ဝမ်းမြောက်ဖွယ်သတင်းသည် သင့်အား မည်သို့အကျိုးပြုနိုင်သနည်း
သမ္မာကျမ်းစာ၏ စာပေကျမ်းဂန်ပြောင်မြောက်မှုကြောင့် ယင်းကို ဘုရားမဲ့ဝါဒီများပင်လျှင် များစွာတန်ဖိုးထားကြပါသည်။ သို့သော် ယင်းအတိုင်းလိုက်လျှောက်နာခံရန် ဖတ်ရှုလေ့လာသူတို့ကား အနည်းအကျဉ်းသာရှိသည်။ ထို့ပြင် ကျမ်းစာပါသတင်းကောင်းသည် နှစ်ပေါင်းနှစ်ထောင်နီးပါးကာလကဖြစ်သည့်အတွက် ယင်းကိုခေတ်အလိုက်ဖြစ်အောင်၊ ခေတ်မီအောင် ပြုလုပ်ပေးသင့်သည်ဟု လူအများယူမှတ်ပုံရှိသည်။ ဝမ်းမြောက်ဖွယ်သတင်းသည် ရှေးကျပါသလော။ သို့မဟုတ် ခေတ်ကုန်သွားပြီလော။ လုံးဝမဟုတ်ပါ။
သမ္မာကျမ်းစာမှရရှိသောအကူအညီကို တန်ဖိုးမဖြတ်နိုင်ဟုယူမှတ်သူ သက်ကြီးသက်ငယ် အမျိုးသားအမျိုးသမီး သန်းပေါင်းများစွာရှိပါသည်။ Today’s English Version ၏စကားဦးတွင် ဖတ်ရသည်အတိုင်းပင်ဖြစ်သည်။ “သမ္မာကျမ်းစာသည် စုံမက်လေးမြတ်ထိုက်ရုံမျှ ပြောင်မြောက်သောစာပေသာမဟုတ်ဘဲ နေရာတိုင်းရှိ လူအပေါင်း သဘောပေါက်နားလည်၍ နေ့စဉ်အသက်တာတွင် ကျင့်သုံးရမည့်ကောင်းမြတ်သောသတင်းဖြစ်သည်။”
ဝမ်းမြောက်ဖွယ်သတင်းသည် သင့်အဖို့အဘယ်အဓိပ္ပာယ်ရှိသနည်း။ သင့်နေ့စဉ်ဘဝအသက်တာတွင် ယင်းကို လမ်းပြအဖြစ် အသုံးပြုပါသလော။ ပထမရာစုက သတင်းကောင်းကို နာယူကျင့်သုံးခဲ့သူအချို့နှင့် ကျွန်ုပ်တို့ခေတ်တွင် ယင်းမှ အကျိုးခံစားခဲ့ရသူအချို့အကြောင်း သုံးသပ်ကြည့်ကြစို့။
ဝမ်းမြောက်ဖွယ်သတင်းကြောင့် ကူညီမစခံရသူများ
ယေရှုခေတ်က ဝီရိယရှိသောတံငါများနှင့် အိမ်ရှင်မ အစရှိသူများသည် သတင်းကောင်းကြောင့်ဆွဲဆောင်ခံခဲရပြီး လူသားအဖို့ ဘုရားသခင်၏ရည်ရွယ်ချက်မှန်ကို သိရှိလာခဲ့ကြသည်။ သတင်းကောင်းသည် သူတို့ဘဝကို လုံးလုံးပြောင်းလဲစေခဲ့၍ အကြီးအကျယ်စိတ်သက်သာမှုပေးလေ့ရှိသည်။ ဥပမာ၊ မာဂဒလမာရိသည် နတ်ဆိုးဘေးမှကင်းလွတ်ခဲ့သည်။ ယခင်ကအခွန်ခံချုပ်ဖြစ်ခဲ့သူ ဇက္ခဲသည် သူ၏လောဘရမ္မက်လမ်းစဉ်ကို စွန့်လွှတ်ခဲ့သည်။ (လုကာ ၈:၂။ ၁၉:၁-၁၀) မျက်စိကန်းသူ၊ နူနာစွဲသူများသည် သတင်းကောင်းဟောပြောသူယေရှုထံ လာကြသောအခါ ကူညီမစမှုခံခဲ့ရကြသည်။ (လုကာ ၁၇:၁၁-၁၉။ ယောဟန် ၉:၁-၇) “မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကို ကြားရကြ၏” ဟုယေရှုအမှန်အတိုင်း ပြောဆိုနိုင်တော်မူသည်။—မဿဲ ၁၁:၅။
သူတို့ ကုသခံရခြင်းထက်အရေးကြီးသည်ကား ထိုအရေးနိမ့်သူများအား သတင်းကောင်းက ပြုပြင်ပြောင်းလဲပေးနိုင်ခြင်းဖြစ်သည်။ ရိုးသားသောနှလုံးရှိသူများသည် အနာဂတ်အတွက် မျှော်လင့်ချက်ရှိလာကြသည်။ လူမှုဆက်ဆံရေးဆိုင်ရာ မည်သည့်ဝမ်းမြောက်ဖွယ်သတင်းထက်မဆို သာ၍ကောင်းမြတ်သော ဘုရားသခင့်နိုင်ငံတော်ကို သူတို့မှီခိုအားထားကြသည်။ (မဿဲ ၄:၂၃) ယေရှုသေဆုံးသွားသည့်အတွက် သူတို့၏မျှော်လင့်ချက် မပျောက်ပျက်သွားခဲ့ပါ။ ထိုသို့ဖြစ်ပျက်ပြီးနောက် အဖြစ်သနစ်များကို တမန်တော် ၅:၄၂ ကတပည့်တော်များနှင့်စပ်လျဉ်း၍ ဤသို့ဆိုသည်။ “ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက် ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] ကိုမပြတ်ဟောပြောလျက်နေကြ၏။” ပထမရာစုတွင် ဤသို့ဟောပြောခြင်းကို လက်သင့်ခံခဲ့သောကြောင့် နိုင်ငံများစွာရှိ လူအပေါင်းတို့သည် ဝိညာဏအကူအညီရရှိခဲ့ကြသည်။
ဘုရားသခင့်နိုင်ငံတော်အကြောင်းသည် ထိုစဉ်က အကောင်းတကာ့အကောင်းဆုံးသတင်းဖြစ်ခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်အကြောင်းသည် သတင်းကောင်းဖြစ်ဆဲလော။
သတင်းကောင်းသည် ယနေ့အဘယ်အဓိပ္ပာယ်ရှိသနည်း
ငြိမ်းချမ်းသာယာ၊ လုံခြုံမှုရှိသောကမ္ဘာကို အသင်တမ်းတမည်ဆိုလျှင် ဘုရားသခင့်နိုင်ငံတော်သတင်းသည် အမှန်ပင်သတင်းကောင်းဖြစ်မည်။ အမှန်မှာ၊ လူတိုင်းကိုခြိမ်းခြောက်နေသည့်စိုးရွံ့ဖွယ်ရောဂါဆိုးများ၊ ထိတ်လန့်ဖွယ်ကောင်းအောင်ရာဇဝတ်မှုတိုးမြင့်လာခြင်း၊ တိုးများလာနေသည့်နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုနှင့် အာဟာရချို့တဲ့၍ငတ်ပြတ်နေသူ သန်းပေါင်းများစွာရှိသည့်လောကတွင် ယင်းသည် တစ်ခုတည်းသော စစ်မှန်၍တည်မြဲသည့် သတင်းကောင်းဖြစ်သည်။ တိုးတက်မှုအစစ်အမှန်ပေးမည့် တစ်ခုတည်းသောမျှော်လင့်ချက်ကို ယင်းကဖော်ပြနေခြင်းဖြစ်သည်။
ထိုကြောင့် ကျွန်ုပ်တို့ခေတ်အကြောင်း ယေရှုဤသို့ပရောဖက်ပြုတော်မူသည်။ “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း [ဘုရား] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] ကိုလောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ယေဟောဝါသက်သေများ သတင်းကောင်းဟောပြောကြစဉ် ဤစကားများသည် ထူးခြားဖွယ်နည်းဖြင့် ပြည့်စုံနေပါသည်။ ကက်သလစ်စာစောင်ဖြစ်သည့် Nova Evangelização 2000 တွင်ယေဟောဝါသက်သေများကို ဤသို့ချီးမွမ်းထားသည်။ “ယေဟောဝါသက်သေများကို အဘယ်နေရာတွင် တွေ့ရှိနိုင်သနည်း။ အိမ်တံခါးဝများ၌ ဖြစ်သည်။ ယေဟောဝါသက်သေတစ်ဦးဖြစ်ဖို့ရန် ယေဟောဝါနှင့်ဆိုင်သူဖြစ်ရုံမက သက်သေခံသူဖြစ်ရသည်။ ထိုကြောင့် သူတို့အလုပ်ကြိုးစားပြီး သူတို့၏တွေ့ကြုံမှုကို ကြေညာပြောဆိုလျက်နေကြသည်ကို တွေ့ရှိကြရသည်။”
သို့ရာတွင် သတင်းကောင်းမှ မည်သူမျှ အလိုအလျောက်အကျိုးမခံစားရပါ။ ကြားနာပြီးနောက် လိုက်လျှောက်သူအားသာ အကျိုးပြုပါလိမ့်မည်။ ဤအချက်ကိုသရုပ်သကန်ပေါ်ရန် မျိုးစေ့ကြဲသောသူ ပုံဥပမာကို ယေရှုပေးခဲ့ပါသည်။ မျိုးစေ့ကျသောမြေအမျိုးအစားတို့သည် သတင်းကောင်းကိုကြားနာသူတို့၏ နှလုံးထားအမျိုးမျိုးကိုရည်မှတ်ခြင်းဖြစ်သည်။ ယေရှု ဤသို့ဆိုသည်။ “[ဘုရား] နိုင်ငံတော်၏တရားစကားကို ကြား၍နှလုံးမသွင်းသည်ရှိသော် နတ်ဆိုးလာ၍ နှလုံး၌ကြဲသောအစေ့ကိုနှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။ . . . ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။”—မဿဲ ၁၃:၁၈-၂၃။
ပထမရာစုကကဲ့သို့ပင် ယနေ့လူအများသည် သတင်းကောင်းကိုနားလည်ရန် မကြိုးစားကြချေ။ သဘောမပေါက် နားမလည်ကြသောကြောင့် သူတို့များစွာဆုံးရှုံးသည်။ အခြားသူများမူ သတင်းကောင်းကိုတန်ဖိုးထားလေးမြတ်ကြသဖြင့် ဘုရားသခင်၏အလိုတော်နှင့်အညီ အသက်ရှင်နေထိုင်တတ်လာကြသည်။ ဤနည်းဖြင့် သူတို့ကောင်းချီးခံစားကြရသည်။ အသင်သည် အဘယ်လူတန်းစားအဝင်ဖြစ်သနည်း။
ယနေ့ဝမ်းမြောက်ဖွယ်သတင်း၏ စွမ်းဆောင်မှု
“မျှော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့နေကြ” သူများအား သတင်းကောင်းကို သဘောပေါက်နားလည်ခြင်းက ကူညီပေးကြောင်း တွေ့ကြုံမှုများကသက်သေထူသည်။ (ဧဖက် ၂:၁၂။ ၄:၂၂-၂၄) ရီယိုဒီဂျနေရိုမြို့မှ ရိုဘာတိုသည် အကူအညီလိုအပ်နေသည်။ ငယ်စဉ်ကပင် မူးယစ်ဆေးဝါးကို တလွဲသုံးခြင်း၊ စာရိတ္တပျက်ပြားခြင်းနှင့်ခိုးမှုများပြုခဲ့ရာ ဘဝပျက်စီးနေသူဖြစ်သည်။ နောက်ဆုံး အကျဉ်းထောင်ကျလေတော့သည်။ ထိုတွင် လည်ပတ်လာသောသက်သေခံတစ်ဦးနှင့် ရိုဘာတိုသည် ကျမ်းစာလေ့လာခဲ့သည်။ ဝိညာဉ်ရေးဘက်အလွန်တိုးတက်လာခဲ့သောကြောင့် သူ၏ထောင်သက်တမ်းကို များစွာလျှော့ပေးခံခဲ့ရသည်။
ထောင်မှထွက်လာပြီးနောက် သေနတ်နှင့်တစ်ချိန်က ရိုဘာတိုခြိမ်းခြောက်၍လုယူတိုက်ခိုက်ခဲ့သော အမျိုးသမီးလေးတစ်ဦးကို ပြန်တွေ့ဆုံခဲ့သည်။ သူမလည်း ယေဟောဝါသက်သေများနှင့် သမ္မာကျမ်းစာကိုလေ့လာနေပါသည်။ မည်သို့ဖြစ်ပျက်သနည်း။ အောက်ပါစကားများသည် အဖြစ်အပျက်ကိုဖော်ပြသည့်စာ အဝင်ဖြစ်သည်။ “လက်ရောက်မှုပြုပြီးနောက် ဘုရားနိုင်ငံတော်ခန်းမတွင် သူတို့ပထမအကြိမ်ပြန်တွေ့ဆုံခဲ့ကြသည်။ သူတို့တွေ့ဆုံပုံသည် စိတ်ထိခိုက်စရာပင်ဖြစ်သည်။ နှစ်ဦးစလုံးတို့သည် စိတ်လှုပ်ရှားစွာဖြင့်မျက်ရည်များကျကြပြီး ညီအစ်ကို၊ ညီအစ်မအဖြစ် ပွေ့ပိုက်ကြသည်။ ယခုအခါတွင် တစ်ချိန်ကသူခိုးဖြစ်ခဲ့ဖူးသူနှင့် သူ့သားကောင်ဖြစ်ခဲ့ဖူးသူ နှစ်ဦးစလုံးတို့သည် ယေဟောဝါကိုချီးမွမ်းထောမနာပြုသူများ ဖြစ်နေကြပါသည်။”
အခြားသူတစ်ဦးဖြစ်သူ အစ္စဘဲလ်သည် စိတ်မာန်ကြီးသူဖြစ်ကြောင်း အများသိထားရာ အကူအညီလိုအပ်နေသူဖြစ်သည်။ သူမသည် နတ်ဝိဇ္ဇာအတတ်၊ ပြုစားသည့်အတတ်၌ကျင်လည်သူဖြစ်၍ နတ်ဆိုးအနှောင့်အယှက်ကို ခံနေရ၏။ ယေဟောဝါသက်သေများနှင့် သမ္မာကျမ်းစာလေ့လာရာတွင် သတင်းကောင်းသည် တကယ်အကူအညီပေးကြောင်း သူမသိရှိခဲ့သည်။ အတန်ကြာသော် နတ်ဆိုးဩဇာအောက်မှ ရုန်းကန်၍ထွက်နိုင်ရုံမက သူ၏ဒေါသအမျက်ကိုပါချုပ်ထိန်းနိုင်သည်အထိ မိမိဥပဓိရုပ်ကို ပြောင်းလဲခဲ့သည်။ ယခုသူမသည် သစ္စာရှိခရစ်ယာန်တစ်ဦးဖြစ်နေ၍ သူတစ်ပါးအပေါ် ကြင်နာမှုရှိသူအဖြစ် ယူမှတ်ခံနေရသည်။
မှန်သည်၊ သတင်းကောင်းသည် သီအိုရီမျှမဟုတ်ပါ။ ဘဝကို ပြုပြင်ပြောင်းလဲပေးနိုင်သည်အထိ တကယ်တန်ခိုးပါပါသည်။ (၁ ကောရိန္သု ၆:၉-၁၁) ထိုထက်မကပင်စွမ်းဆောင်နိုင်ပါသေးသည်။ အနာဂတ်ကောင်းချီးများကိုလည်း ညွှန်ပြပေးပါသည်။
ရှေ့တွင်ရှိသေးသည့် ကောင်းချီးများ
ဘုရားသခင့်နှုတ်ကပါဌ်တော်အတိုင်းဆိုလျှင် အနာဂတ်တွင် အံ့ဖွယ်ကောင်းသော မျှော်လင့်ရာများစွာရှိသည်။ ယေရှု၏ဆုတောင်းချက်အတိုင်း ဘုရားသခင်၏ နိုင်ငံတော်တည်ထောင်လာပြီး အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံလာမည်ကို တွေ့ရှိကြရမည်။ (မဿဲ ၆:၁၀) များမကြာမီ စိတ်ပျက်စရာဖောက်ပြန်ပျက်စီး၍ အဓမ္မမှုထူပြောသော လက်ရှိအစီအစဉ်စနစ်သည် သုတ်သင်ရှင်းလင်းခံရပြီး ဘုရားသခင်၏ကောင်းကင်အစိုးရဖြစ်သော ကိုယ်တော်၏နိုင်ငံတော်သည် သတင်းကောင်းကိုကြားနာ၍ လိုက်လျှောက်နာခံလိုသူ၊ စိတ်နှလုံးမှန်ကန်သူတို့ကို အုပ်စိုးပါလိမ့်မည်။—ဒံယေလ ၂:၄၄။
စိတ်နှိမ့်ချသူများ ထာဝစဉ်နေထိုင်မည့်ပရဒိသုအဖြစ်သို့ ကမ္ဘာကိုပြုပြင်ပြောင်းလဲပေးရန် သစ္စာရှိသူတို့အားညွှန်ကြားရာတွင် လုံးဝတိုးတက်ကောင်းမွန်လာပါလိမ့်မည်။ (ဆာလံ ၃၇:၁၁၊ ၂၉) ရာဇဝတ်မှု၊ ရောဂါဘယ၊ ငတ်မွတ်ခြင်းဘေး၊ လေထု၊ ရေထုညစ်ညမ်းမှုနှင့်စစ်မှုတို့ ထာဝစဉ်ပပျောက်မည်ကား သတင်းကောင်းအမှန်ပင်ဖြစ်သည်။ ဖျားနာခြင်း၊ သေခြင်းမရှိရတော့ဘဲ ကျန်းမာရေးညီညွတ်စွာဖြင့် ထိုကမ္ဘာသစ်တွင် သင်နှင့်သင့်မိသားစုသည် ငြိမ်းချမ်းသာယာစွာနေထိုင်ခြင်းကို သင်မြင်ယောင်နိုင်ပါသလော။—ဗျာဒိတ် ၂၁:၄။
ဤသို့သောသတင်းကောင်းကို များစွာသောသူတို့က စိတ်ကူးယဉ်ခြင်းဟု ယူမှတ်ကြသော်လည်း သူတို့မှားနေပါသည်။ ဤသတင်းကောင်းသည် အခိုင်လုံဆုံးသာဓကပေါ် အခြေခံ၍ သန်းပေါင်းများစွာသောသူတို့၏အသက်တာကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီ။ ထိုကြောင့် အခြားသူတို့သည် မယုံမကြည်ဖြစ်ကြမည်ဆိုလျှင် ဘယ်သောအခါမျှ မမှုပါနှင့်။
ဖွံ့ဖြိုးဆဲအရပ်ဒေသတစ်ခုတွင် မြေကွက်ဝယ်ကာ ဤသို့အရင်းအနှီးမြှုပ်နှံမှုမှ အမြတ်ရရန်မျှော်လင့်သော အမြော်အမြင်ရှိသူတစ်ဦးကိုစဉ်းစားလိုက်ပါ။ ဤသို့ငွေအရင်းနှီးမြှုပ်နှံသည့်အတွက် သူ့အားအပြစ်ဆိုကြမည်လော။ မဆိုပါ။ သူ့အားပညာရှိဟူ၍ပင် ခေါ်ကြလိမ့်မည်။ သို့ဖြစ်လျှင် ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ အမြော်အမြင်ရှိကာ သတင်းကောင်း၌ မြှုပ်နှံပါလေ။ သတင်းကောင်းကိုလက်ခံခြင်းသည် ကယ်တင်ခြင်းရနိုင်စရာအကြောင်းဖြစ်သည့်အတွက် အခြားမည်သည့်ရင်းနှီးမြှုပ်နှံမှုမျှ ဤမျှလောက် သာ၍ကောင်းသောအကျိုးအမြတ်ပေါ်စေမည်မဟုတ်ပါ။—ရောမ ၁:၁၆။
သတင်းကောင်း၌ မည်သို့အရင်းအနှီးမြှုပ်နှံနိုင်မည်နည်း။ ဦးဆုံး ဘုရားသခင်၏ သွန်သင်မှုကိုခံယူလိုစိတ်ရှိပါ။ ထိုနောက် တတ်သိလာသည်အတိုင်း ကျင့်ကြံပြုမူပါ။ ရှေးဟေဗြဲပရောဖက်တစ်ပါး စာရင်းရေးဆွဲခဲ့သည့် အခြေခံလိုအပ်ချက်များကို လိုက်နာဆောင်ရွက်ပါ။ “တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင်နှင့်အတူသွားလာရာ၌ ကျိုးနွံလျက်နေခြင်းမှတစ်ပါး အဘယ်အရာကိုယေဟောဝါတောင်းတော်မူသနည်း။” (မိက္ခာ ၆:၈၊ ကဘ) ဘုရားသခင်နှင့်အတူသွားလာတတ်ရန် အချိန်ပေးပြီး ကြိုးစားအားထုတ်ဖို့လည်း လိုပါသည်။ မည်သို့ဆိုစေ ရိုဘာတိုနှင့်အစ္စဘဲလ်တို့ကိုကူညီပေးခဲ့သော ယေဟောဝါသက်သေများသည် နှစ်ချီ၍ သန်းပေါင်းများစွာသောသူတို့ကို ကူညီပေးခဲ့ကြသည်နည်းတူ ဘုရားသခင်နှင့်အတူသွားလာတတ်ရန် သင့်အားလည်းကူညီပေးလိုကြပါသည်။
ဘုရားသခင်၏ကတိတော်များပြည့်စုံလာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ် သတင်းကောင်းနှင့်အညီအသက်ရှင်ခြင်းအားဖြင့် သင့်ရင်းနှီးမြှုပ်နှံမှုကို တိုးပွားအောင်ပြုလုပ်ပေးပါ။ ဤသို့အားဖြင့် စိတ်၏ငြိမ်သက်မှုကိုခံစားရခြင်း၊ ဘုရားသခင်နှင့်တရင်းတနှီးဆက်ဆံခြင်းကို တည်ဆောက်ပေးပါ။ သင့်ရင်းနှီးမြှုပ်နှံမှုအတွက် စိုးရိမ်စရာအကြောင်း လုံးဝမရှိပါ။ မည်သည့်စီးပွားရေးကျဆင်းမှု၊ သို့မဟုတ် နိုင်ငံရေးတော်လှန်မှုမဆို ယင်းကိုဆုံးရှုံးပျက်ပြားစေနိုင်မည်မဟုတ်ပါ။ နောက်ဆုံးတွင် သင့်အတွက် ဝမ်းသာအားရစရာအကျိုးအမြတ်ထွက်စေမည်။ ထိုအကျိုးအမြတ်ကား အဘယ်နည်း။ တမန်တော်ယောဟန်က ဤသို့ရေးသားပါသည်။ “လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား နိစ္စထာဝရတည်၏။”—၁ ယောဟန် ၂:၁၇။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သတင်းကောင်းမျိုးစေ့သည် မြေအမျိုးမျိုးပေါ်ကျ
[Credit Line]
Garo Nalbandian