ညည်းညူသူ၏အဖြစ်သည် အဘယ်ကြောင့်ပျော်ရွှင်စရာမဟုတ်ကြောင်း
အားရဝမ်းမြောက်ခြင်းသည် အပတ်အနည်းငယ်အတွင်းပင် စိတ်ပျက်ခြင်းသို့ အသွင်ပြောင်းလဲခဲ့သည်။ အီဂျစ်နိုင်ငံတွင် ကျွန်ဘဝမှ လွတ်မြောက်လာခါစတွင် အလွန်ရွှင်မြူးကြသော ဣသရေလလူမျိုးသည် အစာအတွက်နှင့် သဘောထားသေးသိမ်စွာဖြင့် ညည်းညူကြလေသည်။ အီဂျစ်နိုင်ငံမှ ထွက်ခွာခဲ့သည့် ဒုတိယလအတွင်း မကျေမနပ်ဖြစ်နေကြသော ထိုလူမျိုးက တောကန္တာရတွင် ခဲယဉ်းစွာနေထိုင်ရမည့်အစား ကျွန်အဖြစ်ကို သာ၍နှစ်သက်သည်ဟု ညည်းကြသည်။ ထိုနောက် လအနည်းငယ်အတွင်း ဤညည်းညူသောစိတ်ထားက ယေဟောဝါ၏စကားကိုနားထောင်ချင်စိတ် လျော့နည်းသွားစေပြီး ထိုလူမျိုးဆက်၏ ကတိထားရာပြည်တော်သို့ဝင်ခွင့်ကို ပျက်စီးသွားစေခဲ့သည်။—ထွက်မြောက်ရာ ၁၆:၁-၃။ တောလည်ရာ ၁၄:၂၆-၃၀။
သို့သော် လူမျိုးဆက်တစ်ဆက်၊ သို့မဟုတ် တစ်ဦးတစ်လေသာ ညည်းညူးတတ်သည်ကား မဟုတ်ပါ။ လုပ်ငန်း၊ စားစရာ၊ ရာသီဥတု၊ သားသမီးများ၊ အိမ်နီးချင်းများ၊ သို့မဟုတ် နေထိုင်မှုကုန်ကျစရိတ်အတွက်နှင့် တစ်ခါတစ်ရံ မညည်းညူသူ မည်သူရှိသနည်း။ လူ့မစုံလင်မှုက ညည်းညူတတ်သည့်အကျင့်ကို ရှိစေဟန်တူပါသည်။—ရောမ ၅:၁၂။ ယာကုပ် ၃:၂။
အဘယ်ကြောင့်လွယ်ကူစွာ ညည်းညူကြပါသနည်း။ စိတ်ဓာတ်ကျ၊ စိတ်ပျက် သို့မဟုတ် ဖျားနာနေ၍ ဖြစ်ကောင်းဖြစ်မည်။ ညည်းညူခြင်းသည် စိတ်ပျက်နေကြောင်း တင်ပြခြင်း၊ သို့မဟုတ် “ငါသာဆိုရင် ဒါထက် လုပ်နိုင်ပါတယ်” ဟူ၍ သွယ်ဝိုက်နည်းဖြင့် ပြောဆိုခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ တစ်ခါတစ်ရံ ပုဂ္ဂိုလ်ရေးမသင့်မြတ်မှုမှ ညည်းညူချက်များ စတင်ပေါ်လာတတ်သည်။ ထို့ ပြင် တကယ်မကျေမနပ်ဖြစ်စရာအကြောင်းများလည်း ရှိနိုင်သည်။
မည်သည့်အကြောင်းကြောင့်ပင် ဖြစ်ပေါ်လာစေကာမူ ဣသရေလလူမျိုး၏ အဖြစ်အပျက်ကတင်ပြသည့်အတိုင်းပင် အကျင့်အနေနှင့် အမြဲညည်းညူနေမည်ဆိုလျှင် ပျက်စီးရာပျက်စီးကြောင်း ဖြစ်သွားနိုင်ပါသည်။ ညည်းညူသည့်အကျင့်ကို ဖျောက်မရနိုင်သူဖြစ်လာ၍ ယေဟောဝါစီရင်တော်မူသည့် နည်းလမ်းတော်ကိုပင် အပြစ်တင်သူဖြစ်လာနိုင်သည်။ ယင်းကား အဘယ်ကြောင့်ဤမျှအန္တရာယ်ရှိသနည်း။ နည်းမှန်လမ်းကျညည်းညူချက်များကို သင့်လျော်စွာမည်သို့ကိုင်တွယ်သင့်ပါသနည်း။
နည်းမှန်လမ်းကျ ညည်းညူချက်များ
မကျေနပ်ချက်သည် အရေးမကြီးလှလျှင် မေတ္တာရှေ့ထားကာ လျစ်လျူရှုနိုင်မည်လော ဟု ကိုယ့်ကိုကိုယ် ဦးဆုံးမေးမြန်းသင့်သည်။ မှန်ပါသည်။ ယုံကြည်သူချင်းတစ်ဦးကိုပင် မကျေမနပ်ဖြစ်စရာ အကြောင်းရှိကောင်းရှိပေမည်။ ထိုသူသည် ကျွန်ုပ်တို့အား ကြင်နာမှုကင်းမဲ့စွာ၊ သို့မဟုတ် မတရားသဖြင့် ဆက်ဆံခဲ့ပေမည်။ မည်သို့ဆိုစေကာမူ မတရားသဖြင့်ဆက်ဆံခဲ့ခြင်းအကြောင်းကို အခြားသူများအား ညည်းညူပြောဆိုမည်ဆိုလျှင် အခြေအနေတိုး၍ကောင်းလာနိုင်မည်လော။ မည်သို့တုံ့ ပြန်ရမည်ဟု ကျမ်းစာက အားပေးထားပါသနည်း။ ကောလောသဲ ၃:၁၃ ကဤသို့ဆိုသည်။ “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ [ယေဟောဝါ၊ ကဘ] သည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူ ပြုကြလော့။” ထိုကြောင့် မကျေမနပ်ဖြစ်စရာအကြောင်း ရှိဦးတော့ ညည်းညူသောစိတ်ထားအစား ခွင့်လွှတ်တတ်သောသဘောကို သမ္မာကျမ်းစာက ထောက်ခံအားပေးပါသည်။—မဿဲ ၁၈:၂၁၊ ၂၂။
ကိစ္စတစ်ခုသည် လျစ်လျူမရှုနိုင်သည့်တိုင် အရေးပါနေမည်ဆိုလျှင်ကော။ မကျေနပ်ချက်ကို တင်ပြပြောဆိုရန် ကောင်းပေမည်။ သောဒုံနှင့်ဂေါမောရမြို့များနှင့်စပ်လျဉ်း၍ ယေဟောဝါထံ “ကြွေးကြော်သောအသံကြီး” သောကြောင့် အကျင့်ယိုယွင်းပျက်ပြားနေသောထိုမြို့များ၏ ရှက်ဖွယ်ရာအခြေအနေကို အရေးယူစီရင်တော်မူခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၀၊ ၂၁) စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့ပြီးနောက် များမကြာမီအချိန်တွင် မကျေမနပ်ဖြစ်သင့်ဖြစ်ထိုက်သော အခြားအကြောင်းတစ်ခု ပေါ်ပေါက်လာပါသည်။ ဆင်းရဲနွမ်းပါးသော မုဆိုးမများအား စားစရာဝေမျှပေးရာတွင် ဟေဗြဲစကားပြောဆိုသော အမျိုးသမီးများအား မျက်နှာသာပိုပေးခဲ့ကြသည်။ ယင်းကြောင့် ဂရိစကားပြောသောမုဆိုးမများသည် မခံမရပ်နိုင်ဖြစ်ခဲ့ကြခြင်းသည် ဆိုဖွယ်မရှိပါ။ နောက်ဆုံး၊ ဤမကျေနပ်ချက်ကို တမန်တော်များကြားသိလာကြရာ ယင်းပြဿနာကို ဖြေရှင်းပေးရန် တာဝန်သိတတ်သောအမျိုးသားများတစ်စုကို ချက်ချင်းဖွဲ့စည်းပေးခဲ့သည်။—တမန်တော် ၆:၁-၆။
အရေးကြီးကိစ္စများကို ခန့်အပ်ခံခရစ်ယာန်အကြီးအကဲများ ယနေ့ ကြားနာသိရှိလာသည့်အခါ ထိုနည်းတူ လိုအပ်သည့်အလျောက် အရေးယူဆောင်ရွက်ပေးရန် မနှောင့်နှေးသင့်ပါ။ သု၊ ၂၁:၁၃ ကဤသို့ဆိုသည်။ “ဆင်းရဲသောသူ၏ အော်ဟစ်သံကို မကြားလို၍ နားကိုပိတ်သောသူသည် ကိုယ်တိုင်အော်ဟစ်၍ အဘယ်သူမျှမကြားရ။” မကျေမနပ်ဖြစ်ထိုက်၍ ညည်းညူခြင်းကို လျစ်လျူရှုမည့်အစား အကြီးအကဲများသည် ကိုယ်ချင်းစာနာမှုပြကာ နားထောင်သင့်ပါသည်။ တစ်ဖက်မှကြည့်ပြန်လျှင် နားထောင်မည့်သူတိုင်းအား လိုက်လံညည်းညူတင်ပြမည့်အစား ကြီးလေးသောညည်းညူချက်များကို အကြီးအကဲများအား တင်ပြပြောဆိုခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံး ဝိုင်းဝန်းကူညီပေးနိုင်ပါသည်။
မည်သို့ဆိုစေကာမူ လူ့မစုံလင်မှုကြောင့် မလိုအပ်ဘဲ မကျေမနပ်ဖြစ်၍ ညည်းညူတတ်ကြသည့်အခါများရှိသည်ဟု ပွင့်လင်းစွာဝန်ခံကြမည့်သူ များစွာရှိပါသည်။ တောအရပ်တွင် ဣသရေလလူမျိုး၏အကျင့်ကို အသေအချာလေ့လာကြည့်သောအခါ ရံဖန်ရံခါ မကျေမနပ်ဖြစ်ခြင်းမှ တဖျစ်တောက်တောက် ညည်းညူပြောဆိုတတ်သူဖြစ်သွားရန် အန္တရာယ်ရှိသည်ကို တွေ့ရှိပါလိမ့်မည်။
ညည်းညူသူများကို ဘုရားသခင်ကြည့်မြင်ပုံ
စားနပ်ရိက္ခာနှင့်ပတ်သက်၍ ဣသရေလလူမျိုးတို့၏ ညည်းတွားပြောဆိုခြင်းမှ ညည်းညူခြင်းနှင့်ဆိုင်သည့် ခွဲခြားမရနိုင်သည့်တိုင် စွဲမြဲသောအန္တရာယ်နှစ်ခု တွေ့ရှိရသည်။ ဦးဆုံးက ညည်းညူခြင်းသည် ကူးစက်တတ်သည်။ မှတ်တမ်းအရ “ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့” သည် “မောရှေနှင့် အာရုန်ကို အပြစ်တင်၍မြည်တမ်း” လာကြသည်။ (ထွက်မြောက်ရာ ၁၆:၂) ဖြစ်နိုင်သည်ကား၊ အစာရှားပါးမှုအကြောင်း အချို့သောသူတို့သည် စတင်ညည်းညူကြရာ များမကြာမီပင် အားလုံး အပြစ်တင်ညည်းညူကြလေတော့သည်။
ဒုတိယအနေနှင့်၊ ညည်းညူသူသည် အများအားဖြင့် ပြဿနာကို ပုံကြီးချဲ့တတ်ပါသည်။ ဤအဖြစ်အပျက်တွင် ဣသရေလလူမျိုးတို့သည် မိမိတို့ အီဂျစ်နိုင်ငံ၌နေထိုင်စဉ် အသားငါးနှင့်မုန့်ကို ဝစွာစားသုံးနိုင်ခဲ့ရာ အခြေအနေပိုသာသေးသည်ဟု အပြစ်တင်ကြပါသည်။ တောကန္တာရအရပ်၌ ငတ်ပြတ်ပြီးသေလွန်သွားကြဖို့သာ သူတို့အားခေါ်ဆောင်လာခဲ့ပြီဟု မြည်တွန်တောက်တီးပြောဆိုကြသည်။—ထွက်မြောက်ရာ ၁၆:၃။
ထိုဣသရေလလူမျိုးတို့၏အခြေအနေသည် ဤမျှပင် ခဲယဉ်းကြပ်တည်းနေပါသလော။ သူတို့၏ စားနပ်ရိက္ခာ လျော့နည်းနေမည်မှန်သော်လည်း ဤအခက်အခဲကို ယေဟောဝါ ကြိုတင်မြင်တော်မူ၍ အချိန်တန်လေသော် သူတို့၏ကာယရေးလိုအပ်ချက်များအတွက် မန္နမုန့်ကို အလုံအလောက် ချပေးတော်မူခဲ့သည်။ ပုံကြီးချဲ့ကာ သူတို့ ညည်းညူခြင်းအားဖြင့် ဘုရားသခင်ကို လုံးဝအားမကိုးကြောင်း ထင်ရှားပါသည်။ အီဂျစ်နိုင်ငံတွင်ရှိစဉ်က ရက်စက်ကြမ်းကြုတ်မှုများခံခဲ့ရ၍ မကျေမနပ်ဖြစ်နိုင်ခဲ့ကြသည်မှန်၏။ (ထွက်မြောက်ရာ ၂:၂၃) သို့သော် ကျွန်သပေါက်ဘဝမှ သူတို့အား ယေဟောဝါလွတ်မြောက်စေပြီးနောက် အစားအသောက်နှင့်ပတ်သက်၍ စတင်အပြစ်တင်မြည်တမ်းကြပြန်သည်။ ဤမည်ကား မညည်းညူသင့်ဘဲ ညည်းညူခြင်းဖြစ်သည်။ သူတို့ “အပြစ်တင်လျက်မြည်တမ်းကြသောစကားသည် ငါတို့ကိုမထိမခိုက်၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုထိခိုက်သည်” ဟုမောရှေသတိပေးခဲ့သည်။—ထွက်မြောက်ရာ ၁၆:၈။
ဣသရေလလူမျိုး၏ ဤအပြစ်တင်မြည်တမ်းသောသဘောသည် ထပ်ခါတလဲ ပြန်ပေါ်လာလေ့ရှိသည်။ တစ်နှစ်အတွင်း မန္နမုန့်ပင်လျှင် သူတို့အပြစ်တင်စရာဖြစ်လာပေသည်။ (တောလည်ရာ ၁၁:၄-၆) များမကြာမီပင် ဣသရေလသူလျှို ၁၂ ယောက်အနက် ၁၀ ဦးထံမှ သတင်းဆိုးကြောင့် ကတိထားရာပြည်ကို အနိုင်ယူသိမ်းပိုက်ရာတွင် ကြုံတွေ့နိုင်စရာအထင်ရှိသော အန္တရာယ်များနှင့်စပ်လျဉ်း၍ ဆူပူကန့်ကွက်ကြပြန်သည်။ “ငါတို့သည် အီဂျစ်ပြည်၌သော်လည်းကောင်း၊ ဤသဲတော၌သော်လည်းကောင်း သေခဲ့လျှင်ကောင်းလေစွ” ဟုဆိုသည်အထိ အပြစ်တင်ကြသည်။ (တောလည်ရာ ၁၄:၂၊ သမ) အလွန်ကျေးဇူးကန်းလှသည်တကား။ ယင်းကြောင့် မောရှေအား ယေဟောဝါက “ဤလူမျိုးသည် အဘယ်မျှကာလပတ်လုံး ငါ့ကို မရိုမသေပြုကြလိမ့်မည်နည်း။ အဘယ်မျှကာလပတ်လုံး ငါ့ကိုမယုံဘဲနေကြလိမ့်မည်နည်း” ဟုမိန့်တော်မူခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပါ။ (တောလည်ရာ ၁၄:၁၁) ထိုကျေးဇူးကန်းသောညည်းညူသူများ လူမျိုးဆက် မသေဆုံးမချင်း တောကန္တာရအရပ်တွင် သူတို့သည်အနှစ် ၄၀ ပတ်လုံး လှည့်လည်သွားလာနေကြရန် စီရင်ခံရလေသည်။
ဤဖြစ်ရပ်ကို တမန်တော်ပေါလု ကျွန်ုပ်တို့အား သတိရစေသည်။ မြည်တမ်းခြင်းကိုပြု၍ တောကန္တာရတွင် ပျက်စီးသွားရန်သာဖြစ်ခဲ့သော ထိုဣသရေလလူမျိုးတို့နှင့်မတူကြရန် ခရစ်ယာန်ချင်းတို့အား သူသတိပေးခဲ့ပါသည်။ (၁ ကောရိန္သု ၁၀:၁၀၊ ၁၁) ကျိုးကြောင်းမဲ့ ပြစ်တင်မြည်တမ်းခြင်းနှင့် မကျေမနပ်ဖြစ်တတ်သည့်စိတ်ထားသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို လှိုက်စားကာ ယေဟောဝါ၏အမျက်ခံရစရာအကြောင်းဖြစ်နိုင်ကြောင်း ထင်ရှားပါသည်။
သို့ ဖြစ်လျက်ပင် စိတ်ဓာတ်ကျစရာအခြေအနေများကြောင့် တစ်ခါတစ်ရံညည်းညူကြမည့် ယေဟောဝါ၏ကျေးကျွန်များအပေါ် ကိုယ်တော်စိတ်ရှည်တော်မူ၏။ မိဖုရားဆိုး ယေဇဗေလ၏ နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် ဧလိယသည် ဟောရပ်တောင်သို့ ထွက်ပြေးခဲ့ရစဉ် မိမိသည် ပရောဖက်လုပ်ငန်းကို ဆက်ထမ်းဆောင်ခွင့်ရှိတော့လိမ့်မည်မဟုတ်ဟု သူအထင်ရှိခဲ့ပါသည်။ တစ်တိုင်းပြည်လုံးတွင် ယေဟောဝါအား ကိုးကွယ်သူ မိမိတစ်ဦးတည်းသာ ကျန်ရှိတော့သည်ဟု သူမှားယွင်းစွာ ယူဆမိခဲ့သည်။ ဧလိယ၏ယုံကြည်ခြင်းကို အားရှိစေရန် ကိုယ်တော်၏မြင့်မြတ်သောတန်ခိုးတော်ကို ဘုရားသခင်ဦးဆုံးမြင်တွေ့စေတော်မူခဲ့သည်။ ထိုနောက်မှ ဣသရေလနိုင်ငံတွင် ယေဟောဝါ၏သစ္စာရှိကျေးကျွန် ၇,၀၀၀ ရှိနေသေး၍ လုပ်ကိုင်စရာလုပ်ငန်း များစွာရှိနေသေးကြောင်း ပရောဖက်သိရှိခဲ့ရလေသည်။ ထိုအခါ ဧလိယသည် မိမိ၏ညည်းညူချက်များကို မေ့လျော့သွားကာ ခွန်အားပြန်ပြည့်လာသဖြင့် ဆက်လက်အမှုတော်ထမ်းခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၉:၄၊ ၁၀-၁၂၊ ၁၅-၁၈) ခရစ်ယာန်အကြီးအကဲများသည် ထိုးထွင်းဉာဏ်အသုံးပြုကြစဉ် သစ္စာရှိသူများကို ဤနည်းတူ နှစ်သိမ့်ပေးနိုင်ကြပါသည်။ ဤသို့ ပြုခြင်းဖြင့် ဘုရားသခင့်ရည်ရွယ်ချက်ပြီးမြောက်ရေးတွင် သူတို့၏ကဏ္ဍကို သိရှိနားလည်စေပါမည်။—၁ သက်သာလောနိတ် ၅:၁၄။
ညည်းညူတတ်သည့်သဘောကို ဖျောက်ဖျက်ခြင်း
ညည်းညူတတ်သည့်သဘောကို မည်သို့ဖျောက်ဖျက်နိုင်မည်နည်း။ ဆေးရွက်ကြီးများကြောင့် ခန္ဓာကိုယ် မည်မျှပျက်စီးသွားနိုင်ကြောင်း သက်သေသာဓကများရရှိထားသူများသည် ဆေးလိပ်ဖြတ်ဖို့ရန် အကြောင်းပြချက်ကောင်း ရရှိထားပေပြီ။ ထိုနည်းတူ ညည်းညူတတ်သောသဘောသည် မည်မျှဆိုးကျိုးပြုသည်ကို သိရှိထားသည့်အတွက် ညည်းညူခြင်းဆိုင်ရာ မည်သည့်အကျင့်ကိုမဆို ဖျက်ပစ်ရန် တိုက်တွန်းခံရသင့်သည်။
ညည်းညူတတ်သည့်သဘောကို ဖျောက်ဖျက်နိုင်သူများ အဘယ်အကျိုးကျေးဇူးများ ခံစားရသနည်း။ ညည်းညူခြင်းကိုရှောင်ကြဉ်သူများ ခံစားရသည့် အရေးပါအကျိုးကျေးဇူးတစ်ခုကား ကိစ္စအဝဝကို ကျမ်းစာနှင့်အညီ တရားသဘောအတိုင်း ပိုမိုကြည့်မြင်တတ်လာနိုင်မည်။ ညည်းညူတတ်သူတစ်ဦးသည် ပြဿနာတစ်ခုကို ယေဟောဝါ၏ရှုထောင့်မှ စဉ်းစားကြည့်လေ့မရှိပါ။ ညည်းညူမြည်တမ်းခဲ့သော ဣသရေလလူမျိုးသည် ကျွန်သပေါက်အဖြစ်မှ သူတို့အား ယေဟောဝါဘုရားသခင် လွတ်မြောက်စေခဲ့ကြောင်း၊ ပင်လယ်နီကို အံ့ဖွယ်နည်းဖြင့် နှစ်ခြမ်းခွဲပေးတော်မူခဲ့ကြောင်းကို မေ့ပျောက်သွားကြသည်။ သူတို့၏ အပြုသဘောမပါသော အတွေးအခေါ်က ဘုရားသခင့်တန်ခိုးတော်ကို မမြင်စေဘဲ ပျော်ရွှင်မှု ပျောက်လွင့်သွားစေပါသည်။ ယင်းကြောင့် ယေဟောဝါကို သူတို့ အားကိုးအားထားစိတ် လုံးဝကွယ်ပျောက်သွားလေတော့သည်။
ထို့ ပြင် မိမိ၏အခက်အခဲပြဿနာများကို တရားသဘောအရ ခန့်ခွဲဝေဖန်နိုင်သူသည် မိမိအပြစ်နှင့်မိမိ ထိုသို့ခံစားနေရကြောင်းကို သဘောပေါက်ပါလိမ့်မည်။ ထိုအမှားမျိုးကိုလည်း နောက်တစ်ဖန် ပြန်လုပ်မိစရာအကြောင်း လျော့နည်းသွားချေမည်။ ယေရုရှလင်မြို့ ပျက်စီးပြီးနောက် ခံစားနေကြရသည့် အခက်အခဲများအတွက် မညည်းညူကြရန် ဣသရေလအမျိုးသားချင်းတို့အား ယေရမိသတိပေးခဲ့ပါသည်။ သူတို့ရောက်နေသောဒုက္ခမှာ မိမိအပြစ်နှင့်မိမိဖြစ်ပါသည်။ ယင်းကို သူတို့သဘောပေါက်နားလည်မှသာ နောင်တယူ၍ ယေဟောဝါထံတော်သို့ ပြန်လာနိုင်ကြမည်ဖြစ်သည်။ (ယေရမိမြည်တမ်းစကား ၃:၃၉၊ ၄၀) ထိုနည်းတူစွာ ယေဟောဝါ၏ညွှန်ကြားမှုကို ငြင်းပယ်ပြီး “ကိုယ့်အဖြစ်ဆိုးကိုကိုယ် ညည်းညူ” ကျင့်ရှိသော “အဓမ္မလူ” တို့ကို တပည့်တော်ယုဒသည် အပြစ်တင်ခဲ့ပါသည်။—ယုဒ ၃၊ ၄၊ ၁၆၊ ကဘ။
ပညာရှိရှောလမုန်မင်းကြီး တစ်ချိန်ကပြောခဲ့သကဲ့သို့ပင်ဖြစ်သည်။ “စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား အရိုးတို့ကို သွေ့ခြောက်စေတတ်၏။” (သု၊ ၁၇:၂၂) ညည်းညူတတ်သောသဘောသည် ကျွန်ုပ်တို့အား စိတ်ဓာတ်ကျဆင်းစေပြီး ပျော်ရွှင်မှု ပျောက်ကွယ်စေပါသည်။ အကောင်းကိုမမြင် အဆိုးမြင်သဘောရှိကြောင်း ထင်ရှားစေသည်။ သို့သော် ‘ချီးမွမ်းဖွယ်သောအရာများ’ စဉ်းစားပြောဆိုတတ်သူသည် စိတ်ရွှင်လန်းမှုရှိသည့်အတွက် ကိုယ့်ကိုယ်ကို သာ၍ပင် အားရှိစေပါသည်။—ဖိလိပ္ပိ ၄:၈။
လူတို့၏ အားနည်းချက်ကိုချည်းမဟုတ် သူတို့၏ အထူးကောင်းမြတ်သောအကျင့်များကို သတိပြုကြမည်ဆိုလျှင် ကျွန်ုပ်တို့ဘဝ စိုပြေဖို့အကြောင်း ပိုရှိသည်ကား အမှန်ပင်။ မိမိ၏ ဆုတ်ဆိုင်းမှုများကြောင့် မကျေမနပ်ဖြစ်ပြီး မြည်တမ်းမည့်အစား အခြေအနေမသာချိန်တွင်ပင် ရွှင်ရွှင်ပျပျနေမည်ဆိုလျှင် စိတ်တက်ကြွနိုင်ပါလိမ့်မည်။ စုံစမ်းခံရခြင်းအားဖြင့် ယုံကြည်ခြင်းတိုးပွားခွင့်၊ ခံနိုင်ရည် ပိုများလာနိုင်စရာအကြောင်းရှိသည်ဟုယူမှတ်ပါက စုံစမ်းခြင်းများမှပင် ပျော်ရွှင်မှုရရှိနိုင်ပါလိမ့်မည်။—ယာကုပ် ၁:၂၊ ၃။
ထို့ ပြင် ကျွန်ုပ်တို့ ညည်းညူသည့်အခါ ကိုယ့်ကိုယ်ကိုသာ အကျိုးယုတ်စေသည်မကကြောင်း သတိရရန်လည်းအရေးကြီးသည်။ တဖျစ်တောက်တောက် မြည်တမ်းပြောဆိုနေမည်ဆိုလျှင် သူတစ်ပါး၏ယုံကြည်ခြင်းကို လှိုက်စားနိုင်ပေမည်။ ဣသရေလသူလျှိုဆယ်ဦး ပြန်တင်ပြပြောဆိုသည့်စကားကြောင့် ကတိတော်ထားရာပြည်ကို သိမ်းပိုက်ခြင်းကိစ္စသည် မဖြစ်နိုင်ရာဟူ၍ လူမျိုးတစ်မျိုးလုံးအား ယူမှတ်စေခဲ့သည်။ (တောလည်ရာ ၁၃:၂၅–၁၄:၄) တစ်ချိန်က လူတို့၏ ငိုကြွေးမြည်တမ်းခြင်းကြောင့် မောရှေသည် စိတ်ဆင်းရဲရလွန်းသဖြင့် မိမိအား သေစေတော်မူပါဟူ၍ပင် ယေဟောဝါထံ တောင်းဆိုခဲ့ဖူးသည်။ (တောလည်ရာ ၁၁:၄၊ ၁၃-၁၅) တစ်ဖက်ကကြည့်ပြန်လျှင် တည်ဆောက်မှုရှိစွာ စကားစမြည်ပြောဆိုမည်ဆိုလျှင် သူတစ်ပါး၏ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်မည်ဖြစ်၍ သူတို့အား ပျော်ရွှင်မှုရှိစေနိုင်မည်။—တမန်တော် ၁၄:၂၁၊ ၂၂။
ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေများ၊ မိသားစု၊ သို့မဟုတ် အသင်းတော်အကြီးအကဲများကိုပင် အပြစ်မြင်၍ မကျေနပ်ချက်များကို တင်ပြပြောဆိုချင်စိတ် ပေါ်ပေါက်သည့်တိုင် ယေဟောဝါရှင်တိုက်တွန်းထားသည်ကား “အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့” ဟူ၍ဖြစ်သည်။ ဤကဲ့သို့သောမေတ္တာကား သူတစ်ပါး၏မှားယွင်းချက်များကို ဖော်ထုတ်စေမည့်အစား ဖုံးအုပ်စေပါသည်။ (၁ ပေတရု ၄:၈) ကျွန်ုပ်တို့သည် ဖုန်မှုန့်မျှဖြစ်သည်ဟု ယေဟောဝါယူမှတ်ကာ ကျွန်ုပ်တို့၏ အပြစ်ကိုရှာမနေသည့်အတွက် အမှန်ကျေးဇူးတင်စရာပင်။ (ဆာလံ ၁၀၃:၁၃၊ ၁၄၊ ၁၃၀:၃) ကျွန်ုပ်တို့အားလုံးသာ ကိုယ်တော်၏ပုံသက်သေကို ကြိုးစားတုပကြမည်ဆိုလျှင် အပြစ်တင်ညည်းညူခြင်း လျော့နည်းသွားစရာအကြောင်းရှိမည်အမှန်။
စုံလင်ခြင်းအဖြစ်သို့ လူသားပြန်ရောက်သည့်အခါ ကိုယ့်အဖြစ်ဆိုးကို ကိုယ်ညည်းညူနေစရာအကြောင်း ရှိတော့မည်မဟုတ်ပါ။ ထိုအချိန်မရောက်မချင်း သူတစ်ပါးအကြောင်းသော်လည်းကောင်း၊ ကိုယ့်ကိုယ်တိုင်၏ ခဲယဉ်းသော အခြေအနေအကြောင်းသော်လည်းကောင်း ညည်းတွားမြည်တမ်းရန် သွေးဆောင်ခံရခြင်းကို ငြင်းပယ်ဖို့လိုပါသည်။ ယေဟောဝါကို ကျွန်ုပ်တို့အားကိုးကြောင်း၊ ယုံကြည်သူချင်းများကို တကယ်ချစ်မြတ်နိုးကြောင်း တင်ပြခြင်းငှာ “ပြုလေသမျှတို့ ၌ မြည်တမ်းခြင်း . . . မရှိဘဲပြု” ကြစို့။ (ဖိလိပ္ပိ ၂:၁၄) ဤသို့ ပြုခြင်းကား ယေဟောဝါအလိုတော်နှင့်တွေ့ ပြီး ကျွန်ုပ်တို့အား အကျိုးများစွာပြုပါလိမ့်မည်။ ကိုယ့်ကိုယ်တိုင်နှင့် သူတစ်ပါး၏အကျိုးအလို့ငှာ ညည်းညူသူ၏အဖြစ်သည် ပျော်ရွှင်စရာမဟုတ်ကြောင်းကို ဘယ်သောအခါမျှ မမေ့လျော့ကြနှင့်။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
အံ့ဖွယ်နည်းဖြင့် ပြင်ဆင်ပေးတော်မူသည့် မန္နမုန့်ပင်လျှင် သူတို့အပြစ်တင်စရာဖြစ်လာပေသည်