ယုံကြည်ခြင်းသည် ဖျားနာသူအားမည်သို့ကူညီနိုင်သနည်း
သ မ္မာကျမ်းစာတွင်ပါရှိသော အံ့ဖွယ်ကုသခြင်းများက ဘုရားသခင်သည် ကျွန်ုပ်တို့၏ကောင်းကျိုးကိုလိုလားကြောင်းနှင့် ကိုယ်တော်၏ကုသနိုင်သည့်တန်ခိုးတို့ကိုတင်ပြတော်မူသည်။ ယင်းအံ့ဖွယ်ကုသမှုများသည် ဘုရားသခင့်ဘုန်းတော်ထင်ရှားစေပြီး များစွာသောရွှင်လန်းမှုကိုဖြစ်စေရာ၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ရောဂါကုသခြင်းဆုကျေးဇူးသည် အကျိုးသက်ရောက်နေဆဲလောဟူ၍ မေးရန်အကြောင်းရှိပေသည်။
ထိုမေးခွန်း၏အဖြေမှာ မဟုတ်ပါဟူ၍ဖြစ်ပြီး အချို့သူများအတွက် အံ့အားသင့်စရာဖြစ်ပေမည်။ ပထမရာစုအချိန်က ထိုအံ့ဖွယ်နည်းဖြင့်ကုသပျောက်ကင်းမှုများသည် ယင်းတို့၏ရည်ရွယ်ချက်ပြီးပြည့်စုံသွားပြီဖြစ်သည်။ The Illustrated Bible Dictionary ဟူသောအဘိဓာန်က “ကုသခြင်းဆိုင်ရာအံ့ဖွယ်အမှုများ၏ရည်ရွယ်ချက်သည် ဘာသာရေးအတွက်ဖြစ်သည်။ ဆေးပညာအတွက်မဟုတ်ပါ” ဟုမှန်ကန်စွာမှတ်ချက်ချထားသည်။ ဤအံ့ဖွယ်အမှုများက မည်သည့်ဘာသာရေးရည်ရွယ်ချက်များကို အထမြောက်စေခဲ့သနည်း။
တစ်ခုမှာ ယေရှု၏ကုသခြင်းဆိုင်ရာအံ့ဖွယ်အမှုများသည် ကိုယ်တော်အား မေရှိယအဖြစ်သိမှတ်ထင်ရှားစေသည်။ ယင်းတို့သည် ကိုယ်တော်သေဆုံးပြီးနောက်ပိုင်း တည်ထောင်ခါစခရစ်ယာန်အသင်းတော်သည် ဘုရားသခင်၏ကောင်းချီးခံစားရကြောင်းကို အတည်ပြုရန် အကူအညီဖြစ်စေသည်။ (မဿဲ ၁၁:၂-၆။ ဟေဗြဲ ၂:၃၊ ၄) ထို့အပြင် ကမ္ဘာသစ်တွင် လူသားများအားရောဂါကုသပျောက်ကင်းပေးမည့် ဘုရားသခင့်ကတိတော်သည် ပြည့်စုံမည်ဖြစ်ကြောင်း ယင်းတို့ကတင်ပြသည်။ “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။ ထိုမြို့ ၌နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ရောက်ရကြလိမ့်” မည့်အချိန်သည် အမှန်ရောက်လာမည်ဟူသောကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ယင်းတို့ကခိုင်မြဲစေသည်။ (ဟေရှာယ ၃၃:၂၄) ပထမရာစုရည်ရွယ်ချက်များသည် ပြီးပြည့်စုံသွားပြီဖြစ်ရာ အံ့ဖွယ်အမှုများသည် ထပ်၍မလိုအပ်တော့ပါ။
ပထမရာစုယေရှု၏တပည့်တော်များကိုယ်တိုင်လည်း အံ့ဖွယ်နည်းဖြင့်ကုသခြင်းမခံခဲ့ရသော မကျန်းမာမှုများကို ခံစားခဲ့ရကြသည်။ ယင်းက ယေရှုနှင့်တမန်တော်များ၏ အံ့ဖွယ်နည်းဖြင့်ကုသပေးခြင်းများသည် ဆေးကုသပေးရန်အတွက်မဟုတ်ဘဲ အရေးကြီးသောအမှန်တရားများကို သင်ပေးရန်ဖြစ်ကြောင်း ထပ်ဆင့်သာဓကများဖြစ်သည်။ တိမောသေ၏ မကြာခဏခံစားရသောရောဂါနှင့်ပတ်သက်၍ ဆေးနည်းအကြံပေးရာတွင် တမန်တော်ပေါလုက ယုံကြည်မှုကုထုံးကိုမဟုတ်ဘဲ ဆေးအဖြစ်စပျစ်ရည်ကိုသုံးရန် ထောက်ခံခဲ့သည်။ အံ့ဖွယ်ရောဂါကုသခြင်းများကိုပြုလုပ်ခဲ့သော ပေါလုကိုယ်တိုင်ပင် “ကိုယ်၌စူးသောဆူး” မှသက်သာမှုမရရှိခဲ့ပါ။—၂ ကောရိန္သု ၁၂:၇။ ၁ တိမောသေ ၅:၂၃။
တမန်တော်များသေဆုံးကုန်သောအခါ ရောဂါကုသပေးနိုင်သည့်ဆုကျေးဇူးသည်လည်း ကုန်ဆုံးသွားသည်။ ယင်းသို့ဖြစ်မည့်အကြောင်း ပေါလုကိုယ်တိုင်ဖော်ပြခဲ့သည်။ ခရစ်ယာန်အသင်းတော်ကို ကလေးငယ်ကလေးနှင့်နှိုင်းယှဉ်ကာ ပေါလုက “ငါသည် သူငယ်ဖြစ်စဉ်အခါ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား သူငယ်၏အရာများကိုငါပယ်ရှား၏” ဟုပြောခဲ့သည်။ သူ့ဥပမာ၏ဆိုလိုရင်းမှာ ဝိညာဉ်တော်ဆုကျေးဇူးများသည် သူငယ်ကဲ့သို့နုနယ်သေးသည့်ခရစ်ယာန်အသင်းတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းတို့သည် “သူငယ်၏အရာများ” ဖြစ်ခဲ့ကြသည်။ ထို့ကြောင့်သူက “[အံ့ဖွယ်ဆုကျေးဇူးများ] သည်ကွယ်ပျောက်ကြလိမ့်မည်” ဟုသူဖော်ပြခဲ့သည်။—၁ ကောရိန္သု ၁၃:၈-၁၁။
ကျွန်ုပ်တို့ဖျားနာသောအခါ ယုံကြည်ခြင်းသည်အကူအညီဖြစ်စေသလော
ကျွန်ုပ်တို့သည် ယုံကြည်မှုကုထုံးကို အားကိုးအားထားမပြုသည့်တိုင် ကျွန်ုပ်တို့ဖျားနာသောအခါ အကူအညီအတွက် ဘုရားသခင်ထံဆုတောင်းရန် လျောက်ပတ်သည်မှာမလွဲပေ။ ကျွန်ုပ်တို့အတွက် သူတစ်ပါးဆုတောင်းပေးခြင်းသည် ဘာမျှမမှားပါ။ သို့ရာတွင် ဆုတောင်းချက်သည် သဘာဝကျပြီး ဘုရားသခင်၏အလိုတော်နှင့်ကိုက်ညီရမည်။ (၁ ယောဟန် ၅:၁၄၊ ၁၅) ယုံကြည်မှုကုထုံးအတွက် ကျွန်ုပ်တို့ဆုတောင်းရမည်ဟု ကျမ်းစာတွင် မည်သည့်နေရာ၌မျှမဆိုထားပါ။aဖျားနာခြင်းအားဖြင့် ကျွန်ုပ်တို့စုံစမ်းခံနေရစဉ် ယေဟောဝါ၏မေတ္တာပါသောအထောက်အမကို ကျွန်ုပ်တို့ဆုတောင်းကြရသည်။
ကျမ်းစာတွင် “သူသည်နာဖျား၍တုံးလုံးနေသောအခါ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ထောက်ပင့်တော်မူမည်။ နာနေစဉ်ကာလ ကိုယ်တော်သည် သူ့အိပ်ရာရှိသမျှကို လှန်ပြန်တော်မူမည်” ဟူ၍ကျမ်းစာပြောသောအခါ ယုံကြည်သောသူများဖျားနာသည့်အခါ ဆုတောင်းနိုင်ကြောင်းကို တင်ပြနေခြင်းဖြစ်သည်။ (ဆာလံ ၄၁:၃) စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်သူများအတွက်လည်း အကူအညီရရှိနိုင်သည်။ ဆာလံဆရာဤသို့ရေးသားခဲ့သည်။ “ငါ့ခြေချော်လျက်ရှိသည်ဟု အကျွန်ုပ်ဆိုသောအခါ အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ]၊ ကိုယ်တော်၏ကရုဏာသည် အကျွန်ုပ်ကိုထောက်မပါ၏။ အကျွန်ုပ်၏နှလုံးထဲမှာစိတ်များပြားသောအခါ ကိုယ်တော်သည်သက်သာစေတော်မူသဖြင့် အကျွန်ုပ်၏ဝိညာဉ်သည် ရွှင်လန်းပါ၏။”—ဆာလံ ၉၄:၁၈၊ ၁၉၊ ၆၃:၆-၈ ကိုလည်းရှု။
ထို့အပြင် ကျန်းမာရေးကိစ္စများတွင် ကျွန်ုပ်တို့ကောင်းစွာဆင်ခြင်ပိုင်းခြားရမည်။ ကျမ်းစာကလည်း ယင်းအချက်ကိုသွန်သင်ထားသည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဆေးလိပ်သောက်ခြင်း၊ သောက်ကြူးခြင်း သို့မဟုတ် စားကြူးခြင်းတို့ကိုပြုလုပ်ပြီးမှ မကျန်းမမာမှုလိုက်လာသောအခါမှ အသက်အန္တရာယ်အတွက်စိုးရိမ်ပြီး ယုံကြည်မှုကုထုံးဘက်သို့လှည့်သွားခြင်းပြုမည့်အစား ကျမ်းစာစည်းမျဉ်းများနှင့်အညီအသက်ရှင်နေထိုင်ခြင်းက သာ၍ကောင်းသည်။ ဖျားနာမှုဒဏ်ခံရသောအခါ အံ့ဖွယ်အမှုကိုဆုတောင်းခြင်းသည် ရှောင်လွဲနိုင်သည့်ဖျားနာမှုမှလွတ်မြောက်ရန် ပညာရှိအကြံပေးချက်များဖြစ်သည့် ဖြစ်နိုင်လျှင် အာဟာရရှိသည့်အစားအစာများကိုစားခြင်း၊ သို့မဟုတ် ကျွမ်းကျင်မှုရှိသည့်ဆေးဝါးကုသမှုအကူအညီကိုရှာယူခြင်းများကို အစားထိုးရမည့်အရာမဟုတ်ပါ။
ဘုရားသခင်၏နှုတ်ကပါဌ်တော်ကလည်း ကျွန်ုပ်တို့၏ကာယကျန်းမာမှုကိုအကျိုးဖြစ်စေသော စိတ်နှလုံးကျန်းမာမှုကိုပြုစုရန် အားပေးထားသည်။ ကျမ်းစာက “ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း၊ ငြူစူသောသဘောမူကား အရိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။” “စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား အရိုးတို့ကိုသွေ့ခြောက်စေတတ်၏” ဟုသွန်သင်ထားသည်။ (သု၊ ၁၄:၃၀၊ ၁၇:၂၂) ကျွန်ုပ်တို့အထဲတွင် ငြိမ်သက်ခြင်းနှင့်ရွှင်လန်းမှုတိုးပွားရန် သန့်ရှင်းသောဝိညာဉ်တော်အကူအညီကိုဆုတောင်းခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့၏ကာယကျန်းမာမှုကို အကျိုးဖြစ်ထွန်းစေနိုင်သည်။—ဖိလိပ္ပိ ၄:၆၊ ၇။
ယုံကြည်မှုကုထုံးကားမည်သို့နည်း
လူတစ်ဦးသည် အခြေအနေပေးသရွေ့ ကျန်းမာသည့်အသက်တာဖြင့်နေရသည့်တိုင် ဖျားနာမှုကသူ့အားထိုးနှက်နိုင်ဆဲဖြစ်သည်။ သို့ဆိုလျှင် ရောဂါပျောက်ကင်းရန်မျှော်လင့်ချက်ဖြင့် ယုံကြည်မှုကုထုံးဖြင့်ကုသပေးသူများထံသွားခြင်းသည် ဘေးဥပဒ်တစ်စုံတစ်ခုရှိသလော။ ရှိပါသည်။ ခေတ်ပေါ်ယုံကြည်မှုကုထုံးဖြင့်ကုသပေးသူများသည် အခမဲ့ကုသပေးခြင်းအလွန်ရှားပါးသည်။ ဆေးဝါးကုသမှုအကူအညီဖြင့်ကုန်ကျရမည့်ငွေကို ယုံကြည်မှုကုထုံးဖြင့်ကုသပေးသူအတွက်အသုံးပြုခြင်းသည် နစ်နာဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် လူများ၏ယုံလွယ်မှုကို အခွင့်အရေးယူသူအား အဘယ်ကြောင့်ငွေကြေးပေးရမည်နည်း။
‘ယုံကြည်မှုကုထုံးဖြင့် “ကုသပေးသူ” ထံသွားသူ ရာခိုင်နှုန်းအနည်းငယ်သာ ရောဂါပျောက်ကင်းကြသော်လည်း ယင်းကုထုံးသည် တစ်နည်းတစ်လမ်းအားဖြင့် အကျိုးရှိမည်မှာသေချာသည်’ ဟုလူအချို့ကအဆိုပြုကြသည်။ သို့ရာတွင် ကုသပေးသူများသည် တစ်စုံတစ်ယောက်ကို ရေရှည်ပျောက်ကင်းအောင် အမှန်ကုသပေးနိုင်သလောဟူ၍ မေးစရာပေါ်လာသည်။ The Encyclopœdia Britannica စွယ်စုံကျမ်းက “သတ်မှတ်ထားသောလုပ်ထုံးလုပ်နည်းများအတိုင်း သုတေသနပြုလုပ်ခြင်းအားဖြင့် ယုံကြည်မှုကုထုံးတွင်မသိနိုင်သောအကြောင်းအရာများစွာအပေါ် အောင်မြင်မှုရရှိခဲ့သည်” ဟုဝန်ခံထားသည်။
အနည်းငယ်သောလူအတိုင်းအတာသည် ရောဂါကုသပျောက်ကင်းခံရဟန်ရှိသော်လည်း ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်မှု၏အထောက်အထားဖြစ်သည်ဟု မပြောနိုင်ပေ။ တောင်ပေါ်ဒေသနာတွင် ယေရှုက “ထိုနေ့၌ကား ‘သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့်ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကိုနှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကိုပြပါပြီမဟုတ်လော’ ဟုအများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကိုငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့ ငါ့ထံမှဖယ်ကြဟုထိုသူတို့အားအတည့်အလင်းငါပြောမည်” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၇:၂၂၊ ၂၃) လူအချို့သည် ဘုရားသခင်၏သဘောတော်တွေ့ ခြင်းမခံရသော်လည်း နိမိတ်လက္ခဏာများအားဖြင့် မိမိတို့ကိုလူများအာရုံစိုက်အောင် သွေးဆောင်ကြမည့်အကြောင်းကိုလည်း ယေရှုပြောခဲ့သည်။ “အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည်ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုလှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။” (မဿဲ ၂၄:၂၄) ခေတ်သစ်ယုံကြည်မှုကုထုံးဖြင့်ကုသပေးသူများသည် အံ့ချီးဖွယ်တင်ပြမှုများ၊ ငွေကြေးအဆက်မပြတ်ကောက်ခံမှုများနှင့် အံ့ဖွယ်နည်းဖြင့်ကုသပေးမှုများကြောင့် သူတို့ကို ထိုစကားတွင်ဖော်ပြထားသောလူများထဲတွင် ထည့်သွင်းနိုင်သည်။
ထိုသို့သောသူများသည် ယေရှု၏ခြေတော်ရာကို လိုက်လျှောက်နေကြခြင်းမဟုတ်ချေ။ သို့ဆိုလျှင်၊ မည်သူ့လမ်းစဉ်ကိုသူတို့လိုက်နေကြသနည်း။ “စာတန်ပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ်ယောင်ဆောင်တတ်၏။ သို့ဖြစ်၍ သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကိုဟောသောဆရာဖြစ်ယောင်ဆောင်လျှင် အဘယ်ဆိုဖွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌အကျိုးအပြစ်ကိုခံရကြလတ္တံ့” ဟု တမန်တော်ပေါလုထောက်ပြခဲ့သည်။ (၂ ကောရိန္သု ၁၁:၁၄၊ ၁၅) ယုံကြည်မှုကုထုံးဖြင့်ကုသပေးသူများသည် မိမိတို့ပြောသည့်အတိုင်းပျောက်အောင်မကုသပေးနိုင်လျှင် သူတို့သည် “ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြားသော” စာတန်၏လမ်းစဉ်ကိုလိုက်သည့် လိမ်လည်လှည့်ဖြားသူများပင်ဖြစ်ကြသည်။ (ဗျာဒိတ် ၁၂:၉) သို့ရာတွင် မဆိုစလောက်သောအတိုင်းအတာဖြင့် သူတို့ကုသပျောက်ကင်းပေးနိုင်သည်ဆိုလျှင်မည်သို့နည်း။ သူတို့၏ “တန်ခိုးထင်ရှားသောလုပ်ရပ်များ” သည် စာတန်နှင့်သူ၏နတ်ဆိုးများ၏အစွမ်းတန်ခိုးကြောင့်ဖြစ်သည်ဟု ကျွန်ုပ်တို့မယူမှတ်သင့်ပေလော။ မှန်ပါသည်။ ယင်းသို့သာဖြစ်ရပေမည်။
စစ်မှန်သောကုသခြင်းခံရမည့်အချိန်
ယေရှု၏အံ့ဖွယ်နည်းဖြင့်ကုသပေးမှုများသည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်အကူအညီအားဖြင့်ဖြစ်သည်။ လူသားများ၏ကျန်းမာရေးပြဿနာများကို အမြဲပပျောက်စေမည့်ဘုရားသခင်၏ရည်ရွယ်တော်မူချက်ကို ယင်းတို့ကထင်ရှားပြသည်။ ယေဟောဝါက “လူအမျိုးမျိုးတို့၏အနာရောဂါငြိမ်းစရာ” အတွက်ကတိပြုတော်မူသည်။ (ဗျာဒိတ် ၂၂:၂) ကိုယ်တော်သည် ဖျားနာမှုကိုကုသပေးရုံမက သေခြင်းကိုပင်ပပျောက်စေတော်မူမည်။ ယေရှုလာရခြင်းသည် ‘ကိုယ်တော်ကိုယုံကြည်သူများ မပျက်စီးဘဲ ထာဝရအသက်ရရန်’ အတွက်ဖြစ်ကြောင်း ယောဟန်ရှင်းပြသည်။ (ယောဟန် ၃:၁၆) မည်မျှထူးမြတ်သည့်လွတ်လပ်မှုပါတကား။ ကျမ်းစာမှတ်တမ်းများတွင်ပါရှိသည့်အတိုင်း ယေရှုသည် တစ်ဖန်ရောဂါများကိုကုသပျောက်ကင်းစေတော်မူဦးမည်။ သို့ရာတွင် သာလွန်ကြီးကျယ်သည့်အတိုင်းအတာဖြင့်ပြုလုပ်မည်ဖြစ်သည်။ သေသောသူများကိုပင် ကိုယ်တော်ရှင်ပြန်ထမြောက်စေတော်မူမည်။ (ယောဟန် ၅:၂၈၊ ၂၉) မည်သည့်အခါ ယင်းသို့ဖြစ်မည်နည်း။
အထောက်အထားများအရ မကြာမီရောက်ရှိလာတော့မည့် ဘုရားသခင်၏ကမ္ဘာသစ်တွင်ဖြစ်သည်။ ဤအစီအစဉ်စနစ်၏ဆိုးသွမ်းမှုများကို ထာဝရဖယ်ရှားပြီးနောက်ပိုင်း နေရာယူလာမည့်ထိုကမ္ဘာသစ်သည် နှလုံးဖြောင့်မတ်သူလူသားများအတွက် စစ်မှန်သောကောင်းချီးတစ်ရပ်ဖြစ်ပေမည်။ ယင်းသည် နာကျင်ခြင်းဝေဒနာကင်းဝေးသည့်ကမ္ဘာဖြစ်မည်။ “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာဒိတ် ၂၁:၄) ယနေ့ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် မြင်တွေ့နေရသည့်အရာများနှင့် မည်မျှခြားနားလိုက်မည်ဖြစ်ခြင်း။
ထို့ကြောင့် ဖျားနာမှုအတွက် ဘုရားသခင်၏အကူအညီကို ဆုတောင်းပါ။ ကျန်းမာရေးကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဖျားနာမှုမရှိတော့သည့်ထာဝရအသက်သည် အမှန်တကယ်မည်သို့ဖြစ်နိုင်ကြောင်းများကို ဆည်းပူးပါ။ ယုံကြည်စိတ်ချနိုင်သောဘုရားသခင်၏ကတိတော်များကို များစွာဖော်ပြထားသည့် သမ္မာကျမ်းစာကိုလေ့လာခြင်းအားဖြင့် ယင်းကတိတော်များအပေါ် သင့်ယုံကြည်ခြင်းကိုတည်ဆောက်ပါ။ ဤကိစ္စနှင့်ပတ်သက်သောဘုရားသခင့်ရည်ရွယ်ချက်သည် ကိုယ်တော့်အချိန်ဇယားအတိုင်း မည်သို့ပြည့်စုံလာမည်ကို လေ့လာပါ။ သံသယမဖြစ်ပါနှင့်။ အကြောင်းမှာ ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အားဤသို့အာမခံထားသည်။ “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်လည်း ခပ်သိမ်းသောမျက်နှာတို့မှမျက်ရည်ကို သုတ်တော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၈။
[အောက်ခြေမှတ်ချက်များ]
a အချို့က ယာကုပ် ၅:၁၄၊ ၁၅ ပါစကားများသည် ယုံကြည်မှုကုထုံးနှင့်ဆိုင်သည်ဟုထင်မှတ်ကြသည်။ သို့ရာတွင် ဤနေရာ၌ ဝိညာဏဖျားနာမှုကိုယာကုပ်ပြောနေကြောင်း အထက်အောက်စကားများကတင်ပြသည်။ (ယာကုပ် ၅:၁၅ခ၊ ၁၆၊ ၁၉၊ ၂၀) ယုံကြည်ခြင်းတွင်အားနည်းလာသူတစ်ဦးစီသည် အကြီးအကဲများကိုခေါ်၍အကူအညီတောင်းရန် သူသွန်သင်နေခြင်းဖြစ်သည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အံ့ဖွယ်နည်းဖြင့်ခရစ်တော်ကုသပေးခြင်းများသည် ရည်ရွယ်ချက်ပြီးပြည့်စုံသွားပြီ
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
အံ့ဖွယ်နည်းဖြင့်ကုသခြင်းကို ယေရှုတစ်ဖန်ထပ်မံ၍တိုးချဲ့လုပ်ဆောင်တော်မူမည်