အဘယ့်ကြောင့် စိတ်ပျက်အားလျော့မှုဤမျှများရ
သာ၍ကောင်းမွန်သောအသက်တာမျှော်လင့်ချက်—နောက်ဆုံးတွင်အထမြောက်တော့သည်တကား။ တစ်ချိန်ကအရှေ့ဂျာမနီဟုခေါ်သောနိုင်ငံတွင်နေထိုင်သူများသည် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဘာလင်တံတိုင်းကြီးဖြိုဖျက်ခဲ့စဉ်က ယင်းသို့ယုံကြည်ခဲ့ကြသည်။ နောက်တစ်နှစ်ကျော်လောက်တွင် သူတို့က “ခဲယဉ်းသည့်အရင်းရှင်ဒီမိုကရေစီစနစ်အောက်တွင် ဘာလင်တံတိုင်းဖြင့်ကာရံထားသည့် အခြေအနေကထက်ပို၍ ဘဝတွင်ခက်ခဲမှုများတွေ့ကြုံရသည်” ဟုမြည်တမ်းကြသည်။ ရလဒ်ကား အဘယ်နည်း။ အဖြစ်မှန်ကို သိမြင်လာကြပြီး လက်မှိုင်ချရသည့် အခြေဆိုက်ရောက်တော့သည်။
အိမ်တွင်းနှင့်အသိုင်းအဝိုင်းတို့တွင်ကြုံရသောမတရားမှုများက လူများစွာအား အိမ်ကိုစွန့်ပြေး၍လုံခြုံမှုရှာကြရန် ဖိအားပေးသော်လည်း လူအနည်းငယ်သာလုံခြုံမှုတွေ့ရှိကြသည်။ အချို့တို့သည် အိမ်မဲ့ယာမဲ့လမ်းဘေးနေလူစုအဝင်ဖြစ်ရကြသည့်အထိပင်။ အချို့ဒေသများတွင် ဤကဲ့သို့သောလူများစွာတို့သည် ဥပဒေထုံးနည်းနှင့် ငြိစွန်းသွားခဲ့ကြရသည်။ သူတို့သည် အလုပ်မရှိသောကြောင့် အိမ်ရှိအောင်မလုပ်နိုင်ကြ၊ အိမ်လိပ်စာမရှိသောကြောင့် အလုပ်မရနိုင်ကြဖြစ်နေသည်။ အစိုးရကယ်ဆယ်ရေးအေဂျင်စီများက အကူအညီပေးရန်ကြိုးစားကြသော်လည်း ပြဿနာများကိုဖြေရှင်းနိုင်ရန် အချိန်များစွာကြာသည်။ ထို့ကြောင့် စိတ်ပျက်ခြင်းနှင့်လက်မှိုင်ချရခြင်းများပေါ်ပေါက်လာရတော့သည်။
အချို့အမျိုးသမီးများသည် တုန်လှုပ်ဖွယ်ကောင်းသည့်လုပ်ရပ်များကိုပြုလုပ်ရန် စိတ်ပျက်အားလျော့မှုက သူတို့ကိုတွန်းပို့ခဲ့ကြသည်။ Women and Crime in the 1990s စာစောင်တွင် ဥပဒေဆိုင်ရာကထိက ဒေါက်တာ၊ ဆူဇန် အက်ဒဝပ်က ဤသို့ရှင်းပြသည်။ “[ပြည်တန်ဆာလုပ်ငန်းတွင်] အလွန်ငယ်သောအမျိုးသမီးများပါဝင်ကြရခြင်းမှာ မိမိကိုယ်ကိုကြပ်မတ်ပဲ့ပြင်မှု သို့မဟုတ် မိသားစုနောက်ခံမရှိ၍မဟုတ်ဘဲ စီးပွားရေးလိုအပ်ချက်၏တိုက်ရိုက်အကျိုးဆက်ကြောင့်ဖြစ်သည်။” အလားတူပင် အိမ်မှထွက်၍အလုပ်ရှာသော ယောက်ျားကလေးများလည်း အလုပ်တစ်ခုမျှမရကြပါ။ အချို့တို့သည် မျှော်လင့်ချက်မဲ့သည့်အဆုံး၌ အစားအသောက်နှင့် နေစရာကိုရရှိရန် လိင်တူမေထုန်သမားများအတွက် မိမိတို့ကိုယ်ကိုပေးရသော ‘အငှားလိုက်သူ ယောက်ျားလေးများ’၊ အဖျက်သမားလူဆိုးဂိုဏ်းများ၏လက်တွင် အပေါင်ခံပစ္စည်းများ ဖြစ်ကြရသည်။
ကြမ်းတမ်းမှုများ၊ မတရားမှုများ၊ စီးပွားရေးအခက်အခဲများ အားလုံးတို့သည် စိတ်ပျက်အားလျော့ခြင်းကို ပိုမိုတိုးပွားစေရန်လှုံ့ဆော်နိုင်ပေသည်။ အတတ်ပညာဖြင့်အသက်မွေးဝမ်းကျောင်းသူများပင် မိမိတို့၏ဘဝပုံစံကုံလုံကြွယ်ဝစေရေးကို ဆက်လက်ထိန်းသိမ်းရာတွင် ငွေကြေးပြဿနာများကြီးထွားလာမှုကြောင့် စိတ်ပျက်အားလျော့ရခြင်းမကင်းကြပေ။ ရလဒ်ကားအဘယ်နည်း။ ပညာရှိရှောလမုန်ပြောသကဲ့သို့ “ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်၏” ဟူ၍ပင်ဖြစ်သည်။a (ဒေသနာ ၇:၇) အမှန်မှာ စိတ်ပျက်အားလျော့ခြင်းသည် မရှုမလှသောအကျိုးဖြစ်စေသည့်နည်းဖြင့် လွတ်လမ်းရှာသည့်ကိုယ့်ကိုယ်ကိုသတ်သေခြင်းကို သာ၍တိုးပွားစေသည်။
မရှုမလှဖြစ်စေသည့်လွတ်လမ်း
လူငယ်များကိုယ့်ကိုယ်ကိုသတ်သေမှုများစွာက သူတို့လည်း စိတ်ပျက်အားလျော့မှုကပ်ဘေးသင့်ခံရကြောင်းဖော်ပြသည်။ ဗြိတိသျှသတင်းဆောင်းပါးရေးသူတစ်ဦးက “ဆယ်ကျော်သက်များစိတ်ပျက်အားလျော့မှုဖြစ်စေသောကျွန်ုပ်တို့၏ခေတ်ကား မည်သို့နည်း” ဟုမေးခွန်းထုတ်လိုက်သည်။ အဆိပ်သောက်သေရန်ကြိုးစားမှုဖြင့် ဆေးရုံတက်ရသော အသက် ၈ နှစ်နှင့် ၁၆ နှစ်အကြားရှိကလေးများကိုလေ့လာရာတွင် လန်ဒန်စိတ္တဇရောဂါကုဌာနမှ ဒေါက်တာ၊ အဲရစ် တေလာက “ဂယက်ရိုက်သည့်အရာတစ်ခုမှာ ကလေးမည်မျှစိတ်ပျက်အားလျော့၍ မျှော်လင့်ချက်မဲ့ခဲ့ရသည်ဟူသောအချက်ဖြစ်သည်” ဟုဖော်ပြထားသည်။ ဗြိတိန်မှမှတ်တမ်းတင်ပြသော မသေသော်လည်းတမင်ရည်ရွယ်ပြုလုပ်သည့် ခန့်မှန်းခြေနှစ်စဉ်အဆိပ်သောက်သေမှု ၁၀၀,၀၀၀ က သူတို့ အရေးပေါ်အကူအညီလိုအပ်နေကြကြောင်းဖော်ပြခြင်းဖြစ်သည်။
ဗြိတိသျှဆင်းရဲသားကယ်ဆယ်ရေးအဖွဲ့တစ်ခုက စိတ်ပျက်အားလျော့သူများကို စာနာမှုနှင့်နားထောင်ရန် လှုပ်ရှားဆောင်ရွက်မှုတစ်ခုကိုပြုလုပ်ခဲ့သည်။ ဤနည်းအားဖြင့် ထိုအဖွဲ့၏အကြံပေးသူများက “သေရန်မလိုသောအခြားနည်းလမ်း” ကိုပေးမည်ဟုအဆိုပြုခဲ့ကြသည်။ သို့သော် လူများကိုစိတ်ပျက်အားလျော့စေသည့်ပြဿနာများကို မိမိတို့မဖြေရှင်းနိုင်ကြကြောင်း သူတို့ဝန်ခံကြသည်။
ကိုယ့်ကိုယ်ကိုသတ်သေမှုနှုန်းသည် “လူ့လောကအသိုင်းအဝိုင်းနှင့် တစ်သီးပုဂ္ဂလဖြစ်နေပြီး လူမှုပေါင်းသင်းရင်းနှီးမှုကင်းမဲ့ခြင်း၏အတိုင်းအတာ” ကိုထင်ဟပ်ခြင်းဖြစ်ကြောင်း The Sunday Correspondent သတင်းစာက မှတ်ချက်ချသည်။ ယနေ့အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုသတ်သေသည့်နှုန်းများပြားရသနည်း။ “အိမ်မဲ့ယာမဲ့ဖြစ်ခြင်း၊ အရက်သောက်မှုတိုးပွားလာခြင်း၊ အေ့ဒ်စ်ရောဂါ၏ခြိမ်းခြောက်မှုနှင့် စိတ်ရောဂါကုဆေးရုံများ၏အကာအရံများ” သည် လူအများအား မိမိတို့ကိုယ်ကိုအဆုံးစီရင်ခြင်းသည်သာ တစ်ခုတည်းသောပြဿနာဖြေရှင်းသည့်နည်းလမ်းဖြစ်သည်ဟုယူမှတ်စေသည့် ထိုမျှစိတ်ပျက်အားလျော့မှုကိုတွန်းပို့သောအကြောင်းများဖြစ်ကြောင်း ထိုသတင်းစာကရည်ညွှန်းသည်။
စိတ်ပျက်အားလျော့မှုကို အဝေးသို့နှင်ထုတ်နိုင်ရန်မျှော်လင့်ချက်ရှိပါသလော။ ရှိပါသည်။ “မျှော်ကြည့်၍ခေါင်းကိုကြွကြလော့” ဟုအားကြိုးမာန်တက်ယေရှုမိန့်တော်မူခဲ့သည်။ (လုကာ ၂၁:၂၈) ကိုယ်တော်ဘာကိုဆိုလိုသနည်း။ မည်သည့်မျှော်လင့်ချက်ရှိသနည်း။
[အောက်ခြေမှတ်ချက်များ]
a ဟားရစ္စ၊ အာချာ နှင့် ဝါ့လ်ကီးတို့တည်းဖြတ်သော Theological Wordbook of the old Testament စာအုပ်အရ “ညှဉ်းဆဲခြင်း” ဟုဘာသာပြန်ဆိုသောစကားလုံးသည် မူရင်းဘာသာစကားအရဆိုလျှင် “အခြေအနေနိမ့်ကျသူကို ဝန်လေးစေခြင်း၊ နိုင်လိုမင်းထက်ပြုခြင်း၊ နှိပ်ကွပ်ခြင်း” တို့နှင့်ဆက်စပ်သည်။