ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၄/၁ စာ. ၂၇-၃၀
  • ယေဟောဝါ၏လမ်းစဉ်သည် အကောင်းဆုံးအသက်ရှင်နည်းဖြစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏လမ်းစဉ်သည် အကောင်းဆုံးအသက်ရှင်နည်းဖြစ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်အမွေအနှစ်
  • အစောပိုင်း မှတ်မိရာများ
  • ကျောင်းနှင့်အရေးကြီးဆုံးဖြတ်ချက်
  • ရှေ့ဆောင်ခြင်းနှင့်ဗေသလလုပ်ငန်း
  • ဆက်ကြားနေနိုင်ခြင်း
  • လုပ်ငန်းတော်အခွင့်အရေးအသီးသီး
  • ပြည့်ဝစုံလင်၍ ဆုကျေးဇူးများသောဘဝအသက်တာ
  • ယေဟောဝါ၏အမှုတော်ထမ်းရန် သန္နိဋ္ဌာန်ချခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေဟောဝါ၏လုပ်ငန်းတော်တွင် ကောင်းချီးကြွယ်ဝသောအသက်တာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ကျွန်တော့်အားနည်းချက်တွေက ဘုရားတန်ခိုးကို ထင်ရှားစေ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ဂျူးလူမျိုးတစ်ယောက်ရဲ့ အဝတ်ကို အနှစ်ခုနစ်ဆယ်ကျော် ဆွဲကိုင်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၄/၁ စာ. ၂၇-၃၀

ယေဟောဝါ၏လမ်းစဉ်သည် အကောင်းဆုံးအသက်ရှင်နည်းဖြစ်

အယ်ရ်ကီး ခန်းခန်းပါ ပြောပြသည်

ကလေးဘဝကတည်းက ယေဟောဝါသက်သေများ၏ ဖင်လန်နိုင်ငံဌာနခွဲ သို့မဟုတ် ဗေသလဟုခေါ်သောနေရာတွင် အမှုထမ်းရန် ပန်းတိုင်ထားခဲ့ပါသည်။ ထိုကြောင့် ၁၉၄၁ ခု၊ နွေရာသီတွင် နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက “နောင်ရေးအတွက် ဘာအစီအစဉ်ရှိသလဲ” ဟုမေးမြန်းခဲ့သောအခါ “ဗေသလအိမ်သွားနေချင်တယ်” ဟုဖြေဆိုသည်။

“အဲ့ဒီစိတ်ကူးကို ဖျောက်ပစ်လိုက်ပါ။ ခင်ဗျား ဘယ်တော့မှဖိတ်ခေါ်ခံရမှာမဟုတ်ဘူး” ဟုသူပြောသည်။ အစအဦးတွင် ကျွန်တော်အလွန်စိတ်ဓာတ်ကျသွားသည်။ သို့သော်နောက်ပိုင်း၌ ယင်းကိစ္စကို ယေဟောဝါထံသာအပ်မည်ဟု စိတ်ဆုံးဖြတ်ခဲ့သည်။ လအနည်းငယ်အချိန်တွင် ဗေသလအိမ်၌အမှုထမ်းရန် ဖိတ်ခေါ်ခံရပါသည်။

၁၉၄၁ ခုနှစ်၊ အလွန်ချမ်းအေးပြီး ကြည်လင်သောနိုဝင်ဘာလတစ်ရက်တွင် ဟဲလ်စင်ကီမြို့ရှိ ဌာနခွဲတံခါးကိုခေါက်ခဲ့ချိန်က ကျွန်တော်သည် ၁၇ နှစ်အရွယ်တောသားလေးဖြစ်ပါသည်။ များမကြာမီ ဌာနခွဲအမှုထမ်းဖြစ်သည့် ကာလိုဟာတီဗာ၏ ကြိုဆိုမှုကိုခံခဲ့ရ၏။ ထိုအချိန်က ဖင်လန်နိုင်ငံရှိ သက်သေခံ ၁,၁၃၅ ယောက်ကို ဌာနခွဲကကွပ်ကဲခဲ့ရသည်။

ခရစ်ယာန်အမွေအနှစ်

၁၉၁၄ ခုနှစ်တွင် ကျွန်တော့်အဖေသည် ကင်းမျှော်စင်အသင်းထုတ် The Divine Plan of the Ages စာအုပ်ကိုရသည်။ သို့ရာတွင် များမကြာမီ ပထမကမ္ဘာစစ်စသည်နှင့် မဖတ်ဖြစ်လိုက်ပါ။

လွတ်လပ်ရေးရရန်အတွက် ဖင်လန်နိုင်ငံကကြိုးစားနေသောကြောင့် ပြဿနာများကြုံခဲ့ရသည်။ အာဏာရှိအဖွဲ့နှစ်ဖွဲ့ ဖြစ်သည့် အဖြူနှင့်အနီတို့ကို ဖွဲ့စည်းခဲ့သည်။ အဖြူက အရင်းရှင်နှင့်လူလတ်တန်းစားအဖွဲ့ ဖြစ်ပြီး အနီမူကား အလုပ်သမားအတန်းစားဖြစ်သည်။ ကျွန်တော့်အဖေက နှစ်ဖွဲ့စလုံးတွင်မပါ ကြားနေရန်အတတ်နိုင်ဆုံးကြိုးစားသော်လည်း သူ့အားနှစ်ဖွဲ့စလုံးက မယုံသင်္ကာဖြစ်သည်။

သို့နှင့်အဖေသည် အဖြူအုပ်စုကြောင့်တစ်ကြိမ်၊ အနီအုပ်စုကြောင့်တစ်ကြိမ်၊ နှစ်ကြိမ်တိုင် သေဒဏ်စီရင်ခံရသည်။ တစ်ခါက လူတစ်ဦးအသတ်ခံခဲ့ရ၍ လူသတ်သမား မည်သူမှန်းမသိသောအခါ ကျွန်တော့်အဖေအပါအဝင် လူငယ်ဆယ်ဦးကို သေဒဏ်စီရင်ခဲ့သည်။ ဂျူရီအဖွဲ့ဝင်တစ်ဦးဖြစ်သော ကျွန်တော့်အဖေ၏ဆရာတစ်ယောက်က သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့် ထောက်ခံပေး၍သာ အဖေလွတ်ခဲ့သည်။ ကျန်အခြားလူငယ်ကိုးဦးမှာမူ အသတ်ခံခဲ့ရသည်။

အခြားတစ်ချိန်တွင် သေဒဏ်စီရင်ခြင်းမှ အဖေလွတ်ငြိမ်းခွင့်ရရှိခဲ့သေးသည်။ ထိုနောက်စာသားအတိုင်း မြေအောက်သွားရန် သူဆုံးဖြတ်ခဲ့ပါသည်။ သူနှင့်သူ့အစ်ကိုသည် စစ်ပြီးသည်အထိ ကျင်းတူးပြီးနေထိုင်ခဲ့သည်။ အသက်ဆက်ရှင်နိုင်ရေးအတွက် သူတို့ ညီအငယ်က ကျွေးမွေးပြုစုပေးခဲ့သည်။

၁၉၁၈ ခုနှစ်တွင်စစ်ပြီးသောအခါ အဖေလည်းအိမ်ထောင်ပြုပြီး ထိုကျင်းဘေးတွင် အိမ်ဆောက်နေခဲ့သည်။ ထိုကျင်းသည် ကျွန်တော်ကစားစရာနေရာဖြစ်ခဲ့သည့်အတွက် ယင်းကိုကောင်းစွာသိခဲ့သည်။ မြေအောက်ပုန်းရှောင်နေစဉ် အဖေသည် များစွာဆုတောင်းခဲ့ကြောင်း၊ ကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်တတ်လာမည်ဆိုလျှင် ထိုသို့ ပြုပါမည်ဟု ကတိပေးဘူးကြောင်း ကျွန်တော်ကိုပြောပြသည်။

အိမ်ထောင်မပြုမီကလေးတွင် စီးပွားရေးကိစ္စတစ်ခုနှင့်ခရီးထွက်ချိန်တွင်ဖတ်ရှုရန် စာပေတစ်ခုယူသွားမည်အကြံရှိသော် နှစ်ပေါင်းများစွာက သူဝယ်ယူခဲ့သော The Divine Plan of the Ages စာအုပ်ကိုထပ်ခိုး၌သူတွေ့၍ “ယေဟောဝါ၏နေ့” အခန်းကိုဖွင့်ဖတ်မိသည်။ သို့နှင့် ‘ဒါပဲအမှန်တရား၊ ဒါပဲအမှန်တရား’ ဟုရွတ်နေမိသည်။ ထပ်ခိုးမှဆင်းလာ၍ အမေအား “ငါဘာသာမှန်တွေ့ ပြီ” ဟုပြောလိုက်သည်။

အဖေသည် သိရှိလာသည့်အကြောင်းများကို ချက်ချင်းပင် ဦးဆုံးဆွေမျိုးများနှင့်အိမ်နီးချင်းတို့အား ပြောဟောလေသည်။ ထိုနောက်လူထုရှေ့ ဟောပြောချက်များပေးခဲ့သည်။ မကြာမီပင် တစ်ရပ်ကွက်သားတို့ပါ သူနှင့်အတူတွဲဖက်ခဲ့သည်။ ကျမ်းစာကျောင်းသားများဟု ထိုအချိန်ကခေါ်ခဲ့သော ယေဟောဝါသက်သေများနှင့် တွေ့ဆုံပြီးနောက် ၁၉၂၃ ခုနှစ်တွင် အဖေနှစ်ခြင်းယူခဲ့သည်။ ကလေးတွေမွေးလာသည့်အခါ​—နောက်ဆုံးမောင်နှမလေးယောက်ရှိလာပြီး​—ကျွန်တော်တို့အား သွန်သင်ပို့ချခြင်းကို အဖေလျစ်လျူမရှုခဲ့ပါ။ အမှန်သော်ကား၊ အသင်းတော်ရှိလာပြီးနောက် စည်းဝေးတိုင်းကို မလွတ်တန်းတက်ကြရသည်။

အစောပိုင်း မှတ်မိရာများ

ကျွန်တော်ငါးနှစ်အရွယ်တွင် ကျွန်တော်တို့၏မြို့ရှိအသင်းတော်၌ ၁၉၂၉ ခုနှစ်က စည်းဝေးပွဲကျင်းပခဲ့သည်ကို မှတ်မိသေးသည်။ အနီးအနားရှိအသင်းတော်များမှ လူများစွာစည်းဝေးခဲ့ပြီး ဌာနခွဲမှ ကိုယ်စားလှယ်တစ်ဦး ရောက်လာသည်။ ထိုအချိန်က အခြားနေရာတွင် ပြုလုပ်မလုပ်မသိသော်လည်း ဖင်လန်နိုင်ငံတွင် စည်းဝေးများ၌ ကလေးများကို ကောင်းချီးပေးသည့်ထုံးစံရှိသည်။ ထိုကြောင့် ဗေသလမှညီအစ်ကိုသည် ယေရှုဓမ္မအမှုဆောင်စဉ်ကကဲ့သို့ ကလေးများကို ကောင်းချီးပေးပါသည်။ ယင်းကို ကျွန်တော်မမေ့နိုင်ပါ။​—မာကု ၁၀:၁၆။

ထိုနောက် ၁၉၃၁ ခုနှစ်က ယေဟောဝါသက်သေအမည် ခံယူသည့်အချိန်ကို မှတ်မိသေးသည်။ ထိုအချိန်အခါ၏ အရေးကြီးမှုကိုသိရှိကာ ကျွန်ုပ်တို့၏အမည်အသစ်ကို အသင်းတော်ရှေ့ အရေးတယူအဖေဖတ်ပြကြေညာသည်ကို မှတ်မိသေးသည်။

မှတ်မိနိုင်သလောက်အချိန်ကတည်းက အဖေနှင့်အတူ ဟောပြောခြင်းလုပ်ငန်း၌ ကျွန်တော်ပါဝင်ခဲ့ပါသည်။ အစကနဦးတွင် သူ့စကားကို လိုက်နားထောင်ရုံနားထောင်ခဲ့သည်။ နောက်ပိုင်းတွင် ကျွန်တော်ကိုယ်တိုင် စတင်ဟောပြောလေသည်။ ၁၉၃၅ ခုနှစ်တွင် နယ်လှည့်ကြီးကြပ်မှူးတစ်ဦး ကျွန်တော်တို့ထံ လည်ပတ်ရောက်ရှိလာသောအခါ အိမ်နီးနားချင်းအားလုံးထံသွား၍ စည်းဝေးတက်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ ထိုအချိန်က သူတို့အား စာအုပ်ငယ်များဝေငှကမ်းလှမ်းခဲ့ရာ အချို့လက်ခံယူခဲ့သည်။

ကျောင်းနှင့်အရေးကြီးဆုံးဖြတ်ချက်

ကျောင်းတွင် ကျွန်တော်တို့မောင်နှမလေးဦးသာ သက်သေခံမိဘများရှိသည်။ ခရစ်ယာန်မပီသသောအကျင့်များတွင် ကျွန်တော်တို့မပါဝင်ကြသည့်အတွက် မကြာခဏ ကဲ့ရဲ့ခံခဲ့ရသည်။ ကျောင်းသူငယ်ချင်းများက ဆေးလိပ်သောက်ရန် သွေးဆောင်ခဲ့သော်လည်း တစ်ခါမှဆေးလိပ်မသောက်ခဲ့ဘူးပါ။ ကျွန်တော်တို့ကိုသရော်သည့်အနေနှင့် ရပ်စဲလ်လိုက် (ရပ်စဲလ်သည် ကင်းမျှော်စင်အသင်း၏ ပထမဥက္ကဌဖြစ်သည်) သို့မဟုတ် ဟာတီဗာလိုက် (ထိုအချိန်က ဖင်လန်နိုင်ငံ၏ဌာနခွဲအမှုထမ်းသည် ဟာတီဗာဖြစ်ခဲ့သည်) ဟူ၍ခေါ်ခဲ့ကြသည်။ ဝမ်းသာစရာကား ကျွန်တော်တို့ကို ပြောင်လှောင်ခဲ့သောလူငယ်အချို့သည် နောက်ပိုင်းသက်သေခံများဖြစ်လာကြသည်။

ကျွန်တော့်ဆရာက ပညာဆက်သင်ယူရန်အားပေးခဲ့ရာ အင်ဂျင်နီယာဖြစ်ဖို့ တစ်ခါကစဉ်းစားဖူးသေးသည်။ သို့သော်ပေါရီမြို့တွင် ၁၉၃၉ နွေဦးချိန်၌ ယေဟောဝါသက်သေများစည်းဝေးပွဲတစ်ခုကျင်းပခဲ့ရာ ယင်းသည် ကျွန်တော့်အတွက် ဘဝတစ်ကွေ့ ဖြစ်ခဲ့သည်။ ကျွန်တော့်ညီတွာမားနှင့်ကျွန်တော်သည် ၁၉၃၉၊ မေ ၂၈ ရက်တွင် ယေဟောဝါကိုဆက်ကပ်အပ်နှံ၊ နှစ်ခြင်းယူခဲ့သည်။ ထိုနောက် စက်တင်ဘာလအစောပိုင်းတွင် ဒုတိယကမ္ဘာစစ်ဖြစ်လေသည်။

ဥရောပတိုက်၏အခြေအနေများသည် အံ့သြစွာပြောင်းလဲလေသည်။ ဖင်လန်နိုင်ငံနှင့်ဆိုဗီယက်နိုင်ငံစပ်ကြား အခြေအနေဆိုးရွားလာသည်။ အာမဂေဒုန်နီးပြီဟု ကျွန်တော့်ဖေဖေက အလေးအနက်ပြောပြီး ရှေ့ဆောင်ကြဖို့အားပေးသည်။ သို့ ဖြစ်၍ ၁၉၄၀ ဒီဇင်ဘာလတွင် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ဖင်လန်မြောက်ပိုင်းတွင် ရှေ့ဆောင်ခဲ့သည်။

ရှေ့ဆောင်ခြင်းနှင့်ဗေသလလုပ်ငန်း

ရှေ့ဆောင်နေစဉ် ယီယိုကာလီယိုနှင့်အတူ အများအားဖြင့်နေထိုင်ခဲ့သည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်း ၃၀ က အမေရိကန်ပြည်၊ ပင်စီလ်ဗေးနီးယားနယ်တွင် ကျမ်းစာကျောင်းသားတစ်ဦး ဖြစ်ခဲ့သူဖြစ်သည်။ ယီယိုသည် လွန်စိတ်ထားကောင်း၍ ကျွန်တော်တို့ပျော်စေရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ သူ၏အစ်ကိုကူးအာစတီကာလီယိုသည် ၁၉၃၇ မှ ၁၉၄၀ အထိဖင်လန်နိုင်ငံ၏သမ္မတဖြစ်ခဲ့သည်။ ညီအစ်ကိုယီယိုက သူ့အစ်ကိုအား စေ့စပ်စွာသက်သေခဲ့ဖူးကြောင်း၊ ဘုရားသခင့်နိုင်ငံတော်သာလျှင် ကောင်းမြတ်သောအစိုးရနှင့် တည်မြဲသောကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသောမျှော်လင့်ရာဖြစ်ကြောင်း သူ့အားရှင်းပြဖူးသည်ဟုဆို၏။

အချိန်ကြာမြင့်လာလေ ဗေသလအိမ်ထောင်စုအဝင်ဖြစ်လာလိုစိတ် ပြင်းပြလာလေဖြစ်သည်။ နယ်လှည့်ကြီးကြပ်မှူးက မျှော်လင့်ချက်မထားရန်သတိပေးခဲ့သော်လည်း၊ ဗေသလတွင်အမှုထမ်းရန် လျှောက်လွှာကို ကျွန်တော်ဝမ်းသာအားရစွာ ဖြည့်စွက်ခဲ့ပါသည်။ ကျွန်တော်အစအဦးလုပ်ခဲ့ရသည့်အလုပ်မှာ သတင်းပို့လုလင်ဖြစ်သည်။ မကြာမီပင် စက်ရုံတွင်ဝင်အလုပ်လုပ်ခွင့်ရရှိခဲ့သည်။ ထိုတွင် ပုံနှိပ်အခန်းငယ်နှင့်အတူ စာပို့ဌာနအပါအဝင် ဌာနအသီးသီး၌ အမှုထမ်းခွင့်ရရှိခဲ့သည်။

ဆက်ကြားနေနိုင်ခြင်း

၁၉၄၂ ခု၊ အသက် ၁၈ နှစ်အရွယ်တွင်ကြားနေခြင်းကြောင့်ထောင်ကျခဲ့သည်။ အကျဉ်းထောင်တွင် အခြားအကျဉ်းသားတို့၏ အငြိုးထားသောကြိမ်းမောင်းမှုများကိုလည်း ခံရသည်။ တစ်ဦးက သူ့တောင်းဆိုချက်ကိုမပေးလျှင် ကျွန်တော်အားသတ်ပစ်မည်ဟု ကြိမ်းမောင်းပါသည်။ သို့သော်စုံစမ်းခြင်းတိုင်းမှာပင် ယေဟောဝါ၏မစမှုကိုတောင်းဆိုခဲ့ရာ ကိုယ်တော်ကူညီပေးသည်။ အမှန်မှာ ထိုအကျဉ်းသားသည် လူသတ်ဖူးခဲ့သည့်အတွက် ကြိမ်းမောင်းရုံသက်သက်မဟုတ်ပါ။ ထိုသူထောင်မှထွက်ပြီးနောက် လူသတ်မှုနောက်တစ်ကြိမ်ပြုလုပ်ပြီး ထောင်ပြန်ကျခဲ့သည်။

ယေဟောဝါသက်သေများကို ယုံကြည်စိတ်ချနိုင်သည်ဟု သိကြသည့်အတွက် မကြာမီပင် ကျွန်တော့်အား စိတ်ချရသူအဖြစ်အခွင့်ပေးသည်။ ကျွန်တော့်အလုပ်က အခြားအကျဉ်းသားများအား အစာဝေပေးရခြင်းဖြစ်၍ အကျဉ်းထောင်အတွင်း ကြိုက်ရာနေရာသို့ လွတ်လပ်စွာသွားလာခွင့်ရသည်။ ထိုကြောင့် ကျွန်တော်လုံလောက်စွာစားသောက်ခွင့်ရှိရုံမက ကျွန်တော့်ခရစ်ယာန်ညီအစ်ကိုများကိုလည်း ကောင်းစွာပြုစုပေးနိုင်ခဲ့သည်။ အစာလျှော့ကျွေးလေ့ရှိသည့်အတွက် ဖြစ်ခဲသော်လည်း ညီအစ်ကိုတစ်ဦးဆိုလျှင် အကျဉ်းကျစဉ် ဝလာပါသည်။

၁၉၄၄ စက်တင်ဘာလတွင်ညီအစ်ကိုဟာတီဗာနှင့်အတူ အကျဉ်းမှထွက်လာသည်။ ထွက်လာသည်နှင့် ဗေသလတွင်ဆက်အမှုထမ်းခွင့်ရသည်။ ‘တစ်နေ့ ၁၆ နာရီမျှအမှုဆောင်ခြင်းသည် အကျဉ်းထောင်ကျရခြင်းထက် သာ၍ကောင်းသည်’ ဟုကျွန်တော်စဉ်းစားမိသည်။ ထိုအချိန်ကတည်းက အလုပ်ကိုမရှောင်မဖယ်ခဲ့တော့ပါ။

လုပ်ငန်းတော်အခွင့်အရေးအသီးသီး

နောက်နောင် ၁၉၄၄ ခုနှစ်တွင် ချောလှသောရှေ့ဆောင်ငယ်မာဂစ်တ်နှင့်တွေ့ဆုံပါသည်။ သူကိုကျွန်တော်စိတ်ဝင်စားသည်နည်းတူ သူလည်းကျွန်တော့်ကိုစိတ်ဝင်စားခဲ့ရာ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် လက်ထပ်ထိမ်းမြားခဲ့သည်။ ကျွန်တော်တို့အိမ်ထောင်သည်ဘဝ၏ ပထမနှစ်တွင် ဟဲလ်စင်ကီမြို့၌မာဂစ်တ်ရှေ့ဆောင်နေစဉ် ကျွန်တော်က ဗေသလတွင်အမှုထမ်းခဲ့သည်။ ထိုနောက် ၁၉၄၇ ခုနှစ်ဇန်နဝါရီလတွင် တိုက်နယ်လုပ်ငန်းလုပ်ကိုင်ရန် ခန့်အပ်ခံရသည်။

နယ်လှည့်လုပ်ငန်းတွင် မိသားစုများနှင့်အတူ တစ်ခန်းတည်းတွင်တည်းခိုခဲ့ဖူးသည်။ သူတို့တွင်ရှိသောအကောင်းဆုံးအရာကို ကျွန်ုပ်တို့အားပေးသည်ကိုသိရှိသဖြင့် ကျွန်တော်တို့တစ်ခါမျှမညည်းညူပါ။ ထိုအချိန်က တိုက်နယ်တစ်ခုစီသည် ငယ်သည်ဖြစ်၍ အချို့အသင်းတော်များတွင် နှစ်ခြင်းယူပြီးသားသက်သေခံများပင်မရှိပါ။

၁၉၄၈ ခုနှစ်တွင် ဗေသလလုပ်ငန်းထမ်းဆောင်ရန် ပြန်ခေါ်ဖိတ်ခံရသည်။ နောက်နှစ်နှစ်အကြာတွင် အမေရိကန်ပြည်မှ ဝါးလစ္စအင်ဒရက်စ်သည် ဖင်လန်သို့ရောက်လာသည်။ နောက်များမကြာမီ သူ့အားဌာနခွဲကြီးကြပ်မှူးအဖြစ် ခန့်အပ်လိုက်သည်။ အင်္ဂလိပ်စာသင်ယူရန် ကျွန်တော်တို့ကိုအားပေးတိုက်တွန်းသည်အတိုင်း ပြုလုပ်ကြသည်။ သို့နှင့် ၁၉၅၂ ခုနှစ်ဖေဖော်ဝါရီလတွင် စတင်ခဲ့သည့် နယူးရောက်မြို့ကြီး၊ တောင်လင်စင်မြို့ငယ်ရှိ ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာကျောင်း၏ ၁၉ ကြိမ်မြောက်သင်တန်းကိုတက်ခွင့်ရခဲ့သည်။

ကျောင်းဆင်းပြီးနောက် ဖင်လန်နိုင်ငံသို့ ပြန်တာဝန်ခဲ့ရသည်။ သို့ရာတွင် အမေရိကန်ပြည်မှမထွက်ခွာမီ ဘရုတ်ကလင်၊ နယူးရောက်မြို့ရှိ ယေဟောဝါသက်သေများ၏ အပြည်ပြည်ဆိုင်ရာဌာနချုပ်၌ ပုံနှိပ်စက်များအသုံးပြုပုံအတွက် သင်တန်းပေးခံခဲ့ရသည်။

ဖင်လန်နိုင်ငံသို့ ပြန်ရောက်လာသောအခါ နယ်လှည့်လုပ်ငန်း၌တာဝန်ကျပြီး ၁၉၅၅ ခုနှစ်တွင် ဖင်လန်ဌာနခွဲသို့ ပြန်ခေါ်ဖိတ်ခံရပါသည်။ ထိုနှစ်တွင် ကျွန်တော်စက်ရုံကြီးကြပ်မှူးဖြစ်လာပါသည်။ နောက်နှစ်နှစ်အကြာ ၁၉၅၇ ခုနှစ်တွင် ဌာနခွဲကြီးကြပ်မှူးဖြစ်လာပါသည်။ ၁၉၇၆ ခုနှစ်ကတည်းက ဖင်လန်ဌာနခွဲကော်မတီ၏ညှိနှိုင်းရေးမှူးအဖြစ် အမှုထမ်းခဲ့ပါသည်။

ဝမ်းသာစရာမှာ ကျွန်တော့်အဖေရောအမေပါ သူတို့သေသည်အထိ ယေဟောဝါကိုသစ္စာတည်ကြည်ခဲ့ပါသည်။ အတန်ကြာသော် အဖေ့အမျိုးမှ သက်သေခံဖြစ်လာသူ တစ်ရာကျော်ရှိပါသည်။ ယနေ့ထိတိုင်အောင် ကျွန်တော့်မောင်နှမများနှင့် သူတို့အိမ်ထောင်များပါ ယေဟောဝါ၏အမှုတော်ထမ်းဆောင်နေရာ ညီအစ်မတစ်ယောက်ဆိုလျှင် ရှေ့ဆောင်နေပါသည်။

ပြည့်ဝစုံလင်၍ ဆုကျေးဇူးများသောဘဝအသက်တာ

နှစ်ကာလတစ်လျှောက် အလုပ်တာဝန်များသည်ထက်များလာပါသည်။ သို့သော်ဘုရားသခင့်လုပ်ငန်းဖြစ်သည့်အတွက် ပြည့်ဝစုံလင်၍ အကျိုးကျေးဇူးများစွာခံစားရသည်။ (၁ ကောရိန္သု ၃:​၆-၉) ကျွန်တော့်ဘဝသည် ချောမွတ်သိမ်မွေ့ပြေပြစ်သည်မဟုတ်ပါ။ အခက်အခဲဒုက္ခများစွာ ကြုံတွေ့ခဲ့ရပါသည်။ မိမိကိုယ်ကို ပဲ့ပြင်ဆုံးမပေးဖို့လိုကြောင်း၊ စစချင်းကတည်းက သဘောပေါက်လာသည်။ ကိုယ်ကြိုက်ရာကို ခါတိုင်းမလုပ်ကိုင်နိုင်ပါ။ မကြာခဏ ဆုံးမခံခဲ့ရ၍ တဖြည်းဖြည်း လမ်းမှန်အတိုင်းအသက်ရှင်တတ်လာပါသည်။

ဥပမာ၊ စစ်အတွင်းခံရသည့် ဆင်းရဲဒုက္ခနှင့်ချို့ငဲ့မှုများကြောင့် ဇိမ်ခံပစ္စည်းများမရှိဘဲ နေတတ်လာသည်။ အရာတစ်ခုသည် ရှိဖို့အမှန်လိုမလို ချင့်ချိန်တတ်လာသည်။ ယခုအထိ ဒီပစ္စည်းဟိုပစ္စည်း လိုမလိုကိုယ့်ကိုယ်ကိုမေးသည့်အကျင့်ရှိတုန်းပင်။ ထိုနောက်အမှန်အရေးမကြီးလှလျှင် ယင်းကိုမဝယ်ဘဲနေပါသည်။

အဖွဲ့အစည်းမှတစ်ဆင့် ယေဟောဝါပေးသောလမ်းပြမှုသည် ထင်ရှားလှသည်။ ဖင်လန်နိုင်ငံဌာနခွဲတွင် အမှုထမ်းခဲ့သည့်ကာလအတွင်း ကြေညာသူ ၁,၁၃၅ မှ ၁၈,၀၀၀ သို့တိုးတက်လာခြင်း၏ ရွှင်လန်းမှုကို ခံစားခဲ့ရပါသည်။ ကျွန်တော့်လုပ်ငန်းအပေါ် ကောင်းချီးသွန်းလောင်းခဲ့ကြောင်း ကျွန်တော်အမှန်တွေ့ မြင်ခဲ့ရ၍ လုပ်ငန်းတော်မှာ ကျွန်ုပ်တို့လုပ်ငန်းမဟုတ် ယေဟောဝါလုပ်ငန်းဖြစ်သောကြောင့်ပင်ဖြစ်သည်။ (၁ ကောရိန္သု ၃:​၆၊ ၇) ငယ်စဉ်အချိန် အစောပိုင်းကတည်းက ယေဟောဝါ၏လမ်းစဉ်ကို ကျွန်တော်ရွေးချယ်ခဲ့ရာ အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်ကြောင်း အမှန်သက်သေထင်ရှားပေပြီ။

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ယနေ့အယ်ရ်ကီး ခန်းခန်းပါနှင့်သူ၏ဇနီးမာဂစ်တ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ