ဝမ်းမြောက်ဖွယ်သတင်းဟူသည် အမှန်စင်စစ်အဘယ်နည်း
ခရစ္စမတ်ရာသီအတွင်း တိုင်းနိုင်ငံအများရှိလူတို့သည် ဝမ်းမြောက်ဖွယ်သတင်းဟူသောအသုံးအနှုန်းကို ကြားလေ့ကြားထရှိကြသည်။ ကိုယ်တိုင်ပင် အသုံးပြုတတ်ကြသည်။ ဤအသုံးအနှုန်းသည် အများသိဖြစ်သော်လည်း လူတို့ထင်မှတ်သည်ထက် ပိုမိုလေးနက်သောအဓိပ္ပာယ်ရှိပါသလော။ ဝမ်းမြောက်ဖွယ်သတင်းသည် သင်နှင့်သင့်ချစ်မြတ်နိုးသူများအတွက် ထူးခြားစွာအကျိုးပြုသောသတင်း ဖြစ်နိုင်ပါမည်လော။
“ဝမ်းမြောက်ဖွယ်သတင်း” ၏အဓိပ္ပာယ်မှာ “သတင်းကောင်း” ဖြစ်၍ သတင်းကောင်းကို ခရစ္စမတ်အချိန်တွင်သာမက မည်သည့်အချိန်၌မဆို ကြားလိုကြပါသည်။ သို့သော် မည်သည့်သတင်းကောင်းမဆိုသည် “ဤထူးမြတ်သောဝမ်းမြောက်ဖွယ်သတင်း” မဟုတ်ပါ။ ယင်းသည် သေချာသည့်ဇာစ်မြစ်တစ်ခုမှလာသော ထူးခြားသည့်အကြောင်းတစ်ခုနှင့်စပ်လျဉ်းသော အထူးသတင်းကောင်းတစ်ရပ်ဖြစ်သည်။ အမှန်အားဖြင့်ဆိုလျှင် လူအပေါင်းအားကြေညာရမည်ဟု ဘုရားသခင်မှာကြားထားသော သတင်းဖြစ်သည်။
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုမြို့၏ ဂိုဏ်းချုပ် အဲအိုယဲနီယို စားလက်စ်က “စိတ်ကူးအတိုင်းမဟုတ်ဘဲ ဝမ်းမြောက်ဖွယ်သတင်းနှင့်အညီ ပြုမူကျင့်ကြံသင့်သည်” ဟူ၍တိုက်တွန်းစဉ်က သတင်းကောင်းအကြောင်း ပြောဆိုခဲ့သည်။ ဂိုဏ်းချုပ်၏စကားများသည် မှန်ကန်ပါ၏။ သို့သော် ဝမ်းမြောက်ဖွယ်သတင်းနှင့်အညီ ကျင့်ကြံပြုမူရမည်ဆိုလျှင် ဝမ်းမြောက်ဖွယ်သတင်းကို သိရှိဖို့လိုပါသည်။ မည်သို့သိနိုင်မည်နည်း။ ဝမ်းမြောက်ဖွယ်သတင်းနှင့်အညီ ကျင့်ကြံပြုမူခြင်းကား မည်သို့အကျိုးပြုမည်နည်း။
ဝမ်းမြောက်ဖွယ်သတင်းကား အဘယ်နည်း
ဝမ်းမြောက်ဖွယ်သတင်း၏သဘောတရားကို မကြာခဏ အထင်မှားတတ်ကြပါသည်။ ၁၉၁၈ ခုနှစ်က အမေရိကန်နိုင်ငံရှိ ခရစ်တော်၏အသင်းတော်များ၏ ဖယ်ဒရယ်ကောင်စီအဖွဲ့က ယခုမရှိတော့သည့် နိုင်ငံပေါင်းချုပ်အသင်းကို ဘုရားနိုင်ငံတော်၏မြေကြီးဆိုင်ရာ နိုင်ငံရေးသရုပ်သကန်အဖြစ် ကြွေးကြော်ခဲ့ပြီး ယင်းသည် “ဝမ်းမြောက်ဖွယ်သတင်းမှ ဖြစ်ပေါ်လာသည်” ဟုဆိုခဲ့သည်။ ငြိမ်းချမ်းရေးရှိစေမည်ဟူသော ယင်းအဖွဲ့အစည်း၏ရည်ရွယ်ချက်သည် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ပျက်ပြားခဲ့သည်။ ကောင်စီသည် မှားယွင်းခဲ့ကြောင်း ထင်ရှားခဲ့ပါသည်။ နိုင်ငံပေါင်းချုပ်အသင်းသည် ဝမ်းမြောက်ဖွယ်သတင်းနှင့် လုံးဝမစပ်ဆိုင်ပါ။
များမကြာမီက လွတ်မြောက်ရေးဘာသာဝါဒပညာရပ်ကို ကမကထပြုသူများသည် နိုင်ငံရေး၊ သို့မဟုတ် လူမှုရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ မိမိတို့အကြံအစည်များကို အဆိုတင်သွင်းကြသည့်အခါ ဝမ်းမြောက်ဖွယ်သတင်းကို အများအပြားထည့်သွင်းပြောဆိုကြသည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် ဝမ်းမြောက်ဖွယ်သတင်းအစစ်အမှန်ကို ဥပေက္ခာပြုကြပါသည်။ ဗေဇာခေါ်ဘရာဇီးမဂ္ဂဇင်းက ဤသို့ဆိုသည်။ “ချာ့ချ်သည် အသင်းသားများ၏ ဝိညာဏလိုအပ်ရာများကို လျစ်လျူရှုကာ လူမှုရေးနိုင်ငံတော်ကို စတင်အာရုံပြုကြပြီ။ တရားဟောပြောချက်တစ်ခုတွင် ဘုရားသခင်ဟူသောစကားလုံးကို ကြားနာလိုသူများသည် ယင်းအစား ဆက်ဆံရေးဆိုင်ရာမတရားမှုများကို အာဝဇ္ဇန်းရွှင်ရွှင်ကန့်ကွက်သော အခြေအတင်စကားများကိုသာ ကြားလေ့ကြားထရှိကြသည်။”
နေထိုင်မှုအဆင့်အတန်း တိုးမြင့်လာခြင်း၊ နိုင်ငံရေးစနစ် အပြောင်းအလဲရှိခြင်းသတင်းသည် အချို့သူများအတွက် သတင်းကောင်းဖြစ်ပေလိမ့်မည်။ သို့သော် ဤထူးမြတ်သောသတင်းကောင်း၊ ဤထူးမြတ်သောဝမ်းမြောက်ဖွယ်သတင်းသည် ယင်းသတင်းမျိုးမဟုတ်ပါ။ ဝမ်းမြောက်ဖွယ်သတင်းအစစ်အမှန်ကို မိမိအသင်းတော်ဟောပြောရန်ပျက်ကွက်နေခြင်းအကြောင်း ဂိုဏ်းအုပ်တစ်ဦး ဤသို့ဝန်ခံပါသည်။ “ကျွန်ုပ်တို့၏ခံယူချက်သို့ ရုပ်ဝါဒဝင်လာခဲ့သည့် ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက အသင်းသားများ၏ဝိညာဏသွန်သင်မှုကို လျစ်လျူရှုထားခဲ့ကြပြီ။”
ပရိုတက်စတင့်များလည်း ဝမ်းမြောက်ဖွယ်သတင်းကို မျက်ခြည်ပြတ်ပြီဟု Time ဟူသည့် ယူအက်စ်သတင်းစဉ်မဂ္ဂဇင်းပါ သတင်းတစ်ရပ်ကဆိုသည်။ ယင်းမဂ္ဂဇင်းက ဤသို့သတိပြုစေသည်။ “တရားနာပရိသတ် သဘောပေါက်ဖို့မဆိုထားနှင့် ဟောပြောနေသည့်တရားကိုပင် ရိုးရာဘာသာဂိုဏ်းဂဏများသည် မသေမချာဖြစ်နေကြပါသည်။” အဘယ်တရားစကားများဖြစ်သင့်သနည်း။ ဝမ်းမြောက်ဖွယ်သတင်းမည်သည် အဘယ်နည်း။
ဝမ်းမြောက်ဖွယ်သတင်းကို ခွဲခြားသိမြင်ခြင်း
Webster’s Ninth New Collegiate Dictionary က “ဝမ်းမြောက်ဖွယ်သတင်း” သည် “ခရစ်တော်အကြောင်း၊ ဘုရားသခင့်နိုင်ငံတော်နှင့် ကယ်တင်ခြင်းအကြောင်းဆိုင်ရာ သတင်းတရားဖြစ်သည်” ဟူ၍အနက်ဖော်ပြထားသည်။ “ဝမ်းမြောက်ဖွယ်သတင်း” ကို “ခရစ်ယာန်တရား (လူမှုရေးဝမ်းမြောက်ဖွယ်သတင်း) ၏အဓိပ္ပာယ်ရှင်းလင်းဖော်ပြချက်၊” “ဘာသာရပ်ဆရာ၏တရားစကား၊ သို့မဟုတ် သွန်သင်ချက်များ” ဟူ၍လည်း အနက်ဖွင့်ကြသည်။ ဤရှင်းလင်းချက်အားလုံးသည် သက်ဆိုင်ပါသလော။ ဤထူးမြတ်သောဝမ်းမြောက်ဖွယ်သတင်းအကြောင်း ပြောဆိုနေမည်ဆိုလျှင် မသက်ဆိုင်သည်ကား အမှန်ပင်။ ဝမ်းမြောက်ဖွယ်သတင်းအစစ်အမှန်သည် သမ္မာကျမ်းစာကိုအခြေခံထားသည်။ ယင်းကြောင့် ထိုအနက်ဖွင့်ဆိုချက်သုံးခုတို့အနက် ပထမတစ်ခုသာ မှန်ကန်ပါသည်။ နောက်ဆုံးအနက်ဖွင့်ချက်နှစ်ခုမူကား “ဝမ်းမြောက်ဖွယ်သတင်း” ဟူသောအသုံးအနှုန်းကို ယနေ့အသုံးပြုလေ့ပြုထရှိပုံကို ဖော်ပြခြင်းမျှဖြစ်သည်။
ဤတင်ပြချက်နှင့်အညီ Vine’s Expository Dictionary of New Testament Words ကခရစ်ယာန်ဂရိကျမ်းစာစောင်များ (“ဓမ္မသစ်ကျမ်း”) တွင် ဝမ်းမြောက်ဖွယ်သတင်းမည်သည် “ဘုရားသခင့်နိုင်ငံတော်နှင့် ခရစ်တော်အသေခံပေးတော်မူခဲ့ခြင်းအပေါ်အခြေခံလျက် ယုံကြည်မှသာလျှင် ကိုယ်တော်မှတစ်ဆင့်ရရှိနိုင်မည့် ကယ်တင်ခြင်းသတင်းကောင်းကို ဆိုလိုပါသည်။ ကျွန်ုပ်တို့၏မျက်မှောက်နှင့်အနာဂတ်အကျိုးကျေးဇူးနှင့် စစ်မှန်သောသတင်းကောင်းသည် များစွာသက်ဆိုင်နေသည့်အတွက် ယင်းကိုတိကျမှန်ကန်စွာ သဘောပေါက်နားလည်ရန် အရေးကြီးသည်။
ထူးခြားသောသတင်းတရား
အထက်ပါစာအုပ် ကိုးကားပြသည့်အတိုင်း ဝမ်းမြောက်ဖွယ်သတင်းသည် ယေရှုခရစ်နှင့်အလွန်ဆက်စပ်နေသဖြင့် ကမ္ဘာပေါ်ကိုယ်တော်သက်တော်ထင်ရှားခြင်းအကြောင်းကို မှတ်တမ်းတင်ထားသည့် ကျမ်းစာစောင်လေးစောင်ကို ဝမ်းမြောက်ဖွယ်သတင်း (ခရစ်ဝင်ကျမ်း၊ မြန်မာ) လေးကျမ်းဟု ခေါ်ဆိုထားသည်။ လူသားအဖြစ် ယေရှုသက်တော်တည်စကတည်းက ကိုယ်တော်၏အကြောင်းသည် အမှန်ပင်သတင်းကောင်းဖြစ်ပါသည်။ ကိုယ်တော်မွေးဖွားကြောင်း ကြေညာချိန်တွင် ကောင်းကင်တမန်တစ်ပါး ဤသို့ဆိုပါသည်။ “လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသိတင်းကို ငါသည် သင်တို့အားကြားပြောရ၏။ ယနေ့တွင် . . . သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကိုခံတော်မူပြီ။”—လုကာ ၂:၁၀၊ ၁၁။
ဖွားခါစယေရှုသည် ကတိထားတော်မူရာမေရှိယတည်းဟူသော ခရစ်တော်အဖြစ်သို့ ကြီးပြင်းလာမည်ဖြစ်သည်။ ကိုယ်တော်သည် ကယ်တင်ခြင်းအလိုငှာ ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို ဖော်ပြလိမ့်မည်၊ စုံလင်သော လူ့အသက်တာကို လူသားတို့အကျိုးအလို့ငှာ စွန့်လွှတ်တော်မူလိမ့်မည်၊ ရှင်ပြန်ထမြောက်တော်မူမည်၊ ထိုနောက် ဘုရားသခင့်နိုင်ငံတော်ကိုအုပ်စိုးရန် ရွေးချယ်ခံရသောဘုရင် ဖြစ်လာပါလိမ့်မည်။ အမှန်ပင် သတင်းကောင်း ဖြစ်ပါသည်တကား။ ယင်းကြောင့်လည်း ကိုယ်တော့်အကြောင်းကို ဝမ်းမြောက်ဖွယ်သတင်းဟုခေါ်ဆိုခြင်းဖြစ်သည်။
ကမ္ဘာပေါ် ယေရှုဓမ္မအမှုဆောင်ရွက်ခဲ့သည့် အချိန်တိုလေးအတွင်း ကိုယ်တော်သည် ဇွဲလုံ့လဖြင့် သတင်းကောင်းဟောပြောတော်မူခဲ့သည်။ ရှင်မဿဲခရစ်ဝင်ကျမ်း၌ ဤသို့ဖတ်ရသည်။ “ယေရှုသည် တရားဇရပ်တို့၌ ဆုံးမသြဝါဒပေးလျက် နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရား (သတင်းကောင်း၊ ကဘ) ကိုဟောလျက် မြို့ရွာရှိသမျှတို့ကိုဒေသစာရီလှည့်လည်တော်မူ၏။” (မဿဲ ၉:၃၅) လူတို့အား သက်သောင့်သက်သာရှိစေရန်အတွက်သာ ကိုယ်တော်ဟောပြောတော်မူခဲ့သည်မဟုတ်။ “အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရား (သတင်းကောင်း၊ ကဘ) ကိုယုံကြည်ကြလော့” ဟုယေရှုမိန့်တော်မူခဲ့ကြောင်း မာကုမှတ်တမ်းတင်ထားပါသည်။ (မာကု ၁:၁၅) မှန်ပေသည်။ သတင်းကောင်းကိုလက်ခံနာယူ၍ ကျင့်သုံးသူတို့သည် မိမိတို့ဘဝအသက်တာကို ယင်းက ပြောင်းလဲခဲ့ကြောင်းတွေ့ရှိကြသည်။
ယေရှုသေလွန်ပြီးနောက် တပည့်တော်များသည် ဝမ်းမြောက်ဖွယ်သတင်းကို ဆက်ဟောပြောကြသည်။ ဘုရားသခင့်နိုင်ငံတော်အကြောင်း သူတို့ပြောဆိုရုံမက ယေရှုသည် ဘုရားသခင်၏လက်ယာဘက် ကောင်းကင်အရပ်သို့ ရှင်ပြန်ထမြောက်တော်မူပြီဖြစ်၍ လူတို့အကျိုးအလို့ငှာ ကိုယ်တော်၏စုံလင်သောလူ့အသက်တာ၏တန်ဖိုးကို ဆက်သတော်မူပြီဖြစ်ကြောင်း အားရရွှင်လန်းဖွယ်သတင်းကို ထည့်ပြောဆိုကြပါသည်။ ဘုရားသခင်၏နိုင်ငံတော်ဘုရင်အနေနှင့် ကမ္ဘာတစ်ခွင်ကိုအုပ်စိုးရန် ရွေးချယ်ခံရသူဖြစ်ရာ ကိုယ်တော်သည် ဘုရားသခင့်ရန်သူများကိုဖျက်ဆီးပြီး ကမ္ဘာမြေကြီးကို ပရဒိသုအဖြစ်သို့ ပြန်လည်တည်ထောင်ပေးမည့် ဘုရားသခင့်ကိုယ်စားလှယ်တော်ဖြစ်လိမ့်မည်။—တမန်တော် ၂:၃၂-၃၆။ ၂ သက်သာလောနိတ် ၁:၆-၁၀။ ဟေဗြဲ ၉:၂၄-၂၈။ ဗျာဒိတ် ၂၂:၁-၅။
ယနေ့ ထိုသတင်းကောင်းကို ဖြည့်စွက်တင်ပြနိုင်စရာအကြောင်းရှိပါသည်။ ပြည့်စုံလာသည့်ပရောဖက်ပြုချက်များ၏သာဓကအရ ယခုယေရှုသည် နန်းထိုင်တော်မူပြီး ဤအစီအစဉ်စနစ်၏အဆုံးတွင် ကျွန်ုပ်တို့အသက်ရှင်နေကြပါသည်။ (၂ တိမောသေ ၃:၁-၅။ ဗျာဒိတ် ၁၂:၇-၁၂) ဘုရားသခင့်ရန်သူများကို ကိုယ်တော်၏နိုင်ငံတော် တရားစီရင်မည့်အချိန်သည် အလျင်အမြန်နီးကပ်လာနေပါသည်။ ဤသတင်းထက် သာ၍ကောင်းသောသတင်း ရှိနိုင်ပါဦးမည်လော။
ဝမ်းမြောက်ဖွယ်သတင်းသည် မည်မျှတန်ခိုးပါကြောင်း နောက်ဆက်တွဲဆောင်းပါးတွင် တွေ့ရှိကြရမည်။ ယင်းက နတ်ဝိဇ္ဇာအတတ်တွင်ကျော့မိသူအမျိုးသမီးတစ်ဦးအား လွတ်မြောက်စေခဲ့သည်။ လုယက်မှုကြောင့်ထောင်ကျနေသူအမျိုးသားတစ်ဦးအား ပျော်ရွှင်မှုရရှိစေခဲ့ပြီ။ အသင်လည်း သတင်းကောင်းကို နာယူကျင့်သုံးမည်ဆိုလျှင် များစွာအကျိုးခံစားရလိမ့်မည်။