ကတိထားရာပြည်တော်မှ ရှုခင်းများ
ဂင်္နေသရက်နယ်—‘အံ့သြဖွယ်ကောင်း၍ သာယာလှပ၏’
ဂင်္နေသရက်အိုင်နှင့်ပြိုင်တန်း၍ အမည်တူရှည်လျားသောနယ်မြေတစ်ခု တည်ရှိသည်။ ဝိသေသလက္ခဏာအားဖြင့် အံ့သြဖွယ်ကောင်း၍ သာယာလှပ၏။ မြေဆီမြေနှစ်ကြွယ်ဝမှုကြောင့် သန်စွမ်းစွာ ပေါက်ရောက်ခြင်းမရှိသောအပင်ဟူ၍ မရှိသဖြင့် နယ်သူနယ်သားတို့က အပင်မျိုးစုံကို စိုက်ပျိုးကြသည်။ အပူအအေးမျှတ၍လည်း အပင်အမျိုးမျိုးအတွက် သင့်တော်လှသည်။ . . . အလွန်အံ့သြဖွယ်ကောင်းလှအောင် အမျိုးအမည်များပြားသည့်အသီးများထွက်ရှိသည်သာမက စားနပ်ရိက္ခာ အဆက်မပြတ်ထောက်ပံ့ပေးလျက်ရှိသည်။ . . . မြေသြဇာဓာတ်ကြွယ်ဝလှသော စိမ့်စမ်းတစ်ခုကြောင့် ၄င်းဒေသစွတ်စိုနေခြင်းဖြစ်သည်။”
ဂါလိလဲအိုင်ဟု အများသိထားကြသောအိုင်၏ အနောက်မြောက်ကမ်းစပ်တွင်တည်ရှိသော တြိဂံသဏ္ဌာန်ရှိသော လွင်ပြင်ကို သမိုင်းပညာရှင် ဂျိုစီဖက်စ်က အထက်ပါအတိုင်း သရုပ်ဖော် ရေးသားထားသည်။ အထက်ပါဓာတ်ပုံများကိုကြည့်ခြင်းအားဖြင့် ဂါလိလဲနယ်တွင် မြေသြဇာအကောင်းဆုံးဒေသတစ်ခုအဝင်ဖြစ်သော ဤလွင်ပြင်သည် မည်မျှသီးနှံအထွက်ကောင်းကြောင်း သင်သဘောပေါက်ပေလိမ့်မည်။aဤဒေသသည် ရှေးအခါများက အလွန်တရာထူးခြားအရေးပါလှသဖြင့် ခရစ်ဝင်ကျမ်းရေးဆရာလုကာက ဤဒေသနှင့်စပ်လျက်ရှိသော ရေချိုအိုင်ကို “ဂင်္နေသရက်အိုင်” ဟုပင်ခေါ်ဝေါ်ခဲ့လေသည်။—လုကာ ၅:၁။
ဤဒေသသို့ ယေရှုကြွရောက်ပြီး တမန်တော်များဖြစ်လာသူလေးယောက်ကို တွေ့ရှိခြင်းအကြောင်း ပြောပြစဉ်တွင် အဆိုပါဝေါဟာရကို သူအသုံးပြုခဲ့ခြင်းဖြစ်သည်။ ထိုသူတို့သည် စပျစ်ပင်၊ သစ်ကြားပင်၊ သံလွင်ပင် သို့မဟုတ် သဖန်းပင်တို့ကို စိုက်ပျိုးကာ မြေဆီမြေနှစ်ကိုမှီဝဲ၍ အသက်မွေးကြသော လယ်ယာစိုက်ပျိုးလုပ်ကိုင်သူများဖြစ်ကြသလော။ မဟုတ်ပါ။ ထိုသို့သောသီးနှံများသည် ဂင်္နေသရက်လွင်ပြင်တွင် ပေါများသည်မှာမှန်သော်လည်း ထိုသူတို့သည် တံငါသည်များဖြစ်ကြသည်။ အဘယ်ကြောင့်တံငါသည်ဖြစ်ကြသည်ကိုလည်း နားလည်ရန်မခက်ပါ။
ထိုလွင်ပြင်ကိုဖြတ်သန်းစီးဆင်းသည့် ချောင်းမြောင်းတို့သည် ရေအိုင်ထဲသို့ ငါးများစားစရာပေါက်ပင်များကို သယ်ဆောင်သွားကြဟန်တူသည်။ ယင်းကြောင့် ရေထဲ၌ ငါးအမျိုးမျိုး ပြည့်နှက်လျက်ရှိသဖြင့် ငါးဖမ်းလုပ်ငန်း အတော်အတန် ထွန်းကားခဲ့သည်။ တံငါသည် ဇေဗေဒဲ၏သားနှစ်ယောက် ယာကုပ်နှင့်ယောဟန်တို့နည်းတူ ပေတရုနှင့်အန္ဒြေတို့သည်လည်း စီးပွားဖြစ်လုပ်ကိုင်သော တံငါသည်များဖြစ်ကြသည်။—မဿဲ ၄:၁၈-၂၂။ လုကာ ၅:၂-၁၁။
များသောအားဖြင့် လှေပေါ်မှဆွဲပိုက်များကို ဖြန့်ချခြင်းအားဖြင့် ငါးဖမ်းလေ့ရှိကြသည်။ ပေတရုနှင့်အန္ဒြေတို့သည် ယေရှုချဉ်းကပ်လာချိန်၌ ထိုသို့ပိုက်ချလျက်နေကြသည်။ ငါးဖမ်းပိုက်ကြီး သို့မဟုတ် ဆွဲပိုက်ကြီးကိုစက်ဝိုင်းခြမ်းပုံဖြစ်အောင် ချကြသည်။ ဖော့တုံးများက ပိုက်၏အထက်နားကို မြုပ်မသွားအောင် ဖော့ထားပေးပြီး အောက်အနားရှိ အလေးများက ပိုက်ကိုကြမ်းပြင်ရောက်အောင် ဆွဲဆန့်ထားသည်။ ထိုသို့သောပိုက်တစ်ခု၌ ငါးအမြောက်အမြားဖမ်းမိနိုင်သည်။ ထိုနောက်ပိုက်ကိုလှေထဲသို့ဖြစ်စေ၊ ရေတိမ်ပိုင်းသို့ဖြစ်စေ ဆွဲတင်၍ ကုန်းပေါ်တွင်သွန်ချကြသည်။ စားရန်သင့်တော်သောငါးများကို မသင့်သောငါးများမှ ရွေးထုတ်ရသည်။ လုကာ ၅:၄-၇ နှင့် ယောဟန် ၂၁:၆-၁၁ တို့မှ အသေးစိတ်အချက်အလက်များ၏ မှန်ကန်တိကျမှုကို ဂရုပြုမှတ်သားပါ။ ဆွဲပိုက်ဥပမာတွင် ဤငါးဖမ်းနည်းအကြောင်းကို ယေရှုဖော်ပြနေသည်ကို သင်သတိရသလော။ (မဿဲ ၁၃:၄၇၊ ၄၈) တံငါသည်တို့သည် ကျောက်ဆောင်နှင့်ငြိ၍သော်လည်းကောင်း၊ ငါးများကြောင့်သော်လည်းကောင်း ပေါက်ပြဲသွားသည့်ပိုက်ကွန်များကို အချိန်ယူ၍ပြုပြင်ဖာထေးလေ့ရှိကြောင်း မဿဲ ၄:၂၁ ကပေါ်လွင်စေသည်။
ဂင်္နေသရက်ကမ်းရိုးတန်းတစ်လျှောက် သင်လှည့်လည်သွားလာမည်ဆိုပါက ယေရှုဓမ္မအမှုတော်ဆောင်ခဲ့စဉ်က ထူးခြားသောဖြစ်ရပ်များဖြစ်ပွားခဲ့သည်ဟု အဆိုရှိသောနေရာ တော်တော်များများကို သင်တွေ့ရပေလိမ့်မည်။ တစ်ခုမှာ စိမ်းလန်းသောတောင်ကုန်းတစ်ခုဖြစ်သည်။ မိရိုးဖလာယုံကြည်ချက်အရ ထိုတောင်ကုန်းပေါ်တွင် တောင်ပေါ်ဒေသနာကို ယေရှုဟောကြားတော်မူခဲ့သည်ဟုဆိုသည်။ ၄င်းတည်နေရာသည် ခရစ်ဝင်ကျမ်းမှတ်တမ်းနှင့် ဆန့်ကျင်ကွဲလွဲခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုဒေသနာတော်ကို ဟောကြားစဉ်၌ ယေရှုသည် ဂင်္နေသရက်လွင်ပြင်အနီး ရောက်ရှိနေသောကြောင့်ဖြစ်သည်။—မဿဲ ၅:၁–၇:၂၉။ လုကာ ၆:၁၇–၇:၁။
အစစ်အမှန်ဖြစ်သည်ဟုဆိုသောနေရာ နောက်တစ်နေရာမှာ သမ္မာကျမ်းစာဖြစ်ရပ်မှန်များနှင့် ကိုက်ညီခြင်းမရှိပေ။ မုန့်ခုနစ်လုံးနှင့်ငါးအနည်းငယ်ဖြင့် လူပေါင်း ၄,၀၀၀ ကိုယေရှုကျွေးမွေးခဲ့သည်ဟု အထင်ရှိသောနေရာ၌ ဘုရားရှိခိုးကျောင်းတစ်ဆောင် ဆောက်ထားသည်ကို သင်တွေ့ရပေမည်။ (မဿဲ ၁၅:၃၂-၃၈။ မာကု ၈:၁-၉) ထိုသို့ကျွေးမွေးသည့်နေရာကို ဂင်္နေသရက်လွင်ပြင်ဟုပြဆိုခြင်းမရှိဘဲ မာကုမှတ်တမ်းက အိုင်တစ်ဖက်ရှိ ခုနစ်မိုင်ကျော်ဝေးသော “ဒေကာပေါလိပြည်နယ်” ကိုဖော်ပြထားသည်။—မာကု ၇:၃၁။
ဤအံ့ဖွယ်အမှုကိုပြုပြီးနောက် ယေရှုသည်လှေစီး၍ မာဂဒါလကျေးလက် သို့မဟုတ် ဒါလမနုသကျေးလက်သို့ ကြွချီတော်မူကြောင်း မဿဲနှင့်မာကုတို့ကဆိုသည်။ (မဿဲ ၁၅:၃၉။ မာကု ၈:၁၀) ပညာရှင်တို့က ဤဒေသကို ဂင်္နေသရက်လွင်ပြင်၏တောင်ဖက် တိဗေရိမြို့အနီးရှိ မာဂဒါလ (မိဂဒါလ်) ကျေးလက်နှင့်ဆက်စပ်ယူကြသည်။ မက္ခမီလန် ကျမ်းစာမြေပုံစာအုပ် အရ မာဂဒါလကျေးလက်ဒေသသည် “ငါးများကိုမပုပ်မသိုးအောင်ပြုလုပ်ခြင်းလုပ်ငန်းကြောင့် ကျော်ကြားထင်ရှားသည်။” ၄င်းရေအိုင်၏ ထိုအပိုင်းတွင် ငါးများဖောဖောသီသီထွက်သဖြင့် ထိုလုပ်ငန်းသည် လက်တွေ့ကျ၍အမြတ်ရရှိသည်မှာသေချာသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ ၁၉၈၅/၈၆ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် မိုးခေါင်ရေရှားမှုကြောင့် ဂါလိလဲအိုင်၏ရေမျက်နှာပြင် နိမ့်ကျသွားရာ အိုင်၏ကမ်းရိုးတန်းကြမ်းပြင် ပေါ်လာခဲ့သည်။ ဂင်္နေသရက်လွင်ပြင်အနီးတွင် ရှေးခေတ်မှလှေပျက်တစ်စင်းကို လူနှစ်ယောက်တွေ့ရှိခဲ့သည်။ ရှေးဟောင်းပစ္စည်း လေ့လာရေးပညာရှင်တို့က ၄င်းသစ်သားကိုယ်ထည်ငါးဖမ်းလှေကို ပြန်လည်တူးဖော်ရရှိပြီး ဂါလိလဲအိုင်နှင့် ဂင်္နေသရက်လွင်ပြင်ကို ယေရှုလှည့်လည်ခဲ့စဉ်အချိန်ခန့်ကဖြစ်သည်ဟု သက်တမ်းသတ်မှတ်နိုင်ခဲ့ကြသည်။
[အောက်ခြေမှတ်ချက်များ]
a ယေဟောဝါသက်သေများ၏ ၁၉၉၂ ခုနှစ်ပြက္ခဒိန် မှပိုမိုကြီးသည့် ရောင်စုံဓာတ်ပုံကိုကြည့်ပါ။
[Picture Credit Line on page 28]
Pictorial Archive (Near Eastern History) Est.
[Picture Credit Line on page 28]
Pictorial Archive (Near Eastern History) Est.
[Picture Credit Line on page 29]
Garo Nalbandian
[Picture Credit Line on page 29]
Pictorial Archive (Near Eastern History) Est.