ယေဟောဝါ—သင့်အသိအကျွမ်းလော သို့မဟုတ် သင့်မိတ်ဆွေလော
“ဂျော်န်၊ ခင်ဗျားကို ကျွန်တော့်မိတ်ဆွေနဲ့မိတ်ဆက်ပေးပါရစေ။ ဒါက—ဟို၊ နာမယ်လေးတစ်ဆိတ်လောက်ပြန်ပြောပါဦးခင်ဗျား။”
စကားပြောဆိုရာတွင် ဤသို့သောအမှားအယွင်းမျိုးသင်ကြားဖူးသလော။ ယင်းက အချို့သူများ “မိတ်ဆွေ” ဟူသောစကားကို မှားယွင်းစွာအသုံးပြုကြကြောင်း ဥပမာတစ်ရပ်ဖြစ်သည်။ အမှန်မှာ “အသိအကျွမ်း” ကိုသာ သူတို့ဆိုလိုခြင်းဖြစ်ပြီး တစ်ခါတစ်ရံအသိအကျွမ်းပင်မဟုတ်ချေ။ လမ်းတစ်ဖက်ရှိဦးလှနှင့်သိခြင်းသည် အကြောင်းတစ်ခု၊ သူ၏မိတ်ဆွေဖြစ်ခြင်းသည် ယခင်အကြောင်းနှင့်ဘာမျှမဆိုင်သော အခြားအကြောင်းတစ်ခုဖြစ်သည်။
အဘိဓာန်တစ်အုပ်က “အသိအကျွမ်း” ကို “လူတစ်ဦးနှင့် လူမှုရေးအရအဆက်အသွယ်ရှိသော်လည်း ပုဂ္ဂိုလ်ရေးအရ စွဲလမ်းတွယ်တာမှုမရှိသောသူ” ဟုအဓိပ္ပာယ်ဖွင့်ထားသည်။ ယင်းက “မိတ်ဆွေလောက် အကျွမ်းတစ်ဝင်ဖြစ်ခြင်း၊ နီးစပ်ခြင်း၊ ရင်းနှီးချစ်ကြည်ခြင်းမရှိကြောင်း” ဖော်ပြသည်။
ဤကဲ့သို့ပုဂ္ဂိုလ်ရေးအရ စွဲလမ်းတွယ်တာမှုမရှိခြင်းကြောင့် ကျွန်ုပ်တို့၏အသိအကျွမ်းများတစ်စုံတစ်ခုဖြစ်သောအခါ ကျွန်ုပ်တို့ဂရုမမူဘဲ ကျွန်ုပ်တို့၏မိတ်ဆွေများ၏ဘဝတွင်မူ ချစ်ခင်ရင်းနှီးစွာပါဝင်ပတ်သက်ရခြင်းဖြစ်သည်။ သူတို့၏ရွှင်လန်းမှုများနှင့်သောကများကို ကျွန်ုပ်တို့မျှဝေခံစားကြပြီး ယင်းတို့က ကျွန်ုပ်တို့အားထိခိုက်သည်။ ကျွန်ုပ်တို့စိတ်အားထက်သန်စွာပါဝင်ပတ်သက်ခြင်းသည် ကျွန်ုပ်တို့အား သူတို့၏ကိုယ်ရေးကိုယ်တာကိစ္စများကိုဝင်ရောက်စပ်စုခွင့်မပြုရန် ကျွန်ုပ်တို့သတိထားကြရမည်။—၁ ပေတရု ၄:၁၅။
ကျွန်ုပ်တို့၏မိတ်ဆွေများနှင့် ပုဂ္ဂိုလ်ရေးအရစွဲလမ်းတွယ်တာမှုသည် ကျွန်ုပ်တို့အဘယ်ကြောင့် သူတို့ကိုသဘောကျနှစ်သက်စေလေ့ရှိကြောင်းကိုလည်း ရှင်းပြသည်။ ကျွန်ုပ်တို့၏အကျင့်အကြံသည် မသင့်တော်မနှစ်မြို့ဖွယ်ဖြစ်နေသည်ကို ကျွန်ုပ်တို့၏အသိအကျွမ်းကမြင်လျှင် သူ၏သဘောမကျခြင်းသည် ကျွန်ုပ်တို့ကိုပြောင်းလဲရန် လှုံ့ဆော်လိမ့်မည်မဟုတ်ပေ။ သို့သော် မိတ်ဆွေတစ်ဦးသည် ဝတ်စားဆင်ယင်မှုကိစ္စ၊ အကျင့်အကြံ သို့မဟုတ် အယူအဆများတွင် ကျွန်ုပ်တို့အပေါ်ကြီးမားသောသြဇာလွှမ်းမိုးနိုင်သည်အမှန်။
ယုံကြည်စိတ်ချခြင်း၊ ချစ်ခင်စုံမက်ခြင်း၊ ရိုသေလေးစားခြင်း၊ သစ္စာစောင့်သိခြင်းနှင့်ပတ်သက်သောကိစ္စများတွင် မိတ်ဆွေအဖြစ်သည် အသိအကျွမ်းအဖြစ်ထက် သာ၍အဆင့်မြင့်မားသောတာဝန်ရှိစေသည်။ မိတ်ဆွေအဖြစ်ကိုတောင်းဆိုသူသည် တာဝန်ဝတ္တရားဖွဲ့နှောင်မှုကိုမခံလိုလျှင် အမှန်အားဖြင့် အသိအကျွမ်းကိုသာရလိုခြင်းဖြစ်သည်။ မိတ်ဆွေကိုမဟုတ်ပါ။ ရင်းနှီးသောမိတ်ဆွေများသည် ပုဂ္ဂိုလ်ရေးအရစွဲလမ်းတွယ်တာမှုနှင့်လိုက်ပါလာသောတာဝန်ဝတ္တရားများကို ပျော်ရွှင်စွာလုပ်ဆောင်ပြီး ယင်းသည် မိတ်ဆွေအဖြစ်ကိုသက်သေထူရန်အခွင့်အရေးတစ်ရပ်ဟု သူတို့သဘောပေါက်ကြသည်။
ဘုရားသခင်နှင့်မိတ်ဆွေဖြစ်ခြင်း
ဖန်ဆင်းရှင်အနေနှင့် ယေဟောဝါသည် လူသားများ၏ကောင်းကင်ခမည်းတော်ဖြစ်သဖြင့် ကိုယ်တော်သည် ချစ်ခြင်း၊ နာခံခြင်း၊ ရိုသေလေးစားခြင်းတို့နှင့်ထိုက်တန်သည်။ သို့သော် လူသားများယင်းသို့ပြုလုပ်ခြင်းသည် ဝတ်ကျေတန်းကျေသဘောမျိုးဖြင့်မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရစွဲလမ်းတွယ်တာမှုကြောင့်လုပ်ခြင်းဖြစ်ရန် ကိုယ်တော်လိုလားတော်မူသည်။ (မဿဲ ၂၂:၃၇) ကိုယ်တော်အား မိတ်ဆွေအဖြစ်နှင့်ချစ်ရန်လည်း ကိုယ်တော်လိုလားတော်မူသည်။ (ဆာလံ ၁၈:၁) ‘ကိုယ်တော်သည် ကျွန်ုပ်တို့ကို ရှေးဦးစွာချစ်တော်မူသည်’ ဖြစ်ရာ ထိုမိတ်ဆွေဖြစ်ခြင်းအတွက် စုံလင်သောအခြေအမြစ်ကိုလည်း ကိုယ်တော်ချတော်မူခဲ့သည်။—၁ ယောဟန် ၄:၁၉။
ကျွန်ုပ်တို့၏ကနဦးမိဘဖြစ်ကြသူအာဒံနှင့်ဧဝတို့သည် ဘုရားသခင်နှင့်သိကျွမ်းခဲ့ကြသည်။ မေးစရာကား မိတ်ဆွေဖြစ်ရန်ကိုယ်တော်၏ကမ်းလှမ်းခြင်းကို သူတို့လက်ခံမည်လော။ ဝမ်းနည်းစရာကား သူတို့လက်မခံခဲ့ပါ။ ဘုရားသခင်ထံမှလွတ်လပ်မှုကို တစ်ကိုယ်ကောင်းဆန်ဆန်သူတို့လုယူခဲ့ကြခြင်းက ပုဂ္ဂိုလ်ရေးအရစွဲလမ်းတွယ်တာလိုသည့်ဆန္ဒကို မတင်ပြချေ။ ကိုယ်တော်ကမ်းလှမ်းသည့်မိတ်ဆွေအဖြစ်မှ ရရှိမည့်ကောင်းချီးများကိုရယူရန် သူတို့ဆန္ဒရှိကြပြီး ယင်း၏တာဝန်များကိုမူ မထမ်းဆောင်လိုကြပေ။ သူတို့သည် အိမ်လခမပေးဘဲ အဆင်ပြေပြေနေရသောပရဒိသုအိမ်အတွင်း စည်းစိမ်ချမ်းသာများနှင့်လုံခြုံမှုကို ခံစားလိုကြသကဲ့သို့ဖြစ်သည်။
ကျွန်ုပ်တို့အားလုံး ဤကျေးဇူးကန်းပြီးလွတ်လပ်လိုသည့်သဘောကို အမွေခံခဲ့ကြရာ အချို့သူများသည် အခြားသူများထက်ပိုဆိုးသည်။ (ကမ္ဘာဦး ၈:၂၁) ဥပမာ၊ လူငယ်အချို့တို့သည် မိမိတို့၏လွတ်လပ်မှုရလိုသောသဘာဝဆန္ဒက မိဘများအပေါ်ကျေးဇူးမသိတတ်သည့်သဘောတင်ပြစေကြသည်။ ယင်းက အသက်တာတစ်လျှောက်လုံးတွင် မိဘများနှင့်သူတို့စပ်ကြား ရှိသင့်သော တန်ဖိုးအရှိဆုံးမိတ်ဆွေအဖြစ်ကို ပျက်စီးစေသည်။ ဤကဲ့သို့ပင်ဝမ်းနည်းစရာဖြစ်သော ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှင့်မိတ်ပျက်သွားခြင်းသည် များစွာသာ၍အန္တရာယ်ရှိသည်။ အမှန်မူ အသက်ပင်သေစေနိုင်သည်။
မိတ်ဆွေအဖြစ်တွင် လိုအပ်ချက်များ
ယုံကြည်စိတ်ချမှုမရှိဘဲနှင့် လူနှင့်သော်လည်းကောင်း၊ ဘုရားသခင်နှင့်သော်လည်းကောင်း ဆက်ဆံရာတွင် ကြာရှည်တည်မြဲမည်မဟုတ်ပါ။ ရှေးဘိုးဘေးအာဗြဟံသည် ယင်းကိုသဘောပေါက်ခဲ့သောကြောင့် ကြိမ်ဖန်များစွာ ဘုရားသခင်ကိုအကြွင်းမဲ့ယုံကြည်ခြင်းတင်ပြခဲ့သည်။ ကမ္ဘာဦး ၁၂:၁-၅ နှင့် ၂၂:၁-၁၈ တို့ကိုဖတ်ပြီး ယေဟောဝါကိုယုံကြည်ခြင်းတွင် သူ၏ထင်ရှားသောဥပမာနှစ်ခုကိုကြည့်ပါ။ မှန်ပါသည်။ “အာဗြဟံသည် ဘုရားသခင် [ယေဟောဝါ၊ ကဘ] ကိုယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏။” ထို့ကြောင့် “ဘုရားသခင်၏အဆွေ [‘ယေဟောဝါ၏မိတ်ဆွေ’၊ ကဘ] ဟုခေါ်ဝေါ်ခြင်းကိုခံရ၏။”—ယာကုပ် ၂:၂၃။
ဘုရားသခင်နှင့်မိတ်ဆွေဖြစ်ရန်အတွက် နောက်ထပ်လိုအပ်ချက်မှာ ယင်းမိတ်ဆွေအဖြစ်နှင့်လိုက်ပါလာသောတာဝန်ဝတ္တရားများကို ကျေပွန်ခြင်းဖြစ်သည်။ ယေဟောဝါနှင့်ဆက်ဆံရေးတွင် နိမ့်ကျသောကျွန်ုပ်တို့၏အခြေအနေကြောင့် ယင်းတာဝန်ဝတ္တရားများသည် လူနှင့်မိတ်ဆွေဖြစ်ခြင်းထက်သာ၍ကြီးမားသည်။ လူသားမိတ်ဆွေကဲ့သို့ အရာ အချို့ လောက်တွင်သာ ကိုယ်တော်အားနှစ်သက်စေလိုခြင်းထက်မကပါ။ အရာ အားလုံး တွင် ကိုယ်တော်အားကျွန်ုပ်တို့နှစ်သက်စေလိုသောဆန္ဒများပါဝင်သည်။ ဘုရားသခင်၏အရင်းနှီးဆုံးမိတ်ဆွေဖြစ်သူယေရှုက “နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်” ဟုမိန့်တော်မူခြင်းအားဖြင့် ယင်းအချက်ကိုတင်ပြခဲ့သည်။—ယောဟန် ၈:၂၉။
ထို့ကြောင့် တာဝန်ဝတ္တရားဖွဲ့နှောင်မှုမရှိသောအခြေခံပေါ်တွင် ယေဟောဝါနှင့် သို့မဟုတ် ကိုယ်တော့်သားတော်နှင့် မိတ်ဆွေအဖြစ်ကိုမရနိုင်ပါ။ ယင်းသည် မိတ်ဆွေဖြစ်ခြင်းအတွက် ကိုယ်တော်တို့တောင်းဆိုသောအချက်များနှင့်အညီနေထိုင်ခြင်းအပေါ်မူတည်သည်။ (ဆာလံ ၁၅:၁-၅ ရှု) မိမိ၏တပည့်တော်များနှင့်စကားပြောရာတွင် ဤအချက်ကို ယေရှုရှင်းလင်းစွာတင်ပြတော်မူခဲ့သည်။ “သင်တို့သည် ငါပညတ်သမျှတို့ကိုကျင့်ဆောင် လျှင် ငါ၏အဆွေဖြစ်ကြ၏။”—ယောဟန် ၁၅:၁၄။
မိတ်ဆွေဖြစ်ခြင်း၏အခြားလိုအပ်ချက်တစ်ခုမှာ ရိုးသားပွင့်လင်းသည့်ဆက်ဆံရေးဖြစ်သည်။ ယေရှုသေရမည့်နေ့တွင် မိမိ၏သစ္စာရှိတမန်တော်များအား “ယခုမှစ၍ငါသည် သင်တို့ကို ကျွန်ဟုမခေါ်။ ကျွန်မူကား ကိုယ်သခင်ပြုသောအမှုကိုမသိ။ သင်တို့ကို အဆွေဟုငါခေါ်၏။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံ၌ကြားသမျှသောအရာတို့ကို သင်တို့အားငါပြသ၏” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၅:၁၅) မိမိ၏မိတ်ဆွေများနှင့်အတွေးအခေါ်ဖလှယ်ရာတွင် ယေရှုသည် အာမုတ် ၃:၇ တွင် “အကယ်စင်စစ် အရှင်ထာဝရဘုရား [စကြဝဠာပိုင်သအုပ်စိုးသူယေဟောဝါ၊ ကဘ] သည် မိမိကျွန်ပရောဖက်တို့အားမဖော်ပြဘဲ အဘယ်အမှုကိုမျှစီရင်တော်မမူ” ဟုဖော်ပြထားသောမိမိခမည်းတော်၏ပုံသက်သေကို လိုက်လျှောက်တော်မူခဲ့သည်။
ယင်းသည် မိတ်ဆွေများစပ်ကြားတွင် လုပ်ရိုးလုပ်စဉ်လုပ်ရပ်မဟုတ်ပေလော။ လမ်းတစ်ဖက်ရှိဦးလှနှင့် အတွေ့အကြုံများဖလှယ်ရန် ကျွန်ုပ်တို့လှုံ့ဆော်ခံရမည်မဟုတ်ပါ။ ကျွန်ုပ်တို့၏အတွင်းအကျဆုံးသောအထင်အမြင်များနှင့်ခံစားချက်များကို သူ့အားကျွန်ုပ်တို့မပြောပြလိုသည်မှာ အသေချာဆုံးဖြစ်သည်။ နောက်ဆုံးပြောရလျှင် သူသည် အသိအကျွမ်းတစ်ယောက်မျှသာဖြစ်သည်။ သို့သော် ကျွန်ုပ်တို့၏မိတ်ဆွေများနှင့်မူ ယင်းကိစ္စများကိုမပြောဘဲမနေနိုင်ကြပါ။
ဘုရားသခင်နှင့်ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်ခြင်းတွင်လည်း ထို့နည်းတူဖြစ်သည်။ ကိုယ်တော်အား ဆုတောင်းခြင်းဖြင့်စကားပြောခြင်း၊ ကျွန်ုပ်တို့၏လိုအပ်ရာများ၊ အလိုဆန္ဒများ၊ အတွင်းအကျဆုံးခံစားချက်များကိုတင်ပြခြင်းတို့ကို ကျွန်ုပ်တို့မပြုဘဲမနေနိုင်ကြပါ။ ဆက်ဆံရေးသည် တစ်ဖက်သတ်ဖြစ်လျှင် မိတ်ဆွေဖြစ်ခြင်းလည်း မကြာမီရပ်စဲရတော့သည်မှာသေချာသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားဘုရားသခင်စကားပြောရန်ကိုလည်း ခွင့်ပြုရမည်။ ယင်းကို ကိုယ်တော်၏နှုတ်ကပါဌ်တော်ကိုဂရုတစိုက်နားထောင်ခြင်း၊ ကိုယ်တော်၏သြဝါဒများကိုဆင်ခြင်ခြင်းနှင့် ယင်းတို့ကို ကျွန်ုပ်တို့အတတ်နိုင်ဆုံးကျင့်သုံးခြင်းအားဖြင့် တင်ပြကြသည်။
ယေဟောဝါနှင့်မိတ်ဆွေဖြစ်ခြင်းသည် သင့်အတွက်မည်မျှအရေးကြီးသနည်း
ဤမေးခွန်းကိုသင်ဖြေဆိုဖို့သင့်အားအကူအညီပေးရန် လူသားလောကတွင် အထူးမိတ်ဆွေဖြစ်ခြင်းကိုစဉ်းစားကြည့်ပါ။ သင်သည် ငယ်ရွယ်သူတစ်ယောက်ဖြစ်လျှင် အိမ်ထောင်မင်္ဂလာသို့ပို့ဆောင်ပေးသောမိတ်ဆွေအဖြစ်ကို သင်ရလိုပေမည်။ မှန်ပါသည်။ ရည်ရွယ်ထားသူနှင့်အသိအကျွမ်းမျှသာဖြစ်ခြင်းသည် အိမ်ထောင်မင်္ဂလာအတွက်ခိုင်မြဲသောအုတ်မြစ်မဟုတ်သေးကြောင်း သင်သဘောပေါက်ပေမည်။ ဦးစွာအနေနှင့် သိကျွမ်းခြင်းသည် မိတ်ဆွေအဖြစ်သို့ပြောင်းလဲရမည်။ ဤမိတ်ဆွေအဖြစ်သည် တဖြည်းဖြည်းကြီးထွားလာပြီး နောက်ဆုံးတွင် ပျော်ရွှင်သောအိမ်ထောင်အတွက်အုတ်မြစ်ကောင်းကိုချပေးမည့် သာ၍ရင်းနှီးသောဆက်ဆံရေးကိုရရှိလာသည်။
ယခုစဉ်းစားကြည့်ပါ။ လူများသည် ဤမိတ်ဆွေအဖြစ်မျိုးသို့ရောက်ရန် မည်မျှကြိုးစားကြရသနည်း။ ယင်းအဖြစ်ကိုတည်ဆောက်ရန်နှင့်ဆက်လက်တည်ရှိသွားရန် အချိန်နှင့်ငွေမည်မျှသူတို့အသုံးပြုကြသနည်း။ အချိန်မည်မျှအကုန်ခံ၍ ယင်းကိုသူတို့စဉ်းစားကြသနည်း။ ဤဆက်ဆံရေးတိုးတက်ရန် သို့မဟုတ် တည်မြဲရန်အတွက် မည်သည့်အတိုင်းအတာအထိသူတို့အစီအစဉ်ချမှတ်ကြသနည်း၊ သို့မဟုတ် အစီအစဉ်ပြောင်းလဲရန်ဆန္ဒရှိကြောင်းတင်ပြကြသနည်း။
ထို့နောက် သင့်ကိုယ်သင်မေးကြည့်ပါ။ ‘ဤအချက်များသည် ကျွန်ုပ်၏ဖန်ဆင်းရှင်နှင့်မိတ်ဆွေဖြစ်လာရန် သို့မဟုတ် ယင်းကိုပိုမိုတိုးတက်ခိုင်မြဲသွားစေရန်ကျွန်ုပ်၏ကြိုးစားချက်များနှင့် မည်သို့နှိုင်းယှဉ်နိုင်သနည်း။ ယင်းသို့ပြုရန် အချိန်မည်မျှကျွန်ုပ်အသုံးပြုနေသနည်း။ ယေဟောဝါနှင့်မိတ်ဆွေဖြစ်ခြင်းသည် နေ့စဉ်ကျွန်ုပ်စဉ်းစားတွေးတောမှုအထဲတွင် မည်သည့်အတိုင်းအတာအထိလွှမ်းမိုးသနည်း။ ဤဆက်ဆံရေးတိုးတက်ရန် သို့မဟုတ် တည်မြဲရန်အတွက် မည်သည့်အတိုင်းအတာအထိကျွန်ုပ်အစီအစဉ်ချမှတ်နေသနည်း၊ သို့မဟုတ် အစီအစဉ်ပြောင်းလဲရန်ဆန္ဒရှိကြောင်းတင်ပြနေသနည်း။
ခရစ်ယာန်လူငယ်များကောင်းကောင်းသတိထားသင့်သည်မှာ မိမိတို့၏ဖန်ဆင်းရှင်နှင့်ရှိသင့်သောမိတ်ဆွေဖြစ်ခြင်းသည် အိမ်ထောင်မင်္ဂလာသို့ပို့ဆောင်ပေးသောမိတ်ဆွေဖြစ်ခြင်းအပါအဝင် လူသားများနှင့်မိတ်ဆွေဖြစ်ခြင်းအားလုံးထက်သာ၍အရေးကြီးသည်။ ထို့ကြောင့် ဒေသနာ ၁၂:၁ တွင် သူတို့ကိုဤသို့တိုက်တွန်းထားသည်။ “ယခုအသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။” အများသောသူတို့သည် ယင်းကို ဘုရားသခင်၏သံတမန်များအဖြစ်၊ အမြဲတိုးပွားနေသောအချိန်ပြည့်ဟောပြောသူရှေ့ဆောင်များအဖြစ် ဘုရားသခင်ကိုဝတ်ပြုနေခြင်းအားဖြင့် တင်ပြနေကြသည်။
အပြစ်မြင်ဝါဒနှင့်ဘုရားတရားမဲ့ခြင်းတို့သည် သူတို့ကိုဝန်းရံနေသော်လည်း ယေဟောဝါအား လွဲမှားစွာကဲ့ရဲ့ပြစ်တင်ခြင်းနှင့်စွပ်စွဲခြင်းများကို သူတို့ရဲဝံ့စွာခုခံကာကွယ်ကြသည်။ ယင်းကား ယေဟောဝါသည် မိမိ၏မိတ်ဆွေများထံမှ တော်လျော်စွာမျှော်လင့်သင့်သောအရာမဟုတ်ပေလော။ ယင်းသည် ကျွန်ုပ်တို့ ၏မိတ်ဆွေများထံမှ ကျွန်ုပ်တို့မျှော်လင့်သောအရာမဟုတ်ပေလော။ ယင်းကို ကျွန်ုပ်တို့၏မိတ်ဆွေများက ဇွဲရှိရှိနှင့်ယုံကြည်စိတ်ချစွာလုပ်ဆောင်နေသည်ကိုမြင်ရခြင်းသည် ကျွန်ုပ်တို့နှလုံးကိုမရွှင်လန်းစေပေလော။—သု၊ ၂၇:၁၁ နှင့်နှိုင်းယှဉ်ပါ။
မိတ်ဆွေအဖြစ်ကိုကြာရှည်တည်တံ့လိုလျှင် ဘုရားသခင်နှင့်ဖြစ်စေ၊ လူနှင့်ပင်ဖြစ်ပါစေ မိတ်ဆွေဖွဲ့ရာ၌ လုပ်ဆောင်ရမည့်တာဝန်ပိုင်းများပေါ်ပေါက်စမြဲဖြစ်သည်။ ဤတာဝန်များကိုလက်မခံလိုသူ သို့မဟုတ် ဘုရားသခင်ထံဆက်ကပ်အပ်နှံပြီး ယင်းကိုလုပ်ဆောင်ရန်စေတနာမရှိသူသည် ယေဟောဝါနှင့်အသိအကျွမ်းမျှသာဖြစ်နိုင်သည်။ သူသည် ကိုယ်တော်အားမိတ်ဆွေဖြစ်ရခြင်းမှ ရရှိသည့်ရွှင်လန်းမှုကိုတွေ့ကြုံခံစားရရန် လိုနေသေးသည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်စိတ်ချသောကြောင့် ယေဟောဝါ၏မိတ်ဆွေဟုအခေါ်ခံခဲ့ရသည်