ယုံကြည်မှုကုထုံးကိုဘုရားသခင်နှစ်သက်သလော
“ငါတို့သည် အံ့ဖွယ်သောအမှုအရာများကို ယနေ့မြင်ခဲ့ပြီ။” မှန်ပါသည်။ ကြည့်ရှုနေသူတို့စိတ်ထိမိစွဲငြိခဲ့ကြရသည်။ ဆိုးဆိုးဝါးဝါးလက်ခြေသေနေသူတစ်ဦး ကုသခံခဲ့ရသည်ကို သူတို့မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။ ကုသပေးသူက ထိုလူအား “ကိုယ်အိပ်ရာကိုဆောင်၍ ကိုယ်အိမ်သို့သွားလော့” ဟုပြောခဲ့သည်။ ထိုအတိုင်းပင် ထိုလူလုပ်ခဲ့သည်။ နောက်ထပ်ခြေလက်သေခြင်းလုံးဝမရှိတော့ပေ။ ထိုနေရာတွင်ရှိနေသောလူများသည် “ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်း” ကြခြင်းမှာ အဆန်းမဟုတ်ပါ။ (လုကာ ၅:၁၈-၂၆) ဤကုသခြင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ နီးပါးခန့်က ယေရှုခရစ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်နှစ်သက်ခဲ့သည်မှာ အလွန်ထင်ရှားသည်။
ယနေ့ကောမည်သို့နည်း။ အံ့ဖွယ်ကုသနည်းသည် ဆေးဝါးဖြင့်ကုသခြင်းနည်းလမ်းရှာမတွေ့သူများအတွက် အလားအလာကောင်းတစ်ရပ်ဖြစ်ဆဲလော။ ယေရှုသည် အံ့ဖွယ်နည်းဖြင့် ရောဂါကုသခဲ့သည်။ ယုံကြည်မှုကုထုံးဖြင့်ကုသသူများက မိမိတို့ ကိုယ်တော်ကိုတုပသည်ဟုပြောကြသည်။ သူတို့၏အဆိုကို ကျွန်ုပ်တို့မည်သို့ရှုမြင်သင့်သနည်း။
ယုံကြည်မှုကုထုံးကို “ဆုတောင်းခြင်းနှင့် ဘုရားသခင်အားယုံကြည်မှုတင်ပြခြင်းအားဖြင့် ရောဂါကုသသည့်နည်းဖြစ်သည်” ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ The Encyclopœdia Britannica ခေါ်စွယ်စုံကျမ်းက “ခရစ်ယာန်လမ်းစဉ်တွင် ယုံကြည်မှုကုထုံး၏သမိုင်းသည် ယေရှုနှင့်တမန်တော်များ၏ အံ့ဖွယ်ဓမ္မအမှုဆောင်ခြင်းဖြင့် အစပြုခဲ့သည်” ဟုအခိုင်အမာဆိုထားသည်။ မှန်ပါသည်။ ထင်ရှားသည့်ကုသမှုများကို ယေရှုပြီးမြောက်စေခဲ့သည်။ ယနေ့ ယုံကြည်မှုကုထုံးဖြင့်ကုသသူများသည် ကိုယ်တော်ကဲ့သို့ အံ့ဖွယ်အမှုများကို ပြုလုပ်ပါသလော။
ယုံကြည်ခြင်း—လိုအပ်ချက်တစ်ခုလော
Black’s Bible Dictionary အဘိဓာန်အရ ယေရှုသည် “ယုံကြည်ခြင်းကို မိမိကုသခြင်းဆိုင်ရာအံ့သြဖွယ်အ မှုများအတွက် လိုအပ်သောအရာအဖြစ် ဖော်ပြခဲ့သည်။” သို့သော်၊ ယင်းသို့အမှန်ဖြစ်သလော။ ဖျားနာသောသူသည် ကုသမခံရမီ ယုံကြည်ခြင်းရှိရန် ကိုယ်တော်တောင်းဆိုခြင်းလော။ မဟုတ်ပါ။ ယုံကြည်ခြင်းသည် ကုသခံရသူကမဟုတ်ဘဲ ကုသပေးသူက ရှိရမည့်အရာဖြစ်သည်။ တစ်ခါက ယေရှု၏တပည့်တော်များသည် ဝက်ရူးပြန်သည့်လူငယ်တစ်ဦးကို မကုသပေးနိုင်ခဲ့ချေ။ ယေရှုက ထိုလူငယ်ကိုကုသပေးပြီး သူတို့အဘယ်ကြောင့်မကုသပေးနိုင်သည်ကို ပြောပြသည်မှာ “သင်တို့ သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ” ဟူ၍ဖြစ်သည်။—မဿဲ ၁၇:၁၄-၂၀။
မဿဲ ၈:၁၆၊ ၁၇ (ကဘ) အရ ယေရှုသည် “အလွန်အခြေအနေဆိုးသူအားလုံးကို ကုသပေးခဲ့သည်။” မှန်ပါသည်၊ ထိုသူတို့သည် ယေရှုကိုချဉ်းကပ်လောက်အောင်ဖြစ်စေသည့် ယုံကြည်ခြင်းအတိုင်းအတာတစ်ခုအထိရှိကြသည်။ (မဿဲ ၈:၁၃။ ၉:၂၂၊ ၂၉) အများအားဖြင့် ကိုယ်တော်မကုသပေးမီ သူတို့ကလာ၍ ကုသမှုကိုတောင်းခံကြရသည်။ သို့သော် အံ့ဖွယ်အမှုကိုတင်ပြနိုင်ရန် ယုံကြည်ခြင်းလိုအပ်သည်ဟူသော ကြိုတင်ဖော်ပြချက်မရှိခဲ့ပါ။ တစ်ခါကဆိုလျှင် မိမိမည်သူဖြစ်သည်ကိုမသိသော မသန်စွမ်းသူတစ်ဦးကိုပင် ယေရှုကုသပေးတော်မူခဲ့သည်။ (ယောဟန် ၅:၅-၉။ ၁၃) ကိုယ်တော်အဖမ်းခံရသည့်ညတွင် ကိုယ်တော်အားလာရောက်ဖမ်းဆီးသော ကိုယ်တော့်ရန်သူများတွင်အပါအဝင်ဖြစ်သည့် ယဇ်ပုရောဟိတ်မင်း၏ကျွန်တစ်ယောက် ပြတ်သွားသောနားရွက်ကို ပြန်ဆက်ပေးတော်မူခဲ့သည်။ (လုကာ ၂၂:၅၀၊ ၅၁) မှန်ပါသည်။ တစ်ခါတစ်ရံ လူသေများကိုပင် ယေရှုရှင်ပြန်ထမြောက်ပေးတော်မူခဲ့သည်။—လုကာ ၈:၅၄၊ ၅၅။ ယောဟန် ၁၁:၄၃၊ ၄၄။
ဤအံ့ဖွယ်အမှုများကိုယေရှုမည်သို့ပြုလုပ်နိုင်ခဲ့သနည်း။ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားသောစွမ်းအားကို ကိုယ်တော်အမှီပြုခဲ့သောကြောင့်ဖြစ်သည်။ ယင်းကသာ ကုသမှုကိုဖြစ်မြောက်စေခဲ့သည်။ ကုသခံရသူတစ်ဦးစီ၏ယုံကြည်ခြင်းကမဟုတ်ပါ။ ခရစ်ဝင်ကျမ်းပါမှတ်တမ်းများကို သင်ဖတ်ကြည့်ပါက ယေရှု၏ကုသပေးမှုများသည် ပွဲလမ်းသဘင်ပုံစံမျိုးမဆင်ယင်ဘဲ သာမန်အခြေအနေဖြင့်သာကုသပေးခြင်းဖြစ်သည်ကို သင်သတိထားမိပေမည်။ သူတစ်ပါးအာရုံကိုသွေးဆောင်ခြင်း၊ သူတစ်ပါး၏စိတ်လှုပ်ရှားမှုပေါ်အကျိုးအမြတ်ထုတ်ခြင်းလည်း မရှိခဲ့ပါ။ ထို့အပြင် မည်သည့်ရောဂါမျိုးမဆို ယေရှုကုသပေးနိုင်ခဲ့သည်။ ကိုယ်တော်အမြဲကုသအောင်မြင်ခဲ့ပြီး ဆေးဖိုးဝါးခလည်း မည်သည့်အခါမျှမကောက်ခံခဲ့ချေ။—မဿဲ ၁၅:၃၀၊ ၃၁။
မျက်မှောက်ခေတ်ကုသနည်းများသည် ယေရှုကဲ့သို့လော
ဖျားနာမှုသည် ကြီးမားသောပြဿနာတစ်ရပ်ဖြစ်ပြီး ယင်းကိုခံစားရလျှင် သက်သာရာကိုကျွန်ုပ်တို့ရှာကြစမြဲဖြစ်သည်။ သို့သော် “လူများ၊ အထူးသဖြင့် ဆင်းရဲသားများကို ကျန်းမာရေးလုပ်သားများက သက်ရှိလူသားတစ်ဦးကဲ့သို့မဟုတ်ဘဲ သက်မဲ့အရာဝတ္ထုကဲ့သို့ ကုသပေး” သောဒေသတွင် သင်နေထိုင်သည်ဆိုလျှင် မည်သို့နည်း။ ယင်းသည် လက်တင်အမေရိကန်နိုင်ငံတစ်ခုရှိဆရာဝန်တစ်ဦး၏ လေ့လာသိရှိရသည့်အခြေအနေဖြစ်သည်။ ထိုနိုင်ငံမျိုး၌ပင် ‘၄၀ ရာခိုင်နှုန်းသောဆေးဆရာဝန်များသာလျှင် မိမိတို့၏အတတ်ပညာကိုကျွမ်းကျင်စွာ အသုံးပြုနိုင်ကြ’ သောဒေသတွင် သင်နေထိုင်သည်ဆိုလျှင် မည်သို့နည်း။
လူများစွာတို့သည် အခြားနည်းလမ်းမတွေ့သည့်အဆုံး ယုံကြည်မှုကုထုံးကို စမ်းသပ်ခံယူကြည့်သင့်သည်ဟုယူမှတ်ကြသည်။ သို့ရာတွင် ယုံကြည်မှုကုထုံးများသည် တစ်ခုနှင့်တစ်ခုမတူကြပေ။ ဥပမာ၊ ဘရာဇီးလ်နိုင်ငံရှိ စောပေါ်လိုမြို့တွင် လူ ၇၀,၀၀၀ ခန့်တက်ရောက်သောအစည်းအဝေးတစ်ခုတွင် ကုသပေးသူနှစ်ဦးသည် ‘ပရိသတ်ကပစ်တင်လိုက်သော မျက်မှန်ရာပေါင်းများစွာအပေါ်ကျော်နင်းပြီး အယုံလွယ်သောမျက်မှန်ပိုင်ရှင်များအား သူတို့မျက်စိပြန်ကောင်းစေမည်ဟု ကတိပေးကြသည်။’ လူတွေ့မေးမြန်းခန်းတစ်ခုတွင် ကုသပေးသူတစ်ဦးက ဤသို့ရိုးသားစွာဝန်ခံထားသည်။ “ကျွန်တော်တို့ဆုတောင်းပေးတဲ့ လူနာအားလုံးကောင်းလာမယ်လို့ ကျွန်တော်မပြောနိုင်ဘူး။ သူတို့ရဲ့ယုံကြည်ခြင်းအပေါ်မှာမူတည်တယ်။ လူတစ်ယောက်ယုံကြည်တယ်ဆိုရင် သူ့ရောဂါပျောက်မှာပဲ။” ကုသ၍မရခြင်းသည် ကုသခံရသူကယုံကြည်ခြင်းကင်းမဲ့သောကြောင့်ဟု သူပြောခဲ့သည်။ သို့သော် ယေရှုက ကုသ၍မရခြင်းသည် ကုသပေးသူ၏ယုံကြည်ခြင်းကင်းမဲ့သောကြောင့်ဟု ဆိုခဲ့ကြောင်းကိုသတိရပါ။—မာကု ၉:၃၇-၄၂။
အခြားကုသပေးသူတစ်ယောက်က ကင်ဆာနှင့်လေဖြတ်ရောဂါများကို ကုသပေးနိုင်သည်ဟုကတိပေးသည်။ ဘာဖြစ်ခဲ့သနည်း။ ဗေဇာ မဂ္ဂဇင်းအရဆိုလျှင် “ကတိများအတိုင်းဖြစ်မလာသည်မှာ အထင်အရှားဖြစ်သည်။” လူတစ်ယောက်မည်သို့ပြုမူလုပ်ကိုင်သည်ကိုလည်း နားထောင်ကြည့်ပါဦး။ “ယုံကြည်မှုကုထုံးဖြင့်ကုသပေးသူများသည် နှစ်နာရီနီးပါးတစ်လျှောက်လုံး ပရိသတ်ကို တရားဟောပြောချက်များ၊ ဆုတောင်းခြင်းများ၊ အော်ဟစ်ခြင်းများ၊ သီချင်းဆိုခြင်းများနှင့် ယုံကြည်သူ၏ခန္ဓာကိုယ်တွင်မှီနေသောနတ်ဆိုးကိုနှင်ထုတ်ရန်ဟုဆိုပြီး ရိုက်နှက်ခြင်းကိုပင် ပြုလုပ်သည်။ နောက်ဆုံးတွင် ဘဝင်ခိုက်နေသောပရိသတ်ထဲသို့ သူ၏လည်စည်းနှင့်လက်ကိုင်ပဝါကို ပစ်လိုက်ပြီး ‘အလှူငွေများ’ ကောက်ခံရန် ပန်းကန်ပြားတစ်ချပ်ကို လက်ဆင့်ကမ်းလိုက်သည်။” ယေရှုနှင့်တမန်တော်များသည် အံ့ဖွယ်နည်းဖြင့်ကုသပေးမှုများအတွက် မည်သည့်အခါမျှငွေကြေးတောင်းခံခြင်းမပြုခဲ့၊ ထိုသို့လူများပွဲကျအောင်လည်း မလုပ်ခဲ့ပါ။
ခေတ်သစ်ယုံကြည်မှုကုထုံးဖြင့်ကုသပေးသူများသည် ယေရှုပြုခဲ့သည့်အတိုင်းမပြုကြသည်မှာ ရှင်းနေပါသည်။ သူတို့၏လုပ်ရပ်ကို ဘုရားသခင်နှစ်သက်တော်မူကြောင်းကို လုံးဝမတွေ့ရပါ။ မျက်မှောက်ခေတ်တွင် အံ့ဖွယ်နည်းဖြင့်ကုသပေးမှုများကို ကိုယ်တော်နှစ်သက်ပါသလော။ သို့မဟုတ် ကျွန်ုပ်တို့ချစ်ခင်မြတ်နိုးသူတစ်ဦး ဖျားနာသောအခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အားတစ်နည်းတစ်လမ်းအကူအညီပေးနိုင်ပါသလော။