ပိတ်ပင်မှုအောက်ရှိကျွန်ုပ်တို့အားယေဟောဝါစောင့်ရှောက်—အပိုင်း ၃
၁၉၉၀ ခုနှစ်မတ်လ ၁၄ ရက်နေ့တွင်ဖြစ်သည်။ ထိုအထူးအရေးပါသည့်နေ့တွင် အရှေ့ဘာလင်ရှိ သာသနာရေးဝန်ကြီးဌာန၏ အထက်တန်းအစိုးရအရာရှိတစ်ဦးသည် ထိုအချိန်က ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ (ခေါ်) အရှေ့ဂျာမနီနိုင်ငံတွင် ယေဟောဝါသက်သေများ၏ တရားဝင်ရပ်တည်နိုင်ရေးနှင့်ပတ်သက်သော စာရွက်စာတမ်းများကိုပေးအပ်သည့် လူများထဲတွင် ကျွန်တော်လည်းတစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ ထိုနေ့ရက်အတောအတွင်း ကျွန်တော်ယေဟောဝါသက်သေဖြစ်လာသည့်အချိန်နှင့် ဖြတ်သန်းလာခဲ့ရသောအကြပ်အတည်းဆိုက်ခဲ့ချိန်များကို ပြန်ပြောင်းအောက်မေ့နေမိတော့သည်။
၁၉၅၀ ပြည့်လွန်နှစ်များအလယ်လောက်က သက်သေခံတစ်ဦးဖြစ်သူလုပ်ဖော်ကိုင်ဖက် မာရ်ဂါရေးတာသည် သူမ၏ကျမ်းစာအခြေခံသောယုံကြည်ခြင်း၊ အရှေ့ဂျာမနီတွင် ယေဟောဝါသက်သေများအပြင်းအထန်နှိပ်စက်ညှဉ်းပန်းခံနေရပုံများအကြောင်းကို ကျွန်တော့်အားပြောပြခဲ့သည်။ မကြာမီ အခြားတစ်နေရာသို့သူမအလုပ်ပြောင်းသွားရာ အခြားသက်သေခံတစ်ဦးနှင့် ကျွန်တော်ကျမ်းစာစတင်လေ့လာခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ကျွန်တော်နှစ်ခြင်းခံပြီး ထိုနှစ်၌ပင် ကျွန်တော်နှင့်မာရ်ဂါရေးတာတို့လက်ထပ်ခဲ့ကြသည်။ ဘာလင်ရှိလစ်ခ်တန်ဘာ့ခ်အသင်းတော်နှင့် ကျွန်တော်တို့ပေါင်းခဲ့သည်။ ထိုတွင် သတင်းကောင်းကြေညာသူ ၆၀ ခန့်ရှိသည်။
ကျွန်တော်နှစ်ခြင်းခံပြီးနှစ်နှစ်ကြာသောအခါ ကျွန်တော်တို့အသင်းတော်ကိုဦးဆောင်နေသူ၏အိမ်သို့ အစိုးရအရာရှိများရောက်လာသည်။ သူ့အားဖမ်းဆီးရန်လာကြသော်လည်း အနောက်ဘာလင်တွင် သူအလုပ်သွားလုပ်နေသည်။ ထိုတွင်ဆက်နေရန် သူ့မိသားစုက သူ့အားအသိပေးနိုင်ခဲ့ပြီး နောက်လအနည်းငယ်ကြာသောအခါ သူ့မိသားစုသည် သူနှင့်သွားနေတော့သည်။ ထိုအချိန်က ကျွန်တော့်အသက် ၂၄ နှစ်သာရှိသေးသော်လည်း ကြီးလေးသောအသင်းတော်တာဝန်များကို ကျွန်တော်ထမ်းဆောင်ခဲ့ရသည်။ ထိုတာဝန်ကိုထမ်းဆောင်နိုင်ရန် လိုအပ်သောဉာဏ်ပညာနှင့်ခွန်အားကို ယေဟောဝါမစပေးသည့်အတွက် ကျွန်တော်ကျေးဇူးတင်ရသည်။—၂ ကောရိန္သု ၄:၇။
ဝိညာဏအစာပေးကမ်းခြင်း
၁၉၆၁ ခုနှစ်သြဂုတ်လတွင် ဘာလင်တံတိုင်းကြီးကိုတည်ဆောက်ခဲ့ချိန်က နိုင်ငံအရှေ့ပိုင်းရှိယေဟောဝါသက်သေများသည် နိုင်ငံအနောက်ပိုင်းရှိမိမိတို့၏ညီအစ်ကိုများနှင့် သီးခြားဖြစ်သွားကြသည်။ ယင်းသည် ကျွန်တော်တို့၏စာပေများကို ပထမလက်နှိပ်စက်ဖြင့်၊ ထို့နောက်စာကူးစက်များဖြင့် ကူးယူနေသည့်အချိန်တွင်ဖြစ်ခဲ့သည်။ ၁၉၆၃ ခုနှစ်မှစ၍ ကျွန်တော်၏အိမ်တွင် နှစ်နှစ်ကြာအထိ ဤစာပေများကို တိတ်တိတ်ပုန်းပုံနှိပ်ခဲ့သည်။ ကျွန်တော်သည် တစ်နေ့လုံး စက်ပြင်ဆရာအဖြစ်လုပ်ဆောင်ပြီးနောက် ညဘက်တွင် အခြားညီအစ်ကိုနှစ်ဦး၏အကူအညီဖြင့် ကင်းမျှော်စင် စာစောင်များကို ထုတ်လုပ်ခဲ့သည်။ အာဏာပိုင်များက ကျွန်တော်တို့၏ပုံနှိပ်ခြင်းလုပ်ငန်းကို စတင်စုံစမ်းစပြုလာသော်လည်း ကျွန်တော်တို့အစာဟုခေါ်သောအရာကို အချိန်တန်ရရှိရန် ယေဟောဝါကူညီခဲ့သည်။
ကျွန်တော်တို့၏စာပေများကို အလုံအလောက်ထုတ်ဝေနိုင်ရန် စက္ကူများစွာလိုအပ်သည်။ ထိုအတိုင်းအတာကိုရရှိရန်မလွယ်ကူပေ။ စက္ကူကို အထုပ်လိုက်မှန်မှန်ဝယ်ယူနေပါက အာဏာပိုင်များသတိပြုမိသွားနိုင်သည်။ ထို့ကြောင့် သက်သေခံတစ်ဦးစီကို အနည်းငယ်စီဝယ်ယူစေပြီး မိမိတို့၏ကျမ်းစာသင်တန်းအုပ်စုသို့ယူလာစေသည်။ ထိုနေရာမှနေ၍ ကျွန်တော်တို့မဂ္ဂဇင်းထုတ်လုပ်ရာနေရာသို့ ယူသွားသည်။ အခြားသက်သေခံများက ထုတ်လုပ်ပြီးသောမဂ္ဂဇင်းများကို ဖြန့်ဝေသည်။
စာပေထုတ်လုပ်ခြင်းတွင်ပါဝင်သည်ဟု အရာရှိများကမသင်္ကာသဖြင့် ကျွန်တော့်ကိုအနီးကပ်စောင့်ကြည့်နေကြသည်။ ၁၉၆၅ ခုနှစ်ကုန်ပိုင်းလောက်တွင် ကျွန်တော့်နောက်သို့ ခါတိုင်းထက်ပိုမိုလိုက်ကြပြီး သူတို့တစ်ခုခုလုပ်တော့မည်ဟု ကျွန်တော်သတိထားမိလိုက်သည်။ နံနက်စောစောတစ်ခုတွင် ရုတ်တရက်သူတို့ရောက်လာကြသည်။
အကျဉ်းအကြပ်
ထိုဆောင်းရာသီနံနက်တွင် ကျွန်တော်သည် အလုပ်သို့သွားနေစဉ်ဖြစ်သည်။ အရုဏ်မတက်မီ ပြင်းထန်သည့်အအေးဒဏ်ကိုအန်တုကာ ကျွန်တော်ထွက်လာခဲ့ခြင်းဖြစ်သည်။ ကျွန်တော်လျှောက်လာစဉ် ခြံစည်းရိုးများပေါ်တွင် ခေါင်းလေးလုံးပေါ်ထွက်နေသည်ကို ကျွန်တော်မြင်လိုက်သည်။ ထိုလူများသည် ကျွန်တော်လျှောက်နေသည့်လမ်းကျဉ်းကလေးထဲသို့ချိုးဝင်လာပြီး ကျွန်တော်လျှောက်နေသည့်လမ်းအတိုင်းလျှောက်လာကြသည်။ ထိုသူများသည် အစိုးရအရာရှိများဖြစ်ကြောင်း ကျွန်တော်ထိတ်လန့်စွာသိရှိလိုက်ရသည်။ ကျွန်တော်ဘာလုပ်ရမည်နည်း။
ထူထပ်သည့်ဆီးနှင်းများ ဘေးသို့လွင့်စင်ကျန်ခဲ့သည်။ ကျွန်တော်ဆက်၍လျှောက်နေသည်။ ခေါင်းငုံ့ပြီး မျက်စိများကမြေကြီးသို့သာ စူးစိုက်ကြည့်နေသည်။ အလျင်အမြန်တီးတိုး ဆုတောင်းလိုက်သည်။ ထိုလူများနီးသထက်နီးလာသည်။ သူတို့ကျွန်တော့်ကိုမှတ်မိပါသလော။ လမ်းကျဉ်းကလေးထဲတွင် ကျွန်တော်တို့တစ်ယောက်နှင့်တစ်ယောက် ကျော်တက်ရန်ကြိုးစားနေကြစဉ် ကျွန်တော်မယုံနိုင်လောက်အောင်ဖြစ်သွားသည်။ ကျွန်တော်မြန်သထက်မြန်အောင် ဆက်လျှောက်နေသည်။ သူတို့ထဲမှတစ်ယောက်က “ဟေ့၊ သူပဲ။ ရပ်” ဟုအော်လိုက်သည်။
ကျွန်တော်ခြေကုန်သုတ်ပါလေတော့သည်။ လမ်းထောင့်သို့ပြေးသွားပြီး ကျွန်တော့်အိမ်နီးချင်းခြံစည်းရိုးကိုခုန်ကျော်၍ဝင်လိုက်ပြီး ကျွန်တော့်အိမ်ဝင်းနောက်ဘက်ပိုင်းသို့ကူးလိုက်ကာ အိမ်ထဲသို့ကမူးရှူးထိုးဖြင့်ရောက်သွားသည်။ တံခါးကိုပိတ်ပြီး ဂျက်ထိုးထားလိုက်သည်။ “အားလုံးအိပ်ရာကထကြ။ ကျွန်တော့်ကိုဖမ်းဖို့လာနေကြပြီ” ဟုအော်ပြောလိုက်သည်။
မာရ်ဂါရေးတာက အောက်ထပ်သို့အလျင်အမြန်ရောက်လာပြီး တံခါးနားတွင်ရပ်နေသည်။ အချိန်တိုအတွင်း ကျွန်တော်သည်မြေအောက်ခန်းထဲတွင် မီးဖိုကိုမီးမွှေးလိုက်သည်။ ကျွန်တော့်လက်ဝယ်ရှိထားသော အသင်းတော်မှတ်တမ်းများအားလုံးကို အလျင်အမြန်ယူလိုက်ပြီး မီးထဲထည့်ရှို့လိုက်သည်။
“ဖွင့်စမ်း။ တံခါးဖွင့်စမ်း။ ဒီမှာအစိုးရရှေ့နေတွေရောက်နေတယ်” ဟုထိုလူများက ကြိမ်းဝါးပြောဆိုလိုက်သည်။
အားလုံးကိုလက်စမကျန်မီးရှို့၍ပြီးသည့်အထိ မာရ်ဂါရေးတာက တံခါးမဖွင့်သေးဘဲစောင့်နေသည်။ ထိုနောက် သူမထံကျွန်တော်ရောက်လာပြီး တံခါးဖွင့်ပေးရန် ခေါင်းငြိမ့်ပြလိုက်သည်။ အိမ်ထဲသို့လူများရောက်လာကြသည်။
“ဘာဖြစ်လို့ထွက်ပြေးတာလဲ” ဟုသူတို့ကမေးသည်။
မကြာမီ အစိုးရအရာရှိများထပ်မံရောက်ရှိလာကြပြီး တစ်အိမ်လုံးကိုရှာကြတော့သည်။ ကျွန်တော်တို့၏ပုံနှိပ်စက်နှင့်စာရွက် ၄၀,၀၀၀ ကိုသူတို့ရှာတွေ့သွားကြမည်ကို ကျွန်တော်အဓိကစိုးရိမ်နေသည်။ သို့သော် လျှို့ဝှက်ထားသည့်ဝင်ပေါက်ကို သူတို့မတွေ့ခဲ့ကြပါ။ နာရီပေါင်းများစွာ ကျွန်တော်စစ်ဆေးမေးမြန်းခြင်းခံရသော်လည်း အေးဆေးတည်ငြိမ်ရန် ယေဟောဝါကျွန်တော့်ကိုကူညီခဲ့သည်။ ထိုတွေ့ကြုံမှုသည် ကျွန်တော်တို့ကို ကောင်းကင်ခမည်းတော်နှင့် ပိုမိုနီးကပ်စေပြီး ခံနိုင်ရည်ရှိရန်ခွန်အားပေးသည်။
ထောင်ထဲတွင်ဖြစ်ငြားလည်းလွတ်လပ်
၁၉၆၀ ပြည့်လွန်နှစ်များ၏အနှောင်းပိုင်းတွင် စစ်တာဝန်ထမ်းဆောင်ရန်အစီရင်ခံရမည့်အကြောင်း အကြောင်းကြားခြင်းခံရသည်။ ဩတ္တပ္ပစိတ်အရကျွန်တော်မလုပ်နိုင်သဖြင့် အလုပ်ကြမ်းစခန်းတွင် ခုနစ်လအချုပ်ကျခံရသည်။ ဘာလင်မြို့အရှေ့တောင်ဘက်ရှိ ကော့တ်ဘတ်စ်စခန်းတွင် သက်သေခံ ၁၅ ယောက်ရှိသည်။ ကျွန်ုပ်တို့အားလုံးသည် ခရစ်ယာန်ကြားနေမှုကြောင့် ထိုတွင်ရောက်ရှိနေကြခြင်းဖြစ်သည်။ (ဟေရှာယ ၂:၂-၄။ ယောဟန် ၁၇:၁၆) အလုပ်လုပ်ရသည့်ရက်များမှာ တာရှည်ပြီးပင်ပန်းသည်။ နံနက် ၄:၁၅ နာရီတွင် ကျွန်တော်တို့ထကြရပြီး စခန်းအပြင်ဘက်ရှိရထားလမ်းတွင် အလုပ်လုပ်ရန် ခေါ်ထုတ်သွားခြင်းခံကြရသည်။ ကျွန်တော်တို့အကျဉ်းကျနေသည့်တိုင် အခြားသူများကို ယေဟောဝါ၏နိုင်ငံတော်အကြောင်းကို ပြောပြခွင့်ရခဲ့ကြသည်။
ဥပမာအားဖြင့် ဗေဒင်ဆရာနှစ်ယောက်သည် ကျွန်တော်တို့နှင့်အတူ ကော့တ်ဘတ်စ်တွင်ရှိနေခဲ့သည်။ တစ်နေ့သောအခါ အငယ်တစ်ယောက်က ကျွန်တော်နှင့်အလွန်အမင်းစကားပြောလိုသည်ဟု ကျွန်တော်ကြားသည်။ သူဘာကိုအလိုရှိသနည်း။ ဖြစ်ကြောင်းကုန်စင်ကျွန်တော့်ကိုရင်ဖွင့်လေတော့သည်။ သူ၏အဖွားသည် ဗေဒင်ဆရာမဖြစ်ခဲ့သည်။ အဖွားဖြစ်သူ၏စာအုပ်များကိုဖတ်ပြီး သူလည်းထပ်တူအစွမ်းတန်ခိုးများကို ရရှိလာသည်။ ဤလူသည် သူ့ကိုလွှမ်းမိုးနေသောအစွမ်းတန်ခိုးများမှ လွတ်မြောက်လိုသော်လည်း တန်ပြန်ခြင်းခံရမည်ကို သူအလွန်ကြောက်သည်။ သူငိုပြီးရင်းငိုရင်းဖြစ်ခဲ့ရသည်။ သို့သော် ဤအရာအားလုံး ကျွန်တော်နှင့်မည်သို့ပတ်သက်သနည်း။
ကျွန်တော်နှင့်စကားပြောဆိုရာတွင် အနာဂတ်ကိုဟောနိုင်သောသူ၏အစွမ်းသည် ယေဟောဝါသက်သေများအလယ်တွင် လုံးဝမထင်ရှားတော့ပါဟုသူရှင်းပြခဲ့သည်။ ဆိုးသွမ်းသောနာမ်ဝိညာဉ်များ သို့မဟုတ် နတ်ဆိုးများရှိသကဲ့သို့ ကောင်းသောနာမ်ဝိညာဉ်များ သို့မဟုတ် ဖြောင့်မတ်သောကောင်းကင်တမန်များလည်းရှိကြောင်း ကျွန်တော်ရှင်းပြသည်။ ရှေးခေတ်ဧဖက်မြို့တွင် ခရစ်ယာန်ဖြစ်လာသူများ၏ပုံဥပမာကိုအသုံးပြုပြီး ဗေဒင်အတတ်ပညာနှင့်ပတ်သက်သောအရာအားလုံး သို့မဟုတ် အခြားမည်သည့်နတ်ဝိဇ္ဇာနှင့်ပတ်သက်သောအပြုအမူများကို စွန့်လွတ်ရန်လိုကြောင်းကို ကျွန်တော်ဖိအားပေး၍ပြောပြခဲ့သည်။ (တမန်တော် ၁၉:၁၇-၂၀) “သက်သေခံတွေနဲ့ဆက်သွယ်ပါ။ နေရာအနှံ့မှာ သက်သေခံတွေရှိနေပါတယ်” ဟုကျွန်တော်သူ့ကိုပြောခဲ့သည်။
နောက်ရက်အနည်းငယ်အကြာတွင် ထိုလူငယ်သည် စခန်းမှထွက်သွားရပြီး သူ့အကြောင်းထပ်မံ၍မကြားရတော့ချေ။ သို့သော် ကြောက်ရွံ့ထိတ်လန့်၍စိတ်သက်သာရာကင်းမဲ့နေပြီး လွတ်လပ်မှုကိုတမ်းတနေသော ထိုလူငယ်နှင့်ပတ်သက်သည့်အတွေ့အကြုံသည်ကျွန်တော်၏ယေဟောဝါကိုချစ်သည့်မေတ္တာအား ပိုမိုနက်ရှိုင်းစေသည်။ ကျွန်တော်တို့သက်သေခံ ၁၅ ဦးသည် မိမိတို့၏ယုံကြည်ခြင်းကြောင့် အကျဉ်းကျနေကြသော်လည်း ဝိညာဉ်ရေးအရ ကျွန်တော်တို့လွတ်လပ်နေကြသည်။ ထိုလူငယ်သည် အကျဉ်းစခန်းမှလွတ်မြောက်ခဲ့သော်လည်း သူ့အားကြောက်ရွံ့ထိတ်လန့်စေသော “ဘုရား” တစ်ဆူ၏လက်မှမူ ဆက်၍ကျွန်ခံနေရဆဲဖြစ်သည်။ (၂ ကောရိန္သု ၄:၄) ကျွန်တော်တို့သက်သေခံများသည် မိမိတို့၏ဝိညာဏလွတ်လပ်မှုကို မည်မျှမြတ်နိုးထိုက်လှပါသည်တကား။
ကျွန်တော်တို့၏ကလေးများစမ်းသပ်ခံရ
လူကြီးများသာမကဘဲ လူငယ်များလည်း မိမိတို့၏ကျမ်းစာအခြေခံသည့်ယုံကြည်ချက်တွင် ကြံ့ကြံ့ခံရပ်တည်ခဲ့ကြရသည်။ ကျောင်းတွင်ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ လိုက်လျောလုပ်ဆောင်ရန် အတင်းအကြပ်ပြုခြင်းခံရကြသည်။ ကျွန်တော်တို့ကလေးလေးယောက်လုံးလည်း မိမိတို့၏ယုံကြည်ခြင်းအတွက် ရပ်တည်ခဲ့ကြရသည်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ တယ်လ်မန်သည် အရှေ့ဂျာမနီတွင်သူရဲကောင်းတစ်ဦးဖြစ်လာသည်။ ကျွန်တော်တို့သည် ယေဟောဝါဘုရားသခင်ကိုသာ အထွတ်အမြတ်ဝတ်ပြုရမည့် ကျမ်းစာအခြေခံသည့်ယုံကြည်ချက်ကြောင့် ထိုအခမ်းအနားတွင် ရိုသေလေးစားစွာရပ်ပြီး ပါဝင်ခြင်းမရှိရန် ကျွန်တော်တို့ကလေးများအား ပြောထားသည်။
ကျောင်းသားများသည် ကွန်မြူနစ်သီချင်းများကိုလည်း သင်ကြားခြင်းခံရကြသည်။ မာရ်ဂါရေးတာနှင့်ကျွန်တော်တို့သည် ကျွန်တော်တို့ကလေးများ၏ကျောင်းသို့သွားပြီး ထိုကဲ့သို့သောနိုင်ငံရေးသီချင်းများကို သူတို့အဘယ်ကြောင့်မဆိုကြကြောင်းကို ရှင်းပြသည်။ သူတို့သည် အခြားသောသီချင်းမျိုးများကို သင်ယူလိုကြကြောင်း ကျွန်တော်တို့ပြောပြသည်။ ဤသို့အားဖြင့် ကျွန်တော်တို့ကလေးများသည် ငယ်ရွယ်စဉ်ကတည်းက မြဲမြံတည်ကြည်ပြီးရွယ်တူချင်းတို့နှင့်ခြားနားရန် သင်ယူတတ်မြောက်လာခဲ့ကြသည်။
၁၉၇၀ ပြည့်လွန်နှစ်များ၏အဆုံးပိုင်းရောက်လာသောအခါ ကျွန်တော်တို့၏အကြီးဆုံးသမီးသည် ရုံးတစ်ခုတွင် အလုပ်သင်အဖြစ်ဝင်ရောက်လိုခဲ့သည်။ သို့သော် ထိုအလုပ်သင်သူတိုင်း ဦးစွာအခြေခံစစ်ပညာသင်တန်း ၁၄ ရက်တက်ရောက်ရမည်ဖြစ်သည်။ ရယ်နားတယ်၏သြတ္တပ္ပစိတ်သည် ယင်းတွင်ပါဝင်ရန်ခွင့်မပြုသဖြင့် ရဲရင့်တည်ကြည်စွာပင်သူမရပ်တည်ခဲ့ရာ နောက်ဆုံးထိုသင်တန်းတက်ရောက်ခြင်းကင်းလွတ်ခွင့်ရရှိခဲ့သည်။
အလုပ်သင်ဘဝတွင် ရယ်နားတယ်သည် သင်တန်းတစ်ခုကိုတက်ခဲ့ရာ သေနတ်ပစ်လေ့ကျင့်ခြင်းကိုပါတက်ရောက်ရန် ခေါ်ဖိတ်ခံခဲ့ရသည်။ “ရယ်နားတယ်၊ စက်ပစ်ကွင်းကို မင်းလည်းလာရမယ်” ဟုသူမဆရာကပြောသည်။ သူမငြင်းဆိုခြင်းကို ဆရာကဥပေက္ခာပြုခဲ့သည်။ “မင်းသေနတ်ပစ်စရာမလိုဘူး။ မုန့်ပဲသွားရေစာတွေကိုပဲ တာဝန်ယူပေးရမှာပါ” ဟု ဆရာကသူမကို ကတိပေးသည်။
ထိုနေ့ညနေတွင် ထိုကိစ္စကိုကျွန်တော်တို့ မိသားစုလိုက်ဆွေးနွေးခဲ့ကြသည်။ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိသည့်တိုင် စက်ပစ်ကွင်းသို့ရယ်နားတယ်သွားခြင်းသည် မှားကြောင်းကျွန်တော်တို့ယူမှတ်ကြသည်။ ကျွန်တော်တို့နှင့်ဆွေးနွေးခြင်း၊ ဆုတောင်းခြင်းအားဖြင့် ရဲရင့်စွာသူမရပ်တည်ခဲ့သည်။ ကျွန်တော်တို့၏ငယ်ရွယ်သောသမီးသည် ဖြောင့်မတ်ခြင်းစံချိန်အတွက် မားမားမတ်မတ်ရပ်တည်သည်ကိုမြင်ရခြင်းသည် ကျွန်တော်တို့ကိုမည်မျှအားရှိစေသည်တကား။
လူအများရှေ့ဟောပြောခြင်းလုပ်ငန်းတိုးချဲ့လာ
၁၉၇၀ ပြည့်လွန်နှစ်များ၏အနှောင်းပိုင်းတွင် ကျွန်တော်တို့၏လုပ်ငန်းကိုဆန့်ကျင်ခြင်းများလျော့ပေါ့လာရာ အနောက်ဘက်မှ ခရစ်ယာန်စာပေအမြောက်အမြားကို သွားရောက်သယ်ယူစပြုလာသည်။ ဤသို့ပြုခြင်းသည် အန္တရာယ်များသော်လည်း ရဲရင့်သောညီအစ်ကိုများက လုပ်ဆောင်ကြသည်။ ဤကဲ့သို့စာပေအထောက်အပံ့တိုးပွားရရှိခြင်းနှင့် ယင်းသို့ဖြစ်မြောက်အောင် အားထုတ်လုပ်ဆောင်ပေးကြသောညီအစ်ကိုများကို ကျွန်တော်တို့အလွန်ကျေးဇူးတင်၍မဆုံးပါ။ ပိတ်ပင်ပြီးခါစနှစ်များအတွင်း နှိပ်စက်ညှဉ်းပန်းခြင်းပြင်းထန်စဉ်က တစ်အိမ်တက်ဆင်းဟောပြောခြင်းလုပ်ငန်းသည် အမှန်တကယ်စိန်ခေါ်မှုဖြစ်ခဲ့သည်။ ပြစ်ဒဏ်ခံရမည်ကိုကြောက်ရွံ့ခြင်းသည် အချို့သူများကိုဟန့်တားခဲ့သည်။ သို့သော် တစ်ချိန်တွင် ကျွန်တော်တို့၏လူထုရှေ့ဟောပြောခြင်းလုပ်ငန်းသည် အံ့ဖွယ်နည်းဖြင့်တိုးတက်လာခဲ့သည်။ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်းက တစ်အိမ်တက်ဆင်းလုပ်ငန်းတွင် ကြေညာသူ ၂၅ ရာခိုင်နှုန်းသာလျှင် မှန်မှန်ပါဝင်ခဲ့ကြသည်။ သို့သော် ဓမ္မအမှု၏ထိုကဏ္ဍတွင် မှန်မှန်ပါဝင်သောကြေညာသူအရေအတွက်သည် ၁၉၈၀ ပြည့်လွန်နှစ်များ၏အနှောင်းပိုင်းနှစ်များတွင် ၆၆ ရာခိုင်နှုန်းသို့တိုးတက်ခဲ့သည်။ ထိုအချိန်မှစ၍ အာဏာပိုင်များသည် ကျွန်တော်တို့၏လူထုရှေ့ဟောပြောခြင်းလုပ်ငန်းကို အာရုံစိုက်မှုလျော့နည်းလာခဲ့သည်။
တစ်ခါသော် ကျွန်တော်နှင့်ညီအစ်ကိုတစ်ယောက်သည် သူ၏သမီးကလေးနှင့်အတူ ဓမ္မအမှုဆောင်နေကြသည်။ ကလေးမလေးပါလာသောကြောင့် လှုံ့ဆော်ခံရသည့် ကျွန်တော်တို့စကားပြောသောသက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးသည် ကျွန်တော်တို့ကို အိမ်ထဲဝင်ရန်ခေါ်ဖိတ်ခဲ့သည်။ ကျွန်တော်တို့တင်ပြသည့်ကျမ်းစာအကြောင်းအရာများကို သူမသဘောကျပြီး နောက်တစ်ကြိမ်ထပ်မံလည်ပတ်ရန် သဘောတူခဲ့သည်။ နောင်တွင် ကျွန်တော်သည် ထိုလည်ပတ်မှုကို ကျွန်တော်၏ဇနီးအားလွှဲပြောင်းပေးခဲ့ရာ ထိုအမျိုးသမီးနှင့် ကျမ်းစာသင်အံမှုချက်ချင်းစတင်နိုင်ခဲ့သည်။ အသက်အရွယ်လွန်ပြီးကျန်းမာရေးချို့တဲ့သည့်ကြားမှပင် ထိုအမျိုးသမီးသည် ကျွန်တော်တို့၏ညီအစ်မတစ်ဦးဖြစ်လာပြီး ယေဟောဝါ၏လုပ်ငန်းတော်တွင် တက်ကြွစွာပါဝင်နေသည်။
လွတ်လပ်ခါနီး ပြုပြင်ပြောင်းလဲမှုများ
ယေဟောဝါသည် ကျွန်တော်တို့အား သာ၍ကြီးကျယ်သည့်လွတ်လပ်မှုခံစားရမည့်အချိန်ကို ပြင်ဆင်ပေးတော်မူခဲ့သည်။ ဥပမာ၊ ပိတ်ပင်မှုကိုမရုပ်သိမ်းမီကလေးမှာပင် အစည်းအဝေးများတွင် တစ်ယောက်ကိုတစ်ယောက်ခေါ်ဝေါ်သုံးစွဲပုံနည်းကို ပြောင်းလဲခဲ့သည်။ လုံခြုံမှုအတွက် ကျွန်တော်တို့တစ်ယောက်နှင့်တစ်ယောက် နာမည်အဖျားဆွတ်၍သာခေါ်ကြရန် ညွှန်ကြားခံခဲ့ကြရသည်။ တစ်ယောက်နှင့်တစ်ယောက်နှစ်ပေါင်းများစွာသိလာခဲ့ကြသူများသည် ညီအစ်ကိုညီအစ်မချင်းတို့၏နာမည်အပြည့်အစုံကို မသိခဲ့ကြရပေ။ ကျွန်တော်တို့၏အစည်းအဝေးများသို့ နောက်ထပ်စိတ်ဝင်စားသူများစွာကိုခေါ်ဖိတ်ရန် ပြင်ဆင်သည့်အနေနှင့် ကျွန်တော်တို့သည် တစ်ယောက်ကိုတစ်ယောက် မိသားစုအမည်ဖြင့်ခေါ်ကြရန် ညွှန်ကြားခံကြရသည်။ အချို့တို့အတွက် ဤသို့ပြုလုပ်ခြင်းသည် တိကျသည့်ခေါ်ဝေါ်သုံးနှုန်းမှုမဖြစ်သော်လည်း ဤအကြံပြုချက်အတိုင်းလိုက်နာသောသူများသည် နောက်ပိုင်းကျွန်တော်တို့လွတ်လပ်မှုရလာသောအခါ သာ၍လွယ်ကူစွာပင် ပြောင်းလဲနိုင်ကြသည်။
ကျွန်တော်တို့သည် အစည်းဝေးကို သီချင်းဖြင့်စတင်ရန်လည်း အားပေးခံရသည်။ ဤနည်းအားဖြင့် အခြားအသင်းတော်များလိုက်လျှောက်သည့်အစီအစဉ်အတိုင်း ကျွန်တော်တို့လည်းအစဉ်အလာဖြစ်သွားသည်။ အခြားပြုပြင်ပြောင်းလဲမှုတစ်ခုမှာ ကျွန်တော်တို့လေ့လာမှုပြုသည့်အုပ်စုများ၏ အရွယ်အစားဖြစ်သည်။ ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း လူ လေးယောက်မှရှစ်ယောက်သို့ တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ နောက်ပိုင်းတွင် ၁၀ ယောက်၊ နောက်ဆုံး ၁၂ ယောက်အထိတိုးတက်လာခဲ့သည်။ အသင်းတော်တစ်ခုစီအတွက် အစည်းအဝေးကျင်းပရာနေရာသည် သက်သေခံအများစုအတွက်ဗဟိုကျကြောင်းသေချာရန် အခြေအနေကိုစစ်ဆေးသုံးသပ်သွားသည်။
တစ်ခါတစ်ရံ အကြံပေးထားသည့်ပြုပြင်ပြောင်းလဲမှုများ၏အမြော်အမြင်ကို ပြုလုပ်သောအခါကျမှသာ ကျွန်တော်တို့သိကြရသည်။ ယေဟောဝါသည် မိမိကိုယ်ကို ပညာအမြော်အမြင်နှင့် ထောက်ထားစာနာတတ်မှုရှိသောဖခင်တစ်ဦးဖြစ်ကြောင်း မကြာခဏတင်ပြခဲ့ပြီတကား။ ကိုယ်တော်သည် ကျွန်တော်တို့အား အခြားသောမြေကြီးဆိုင်ရာအဖွဲ့အစည်းသားများနှင့် တစ်ပြေးညီဖြစ်အောင် တဖြည်းဖြည်းချင်း ခေါ်ဆောင်သွားရာ ကျွန်တော်တို့သည် ကိုယ်တော်၏လူမျိုး ကမ္ဘာချီညီအစ်ကိုအသင်းအဖွဲ့အဝင်ဖြစ်ကြောင်း ပို၍ပို၍ခံစားလာကြရသည်။ ယေဟောဝါဘုရားသခင်သည် အရှေ့ဂျာမနီတွင် နှစ်ပေါင်းလေးဆယ်နီးပါးကြာ ပိတ်ပင်မှုအောက်ရှိမိမိလူများ၏လုပ်ငန်းကို မေတ္တာတော်အားဖြင့်ကာကွယ်စောင့်ရှောက်မှုပေးခဲ့ကြောင်းထင်ရှားသည်။ ယခုကျွန်တော်တို့ တရားဝင်ရပ်တည်နေရခြင်းသည် မည်မျှဝမ်းမြောက်ဖွယ်ကောင်းလှပါသည်တကား။
ယခင်အရှေ့ဂျာမနီတွင် ယခုယေဟောဝါသက်သေပေါင်း ၂၂,၀၀၀ နှင့်အထက်ရှိနေသည်။ သူတို့သည် ယေဟောဝါဘုရားသခင်၏ ပညာရှိလမ်းညွှန်မှုနှင့် မေတ္တာပါပါဂရုစိုက်ခြင်းတို့၏ သက်သေများဖြစ်ကြသည်။ ပိတ်ပင်ခံရသည့်နှစ်များတစ်လျှောက် ကျွန်တော်တို့အားထောက်ပံ့ပေးခဲ့ခြင်းသည် မည်သည့်အခြေအနေ၌မဆို ကိုယ်တော်ကြပ်မတ်ကိုင်တွယ်နိုင်ကြောင်းကိုတင်ပြသည်။ ကိုယ်တော့်လူများကိုဆန့်ကျင်၍ ဖွဲ့စည်းသည့်မည်သည့်လက်နက်မဆို အထမြောက်မည်မဟုတ်ပါ။ ယေဟောဝါသည် မိမိအားယုံစားသူများကို အစဉ်အမြဲကောင်းမွန်စွာစောင့်ရှောက်တော်မူမသည်။—ဟေရှာယ ၅၄:၁၇။ ယေရမိ ၁၇:၇၊ ၈။—ဟော့စ်ရှလွိုက်စ္စနာပြောပြသည်။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
အရှေ့ဘာလင်ရှိအသင်းမအဆောက်အအုံရှေ့တွင် ဟော့စ်နှင့်မာရ်ဂါရေးတာရှလွိုက်စ္စနာ