အချို့ သူများ အဘယ်ကြောင့် တစ်ဖန်မွေးဖွားခြင်း ခံကြရသနည်း
“ဒုတိယမွေးခြင်းကိုမခံသောသူ မည်သည်ကား ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရ။” (ယောဟန် ၃:၃) လွန်ခဲ့သောနှစ်ပေါင်း ၁,၉၀၀ ကျော်က ထိုစကားများကို ယေရှုခရစ်မိန့်မြွက်တော်မူခဲ့စဉ်ကတည်းက လူများစွာတို့သည် ယင်းကြောင့်သဲလှိုက်ရင်ဖိုဖြစ်ကြပြီး တစ်ကြိမ်တည်းတွင် စိတ်ရှုပ်ထွေး တွေဝေခဲ့ကြပါသည်။
တစ်ဖန်မွေးဖွားခြင်းအကြောင်းနှင့်စပ်လျဉ်းသည့် ယေရှု၏စကားကို တိကျမှန်ကန်စွာ သဘောပေါက်နားလည်နိုင်ရန် ဤမေးခွန်းများကို ဦးဆုံးဖြေဆိုရမည်။ လူသားအတွက် ဘုရားသခင့်ရည်ရွယ်တော်မူချက်ကား အဘယ်နည်း။ သေလွန်သည့်အခါ ဝိညာဉ်စိုးလ် ဘာဖြစ်သနည်း။ ဘုရားသခင်၏နိုင်ငံတော်သည် အဘယ်အရာကိုဖြစ်မြောက်စေရန် ရည်ရွယ်ထားတော်မူသနည်း။
လူသားအတွက် ဘုရားသခင့်ရည်ရွယ်တော်မူချက်
ပထမလူအာဒံသည် ဘုရားသခင်၏စုံလင်သောလူသားအဖြစ် ဖန်ဆင်းခံခဲ့ရသည်။ (လုကာ ၃:၃၈) အာဒံ သေဆုံးသွားဖို့ရန် ယေဟောဝါဘုရား တစ်ခါမျှမရည်ရွယ်ပါ။ ပရဒိသုကမ္ဘာကိုပြည့်စေပြီး ထာဝစဉ်အသက်ရှင်ကြမည့် အပြစ်ကင်းစင်သောလူ့မိသားစုကို အာဒံနှင့်သူ၏ဇနီးဧဝတို့ မွေးဖွားနိုင်ခွင့်ရှိခဲ့ကြသည်။ (ကမ္ဘာဦး ၁:၂၈) သေခြင်းသည် လူယောက်ျား၊ လူမိန်းမအတွက် ဘုရားသခင်၏ကနဦးရည်ရွယ်ချက်တွင် မပါဝင်ခဲ့ပါ။ ဘုရားသခင့်ပညတ်တော်ကို ဆန့်ကျင်ခြင်းကြောင့်သာ လူ့ဇာတ်စင်ပေါ် ချင်းနင်းဝင်ရောက်လာခြင်းဖြစ်သည်။—ကမ္ဘာဦး ၂:၁၅-၁၇။ ၃:၁၇-၁၉။
ဤပုန်ကန်မှုကြောင့်လည်း ဘုရားသခင်၏ပိုင်သအုပ်စိုးခွင့်သည် တရားသဖြင့်ဖြစ်မဖြစ်၊ ကိုယ်တော်၏ပညတ်ဥပဒေများကို လူတို့သည် သမာဓိရှိရှိ စောင့်ထိန်းနိုင်မနိုင် အစရှိသည့် အရေးတကြီးဆုံးဖြတ်စရာအငြင်းပွားချက်များကို ပေါ်ပေါက်စေခဲ့သည်။ ဤအငြင်းပွားချက်များကို ဖြေရှင်းပေးရန် အချိန်ကာလလိုပေမည်။ သို့သော်လူသားအတွက် ယေဟောဝါဘုရားသခင်၏ရည်ရွယ်တော်မူချက် မပြောင်းလဲခဲ့ပါ။ ကိုယ်တော်ကြံရွယ်သည်အတိုင်း မဖြစ်ဘဲနေမည်မဟုတ်ပါ။ ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ကြမည့် စုံလင်သောလူ့မိသားစုဖြင့် ကမ္ဘာကိုပြည့်စေရန် ကိုယ်တော်ရည်ရွယ်ထားတော်မူနှင့်ပြီ။ (ဆာလံ ၃၇:၂၉။ ၁၀၄:၅။ ဟေရှာယ ၄၅:၁၈။ လုကာ ၂၃:၄၃) တစ်ဖန်မွေးဖွားခြင်းအကြောင်းနှင့်ပတ်သက်သည့် ယေရှု၏စကားများကို ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်သည့်အခါ ဤမူလပင်မအမှန်တရားကို သတိရထားကြရမည်။
သေလွန်သည့်အခါ ဝိညာဉ်စိုးလ် ဘာဖြစ်သနည်း
ကျမ်းရေးသူတို့အား ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် ဖော်ပြထားသည့်အကြောင်းများကို မသိရှိကြသည့် ဂရိအတွေးအခေါ်သမားများသည် အသက်ရှင်ခြင်းအဓိပ္ပာယ်ကို ကြိုးစားပမ်းစားရှာဖွေကြသည်။ လူသည် များသောအားဖြင့် ဆင်းရဲဒုက္ခခံလျက် နှစ်အနည်းငယ်သာ အသက်ရှင်ပြီး ပျောက်သွားဖို့သာ မဟုတ်နိုင်ကြောင်း သူတို့ယူဆသည့်အတိုင်းလည်း ဟုတ်မှန်ပါသည်။ သို့သော် သေလွန်ပြီးနောက် လူ့အဖြစ်အပျက်များနှင့်ပတ်သက်၍ သူတို့၏ယူဆချက်များမူကား မှားယွင်းနေပါသည်။ သူတို့ယူမှတ်သည်ကား လူသေလွန်ပြီးနောက် အခြားပုံပန်းသဏ္ဌာန်တစ်နည်းနည်းဖြင့် ဆက်အသက်ရှင်နိုင်ရေးအတွက် လူတိုင်း၌ မသေနိုင်သောဝိညာဉ်စိုးလ်ရှိသည်ဟူ၍ ဖြစ်၏။
ဤကဲ့သို့သောထင်မြင်ချက်များ၏သြဇာကို ဂျူးနှင့်အမည်ခံခရစ်ယာန်များ ခံယူခဲ့ကြသည်။ Heaven—A History စာအုပ်က ဤသို့ဆိုပါသည်။ “တိုင်းတစ်ပါးသို့ရောက်ရှိသောဂျူးများသည် ဂရိပညာရှင်များနှင့် တွေ့ဆုံတိုင်း မသေနိုင်သောဝိညာဉ်စိုးလ် အယူအဆပေါ်လာတတ်သည်။” ထပ်ဆင့်ဆိုသည်ကား “ဝိညာဉ်စိုးလ်နှင့်ပတ်သက်သည့် ဂရိယုံကြည်ချက်များသည် ဂျူးများမှတစ်ဆင့် နောက်ဆုံးခရစ်ယာန်ယုံကြည်ချက်များတွင် စွဲငြိထင်ကျန်လေသည်။ . . . ပလေတို၏တွေးတောယူဆချက်နှင့် ကျမ်းစာဆိုင်ရာထုံးတမ်းစဉ်လာကို ရောနှောပေါင်းစပ်ခြင်းအားဖြင့် ဖီလိုသည် [အဲလက်ဇန္ဒြာမြို့မှ ပထမရာစု ဂျူးအတွေးအခေါ်ပညာရှင်] နောက်ပိုင်းခရစ်ယာန်စဉ်းစားဆင်ခြင်သူများအတွက် လမ်းကြောင်းပေးခဲ့ပါသည်” ဟူ၍ဖြစ်သည်။
ဖီလို ဘာကိုယုံကြည်ခဲ့သနည်း။ ယင်းစာအုပ်က ဤသို့ဆက်ပြောသည်။ “သူယူဆသည်ကား သေခြင်းအားဖြင့် ဝိညာဉ်စိုးလ်သည် အစမူလမမွေးဖွားမီအဖြစ်သို့ ပြန်ရောက်သွားသည်။ ဝိညာဉ်စိုးလ်သည် ဝိညာဏဘောင်နှင့်ဆိုင်သဖြင့် ခန္ဓာကိုယ်တွင်း အသက်ရှင်ခြင်းမှာ များသောအားဖြင့် ကံဆိုးပြီး တိုတောင်းသည့်ဘဝမျှဖြစ်သည် ဟူ၍ဖြစ်၏။” သို့ရာတွင် အာဒံ၏ “မမွေးဖွားမီအဖြစ်” ကား မတည်ရှိသည့်အဖြစ် ဖြစ်သည်။ သမ္မာကျမ်းစာမှတ်တမ်းအရဆိုလျှင် ကမ္ဘာမြေကြီးသည် အဆင့်မြင့်သော၊ သို့မဟုတ် အဆင့်နိမ့်သောဘဝအတွက် အသင့်ပြင်ဆင်ပေးရာအရပ်မျှဖြစ်ဘိသကဲ့သို့ သေလွန်သည့်အခါ အခြားနယ်ပယ်တစ်ခုခုသို့ အလိုအလျောက်ပို့ဆောင်ပေးရန် ဘုရားသခင်ရည်ရွယ်ထားတော်မူခြင်း မရှိပါ။
လူ့ဝိညာဉ်စိုးလ် မသေနိုင်ဟူသော အယူအဆကို ဘုရားသခင့်ဝိညာဉ်တော်တိုက်တွန်းခြင်းအားဖြင့်ဖြစ်သော နှုတ်ကပါဌ်တော်သမ္မာကျမ်းစာတွင် မသွန်သင်ထားပါ။ “မသေနိုင်သောဝိညာဉ်စိုးလ်” ဟူသောအသုံးအနှုန်းကို တစ်ခါမျှ အသုံးမပြုထားပါ။ အာဒံသည် ဝိညာဉ်စိုးလ်အဖြစ် ဖန်ဆင်းခံရသည်ဟူ၍ ဆိုပါသည်။ ဝိညာဉ်စိုးလ်ရှိသည် ဟူ၍ မဆိုထားပါ။ ကမ္ဘာဦး ၂:၇ (ကဘ) ဆိုသည်က ဤသို့။ “ယေဟောဝါဘုရားသခင်သည် မြေမှုန့်မှ လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင် လူသည် အသက်ရှင်သောဝိညာဉ်စိုးလ် ဖြစ်လာလေသည်။” လူသည် ကောင်းကင်၌ ထာဝစဉ်အသက်ရှင်ခြင်း၊ သို့မဟုတ် မီးငရဲတွင် ထာဝစဉ်ညှဉ်းဆဲခံရခြင်းအလားအလာကို တစ်ခါမျှ မမြော်မြင်ခဲ့ရပါ။ သေလွန်သောဝိညာဉ်စိုးလ်၊ သို့မဟုတ် ပုဂ္ဂိုလ်သည် သတိနှင့်တည်ရှိလျက်မနေဟု သမ္မာကျမ်းစာတင်ပြသည်။ (ဆာလံ ၁၄၆:၃၊ ၄။ ဒေသနာ ၉:၅၊ ၁၀။ ယေဇကျေလ ၁၈:၄) ထိုကြောင့် အတွေးအခေါ်ရှင်များသည် ဝိညာဉ်စိုးလ်နှင့်ပတ်သက်၍ ကျမ်းစာနှင့်မညီညွတ်သောအယူအဆများကို ခံယူထားကြပြီ။ တစ်ဖန်မွေးဖွားခြင်းနှင့်စပ်လျဉ်းသည့် ယေရှု၏စကားများကို တလွဲနားလည်စေနိုင်သည့် လွဲမှားသောသဘောတရားတို့ကို ကျွန်ုပ်တို့ကြဉ်ရှောင်ရန် လိုပါသည်။
မင်းများအဖြစ် စိုးမိုးရန် တစ်ဖန်မွေးဖွားခြင်း
“ဒုတိယမွေးခြင်းကိုခံသောသူသည် . . . ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရမည်” ဟုနိကောဒင်အား ယေရှုပြောခဲ့သည်။ (ယောဟန် ၃:၃-၅၊ ကဘ) ထိုနိုင်ငံတော်ကား အဘယ်နည်း။ ရှေးမြွေဟောင်း၊ စာတန်မာရ်နတ်၏ခေါင်းကိုကြိတ်မည့် အစိုးရသူတစ်ဦးဖြစ်သော အထူး “မျိုးနွယ်တော်” ကိုအသုံးပြုရန် ယေဟောဝါဘုရားသခင် ရည်ရွယ်တော်မူကြောင်း လူ့သမိုင်းအစအဦးတွင် ပုံဆောင်စကားအားဖြင့် ပြောကြားတော်မူခဲ့သည်။ (ကမ္ဘာဦး ၃:၁၅။ ဗျာဒိတ် ၁၂:၉) ကျမ်းစာစောင်များတွင် တဖြည်းဖြည်းထင်ရှားပေါ်လွင်လာသည့်အတိုင်း ဤ “မျိုးနွယ်တော်” သည် ယေရှုခရစ်တော်ဖြစ်ကြောင်း ထင်ရှားပါသည်။ ကိုယ်တော်သည် ဘုရားသခင်၏ပိုင်သအုပ်စိုးတော်မူခြင်းအခွင့်ကို ထူးခြားစွာဖော်ပြသည့် မေရှိယနိုင်ငံတော်တွင် တွဲဖက်ဘုရင်များနှင့်အတူ စိုးမိုးအုပ်ချုပ်တော်မူမည်။ (ဆာလံ ၂:၈၊ ၉။ ဟေရှာယ ၉:၆၊ ၇။ ဒံယေလ ၂:၄၄။ ၇:၁၃၊ ၁၄) ယင်းနိုင်ငံတော်သည် ကောင်းကင်နိုင်ငံတော်ဖြစ်၍ ယေဟောဝါ၏ပိုင်သအုပ်ချုပ်ခွင့်ကို သင်္ကာယနကင်းရှင်းစေ၍ လူသားအပေါင်းကို အပြစ်နှင့်သေခြင်းအောက်မှ လွတ်မြောက်စေမည့် ကောင်းကင်၌တည်ရှိသော အစိုးရဖြစ်သတည်း။—မဿဲ ၆:၉၊ ၁၀။
လူတို့အထဲကရွေးနှုတ်ခံရသော ၁၄၄,၀၀၀ အရေအတွက်ရှိသူတို့သည် ယေရှုနှင့်အတူ တွဲဖက်ဘုရင်များအဖြစ် စိုးမိုးကြမည်။ (ဗျာဒိတ် ၅:၉၊ ၁၀၊ ၁၄:၁-၄) မေရှိယနိုင်ငံတော်တွင် ခရစ်တော်နှင့်အတူ အစိုးရမည့် “အမြင့်ဆုံးသောဘုရား၏သန့်ရှင်းသောအမျိုးသားတို့” ဖြစ်လာစေရန် အာဒံ၏မစုံလင်သောလူ့အမျိုးအနွယ်မှ သူအချို့ကို ဘုရားသခင်ရွေးနှုတ်တော်မူခဲ့ပြီ။ (ဒံယေလ ၇:၂၇။ ၁ ကောရိန္သု ၆:၂။ ဗျာဒိတ် ၃:၂၁။ ၂၀:၆) “တစ်ဖန်မွေးဖွားခြင်းခံရမည်” ဟုပြောခဲ့သောယေရှုခရစ်တော်ကို ဤအမျိုးသား၊ အမျိုးသမီးတို့ ယုံကြည်အားထားကြသည်။ (ယောဟန် ၃:၅-၇) ဤမွေးဖွားခြင်းသည် မည်သို့နှင့် အဘယ်ကြောင့် ဖြစ်ပျက်လာရသနည်း။
ဤသူတို့သည် ခရစ်တော်၏တပည့်နောက်လိုက်များအဖြစ် ရေ၌နှစ်ခြင်းခံယူပြီးကြပြီ။ ယေရှု၏ရွေးနှုတ်ဖိုးပူဇော်သက္ကာကြောင့် သူတို့၏အပြစ်များကို ဘုရားသခင်ခွင့်လွှတ်တော်မူခဲ့ပြီဖြစ်သည်။ သူတို့အား ဖြောင့်မတ်သည်ဟု ကိုယ်တော်ယူမှတ်တော်မူပြီး ဝိညာဏသားများအဖြစ် ချီးမြှောက်ခံရကြပြီ။ (ရောမ ၃:၂၃-၂၆၊ ၅:၁၂-၂၁။ ကောလောသဲ ၁:၁၃၊ ၁၄) ဤသို့သောသူတို့အား တမန်တော်ပေါလု မိန့်တော်မူသည်ကား ဤသို့။ “သင်တို့သည် . . . ‘အဗ္ဗအဘ’ ဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏သဘောကိုရကြပြီ။ ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ သားမှန်လျှင် အမွေခံ၊ ဘုရားသခင်၏အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင် ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏။”—ရောမ ၈:၁၅-၁၇။
ခရစ်တော်၏တပည့်နောက်လိုက်များအနေနှင့် ဤသူတို့သည် အသစ်ပြန်မွေးဖွားခြင်း၊ သို့မဟုတ် ဘဝကို တစ်ဖန်အသစ်ပြန်စခဲ့ပေပြီ။ ယင်းကြောင့် ယေရှု၏ကောင်းကင်အမွေအနှစ်၌ သူတို့လည်း ပါဝင်ခွင့်ရလိမ့်မည်ဟူ၍ ခံယူနိုင်ကြပြီ။ (လုကာ ၁၂:၃၂။ ၂၂:၂၈-၃၀။ ၁ ပေတရု ၁:၂၃) တမန်တော်ပေတရုက ပြန်မွေးဖွားခြင်းအဖြစ်ကို ဤသို့ရှင်းပြပါသည်။ “အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သောမျှော်လင့်ခြင်းအကြောင်းရှိစေခြင်းငှာ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သောအမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း ယေရှုခရစ်ကို သေခြင်းမှထမြောက်စေတော်မူသောအားဖြင့် ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကိုတစ်ဖန် ဖွားစေတော်မူသော ငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမွေတော်သည်ကား . . . ကောင်းကင်၌ သိုထားလျက်ရှိသောအမွေတည်း။” (၁ ပေတရု ၁:၃၊ ၄) ယေရှုအား ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူသည်နည်းတူ ဤကဲ့သို့သောသူတို့အား ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ကောင်းကင်၌ ဤဘဝအသက်တာအသစ်ကို သူတို့အား ရရှိစေတော်မူသည်။—၁ ကောရိန္သု ၁၅:၄၂-၄၉။
ကမ္ဘာမြေကြီးကော
ယင်းကြောင့် နာခံမှုရှိသူအပေါင်း သည် ကမ္ဘာပေါ်မှ ကောင်းကင်သို့သွားရန် နောက်ဆုံးတွင် တစ်ဖန်မွေးဖွားခံရကြမည်ဟု မဆိုလိုပါ။ ဤသို့သော လွဲမှားနေသည့်သဘောတရားသည် “ခန္ဓာကိုယ်တွင်း အသက်ရှင်ခြင်းမှာ များသောအားဖြင့် ကံဆိုးပြီး တိုတောင်းသည့်ဘဝမျှဖြစ်သည် ဟူ၍” အထင်ရှိခဲ့သောဖီလိုကဲ့သို့ အတွေးအခေါ်ပညာရှင်များ၏အယူအဆနှင့် တစ်တန်းတစ်စားတည်းဖြစ်သည်။ မူလအစက ယေဟောဝါဘုရားသခင်ဖန်ဆင်းထားတော်မူသောကမ္ဘာမြေကြီးသည် အဘယ်နည်းဖြင့်မျှ ပျက်ပြားချို့ယွင်းနေသည်မဟုတ်ပါ။—ကမ္ဘာဦး ၁:၃၁။ တရားဟောရာ ၃၂:၄။
လူ့အသက်သည် တိုတောင်း၍နာကြည်းစရာဖြစ်ဖို့ တစ်ခါမျှမရည်ရွယ်ခဲ့ပါ။ ယေရှုခရစ်တော်နှင့်တကွ ကိုယ်တော်နှင့်အတူ ကောင်းကင်တွင် ဘုရင်များ၊ ယဇ်ပုရောဟိတ်များအဖြစ် အမှုထမ်းရန် တစ်ဖန်မွေးဖွားခြင်းခံရသူများသည် စာတန်၏ပုန်ကန်မှုကြောင့်ခံရသော ဆိုးကျိုးအားလုံးကို ကွယ်ပျောက်ဖျက်ဆီးပစ်လိမ့်မည်ဖြစ်သည်။ (ဧဖက် ၁:၈-၁၀) ကတိထားတော်မူသော “အာဗြဟံ၏မျိုးနွယ်တော်” ဖြစ်သူ ဤသူတို့အားဖြင့် “လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။” (ဂလာတိ ၃:၂၉။ ကမ္ဘာဦး ၂၂:၁၈) နာခံမှုရှိသောလူသားအတွက် ယင်းကတိတော်အတိုင်း ပရဒိသုကမ္ဘာမြေကြီးပေါ် အသက်ရှင်ခြင်းဖြစ်မည်။ ယင်းအသက်တာသည် မျက်မှောက်တိုတောင်း၍ နာကြည်းမှုများပြားသောဘဝမျိုးနှင့် အခြားကြီးခြားနားမည်ဖြစ်သည်။—ဆာလံ ၃၇:၁၁၊ ၂၉။ ဗျာဒိတ် ၂၁:၁-၄။
မည်သူတို့အကျိုးခံစားရမည်နည်း
ကောင်းချီးခံစားရရန် ဘုရားသခင့်ပြင်ဆင်ချက်မှ အကျိုးခံစားရမည့်သူတို့တွင် ယေရှု၏ရွေးဖိုးပူဇော်သက္ကာကိုယုံကြည်သော ရှင်ပြန်ထမြောက်လာသူတို့ ပါဝင်မည်ဖြစ်သည်။ (ယောဟန် ၅:၂၈၊ ၂၉။ တမန်တော် ၂၄:၁၅) သူတို့အနက် အများသောသူတို့မှာ ဘုရားသခင်နှင့်ခရစ်တော်အကြောင်း တစ်ခါမျှမကြားသိခဲ့ရ၍ ယေရှုကိုယုံကြည်ကြောင်း မတင်ပြနိုင်ခဲ့ကြပါ။ ရှင်ပြန်ထမြောက်လာသူတို့တွင် ကောင်းကင်အသက်တာလမ်းဖွင့်ပေးခဲ့သော ယေရှု၏သေခြင်းမတိုင်မီ သေလွန်ခဲ့သော နှစ်ခြင်းဆရာယောဟန်ကဲ့သို့ သစ္စာရှိသူများလည်းပါဝင်မည်ဖြစ်သည်။ (မဿဲ ၁၁:၁၁) ဤသူများအပြင် ‘မိမိတို့ဝတ်လုံကို သိုးသငယ် [ယေရှုခရစ်] ၏အသွေး၌လျှော်၍ ဖြူစေသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်ခဲ့သောလူအုပ်ကြီး’ ရှိပါသေးသည်။ ဤသူတို့သည် ယေရှု၏တစ်ဖန်မွေးဖွားခြင်းခံ “ညီတော်များ” တပ်ဦးတပ်ဖျားမှ ယခုဦးဆောင်နေသော နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းကို တလိုတလားတုံ့ပြန်နေကြသည်။ ယင်းကြောင့် ရှင်းလင်းစင်ကြယ်ပြီးသော ကမ္ဘာမြေကြီးထဲသို့ ဤသူများသည် ဘုရားသခင်၏ အာမဂေဒုန်စစ်ပွဲကြီးကိုကပ်ကျော်ကြမည်ဖြစ်သည်။ (ဗျာဒိတ် ၇:၉-၁၄။ ၁၆:၁၄-၁၆။ မဿဲ ၂၄:၁၄။ ၂၅:၃၁-၄၆) ထိုကြောင့် ဘုရားသခင်၏အစီအစဉ်အတိုင်း ခရစ်တော်နှင့်အတူ ကောင်းကင်တွင်အုပ်စိုးခြင်းငှာ တစ်ဖန်မွေးဖွားခြင်းမခံရစေကာမူ သန်းပေါင်းများစွာသောသူတို့သည် ကယ်တင်ခြင်းရကြမည်ဖြစ်သည်။—၁ ယောဟန် ၂:၁၊ ၂။
ပရဒိသုကမ္ဘာမြေကြီးပေါ် အသက်ရှင်မည့်သူတို့တွင် အသင်တစ်ဦးပါဝင်မည်လော။ ယေရှုခရစ်၏ရွေးဖိုးပူဇော်သက္ကာကို ယုံကြည်ကြောင်းတင်ပြပြီး စစ်မှန်သောခရစ်ယာန်အသင်းတော်နှင့် တက်ကြွစွာပေါင်းသင်းမည်ဆိုလျှင် ပါဝင်ပါလိမ့်မည်။ ယင်းအသင်းတော်သည် အတွေးအခေါ်ပညာရပ်များကြောင့် ဖောက်ပြန်ပျက်စီးခြင်းမရှိဘဲ ဆက်လက်၍သာ “သမ္မာတရား၏ အမှီတကဲဖြစ်၏။ သမ္မာတရား၏ တည်ရာလည်းဖြစ်၏။”(၁ တိမောသေ ၃:၁၅။ ယောဟန် ၄:၂၄။ ၈:၃၁၊ ၃၂ နှိုင်းယှဉ်။) ထိုသို့ဆိုလျှင် တစ်ဖန်မွေးဖွားခြင်းခံရသော ဘုရားသခင့်သားများ ကောင်းကင်၌အစိုးရ၍၊ မြေကြီးနှင့်ဆိုင်သော ဘုရားသခင်၏သားအားလုံး အံ့ချီးဖွယ်ပရဒိသုကမ္ဘာပေါ်၌ စုံလင်သည့်အဖြစ်သို့ ပြန်ရောက်ရှိမည့် အလွန်တောက်ပကြည်နူးဖွယ်အနာဂတ်ကို သင်မျှော်လင့်နိုင်မည်ဖြစ်သည်။ ထိုကြောင့် ထာဝရကောင်းချီးခံစားရမည့် ကမ္ဘာသစ်တွင် အသက်ရှင်ခွင့်ရရှိရေးကို လက်ခံယူ၍ဆုပ်ကိုင်ထားပါလေ။—ရောမ ၈:၁၉-၂၁။ ၂ ပေတရု ၃:၁၃။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
အာဒံအား ကောင်းကင် ၌အသက်ရှင်ခြင်း၊ သို့မဟုတ် ငရဲမီးတွင် ထာဝစဉ်ညှဉ်းဆဲခံရခြင်းတစ်ခုမဟုတ်တစ်ခုကို တစ်ခါမျှ မပေးခဲ့