ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ ဧပြီ စာ. ၂၀-၂၅
  • “ခင်ဗျားတို့ကို မိတ်ဆွေလို့ ခေါ်မယ်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ခင်ဗျားတို့ကို မိတ်ဆွေလို့ ခေါ်မယ်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုရဲ့ မိတ်ဆွေဖြစ်ဖို့ ဘာကြောင့် လိုအပ်သလဲ
  • ယေရှုနဲ့ မိတ်ဆွေ ဖြစ်နိုင်ပုံ
  • ယေရှုရဲ့ ထာဝရမိတ်ဆွေများ
  • ‘သင်တို့သည် ငါ၏မိတ်ဆွေဖြစ်ကြ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေဟောဝါ—သင့်အသိအကျွမ်းလော သို့မဟုတ် သင့်မိတ်ဆွေလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • သင်မည်သို့ မိတ်ဆွေများ ဖွဲ့နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေရှုဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ ဧပြီ စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၁၇

“ခင်ဗျားတို့ကို မိတ်ဆွေလို့ ခေါ်မယ်”

‘ကျွန်တော်က အဖဘုရားဆီက ကြားနာခဲ့သမျှ ပြန်ပြောပြတဲ့အတွက် ခင်ဗျားတို့ကို မိတ်ဆွေလို့ ခေါ်မယ်။’—ယော. ၁၅:၁၅။

သီချင်း ၁၃ စံနမူနာရှင် ခရစ်တော်

အကြိုသုံးသပ်ချက်a

၁။ လူတစ်ယောက်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်လာဖို့ ဘာလုပ်ရမလဲ။

လူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ဖို့ အချိန်ပေး ပေါင်းသင်းရမယ်။ စကားလက်ဆုံ ပြောရင်း ခံစားချက်၊ ဘဝအတွေ့အကြုံတွေကို ဝေမျှတဲ့အခါ ရင်းနှီးတဲ့မိတ်ဆွေ ဖြစ်လာတယ်။ ဒါပေမဲ့ ယေရှုနဲ့ မိတ်ဆွေဖြစ်ဖို့ ကျွန်တော်တို့မှာ အခက်အခဲတချို့ ရှိတယ်။ ဘာအခက်အခဲတွေလဲ။

၂။ ပထမ အခက်အခဲက ဘာလဲ။

၂ ပထမ အခက်အခဲကတော့ ကျွန်တော်တို့ ယေရှုနဲ့ မဆုံဖူးဘူး။ ပထမရာစု ခရစ်ယာန်များစွာလည်း ယေရှုကို မတွေ့ဖူးကြဘူး။ ဒါပေမဲ့ တမန်တော် ပေတရုက “ခရစ်တော်ကို ခင်ဗျားတို့ မမြင်ဖူးပေမဲ့ ချစ်ကြတယ်။ အခု၊ သူ့ကို မမြင်ရပေမဲ့ ယုံကြည်သက်ဝင် . . . ကြတယ်” လို့ ပြောခဲ့တယ်။ (၁ ပေ. ၁:၈) ဒါကြောင့် ယေရှုနဲ့ မဆုံဖူးပေမဲ့ မိတ်ဆွေဖြစ်နိုင်ပါတယ်။

၃။ ဒုတိယ အခက်အခဲက ဘာလဲ။

၃ ဒုတိယ အခက်အခဲကတော့ ကျွန်တော်တို့ ယေရှုနဲ့ စကားမပြောနိုင်ဘူး။ ယေဟောဝါဆီ ယေရှုရဲ့ နာမည်ကတစ်ဆင့် ကျွန်တော်တို့ ဆုတောင်းကြတယ်။ ဒါပေမဲ့ ယေရှုကို တိုက်ရိုက် စကားမပြောဘူး။ ယေရှုကလည်း မိမိဆီ ဆုမတောင်းစေချင်ဘူး။ ဘာကြောင့်လဲ။ ဆုတောင်းတယ်ဆိုတာ ဝတ်ပြုမှု ပုံစံတစ်မျိုးဖြစ်ပြီး ယေဟောဝါတစ်ပါးတည်းသာ ဝတ်ပြုခံထိုက်လို့ပဲ။ (မ. ၄:၁၀) ဒါပေမဲ့ ယေရှုကို ချစ်ကြောင်း ပြနိုင်ပါတယ်။

၄။ တတိယ အခက်အခဲက ဘာလဲ။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၄ တတိယ အခက်အခဲက ယေရှုဟာ ကောင်းကင်မှာ နေလို့ သူနဲ့ မပေါင်းသင်းနိုင်ဘူး။ ဒါပေမဲ့ ယေရှုအကြောင်း များစွာ သိနိုင်ပါတယ်။ ယေရှုနဲ့ မိတ်ဆွေနှောင်ကြိုး ခိုင်ခံ့စေဖို့ ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့ အချက်လေးချက်ကို သုံးသပ်သွားပါမယ်။ ခရစ်တော်နဲ့ မိတ်ဆွေဖွဲ့ဖို့ ဘာကြောင့် အရေးကြီးကြောင်း အရင်သုံးသပ်ကြစို့။

ယေရှုရဲ့ မိတ်ဆွေဖြစ်ဖို့ ဘာကြောင့် လိုအပ်သလဲ

၅။ ယေရှုနဲ့ မိတ်ဆွေဖြစ်ဖို့ ဘာကြောင့် လိုအပ်သလဲ။ (“ယေရှုနဲ့ မိတ်ဆွေဖြစ်ရင် ယေဟောဝါနဲ့ မိတ်ဆွေဖြစ်နိုင်၊” “ယေရှုရဲ့ အခန်းကဏ္ဍကို မှန်မှန်ကန်ကန် ရှုမြင်ပါ” လေးထောင့်ကွက်တွေကို ကြည့်ပါ။)

၅ ယေဟောဝါနဲ့ ဆက်ဆံရေး ကောင်းဖို့ ယေရှုနဲ့ မိတ်ဆွေ ဖြစ်ရမယ်။ ဘာကြောင့်လဲ။ အကြောင်းရင်းနှစ်ခု ရှိတယ်။ ပထမ၊ “ခင်ဗျားတို့က ကျွန်တော့်ကို ချစ်ခင်တွယ်တာတယ်။ . . . ဒါကြောင့် အဖဘုရားကလည်း ခင်ဗျားတို့ကို ချစ်ခင်တွယ်တာတယ်” လို့ တပည့်တွေကို ယေရှု ပြောတယ်။ (ယော. ၁၆:၂၇) “ကျွန်တော့်ကို မဖြတ်သန်းဘဲ ဘယ်သူမှ အဖဘုရားဆီ မရောက်နိုင်ဘူး” လို့လည်း ပြောတယ်။ (ယော. ၁၄:၆) ယေရှုနဲ့ မရင်းနှီးဘဲ ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ဖို့ ကြိုးစားတာဟာ တံခါးပေါက်ကနေ မဖြတ်ဘဲ အိမ်ထဲဝင်ဖို့ ကြိုးစားတာနဲ့ တူတယ်။ ယေရှုဟာ မိမိကိုယ်ကို “သိုးတွေဝင်တဲ့ တံခါးပေါက်” နဲ့ နှိုင်းယှဉ်ခဲ့တယ်။ (ယော. ၁၀:၇) ဒုတိယ၊ ဖခင်ရဲ့ အရည်အသွေးတွေကို ယေရှု အပြည့်အဝ တင်ပြတယ်။ “ကျွန်တော့်ကို မြင်တာဟာ အဖဘုရားကို မြင်တာပဲ” လို့ တပည့်တွေကို ယေရှု ပြောခဲ့တယ်။ (ယော. ၁၄:၉) ဒါကြောင့် ယေဟောဝါအကြောင်း သိနိုင်တဲ့ အရေးပါတဲ့ နည်းတစ်နည်းက ယေရှုရဲ့ အသက်တာအကြောင်း လေ့လာခြင်းပဲ။ ယေရှုအကြောင်း ပိုသိလာတာနဲ့အမျှ ယေရှုကို ပိုချစ်လာမယ်။ ယေရှုကို ချစ်ရင် ယေဟောဝါကိုလည်း ချစ်လာပါလိမ့်မယ်။

ယေရှုနဲ့ မိတ်ဆွေဖြစ်ရင် ယေဟောဝါနဲ့ မိတ်ဆွေဖြစ်နိုင်

အမွေရထားတဲ့ အပြစ်ကြောင့် ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ဖို့ ကျွန်တော်တို့ အကူအညီ လိုတယ်။ ကျွန်တော်တို့ဟာ ဘုရားမိတ်ဆွေအဖြစ် မဟုတ်ဘဲ ရန်သူအဖြစ် မွေးဖွားလာတာ။ ဒါကြောင့် မိတ်ဆွေဖြစ်ဖို့ ပြန်လည်သင့်မြတ်အောင် လုပ်ရမယ်။ (ရော. ၅:၆-၁၂) တစ်ပါးတည်းသော သားတော်ရဲ့ ရွေးဖိုး ပူဇော်သက္ကာအားဖြင့် မိမိနဲ့ ပြန်လည်သင့်မြတ်ဖို့ ယေဟောဝါ စီစဉ်ပေးတယ်။ ယေရှုကို ယုံကြည်ခြင်း၊ ပညတ်တွေကို နာခံခြင်းအားဖြင့် ယေရှုရဲ့ မိတ်ဆွေ ဖြစ်နိုင်တယ်။ (ယော. ၃:၁၆၊ ၃၆။ ၁၅:၁၄) အရေးကြီးဆုံးကတော့ ယေရှုကို ယုံကြည်ကြောင်း တင်ပြခြင်းအားဖြင့် ဘုရားနဲ့ ပြန်သင့်မြတ်နိုင်တယ်။ ဒါကြောင့် ယေရှုနဲ့ မိတ်ဆွေဖြစ်ရင် ယေဟောဝါနဲ့ မိတ်ဆွေဖြစ်နိုင်ပါတယ်။

ယေရှုရဲ့ အခန်းကဏ္ဍကို မှန်မှန်ကန်ကန် ရှုမြင်ပါ

အမည်ခံ ခရစ်ယာန် ဘာသာဝင်တွေလိုပဲ အစောပိုင်း ကျမ်းစာကျောင်းသားတွေဟာ ယေဟောဝါထက် ယေရှုကို ပိုအလေးပေးခဲ့ကြတယ်။ ဒါပေမဲ့ ဝတ်ပြုရေးမှာ ယေဟောဝါကို အဓိကထားရမယ်ဆိုတာ ၁၉၁၉ ကစပြီး သိလာကြတယ်။ ယေရှုကို ချစ်မှ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းနိုင်မယ်ဆိုတာ နားလည်ရလို့ ကျေးဇူးတင်စရာပါပဲ။ ယေရှုအပေါ်ထားတဲ့ မေတ္တာ ပိုလွန်းတာမျိုး၊ လျော့လွန်းတာမျိုး မဖြစ်ရဘူး။—ယော. ၁၆:၂၇။

၆။ ယေရှုနဲ့ မိတ်ဆွေဖြစ်ဖို့ လိုအပ်ရတဲ့ နောက်အကြောင်းရင်းက ဘာလဲ။ ရှင်းပြပါ။

၆ ဆုတောင်းချက်တွေ အဖြေရဖို့ ယေရှုနဲ့ မိတ်ဆွေဖြစ်ရမယ်။ ဆုတောင်းချက်အဆုံးမှာ “ယေရှုနာမည်ကတစ်ဆင့်” လို့ ပြောရုံနဲ့ မလုံလောက်ဘူး။ ဆုတောင်းချက်တွေကို အဖြေပေးရာမှာ ယေရှုကို ယေဟောဝါ ဘယ်လို အသုံးပြုကြောင်း အသိအမှတ်ပြုရမယ်။ “ကျွန်တော့်နာမည်ကို အမှီပြုပြီး ခင်ဗျားတို့ ဆုတောင်းရင် တောင်းသမျှကို ကျွန်တော် လုပ်ပေးမယ်” လို့ တမန်တော်တွေကို ယေရှု ပြောတယ်။ (ယော. ၁၄:၁၃) ဆုတောင်းချက်တွေကို ယေဟောဝါ ကိုယ်တိုင် နားထောင်၊ ဖြေကြားပေမဲ့ မိမိရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း လုပ်ဆောင်ဖို့ ယေရှုကို အခွင့်အာဏာ ပေးထားတယ်။ (မ. ၂၈:၁၈) ဘုရားက ဆုတောင်းချက်တွေကို အဖြေမပေးခင် ယေရှုရဲ့ အကြံဉာဏ်ကို ကျွန်တော်တို့ လိုက်လျှောက်နေသလားဆိုတာ အရင် ကြည့်တယ်။ ဥပမာ၊ “သူတစ်ပါးရဲ့ အပြစ်ကို ခွင့်လွှတ်ရင် ကောင်းကင်အဖက ခင်ဗျားတို့ရဲ့ အပြစ်ကို ခွင့်လွှတ်လိမ့်မယ်။ သူတစ်ပါးရဲ့ အပြစ်ကို ခွင့်မလွှတ်ရင်တော့ အဖဘုရားက ခင်ဗျားတို့ရဲ့ အပြစ်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး” လို့ ယေရှု ပြောတယ်။ (မ. ၆:၁၄၊ ၁၅) ကျွန်တော်တို့ကို ယေဟောဝါနဲ့ ယေရှု ဆက်ဆံသလို တခြားသူတွေကို ဆက်ဆံဖို့ သိပ်အရေးကြီးတယ်။

၇။ ယေရှုရဲ့ ရွေးဖိုးပူဇော်သက္ကာကနေ ဘယ်သူတွေ အကျိုးရမလဲ။

၇ ယေရှုနဲ့ မိတ်ဆွေဖြစ်မှ ရွေးဖိုးပူဇော်သက္ကာကနေ အကျိုးအပြည့်အဝ ရမယ်။ ဘယ်လို သိရသလဲ။ “မိတ်ဆွေတွေအတွက် အသက်စွန့်” တာလို့ ယေရှု ပြောတယ်။ (ယော. ၁၅:၁၃) ယေရှု မြေကြီးပေါ် မလာခင် အသက်ရှင်ခဲ့တဲ့ သစ္စာရှိသူတွေလည်း ယေရှုအကြောင်း သင်ယူပြီး ချစ်ဖို့ လိုတယ်။ အာဗြဟံ၊ စာရာ၊ မောရှေ၊ ရာခပ် စတဲ့ သစ္စာရှိ အမျိုးသား/သမီးတွေတောင် ပြန်ရှင်လာတဲ့အခါ ထာဝရအသက် ရဖို့ ယေရှုနဲ့ မိတ်ဆွေဖွဲ့ကြရမယ်။—ယော. ၁၇:၃။ တ. ၂၄:၁၅။ ဟီ. ၁၁:၈-၁၂၊ ၂၄-၂၆၊ ၃၁။

၈-၉။ ယောဟန် ၁၅:၄၊ ၅ အရ ယေရှုနဲ့ မိတ်ဆွေဖြစ်ရင် ဘာအကျိုးရမလဲ။ မိတ်ဆွေဖြစ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၈ နိုင်ငံတော် သတင်းကောင်း ဟောပြောသွန်သင်ခြင်းမှာ ယေရှုနဲ့အတူ ကျွန်တော်တို့ ပျော်ရွှင်စွာ ပါဝင်နေကြတယ်။ ယေရှုဟာ မြေကြီးပေါ် ရှိတုန်းက သွန်သင်သူ ဖြစ်ခဲ့သလို ကောင်းကင်ကို ပြန်တက်ပြီးနောက်မှာလည်း အသင်းတော်ရဲ့ ဦးခေါင်းအနေနဲ့ ဟောပြောသွန်သင်ခြင်း လုပ်ငန်းကို ဆက်လမ်းညွှန်နေတယ်။ မိမိနဲ့ ဖခင်အကြောင်း လူများနိုင်သမျှ များများ သိလာအောင် သင် ကူညီပေးတာကို မြင်ပြီး တန်ဖိုးထားတယ်။ ယေဟောဝါနဲ့ ယေရှုရဲ့ အကူအညီကြောင့်သာ ဒီလုပ်ငန်းမှာ ကျွန်တော်တို့ အောင်မြင်နေတာ။—ယောဟန် ၁၅:၄၊ ၅ ကိုဖတ်ပါ။

၉ ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ ယေရှုကို ချစ်ရမယ်၊ ဆက်ချစ်နေရမယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း သွန်သင်ထားတယ်။ ဒါကြောင့် ယေရှုနဲ့ မိတ်ဆွေဖြစ်ဖို့ လုပ်ဆောင်ရမယ့် အချက်လေးချက်ကို သုံးသပ်ကြည့်ရအောင်။

ယေရှုနဲ့ မိတ်ဆွေ ဖြစ်နိုင်ပုံ

ပုံ– ယေရှုနဲ့ မိတ်ဆွေဖြစ်အောင် လုပ်ဆောင်နိုင်တဲ့ နည်းများ။ ၁။ တပည့်နှစ်ယောက်ကို ယေရှု ပခုံးဖက်ထား။ ၂။ မိသားစုဝတ်ပြုမှု လုပ်နေတဲ့ မိသားစု။ ၃။ နိုင်ငံတော်ခန်းမမှာ ညီအစ်မတစ်ယောက်က စိတ်ဆိုးနေပုံရတဲ့ နောက်ညီအစ်မကို စကားပြောဖို့ ကြိုးစားနေ။ ၄။ လူအများရှေ့ သက်သေခံခြင်းမှာ ပါဝင်နေတဲ့ မောင်နှံ။ ၅။ အစည်းအဝေးမှာ အကြီးအကဲတစ်ယောက်က အသင်းတော် ရပ်ကွက်မြေပုံကို တီဗီဖန်သားပြင်မှာ ပြနေ။

(၁) ယေရှုအကြောင်း သိကျွမ်းအောင် လုပ်ခြင်း၊ (၂) ယေရှုလို စဉ်းစားပြုမူခြင်း၊ (၃) ခရစ်တော်ရဲ့ ညီတွေကို ထောက်မခြင်း၊ (၄) အသင်းတော် အစီအစဉ်တွေကို ထောက်မခြင်းအားဖြင့် ယေရှုရဲ့ မိတ်ဆွေဖြစ်နိုင် (စာပိုဒ် ၁၀-၁၄ ကိုကြည့်ပါ)b

၁၀။ ယေရှုနဲ့ မိတ်ဆွေဖြစ်ဖို့ လုပ်ဆောင်ရမယ့် ပထမအချက်က ဘာလဲ။

၁၀ (၁) ယေရှုကို သိကျွမ်းအောင် လုပ်ပါ။ မဿဲ၊ မာကု၊ လုကာ၊ ယောဟန် ခရစ်ဝင်ကျမ်းတွေကို ဖတ်ပြီး တွေးတောဆင်ခြင်တဲ့အခါ လူတွေကို ယေရှု ကြင်နာစွာ ဆက်ဆံပုံအကြောင်း သိလာပြီး ယေရှုကို ချစ်ခင်လေးစားလာမယ်။ ဥပမာ၊ ယေရှုဟာ သခင်ဖြစ်ပေမဲ့ တပည့်တွေကို ကျွန်လို မဆက်ဆံဘူး။ ရင်တွင်းခံစားချက်တွေကို ပြောပြတယ်။ (ယော. ၁၅:၁၅) သူတို့ ဝမ်းနည်းချိန်မှာ ဝမ်းနည်းပြီး သူတို့နဲ့အတူ ငိုကြွေးတယ်။ (ယော. ၁၁:၃၂-၃၆) ယေရှုရဲ့ သတင်းစကားကို လက်ခံသူတွေ ယေရှုနဲ့ မိတ်ဆွေ ဖြစ်ခွင့်ရကြောင်း ရန်သူတွေတောင် အသိအမှတ်ပြုကြတယ်။ (မ. ၁၁:၁၉) တပည့်တွေနဲ့ ယေရှု ဆက်ဆံပုံကို ကျွန်တော်တို့ တုပမယ်ဆိုရင် တခြားသူတွေနဲ့လည်း ဆက်ဆံရေး ကောင်းလာမယ်။ ပိုရောင့်ရဲ ပျော်ရွှင်လာမယ်။ ခရစ်တော်ကို ပိုလေးမြတ်လာမယ်။

၁၁။ ယေရှုနဲ့ မိတ်ဆွေဖြစ်ဖို့ လုပ်ဆောင်ရမယ့် ဒုတိယအချက်က ဘာလဲ။ အဲဒီလို လုပ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၁ (၂) ယေရှုလို စဉ်းစားပြုမူပါ။ ယေရှုရဲ့ စဉ်းစားပုံကို သိပြီး တုပလေ ယေရှုနဲ့ ပိုရင်းနှီးလေ ဖြစ်မယ်။ (၁ ကော. ၂:၁၆) ယေရှုကို ဘယ်လို တုပနိုင်သလဲ။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ ယေရှုဟာ ကိုယ်သက်သောင့်သက်သာ ဖြစ်ဖို့ထက် တခြားသူတွေကို ကူညီဖို့ ပိုစဉ်းစားတယ်။ (မ. ၂၀:၂၈။ ရော. ၁၅:၁-၃) အဲဒီလို သဘောထား ရှိတဲ့အတွက် စွန့်လွှတ်အနစ်နာခံတတ်တယ်။ ခွင့်လွှတ်တတ်တယ်။ လူတွေ ဝေဖန်တဲ့အခါ လွယ်လွယ်နဲ့ စိတ်မဆိုးဘူး။ (ယော. ၁:၄၆၊ ၄၇) လူတွေကို အရင်ကအမှားတွေနဲ့ပဲ တွဲမမြင်ဘူး။ (၁ တိ. ၁:၁၂-၁၄) “အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေသိလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (ယော. ၁၃:၃၅) “ညီအစ်ကို/မတွေနဲ့ သင့်မြတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခြင်းအားဖြင့် ယေရှုရဲ့ ပုံသက်သေကို လိုက်နေသလား” လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

၁၂။ ယေရှုနဲ့ မိတ်ဆွေဖြစ်ဖို့ လုပ်ဆောင်ရမယ့် တတိယအချက်က ဘာလဲ။ ဘယ်လို လုပ်ဆောင်နိုင်သလဲ။

၁၂ (၃) ခရစ်တော်ရဲ့ ညီတွေကို ထောက်မပါ။ ဘိသိက်ခံညီတွေကို ကျွန်တော်တို့ ထောက်မတာဟာ မိမိကို ထောက်မနေတာ ဖြစ်တယ်လို့ ယေရှု ယူမှတ်တယ်။ (မ. ၂၅:၃၄-၄၀) ဘိသိက်ခံတွေကို ထောက်မနိုင်တဲ့ အဓိကနည်းကတော့ ယေရှု စေခိုင်းထားတဲ့ နိုင်ငံတော်သတင်း ဟောပြောခြင်း၊ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ အပြည့်အဝ ပါဝင်ခြင်းပါပဲ။ (မ. ၂၈:၁၉၊ ၂၀။ တ. ၁၀:၄၂) ခရစ်တော်ရဲ့ ညီတွေဟာ “တခြားသိုးတွေ” ရဲ့ အကူအညီအားဖြင့်သာ ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းကြီးကို ပြီးမြောက်နိုင်မယ်။ (ယော. ၁၀:၁၆) သင်ဟာ တခြားသိုးဆိုရင် ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်တိုင်း ဘိသိက်ခံတွေကိုသာမက ယေရှုကိုပါ မေတ္တာပြနေတာပဲ။

၁၃။ လုကာ ၁၆:၉ မှာပါတဲ့ ယေရှုရဲ့ အကြံပြုချက်ကို ဘယ်လို လိုက်လျှောက်နိုင်မလဲ။

၁၃ ကမ္ဘာချီလုပ်ငန်းကို ငွေကြေး ထောက်ပံ့ခြင်းအားဖြင့်လည်း ယေဟောဝါ၊ ယေရှုနဲ့ ကျွန်တော်တို့ မိတ်ဖွဲ့နိုင်တယ်။ (လုကာ ၁၆:၉ ကိုဖတ်ပါ။) ကမ္ဘာချီလုပ်ငန်းထဲမှာ ဝေးလံတဲ့ ဒေသတွေဆီ သတင်းကောင်း ဟောပြောခြင်း၊ ဝတ်ပြုရာခန်းမတွေ ဆောက်လုပ်၊ ထိန်းသိမ်းခြင်း၊ သဘာဝဘေးသင့်သူတွေကို ကယ်ဆယ်ခြင်းတို့ ပါဝင်တယ်။ ဒါ့အပြင် ဒေသခံအသင်းတော်အတွက် အလှူငွေ ထည့်နိုင်တယ်။ လိုအပ်နေသူတွေကို ကူညီနိုင်တယ်။ (ပညာ. ၁၉:၁၇) ဒါတွေဟာ ခရစ်တော်ရဲ့ ညီတွေကို ထောက်မနိုင်တဲ့ နည်းတွေပါပဲ။

၁၄။ ဧဖက် ၄:၁၅၊ ၁၆ အရ ယေရှုနဲ့ မိတ်ဆွေဖြစ်ဖို့ လုပ်ဆောင်ရမယ့် စတုတ္ထအချက်က ဘာလဲ။

၁၄ (၄) ခရစ်ယာန်အသင်းတော် အစီအစဉ်ကို ထောက်မပါ။ ကျွန်တော်တို့ကို ဂရုစိုက်စောင့်ရှောက်ဖို့ ခန့်အပ်ခံထားရသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အခါ အသင်းတော်ရဲ့ ဦးခေါင်း ယေရှုနဲ့ ကျွန်တော်တို့ ပိုရင်းနှီးလာတယ်။ (ဧဖက် ၄:၁၅၊ ၁၆ ကိုဖတ်ပါ။) ဥပမာ၊ နိုင်ငံတော်ခန်းမတွေကို အကောင်းဆုံး အသုံးပြုနိုင်ဖို့ အသင်းတော်တချို့ဟာ တခြားအသင်းတော်တွေနဲ့ ပူးပေါင်းရတယ်။ ရပ်ကွက် အပြောင်းအလဲတွေ ရှိလာတယ်။ ဒီအစီအစဉ်ကြောင့် အလှူငွေတွေကို အတော်ချွေတာနိုင်ခဲ့တယ်။ ဒါပေမဲ့ ကြေညာသူတချို့ဟာ အခြေအနေသစ်တွေနဲ့အညီ ပြုပြင်ပြောင်းလဲခဲ့ရတယ်။ အဲဒီသစ္စာရှိ ကြေညာသူတွေဟာ အသင်းတော်တစ်ခုမှာ နှစ်ပေါင်းများစွာ အမှုဆောင်လာတာ၊ အဲဒီက ညီအစ်ကို/မတွေနဲ့ သိပ်ရင်းနှီးတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အသင်းတော်ပြောင်းဖို့ တောင်းဆိုခံရတဲ့အခါ သူတို့ ပူးပေါင်းလုပ်ဆောင်ကြတာကို ကြည့်ပြီး ယေရှု သိပ်ပျော်မှာပဲ။

ယေရှုရဲ့ ထာဝရမိတ်ဆွေများ

၁၅။ အနာဂတ်မှာ ယေရှုနဲ့ ဘယ်လို ပိုရင်းနှီးလာမလဲ။

၁၅ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရသူတွေဟာ ဘုရားနိုင်ငံတော်မှာ တွဲဖက်အမွေခံတွေအဖြစ် ယေရှုနဲ့အတူ ထာဝစဉ်နေဖို့ မျှော်လင့်ကြတယ်။ သူတို့ဟာ ခရစ်တော်နဲ့ တွေ့ရမယ်၊ စကားပြောရမယ်၊ ပေါင်းသင်းခွင့် ရကြမယ်။ (ယော. ၁၄:၂၊ ၃) မြေကြီးမျှော်လင့်ချက်ရှိသူတွေလည်း ယေရှုရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုကို ရကြမယ်။ ယေရှုကို ပကတိ မြင်ရမှာ မဟုတ်ပေမဲ့ ယေဟောဝါနဲ့ ယေရှု ပြင်ဆင်ပေးတဲ့ အသက်တာကို ပျော်မွေ့ရင်း ယေရှုနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။—ဟေရှာ. ၉:၆၊ ၇။

၁၆။ ယေရှုနဲ့ မိတ်ဆွေဖြစ်လို့ ဘာကောင်းချီးတွေ ရသလဲ။

၁၆ ယေရှုနဲ့ မိတ်ဆွေဖြစ်ဖို့ ဖိတ်ခေါ်ချက်ကို လက်ခံလို့ ကောင်းချီးများစွာ ရတယ်။ ဥပမာ၊ ယေရှုရဲ့ မေတ္တာနဲ့ ထောက်မမှုကနေ အခုကတည်းက အကျိုးရနေတယ်။ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရထားတယ်။ အရေးကြီးဆုံးကတော့ ယေရှုနဲ့ မိတ်ဆွေဖြစ်ရင် ယေရှုရဲ့ ဖခင် ယေဟောဝါနဲ့လည်း ရင်းနှီးလာပါမယ်။ ဒါဟာ အဖိုးတန်ဆုံး ရင်းနှီးမှု နှောင်ကြိုး ဖြစ်တယ်။ ယေရှုရဲ့ မိတ်ဆွေလို့ အခေါ်ခံရတာ တကယ့်အခွင့်ထူးပါပဲ။

သင် ဘယ်လို ဖြေမလဲ

  • ယေရှုနဲ့ မိတ်ဆွေဖြစ်ဖို့ ဘာကြောင့် ခက်နိုင်သလဲ။

  • ယေရှုနဲ့ မိတ်ဆွေဖြစ်ဖို့ ဘာကြောင့် လိုအပ်သလဲ။

  • ယေရှုနဲ့ မိတ်ဆွေဖြစ်ဖို့ ဘယ်အချက်တွေ လုပ်ဆောင်ရမလဲ။

သီချင်း ၁၇ “ငါဆန္ဒရှိ”

a တမန်တော်တွေဟာ ယေရှုနဲ့အတူ နှစ်အနည်းငယ်လောက် ပေါင်းသင်းပြီးနောက် မိတ်ဆွေကောင်းတွေ ဖြစ်လာကြတယ်။ ယေရှုက ကျွန်တော်တို့ကိုလည်း မိမိရဲ့မိတ်ဆွေ ဖြစ်စေချင်တယ်။ ဒါပေမဲ့ တမန်တော်တွေ မကြုံခဲ့ရတဲ့ အခက်အခဲတွေ ကျွန်တော်တို့မှာ ရှိတယ်။ အဲဒီအခက်အခဲတချို့အကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးထားတယ်။ ယေရှုနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်လာနိုင်ပုံ၊ အဲဒီရင်းနှီးမှုကို ဆက်ထိန်းနိုင်ပုံနဲ့ပတ်သက်တဲ့ အကြံပြုချက်တွေကိုလည်း ဆွေးနွေးသွားပါမယ်။

b ပုံအညွှန်း– (၁) မိသားစု ဝတ်ပြုမှုအတွင်း ယေရှုရဲ့ အသက်တာနဲ့ အမှုဆောင်လုပ်ငန်းအကြောင်း လေ့လာနိုင်တယ်။ (၂) အသင်းတော်မှာ ညီအစ်ကို/မတွေနဲ့ သင့်မြတ်အောင် ကြိုးစားနိုင်တယ်။ (၃) အမှုဆောင်လုပ်ငန်းမှာ အပြည့်အဝ ပါဝင်ခြင်းအားဖြင့် ခရစ်တော်ရဲ့ ညီတွေကို ထောက်မနိုင်တယ်။ (၄) အသင်းတော်တွေ ပေါင်းလိုက်တဲ့အခါ အကြီးအကဲတွေ ဆုံးဖြတ်တဲ့အတိုင်း ပူးပေါင်းလုပ်ဆောင်နိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ