စာရှုသူများထံမှ မေးခွန်းလွှာ
ခရစ်ယာန်တစ်ဦးသည် ဖျားနေမည်၊ သို့မဟုတ် ခရီးလွန်နေမည်ဖြစ်၍ သတိရအောက်မေ့ပွဲကို မတက်နိုင်ခဲ့လျှင် နောက်တစ်လတွင် ပွဲတော်ကျင်းပသင့်ပါသလော။
ရှေးဣသရေလနိုင်ငံတွင် နိသန် (သို့မဟုတ် အဗိဗ) ဟူသော ပထမလ၏ ၁၄ ရက်နေ့တွင် ပသခါပွဲကို နှစ်စဉ်ကျင်းပခဲ့ကြသည်။ သို့သော် တောလည်ရာ ၉:၁၀၊ ၁၁ တွင် အထူးအစီအစဉ်တစ်ခုကို တွေ့ရှိရသည်။ “သင်တို့အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်းရှိသော်လည်းကောင်း၊ ဝေးသောအရပ်သို့ ခရီးသွားသော်လည်းကောင်း၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အဖို့ ပသခါပွဲကို ခံရမည်။ [အီယာ၊ သို့မဟုတ် ဇိဖခေါ်] ဒုတိယလ၊ တစ်ဆယ်လေးရက်နေ့ ညဦးယံ၌ ပွဲခံ၍ သိုးသငယ်အသားကို တဆေးမပါသောမုန့်၊ ခါးသောဟင်းသီးဟင်းရွက်နှင့် စားရမည်။”
ဤသို့ဆိုခြင်းအားဖြင့် မည်သည့်ဣသရေလလူမျိုးမဆို၊ မည်သည့်အိမ်ထောင်မဆိုသည် အဆင်ပြေသလို ပသခါပွဲတော်ကို ကြိုက်ရာနေ့စွဲနှစ်ခု (နိသန် ၁၄ သို့မဟုတ် ဇိဖ ၁၄) တွင် ကျင်းပနိုင်ခွင့်ပေးသည်မဟုတ်ကြောင်းကို သတိပြုပါ။ ဒုတိယလတွင် ပသခါပွဲတော်ကျင်းပခြင်းကား ကန့်သတ်ချက်ရှိသည်။ ယင်းသည် နိသန်လ ၁၄ ရက်နေ့တွင် ဣသရေလလူသည် မစင်ကြယ်ဖြစ်နေမည်၊ သို့မဟုတ် ပွဲတော်ကျင်းပလေ့ရှိသောနေရာမှ ဝေးလံသောအရပ်သို့ ရောက်ရှိနေသူအတွက်ခြွင်းချက်ဖြစ်သည်။
ဤခွင့်ပြုချက်အတိုင်း ပြုလုပ်ခဲ့ကြောင်း မှတ်တမ်းတင်အဖြစ်အပျက်တစ်ခုတည်းကား တဆေးမဲ့မုန့်ပွဲတော်ကို ပြန်ကျင်းပရန် သစ္စာရှိဟေဇကိမင်းကြီး နှိုးဆော်ပေးခဲ့သော အချိန်တွင်ဖြစ်သည်။ ပထမလတွင် (စုဝေးလာသောလူအုပ်ကော ယဇ်ပုရောဟိတ်များပါအဆင်သင့်မရှိ) အသင့်မရှိနိုင်ခဲ့သဖြင့် ဒုတိယလ၏ ၁၄ ရက်နေ့တွင် ပွဲခံခဲ့ကြပါသည်။—၂ ရာဇဝင်ချုပ် ၂၉:၁၇။ ၃၀:၁-၅။
ခြွင်းချက်ဖြစ်သော ဤအခြေအနေမျိုးများမှအပ ဂျူးများသည် ဘုရားသခင်သတ်မှတ်တော်မူသည့်နေ့ရက်တွင် ပသခါပွဲတော်ကို ကျင်းပခဲ့ကြပါသည်။ (ထွက်မြောက်ရာ ၁၂:၁၇-၂၀၊ ၄၁၊ ၄၂။ ဝတ်ပြုရာ ၂၃:၅) ပညတ်တရားမှာကြားသည့်အတိုင်း ယေရှုနှင့်တပည့်တော်များလည်း ပွဲတော်ကိုကျင်းပခဲ့ကြပါသည်။ ဤနေ့ရက်ကို ပေါ့ပေါ့တန်တန် မယူမှတ်ခဲ့ကြပါ။ လုကာ ဤသို့ဆိုသည်။ “ပသခါသိုးသငယ်ကို သတ်ရသောနေ့တည်းဟူသော အဇုမပွဲနေ့ရောက်သောအခါ ကိုယ်တော်က ‘ငါတို့စားဖို့ရာ သင်တို့သည်သွား၍ ပသခါပွဲကိုပြင်ဆင်ကြလော့’ ဟု ပေတရုနှင့်ယောဟန်ကို စေလွှတ်တော်မူ၏။”—လုကာ ၂၂:၇၊ ၈။
ထိုအချိန်အခါတွင် သခင်၏ညစာစားပွဲဟု ခရစ်ယာန်များသိမှတ်ကြသည့် နှစ်ပတ်လည်ပွဲတော်ကို ယေရှု စတင်တော်မူခဲ့သည်။ ခရစ်ယာန်များအတွက် ပွဲတော်တက်ရောက်ခြင်းထက် သာ၍အရေးကြီးသောအရာမရှိပါ။ ယေဟောဝါသက်သေများအတွက် နှစ်စဉ်ပင် ဤနေ့ရက်သည် အရေးအကြီးဆုံးနေ့ရက်ဖြစ်သည်။ ဤသို့အဘယ်ကြောင့်ဖြစ်ရကြောင်း “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟူသည့် ယေရှု၏စကားများက ဖော်ပြပါသည်။ (လုကာ ၂၂:၁၉) ယင်းကြောင့် ယေဟောဝါသက်သေတိုင်း ထိုပွဲတော်နေ့တွင် အခြားမည်သည့်ချိန်းချက်စီစဉ်မှုမျှမရှိစေရန် လပေါင်းများစွာကတည်းက ကြိုတင်ဂရုစိုက်သင့်ပါသည်။ သခင့်ညစာစားပွဲကို ၁၉၉၃ ခု၊ ဧပြီလ ၆ ရက်၊ အင်္ဂါနေ့ ဒေသနေဝင်ပြီးချိန်တွင် ကျင်းပပါလိမ့်မည်။
ဖျားနာမှု၊ သို့မဟုတ် ခရီးသွားစဉ် အခက်အခဲကြုံတွေ့မှု အစရှိသည့် မမျှော်လင့်ဘဲဖြစ်ပေါ်လာသည့် အခြေအနေတစ်မျိုးမျိုးကြောင့် အစီအစဉ်ရှိသည့်အတိုင်း ခရစ်ယာန်တစ်ဦး ပွဲတော်ကိုမတက်ရောက်ဖြစ်ဘဲနေပေမည်။ ဤသို့သောအချိန်အခါမျိုးတွင် မည်သို့ ပြုလုပ်သင့်သနည်း။
ပွဲတော်ကျင်းပစဉ် တဆေးမဲ့မုန့်နှင့် အနီရောင်စပျစ်ရည်ကို ဝေပေးလေ့ရှိသည်။ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ခံရပြီး ကောင်းကင်အသက်တာအတွက် ရွေးချယ်ခံထားရသူများ ယင်းကိုစားသုံးလေ့ရှိသည်။ (မဿဲ ၂၆:၂၆-၂၉။ လုကာ ၂၂:၂၈-၃၀) နှစ်စဉ်စားသုံးနေသူတစ်ဦးသည် ဤနှစ်တွင် အိမ်၌လည်းကောင်း၊ ဆေးရုံတွင်လည်းကောင်း ဖျားနာနေမည်ဆိုလျှင် ဒေသခံအသင်းတော်ရှိ အကြီးအကဲများက လူနာထံ အကြီးအကဲတစ်ဦးအား မုန့်နှင့်စပျစ်ရည် အနည်းအကျဉ်းယူဆောင်သွားစေကာ သက်ဆိုင်ရာကျမ်းချက်များကို ဆွေးနွေးနှီးနှောပြီး မုန့်နှင့်စပျစ်ရည်ဝေငှရန် စီစဉ်ပေးပါမည်။ ဘိသိက်ခံခရစ်ယာန်တစ်ဦးသည် မိမိအသင်းတော်မှ ဝေးလံသောနေရာသို့ရောက်နေမည်ဆိုလျှင် ထိုနေ့ရက်တွင် ရောက်နေရာအရပ်ရှိ အသင်းတော်တစ်ခုခုတွင် သွားရောက်ရန် စီစဉ်သင့်ပါသည်။
ဤသို့သာပြုမည်ဆိုလျှင် တောလည်ရာ ၉:၁၀၊ ၁၁ ပါအမိန့်နှင့် ၂ ရာဇဝင်ချုပ် ၃၀:၁-၃၊ ၁၅ ပါဥပမာအတိုင်း နောင်ရက်ပေါင်း ၃၀ အကြာ (တစ်လ) တွင် ဘိသိက်ခံခရစ်ယာန်တစ်ဦးအနေနှင့် သခင့်ညစာစားပွဲကျင်းပစရာအကြောင်းပေါ်လာရန် အလွန်ထူးခြားသောအခြေအနေကြောင့်သာဖြစ်ပါလိမ့်မည်။
ပရဒိသုကမ္ဘာမြေကြီးပေါ် ထာဝရအသက်ရရန် မျှော်လင့်ချက်ရှိသည့် ယေရှု၏ “အခြားသိုး” အတန်းစားအဝင်များမူကား မုန့်နှင့်စပျစ်ရည်သုံးဆောင်ရန် မိန့်မှာခြင်းမခံကြရပါ။ (ယောဟန် ၁၀:၁၆) နှစ်ပတ်လည်ပွဲတော်ကို သူတို့ပါတက်ရောက်ရန် တကယ်အရေးကြီးသည်မှန်၏။ သို့သော် မုန့်နှင့်စပျစ်ရည်ကို သူတို့မသုံးဆောင်ကြပါ။ ထိုကြောင့် သူတို့အဝင် တစ်ဦးတစ်ယောက်သည် ဖျားနေမည်၊ ခရီးလွန်နေမည်ဖြစ်၍ ထိုနေ့ရက်ညနေချိန်တွင် မည်သည့်အသင်းတော်၌မျှမရှိလျှင် သူသည် (ပွဲတော်ကို ယေရှုစတင်ကျင်းပခဲ့သည့် မှတ်တမ်းပါအပါအဝင်) သက်ဆိုင်ရာကျမ်းချက်များကို တစ်ဦးတည်းဖတ်ရှုပြီး ကမ္ဘာချီကျင်းပနေသော ထိုပွဲတော်အပေါ် ယေဟောဝါ၏ ကောင်းချီးသွန်းလောင်းပေးပါမည်အကြောင်း ဆုတောင်းပတ္ထနာပြုနိုင်ပါသည်။ သို့သော် နောက်တစ်လအကြာတွင် စည်းဝေးတစ်ခု၊ သို့မဟုတ် အထူးကျမ်းစာဆွေးနွေးပွဲတစ်ခုကို ထပ်မံစီစဉ်ပေးစရာ မလိုအပ်ပါ။