ဂျပ်စ်တင်—အတွေးအခေါ်ပညာရှင်၊ ယုံကြည်ခြင်းအတွက်ခုခံကာကွယ်သူနှင့် အာဇာနည်
“ခရစ်ယာန်များအားစွပ်စွဲထားသည့်အချက်ကို စစ်ဆေးကြည့်ပြီး ယင်းတို့သည်မှန်ကန်ကြောင်းသက်သေခိုင်လုံပါက သူတို့အား ထိုက်တန်သလိုအပြစ်ပေးရန် ကျွန်ုပ်တို့တောင်းဆိုသည် . . . သို့သော် ကျွန်ုပ်တို့အား မည်သူမျှ အထောက်အထားတစ်စုံတစ်ရာမပြနိုင်လျှင် အပြစ်တင်စရာအကြောင်းမရှိသူများကို ဒုက္ခမပေးရန် မှန်ကန်သောတရားမျှတမှုက သင်တို့ကိုတားမြစ်သည်။ . . . အကြောင်းမှာ သင်တို့သည် အမှန်ကိုသိရှိပြီး တရားသဖြင့်မပြုကြလျှင် ဘုရားသခင့်ရှေ့တော်မှောက် ဆင်ခြေမပေးနိုင်သောအခြေအနေသို့ရောက်ရကြလိမ့်မည်။”
ဤစကားများဖြင့် စီအီးဒုတိယရာစုတွင်အသက်ရှင်ခဲ့သော မိမိကိုယ်ကိုခရစ်ယာန်ဟုဆိုသူ အာဇာနည်ဂျပ်စ်တင်က ရောမဘုရင်အဲန်တိုးနီးယပ်စ်ပိုင်းယပ်စ်ကို လျှောက်လဲခဲ့သည်။ ဂျပ်စ်တင်က ခရစ်ယာန်ဆိုသူများ၏ဘဝနှင့်ယုံကြည်ချက်တို့ကို သမာသမတ်ရှိသောတရားရေးစုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုခဲ့သည်။ ဤတရားမျှတခြင်းဆိုင်ရာတောင်းဆိုမှုသည် အလွန်စိတ်ဝင်စားဖွယ်နောက်ခံနှင့်အတွေးအခေါ်ရှိသူတစ်ဦးထံမှဖြစ်သည်။
ဘဝအစပိုင်းနှင့်လေ့ကျင့်မှု
ဂျပ်စ်တင်သည် တစ်ပါးအမျိုးသားတစ်ဦးဖြစ်ပြီး စီအီး ၁၁၀ ခုနှစ်ခန့်က ရှမာရိ (ရှမားရီးယား) ပြည်၊ ဖလားဗီးယားနေအာပေါလစ္စမြို့၊ ယခုအခေါ် နာဘလပ်စ်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ဖခင်နှင့်အဘိုးဖြစ်သူတို့မှာ ရောမသို့မဟုတ် ဂရိလူမျိုးများဖြစ်ပုံရသော်လည်း သူ့ကိုယ်သူရှမာရိလူမျိုးဟုဆိုခဲ့သည်။ ခရစ်ယာန်မဟုတ်သောထုံးစံဓလေ့များအကြားတွင် အမှန်တရားကိုဆာမွတ်ခြင်းနှင့်အတူကြီးပြင်းလာခြင်းက သူ့အား အတွေးအခေါ်ပညာကို အပတ်တကုတ်လေ့လာရန် ဖြစ်စေခဲ့သည်။ သတောအိပ်၊ ပယ်ရယ်ပတက်တစ်ခ်နှင့် ပိုက်သဂိုရီယမ် စသည့်အတွေးအခေါ်ပညာရှင်အဖွဲ့တို့တွင်ရှာဖွေလေ့လာမှုပြုခြင်းကို မကျေနပ်နိုင်ဘဲ ပလေတို၏အတွေးအခေါ်များကိုပါလိုက်စားခဲ့သည်။
သူရေးသားသည့်စာအုပ်တစ်အုပ်တွင် ဂျပ်စ်တင်က အတွေးအခေါ်ပညာရှင်များနှင့် အချေအတင်မိမိဆွေးနွေးလိုသည့်ဆန္ဒကိုဖော်ပြပြီး ဤသို့ပြောသည် “သတောအိပ်တစ်ယောက်ဆီကိုယ့်ကိုယ်ကိုပုံအပ်ပြီး အချိန်တော်တော်ကြာသူနဲ့လေ့လာခဲ့တယ်။ (ကိုယ့်ကိုယ်ကိုမသိတဲ့လူဆီက) ဘုရားသခင်အကြောင်းဘာမှပိုထူးခြားမသိရလို့ . . . သူ့ကိုထားခဲ့ပြီး တခြားတစ်ယောက်ဆီသွားခဲ့တယ်။” Dialogue of Justin, Philosopher and Martyr, With Trypho, a Jew.
ထိုနောက် ဂျပ်စ်တင်သည် အမှန်တရားထက်ငွေကိုပိုစိတ်ဝင်စားသော ပယ်ရယ်ပတက်တစ်ခ် တစ်ဦးထံသွားခဲ့သည်။ “အဲဒီလူက ကျွန်တော့်ကိုလက်ခံပြီး ရက်အနည်းငယ်အကြာမှာတော့ ကျွန်တော်တို့ရဲ့အတွေးအခေါ်ဖလှယ်မှုဟာ အကျိုးအမြတ်မရှိမဖြစ်ရလေအောင်ဆိုပြီး အခတောင်းတော့တာပဲ။ အဲဒါကြောင့် သူ့ကိုကျောခိုင်းလိုက်ပြီး သူဟာအတွေးအခေါ်ပညာရှင်တစ်ယောက် လုံးဝမဟုတ်ဘူးလို့ ယူမှတ်လိုက်တယ်” ဟု ဂျပ်စ်တင်ပြောခဲ့သည်။
“ထူးခြားကောင်းမွန်သည့်အတွေးခေါ်ပညာ” ကိုကြားလိုသည့်ဆန္ဒပြင်းပြသဖြင့် ဂျပ်စ်တင်သည် “ကိုယ့်ဉာဏ်ပညာကိုအလွန်အထင်ကြီးသော နာမည်ကြီးပိုက်သဂိုရီယမ်တစ်ဦးထံသွားခဲ့ပြန်သည်။ ဂျပ်စ်တင်က “သူနဲ့တွေ့ဆုံမေးမြန်းတဲ့အခါ သူ့စကားကိုကြားနာသူတပည့်တစ်ဦးဖြစ်ချင်လာတယ်။ သူကျွန်တော့်ကိုဒီလိုပြောပါတယ်။ ‘ဒါနဲ့ တေးဂီတ၊ နက္ခတ်ပညာ၊ ဂျီသြမေတြီပညာရပ်တွေနဲ့ အကျွမ်းတဝင်ဖြစ်ရဲ့လား။ ပျော်ရွှင်တဲ့အသက်တာကိုဖြစ်ထွန်းစေတဲ့ အဲဒီ [ဘုရားရေးရာ] အရာတစ်ခုခုကို သင်သိမြင်ခံစား ချင်သလား။ ပထမသင် [ဒါတွေကို] မသိထားသေးဘူးဆိုရင်’ . . . ကျွန်တော်ကလည်း အဲဒါတွေကိုမသိတဲ့အကြောင်း ဝန်ခံခဲ့ပြီးတဲ့နောက်မှာ ကျွန်တော့်ကိုပြန်လွှတ်လိုက်တယ်” ဟု ပြောခဲ့သည်။
ဂျပ်စ်တင်သည် စိတ်ဓာတ်ကျသော်လည်း နာမည်ကြီးပလေတိုနောက်လိုက်များထံဦးလှည့်ကာ အမှန်တရားကိုဆက်ရှာခဲ့သည်။ သူဤသို့ဖော်ပြသည်။ “ဒါကြောင့် နောက်ပိုင်းကျွန်တော်တို့မြို့မှာအခြေချတဲ့ ပညာဉာဏ်အမြော်အမြင်ရှိပြီး ပလေတိုအဖွဲ့ဝင်ထဲမှာအဆင့်မြင့်မြင့်ထဲက လူတစ်ယောက်နဲ့ အတတ်နိုင်ဆုံး ကျွန်တော့်အချိန်တွေကိုအသုံးပြုခဲ့တယ်။ နေ့စဉ်ပဲ ကျွန်တော်အကြီးအကျယ်တိုးတက်ပြောင်းလဲလာလို့ . . . မကြာခင်မှာပဲ ကိုယ့်ကိုယ်ကိုပညာရှိဖြစ်ပြီလို့ယူမှတ်လာတယ်။ အဲဒါကိုက ကျွန်တော့်ရဲ့မိုက်မဲမှုပဲ” ဟု ဂျပ်စ်တင်မှတ်ချက်ချခဲ့သည်။
ဂျပ်စ်တင်သည် အတွေးအခေါ်ပညာရှင်များနှင့်ဆက်သွယ်ခဲ့ခြင်းအားဖြင့် အမှန်တရားကိုရှာဖွေခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။ သို့သော် ပင်လယ်ကမ်းခြေတွင် သူစဉ်းစားဆင်ခြင်နေစဉ် အသက်ကြီးသောခရစ်ယာန်တစ်ဦးကို သူတွေ့ခဲ့သည်။ “အတော့ကိုအသက်ကြီးနေပြီး၊ လုံးဝအထင်သေးစရာမရှိတဲ့ရုပ်သွင်ရှိတယ်။ နူးညံ့သိမ်မွေ့ပြီး ကြည်ညိုလေးစားဖို့ကောင်းတဲ့သဘောထားရှိတယ်။” ထိုသူနှင့်စကားပြောဆိုမှုက ဘုရားသခင်၏တိကျသောအသိပညာပေါ်အခြေပြုသည့် ကျမ်းစာအခြေခံသွန်သင်ချက်များဆီသို့ သူ့အာရုံရောက်ရှိစေခဲ့သည်။—ရောမ ၁၀:၂၊ ၃။
ထိုအမည်မသိသောခရစ်ယာန်က ဂျပ်စ်တင်အား “ဒီအချိန်မတိုင်မီဟိုးရှေးရှေးကတည်းက ရိုသေလေးစားထိုက်တဲ့အတွေးအခေါ်ပညာရှင်တွေထက်ရှေးကျတဲ့ လူတချို့ရှိခဲ့တယ်။ သူတို့ဟာ ဖြောင့်မတ်ပြီး ဘုရားသခင်ချစ်တဲ့လူတွေပဲ။ . . . နောင်ဖြစ်မဲ့အကြောင်းတွေ၊ အခုဖြစ်နေတဲ့အကြောင်းတွေကို သူတို့ကြိုတင်ဟောပြောခဲ့ကြတယ်။ သူတို့ကို ပရောဖက်တွေလို့ခေါ်တယ်။ ဒီလူတွေသာလျှင် အမှန်တရားကိုမြင်ပြီး လူတွေကိုကြေညာခဲ့ကြတယ် . . . သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်စုံခဲ့ကြတယ်” ဟု ပြောပြခဲ့သည်။ ဂျပ်စ်တင်၏စိတ်ဝင်စားမှုကို ထပ်မံလှုံ့ဆော်သည့်အနေနှင့် ထိုခရစ်ယာန်က “သူတို့ရဲ့အရေးအသားတွေဟာ ခုထိရှိနေတုန်းပဲ။ အဲဒါတွေကိုဖတ်ပြီးတဲ့သူဟာ အရာဝတ္ထုတွေရဲ့အစနဲ့အဆုံးကိုသိရှိဖို့ များစွာအကူအညီရတယ်” ဟုပြောသည်။ (မဿဲ ၅:၆။ တမန်တော် ၃:၁၈) ကြင်နာမှုရှိသောထိုလူကြီး၏အားပေးမှုဖြင့် ဂျပ်စ်တင်သည် ကျမ်းစာကိုအပတ်တကုတ်စစ်ဆေးလေ့လာခဲ့ရာ သူ၏အရေးအသားများတွင်တွေ့ရသည့်အတိုင်း သမ္မာကျမ်းစာနှင့်၄င်း၏ပရောဖက်ပြုချက်များကို အတော်ပင်လေးမြတ်တန်ဖိုးထားတတ်လာပုံရသည်။
သူ့အရေးအသားများကိုဂရုတစိုက်စစ်ဆေးကြည့်ခြင်း
သေခြင်းကိုရင်ဆိုင်ရဲသော ခရစ်ယာန်တို့၏ရဲစွမ်းသတ္တိက ဂျပ်စ်တင်၏စိတ်ကို ထိမိစွဲငြိစေခဲ့သည်။ ဟေဗြဲကျမ်း၏အမှန်တရားသွန်သင်ချက်များကိုလည်း သူတန်ဖိုးထားသည်။ သူ၏ Dialogue With Trypho စာအုပ်တွင် အချေအတင်ဆွေးနွေးချက်များကိုပံ့ပိုးရန် ကမ္ဘာဦး၊ ထွက်မြောက်ရာ၊ ဝတ်ပြုရာ၊ တရားဟောရာ၊ ဓမ္မရာဇဝင်ဒုတိယစောင်နှင့်တတိယစောင်၊ ဆာလံ၊ ဟေရှာယ၊ ယေရမိ၊ ယေဇကျေလ၊ ဒံယေလ၊ ဟောရှေ၊ ယောလ၊ အာမုတ်၊ ယောန၊ မိက္ခာ၊ ဇာခရိနှင့်မာလခိကျမ်းများအပြင် ခရစ်ဝင်ကျမ်းများကိုပါ သူကိုးကားခဲ့သည်။ မေရှိယကိုယုံကြည်သောဂျူးဘာသာဝင်များနှင့်ဆွေးနွေးရာတွင် ထရီဖိုနှင့်စကားပြောခြင်းစာအုပ်၌ ဂျပ်စ်တင်သည် သမ္မာကျမ်းစာစောင်များကို လေးစားတန်ဖိုးထားကြောင်းတွေ့နိုင်သည်။
ဂျပ်စ်တင်သည် သတင်းကောင်းဟောပြောသူ၊ အခွင့်အရေးရတိုင်း သတင်းကောင်းကိုကြေညာသူဖြစ်ကြောင်း မှတ်တမ်းများကဖော်ပြသည်။ သူဝေးဝေးလံလံခရီးသွားခဲ့ဟန်တူသည်။ သူ၏အချိန်အချို့ကို ဧဖက်မြို့တွင်အသုံးပြုပြီး ရောမမြို့တွင် အချိန်အတော်ကြာကြာနေခဲ့ဖွယ်ရှိသည်။
ဂျပ်စ်တင်၏အရေးအသားများတွင် ခရစ်ယာန်ဘာသာတရားအတွက် ခုခံကာကွယ်မှုများပါဝင်သည်။ သူ၏ First Apology စာစောင်တွင် ပိတ်ပိန်းသောအမှောင်လွှမ်းမှုကို သမ္မာကျမ်းစာ၏အလင်းဖြင့် ဖယ်ရှားပစ်ရန်သူကြိုးစားခဲ့သည်။ အတွေးအခေါ်ပညာရှင်များ၏ဉာဏ်ပညာသည် မှားပြီးအဓိပ္ပာယ်မဲ့ကာ ခရစ်တော်၏အားပါသော နှုတ်ကပါဌ်တော်လုပ်ဆောင်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု သူကြေညာခဲ့သည်။ (ကောလောသဲ ၂:၈ နှင့်နှိုင်းယှဉ်ပါ) ဂျပ်စ်တင်သည် မိမိအမည်ခံထားသော အထင်သေးရှုတ်ချခံရသည့်ခရစ်ယာန်များအတွက် ခုခံချေပပြောဆိုသည်။ သူပြောင်းလဲပြီးနောက်ပိုင်း သူ့ကိုယ်သူအတွေးအခေါ်ပညာရှင်ပုံဆက်ဖမ်းပြီး တစ်ခုတည်းအမှန်ဖြစ်သောအတွေးအခေါ်ကို သူရရှိထားကြောင်းပြောသည်။
ဒုတိယရာစုခရစ်ယာန်များသည် ဘုရားမဲ့ဝါဒီများဟုယူမှတ်ခြင်းခံရကြသည်။ ဂျပ်စ်တင်က “ကျွန်ုပ်တို့သည် ဘုရားမဲ့များမဟုတ်ပါ။ စကြဝဠာဖန်ဆင်းရှင်ကိုကျွန်ုပ်တို့ကိုးကွယ်ကြပြီး . . . ဤအရာများကိုသွန်သင်ပေးသောကျွန်ုပ်တို့၏ဆရာမှာ ယေရှုခရစ်ဖြစ်သည် . . .သူသည် မှန်သောဘုရား၏သားတော်ဖြစ်သည်” ဟုချေပခဲ့သည်။—ဟေရှာယ ၄၄:၁၄-၂၀။
ဂျပ်စ်တင်သည် ခရစ်ယာန်ဂရိကျမ်းစောင်များစွာကိုကိုးကားပြီး ရှင်ပြန်ထမြောက်ခြင်း၊ ခရစ်ယာန်စာရိတ္တ၊ ရေနှစ်ခြင်း၊ (အထူးသဖြင့် ခရစ်တော်နှင့်ဆိုင်သော) ကျမ်းစာပရောဖက်ပြုချက်များနှင့် ယေရှု၏သွန်သင်ချက်များကို မိမိ၏ယုံကြည်ချက်အဖြစ်ဖော်ပြခဲ့သည်။ ယေရှုနှင့်ပတ်သက်၍ ဟေရှာယကျမ်းကိုကိုးကားပြီး သူဤသို့ဖော်ပြခဲ့သည်။ “အုပ်ချုပ်ခြင်းကို ခရစ်တော်တာဝန်ယူလာမည်။” ဤသို့လည်းသူပြောသေးသည်။ “ကျွန်ုပ်တို့သည် လူ့နိုင်ငံကိုရှာလျှင် ကျွန်ုပ်တို့၏ခရစ်တော်ကိုပါငြင်းပယ်သင့်သည်” ခရစ်ယာန်များအတွက်စမ်းသပ်မှုများနှင့်တာဝန်များ၊ ဘုရားသခင်တောင်းဆိုတော်မူသည့်ထိုအမှုတော်ကို ဆက်လက်ထမ်းရွက်နေခြင်းအားဖြင့် အလိုတော်ဆောင်သူဖြစ်ကြောင်း၊ “ဤအရာများကိုလူမျိုးတကာထံ၌ကြေညာရန် ကိုယ်တော်၏စေလွှတ်ခြင်းကို လူအများခံရသင့်သည်” စသည်တို့ကို သူဆွေးနွေးထားသည်။
The Second Apology of Justin (ပထမချေပချက်၏အဆက်ဟုယူမှတ်ခံရ) ကို ရောမလွတ်တော်သို့ တင်ပြခဲ့သည်။ ဂျပ်စ်တင်သည် ခရစ်တော်ယေရှု၏တိကျသောအသိပညာကိုသိရှိလာပြီးသည့်နောက်ပိုင်း နှိပ်စက်ညှဉ်းပန်းခံရသည့်ခရစ်ယာန်များ၏တွေ့ကြုံမှုများကို ပြန်ပြောပြခြင်းအားဖြင့် ရောမများထံအယူခံဝင်ခဲ့သည်။ ခရစ်ယာန်များ၏အကျင့်အကြံတွင်ထင်ဟပ်ပေါ်လွင်သော စာရိတ္တကောင်းမြတ်ခြင်းဆိုင်ရာယေရှု၏သွန်သင်ချက်များသည် ရောမအာဏာပိုင်များအတွက် တန်ဖိုးရှိပုံမရပေ။ ထို့ထက် ခရစ်တော်၏တပည့်တော်ဖြစ်ပါသည်ဟု ဝန်ခံရုံမျှဖြင့် သေဘေးသင့်စေနိုင်သည်။ ယခင်က ခရစ်ယာန်အယူဝါဒများကိုသွန်သင်ပေးခဲ့သူနှင့်ပတ်သက်၍ လူးစီးယပ်စ်အမည်ရှိသောသူ၏အမေးကို ဂျပ်စ်တင်ဤသို့ကိုးကားခဲ့သည်။ “သူ့မယားပြစ်မှားသူ၊ မတရားမေထုန်ပြုသူ၊ လူသတ်သူ၊ သူခိုး၊ ဓားပြမဟုတ်၊ မည်သည့်ရာဇဝတ်မှုကိုမျှလည်းမကျူးလွန်ဘဲ မိမိသည် ခရစ်ယာန်ဟူ၍အခေါ်ခံရသည်ဟုသာဝန်ခံသောဤလူကို အဘယ်ကြောင့်သင်တို့ညှဉ်းဆဲကြသနည်း။”
ထိုအချိန်က ခရစ်ယာန်အမည်ခံခဲ့သူများအပေါ် ငဲ့ကွက်စိတ်ထား၏အတိုင်းအတာကို ဂျပ်စ်တင်၏ဖော်ပြချက်တွင် ဤသို့ပါသည်။ “ကျွန်ုပ်လည်း ကျွန်ုပ်အမည်ပေးခဲ့သောသူအချို့၊ သို့မဟုတ် ကျော်ဇောကိတ္တိနှင့်ဝါကြွားခြင်းကိုနှစ်သက်သော ခရေးရှဲန်စ်များ၏ မကောင်းကြံစည်ပြီးနှက်တိုင်တင်ခြင်းကိုမျှော်လင့်ပါသည်။ လှည့်ဖြားခံနေရသောလူထု၏မျက်နှာသာကိုရရန်နှင့် သူတို့သဘောကျရန် မိမိနားမလည်သောကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့အားလူရှေ့သူရှေ့ဆန့်ကျင်လျက်၊ ခရစ်ယာန်များသည် ဘုရားမဲ့ဝါဒီများ၊ ဘုရားတရားကြည်ညိုကိုင်းရှိုင်းမှုမရှိသူများဟုပြောသောသူသည် အတွေးအခေါ်ပညာရှင်ဟူသောအမည်နာမကို မခံထိုက်ပါ။ သူသည် ခရစ်တော်၏သွန်သင်ချက်များကိုမဖတ်ဘဲ ကျွန်ုပ်တို့ကိုတိုက်ခိုက်ပါက လုံးဝပျက်စီးယိုယွင်းသူ၊ မိမိတို့နားမလည်သောအရာကိုထပ်ခါထပ်ခါဆွေးနွေး သို့မဟုတ် မတရားသက်သေခံသောပညာမတတ်သူများထက်သာ၍ များစွာဆိုးသောသူဖြစ်သည်။”
သူ၏သေဆုံးခြင်း
ခရေးရှဲန်စ်များ သို့မဟုတ် အခြားအပြစ်ရှာသူများ၏လက်ထဲတွင် ဂျပ်စ်တင်သည် မှောက်လှန်ဖျက်ဆီးသူအဖြစ် ရောမဘုရင်ခံထံစွဲချက်တင်ခြင်းကိုခံရပြီး သေဒဏ်စီရင်ခြင်းခံခဲ့ရသည်။ စီအီး ၁၆၅ ခုနှစ်လောက်တွင် ရောမမြို့၌ ခေါင်းဖြတ်သတ်ခြင်းခံရပြီး “အာဇာနည်” (“သက်သေ”ဟူသောအဓိပ္ပာယ်ရှိ) ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ့ကိုအာဇာနည်ဂျပ်စ်တင်ဟုခေါ်ကြသည်။
ဂျပ်စ်တင်၏အရေးအသားပုံစံသည် သူ့ခေတ်ကပညာတတ်များကဲ့သို့ ပြောင်မြောက်မှုနှင့်ပညာသားပါမှုမဲ့ကောင်းမဲ့မည်ဖြစ်သော်လည်း သမ္မာတရားနှင့်ဖြောင့်မတ်ခြင်းအတွက် စစ်မှန်သောဇွဲလုံ့လရှိကြောင်းထင်ရှားခဲ့သည်။ ကျမ်းစာ၊ ယေရှု၏သွန်သင်ချက်များနှင့် မည်သည့်အတိုင်းအတာအထိ ညီညွတ်အောင်သူနေထိုင်ခဲ့သည်ကို အတိအကျမပြောနိုင်ပါ။ သို့သော် ဂျပ်စ်တင်၏အရေးအသားများသည် သမိုင်းအချက်အလက်များနှင့် ကျမ်းကိုးကားချက်များစွာကြောင့် တန်ဖိုးရှိသည်။ ယင်းတို့သည် ဒုတိယရာစုတွင်ထင်ရှားခဲ့သောခရစ်ယာန်များ၏ ဘဝနှင့်တွေ့ကြုံမှုများကို သိနားလည်စေသည်။
မှတ်သားဖွယ်အချက်မှာ ခရစ်ယာန်များကိုဦးတည်၍ နှိပ်စက်ညှဉ်းပန်းမှုသည် မတရားကြောင်းကို အုပ်ချုပ်သူများအားဖော်ပြရန် ဂျပ်စ်တင်၏ကြိုးပမ်းချက်ပင်ဖြစ်သည်။ ဘုရားသခင်၏တိကျမှန်ကန်သောအသိပညာဘက်မှနေခဲ့ခြင်းက အေသင်မြို့ရှိဧပိကုရုနှင့်သတောအိပ်အတွေးအခေါ်ပညာရှင်များအား မှန်သောဘုရားသခင်နှင့် ရှင်ပြန်ထမြောက်ခြင်းခံရသောယေရှုခရစ်အကြောင်းကို ရဲရင့်စွာဟောပြောခဲ့သောတမန်တော်ပေါလုအား ပြန်သတိရစေသည်။—တမန်တော် ၁၇:၁၈-၃၄။
အနှစ်တစ်ထောင်ကာလတွင် သေသူများရှင်ပြန်ထမြောက်မည်ကို ဂျပ်စ်တင်ကိုယ်တိုင်သိရှိထားသည်။ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာကျမ်းစာမျှော်လင့်ချက်သည် ယုံကြည်ခြင်းအတွက်မည်မျှအားရှိစရာပါတကား။ ယင်းသည် ခရစ်ယာန်များအား နှိပ်စက်ညှဉ်းပန်းခြင်းနှင့်ကြီးစွာသောစုံစမ်းခြင်းများကို သေသည်အထိခံရပ်နိုင်ရန် ကူညီပေးသည်။—ယောဟန် ၅:၂၈၊ ၂၉။ ၁ ကောရိန္သု ၁၅:၁၆-၁၉။ ဗျာဒိတ် ၂:၁၀။ ၂၀:၄၊ ၁၂၊ ၁၃။ ၂၁:၂-၄။
ထို့ကြောင့် ဂျပ်စ်တင်သည် သမ္မာတရားကိုတွေ့ရှိခဲ့ပြီး ဂရိအတွေးအခေါ်ပညာရှင်များကိုဆန့်ကျင်ခဲ့သည်။ ခုခံကာကွယ်သူတစ်ဦးအနေနှင့် ခရစ်ယာန်များ၏ယုံကြည်ချက်များနှင့်အကျင့်အကြံတို့ကို သူကာကွယ်ခဲ့သည်။ သူကိုယ်တိုင် ခရစ်ယာန်အယူဝါဒကို အတိအလင်းထုတ်ဖော်သည့်အတွက် အာဇာနည်အဖြစ်ရောက်ခဲ့ရသည်။ အထူးသဖြင့်မှတ်သားဖွယ်ရာကား ဂျပ်စ်တင်သည် သမ္မာတရားကိုလေးမြတ်တန်ဖိုးထားခဲ့ပြီး နှိပ်စက်ညှဉ်းပန်းမှုများကြားမှပင် ရဲရင့်စွာသက်သေခံခဲ့ခြင်းပင်ဖြစ်သည်။ အကြောင်းမှာ ဤအရည်အချင်းတို့သည် ယခုခေတ်ယေရှု၏နောက်တော်လိုက်စစ်များ၏ဘဝတွင် တွေ့ရသောကြောင့်ဖြစ်သည်။—သု၊ ၂:၄-၆။ ယောဟန် ၁၀:၁-၄။ တမန်တော် ၄:၂၉။ ၃ ယောဟန် ၄။