ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၄/၁ စာ. ၂၀-၂၄
  • ယေဟောဝါ၏လုပ်ငန်းတော်တွင် ကောင်းချီးကြွယ်ဝသောအသက်တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏လုပ်ငန်းတော်တွင် ကောင်းချီးကြွယ်ဝသောအသက်တာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့သော ညနေခင်း
  • အစောပိုင်းနှစ်များအတွင်း ကျွန်တော်တို့၏ ဓမ္မအမှု
  • ကျွန်တော်တို့၏ယုံကြည်ခြင်းအတွက် စမ်းသပ်ချက်ဖြစ်သော အပြောင်းအလဲ
  • သီသီလေး လွတ်ခဲ့ချိန်များ
  • ရုံးတင်စစ်ဆေးမှုတွင် အကူအညီပေးခဲ့ခြင်း
  • စစ်ပြီးပြီ—ကျွန်တော်တို့လုပ်ငန်း ဆက်ဆောင်ရွက်
  • ယေဟောဝါ၏လမ်းစဉ်သည် အကောင်းဆုံးအသက်ရှင်နည်းဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေဟောဝါ၏အမှုတော်ထမ်းရန် သန္နိဋ္ဌာန်ချခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေဟောဝါရှင်၏ မေတ္တာပါသော လက်တော်အောက်တွင် အမှုဆောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • နှစ်ပေါင်း ၅၀ ကျော် ‘ကူးသွားခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၄/၁ စာ. ၂၀-၂၄

ယေဟောဝါ၏လုပ်ငန်းတော်တွင် ကောင်းချီးကြွယ်ဝသောအသက်တာ

လအို ကဲလ်လျို ပြာပြသည်

၁၉၁၄ ခုနှစ်၊ ဖင်လန်နိုင်ငံ၊ တူရ်ကူမြို့ ဆင်ခြေဖုံးအရပ် နွေရာသီအတွင်း အလွန်သာယာသောနေ့တစ်နေ့ ကုန်ဆုံးလုပြီဖြစ်သည်။ တိုက်ပွဲကြီးဖြစ်ပြီဟူသည့်သတင်းကြောင့် ထိုငြိမ်းချမ်းသာယာမှု ရုတ်တရက်ပျောက်လွင့်ခဲ့သည်။ မကြာမီ လမ်းပေါ်တွင် အဖြစ်အပျက်များ၏အဓိပ္ပာယ်ကို စုံစမ်းသူများနှင့် ပြည့်လာလေသည်။ လူကြီးများ၏ စိုးရိမ်တကြီး မျက်နှာထားများကြောင့် ကလေးများဖြစ်ကြသည့် ကျွန်တော်တို့လည်း ဘာဖြစ်ပျက်မည်ကို တွေးတောခဲ့ကြသည်။ ထိုစဉ်က ကျွန်တော် ကိုးနှစ်ရှိနေခဲ့ပြီး ကျွန်တော်တို့၏ အေးဆေးငြိမ်သက်စွာ ကစားပုံကစားနည်းများလည်း စစ်တိုက်ပွဲများအဖြစ် ပြောင်းလဲသွားသည်ကို အမှတ်ရမိပါသည်။

ပထမကမ္ဘာစစ် (၁၉၁၄-၁၈) တွင်ဖင်လန်နိုင်ငံ မပါခဲ့သော်လည်း ၁၉၁၈ ခုနှစ်၊ ပြည်တွင်းစစ်ကြောင့် တိုင်းပြည်ပျက်စီးခဲ့သည်။ နိုင်ငံရေးအယူအဆများ မတူသည့်အတွက် ဆွေမျိုးချင်း၊ မိတ်ဆွေချင်း လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြသည်။ ဤရန်လိုမုန်းထားမှုကို ခုနစ်ဦးအဝင်ဖြစ်သော ကျွန်တော့်မိသားစု ခံခဲ့ရပါသည်။ ကိုယ့်အယူအဆကို တုံးတိတိပြောဆိုတတ်သော ကျွန်တော့်အဖေသည် အဖမ်းခံရပြီး ခုနစ်နှစ်ထောင်ချခံခဲ့ရသည်။ နောင်တွင် တရားသေလွှတ်ခံရသော်လည်း သူ့ကျန်းမာရေး ချို့တဲ့ပျက်စီးသွားချေပြီ။

ဤဒုက္ခကာလအတွင်း ကျွန်တော်တို့၏မိသားစုသည် ငတ်ပြတ်မှုနှင့် ဖျားနာမှုဒဏ်များကို ခံခဲ့ရသည်။ သို့နှင့် ကျွန်တော့်ညီမသုံးယောက် ကွယ်လွန်ခဲ့သည်။ တဲင်ပီယာမြို့တွင်နေသော ကျွန်တော့်အဖေ၏အစ်ကိုသည် ကျွန်တော်တို့၏ဒုက္ခကို ကြားသည့်အခါ အဖေ၊ အမေနှင့် ကျန်ကလေးနှစ်ယောက်ကို သူနှင့်အတူနေထိုင်ရန် ဖိတ်ခေါ်ပါသည်။

နောင်နှစ်အတန်ကြာ တဲင်ပီယာမြို့တွင် နေထိုင်စဉ် စီလ်ဗီဟု အမည်ရှိ နှစ်လိုဖွယ် မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူမ၏နောက်ခံဘဝသည် ကျွန်တော်နှင့် မထူးမခြားဖြစ်သည်။ ပြည်တွင်းစစ်အတွင်း သူမ၏ဖခင် အသတ်ခံခဲ့ရပြီး ပေါ်ရီမြို့နေ၊ သူမ၏မိသားစုနှင့် ရင်းနှီးခင်မင်သောမိတ်ဆွေတစ်ဦးဖြစ်သူ ကာလို (ကာလယ်) ဗီစန်တိုသည် သူတို့သားအမိသုံးဦးကို သူတို့နှင့်အတူတကွနေထိုင်စေခဲ့သည်။ စီလ်ဗီ၏အမေကို အလုပ်အကိုင်ရှာပေးပြီး မိန်းကလေးနှစ်ယောက်ကို ကျောင်းထားပေးခဲ့သည်။ အတန်ကြာလေသော် စီလ်ဗီသည် တဲင်ပီယာမြို့တွင် အလုပ်ရသဖြင့် ထိုသို့နှင့် ကျွန်တော်တို့တွေ့ဆုံခဲ့ကြပါသည်။

ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့သော ညနေခင်း

၁၉၂၈ ခုနှစ်တွင် စီလ်ဗီနှင့် ကျွန်တော်စေ့စပ်ကြောင်းလမ်းခဲ့သည်။ တစ်နေ့တွင် ကာလယ် ဗီစန်တို၏မိသားစုထံ အလည်သွားရန် ပေါ်ရီမြို့သို့ ကျွန်တော်တို့အတူသွားခဲ့သည်။ ကျွန်တော့်ဘဝကို ထိုမျှအကြီးအကျယ်ပြောင်းလဲစေခဲ့သည့် အခြားအဖြစ်အပျက်မရှိခဲ့ပါ။ ကာလယ်သည် ပြိုင်မြင်းများမွေးမြူပြီး ပိုင်ဆိုင်သူတစ်ဦးဖြစ်သည်။ သို့သော် ယခု ထိုလုပ်ငန်းကို မလုပ်တော့ချေ။ သူတို့မောင်နှံစုံသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဇွဲလုံ့လရှိစွာ ကြေညာသူများ ဖြစ်နေကြပါသည်။ သူ၏နှစ်ထပ်အိမ် အပြင်ဘက်နံရံပေါ်တွင် “ယခုအသက်ရှင်သူ သန်းပေါင်းများစွာ ဘယ်တော့မျှ မသေကြရ” ဟူသောစာကြောင်းကို လူငှားပြီး ရေးစေခဲ့ကြောင်း ယေဟောဝါသက်သေများ၏ ၁၉၉၀ နှစ်ချုပ်စာအုပ်က ဖော်ပြပါသည်။ ထိုစာလုံးများကို အမြန်ခုတ်မောင်းသော ရထားများပေါ်မှ အလွယ်တကူတွေ့မြင်နိုင်ပါသည်။

ထိုညတွင် ကာလယ်နှင့်ကျွန်တော် မိုးလင်းခါနီးအထိ စကားပြောခဲ့ကြသည်။ “ဘာကြောင့်လဲ။ ဘာကြောင့်လဲ။ ဘာကြောင့်လဲ” ဟူသောကျွန်တော့်မေးခွန်းများကို ကာလယ်ဖြေရှင်းပြောဆိုပေးပါသည်။ တစ်ညချင်းတွင် အခြေခံကျမ်းစာဆိုင်ရာသမ္မာတရားများကို တတ်သိခဲ့သည်။ အမျိုးမျိုးသွန်သင်ပေးရာများကို ရှင်းလင်းစေသည့်ကျမ်းချက်များကို ရေးမှတ်ခဲ့သည်။ နောက်ပိုင်း အိမ်ပြန်ရောက်သည့်အခါ မှတ်စုစာအုပ်တစ်အုပ်တွင် ထိုကျမ်းချက်များအားလုံးကို တစ်ကြောင်းချင်းရေးမှတ်ခဲ့သည်။ ကျမ်းစာမသုံးတတ်သေးသည့်အတွက် ကျွန်တော့်ဆောက်လုပ်ရေး အလုပ်ခွင်တွင် ဤမှတ်စုစာအုပ်ကိုအသုံးပြုပြီး သက်သေခံခဲ့သည်။ မှောက်မှားသောဘာသာ၏သွန်သင်ချက်များကို ဖော်ထုတ်ပြောပြသည့်အခါ “မင်းတို့ တကယ်ပဲလှည့်ဖြားခံခဲ့ကြတယ်!” ဟူသော ကာလယ်၏စကားများကို ကျွန်တော်ပါ ထပ်ခါတလဲအသုံးပြုခဲ့သည်။

တဲင်ပီယာမြို့တွင် ကျမ်းစာသင်သား ၃၀ ခန့် စည်းဝေးများကျင်းပသည့်အိမ်လိပ်စာကို ကာလယ်ပေးပါသည်။ အိမ်ပိုင်ရှင် ညီအစ်ကိုအန်ဒါစန်အနား တံခါးဝအနီးတွင် ကျွန်တော်ငုံ့ထိုင်လေ့ရှိသည်။ မှန်မှန်မတက်ခဲ့သော်လည်း ဆုတောင်းခြင်းသည်အကူအညီဖြစ်ကြောင်း ထင်ရှားခဲ့ပါသည်။ အလုပ်ခွင်တွင် အခက်အခဲအကြီးအကျယ်ကြုံခဲ့သောအခါ ကျွန်တော် တစ်ခါက ဤသို့ဆုတောင်းခဲ့သည်– “ကျေးဇူးပြု၍ ဒီဒုက္ခတွေကနေ ကျွန်တော့်ကို ကိုယ်တော်လွတ်မြောက်စေမယ်ဆိုရင် စည်းဝေးမှန်မှန်တက်ပါမယ်လို့ ကတိပေးပါတယ်။” သို့သော် အခြေအနေပိုမိုဆိုးရွားလာခဲ့သည်။ ထိုအခါ ယေဟောဝါနှင့် ကျွန်တော်အပေးအယူလုပ်နေကြောင်း သတိပြုမိသည်။ သို့ဖြစ်၍ ကျွန်တော့်ဆုတောင်းချက်ကို ဤသို့ပြုပြင်လိုက်သည်– “ဘာဘဲဖြစ်ဖြစ် စည်းဝေးတိုင်းကိုတက်ပါ့မယ်လို့ ကတိပေးပါတယ်။” ထိုနောက်ပိုင်း ကျွန်တော့်အခက်အခဲများ လျော့သွားပြီး စည်းဝေးများကို မှန်မှန်တက်သူလည်း ဖြစ်လာပါသည်။—၁ ယောဟန် ၅:၁၄။

အစောပိုင်းနှစ်များအတွင်း ကျွန်တော်တို့၏ ဓမ္မအမှု

၁၉၂၉ ခုနှစ်တွင် စီလ်ဗီနှင့်ကျွန်တော်လက်ထပ်ပြီး ၁၉၃၄ ခုနှစ်တွင် နှစ်ယောက်စလုံး ယေဟောဝါထံ ကိုယ်ကိုကိုယ်ဆက်ကပ်အပ်နှံကြောင်း နှစ်ခြင်းဖြင့် တင်ပြခဲ့သည်။ ထိုစဉ်က ကျွန်တော်တို့ဓမ္မအမှုတွင် ဓာတ်စက်နှင့်ဓာတ်ပြားများကို သူတစ်ပါးအိမ်သို့သယ်ဆောင်ကာ ကျမ်းစာဟောပြောချက်တစ်ခုကို ဖွင့်ပြနိုင်မည်လောဟု ယဉ်ကျေးစွာမေးမြန်းကြရသည်။ လူတို့လည်း အိမ်ထဲဖိတ်ခေါ်လေ့ရှိပြီး ဟောပြောချက်ကို သူတို့နားထောင်ပြီးသည့်အခါ စကားအပြန်အလှန်ပြောဆိုပြီး ကျွန်တော်တို့စာပေအချို့ကို လက်ခံလေ့ရှိသည်။

အစိုးရအရာရှိများခွင့်ပြုချက်ဖြင့် ပန်းခြံများတွင် အသံချဲ့စက်များအသုံးပြု၍ ဤကျမ်းစာဆိုင်ရာဟောပြောချက်များကို ဖွင့်ပြခဲ့ကြပါသည်။ ဆင်ခြေဖုံးအရပ်များတွင်မူကား အသံချဲ့စက်ကို အိမ်ခေါင်မိုး သို့မဟုတ် မီးခိုးတိုင်ထိပ်တွင်တင်တတ်ကြသည်။ အခြားအချိန်များတွင်မူ မြို့သူမြို့သားများ စုဝေးတတ်သည့်ရေကန်ဘေးတွင် ဖွင့်ပြလေ့ရှိသည်။ ထိုအခါမျိုးတွင် အသံချဲ့စက်များကို လှေပေါ်တင်၍ ကန်ဘေးတစ်လျှောက် တဖြည်းဖြည်းလှော်ရင်းဖွင့်ပြခဲ့ကြသည်။ တနင်္ဂနွေနေ့များတွင် ထိုအသံချဲ့စက်များ၊ စာအုပ်စာတမ်းများစွာကို သယ်ဆောင်သွားကာ ဘတ်စ်ကားဖြင့် ကျေးလက်တောရွာဒေသများသို့သွားကြပါသည်။

ကျွန်တော်တို့၏ယုံကြည်ခြင်းအတွက် စမ်းသပ်ချက်ဖြစ်သော အပြောင်းအလဲ

၁၉၃၈ ခုနှစ်တွင် ရှေ့ဆောင်အဖြစ် အချိန်ပြည့်ဓမ္မအမှုဆောင်လုပ်ငန်းကို ဝင်ထမ်းဆောင်ခဲ့ပြီး တစ်ကြိမ်တည်းတွင် ပန်းရန်ဆရာအဖြစ်လည်း ဆက်လုပ်ကိုင်ခဲ့သည်။ နောက်တစ်နှစ် နွေဦးရာသီပိုင်းတွင် ယနေ့ တိုက်နယ်ကြီးကြပ်မှူးဟုခေါ်သော ခရီးလှည့်ဓမ္မအမှုဆောင်အဖြစ် ဆောင်ရွက်ရန် အသင်းမ၏ဌာနခွဲမှ ကျွန်တော့်ထံ ဖိတ်ခေါ်စာတစ်စောင်ရောက်လာပါသည်။ ယင်းကိုလက်ခံရန် ဆုံးဖြတ်ရ မလွယ်ကူခဲ့ပါ။ အကြောင်းမှာ တဲင်ပီယာမြို့ရှိ အသင်းတော်နှင့် တွဲဖက်အမှုဆောင်ခြင်းကို ကျွန်တော်တကယ်ပျော်နေပါသည်။ ထို့ပြင် ကိုယ်ပိုင်အိမ်လည်းရှိသည်။ ခြောက်နှစ်သားကလေး အာရ်တိုသည်လည်း ကျောင်းစနေရတော့မည်ဖြစ်သည်။ စီလ်ဗီဆိုလျှင်လည်း သူ၏အရောင်းစာရေးအလုပ်တွင် တကယ်ပျော်ရွှင်မှုရရှိနေသည်။ သို့ဖြစ်သော်လည်း နှစ်ဦးနှစ်ယောက်ဆွေးနွေးတိုင်ပင်ပြီးနောက် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် ထပ်ဆင့်ရသောအခွင့်အရေးကို ကျွန်တော်လက်ခံလိုက်ပါသည်။—မဿဲ ၆:၃၃။

ထိုနောက် အခြားခက်ခဲသောအချိန် တစ်ချိန်စတင်လာပါသည်။ ၁၉၃၉၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် စစ်ဖြစ်၍ ဆိုဗီယက်စစ်သားများသည် ဖင်လန်နိုင်ငံသို့ ချီတက်လာကြသည်။ ဆောင်းတိုက်ပွဲဟုခေါ်သည့် ထိုစစ်ပွဲသည် ၁၉၄၀၊ မတ်လအထိကြာရှည်ခဲ့၍ ထိုအချိန်တွင် ဖင်လန်နိုင်ငံသည် ငြိမ်းချမ်းရေးစာချုပ်ကို သဘောတူခဲ့သည်။ ထိုစဉ်က ရာသီဥတုပင် စစ်ဆင်နွှဲပုံပေါက်သည်။ အကြောင်းမှာ ကျွန်တော်မှတ်မိသမျှ ဆောင်းရာသီများတွင် ယင်းသည် အအေးဆုံးဖြစ်သည်။ သာမိုမီတာသည် ဖာရင်ဟိုက်သုညအောက် ၂၂ ဒီဂရီမက ကျဆင်းနေစဉ် အသင်းတော်တစ်ခုမှနောက်တစ်ခုသို့ ကျွန်တော်စက်ဘီးစီးသွားရပါသည်!

၁၉၄၀ ခုနှစ်တွင် ဖင်လန်နိုင်ငံ၌ ယေဟောဝါသက်သေများ၏လုပ်ငန်းကို ပိတ်ပင်လိုက်သည်။ ထို့နောက် ဖင်းနစ်ရှ်သက်သေခံ လူငယ်မြောက်မြားစွာသည် ထောင်ချခံကြရ၍ လူမဆန်ပြုမူမှု အခြေအနေတွင် ချုပ်နှောင်ခံခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ်၊ ၁၉၃၉ မှ ၁၉၄၅ ခုနှစ်အထိ အသင်းတော်များထံ ကျေးဇူးတော်ကြောင့် ကျွန်တော်လှည့်လည်အမှုဆောင်နိုင်ခဲ့သည်။ ယင်းသို့ပြုနိုင်ရန် စီလ်ဗီနှင့်အာရ်တိုတို့ကို လချီ၍မတွေ့ရသည့်အချိန် များစွာရှိခဲ့သည်။ ထို့ပြင် တရားမဝင်သောလုပ်ငန်းကို ထမ်းဆောင်နေသည့်အတွက် ဖမ်းဆီးခံရမည့်အန္တရာယ်ကိုလည်း အမြဲရင်ဆိုင်ခဲ့ရပါသည်။

သေတ္တာတစ်လုံး၊ စာအုပ်စာတမ်းအိတ်၊ ဓာတ်စက်နှင့်ဓာတ်ပြားများဖြင့် လေးလံနေသည့်စက်ဘီးကိုစီးလာသော ကျွန်တော့်အား ထူးဆန်းသည်ဟု ထင်မှတ်ကြမည်။ ဓာတ်ပြားများကို ကျွန်တော်သယ်ဆောင်သွားရသည့်အကြောင်းတစ်ကြောင်းမှာ ဖမ်းဆီးခံရမည်ဆိုလျှင် ရုရှားလူမျိုးသူလျှို ကင်းထောက်လေထီးစစ်သား တစ်ဦးမဟုတ်ကြောင်းကို သက်သေပြရန်ဖြစ်သည်။ ကျွန်တော်သည် လေထီးစစ်သားဖြစ်မည်ဆိုလျှင် ခုန်ချချိန်တွင် ဓာတ်ပြားများ ကွဲရှကုန်မည်ဟု ဆင်ခြေပေးနိုင်ရန်အတွက်ပင်။

သို့ဖြစ်၍ပင်တစ်ကြိမ်တွင် သူလျှိုတစ်ဦးအကြောင်းသတိပေးထားသည့် ရပ်ကွက်တစ်ခုထံ လည်ပတ်ချိန်၌ သက်သေခံမိသားစုတစ်စုသည် ကျွန်တော့်အား သူလျှိုဟု ယူမှတ်ခဲ့ကြသည်။ ဆောင်းရာသီ ညနက်ချိန်တွင်သူတို့တံခါးကို ခေါက်သောအခါ မဖွင့်ဝံ့ခဲ့ကြပါ။ သို့ဖြစ်၍ ထိုညတွင် အချမ်းဒဏ်မခံရရန် နွားတင်းကုပ်ရှိ ကောက်ရိုးပုံတွင် အိပ်ခဲ့ရသည်။ နောက်နေ့နံနက်ချိန်တွင် လူမှားမိကြောင်းသိလာကြသည့်အခါ ထိုအိမ်ထောင်စုသည် ကျန်ကြွင်းသည့်ရက်များအတွင်း အထူးတလည် ဧည့်ခံပြုစုခဲ့ကြပါသည်!

စစ်အတွင်း ညီအစ်ကို ယိုဟန်နပ်စ် ကော့စ်ကီနန်နှင့် ကျွန်တော်သာ ဖင်လန်နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းရှိ အသင်းတော်များထံ လည်ပတ်ကူညီပေးခဲ့ပါသည်။ ကျွန်တော်တို့တစ်ဦးစီလှည့်လည်ရသောနေရာသည် အလွန်ကျယ်ပြန့်၍ မိုင် ၄၀၀ ခန့်ရှည်လျားပါသည်။ လှည့်လည်သွားရမည့် အသင်းတော်အရေအတွက်မှာ များလွန်းလှသဖြင့် အသင်းတော်တစ်ခုစီတွင် နှစ်ရက်သုံးရက်သာ နေနိုင်ခဲ့သည်။ အချိန်မှန်ပြေးသော ရထားများ ရှားသည်။ ဘတ်စကားလည်း အနည်းငယ်သာရှိ၍ ကျပ်လွန်းသည့်အတွက် သွားလေရာခရီးရောက်ခြင်းသည် အံ့ဩစရာဖြစ်ခဲ့ပါသည်။

သီသီလေး လွတ်ခဲ့ချိန်များ

ဆောင်းတိုက်ပွဲ အစောပိုင်းကာလ တစ်ချိန်တွင် ဟဲလ်စင်ကီမြို့ရှိ ဌာနခွဲထံ ကျွန်တော်သွား၍ အသင်းတော်များထံ ရထားဖြင့်ပို့ပေးရန် ပိတ်ပင်ထားသည့် လေးလံသောစာအုပ်စာတမ်း ကတ်ထူပုံးလေးပုံးကိုသွားယူခဲ့ပါသည်။ ရီဟီမကီဘူတာရုံတွင် ရောက်ရှိနေစဉ် လေကြောင်းမှ ဗုံးကြဲမည့်နှိုးဆော်သံ ကြားခဲ့ကြသည်။ ရထားပေါ်ရှိ စစ်သားများသည် သူတို့၏ဆီးနှင်းတောဝတ်စုံကို ဝတ်ဆင်ကြ၍ ခရီးသည်များအား ရထားပေါ်မှဆင်းပြီး ဘူတာရုံတစ်ဖက်ရှိ လယ်ကွက်သို့ အမြန်ပြေးကြရန် မှာကြားပါသည်။

ကျွန်တော်၏ကတ်ထူပုံးများသည် အလွန်အရေးကြီးသည်ဟုပြောပြီး ယင်းတို့ကို စစ်သားများအား သယ်ဆောင်ပေးရန် တောင်းဆိုခဲ့ရာ သူတို့လေးဦး တစ်ပုံးစီမ၍ ဆီးနှင်းဖုံးလွှမ်းသောလယ်ကွက်တွင် ကိုက် ၂၀၀ ခန့်ပြေးသွားကြသည်။ ထိုနောက် မြေကြီးပေါ် ပြားပြားဝပ်ကြရာ လူတစ်ယောက်က ဤသို့ပြောသည်– “ဟေ့အရပ်သား၊ မလှုပ်နဲ့! နဲနဲလှုပ်ရှားတာကို မြင်တာနဲ့ ဗုံးကျဲမှာ။” ထိုစဉ်တွင် ကျွန်တော်သိလို၍ ကောင်းကင်သို့သတိနှင့်မော့ကြည့်ခဲ့ရာ လေယာဉ် ၂၈ ခုကိုရေတွက်မိသည်!

တစ်ခဏချင်းတွင် ဗုံးကြဲလိုက်သည်နှင့် မြေကြီးတုန်ခါသွားပါသည်။ ဘူတာရုံကို ဗုံးမမှန်သော်လည်း ကျွန်တော်တို့စီးလာသောရထားထိသွားပါသည်။ ပျက်စီးသွားသောရထားနှင့် သံလမ်းများမြင်ကွင်းသည် ကိုးရိုးကားရားဖြစ်လှချည်တကား! နောက်နေ့နံနက်တွင် ကျွန်တော့်ကတ်ထူပုံးများနှင့် ခရီးဆက်နိုင်ခဲ့ပါသည်။ စစ်သားများသည်လည်း အခြားရထားတစ်စီးဖြင့် ထွက်ခွာသွားကြသည်။ သူတို့အနက် တစ်ဦးသည် စစ်ပြီးနောက် သက်သေခံဖြစ်လာပါသည်။ ထိုစဉ်က ကတ်ထူပုံးများနှင့် ထူးဆန်းသည့်အရပ်သားအကြောင်း ထိုစစ်သားများအချင်းချင်း ပြောဆိုခဲ့ကြောင်း ကျွန်တော့်အား သူပြောပြပါသည်။

ထိုနောက်ပိုင်း မကြာမီအချိန်တွင် ညီအစ်ကိုကော့စ်ကီနန်သည် ဖင်လန်နိုင်ငံမြောက်ပိုင်းရှိ ရိုဗာနီအမီမြို့ အသင်းတော်ငယ်ကလေးတစ်ခုထံ လည်ပတ်ရန် ခရီးသွားစဉ်တွင် ရထားပေါ်မှအဆင်း ဖမ်းဆီးခံခဲ့ရသည်။ အကျဉ်းထောင်တွင် သူသည် ရက်စက်ကြမ်းကြုတ်မှုများကို ခံခဲ့ရသည်။ ထိုအသင်းတော်ထံ လည်ပတ်ရန် ကျွန်တော့်အလှည့်ကျသောအခါ ကွိုင်ပုံးဘူတာရုံငယ်ကလေးတစ်ခုတွင် ဆင်းဖို့ စီစဉ်ထားပါသည်။ ထိုတွင် ညီအစ်မဟဲလ်မီ ပါလာရီက နွားနို့ပို့မြင်းလှည်းတစ်စီးဖြင့် ခရီးဆက်နိုင်ရန် စီစဉ်ထားပါသည်။ ရိုဗာနီအမီမြို့ အသင်းတော်ငယ်ထံ ကျွန်တော်၏လည်ပတ်မှုသည် အောင်မြင်မှုတစ်ရပ်ဖြစ်ခဲ့သည်။ သို့ရာတွင် ယင်းမှ ထွက်ခွာချိန်၌ ဒုက္ခရောက်ခဲ့သည်။

ဘူတာရုံသို့သွားစဉ် ကျွန်တော်နှင့်ကျွန်တော့်အဖော်သည် လမ်းသွားလမ်းလာသူအားလုံး၏ စာရွက်စာတမ်းများကို စစ်ဆေးနေသော စစ်မှုထမ်းနှစ်ဦးနှင့် ကြုံတွေ့ခဲ့ပါသည်။ ကျွန်တော်က “သူတို့ကိုမကြည့်နဲ့။ ရှေ့ကိုပဲတည့်တည့်ကြည့်” ဟုပြောလိုက်သည်။ သူတို့ကို မတွေ့မမြင်သကဲ့သို့ သူတို့နှစ်ဦးကြားမှ ကျွန်တော်တို့လျှောက်သွားကြပါသည်။ ထိုအခါ ကျွန်တော်တို့နောက် ပြေးလိုက်လာကြသည်။ နောက်ဆုံး ဘူတာရုံရှိ လူအုပ်ကြားမှ သူတို့ကိုရှောင်၍ ထွက်ခါစရထားပေါ် ခုန်တက်သွားနိုင်ခဲ့ပါသည်။ ထိုအချိန်က နယ်လှည့်လုပ်ငန်းကို ရင်တမမ ဆောင်ရွက်ခဲ့ရ၏!

တစ်ခါတွင် ကျွန်တော့်ကိုဖမ်းပြီး စစ်သားစုဆောင်းရေးဌာနသို့ ခေါ်ဆောင်ခဲ့ကြသည်။ ရှေ့တန်းသို့ ကျွန်တော့်အား ပို့ရန် ရည်ရွယ်ထားသည်။ သို့သော် ဖုန်းလာ၍ ကျွန်တော့်ကိုမေးမြန်းစုံစမ်းရမည့် အရာရှိက ကောက်ကိုင်လိုက်ပါသည်။ တစ်ဖက်မှ ဤသို့အော်ပြောသံကို ကျွန်တော်ကြားလိုက်ရသည်– “ဒီအသုံးမကျ ရောဂါသည်များကို ဘာကြောင့်ပို့ပေးနေရတာလဲ။ သူတို့ကို ပြန်ပို့ရတာဘဲ အဖတ်တင်တယ်။ အလုပ်လုပ်နိုင်မယ့်လူတွေ လိုနေတာ!” ထိုစဉ်တွင် ကျန်းမာရေးချို့တဲ့ကြောင်း ဆေးစာရွက်စာတမ်းတစ်ခု ကျွန်တော့်၌ရှိပါသည်။ ယင်းကို ပြလိုက်သည့်အခါ ကျွန်တော့်အားလွှတ်လိုက်သည့်အတွက် အသင်းတော်များထံ အဆက်မပြတ် လှည့်လည်သွားနိုင်ခဲ့ပါသည်!

ရုံးတင်စစ်ဆေးမှုတွင် အကူအညီပေးခဲ့ခြင်း

ဆက်၍စစ်ဖြစ်နေကြရာ ကျွန်တော့်မိတ်ဆွေ အာတီ လာအက်စ်တသည် အဖမ်းခံခဲ့ရပါသည်။ သူ့ဇနီးက သတင်းပို့သဖြင့် သူတို့အိမ်သို့ရောက်သွားသောအခါ သူ၏စာရွက်စာတမ်းများတွင် အသံသွင်းထားသည့် ဟောပြောချက်များကို မြို့တွင်းရှိ ပန်းခြံများ၌ တင်ဆက်ရန် ရဲစခန်းမှခွင့်ပြုချက်တစ်ခုကို ကျွန်တော်တွေ့ရှိပါသည်။ ထိုစာရွက်စာတမ်းနှင့် တရားရုံးသို့ ကျွန်တော်တို့ရောက်ရှိလေသည်။ စွဲချက်ကို သူတို့ဖတ်ပြပြီးနောက် ညီအစ်ကို လာအက်စ်တအား ခွင့်ပြုချက်စာတမ်းကို လှမ်းပေးလိုက်သည်။ တရားသူကြီးကလည်း ဓာတ်စက်တစ်ခု ယူလာစေ၍ အသံသွင်းထားသည့် ကျမ်းစာဆိုင်ရာ ဟောပြောချက်အသီးသီးကို တရားရုံးတွင်ဖွင့်ပြစေခဲ့သည်။ တစ်ခုစီကို သူတို့နားထောင်ပြီးနောက်တွင် ပြောဆိုချက်များတွင် မသင့်တော်သည့်အချက် တစ်ချက်ကိုမျှ မတွေ့ရှိကြောင်း တရားသူကြီးဆိုသည်။

ထိုနောက် အာတီ၊ သူ၏ဇနီးနှင့် ကျွန်တော့်အား အပြင်သို့ထွက်ခိုင်း၍ တရားရုံး၏စီရင်ချက်ကို စောင့်စေပါသည်။ စိတ်တထင့်ထင့်ဖြင့် ကျွန်တော်တို့ရပ်စောင့်နေကြသည်။ နောက်ဆုံး အသံတစ်သံ ဤသို့ဆိုသည်ကို ကြားလိုက်ပါသည်– “တရားခံ၊ တရားရုံးတွင်း ကျေးဇူးပြု၍ဝင်ပါ။” ညီအစ်ကိုလာအက်စ်တအား တရားသေလွှတ်လိုက်ပါသည်! ညီအစ်ကိုနှင့်ညီအစ်မလာအက်စ်တတို့မူ ဒေသခံအသင်းတော်တွင်၊ ကျွန်တော်မူကား နယ်လှည့်လုပ်ငန်းတွင် ဆက်လုပ်ကိုင်နိုင်ကြရာ ယေဟောဝါကို အမှန်တကယ်ကျေးဇူးတင်စိတ် ပြည့်လျှံခဲ့ကြပါသည်။

စစ်ပြီးပြီ—ကျွန်တော်တို့လုပ်ငန်း ဆက်ဆောင်ရွက်

စစ်ပြီးဆုံးသည့်အခါ ကျွန်တော်တို့၏ ဟောပြောခြင်းလုပ်ငန်းကို ခွင့်ပြုလိုက်ပြီး ညီအစ်ကိုများ ထောင်မှ လွတ်ခဲ့ကြသည်။ ကျွန်တော့်လုပ်ငန်းတော်သက်တမ်းအတွင်း ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် ခရစ်ယာန်ညီအစ်မများ ပါဝင်ဆောင်ရွက်ခဲ့၍ သူတို့၏လင်ယောက်ျားများအား ထောက်ပံ့ကူညီမှုပေးသည့်ကဏ္ဍကို မမေ့နိုင်ပါ။ အထူးသဖြင့် စီလ်ဗီ၏ အနစ်နာခံမှုများနှင့် ထောက်ပံ့ကူညီမှုကို တကယ်ကျေးဇူးတင်ပါသည်။ ယင်းကြောင့် နယ်လှည့်လုပ်ငန်းတွင် ၃၃ နှစ်လုံးလုံး ဆက်တိုက်ဆောင်ရွက်နိုင်ပြီးနောက် အထူးရှေ့ဆောင်အဖြစ် ဆက်အမှုထမ်းနိုင်ခဲ့သည်။

စီလ်ဗီနှင့်ကျွန်တော်တို့သည် အာရ်တိုအား ကျောင်းဆင်းသည်နှင့် ရှေ့ဆောင်ရန်၊ အင်္ဂလိပ်စာသင်ယူရန်၊ အမေရိကန်နိုင်ငံရှိ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းကိုတက်ရန် အားပေးတိုက်တွန်းခဲ့ပါသည်။ ၁၉၅၃ ခုနှစ်တွင် သူဂိလဒ်ကျောင်းဆင်းခဲ့သည်။ ထိုနောက် အေဗာကို သူထိမ်းမြားပြီး တိုက်နယ်လုပ်ငန်း၊ ဗေသလလုပ်ငန်း၊ အထူးရှေ့ဆောင်လုပ်ငန်းအပါအဝင် အချိန်ပြည့်လုပ်ငန်းအမျိုးမျိုးတွင် သူတို့ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် ကျွန်တော်တို့နေထိုင်ရာ တဲင်ပီယာမြို့သို့ ပြောင်းရွှေ့နေထိုင်ပြီး အထူးရှေ့ဆောင်ကြစဉ် စီလ်ဗီနှင့်ကျွန်တော့်ကို ဝိုင်းဝန်းကြည့်ရှုပြုစုကြပါသည်။

စီလ်ဗီနှင့်ကျွန်တော်သည် ယခု ခွန်အားအလွန်လျော့နည်းနေသော်လည်း အားပေးတည်ဆောက်မှုဖြစ်သည့် အမှတ်တရအဖြစ်အပျက်များစွာရှိ ကောင်းချီးကြွယ်ဝသောအသက်တာကို ခံစားခဲ့ကြရပြီ။ ကျွန်တော်တို့တွေ့ရှိခဲ့ရသည့် တိုးတက်ကြီးပွားမှုကို စဉ်းစားလိုက်လျှင် အလွန်အားရစရာဖြစ်ပါသည်။ ၁၉၃၉ ခုနှစ်က အသင်းတော်များထံ ကျွန်တော်စလည်ပတ်စဉ်တွင် ဖင်လန်နိုင်ငံ၌ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၈၆၅ ယောက်သာ ရှိပါသည်။ ယခုမူကား ၁၈,၀၀၀ ကျော်ရှိနေပြီ!

၁၉၃၈ ခုနှစ်တွင် အချိန်ပြည့်ဓမ္မအမှုကို ကျွန်တော်စဆောင်ရွက်စဉ်က နောင် ၅၅ နှစ်အကြာတွင် ယင်း၌ ပါဝင်ဆောင်ရွက်နေဦးမည်ဟု မသိခဲ့ပါ။ အသက်အရွယ်ကြီးရင့်လာနေကြသော်လည်း ယေဟောဝါ၏ခွန်အားဖြင့် ဆက်သွားနိုင်ပြီး ကတိထားရာဆုကျေးဇူးကို စောင့်မျှော်နေကြပါသည်။ ဆာလံဆရာ၏ ဤစကားကို ကျွန်တော်တို့ယုံကြည်စိတ်ချပါသည်– “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ကောင်းမြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍ သစ္စာတော်သည် ကာလအဆက်ဆက် တည်လေသတည်း။”—ဆာလံ ၁၀၀:၅။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

လေအိုနှင့်စီလ်ဗီ ကဲလ်လျိုတို့သည် ၁၉၃၄ ခုနှစ်တွင် ယေဟောဝါထံ ဆက်ကပ်အပ်နှံကြောင်း တင်ပြခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

သူတို့ဘဝမြှုပ်နှံသည့်လုပ်ငန်း၌ အနှစ် ၆၀ ပြည့်ခါနီး လေအိုနှင့်စီလ်ဗီ ကဲလ်လျိုတို့ မကြာမီကရိုက်ထားသော ဓာတ်ပုံ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ