ကောင်းမှုတစ်ဖက်၌ ဆိုးသွမ်းမှု—ခေတ်တစ်လျှောက်တိုက်ပွဲ
လွန်လေပြီးသောအချိန်ကရုပ်ရှင်များတွင် “လူကောင်း” သည် ဆိုးသွမ်းမှုရှိသမျှကို အမြဲအနိုင်ယူလေ့ရှိသည်။ သို့သော် တကယ့်အဖြစ်အပျက်တွင်မူကား ထိုမျှမလွယ်ကူပါ။ လူ့လောကတွင် ဆိုးသွမ်းမှုသာ အသာစီးရလေ့ရထဖြစ်နေပုံရှိသည်။
ညစဉ်ညတိုင်း လွှင့်ပေးသည့်သတင်းတို့သည် စိုးရိမ်ထိတ်လန့်ဖွယ်ရာချည်းသာဖြစ်သည်။ အမေရိကန်နိုင်ငံ မြောက်ဘက်တွင် မီလ်ဝါကီအမျိုးသားတစ်ဦးသည် လူ ၁၁ ယောက်ကိုသတ်ပြီး သူတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ရေခဲသေတ္တာတွင် စုဆောင်းသိမ်းဆည်းထားသည်။ အလှမ်းဝေးသည့် တောင်ဘက်အရပ်ရှိ တက်ခ်စပ်စ်စားသောက်ဆိုင်တစ်ခုအတွင်းသို့ သူစိမ်းတစ်ဦးသည် ကားကို ထိုးဝင်မောင်းနှင်ပြီး ဆယ်မိနစ်ခန့် အရမ်းပင်ပစ်ခတ်လေရာ ကိုယ်တိုင်ပါအပါအဝင် လူ ၂၃ ဦးအား သေဆုံးစေခဲ့သည်။ ကိုရီးယားနိုင်ငံရှိ အတိုက်အခံပြုသူတစ်ဦးသည် မကျေနပ်စိတ်ဖြင့် ယေဟောဝါသက်သေများ၏နိုင်ငံတော်ခန်းမကို မီးရှို့ခဲ့ရာ ဝတ်ပြုသူ ၁၄ ဦးကိုအသက်စတေးစေခဲ့သည်။
ပြောက်ကျိပြောက်ကျားပေါ်တတ်သည့် ဤဆိုးကျိုးများသာမက ကမ္ဘာကိုတုန်လှုပ်စေသော လူမျိုးလိုက် အဆုံးစီရင်ခြင်းအဖြစ်ဆိုးနောက်တစ်ခု ရှိနေပါသည်။ ဤရာစုနှစ်တစ်ခုတည်းအတွင်း လူမျိုးရေး၊ နိုင်ငံရေးသုတ်သင်မှုများကြောင့် ခန့်မှန်းချက်အရ အာမေးနီးယန်းလူမျိုး တစ်သန်း၊ ဂျူးလူမျိုး ခြောက်သန်းနှင့် ကမ္ဘောဒီးယားလူမျိုး တစ်သန်းကျော် အသတ်ခံခဲ့ရပြီဖြစ်သည်။ ယခင်က ယူဂိုဆလားဗီးယားဟုခေါ်သောနိုင်ငံတွင် ဤသို့သောလူမျိုးသန့်စင်ရေးကြောင့်သားကောင်ဖြစ်ရသူ မြောက်မြားစွာရှိခဲ့သည်။ ကမ္ဘာတစ်လွှားတွင် အပြစ်မဲ့သူ သန်းပေါင်းမည်မျှ ရက်စက်ကြမ်းကြုတ်မှုများခံခဲ့ရကြောင်းကို မည်သူမျှ အတိအကျမပြောနိုင်ပါ။
ဤကဲ့သို့သောကြေကွဲဖွယ်အဖြစ်များက လူများ ဤသို့အဘယ်ကြောင့်ပြုကြရသနည်းဟူသော စိတ်မကောင်းစရာမေးခွန်းကို မေးမြန်းစရာပေါ်စေသည်။ ဤယုတ်မာမှုများသည် စိတ်မနှံ့သူအချို့၏လုပ်ရပ်သာဖြစ်သည်ဟူ၍ လျစ်လျူရှုမထားနိုင်ကြပါ။ ကျွန်ုပ်တို့ရာစုအတွင်း ဆိုးရွားမှုနယ်ပယ်ကျယ်ပြန့်လွန်းသည့်အတွက် ဤသို့ရှင်းပြခြင်းသည် ထင်ယောင်ထင်မှားခြင်းမျှဖြစ်စေသည်။
ဆိုးသွမ်းသောလုပ်ရပ်မည်သည် ကိုယ်ကျင့်တရားအရ မှားယွင်းခြင်းဖြစ်သည်။ အကောင်းနှင့် အဆိုးပြုရန် ရွေးချယ်နိုင်သူတစ်ဦးပြုလုပ်သည့် လုပ်ရပ်ဖြစ်ပါသည်။ ထိုသူ၏ကိုယ်ကျင့်တရား ယိုယွင်းပျက်ပြားနေသဖြင့် အဆိုးက သူ့အားအနိုင်ယူသွားပါသည်။ သို့သော် ယင်းသည် အဘယ်ကြောင့်ဖြစ်ရသနည်း။ မည်သို့ဖြစ်လာသနည်း။
ဆိုးသွမ်းမှုကို ဘာသာတရားအရ ရှင်းလင်းဖော်ပြခြင်းသည် များသောအားဖြင့် ကျေနပ်သည့်အဖြေမပေးပါ။ ကက်သလစ်အတွေးအခေါ်ပညာရှင် သောမတ်စ် အကွီနပ်စ်က “ဆိုးသွမ်းမှုကိုတည်ရှိရန် ဘုရားသခင်ခွင့်မပြုလျှင် ကောင်းမှုများစွာ ပျောက်လွင့်သွားမည်” ဟုဆိုပါသည်။ ပရိုတက်စတင့်အတွေးအခေါ်ပညာရှင်မြောက်မြားစွာတို့လည်း ထပ်တူအမြင်မျိုးရှိကြသည်။ ဥပမာ၊ The Encyclopædia Britannica တွင် ဂေါ့တ်ဖရီးဒ် လစ်ပ်နစ်ဇ်က ဆိုးသွမ်းမှုသည် “လောကရှိကောင်းမှုကို တန်ဆာဆင်ပေးရာမျှသာဖြစ်ပြီး ကောင်းမှုရှိလျှင် ဆိုးသွမ်းမှုများ ပိုရှိရမည်” ဟုယူမှတ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အကောင်းကိုတန်ဖိုးထားတတ်ရန် ဆိုးသွမ်းမှုရှိရန်လိုသည်ဟု သူယူမှတ်ခြင်းဖြစ်သည်။ ဤသို့တွေးတောဆင်ခြင်ခြင်းကား တစ်ဦးတစ်ယောက် အမှန်ရှင်သန်ကျန်းမာပါသည်ဟု သဘောပေါက်စေရန် မိမိဖျားနာပေးရခြင်းဖြစ်သည်ဟု ကင်ဆာရောဂါသည်တစ်ဦးအား ပြောဆိုခြင်းနှင့် တူနေပါသည်။
ဆိုးရွားသောရည်ရွယ်ချက်များမှာ မူလ ပင်မ,ရှိရလိမ့်မည်။ သွယ်ဝိုက်၍ ဘုရားသခင်အား အမှုပတ်စေမည်လော။ သမ္မာကျမ်းစာ ဤသို့ဖြေဆိုသည်။ “အပြစ်သွေးဆောင်ခြင်းကို ခံရသောသူမည်သည်ကား ‘ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်’ ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူ။” တရားခံသည် ဘုရားသခင်မဟုတ်ပါက မည်သူဖြစ်သနည်း။ နောက်အခန်းငယ်များက ဖြေဆိုပါသည်။ “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား အပြစ်သွေးဆောင်ခြင်းသို့ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုဖွားတတ်၏။” (ယာကုပ် ၁:၁၃-၁၅) ဤသို့အားဖြင့် ဆိုးသွမ်းမှုကိုငြင်းပယ်မည့်အစား ယင်းတပ်မက်သောစိတ်ကို ကြီးထွားရင့်ကျက်လာစေမည်ဆိုလျှင် မကောင်းမှုဖြစ်ပေါ်လာပါသည်။ သို့ရာတွင် ဤမျှသာမဟုတ်ပါ။
လူ့အရင်းခံဖြစ်သည့် မွေးရာပါမစုံလင်မှုကြောင့် ဆိုးသွမ်းမှုနှင့်ဆိုင်သော တပ်မက်လိုလားစိတ်များရှိသည်ဟု ကျမ်းစာရှင်းပြပါသည်။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်။ “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ရောမ ၅:၁၂) မွေးရာပါအပြစ်တရားကြောင့် အတ္တသဘောသည် ကြင်နာခြင်းထက်အလေးစီးရခြင်း၊ သနားတတ်သောသဘောကို ကြမ်းတမ်းခက်ထန်ခြင်းက အနိုင်ယူခဲ့ရခြင်းဖြစ်ပေမည်။
မည်သည့်အမူအကျင့်သည် မှားယွင်းသည်ကို လူအများ ပင်ကိုယ်အသိဖြင့်သိကြသည်မှာ မှန်၏။ သူတို့၏သြတ္တပ္ပစိတ်၊ သို့မဟုတ် ပေါလုပြောသည်အတိုင်း ‘ကိုယ်စိတ်နှလုံးထဲ၌ မှတ်သားသောတရား’ က ဆိုးသွမ်းမှုမပြုရန် သူတို့အားတိုက်တွန်းလိမ့်မည်။ (ရောမ ၂:၁၅) မည်သို့ဆိုစေ ကြမ်းတမ်းခက်ထန်သောပတ်ဝန်းကျင်ကြောင့် ထိုစိတ်ထားမထင်ရှားဘဲနေမည်။ ယင်းကို ကြိမ်ဖန်များစွာ လျစ်လျူရှုထားမည်ဆိုလျှင် ဩတ္တပ္ပစိတ်ထုံသွားနိုင်သည်။a—၁ တိမောသေ ၄:၂ နှိုင်းယှဉ်။
လူ့မစုံလင်မှုတစ်ခုတည်းကြောင့်သာ ကျွန်ုပ်တို့ခေတ်တွင် ဆိုးသွမ်းမှုပေါင်းစုံ ဖြစ်ပေါ်နေသည်ဟု ဆိုရမည်လော။ သမိုင်းဆရာဂျက်ဖရီ ဘာတင် ရပ်စဲလ်က ဤသို့ပြောပါသည်။ “ကျွန်ုပ်တို့တစ်ဦးစီ၌ ဆိုးသွမ်းစိတ်ရှိသည်မှန်၏။ သို့သော် ဆိုးသွမ်းမှုတစ်မျိုးစီကို အားလုံးစုပေါင်းသည့်တိုင် အောက်ဇဝိချ် [ချွေးတပ်စခန်း] တစ်ခုကို မမီပါ။ . . . ဤမျှဆိုးသွမ်းခြင်းသည် အမျိုးအစားအားဖြင့်သော်လည်းကောင်း၊ အရေအတွက်အားဖြင့်သော်လည်းကောင်း အလွန်ထူးကဲခြားနားပုံရှိသည်။” အလွန်ထူးခြားသည့် ဤဆိုးသွမ်းမှု၏မူလအစကို ဖော်ပြခဲ့သူမှာ ယေရှုခရစ်တော်ကိုယ်တော်တိုင်ပင်ဖြစ်သည်။
ယေရှုအားသတ်ပစ်ရန် ကြံရွယ်နေသူတို့သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်သာ ကြံရွယ်နေကြခြင်းမဟုတ်ကြောင်း ကိုယ်တော်မကွယ်လွန်မီ ရှင်းပြခဲ့ပါသည်။ မျက်မြင်မရသောစွမ်းအားတစ်ခုခုက သူတို့အား တိုက်တွန်းနေပါသည်။ သူတို့အား ယေရှုက “သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘအလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌မတည်မနေ။” (ယောဟန် ၈:၄၄) “ဤလောကကိုအစိုးရသောမင်း” ဟုယေရှုခေါ်ခဲ့သော မာရ်နတ်သည် ဆိုးသွမ်းမှုကို ရှေ့တန်းမှနေ၍ မီးထိုးပေးနေကြောင်း ထင်ရှားပါသည်။—ယောဟန် ၁၆:၁၁။ ၁ ယောဟန် ၅:၁၉။
လူ့မစုံလင်မှုနှင့် စာတန့်သြဇာသည် ထောင်ချီနှစ်များတစ်လျှောက် ဆုံးရှုံးပျက်စီးနစ်နာမှုပမာဏကို ကြီးမားစေခဲ့ပြီ။ ယင်းတို့၏ချုပ်ကိုင်မှု လျှော့ပေါ့လိမ့်မည့်အရိပ်အရောင်ကိုလည်း မတွေ့ရှိရပါ။ သို့ဖြစ်၍ ဆိုးသွမ်းမှုသည် တည်မြဲတည်နေတော့မည်လော။ သို့မဟုတ် ကောင်းမှုများသည် ဆိုးသွမ်းမှုကို တဖြည်းဖြည်းပျောက်ပြယ်သွားစေနိုင်မည်လော။
[အောက်ခြေမှတ်ချက်များ]
a တယ်လီဗေးရှင်းမှ အဓမ္မမှုကို ကွင်းကွင်းကွက်ကွက်ပြသခြင်းနှင့် သက်ငယ်ရာဇဝတ်သားများစပ်ကြား ဆက်သွယ်မှုရှိကြောင်း သုတေသီများ မကြာမီက အသိအမှတ်ပြုခဲ့ပြီ။ လူမှုဆန့်ကျင်ရေးအပြုအမူများကို ရာဇဝတ်မှုထူပြောသောရပ်ကွက်များနှင့် အိမ်ထောင်ပြိုကွဲမှုတို့ကလည်း ဖြစ်ပွားစေသည်။ နာဇီဂျာမနီကာလတွင် အဆက်မပြတ် လူမျိုးရေးဝါဒဖြန့်မှုကြောင့် ဂျူးနှင့်စလာဗ်လူမျိုးတို့အပေါ် ရက်စက်ကြမ်းကြုတ်ခြင်းကို လူအချို့က မှန်သည်ဟုဆင်ခြေပေးပြီး အထူးချီးကျူးသည်အထိ ဖြစ်ခဲ့သည်။
[Picture Credit Line on page 2]
Cover: U.S. Army photo
[Picture Credit Line on page 3]
U.S. Army photo