ကတိထားရာပြည်မှ မြင်ကွင်းများ
ဂါလိလဲပင်လယ်ကို လာလည်လှည့်ပါ!
သမ္မာကျမ်းစာဖတ်ရှုသူများသည် ဂါလိလဲပင်လယ်၏မြင်ကွင်းကို အခြားဒေသများထက် ပို၍မြင်ယောင်လွယ်သည်။ မျက်စိမှိတ်ပြီး သန့်ရှင်းလတ်ဆတ်သောရေရှိသည့်ပင်လယ်ကို မြင်ယောင်လိုက်ကာ ယော်ဒန်မြစ်စီးဝင်လာသည့်နေရာ သို့မဟုတ် ကပေရနောင်နှင့်တိဗေရိမြို့များစသည့် အချက်အချာကျသောနေရာများကို ရှာဖွေကြည့်နိုင်မည်လော။
အောက်တွင်ပါသော အပေါ်စီးမှမြင်ရသည့်ရှုခင်းကို အချိန်ယူလေ့လာကြည့်ပြီး အကွက်ငယ်နှင့်နှိုင်းယှဉ်ကြည့်ပါ။ နံပါတ်များတပ်ထားသည့်နေရာမည်မျှကို သင်ဖော်ပြနိုင်သနည်း။ ထိုနေရာတို့ကို သင်များများသိလေလေ သမ္မာကျမ်းစာသည် သင့်အတွက်စိတ်ဝင်စားမှုနှင့်စစ်မှန်မှုဖြစ်ပြီး အနှစ်သာရရှိလေလေပင်ဖြစ်သည်။ ထိုသို့ဖြစ်ရန် ခေတ္တမျှ လေ့လာမှတ်သားဖွယ်လှည့်လည်ကြည့်ရှုလှည့်ပါ။
ဤအပေါ်စီးမြင်ကွင်းသည် အရှေ့မြောက်သို့ရှေ့ ရှုနေခြင်းဖြစ်သည်။ #၁ ဖြင့်စကြစို့။ ပင်လယ်၏မည်သည့်အစိတ်အပိုင်းဖြစ်သနည်း။ မှန်သည်၊ ဂိလဒ်နှင့်ရှမာရိနယ်အကြားမှ ပင်လယ်သေထဲသို့စီးဝင်သောယော်ဒန်မြစ်ရှိရာ တောင်ဘက်အစွန်းဖြစ်သည်။ ဝဲဘက်ပုံတွင် ဤပင်လယ်ကမ်း၏အနီးကပ်ပုံကိုမြင်နိုင်သည်။ ယင်းကို ယေဟောဝါသက်သေများ၏ ၁၉၉၃ ခုနှစ်ပြက္ခဒိန် တွင်လည်းဖော်ပြထားသည်။
ဂါလိလဲပင်လယ်သည် မြေထဲပင်လယ်ရေမျက်နှာပြင်အောက် ပေ ၇၀၀ ခန့်နိမ့်သော နက်ရှိုင်းသည့်တောင်ကြားထဲတွင်တည်ရှိသည်။ အပေါ်စီးမြင်ကွင်းကို သင်ကြည့်ရှုစစ်ဆေးစဉ် ယင်း၏အရှေ့ဖက်ကမ်းခြေမှ မြင့်တက်သွားသောတောင်များကို သတိပြုပါ (#၇ တစ်ဝိုက်)။ အနောက်ဘက်ကမ်းခြေတွင်လည်း တောင်ကုန်းတောင်တန်းများရှိခြင်းက ဂါလိလဲပင်လယ်သည် ချိုင့်ဝှမ်းတွင်တည်ရှိနေကြောင်းပေါ်လွင်ပြီး အလျား ၁၃ မိုင်ခန့်ရှိ၍ အကျယ်ဆုံးအပိုင်းမှာ ၇ မိုင်ခွဲခန့်ရှိသည်။ ကမ်းခြေများတွင် ရွာများနှင့် တိဗေရိ (#၂) ကဲ့သို့သောမြို့များအတွက်ပင် နေရာလပ်ရှိခဲ့သည်။ ယေရှုသည် အံ့ဖွယ်နည်းဖြင့်လူ ၅,၀၀၀ ကိုကျွေးမွေးခဲ့သည့်နေရာသို့ လူအုပ်ကြီးသည် တိဗေရိမြို့မှနေ၍ လှေများဖြင့်ပင်လယ်ကိုဖြတ်ခဲ့ကြကြောင်း ပြန်သတိရပါ။—ယောဟန် ၆:၁၊ ၁၀၊ ၁၇၊ ၂၃။
တိဗေရိမှမြောက်ဘက်သို့ ပင်လယ်ကမ်းခြေအတိုင်းတက်သွားလျှင် မြေသြဇာအလွန်ကောင်းမွန်သည့် ဂင်္နေသရက်ဒေသသို့ရောက်မည် (#၃)။a ဤဒေသတွင် တောင်ပေါ်ဒေသနာကို ယေရှုမိန့်ကြားခဲ့ပြီး ရုပ်ပုံပါအတိုင်း ပေတရုနှင့်အခြားသုံးဦးတို့အား “လူကိုမျှားသောတံငါ” ဖြစ်ရန် ကိုယ်တော်ခေါ်ခဲ့သည့်နေရာမှာ ဤအနီးတစ်ဝိုက်ရှိကမ်းခြေတွင်ဖြစ်နိုင်သည်။ (မဿဲ ၄:၁၈-၂၂) ဆက်သွားလျှင် “မိမိမြို့” ဟုပင်ဆိုကြသော ကိုယ်တော်လှုပ်ရှားခဲ့သည့်အဓိကဒေသဖြစ်သည့် ကပေရနောင်မြို့ (#၄) သို့ရောက်လာမည်။ (မဿဲ ၄:၁၃-၁၇; ၉:၁၊ ၉-၁၁; လုကာ ၄:၁၆၊ ၂၃၊ ၃၁၊ ၃၈-၄၁) ပင်လယ်နားကိုပတ်၍အရှေ့သို့ဆက်သွားလျှင် အထက်ယော်ဒန်မြစ်၏ မြစ်ဝ (#၅) ကို ဖြတ်သွားရမည် (အောက်ပုံ)။ ထို့နောက် ဗက်ဇဲဒ (#၆) ဒေသသို့ရောက်လာသည်။
ဂါလိလဲပင်လယ်အကြောင်းသင်သိရှိထားချက်များက ကျမ်းစာမှတ်တမ်းများကို တီးမိခေါက်မိပြီးမြင်ယောင်လာနိုင်အောင် မည်သို့အကူအညီဖြစ်စေကြောင်း ဤဒေသအနည်းငယ်ကိုပင်အသုံးပြု၍ရှင်းပြနိုင်သည်။ ဗက်ဇဲဒဒေသတွင် လူ ၅,၀၀၀ ကိုယေရှုကျွေးမွေးပြီးနောက် လူထုက ကိုယ်တော်အားမင်းမြှောက်ရန် အတင်းအကြပ်ပြုလာသောအခါ တပည့်တော်များအား ကပေရနောင်သို့ လှေဖြင့်စေလွှတ်လိုက်သည်။ ပင်လယ်ခရီးသွားကြစဉ် တောင်များဆီမှလေပြင်းတစ်ခုရုတ်တရက်တိုက်ခတ်လာပြီး လှိုင်းများထစေရာ တမန်တော်များကြောက်လန့်ခဲ့ကြသည်။ သို့သော် ယေရှုသည် သူတို့ထံသို့ ပင်လယ်ပေါ်တွင်လမ်းလျှောက်လာပြီး မုန်တိုင်းကိုငြိမ်သက်စေကာ သူတို့အား ဂင်္နေသရက်အနားတွင် ဘေးကင်းစွာဆိုက်ကပ်နိုင်စေခဲ့သည်။ (မဿဲ ၁၄:၁၃-၃၄) တိဗေရိမှလာသောသူများသည် ပင်လယ်ကိုဖြတ်၍ ကပေရနောင်မြို့သို့တစ်ဖန်သွားကြပြန်သည်။—ယောဟန် ၆:၁၅၊ ၂၃၊ ၂၄။
ပင်လယ်၏အရှေ့ဘက်ဒေသများကိုဆက်သွားလျှင် “ဂါဒရပြည်” ကိုဖြတ်သွားရမည်။ ဤနေရာတွင် ယေရှုသည် လူနှစ်ဦးထံမှနတ်ဆိုးများနှင်ထုတ်ပေးခဲ့ကြောင်း သတိရပါ။ ထိုနတ်ဆိုးတို့သည် ဝက်အုပ်ကြီးတစ်အုပ်ထဲသို့ဝင်ပြီး ဝက်များကို တောင်စောင်းမှပင်လယ်ထဲသို့ခုန်ချစေခဲ့သည်။ လူတစ်ယောက်သည် အနီးအနားရှိ ဂရိစကားပြောသည့်ဒေကာပေါလိမြို့သို့သွား၍ ထိုအဖြစ်အပျက်ကို ပြန်ပြောပြသည်။ ယေရှုသည် လှေဖြင့်ဂါလိလဲပင်လယ်ကိုကူး၍ ဤနေရာသို့ဝင်ထွက်ခဲ့ဖူးသည်။—မဿဲ ၈:၂၈–၉:၁; မာကု ၅:၁-၂၁။
သင့်လည်ပတ်ကြည့်ရှုခြင်းကိုအဆုံးသတ်ရန် ပင်လယ်၏အောက်ဘက်အစွန်ပိုင်းသို့သင်ရောက်လာသောအခါ ယော်ဒန်မြစ်အောက်ပိုင်းကို ရေအတော်များများသယ်လာပေးသော (ယာမွတ်ခေါ်) မြစ်ကြီးတစ်မြစ်အနားကို သင်ဖြတ်သွားရပေမည်။
ဂါလိလဲပင်လယ်နားတစ်ဝိုက်တွင်ဖြစ်ပျက်သောအဖြစ်အပျက်အချို့ကို သမ္မာကျမ်းစာက နေရာအတိအကျမဖော်ပြထားချေ။ ဥပမာ ပေတရုနှင့်အခြားသောတမန်တော်များ ငါးဖမ်းနေကြစဉ် (အောက်ပုံ) ရှင်ပြန်ထမြောက်ပြီးယေရှုက ကိုယ်ယောင်ထင်ရှားပြခြင်း စသည့်အဖြစ်အပျက်ဖြစ်သည်။ ယင်းသည် ကပေရနောင်နားတွင်ဖြစ်သည်ဟု သင်ထင်သလော။ မည်သို့ဆိုစေ အရေးပါသောဤပင်လယ်အကြောင်း သင်သိရှိထားသည့်အချက်များက ထိုသို့ဖြစ်နိုင်ဖွယ်ရှိကြောင်းသင်မြင်ယောင်ရန် အကူအညီဖြစ်စေသည်။
[အောက်ခြေမှတ်ချက်များ]
a ၁၉၉၂၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် မှ “ဂင်္နေသရက်နယ်—အံ့ဖွယ်ကောင်း၍သာယာလှပ၏” ဆောင်းပါးကိုကြည့်။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
၁
၂
၃
၄
၅
၆
၇
မ
တ
ရှ
န
Pictorial Archive (Near Eastern History) Est.
[Picture Credit Line on page 24]
Pictorial Archive (Near Eastern History) Est.
[Picture Credit Line on page 24]
Garo Nalbandian
[Picture Credit Line on page 25]
Pictorial Archive (Near Eastern History) Est.