘုရားသခင့်အမှုတော်ဆောင်ခြင်းသည် စိတ်လန်းဆန်းစေသောကြောင့် ယင်းကို ဝမ်းမြောက်စွာ ပြုသင့်သည်။ သို့ဖြစ်၍ ဘုရားသခင့်အထံတော်သို့ “ရွှင်လန်းစွာသီချင်းဆိုလျက်” ဝင်ကြဖို့ရန် ဆာလံဆရာတိုက်တွန်းခဲ့သည်။
၁၄၊ ၁၅။ ဆာလံ ၁၀၀:၃-၅ သည်ယနေ့ယေဟောဝါ၏ ရွှင်လန်းသောလူမျိုးနှင့် မည်သို့သက်ဆိုင်သနည်း။
၁၄ ဆာလံဆရာက ဤသို့ထပ်ဆင့်သည်– “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ဘုရားသခင်ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍ ငါတို့၏အရှင် ဖြစ်တော်မူ၏။ ငါတို့သည်လည်း ထာဝရဘုရား၏လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်း ဖြစ်ကြ၏။” (ဆာလံ ၁၀၀:၃) ယေဟောဝါသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဖြစ်တော်မူသောကြောင့် သိုးထိန်းသည် သိုးတို့ကို ပိုင်သည့်နည်းတူ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ပိုင်သတော်မူ၏။ ကျွန်ုပ်တို့ကို ဘုရားသခင်ဂရုစိုက်စောင့်ရှောက်တော်မူသောကြောင့် ကိုယ်တော်အား ချီးမွမ်းထောမနာပြုကြသည်။ (ဆာလံ ၂၃) ယေဟောဝါအကြောင်း ဆာလံဆရာက ဤသို့သီဆိုသေးသည်– “ကျေးဇူးတော် ကြီးပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ကိုလည်းကောင်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တံတိုင်းတော်တို့ကိုလည်းကောင်း ဝင်ကြလော့။ ကျေးဇူးတော်ကို ချီးမွမ်း၍ နာမတော်ကို ကောင်းချီးပေးကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍ သစ္စာတော်သည် ကာလအဆက်ဆက် တည်လေသတည်း။”—ဆာလံ ၁၀၀:၄၊ ၅။
၁၅ ယနေ့ လူမျိုးအပေါင်းမှ ရွှင်လန်းသူများသည် ယေဟောဝါသန့်ရှင်းရာဌာန၏ တံတိုင်းတော်သို့ဝင်၍ ကျေးဇူးတော်ချီးမွမ်းနေကြသည်။ ယေဟောဝါကို အမြဲချီးမွမ်းထောမနာပြုခြင်းအားဖြင့် ဘုရားသခင်၏နာမတော်ကို ရွှင်လန်းအားရစွာ ကောင်းချီးပေးကြပြီး ကိုယ်တော်၏ မွန်မြတ်သောအရည်အချင်းများကြောင့် ကိုယ်တော်ကို မချီးမွမ်းဘဲ မနေနိုင်ပါ။ ကိုယ်တော်သည် လုံးလုံးလျားလျား ကောင်းမြတ်တော်မူ၍ ကျေးကျွန်တော်များအား ကာလအစဉ်အဆက်ပြသော ကျေးဇူးကရုဏာ သို့မဟုတ် သနားညှာတာစိတ်ကို အမြဲခံစားရမည်ဟု စိတ်ချနိုင်ပါသည်။ အလိုတော်ဆောင်ရွက်သူများအား မေတ္တာပြရာတွင် ယေဟောဝါသည် “ကာလအဆက်ဆက်” တိုင်အောင် သစ္စာရှိတော်မူသည်။ (ရောမ ၈:၃၈၊ ၃၉) ထို့ကြောင့် ‘ယေဟောဝါ၏အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်’ နိုင်ကြသည်။
သင့်မျှော်လင့်ချက်၌ ဝမ်းမြောက်လော့
၁၆။ အဘယ်မျှော်လင့်ချက်များနှင့် အနာဂတ်အခွင့်အရေးများ၌ ခရစ်ယာန်များ ဝမ်းမြောက်နိုင်မည်နည်း။
၁၆ “မျှော်လင့်လျက် ဝမ်းမြောက်ကြလော့” ဟုပေါလုရေးသားသည်။ (ရောမ ၁၂:၁၂) ယေရှုခရစ်၏ ဘိသိက်ခံတပည့်နောက်လိုက်များသည် ကောင်းကင်ဘုန်းစည်းစိမ်ဝင်စားမည့်အချိန်ကို စောင့်မျှော်၍ ဝမ်းမြောက်နေကြသည်။ ၎င်းအခွင့်ကို သူတို့ရရှိဖို့ ဘုရားသခင်သည် သားတော်အားဖြင့် စီစဉ်ထားတော်မူသည်။ (ရောမ ၈:၁၆၊ ၁၇; ဖိလိပ္ပိ ၃:၂၀၊ ၂၁) ကမ္ဘာ့ပရဒိသုတွင် ထာဝရအသက်ရရန်မျှော်လင့်သောခရစ်ယာန်များလည်း ဝမ်းမြောက်နိုင်ကြသည်။ (လုကာ ၂၃:၄၃) ယေဟောဝါ၏သစ္စာရှိကျေးကျွန်အားလုံး ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ခြင်း၌ ဝမ်းမြောက်နိုင်ကြသည်။ အကြောင်းမူကား သူတို့သည် ကောင်းကင်အစိုးရအဝင်အဖြစ် သို့မဟုတ် ၎င်း၏မြေကြီးပိုင်နက်တွင် အသက်ရှင်ခွင့်ရှိကြသည်။ အမှန်ပင် ရွှင်လန်းဖွယ် ကောင်းချီးပါတကား!—မဿဲ ၆:၉၊ ၁၀; ရောမ ၈:၁၈-၂၁။
၁၇၊ ၁၈။ (က) ဟေရှာယ ၂၅:၆-၈ တွင်အဘယ်အရာကို ကြိုတင်ဟောထားသနည်း။ (ခ) ဟေရှာယ၏ ဤပရောဖက်ပြုချက်သည် ယခု မည်သို့ပြည့်စုံနေသနည်း။ အနာဂတ်ပြည့်စုံချက်နှင့်စပ်လျဉ်း၍ အဘယ်အရာကို သိရှိရသနည်း။
၁၇ နာခံမှုရှိသောလူသားတို့အတွက် ရွှင်လန်းသောအနာဂတ်ကို ဟေရှာယလည်း ဤသို့ကြိုတင်ဟောသည်– “ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူသော ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။ လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကိုလည်းကောင်း၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသော တင်းတိမ်ကိုလည်းကောင်း၊ ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည်။ သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏ လူတို့သည် ခံရသော ကဲ့ရဲ့ခြင်းကိုလည်း မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။”—ဟေရှာယ ၂၅:၆-၈။
၁၈ ယနေ့ ယေဟောဝါကိုဝတ်ပြုသူများ အတူတကွသုံးဆောင်သော ဝိညာဏပွဲတော်သည် ဝမ်းမြောက်ရွှင်လန်းဖွယ်ပွဲဖြစ်သည်။ ကတိတော်နှင့်အညီ ကမ္ဘာသစ်တွင် သုံးဆောင်ရကြမည့် ပကတိစားသောက်ပွဲကို စောင့်မျှော်ကာ ဘုရားသခင့်အမှုတော်ကို ဇွဲလုံ့လနှင့် ဆောင်ရွက်ကြစဉ် ကျွန်ုပ်တို့၏ရွှင်လန်းမှုသည် အမှန်ပြည့်လျှံနေသည်။ (၂ ပေတရု ၃:၁၃) အာဒံ၏အပြစ်ကြောင့် ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသော “တင်းတိမ်” ကို ယေရှု၏ ရွေးဖိုးပူဇော်သက္ကာဖြင့် ယေဟောဝါ ဖယ်တော်မူမည်။ အပြစ်နှင့် သေခြင်း ပယ်ရှားခံရခြင်းကို တွေ့မြင်ရသည့်အခါ မည်မျှရွှင်လန်းအားရစရာဖြစ်မည်တကား! မိမိချစ်မြတ်နိုးရသူများ ရှင်ပြန်ထမြောက်လာသည့်အခါ ကြိုဆိုခွင့်ရခြင်း၊ ငိုခြင်း မရှိတော့၍ ယေဟောဝါ၏လူတို့သည် ကဲ့ရဲ့ခြင်းမခံရတော့ဘဲ ကဲ့ရဲ့သူ စာတန်မာရ်နတ်ကို ဘုရားသခင်အား ဖြေဆိုခွင့်ရှိစေမည့် ပရဒိသုကမ္ဘာပေါ် နေရမည့်အခွင့်သည် အမှန်အားရရွှင်လန်းစရာပါတကား!—သု. ၂၇:၁၁။
၁၉။ ယေဟောဝါ၏သက်သေများအဖြစ် ကျွန်ုပ်တို့ရှေ့တွင်ထားရှိသော မျှော်လင့်ချက်တို့ကို ကျွန်ုပ်တို့မည်သို့သဘောထားသင့်သနည်း။
၁၉ ယေဟောဝါ၏ကျေးကျွန်များအတွက် ကိုယ်တော်ပြုမည့် အမှုအရာများကိုသိရှိထားရခြင်းသည် အားရရွှင်လန်း၊ ကျေးဇူးတင်စရာ မဟုတ်ပေလော။ ဤသို့သော အံ့ချီးဖွယ်မျှော်လင့်ချက်တို့သည် ကျွန်ုပ်တို့၏ရွှင်လန်းခြင်းကို အမှန်တိုးပွားစေသည်တကား! ထို့ပြင် ကျွန်ုပ်တို့၏ မျှော်လင့်ချက်ဆုကျေးဇူးက ရွှင်လန်းခြင်း၊ ချစ်ခြင်း ပြည့်ဝတော်မူသော စေတနာရှင် ဘုရားသခင်ကို ဤသို့ပင် မျှော်ကိုးအားထားစေသည်– “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့မျှော်လင့်သော၊ ငါတို့၏ ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား ငါတို့မျှော်လင့်သော ထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူးကြောင့် ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။” (ဟေရှာယ ၂၅:၉) ကျွန်ုပ်တို့၏ ခမ်းနားထည်ဝါသောမျှော်လင့်ချက်ကို စိတ်နှလုံးထဲ စွဲမှတ်ထားကာ ရွှင်လန်းသောစိတ်နှင့် ယေဟောဝါ၏ အမှုတော်ကို အားကြိုးမာန်တက် ဆောင်ရွက်ကြစို့။
သင်မည်သို့ဖြေဆိုမည်နည်း
◻ “ရွှင်လန်းသောစိတ် [နှလုံး၊ ကဘ]” နှင့် ယေဟောဝါ၏အမှုတော်ကို မည်သို့ဆောင်ရွက်နိုင်မည်နည်း။
◻ ဘုရားသခင့်အမှုတော်ဆောင်ရွက်ရာတွင် ရွှင်လန်းခြင်း မရှိပါက အဘယ်သို့ပြုနိုင်မည်နည်း။
◻ ညှဉ်းဆဲခံရသော်လည်း ယေဟောဝါ၏လူမျိုးသည် အဘယ်ကြောင့်ရွှင်လန်းနိုင်သနည်း။
◻ ကျွန်ုပ်တို့၏ မျှော်လင့်ခြင်း၌ ဝမ်းမြောက်နိုင်ရန် အဘယ်အကြောင်းများ ရှိသနည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ခရစ်ယာန်အသက်တာ၏ အခန်းကဏ္ဍအားလုံးတွင် ပါဝင်ခြင်းသည် ရွှင်လန်းခြင်း တိုးပွားစေမည်