ဘုရားသခင့်ကမ္ဘာသစ်သို့ရောက်ရန် သင့်မိသားစုကိုကြိုးစားထိန်းသိမ်းပါ
“အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကွယ်ကာစောင့်မတော်မူမည်။”—ဆာလံ ၁၂:၇။
၁၊ ၂။ (က) နောက်ဆုံးကာလ၏ဖိစီးမှုများကြား မိသားစုအချို့ အဘယ်အခက်အခဲများ ကြုံတွေ့နေရသနည်း။ (ခ) ခိုင်ခံ့မြဲမြံသော ခရစ်ယာန်မိသားစုများ ဘာကိုစိတ်ချနိုင်သနည်း။
“ဒီနေ့ ကျွန်တော်သိပ်ပျော်တယ်” ဟုဂျောန်အမည်ရှိ ခရစ်ယာန်အကြီးအကဲတစ်ဦး ဝမ်းသာစွာပြောခဲ့သည်။ အဘယ်ကြောင့် ဤသို့စိတ်ရွှင်လန်းခဲ့ရသနည်း။ “ကျွန်တော့် ၁၄ နှစ်သားနဲ့ ၁၂ သမီးတို့ နှစ်ခြင်းယူတယ်” ဟုသူပြောပြသည်။ သို့သော် ဤမျှဖြင့်သာမဟုတ်ပါ။ “ကျွန်တော့် ၁၇ နှစ်သားနဲ့ ၁၆ နှစ်သမီးတို့လည်း လွန်ခဲ့တဲ့နှစ်အတွင်း အရန်ရှေ့ဆောင်တွေဖြစ်ခဲ့ကြတယ်” ဟုသူဆက်ပြောပြသည်။
၂ ကျမ်းစာမူများကို ကျင့်သုံးခဲ့ကြခြင်းဖြင့် ထပ်တူမွန်မြတ်သောအကျိုးရလဒ်များရရှိနေသည့် မိသားစုအမြောက်အမြား ကျွန်ုပ်တို့တွင်ရှိနေပါသည်။ သို့သော် ပြဿနာကြုံတွေ့နေရသူများလည်း ရှိပါသည်။ “ကျွန်ုပ်တို့မှာ သားသမီးငါးယောက်ရှိပြီး သူတို့ကိုကြပ်မတ်ပေးဖို့ ပိုပိုခက်လာတယ်” ဟုခရစ်ယာန်မောင်နှံစုံတစ်စုံ ရေးသားခဲ့သည်။ “ဤစနစ်ဟောင်းတွင် ကလေးတစ်ယောက် နစ်မွန်းဆုံးရှုံးသွားပြီ။ ယခုဆိုလျှင် ကျွန်ုပ်တို့၏ဆယ်ကျော်သက်ကလေးများသည် စာတန်၏ပစ်မှတ်ဖြစ်နေပုံရှိသည်။” တစ်ခါတစ်ရံ လင်နှင့်မယား သီးခြားနေခြင်း၊ သို့မဟုတ် ကွာရှင်းကြသည်အထိ အိမ်ထောင်ရေးပဋိပက္ခ အပြင်းအထန်ဖြစ်နေကြသည့် မောင်နှံစုံများလည်း ရှိနေပါသည်။ ခိုင်ခံ့မြဲမြံသော ခရစ်ယာန်မိသားစုများမူကား “ကြီးစွာသောဒုက္ခ” ကိုကျော်၍ ဘုရားသခင့်ရောက်လုဆဲရှိကမ္ဘာသစ်ထဲ ကပ်ကျော်သွားကြမည်ဖြစ်သည်။ (မဿဲ ၂၄:၂၁။ ၂ ပေတရု ၃:၁၃) သို့သော် သင့် မိသားစုသည် ကျိန်းသေကယ်ဆယ်ခံရရန် မည်သို့ပြုလုပ်နိုင်သနည်း။
ဆက်သွယ်မှုကိုတိုးတက်စေခြင်း
၃၊ ၄။ (က) မိသားစုဘဝတွင် ဆက်သွယ်မှုသည် မည်မျှအရေးကြီးသနည်း။ ယင်းနှင့်ပတ်သက်၍ ပြဿနာပေါ်ရခြင်းကား အဘယ်ကြောင့်နည်း။ (ခ) လင်ယောက်ျားများသည် ကောင်းစွာနားထောင်တတ်သူများဖြစ်ရန် အဘယ်ကြောင့်ကြိုးစားသင့်သနည်း။
၃ ကြံ့ခိုင်သောမိသားစု၏ အသက်သွေးသည် ကောင်းသောဆက်သွယ်မှုရှိခြင်းပင်ဖြစ်သည်။ ယင်းမရှိလျှင် တင်းမာမှုနှင့် ဖိစီးမှုများ တိုးများလာပါသည်။ “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏” ဟုသု၊ ၁၅:၂၂ ကဆိုသည်။ အိမ်ထောင်ရေးအကြံပေးအရာရှိတစ်ဦး၏စကားများသည် စိတ်ဝင်စားစရာဖြစ်သည်။ “ကျွန်မအကြံပေးရသည့် ဇနီးသည်အများ၏ တစ်မျိုးတည်းသော မကျေနပ်ချက်မှာ ‘သူ ကျွန်မကိုစကားမပြောဘူး’ နှင့် ‘ကျွန်မစကားကို သူမကြားသလိုဘဲ’ ဖြစ်သည်။ ဤမကျေနပ်ချက်ကို သူတို့၏လင်ယောက်ျားများအား ပြောပြသည့်အခါလည်း သူတို့ကျွန်မစကားကို နားမကြားပါ။”
၄ ဆယ်သွယ်မှု ပြတ်တောက်ရသည့်အကြောင်းကား အဘယ်နည်း။ တစ်ချက်ကား၊ အမျိုးသမီးများသည် အမျိုးသားများနှင့် မတူပါ။ အမျိုးသားနှင့် အမျိုးသမီးတို့၏ဆက်သွယ်နည်းများသည် သိသိသာသာ ခြားနားပါသည်။ ဆောင်းပါးတစ်စောင်က လင်ယောက်ျားစကားစမြည်ပြောဆိုရာတွင် “တိုက်ရိုက်ပြောတတ်၍ လက်တွေ့ကျတတ်သည်။” “ဇနီးဖြစ်သူ အလိုလားဆုံးမှာမူ ကိုယ်ချင်းစာနာ၍ နားထောင်ပေးတတ်သူတစ်ဦး ဖြစ်သည်” ဟုဆိုသည်။ သင့်အိမ်ထောင်တွင် ဆက်သွယ်မှုညံ့ဖျင်းနေပါက တိုးတက်စေရန် ကြိုးစားပေးပါ။ ခရစ်ယာန်လင်သားတစ်ဦးသည် သာ၍ကောင်းစွာ နားထောင်တတ်သူဖြစ်လာရန် ကြိုးစားပေးဖို့ လိုကောင်းလိုမည်။ ယာကုပ်ဤသို့ဆိုသည်။ “ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာ . . . နှေးကြစေ။” (ယာကုပ် ၁:၁၉) သင့်ဇနီးသည် “စိတ်ကြင်နာခြင်း” ကိုသာတောင့်တနေသည့်အခါ အမိန့်ထုတ်ခြင်း၊ ဩဝါဒပေးခြင်း၊ ဆိုဆုံးမခြင်းကို မပြုမိရန်သင်ယူပါ။ (၁ ပေတရု ၃:၈) “စကားကိုချုပ်တည်းသောသူသည် အသိပညာရှိ” ၏ဟုသု၊ ၁၇:၂၇ (သမ) ပြောသည်။
၅။ မိမိအကြံအစည်၊ မိမိခံစားချက်များကို ဖော်ထုတ်ဖွင့်ဟပြောဆိုရာတွင် လင်ယောက်ျားများ တိုးတက်နိုင်သည့် နည်းအချို့ကား အဘယ်နည်း။
၅ တစ်ဖက်ကကြည့်ပြန်လျှင် “စကားပြောရသောအချိန်” ရှိ၏။ ထိုကြောင့် သင့်အကြံအစည်၊ သင့်ခံစားချက်များကို ဖော်ထုတ်ဖွင့်ဟပြောဆိုတတ်ရန် သင်ယူဖို့ လိုကောင်းလိုနေပေမည်။ (ဒေသနာ ၃:၇) ဥပမာ၊ သင့်ဇနီး၏ဖြစ်မြောက်အောင်မြင်မှုများကို ချီးမွမ်းပေးတတ်သည့်အကျင့်ရှိပါသလော။ (သု၊ ၃၁:၂၈) သင့်ကိုသူမ ထောက်မခြင်း၊ အိမ်ထောင်ကိုထိန်းသိမ်းခြင်းဘက်တွင် သူ့မ၏ကြိုးပမ်းမှုကို သင်တန်ဖိုးထားကြောင်း တင်ပြပါသလော။ (ကောလောသဲ ၃:၁၅ နှိုင်းယှဉ်။) သို့မဟုတ်လျှင် နှုတ်ဖြင့် ‘ချစ်မြတ်နိုးခြင်း စကားအမူအရာ’ ပြောဆိုရေးဘက် တိုးတက်စရာလိုကောင်းလိုနေမည်။ (ရှောလမုန်သီချင်း ၁:၂) ဤသို့ပြောဆိုရန် အစကနဦးတွင် သင်ရှက်ကောင်းရှက်မည်ဖြစ်သော်ငြားလည်း သူမအားချစ်မြတ်နိုးကြောင်းသိရသည့်အတွက် သင့်ဇနီးသည်ပူပန်သောကကင်းပါလိမ့်မည်။
၆။ မိသားစုတွင် ဆက်သွယ်မှုတိုးတက်ရန် ဇနီးသည်များ ဘာလုပ်နိုင်သနည်း။
၆ ခရစ်ယာန်အမျိုးသမီးများကော။ သူ့ကိုကျေးဇူးတင်လေးစားသည်ကို သူသိထားနှင့်သည့်အတွက် ပြောထုတ်နေစရာမလိုပါဘူးဟု ဇနီးသည်မိန်းမတစ်ဦးပြောဆိုခဲ့ဖူးသည်။ မည်သို့ဆိုစေ အမျိုးသားများလည်း ကျေးဇူးတင်လေးစားခြင်း၊ အားပေးချီးမွမ်းခြင်း ခံလိုကြပါသည်။ (သု၊ ၁၂:၈) ဤကိစ္စတွင် သင်သည် ပို၍ဖွင့်ဟပြောဆိုတတ်ရန် လိုနေပါသလော။ တစ်ဖက်ကကြည့်ပြန်လျှင် သင်မည်သို့ကြားနာယူသည်ကို ပိုဂရုစိုက်ရန် လိုကောင်းလိုနေပေမည်။ သင့်အမျိုးသားသည် သူ၏ပြဿနာများ၊ စိုးရိမ်မှုများ သို့မဟုတ် ပူပင်သောကတို့ကို ပွင့်လင်းစွာဖော်ပြပြောဆိုရန် ရင်လေးနေသည်ရှိသော် သူ့အားကြင်နာစွာဆက်ဆံပြီး အသိအလိမ္မာသုံးကာ သင်နှင့်လွတ်လပ်စွာစကားစမြည်ပြောဆိုစေရန် သူ့အားတိုက်တွန်းပေးတတ်ပြီလော။
၇။ အိမ်ထောင်တွင် အဘယ်ကြောင့်ကတောက်ကဆတ်ဖြစ်လာနိုင်သနည်း။ ယင်းတို့ကို မည်သို့တားဆီးနိုင်သနည်း။
၇ သင့်မြတ်ပြေလည်လေ့ရှိသောမောင်နှံစုံများပင်လျှင် တစ်ခါတစ်ရံဆက်သွယ်မှု ပြတ်တောက်သွားတတ်ပါသည်။ စိတ်လှုပ်ရှားမှုများလွန်းသဖြင့် ကျိုးကြောင်းမဆင်ခြင်တော့ဘဲနေမည်။ သို့မဟုတ် အေးအေးဆေးဆေး စကားစမြည်ပြောဆိုနေရာမှ အငြင်းပွားမှုဖြစ်သွားတတ်သည်။ (သု၊ ၁၅:၁) “ငါတို့ရှိသမျှသည် အများသောအားဖြင့်မှားတတ်ကြ၏။” အိမ်ထောင်တွင် ကတောက်ကဆတ်ဖြစ်မှုကလေးနှင့် အိမ်ထောင်ပြိုပျက်သည်မဟုတ်ပါ။ (ယာကုပ် ၃:၂) သို့သော် “အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း” သည်မည်သည့်ပေါင်းသင်းဆက်ဆံမှုအတွက်မဆို မသင့်တော်သည့်အပြင် အကျိုးနည်းစေသည်။ (ဧဖက် ၄:၃၁) နာကြည်းသောစကားများကို အပြန်အလှန်အသုံးပြုမိခဲ့ပြီဆိုလျှင် အသင့်အတင့်ပြန်ရှိလာစေရန် အလျင်အမြန်ပြုလုပ်ပါ။ (မဿဲ ၅:၂၃၊ ၂၄) “အမျက်မပြေဘဲ နေမဝင်စေနှင့်” ဟူသောဧဖက် ၄:၂၆ ပါပေါလု၏စကားများကို သင်တို့နှစ်ဦးစလုံးကျင့်သုံးမည်ဆိုလျှင် ရန်ခိုက်ဒေါသဖြစ်ခြင်းကို အစကတည်းကရှောင်ကြဉ်နိုင်ပါသည်။ ပြဿနာမကြီးမီ၊ ဖြေရှင်း၍ ရနိုင်သေးသည်အချိန်တွင် ဖြေရှင်းပါ။ အမျက်ခြောင်းခြောင်းထွက်ရသည်အထိ သင့်ခံစားချက်များကို ချုပ်၍မထားပါနှင့်။ အရေးကြီးကိစ္စများကို နေ့စဉ်ဆွေးနွေးနှီးနှောခြင်းအားဖြင့် ဆက်သွယ်မှုတိုးပွားစေ၍ အထင်မှားမှုများကို ကြိုတင်ကာသတ်ထားနိုင်ပါသည်။
‘ယေဟောဝါ၏စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေ’
၈။ သမ္မာတရားမှ လူငယ်အချို့ အဘယ်ကြောင့် ဝေးကွာသွားရသနည်း။
၈ အချို့မိဘများသည် သားသမီးများကို လမ်းပြညွှန်ကြားမှုမရှိ ကြီးပြင်းလာစေတတ်သည်။ သားသမီးများ စည်းဝေးတက်ကြသည်၊ လယ်ကွင်းလုပ်ငန်း၌ အနည်းအကျဉ်းပါဝင်ကြသည်ရှိသော်လည်း ဘုရားသခင်နှင့် နှစ်ကိုယ်ကြားဆက်ဆံမှုကိုကား တည်ဆောက်မပေးခဲ့ကြပါ။ သို့ဖြစ်၍ အချိန်တန်လေသော် “ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း” သည်ဤကဲ့သို့သောလူငယ်များအား သမ္မာတရားမှ ဝေးကွာသွားစေတတ်သည်။ (၁ ယောဟန် ၂:၁၆) အာမဂေဒုန်ကို မိဘများကပ်ကျော်သော်လည်း သားသမီးများကို လွန်ခဲ့သည့်အချိန်က လျစ်လျူရှုထားခဲ့သည့်အတွက် သူတို့သေကျေခဲ့ပါက မည်မျှဝမ်းနည်းစရာ ဖြစ်မည်တကား။
၉၊ ၁၀။ (က) “ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” သားသမီးများကို မွေးမြူပေးရာတွင် အဘယ်အရာပါဝင်သနည်း။ (ခ) မိမိတို့ခံစားချက်များကို သားသမီးများအား လွတ်လပ်စွာပြောဆိုခွင့်ပြုခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၉ ထိုကြောင့် ပေါလုဤသို့ရေးသားခဲ့သည်။ “အဘတို့၊ ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သူတို့ကို မွေးမြူကြလော့။” (ဧဖက် ၆:၄၊ ကဘ) ထိုသို့ပြုနိုင်ရန် သင်ကိုယ်တိုင်ပင် ယေဟောဝါစံထားရာတို့ကို အကျွမ်းတဝင်ရှိနေရမည်။ အပန်းဖြေမှုရွေးချယ်ခြင်း၊ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်း၊ စည်းဝေးတက်ခြင်း၊ လယ်ကွင်းလုပ်ငန်း အစရှိသည်တို့နှင့်စပ်လျဉ်း၍ ပုံသက်သေကောင်းတင်ပြသင့်သည်။ မိဘသည် (၁) သားသမီးများကို တတ်သိနားလည်စွာ အကဲခတ်ရမည်၊ (၂) သူတို့နှင့် ဆက်သွယ်မှုကောင်းရမည် ဖြစ်ကြောင်း ပေါလု၏စကားများကလည်း နားလည်စေသည်။ သို့မှသာလျှင် အဘယ်ကိစ္စတွင် “စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” လမ်းပြပေးရန်လိုနေကြောင်းကို သင်သိရှိနိုင်မည်ဖြစ်သည်။
၁၀ လူပျို၊ အပျိုဖြန်းတို့သည် လွတ်လပ်မှု အနည်းအကျဉ်းရလိုကြသည်ကား ဓမ္မတာပင်။ သို့ရာတွင် သူတို့အပြောအဆို၊ တွေးတောဆင်ခြင်ပုံ၊ ဝတ်စားဆင်ယင်မှုနှင့် အပေါင်းအသင်းတို့တွင် လောကီသြဇာညောင်းခံနေမနေ ဂရုစိုက်ကြပ်မတ်ပေးရန်လိုပါသည်။ ပညာရှိဖခင်တစ်ဦး သု၊ ၂၃:၂၆ ပါမှတ်တမ်းအတိုင်း “ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့” ဟုဆိုခဲ့ဖူးသည်။ သင့်သားသမီးများသည် သူတို့၏အတွေးအခေါ်၊ သူတို့၏ခံစားချက်များကို သင့်အား လွတ်လွတ်လပ်လပ်ပြောပြလေ့ရှိသလော။ ချက်ချင်းအပြစ်တင်ပြောဆိုခံရမည်ကို သားသမီးများမစိုးရိမ်လျှင် သင်ရိုးပညာရပ်အပြင် လှုပ်ရှားမှုများ၊ ချိန်းတွေ့ခြင်း၊ အဆင့်မြင့်ပညာ၊ သို့မဟုတ် သမ္မာတရားကိုပင် သူတို့မည်သို့သဘောထားကြောင်း ဖွင့်ဟပြောပြရန် ပိုလွယ်ကူလိမ့်မည်။
၁၁၊ ၁၂။ (က) မိသားစုဆက်သွယ်မှုတိုးတက်စေရန် အစာစားချိန်ကို မည်သို့အသုံးပြုနိုင်သနည်း။ (ခ) သားသမီးများနှင့်ဆက်သွယ်မှုတိုးလာစေရန် မိဘများ ဇွဲမလျှော့ကြိုးစားခြင်းအားဖြင့် အဘယ်အကျိုးရရှိနိုင်သနည်း။
၁၁ နိုင်ငံများစွာတွင် မိသားစုတို့သည် အတူတကွစားသောက်သည့်အလေ့အထရှိကြသည်။ ထိုကြောင့်ညစာစားချိန်တွင် မိသားစုသည် တည်ဆောက်မှုဖြစ်စေသောစကားများကို တစ်စုတစ်ရုံးပြောဆိုနိုင်ကြပါသည်။ အချို့နိုင်ငံများတွင်မူ ထိုသို့ပြုကြမည့်အစား မိသားစုအစာစားချိန်တွင် ရုပ်မြင်သံကြားနှင့်အခြားအာရုံလွင့်ပါးစေသည့်အရာတို့ကို အစားထိုးစေသည်။ အမှန်ဆိုလျှင် သင့်သားသမီးများသည် ကျောင်းတွင် အလိုလိုပင်သြဇာညောင်းခံနေရ၍ လောကီအတွေးအခေါ်ကိုသာ အချိန်နာရီပေါင်းများစွာ အမြဲတစေကြားနာနေရသည်။ အစာစားချိန်သည် သင့်သားသမီးများနှင့် ဆက်သွယ်မှုပြုရန် အကောင်းဆုံးအချိန်ဖြစ်သည်။ “တစ်နေ့တာအဖြစ်အပျက်တို့ကို အစာစားချိန်တွင် ပြောဆိုကြသည်” ဟုမိခင်တစ်ဦးပြောပါသည်။ သို့သော်အစာစားချိန်ကို ဆုံးမပဲ့ပြင်၊ ပြန်လှန်စစ်ဆေးမေးရန်အချိန်အဖြစ်အသုံးမပြုသင့်ပါ။ အစာစားသုံးချိန်ကို သက်သောင့်သက်သာ၊ ပျော်ရွှင်ဖွယ်အချိန် ဖြစ်စေပါ။
၁၂ သားသမီးများအား သင့်ထံရင်ဖွင့်စေရန်ကြိုးစားခြင်းသည် စိန်ခေါ်ချက်ဖြစ်၍ အတော်အတန်စိတ်ရှည်ရပေမည်။ သို့သော်အချိန်တန်သည့်အခါ စိတ်ကြည်နူးဖွယ်ရာအကျိုးရလဒ်များကို ခံစားရပေမည်။ “ကျွန်မတို့ရဲ့ ၁၄ နှစ်သားဟာ စိတ်အားငယ်ပြီး လူသူနှင့်မပေါင်းသင်းဘဲ သီးသန့်နေခဲ့တယ်။ သူ့အတွက်ဆုတောင်းပေးရင်း၊ အဆက်မပြတ် အားပေးရင်းနဲ့ အခုသူပြောပြောဆိုဆို ပြန်ရှိလာပြီ” ဟုပူပန်ခဲ့သောမိခင်တစ်ဦး ပြောပြပါသည်။
တည်ဆောက်မှုပေးသော မိသားစုသင်အံမှု
၁၃။ ကလေးများငယ်ရွယ်စဉ်မှစ၍လေ့ကျင့်ပေးခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၃ “စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” သင်ပေးခြင်းတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စည်းစနစ်ကျနစွာ သွန်သင်ပေးခြင်း ပါဝင်သည်။ တိမောသေကဲ့သို့ပင် ဤကဲ့သို့သောလေ့ကျင့်မှုကို “ငယ်သောအရွယ်မှစ၍” ပြုလုပ်ပေးရမည်။ (၂ တိမောသေ ၃:၁၅) မွေးနေ့ပွဲများ၊ မျိုးချစ်စိတ်အခမ်းအနားများ၊ ဘာသာရေးပွဲနေ့များ အစရှိသည့် ကျောင်းနေစဉ် ကြုံတွေ့ရမည့် ယုံကြည်ခြင်းစမ်းသပ်မှုများအတွက် လိုအပ်သည့်ခွန်အားကို ငယ်စဉ်ကလေ့ကျင့်ပေးမှုသည် များစွာအကူအညီဖြစ်သည်။ ဤသို့သောစမ်းသပ်မှုများအတွက် အသင့်မပြင်ဆင်ထားပါက ကလေးငယ်၏ယုံကြည်ခြင်းသည် ပပျောက်သွားနိုင်ပါသည်။ ထိုကြောင့်ကလေးငယ်များအတွက် ကင်းမျှော်စင်အသင်း ပြင်ဆင်ပေးထားသည့် ကြီးမြတ်သောဆရာ့စကားနားထောင်ခြင်း နှင့် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် များကို အသုံးပြုပါ။a
၁၄။ မိသားစုသင်အံမှုကို မည်သို့မှန်မှန်ပြုလုပ်ပေးနိုင်သနည်း။ မိသားစုသင်အံမှု မှန်မှန်ရှိစေရန် သင်မည်သို့စီစဉ်ထားသနည်း။
၁၄ ဂရုပြုရမည့် အခြားကိစ္စတစ်ခုမှာ မိသားစုသင်အံမှုဖြစ်သည်။ ယင်းကိုနောက်ပိုင်းတွင် မှန်မှန်မပြုတော့ဘဲ သို့မဟုတ် မိဘနှင့်သားသမီးအတွက်ပါ ငြီးငွေ့စရာတာဝန်ကြီးတစ်ခု ဖြစ်သွားနိုင်ပါသည်။ ဤသို့မဖြစ်စေရန် မည်သို့ပြုပေးနိုင်သနည်း။ သင်အံမှုအတွက် ‘အချိန်ကိုဝယ်ယူ’ ရမည်။ တီဗွီဇာတ်လမ်းများ၊ သို့မဟုတ် အခြားအာရုံလွင့်ပါးစေသည့်အရာများကို ယင်းအစားမပြုလုပ်မိရန် သတိပြုသင့်သည်။ (ဧဖက် ၅:၁၅-၁၇) အိမ်ထောင်ဦးစီးတစ်ဦးက ဤသို့ဝန်ခံသည်။ “ကျွန်တော်တို့ရဲ့ မိသားစုသင်အံမှုကို မှန်မှန်ပြုလုပ်ပေးဖို့ အခက်အခဲတွေ့ခဲ့တယ်။ အခန့်သင့်အချိန်ဖြစ်တဲ့ ညနေမိုးချုပ်အချိန်ကို မတွေ့မချင်း အချိန်ပြောင်းပြုလုပ်ခဲ့တယ်။ အခုမှ ကျွန်တော်တို့ မိသားစုသင်အံမှုဟာ မှန်လာပြီ။”
၁၅။ သင့်မိသားစုလိုအပ်ရာနှင့်ကိုက်ညီစွာ မိသားစုသင်အံမှုကို မည်သို့ပြုလုပ်ပေးနိုင်သနည်း။
၁၅ ထိုနောက် သင့်မိသားစု၏ အထူးအကူအညီလိုအပ်ရာကို ချင့်ချိန်သုံးသပ်ပါ။ မိသားစုအများသည် ပတ်စဉ် ကင်းမျှော်စင် သင်တန်းကို အတူတူပြင်ဆင်လိုကြသည်။ သို့သော် တစ်ခါတစ်ရံ သင့်မိသားစုလိုက်ဆွေးနွေးစရာလိုသည့်အကြောင်း၊ ကျောင်း၌ကြုံတွေ့သည့် အခက်အခဲပြဿနာများကိုပါ ဆွေးနွေးနှီးနှောရန် လိုအပ်ပေမည်။ ဤအချိန်မျိုးတွင် Questions Young People Ask—Answers That Work နှင့် ကင်းမျှော်စင်၊ နိုးလော့ တွင်ပါသောဆောင်းပါးများက အကူအညီဖြစ်ပေမည်။ “ကျွန်တော်တို့သားတွေမှာ ဆုံးမပေးဖို့လိုတဲ့ သဘောထားတစ်မျိုးမျိုးကို သတိပြုမိယင် Young People Ask ကနေသက်ဆိုင်တဲ့အခန်းကို အာရုံပြုပြီးလေ့လာကြတယ်။” သူ၏ဇနီးကလည်း ဤသို့ဆက်ပြောသည်။ “ကျွန်မတို့အတတ်နိုင်ဆုံး လိုက်လျောပေးပါတယ်။ သင်အံမှုပြုဖို့ စီစဉ်ထားပြီးသားရှိပေမဲ့ အခြားအကြောင်းတစ်ခုကို ဆွေးနွေးဖို့ အကြောင်းပေါ်လာယင် လိုအပ်သလိုပြောင်းလဲဆွေးနွေးပါတယ်။”
၁၆။ (က) သိရှိလာသည့်အကြောင်းများကို သားသမီးများသဘောပေါက်မပေါက် မည်သို့သေချာနိုင်သနည်း။ (ခ) မိသားစုသင်အံမှုကျင်းပရာတွင် အများအားဖြင့် ဘာကိုရှောင်သင့်သနည်း။
၁၆ သားသမီးများလေ့လာနေသည့်အကြောင်းကို သူတို့တကယ်နားလည်မလည် မည်သို့သိရှိနိုင်မည်နည်း။ ကြီးမြတ်သောဆရာယေရှုက “သင်သည်အဘယ်သို့ထင်သနည်း” အစရှိသည့် သဘောထားမေးခွန်းများကို မေးမြန်းခဲ့သည်။ (မဿဲ ၁၇:၂၅) ထပ်တူပြုခြင်းအားဖြင့် သင့်သားသမီးများ မည်သို့အမှန်တကယ်ထင်မြင်နေသည်ကို သိရှိရန် ကြိုးစားပါ။ ကလေးတစ်ဦးစီအား မိမိကိုယ်ပိုင်စကားဖြင့် အဖြေပေးကြရန် အားပေးပါ။ သူတို့မှန်မှန်ကန်ကန်ဖြေဆိုသည့်အခါ ဒေါသဖြင့်၊ သို့မဟုတ် အထိတ်တလန့်ဖြင့် တုံ့ ပြန်မည်ဆိုလျှင် နောက်တစ်ဖန် သင့်အားရင်ဖွင့်ဝံ့တော့မည်မဟုတ်ပါ။ ထိုကြောင့် တည်ငြိမ်မှုရှိပါ။ မိသားစုသင်အံမှုကို ပဲ့ပြင်ဆုံးမစရာအချိန်မျိုး မဖြစ်ပါစေနှင့်။ ပျော်ရွှင်စရာ၊ တည်ဆောက်မှုဖြစ်စရာ အချိန်ဖြစ်သင့်သည်။ ဖခင်တစ်ဦးက ဤသို့ဆိုသည်။ “ကျွန်တော့်ကလေးတစ်ယောက်မှာ ပြဿနာရှိနေတယ်ဆိုတာကို သတိပြုမိယင် တခြားအချိန်တစ်ချိန်မှာ အဲ့ဒီပြဿနာကို ဖြေရှင်းပေးပါတယ်။” “မိသားစုသင်အံမှုပြုချိန်မှာ ဆုံးမပေးမဲ့အစား ကလေးကို သီးသန့်ဆုံးမပေးတဲ့အခါ ကလေးမျက်နှာပျက်သွားစရာမဖြစ်ဘဲ သူလည်း လွတ်လွတ်လပ်လပ်ပိုပြောပြရဲတယ်” ဟုမိခင်ဆက်ပြောပါသည်။
၁၇။ မိသားစုသင်အံမှုကို စိတ်ဝင်စားဖွယ်ရာဖြစ်စေရန် ဘာလုပ်ပေးနိုင်သနည်း။ သင့်မိသားစုအတွက် အဘယ်အစီအစဉ်သည် အောင်မြင်သနည်း။
၁၇ မိသားစုသင်အံမှုတွင် အထူးသဖြင့် အသက်အရွယ်ချင်းမတူသည့် သားသမီးများအား ပါဝင်ဖြေဆိုစေခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ အသက်ငယ်ရွယ်သေးသောကလေးများသည် ကြာရှည်အငြိမ်မနေ၊ အာရုံမစိုက်နိုင်ကြပါ။ သင်ဘာပြုလုပ်ပေးနိုင်မည်နည်း။ သင်အံမှုပြုလုပ်ပုံကို သက်သောင့်သက်သာရှိပါစေ။ သားသမီးများ ကြာရှည်အာရုံမစိုက်နိုင်ကြလျှင် သင်တန်းချိန်တိုတိုသာပြုသော်လည်း ကြိမ်ဖန်များစွာ ကျင်းပပေးပါ။ အသင်ကိုယ်တိုင် တက်ကြွမှုရှိလျှင် များစွာတာသွားပါသည်။ “ခေါင်းဆောင်ဖြစ်သူသည် ကြိုးစား၍ ခေါင်းဆောင်မှုကိုပေးရမည်။” (ရောမ ၁၂:၈၊ သက) အားလုံးကို ပါဝင်ပတ်သက်နေစေပါ။ ကလေးငယ်များအား ရုပ်ပုံများကိုရှင်းပြစေနိုင်သည်။ သို့မဟုတ် လွယ်ကူသောမေးခွန်းများကို ဖြေဆိုစေနိုင်သည်။ ဆယ်ကျော်သက်တို့အား ထပ်၍စူးစမ်းလေ့လာထားရန်၊ သို့မဟုတ် သုံးသပ်နေသည့်အကြောင်း၏ လက်တွေ့သက်ဆိုင်ပုံကို တင်ပြစေပါ။
၁၈။ အချိန်အခါတိုင်း ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မိဘများ မည်သို့သွန်သင်ပေးနိုင်သနည်း။ အဘယ်အကျိုးရှိသနည်း။
၁၈ သို့ရာတွင် တစ်ပတ်လျှင်တစ်နာရီ ဝိညာဏသွန်သင်မှုပေးမည်ဟူ၍ မသတ်မှတ်ထားပါနှင့်။ အချိန်အခါတိုင်း ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သားသမီးများအား သွန်သင်ပေးပါ။ (တရားဟောရာ ၆:၇) သူတို့စကားကို အချိန်ယူနားထောင်ပါ။ လိုအပ်လျှင် ဩဝါဒပေးသည့်အခါပေး၊ နှစ်သိမ့်သည့်အခါ နှစ်သိမ့်ပေးပါ။ (၁ သက်သာလောနိတ် ၂:၁၁ နှိုင်းယှဉ်။) ကိုယ်ချင်းစာနာမှုအပြင် ကြင်နာမှုလည်းရှိပါ။ (ဆာလံ ၁၀၃:၁၃။ မာလခိ ၃:၁၇) ထိုသို့သာပြုမည်ဆိုလျှင် သင့်သားသမီးများကြောင့် ‘စိတ်ပျော်’ ရမည်သာမက ဘုရားသခင့်ကမ္ဘာသစ်ထဲသို့ သူတို့လေးများကို ကယ်တင်ခြင်းရစေမည်။—သု၊ ၂၉:၁၇၊ သမ။
“ရယ်ရသောအချိန်”
၁၉၊ ၂၀။ (က) မိသားစုဘဝတွင် အပန်းဖြေခြင်းသည် အဘယ်အကျိုးရှိသနည်း။ (ခ) မိသားစုဘဝတွင် အပန်းဖြေဖို့အတွက် မိဘများစီစဉ်ပေးနိုင်သည့် နည်းအချို့ကားအဘယ်နည်း။
၁၉ “ရယ်ရသောအချိန်လည်းရှိ၏။ . . . ကခုန်ရသောအချိန်လည်းရှိ၏။” (ဒေသနာ ၃:၄) “ရယ်မောသည်” ဟူသောဟေဗြဲစကားလုံးကို “ကခုန်မည်၊” “ကစားမည်၊” “ရွှင်လန်းကြမည်၊” “ကခုန်မြူးထူးခြင်း” ဟူ၍ပြန်ဆိုနိုင်ပါသည်။ (၂ ဓမ္မရာဇဝင် ၆:၂၁။ ယောဘ ၄၁:၅။ တရားသူကြီး ၁၆:၂၅။ ထွက်မြောက်ရာ ၃၂:၆။ ကမ္ဘာဦး ၂၆:၈) ကစားခြင်းသည် အကျိုးရှိသည်။ ကလေးသူငယ်နှင့်လူငယ်များအတွက် ယင်းသည် အရေးပါသည်။ သမ္မာကျမ်းစာခေတ်က မိသားစုအတွက် မိဘများသည် အပန်းဖြေခြင်းငှာ ပျော်ပွဲရွှင်ပွဲများ စီစဉ်ပေးပါသည်။ (လုကာ ၁၅:၂၅ နှိုင်းယှဉ်။) သင်လည်း ထပ်တူပြုလုပ်ပေးပါသလော။
၂၀ “ညီအစ်ကိုငယ်လေးအချို့ကိုခေါ်ဖိတ်ပြီး ပြည့်သူဥယျာဉ်များမှာ ဘောလုံးကစားကြ၊ ပျော်ပွဲရွှင်ပွဲအနေနှင့် စားသောက်ကြပါသည်။ သူတို့လေးများလည်း အချင်းချင်းပေါင်းသင်းခြင်းမှ ပျော်ရွှင်မှုရရှိကြသည်” ဟုခရစ်ယာန်လင်ယောက်ျားတစ်ဦး ပြောပါသည်။ အခြားမိဘတစ်ဦး ဤသို့ဆက်ပြောပါသည်။ “ကျွန်တော်တို့သားများနဲ့အတူ လုပ်မယ့်အရာတွေကိုစီစဉ်ကြတယ်။ ရေသွားကူးကြတယ်။ ဘောလုံးကစားကြတယ်။ အားလပ်ချိန်ယူ အပန်းဖြေကြတယ်။ ဒါပေမယ့်လည်း အပန်းဖြေမှုကို အကန့်အသတ်ပြုလုပ်ပါတယ်။ မျှတမှုရှိရမယ်ဆိုတာကို သူတို့အား နားလည်စေတယ်။” သင့်လျော်သော ပေါင်းသင်းမှုပြုခြင်း၊ တိရစ္ဆာန်ရုံ၊ ပြတိုက်များသို့အလည်အပတ်သွားခြင်းစသည့် အပန်းဖြေမှုကောင်းများသည် သူငယ်ကိုလောကပျော်ရွှင်မှုများဘက် ဆွဲဆောင်ခံရခြင်းမှ များစွာကာကွယ်ပေးနိုင်သည်။
၂၁။ လောကီပွဲနေ့များကို မကျင်းပရသည့်အတွက် မိမိတို့နစ်နာဆုံးရှုံးသည်ဟု သားသမီးများ မခံစားရလေရန် မိဘများ မည်သို့ပြုလုပ်နိုင်သနည်း။
၂၁ မွေးနေ့ပွဲများနှင့် ခရစ်ယာန်များအတွက်မဟုတ်သည့် အခြားပွဲနေ့များကို မကျင်းပရသဖြင့် သင့်သားသမီးများအနေနှင့် များစွာနစ်နာဆုံးရှုံးသည်ဟု မခံစားရလေအောင်ပြုလုပ်ပေးရန်လည်း အရေးကြီးသည်။ ကြံဖန်စီစဉ်မှုအနည်းငယ်ဖြင့် တစ်နှစ်တာအတွင်း သူတို့အတွက် ပျော်ရွှင်စရာအချိန်အခါများ ရှိနိုင်ပါလိမ့်မည်။ မိဘကောင်းအနေနှင့် သူ၏မေတ္တာကိုပြသရန် ပွဲနေ့တစ်နေ့ကျမှသာ ရုပ်ပစ္စည်းများကို ပေးမည်မဟုတ်ပါ။ သူ၏ကောင်းကင်ခမည်းတော်နည်းတူပင် စိတ်စေတနာအလိုအလျောက် ‘မိမိသားသမီးများကို လက်ဆောင်မွန်များ ပေးတတ်’ ပါသည်။—မဿဲ ၇:၁၁။
သင့်မိသားစုအတွက် ထာဝရအနာဂတ်ရရှိစေခြင်း
၂၂၊ ၂၃။ (က) ကြီးစွာသောဒုက္ခကပ်လာလေ ဘုရားတရားကြောက်ရွံ့သောမိသားစုများ အဘယ်အရာကို စိတ်ချနိုင်သနည်း။ (ခ) ဘုရားသခင့်ကမ္ဘာသစ်ထဲသို့ ကယ်တင်ခံရရန် မိသားစုများ မည်သို့ကြိုးစားနိုင်သနည်း။
၂၂ ဆာလံဆရာ ဤသို့ဆုတောင်းခဲ့သည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကွယ်ကာစောင့်မတော်မူမည်။” (ဆာလံ ၁၂:၇) အထူးသဖြင့် ယေဟောဝါသက်သေများ၏အိမ်ထောင်များတွင် စာတန့်ဖိစီးမှုများ တိုးများလာမည်သေချာသည်။ သို့တိုင်၊ ဤတိုးများလာမည့်တိုက်ခိုက်မှုကို ခံရပ်နိုင်ပါမည်။ လင်ယောက်ျားများ၊ ဇနီးသည်မိန်းမများနှင့် သားသမီးများဖြင့်ဖွဲ့စည်းထားသည့် သင့်မိသားစုပါအပါအဝင် မိသားစုများစွာတို့သည် ယေဟောဝါ၏ကူညီမစမှုအပြင် ဇွဲနပဲရှိရှိကြိုးစားဆောင်ရွက်ကြမည်ဆိုလျှင် ကြီးစွာသောဒုက္ခအတွင်း အရှင်လတ်လတ်ကပ်ကျော်ရသည့် မျှော်လင့်ချက် ထားရှိနိုင်ကြပါသည်။
၂၃ လင်ယောက်ျားများနှင့် ဇနီးသည်မိန်းမများတို့၊ သင်တို့၏ဘုရားပေးတာဝန်ကိုထမ်းဆောင်ခြင်းအားဖြင့် သင့်အိမ်ထောင်တွင် ငြိမ်သက်စည်းလုံးမှုရှိပါလေစေ။ မိဘများ၊ သင့်သားသမီးများရှေ့ ပုံသက်သေကောင်းဆက်ပြကာ သူတို့အလွန်လိုအပ်သည့် လေ့ကျင့်ပဲ့ပြင်မှုကိုပေးခြင်းငှာ အချိန်ကိုရွေးနှုတ်ကြပါ။ သူတို့နှင့် စကားစမြည်ပြောဆိုပါ။ သူတို့စကားပြောသည့်အခါ နားထောင်ပါ။ သူတို့၏ သေရေးရှင်ရေးတမျှ အရေးကြီးသည်။ သားသမီးများ၊ မိဘစကား နားထောင်ပါ။ ယေဟောဝါ၏ကူညီမစမှုအားဖြင့် ဖြစ်မြောက်အောင်မြင်နိုင်မည်။ ဘုရားသခင်၏ လာလတ္တံ့သောကမ္ဘာသစ်တွင်လည်း ထာဝစဉ်အသက်ရှင်ခွင့် အမှန်ရရှိနိုင်မည်။
[အောက်ခြေမှတ်ချက်များ]
a အော်ဒီယိုတိပ်ခွေများကိုလည်း အချို့ဘာသာများဖြင့်ရရှိနိုင်ပါသည်။
သင်မှတ်မိသလော
▫ လင်ယောက်ျားနှင့် ဇနီးသည်မိန်းမများသည် အချင်းချင်းဆက်သွယ်မှုကို မည်သို့တိုးတက်စေမည်နည်း။
▫ “ယေဟောဝါ၏ . . . စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” သားသမီးများကို မိဘများ မည်သို့မွေးမြူပေးကြမည်နည်း။ (ဧဖက် ၆:၄၊ ကဘ)
▫ မိသားစုသင်အံမှုကို တည်ဆောက်မှုဖြစ်စေရုံမက စိတ်ဝင်စားစရာဖြစ်စေရန် ပြုလုပ်ပေးနိုင်သည့်နည်းအချို့ကား အဘယ်နည်း။
▫ မိသားစုအပန်းဖြေ၊ ပျော်ပွဲရွှင်ပွဲအတွက် မိဘများ စီစဉ်ပေးရာတွင် အဘယ်အရာများ ပြုလုပ်ပေးမည်နည်း။
[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]
တေးဂီတ—အစွမ်းထက်သည့်သြဇာ
ကလေးမွေးမြူရေးအကြောင်းစာအုပ်တစ်အုပ်၏ ကလောင်ရှင် ဤသို့ဆိုသည်။ “ဧည့်ပရိသတ်ရှေ့ ကျွန်တော်ရပ်၍ . . . မူးယစ်သောက်စားကြရန်၊ ကိုကိန်း၊ ဆေးခြောက် အစရှိသည့်မူးယစ်ဆေးဝါးများကို သုံးဆောင်ပေးရန် အားပေးထောက်ခံမည်ဆိုလျှင် သူတို့သည် အထိတ်တလန့်ဖြစ်သွားကြမည်အမှန်။ . . . သို့ဖြစ်မည်ကိုသိလျက်ပင် ထိုအရာများကို ပွင့်လင်းစွာ မြှောက်ထိုးပင့်ကော်ပြုသည့် ဓာတ်ပြားများ၊ ကက်ဆက်သီချင်းခွေများ မိမိတို့အဖို့ ဝယ်ယူကြရန် သားသမီးတို့အား မိဘများသည်ပိုက်ဆံထုတ်ပေးတတ်ကြသည်။” (ဇစ် ဇစ်ဂလာရေးသည့် Raising Positive Kids in a Negative World) ဥပမာ၊ အမေရိကန်နိုင်ငံတွင် လိင်ကိစ္စကို မကွယ်မဝှက်ဖော်ပြသည့် ရက်ပ်တေးသီချင်းများကို လူငယ်မြောက်မြားစွာ လိုက်ရွတ်ဆိုတတ်ကြပါသည်။ တေးသီချင်းကို ဂရုစိုက်ရွေးချယ်နားထောင်ကြရန် သင့်သားသမီးများကို ကူညီပေးနေပါသလော။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
အစာစားချိန်များသည် မိသားစုစည်းလုံးမှုနှင့် ဆက်သွယ်မှုပြုလုပ်ရန် ပျော်ရွှင်စရာအချိန်များ ဖြစ်နိုင်သည်