လူအများအတွက် လဲလှယ်ရန်ရွေးဖိုး
၁၉၇၀ မတ်လ ၃၁ တွင်ဂျပန်ပြည်ဖူဂျီတောင်အနီး၌ ဂျက်လေယာဉ်တစ်စီး ပြန်ပေးဆွဲခံခဲ့ရသည်။ ဂျပန်တပ်နီဂိုဏ်းခွဲအမည်ရှိ အုပ်စုတစ်စုမှ လူကိုးဦးသည် ခရီးသည်နှင့်လေယာဉ်အမှုထမ်း ၁၂၀ ကျော်ကိုဓားစာခံအဖြစ် ခေါ်ထားပြီး တောင်ကိုရီးယားသို့ လုံခြုံစွာပို့ပေးရန် တောင်းဆိုခဲ့ကြသည်။
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် လေယာဉ်ဆိုက်သောအခါ ဂျပန်ပြည်၏ သယ်ယူပို့ဆောင်ရေးဒုတိယဝန်ကြီး ရှင်ဂျီရို ယာမာမူရာက သုံ့ပန်းများအစား မိမိကိုယ်ကိုအပ်မည်ဟုဆိုသည်။ သို့နှင့်ပြန်ပေးဆွဲသူများသည် မိမိတို့၏လုံခြုံမှုကို အာမခံသူအဖြစ် သူ့အားလက်ခံကာ လေယာဉ်မှူးများမှအပ ဓားစာခံအားလုံးကို လွှတ်ပေးလိုက်သည်။ ထိုနောက်မြောက်ကိုရီးယားအာဏာရှင်များလက်သို့ မိမိတို့ကိုယ်ကိုအပ်နှင်းရန် ဖရောင်ယန်မြို့သို့ပျံသန်းသွားကြသည်။ မစ္စတာယာမာမူရာနှင့်ယာဉ်မောင်းတို့သည် ဂျပန်နိုင်ငံသို့ ဘေးရန်လုံခြုံစွာ ပြန်ရောက်လာကြသည်။
ဤအဖြစ်အပျက်တွင် လူတစ်ဦးသည် ဓားစာခံ ၁၂၀ ကျော်အတွက် ရွေးဖိုးအဖြစ်အကျိုးဆောင်ခဲ့သည်။ ယင်းကလူတစ်ဦးသည် လူအများအတွက် အသက်အစားအသက် မည်သို့ပေးနိုင်ကြောင်း သဘောပေါက်နားလည်စေသည်။ သို့သော်ရွေးဖိုးဆိုင်ရာ ကျမ်းစာသွန်သင်ချက်ကိုနားလည်နိုင်ရန် ဤအကြောင်းကို သာ၍အသေအချာလေ့လာရဦးမည်။
ပြုရမည့်အရာတစ်ခုကား အပြစ်မည်သို့စတင်ဖြစ်ပေါ်လာကြောင်း အသေးစိတ်လေ့လာကြည့်ရန်လိုသည်။ “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏” ဟုသမ္မာကျမ်းစာရှင်းပြသည်။ (ရောမ ၅:၁၂) မည်သို့နည်း။ ထိုတွင်ဖော်ပြထားသူကား ပထမဦးဆုံးဖန်ဆင်းခံရသူ အာဒံဖြစ်သည်။ သူ၏ဖန်ဆင်းခြင်းမှတ်တမ်းနှင့် ဘုရားသခင့်စံချိန်မှ သူမည်သို့သွေဖည်သွားကြောင်း ဖတ်ရှုနိုင်သည်။ ယင်းအကြောင်းကို ကမ္ဘာဦးကျမ်း၏ ပထမသုံးခန်းတွင်ဖော်ပြထား၏။
အာဒံဦးဆုံးပြစ်မှားခဲ့ချိန်တွင် သူ့အပြုအမူနောက်ဝယ်၌ မြှောက်ထိုးပင့်ကော်ပြုသူတစ်ဦးရှိခဲ့ကြောင်း ကမ္ဘာဦးကျမ်းပါမှတ်တမ်းကတင်ပြပါသည်။ အာဏာတန်ခိုးရလိုသောရမ္မက်ကို သူဖြည့်ဆည်းခြင်းငှာ အာဒံနှင့်သူမှပေါက်ဖွားလာမည့်သူရှိသမျှကို ဩဇာလွှမ်းမိုးဖို့ကြိုးစားလေသည်။ ထိုမြှောက်ထိုးပင့်ကော်ပြုသူကား စာတန်မာရ်နတ်ဖြစ်သည်။ အာဒံပြစ်မှားစေရန် မြွေကိုအသုံးပြုခဲ့သောကြောင့် သူ့အား “ရှေးမြွေဟောင်း” ဟူ၍လည်းခေါ်သည်။ (ဗျာဒိတ် ၁၂:၉) လူသားကိုချစ်မြတ်နိုးသူ ဖန်ဆင်းရှင်က မိမိသာအမှားအမှန်ရွေးချယ်ပိုင်ခွင့်ရှိကြောင်းကို အာဒံလေးစားရမည်ဟု မှာကြားထားသော်လည်း မြွေသည် အာဒံ၏ဇနီးဧဝကို ဘုရားစကားနားမထောင်ရန် ဖြားယောင်းခဲ့သည်။ ထိုနောက်သူမက ခင်ပွန်းဖြစ်သူပါ မနာခံရန်တိုက်တွန်းလေသည်။ ထိုလမ်းစဉ်ဖြင့် အာဒံသည် ဘုရားသခင်ကိုအမှီသဟဲမပြု၊ တမင်တကာပြစ်မှားခဲ့ရာ အပြစ်ရှိသောအသက်ကိုသာ မိမိမျိုးစဉ်မျိုးဆက်ထံ လက်ဆင့်ကမ်းပေးနိုင်ခဲ့လေတော့သည်။
ယနေ့တိုင် ယင်း၏ဆိုးကျိုးများကို ကျွန်ုပ်တို့ခံနေရကြသည်။ မည်သို့အားဖြင့်နည်း။ အာဒံနှင့်ဧဝသည် တမင်တကာနားမထောင်ကြလျှင် သေမည်ဟု ဖန်ဆင်းရှင်ကကြိုတင်၍ တရားမျှတစွာသတိပေးထားသည်။ ထိုကြောင့် ပြစ်မှားခြင်းအားဖြင့် အပြစ်နှင့်သေခြင်းလက်သို့ လူသားအပေါင်းကို အာဒံအပ်နှင်းခဲ့သည်။—ကမ္ဘာဦး ၂:၁၇။ ၃:၁-၇။
ထိုအပြစ်ရှိသောအခြေအနေအောက်မှ လူသားအပေါင်းမည်သို့ရွေးနှုတ်ခံရမည်နည်း။ ယေရှုခရစ်သည် “မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာ” ကမ္ဘာပေါ်ကြွလာခဲ့သည်။ ယင်းက လူကိုရွေးနှုတ်ရန်လမ်းစပေါ်လာစေ၏။—မဿဲ ၂၀:၂၈။
ဖုံးအုပ်၍ လွတ်မြောက်ပေးခြင်း
လူကိုရွေးနှုတ်ပေးရန် (၁) ပြန်ဝယ်ယူခြင်းနှင့် (၂) လွတ်မြောက်စေခြင်းတည်းဟူသောအချက်နှစ်ချက်ပါဝင်ကြောင်းသမ္မာကျမ်းစာတင်ပြသည်။ “ရွေးနှုတ်ဖိုး” ဟုပြန်ဆိုသည့်ဂရိစကားလုံး (လိုင်ထရွန်) နှင့်ပတ်သက်၍ ကျမ်းစာပညာတတ်အဲလ်ဘတ် ဘာန်စ် ဤသို့ရေးသားခဲ့သည်။ “ရွေးဖိုး ဟူသောစကားလုံး၏စာသားအဓိပ္ပာယ်မှာ သုံ့ပန်းများကိုလွတ်မြောက်စေရန် ပေးရသောအဖိုးအခဖြစ်သည်။ စစ်ဖြစ်သည့်အခါ ရန်သူလက်သို့အဖမ်းခံရသူများအား ပြန်ရွေးနှုတ်ရန်အခကို ရွေးဖိုးဟုခေါ်သည်။ ယင်းကားသူတို့ကို လွတ်မြောက်စေသောအရာဖြစ်သည်။ ထိုကြောင့် အပြစ်ဒဏ်၊ သို့မဟုတ် ဆင်းရဲဒုက္ခ၊ သို့မဟုတ် အပြစ်တရားခံရသည့်အခြေအနေမှ လွတ်မြောက်စေသည့် မည်သည့်အရာကိုမဆို ရွေးဖိုးဟုခေါ်သည်။”
“မည်သူကိုမဆိုလွတ်မြောက်စေသည့် အဘယ်အရာကိုမဆို” လိုင်ထရွန် ဟုခေါ်ဆိုနိုင်သည်။ ထိုကြောင့် ဤဂရိစကားလုံးက လွတ်မြောက်စေသည့်လုပ်ရပ်၊ သို့မဟုတ် အစီအစဉ်ကိုပေါ်လွင်စေပါသည်။a
ရွေးဖိုးအဖြစ်ပေးသောအခ၏တန်ဖိုးကို အလေးအနက်ဖော်ပြရန် ဆက်စပ်သည့်စကားလုံး အန်တီလိုင်ထရွန် ကိုတမန်တော်ပေါလုအသုံးပြုပါသည်။ ၁ တိမောသေ ၂:၆ တွင် သူဤသို့ရေးသားသည်။ “ထိုအာမခံ [ယေရှု] သည်လူအပေါင်းတို့ကိုရွေးအံ့သောငှာ [ညီမျှသောရွေးဖိုးအဖြစ်၊ ကဘ] ကိုယ်ကိုယ်ကိုစွန့်တော်မူ” ၏။ ယင်းကိုပတ်ခ်ဟပ်စ်၏ Greek and English Lexicon to the New Testament ကဤသို့ဋီကာဖွင့်သည်။ “ရန်သူလက်မှသုံ့ပန်းများအားရွေးနှုတ်စေသည့် ပေးဆပ်ရသောအခကိုလျော်ကန်စွာတင်စားသည်။ သူတစ်ဦး၏အသက်ကို အခြားသူ၏အသက်ဖြင့်ရွေးပေးနိုင်သော လဲလှယ်ရာဖြစ်ပေသည်။” ဤတွင်တရားမျှတခြင်းချိန်ခွင်ကို ဟန်ချက်ညီစေရန်ပေးသည့် ရွေးနှုတ်ဖိုး၏ညီမျှမှု (ဝါ) တာသွားမှုကိုအလေးအနက်တင်ပြသည်။ ယေရှု၏ရွေးဖိုးပူဇော်သက္ကာကို “ညီမျှသောရွေးဖိုး” ဟုမည်သို့ခေါ်ဆိုနိုင်မည်နည်း။
ညီမျှသောရွေးဖိုး
ကျွန်ုပ်တို့အပါအဝင် လူသားအပေါင်းကို အာဒံသည် အပြစ်နှင့်သေခြင်းတရားအောက်ရောင်းချလိုက်ပါသည်။ သူအရှုံးခံခဲ့သည်ကား ထာဝစဉ်အသက်ရှင်နိုင်ခွင့်နှင့် စုံလင်သောလူ့အသက်ဖြစ်သည်။ ယင်းကိုပြန်ရွေးနှုတ်ရန် ညီမျှသောရွေးဖိုးဖြစ်သည့် အခြားစုံလင်သောလူ့အသက်ပေးဆပ်ရန်လိုခဲ့သည်။ သို့ရာတွင် မစုံလင်သောလူသားမှမွေးဖွားလာသူ မည်သူမျှ လိုအပ်နေသည့်စုံလင်သောလူ့အသက်ကို ပေးနိုင်စွမ်းမရှိပါ။ (ယောဘ ၁၄:၄။ ဆာလံ ၅၁:၅) သို့ရာတွင် ကိုယ်တော်၏ဉာဏ်ပညာတော်အားဖြင့် ဤခက်ခဲရာအဖြစ်မှလွတ်မြောက်ရာလမ်းကို ဘုရားသခင်စီစဉ်ပေးသည်။ ကိုယ်တော်သည် မိမိ၏တစ်ပါးတည်းသောသားတော်၏ စုံလင်သောအသက်ကို ကောင်းကင်မှတစ်ဆင့် အပျိုကညာဝမ်းထဲသို့လွှဲပြောင်းပေးပြီး စုံလင်သောလူအဖြစ် မွေးဖွားလာနိုင်ရန်စီစဉ်တော်မူ၏။ (လုကာ ၁:၃၀-၃၈။ ယောဟန် ၃:၁၆-၁၈) ယေရှုသည် အပျိုစင်မှမွေးဖွားလာခြင်းသွန်သင်ချက်သည် ဘာသာတရားတစ်ရပ်ကို တီထွင်သူအား ချီးမြှင့်ပေးလို၍ တီထွင်ကြံဖန်ထားသောပုံပြင်မဟုတ်ပါ။ ယင်းအစား ရွေးဖိုးပေးခြင်းဘုရားသခင့်အစီအစဉ်သည် ဆင်ခြင်တုံတရားနှင့်ညီကြောင်းကို ရှင်းလင်းပေးသည်။
ရွေးနှုတ်ပေးနိုင်ရန် ကမ္ဘာပေါ်ရှိစဉ်ကာလပတ်လုံး ယေရှုသည် အပြစ်ဆိုဖွယ်ရာမရှိရန် နေထိုင်ရမည်။ ယင်းသို့သူပြုခဲ့ပြီးနောက် ယဇ်ပူဇော်သက္ကာအဖြစ် အသေခံတော်မူခဲ့သည်။ ဤနည်းအားဖြင့် လူသားကိုရွေးနှုတ်ခြင်းငှာရွေးဖိုးအဖြစ် မိမိ၏စုံလင်သောလူ့အသက်၏တန်ဖိုးကို ယေရှုပေးဆက်ခဲ့သည်။ (၁ ပေတရု ၁:၁၉) ထိုကြောင့် “လူအပေါင်းတို့အတွက်ကြောင့် [လူတစ်ဦး၊ ကဘ] အသေခံသည်” ဟုတိကျမှန်ကန်စွာဆိုနိုင်ပါသည်။ (၂ ကောရိန္သု ၅:၁၄) မှန်သည်၊ “လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ရောက်သည်နည်းတူ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်ရကြလတံ့။”—၁ ကောရိန္သု ၁၅:၂၂။
လူအများအတွက် ဖလှယ်ပေးသူတစ်ဦး
ရှေ့တွင်တင်ပြထားသည့် ပြန်ပေးဆွဲမှုတွင် ငွေရတတ်သူများဖြစ်ဦးတော့ ဓားစာခံများ မိမိတို့ကိုယ်ကိုလွတ်မြောက်စေရန်နည်းလမ်း မတွေ့ရှိခဲ့ပါ။ ပြင်ပအကူအညီလိုအပ်နေ၍ သူတို့အတွက်အလဲအလှယ်အဖြစ်ဆောက်ရွက်ပေးသူသည် တောင်းဆိုချက်အချို့ကို ဖြည့်စွက်ပေးရပါသည်။ လူသားကိုရွေးနှုတ်ခြင်းငှာရွေးဖိုးနှင့်ပတ်သက်၍လည်း ထိုထက်ပိုနက်နဲသည်ကိုတွေ့ရှိရ၏။ ဆာလံဆရာတစ်ဦး ဤသို့ရေးသားခဲ့သည်။ “ထိုသူတို့သည် ကိုယ်ဥစ္စာကိုကိုးစား၍ ကိုယ်စည်းစိမ်များသောကြောင့် ဝါကြွားသော်လည်း မိမိညီအစ်ကိုကို အဘယ်သူမျှအလျှင်းမရွေးနိုင်။ ရွေးရန်အဖိုးကို ဘုရားသခင်၌မပေးနိုင်။” (ဆာလံ ၄၉:၆-၈) လူသားကိုရွေးခြင်းငှာ လူ့ပြင်ပမှအကူအညီလိုနေသည်ကားအမှန်ပင်။ ဘုရားသခင့်မျှတခြင်းနှင့်ညီညွတ်နိုင်မည်ဆိုလျှင် လူတစ်ဦးတည်း၏အသက်ဖြင့် လူသားအပေါင်းကို ရွေးနှုတ်ပေးနိုင်စရာအကြောင်းရှိ၏။ ထိုတောင်းဆိုချက်ကိုဖြည့်စွက်ညီမျှနိုင်သူကား တစ်ပါးတည်းသောစုံလင်သူ ယေရှုခရစ်သာဖြစ်သတည်း။
ရွေးဖိုးကိုယေရှုခရစ်ပေးဆက်ခြင်းအားဖြင့် လူသားကယ်တင်ခြင်းရရန် ယေဟောဝါဘုရားသခင်စီစဉ်ပေးတော်မူသည်။ သို့သော် ထိုထက်မက ဘုရားသခင်ပြုတော်မူပြီ။ အပြစ်တရားအောက် လူသားကိုရောက်စေခဲ့သူ စာတန်မာရ်နတ်ကို ကိုယ်တော်သေဒဏ်စီရင်ပြီးပြီဖြစ်သည်။ (ဗျာဒိတ် ၁၂:၇-၉) များမကြာမီ ထိုအပြစ်ရှိသူအားယေဟောဝါဘုရားချုပ်နှောင်ထားပြီး ထာဝရပျက်စီးခြင်းကိုပုံဆောင်သည့် ‘ကန့်နှင့်ရောသောမီးအိုင်ထဲသို့ ပစ်ချခြင်း’ အားဖြင့် အဆုံးစီရင်မည်ဖြစ်သည်။ (ဗျာဒိတ် ၂၀:၁-၃၊ ၇-၁၀၊ ၁၄) ဤနတ်ဆိုးကိုရှင်းလင်းပစ်၍ ရွေးဖိုးအကျိုးကိုခံစေခြင်းအားဖြင့် လူသားတို့သည် အပြစ်နှင့်သေခြင်းလက်အောက်မှလွတ်မည်သာမက စာတန့်သြဇာလွှမ်းမိုးမှုအောက်မှလည်း လွတ်မြောက်ကြလိမ့်မည်။ ဤသို့လွတ်မြောက်လာ၍ ခရစ်တော်၏ရွေးဖိုးပူဇော်သက္ကာအကျိုးကို အပြည့်အဝခံစားရခြင်းအားဖြင့် နာခံမှုပြသောလူသားသည် လူ့စုံလင်ခြင်းအဖြစ်သို့ရောက်ရှိသွားပါလိမ့်မည်။
ရွေးဖိုးအစီအစဉ်နှင့် အသင်
ယေရှုခရစ်၏ရွေးဖိုးပူဇော်သက္ကာအကြောင်း သိရှိလာကြသောအခါ အရှေ့တိုင်းမှလူများစွာတို့သည် မိမိတို့အဖို့ဘုရားသခင်စီစဉ်ထားရာကို အလေးအနက်တန်ဖိုးထားခဲ့ကြပြီ။ ကာဇူအိုသည် သာဓကတစ်ခုဖြစ်သည်။ သူသည် သုတ်ဆေးသင်နာကိုရှူပြီး ဆေးကြောင်နေလေ့ရှိသည်။ ထိုအချိန်တွင် ယာဉ်မောင်းသည့်အခါ ကားများတိုက်၍ပျက်စီးမှုသည်များ၏။ သူ၏မိတ်ဆွေသုံးဦးသည် သူတို့ကျန်းမာရေးအခြေအနေကို ဆုတ်ယုတ်စေပြီးနောက်မှ ကိုယ်ကိုယ်ကိုသတ်သေခဲ့သည်။ ကာဇူအိုလည်း မိမိကိုယ်ကိုသတ်သေရန် ကြိုးစားခဲ့သေးသည်။ နောင်တွင် ကျမ်းစာကိုသူစလေ့လာလေသည်။ သိရှိလာသောသမ္မာတရား၏လှုံ့ဆော်မှုကြောင့် မိမိဘဝကိုပြုပြင်ရန် သူဆုံးဖြတ်လေသည်။ သုတ်ဆေးသင်နာရှူ၍ ခန္ဓာကိုယ်ကိုဖျက်ဆီးနေသည့် မိမိအကျင့်ဆိုးကိုအနိုင်ယူဖို့ကြိုးစားချိန်တွင် ကြိမ်ဖန်များစွာလက်မြှောက်အရှုံးပေးခဲ့ပါသည်။ သွေးသားတောင့်တမှုနှင့် မှန်ကန်ရာကိုလုပ်ကိုင်လိုသောစိတ် လွန်ဆွဲခြင်းကို သူခံစားခဲ့ရသည်။ ယေရှုခရစ်၏ရွေးဖိုးပူဇော်သက္ကာ အကျိုးကျေးဇူးအားဖြင့် ခွင့်လွှတ်ခြင်းငှာ ဘုရားသခင်ထံသူဆုပန်နိုင်ခွင့်ရသည့်အတွက် အလွန်ဝမ်းသာရှာသည်။ ဆုတောင်းခြင်းနှင့် ခရစ်ယာန်မိတ်ဆွေများထံမှအကူအညီအားဖြင့် ကာဇူအိုသည် မိမိ၏အကျင့်ဆိုးကိုဖျက်နိုင်ပြီး ဩတ္တပ္ပစိတ်စင်ကြယ်စွာဖြင့် ဝမ်းသာရွှင်လန်းနိုင်သောဓမ္မအမှုဆောင်တစ်ဦးအဖြစ် ယခုယေဟောဝါအမှုတော်ကို သူဆောင်ရွက်နေပါသည်။
ရှေ့ဆောင်းပါးအစတွင်ပါသော ချီစာကို ကိုသတိရပါသလော။ ကျမ်းစာလေ့လာခဲ့ရာ သူမလည်း မေတ္တာပါရွေးနှုတ်ဖိုးအစီအစဉ်ကို သဘောပေါက်နားလည်လာပါသည်။ အပြစ်တရားအောက်မှ လူသားလွတ်မြောက်စေခြင်းငှာ မိမိ၏သားတော်ကို ဘုရားသခင်စွန့်တော်မူခဲ့ကြောင်း သူမသိရှိလာသောအခါ အလွန်စိတ်လှုပ်ရှားခဲ့သည်။ သို့နှင့်မိမိကိုယ်ကို ယေဟောဝါထံဆက်ကပ်အပ်နှံရန် သူစိတ်ဆုံးဖြတ်ခဲ့သည်။ ယခုအသက် ၇၇ နှစ်ရှိနေပြီဖြစ်သော်လည်း ယေဟောဝါ၏ကြီးမားသောမေတ္တာတော်နှင့် ကိုယ်တော်တင်ပြသည့် မခံစားထိုက်သောကရုဏာအကြောင်းကို သူတစ်ပါးအား လစဉ် နာရီ ၉၀ တိုင်ပြောပြလျက်ရှိသည်။
ရွေးနှုတ်ဖိုးသည် သင့်အတွက်လည်း အရေးကြီးသည့်ကိစ္စဖြစ်သင့်သည်။ ယင်းအားဖြင့် အပြစ်နှင့်သေခြင်းမှလွတ်မြောက်ရေးဖြစ်သည့် လူသားအတွက် စစ်မှန်သောလွတ်လပ်မှုကို ဘုရားသခင်ပေးတော်မူမည်။ ယေရှုခရစ်၏ရွေးဖိုးပူဇော်သက္ကာကိုလက်သင့်ခံသူများအတွက် ပရဒိသုကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်နိုင်သည့် မြင့်မြတ်သောအနာဂတ် စောင့်ဆိုင်းနေပါသည်။ ကျေးဇူးပြု၍ယေဟောဝါသက်သေများနှင့်ဆုံတွေ့ပြီး မေတ္တာပါရွေးဖိုးအစီအစဉ်အားဖြင့် အပြစ်နှင့်သေခြင်းအောက်မှ မည်သို့လွတ်မြောက်နိုင်ကြောင်း ကိုယ်တိုင်စစ်ဆေးသုံးသပ်ကြည့်ပါ။
[အောက်ခြေမှတ်ချက်များ]
a ဟေဗြဲကျမ်းတွင် ပါဒါးနှင့်ဆက်စပ်ရာစကားလုံးများကို “ရွေးနှုတ်” သို့မဟုတ် “ရွေးနှုတ်ခ” ဟုပြန်ဆိုထားပြီး လွတ်မြောက်စေခြင်းကိုပေါ်လွင်စေပါသည်။—တရားဟောရာ ၉:၂၆။
[Picture Credit Line on page 5]
Courtesy of the Mainichi Shimbun