ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၄/၁ စာ. ၄-၇
  • သင်နှစ်ခြင်းခံသင့်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်နှစ်ခြင်းခံသင့်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မည်သည့်လုပ်ပုံလုပ်နည်းအားဖြင့်နည်း
  • မည်သည့်ရည်ရွယ်ချက်အတွက်နည်း
  • သင်ဘာလုပ်မည်နည်း
  • နှစ်ခြင်းမခံရန်သင့်အား ဘယ်အရာဆီးတားသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • အဘယ်ကြောင့် နှစ်ခြင်းခံရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • နှစ်ခြင်းဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခရစ်ယာန်နှစ်ခြင်းအတွက် တောင်းဆိုချက်များကို ပြည့်မီခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၄/၁ စာ. ၄-၇

သင်နှစ်ခြင်းခံသင့်သလော

လွန်ခဲ့သည့်သုံးနှစ်အတွင်းက လူတစ်သန်းနီးပါး ယေဟောဝါသက်သေများအားဖြင့် နှစ်ခြင်းခံခဲ့ကြသည်။ ယင်းက ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ၈၂၄ ယောက် သို့မဟုတ် ၇ မိနစ်တိုင်းတွင် လူလေးဦးနှစ်ခြင်းခံဖြစ်သည်။ ယင်းသည် ၁၅ နှင့် ၁၆ ရာစုနှစ်များက ဘာသာရေးလှုပ်ရှားတက်ကြွမှုများကို ပြန်လည်တုပခြင်းမျှသာဖြစ်သလော။

မဟုတ်ပါ။ ထိုသူများသည် အုပ်စုလိုက်ပြောင်းလဲခြင်း၏အစိတ်အပိုင်းဖြစ်သည့် အတင်းအကြပ်ပြုခံရ၍နှစ်ခြင်းခံခြင်းမဟုတ်ပါ။ စိတ်လှုပ်ရှားမှုကြောင့်၊ အချို့ဘာသာရေးအဟောအပြောကောင်းသူများကို တန်းတန်းစွဲဖြစ်ခြင်းကြောင့်လည်းမဟုတ်ပါ။ ခရစ်ယာန်များ၏သခင်နှင့်ခေါင်းဆောင်ဖြစ်သူ ယေရှုခရစ်၏အမိန့်တော်ကြောင့် သူတို့နှစ်ခြင်းခံကြခြင်းဖြစ်သည်။ ယေရှုညွှန်ပြခဲ့သည့် ခြေလှမ်းများနှင့်အစီအစဉ်များအတိုင်း၊ ကိုယ်တော်တိုင်ရွေးချယ်လေ့ကျင့်ပေးသောတမန်တော်များ ကျင့်သုံးခဲ့သည့်လမ်းစဉ်အတိုင်း သူတို့လိုက်လျှောက်ကြသည်။

ယေရှုရှင်ပြန်ထမြောက်ပြီးနောက်နှင့် ကောင်းကင်သို့မတက်ကြွမီတွင် မိမိ၏နောက်တော်လိုက်များအား ဤခွဲခွာခါနီး တာဝန်ကိုပေးအပ်ခဲ့သည်။ “သင်တို့သွား၍လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်။” (မဿဲ ၂၈:၁၉၊ ၂၀) ထိုအချိန်မှစ၍နောက်ပိုင်းတွင် ထိုနှစ်ခြင်းသည်သာ ဘုရားသခင်၏အလိုတော်နှင့်ညီသည်။

ဆက်လက်၍ သမ္မာကျမ်းစာကကျွန်ုပ်တို့ကိုပြောသည်မှာ ထိုကနဦးခရစ်တော်၏နောက်တော်လိုက်များသည် “ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ [ယေရှု] ၏သက်သေဖြစ်” ခဲ့ကြသည်။ (တမန်တော် ၁:၈) ယေရှုကြိုပြောထားသည့်အတိုင်းပင် သူတို့၏ဟောပြောခြင်းနှင့်သွန်သင်ခြင်းလုပ်ငန်းသည် ခရစ်တော်၏နောက်တော်လိုက်များလည်းဖြစ်လာကြမည့် ယုံကြည်သောနှစ်ခြင်းခံသူများအား ပေါ်ပေါက်စေမည်ဖြစ်သည်။

ယင်း၏ပထမဆုံးမှတ်တမ်းတင်အဖြစ်အပျက်သည် စီ၊ အီး ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင် ယေရုရှလင်၌ဖြစ်ခဲ့သည်။ ထိုအချိန်တွင် “တစ်ကျိပ်တစ်ပါးသောတမန်တော်တို့နှင့်တကွ ပေတရုသည်ထ၍” ယေရှုသည် မေရှိယဖြစ်ကြောင်း စုဝေးနေသည့်လူအုပ်ကြီးအား ဟောပြောခဲ့သည်။ သူ့စကားများသည် ‘သူတို့၏နှလုံးထိ ထိုးနှက်’ ပြီး မိမိတို့ဘာပြုသင့်ကြောင်း သူတို့မေးကြသည်။ ပေတရုက “သင်တို့၏အပြစ်ကိုလွှတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့” ဟုပြောခဲ့သည်။ ရလဒ်ကား “ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံကိုခံ၍ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သောသူတို့သည် ဝင်ကြ၏။” (တမန်တော် ၂:၁၄-၄၁) တပည့်တော်တို့၏နှစ်ခြင်းမခံမီ ခရစ်တော်၏သတင်းတရားကိုကြားနာခြင်း၊ သတင်းကောင်းကိုယုံကြည်ခြင်းနှင့် နောင်တရခြင်းများရှိခဲ့ကြောင်းကို နောက်ဆက်တွဲမှတ်တမ်းများက အတည်ပြုသည်။—တမန်တော် ၈:၁၂၊ ၁၃၊ ၃၄-၃၈၊ ၁၀:၃၄-၄၈၊ ၁၆:၃၀-၃၄၊ ၁၈:၅၊ ၈၊ ၁၉:၁-၅။

မည်သည့်လုပ်ပုံလုပ်နည်းအားဖြင့်နည်း

သို့သော် ဤတပည့်သစ်များသည် မည်သည့်နည်းအားဖြင့် ရေတွင်နှစ်ခြင်းခံရန်ဖြစ်သနည်း။ ဖျန်းခြင်းအားဖြင့်လော၊ ခေါင်းပေါ်တွင်လောင်းခြင်းအားဖြင့်လော သို့မဟုတ် ရေတွင်စုံးစုံးမြုပ်ခြင်းအားဖြင့်လော။ ကျမ်းစာမှတ်တမ်းက ဘာကိုဖော်ပြသနည်း။ “ခြေတော်ရာကိုလိုက်လျှောက်စေခြင်းငှာ” ယေရှုသည် ကျွန်ုပ်တို့အား ပုံသက်သေကိုထားခဲ့တော်မူသည့်အတွက် မည်သည့်ပုံမည်သည့်နည်းဖြင့် ကိုယ်တော်နှစ်ခြင်းခံခဲ့သနည်း။—၁ ပေတရု ၂:၂၁။

အတော်အသင့်ကြီးသည့်မြစ်ဖြစ်သော ယော်ဒန်မြစ်တွင် ယေရှုနှစ်ခြင်းခံခဲ့ခြင်းဖြစ်ကြောင်း ကျမ်းစာကဖော်ပြသည်။ နှစ်ခြင်းခံပြီးသောအခါ ကိုယ်တော်သည် “ရေမှပေါ်ထ” လာတော်မူခဲ့သည်။ (မာကု ၁:၁၀။ မဿဲ ၃:၁၃၊ ၁၆) ထို့ကြောင့် ယေရှုသည် အမှန်ပင် ယော်ဒန်မြစ်ရေထဲ၌ နှစ်မြုပ်ခံခဲ့ရသည်။ နှစ်ခြင်းခံရန်သင့်လျော်သောနေရာကိုရှာပြီး ရှာလိမ်မြို့အနီးရှိယော်ဒန်တောင်ကြားအရပ်သည် “ရေများသောကြောင့်” ထိုအရပ်ကိုရွေးချယ်ခဲ့သည့်ယောဟန်အားဖြင့် ကိုယ်တော်နှစ်ခြင်းခံခဲ့သည်။ (ယောဟန် ၃:၂၃) ရေတွင်လုံးလုံးနှစ်မြုပ်ခြင်းသည် ယေရှု၏နောက်တော်လိုက်များအလယ်တွင် နှစ်ခြင်းခံခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၏ စံဖြစ်ကြောင်းကို အဲသရောပိအမတ်၏စကားများအားဖြင့် သိနိုင်သည်။ ဖိလိပ္ပု၏သွန်သင်ချက်ကိုတုံ့ပြန်သောအားဖြင့် “ဤအရပ်တွင် ရေ (အစုအဝေး၊ ကဘ) ရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်းဆီးတားပါသနည်း” ဟုဆိုခဲ့သည်။ ထို့နောက်ကျွန်ုပ်တို့ဖတ်ရသည်မှာ “ဖိလိပ္ပုသည် ထိုအမတ်နှင့်တကွ ရေထဲသို့ဆင်း” ပြီးနောက် “ရေထဲကတက်ကြ” သည်ဟူ၍ဖြစ်သည်။—တမန်တော် ၈:၃၆-၃၉။

ခရစ်ယာန်များရေနှစ်ခြင်းခံခြင်းကို ရေတွင်နှစ်မြုပ်ခြင်းအားဖြင့်တင်ပြခဲ့ကြကြောင်း လောကသမိုင်းများက ထောက်ပြပါသလော။ အမှန်ပင်ထောက်ပြပါသည်။ စိတ်ဝင်တစားမှတ်သားစရာကား တိုင်းပြည်တော်တော်များများတွင် ရေတွင်နှစ်မြုပ်ရန်လုံလောက်သောအတိုင်းအတာရှိ နှစ်ခြင်းခံသည့်ကန်ကြီးများ ကျန်ရှိနေသေးခြင်းပင်ဖြစ်သည်။ Ministry အမည်ရှိဂျာနယ်က “ရေတွင်နှစ်မြုပ်ခြင်းသည် ဆယ်ရာစုအစပိုင်းမှ ဆယ့်လေးရာစုနှစ်များအထိ နှစ်ခြင်းခံခြင်း၏လုပ်ထုံးလုပ်နည်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနပညာဆိုင်ရာအထောက်အထားများက ဒင်းကြမ်းအောင်သက်သေခံလျက်ရှိသည်” ဟုဆိုသည်။ ဤသို့ဆက်၍ပြောထားသေးသည်။ “ရှေးခရစ်ယာန်အဆောက်အအုံများ၏ အပျက်အယွင်းများနှင့် လက်ရှိအသုံးပြုဆဲဖြစ်သော ရှေးခေတ်ဘုရားကျောင်းများတွင် ခရစ်ယာန်ရေနှစ်ခြင်း၏ရာဇဝင်ကို နောက်ကြောင်းပြန်လိုက်နိုင်သည်။ မြေအောက်သင်္ချိုင်းများနှင့် ဘုရားကျောင်းများတွင်ရှိသည့် ပန်းချီကားများ၊ ကြမ်းပြင်များ၊ နံရံနှင့်မျက်နှာကျက်များတွင်တွေ့ရသော မှန်စီရွှေချလက်ရာများ၊ ပန်းပုရုပ်ကြွများ၊ ရှေးဓမ္မသစ်ကျမ်းလက်ရေးမူတွင်တွေ့ရသည့် ရုပ်ပုံများတို့သည် ဤသမိုင်း၏အသေးစိတ်အချက်အလက်များကို ပေါင်းစပ်ပေးသည်။ . . . ဤကား ရှေးချာ့ချ်များတွင် နှစ်မြုပ်ခြင်းသည် နှစ်ခြင်းမင်္ဂလာ၏ လုပ်ထုံးလုပ်နည်းဖြစ်သည်ဟူသော ချာ့ချ်ဖခင်များ၏အရေးအသားများတွင် တွေ့ရသည့်အထောက်အထားများအပြင် ထပ်ဆင့်အချက်အလက်များဖြစ်ကြသည်။”

The New Catholic Encyclopedia က ဤသို့ဝန်ခံထားသည်။ “ရှေးခေတ်ချာ့ချ်များတွင် နှစ်ခြင်းမင်္ဂလာသည် ရေတွင်နှစ်မြုပ်ခြင်းအားဖြင့်ဖြစ်သည်မှာ ထင်ရှားသည်။” ထို့ကြောင့် အောက်ပါသတင်းခေါင်းစဉ်မျိုးကို ကျွန်ုပ်တို့ဖတ်ရသည်မှာ အဆန်းမဟုတ်ပါ။ “ရေတွင်နှစ်မြုပ်သည့်နှစ်ခြင်းမင်္ဂလာကို ကက်သလစ်များပြန်ပြုလုပ်ကြ”၊ (ကနေဒါနိုင်ငံတွင် ၁၉၈၃ ခု၊ စက်တင်ဘာ ၂၄ ရက်ထုတ် The Edmonton Journal)၊ “နှစ်မြုပ်ခြင်းအားဖြင့်ဖြစ်သောနှစ်ခြင်းမင်္ဂလာသည် ဤတွင်ရှိသောကက်သလစ်များတွင် ရေပန်းစား”၊ (၁၉၈၅ ခု၊ ဧပြီ ၇ ရက်ထုတ် St. Louis Post-Dispatch စာစောင်)၊ “ကက်သလစ်များစွာတို့က ရေတွင်နှစ်မြုပ်သောနှစ်ခြင်းမင်္ဂလာကို ရွေးချယ်ကြ” (၁၉၈၉ ခု၊ မတ် ၂၅ ရက်ထုတ် The New York Times)၊ “ရေတွင်နှစ်မြုပ်သောနှစ်ခြင်းမင်္ဂလာ အသက်တစ်ဖန်ပြန်ဝင်လာခြင်း” (၁၉၉၁ ခု၊ ဩဂုတ် ၂၄ ရက်ထုတ် The Houston Chronicle)။

မည်သည့်ရည်ရွယ်ချက်အတွက်နည်း

တပည့်တော်များအား နှစ်ခြင်းခံရန် ယေရှုအဘယ့်ကြောင့်တောင်းဆိုခဲ့သနည်း။ ယင်းသည် ဘုရားသခင်ထံ သူတို့၏အကြွင်းမဲ့ဆက်ကပ်အပ်နှံခြင်းအတွက် ဆီလျော်သည့်အထိမ်းအမှတ်ဖြစ်သည်။ “သတင်းကောင်း” ကို ကမ္ဘာတစ်ခွင်လုံးဟောပြောပြီး “လူမျိုးတကာတို့” ကိုတပည့်ဖြစ်စေရမည်ဖြစ်သည်။ (မဿဲ ၂၄:၁၄။ ၂၈:၁၉) ဘုရားသခင်သည် မွေးကတည်းက ကိုယ်တော်ထံဆက်ကပ်အပ်နှံထားပြီးသားလူများဖြင့် ဖွဲ့စည်းထားသော ဂျူးလူမျိုးများနှင့် သီးခြားဆက်ဆံရေးမပြုတော့ကြောင်းကို ယင်းအချက်ကတင်ပြသည်။ ကော်နေလိနှင့်သူ၏မိသားစုတို့သည် ခရစ်တော်ယေရှုနှင့်ပတ်သက်သည့်သမ္မာတရားကို လက်ခံပြီး နှစ်ခြင်းခံသည့် ပထမဆုံးသောတစ်ပါးအမျိုးသား သို့မဟုတ် ဂျူးမဟုတ်သူများဖြစ်ကြသည်။

ရေအောက်တွင်နှစ်မြုပ်ခံလိုက်ရခြင်းက နှစ်ခြင်းခံသူသည် မိမိကိုယ်ကိုပဓာနပြုသောအသက်တာ၌ သေဆုံးသွားပြီဖြစ်ကြောင်း တင်ပြသည်။ ရေအောက်မှပြန်ပေါ်လာခြင်းက ယခုသူတို့သည် ယေရှုခရစ်ကဲ့သို့ ဘုရားသခင်၏အလိုတော်ကိုဆောင်ပြီး ယင်းကိုမိမိတို့အသက်တာ၌ ဦးထိပ်ထားခြင်းတွင် ပြန်ရှင်လာကြောင်းကို တင်ပြသည်။ (မဿဲ ၁၆:၂၄) “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်” ၏နာမ၌နှစ်ခြင်းခံခြင်းက ယင်းတစ်ခုစီနှင့်ပတ်သက်သောသမ္မာတရားကို သူတို့လေ့လာသိရှိလက်ခံကာ ယင်းတို့၏အဖြစ်မှန်အတိုင်း အသိအမှတ်ပြုခြင်းကို ညွှန်ပြသည်။ (မဿဲ ၂၈:၁၉။ တမန်တော် ၁၃:၄၈ နှိုင်းယှဉ်) နှစ်ခြင်းခံခြင်းသည် ဘုရားသခင်ကိုနာခံခြင်းနှင့် ကိုယ်တော့်အလိုတော်ကိုလက်အောက်ခံခြင်းဆိုင်ရာ ကနဦးခြေလှမ်းမျှသာဖြစ်သည်။

နှစ်ခြင်းခံခြင်းသည် နှစ်ခြင်းခံသူအတွက် ဘာသာဝင်ခြင်းမင်္ဂလာ၊—ဂုဏ်ကျက်သရေ၊ သန့်ရှင်းမြင့်မြတ်ခြင်း သို့မဟုတ် ဝိညာဏအကျိုးအမြတ်စသည့်—ကောင်းမှုကုသိုလ်များကို ယူဆောင်လာပေးသည့် ဘာသာရေးအခမ်းအနားဖြစ်သည်ဟူသော နေရာအနှံ့တွင်ခံယူထားသည့် ဘာသာရေးရှုထောင့်ကို ကျမ်းစာကမထောက်ခံထားပါ။ ဥပမာ၊ ရှေ့ဆောင်းပါးတွင် ကိုးကားဖော်ပြထားသော ပုပ်ရဟန်းမင်း စတုတ္ထယူဂျီးနီးယပ်စ် ၏စာချွန်လွှာတွင် နှစ်ခြင်းခံခြင်းနှင့်ပတ်သက်၍ ဤသို့သူဆက်ပြောထားသည်။ “ဤဘာသာသွင်းမင်္ဂလာသည် မွေးရာပါအပြစ်နှင့် နောက်မှလုပ်သောအပြစ်များ၊ အပြစ်ကြောင့်ခံရသည့်ဒဏ်စီရင်ခြင်းများအားလုံးတို့မှ လွတ်ငြိမ်းချမ်းသာရာရခြင်းဖြစ်သည်။ ရလဒ်ကား အတိတ်ကအပြစ်များကြောင့်ကျေနပ်ရောင့်ရဲမှုမရှိခြင်းသည် နှစ်ခြင်းခံသူအား လာရောက်အကြပ်မကိုင်နိုင်တော့ပေ။ အကယ်၍ သူတို့သည် အပြစ်မပြုမီသေဆုံးသွားပါက ကောင်းကင်နိုင်ငံတော်သို့ ချက်ချင်းရောက်ရှိပြီး ဘုရားသခင်ကိုမြင်ရကြမည်။”

မည်သို့ဆိုစေ ယေရှုသည် “မည်သည့်အပြစ်ကိုမျှမပြု” သော်လည်း နှစ်ခြင်းခံခဲ့သည်။ (၁ ပေတရု ၂:၂၂) ထို့ပြင် ကျမ်းစာအရ အပြစ်မှလွတ်ငြိမ်းချမ်းသာခြင်းသည် ယေရှုခရစ်၏ရွေးဖိုးပူဇော်သက္ကာအားဖြင့်သာလျှင် ရနိုင်သည်။ အာနနိက တာရှုမြို့သားရှောလုအား “ထလော့။ နှစ်ခြင်းခံပြီး [ယေရှု၏] နာမတော်ကို ပတ္ထနာပြုခြင်းအားဖြင့် သင့်အပြစ်များကို ဆေးကြောပစ်လော့” ဟုတိုက်တွန်းခဲ့သည်။ (တမန်တော် ၂၂:၁၂-၁၆၊ ကဘ) မှန်ပါသည်။ ကယ်တင်ခြင်းသည် ယေရှုသွန်းလောင်းတော်မူသောအသွေးနှင့် ယုံကြည်ခြင်းဖြင့် “ကိုယ်တော့်နာမတော်ကို အားထားခြင်း” အားဖြင့်သာလျှင် ရရှိနိုင်မည်ဖြစ်သည်။—ဟေဗြဲ ၉:၂၂။ ၁ ယောဟန် ၁:၇။

၁ ပေတရု ၃:၂၁ ပါပေတရု၏စကားများက မည်သို့နည်း။ ထိုတွင် သူဤသို့ပြောခဲ့သည်။ “ဗတ္တိဇံသည် ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့် ငါတို့ကိုကယ်တင်တတ်၏။ ဗတ္တိဇံဟုဆိုသော် ကိုယ်ကာယ၏အညစ်အကြေးဆေးကြောခြင်းကိုမဆိုလို။ ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်၍ ဘုရားသခင့်ရှေ့၌ဝန်ခံခြင်းကိုဆိုလိုသတည်း။” ပေတရုက ရေလွှမ်းမိုးချိန်တစ်လျှောက်လုံးကို ကျော်ဖြတ်လာခဲ့သည့် နောဧ၏တွေ့ကြုံမှုနှင့် နှစ်ခြင်းကို နှိုင်းယှဉ်ထားသည်။ (အခန်းငယ် ၂၀) နောဧသည် ယုံကြည်ခြင်းအပြည့်အဝတင်ပြခဲ့ပြီး သူ့မိသားစုကယ်တင်ခံရရန် သေတ္တာကြီးကိုဆောက်လုပ်ခဲ့သည်။ (ဟေဗြဲ ၁၁:၇) ထိုနည်းတူပင် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်အားဖြင့်ကိုယ်တော်ပြင်ဆင်ပေးသည့် ကယ်တင်ခြင်းအစီအစဉ်အပေါ် ယုံကြည်မှုတင်ပြခြင်းအားဖြင့် ယနေ့လူသားများသည် လက်ရှိစနစ်ဆိုးမှကယ်တင်ခံရကြမည်ဖြစ်သည်။ ထိုယုံကြည်ခြင်းနှင့်အညီ သူတို့ပြုမူကျင့်ကြံရန်လည်း လိုအပ်သည်။ အပြစ်များအတွက်နောင်တရပြီး မှားယွင်းသောလမ်းစဉ်မှပြန်လှည့်ကာ ဆုတောင်းခြင်းအားဖြင့် ယေဟောဝါအားအကြွင်းမဲ့ဆက်ကပ်အပ်နှံခြင်းအားဖြင့် ကိုယ်တော်ထံမှကောင်းသောသြတ္တပ္ပစိတ်ကို တောင်းခံနိုင်သည်။ သို့သော် ယေရှု၏ပူဇော်သက္ကာ၊ ကောင်းကင်တွင် ခမည်းတော်ထံပူဇော်သက္ကာ၏တန်ဖိုးကို ပြန်လည်ဆက်သသည့် ရှင်ပြန်ထမြောက်ခြင်းတို့အပေါ် အခြေပြုခြင်းအားဖြင့်သာလျှင် အပြစ်များခွင့်လွှတ်ခံရပြီး ကယ်တင်ခံရမည်ဖြစ်သည်။—၁ ပေတရု ၃:၂၂။

သင်ဘာလုပ်မည်နည်း

သင်သည် အချိန်အတန်အရာထိ ယေဟောဝါသက်သေများနှင့် ပေါင်းသင်းလာခဲ့သူတစ်ဦးဖြစ်သလော။ သင်သည် ကျမ်းစာစည်းမျဉ်းများနှင့်အညီ ဘဝတွင် လိုအပ်သောပြုပြင်ပြောင်းလဲမှုများ ပြုပြီးသော်လည်း ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်းခံခြင်းခြေလှမ်းများကို မတက်လှမ်းရသေးသူဖြစ်မည်။ ဘုရားသခင့်အလိုတော်ကို သင်လုပ်ဆောင်လိုပေမည်။ သို့သော် နှစ်ခြင်းသည် သင့်အားတာဝန်ရှိစေသည်ကို သင်စိုးရိမ်နေမည်။ သို့နှင့် ထိုတာဝန်နှင့်အကြောင်းပြချက်များကို အချိန်အတန်ကြာရှောင်ရန် သင်ပိုနှစ်သက်ပေမည်။ လွန်ခဲ့သည့်နှစ်က သခင့်ညစာစားပွဲအခမ်းအနားကို တက်ရောက်ခဲ့သူ ၁၁.၅ သန်းနီးပါးခန့်ရှိခဲ့သည်။ သို့သော် တစ်နှစ်ပတ်လုံး သတင်းကောင်းဟောပြောခြင်းတွင် ပါဝင်သူအရေအတွက်အများဆုံးမှာ ၄.၅ သန်းခန့်သာရှိသည်။ ယင်းအချက်က လူခုနစ်သန်းခန့်တို့သည် နှစ်ခြင်းခံပြီးသည့်ယေဟောဝါသက်သေများမဟုတ်ကြသည့်တိုင် ဘုရားသခင်၏သမ္မာတရားကို လေးမြတ်ကြသူများဖြစ်ကြောင်းတင်ပြသည်။ ယင်းတို့ထဲမှအချို့တို့သည် ငယ်ရွယ်သောကလေးသူငယ်များနှင့် စိတ်ဝင်စားခါစလူသစ်များဖြစ်မည်။ သို့သော် ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်နေသူအချို့တို့လည်း နှစ်ခြင်းမခံရကြသေးပါ။ သမ္မာကျမ်းစာ၏တိကျမှန်ကန်သောအမှန်တရားကို လက်ခံပြီးဖြစ်သော်လည်း နှစ်ခြင်းခံခြင်းအားဖြင့် မိမိတို့ကိုယ်ကို ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဉ်တွင် အပြည့်အဝပါဝင်နေစေခြင်းမရှိကြသေးချေ။

မမေ့သင့်သောအရေးကြီးအချက်တစ်ခုမှာ သင့်အားဘုရားသခင်တောင်းဆိုသော အသိပညာ က သင့်အားတာဝန်ရှိစေသည်ဟူသောအချက်ဖြစ်သည်။ “ကောင်းသောအကျင့်ကိုသိလျက် မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏” ဟု ယာကုပ် ၄:၁၇ တွင်ဖော်ပြထားသည်။ ယေဇကျေလ ၃၃:၇-၉ က ဘုရားသခင်၏ပညတ်တော်များနှင့် လမ်းညွှန်မှုများကို သွန်သင်ခံရသူတစ်ဦးသည် ယင်းတို့ကိုလုပ်ဆောင်ရန်တာဝန်ရှိသည်။ ထို့ကြောင့် မေးစရားကား လူတစ်ဦးသည် ဘုရားသခင်အားစိတ်ရင်းမှန်နှင့်ချစ်ပြီး ကိုယ်တော်အားအမှန်ရွှင်လန်းစေလိုသည့်ဆန္ဒရှိ၊ မရှိဟူ၍ဖြစ်သည်။ ထိုမေတ္တာမျိုးအမှန်ရှိပြီး ယေဟောဝါဘုရားသခင်နှင့် အထူးဆက်ဆံရေးရလိုသူသည် မိမိအသက်တာကို ကိုယ်တော်ထံအကြွင်းမဲ့ဆက်ကပ်အပ်နှံရန် တွန့်ဆုတ်နေမည်မဟုတ်ပါ။ နှစ်ခြင်းခံခြင်းသည် ထိုဆက်ကပ်အပ်နှံခြင်း၏ အပြင်ပန်းအမှတ်လက္ခဏာဖြစ်သည်။ ယင်းသည် ကယ်တင်ခြင်းရရန်အတွက် လိုအပ်သောခြေလှမ်းတစ်လှမ်းဖြစ်သည်။ စစ်မှန်သောယုံကြည်သူများသည် နှစ်ခြင်းခံကြသည်။—တမန်တော် ၈:၁၂။

သစ္စာရှိစွာဆက်ကပ်အပ်နှံထားသူများအတွက် ဘုရားသခင်ပြင်ဆင်ပေးထားသည့် လာမည့်စနစ်သစ်တွင်ထူးမြတ်သောမျှော်လင့်ချက်များသည် ဆိုးသွမ်းသောဤအစီစဉ်စနစ်ဟောင်းက ပေးနိုင်သည်ဟုထင်ရသည့်အရာများထက် အဆမတန်သာလွန်သည်။ တန်ခိုးကြီးသောဘုရားသခင်၏လက်တော်အကြောင်း ကျွန်ုပ်တို့စဉ်းစားကြည့်လိုက်ပါက လူလူချင်းကိုကြောက်ရွံ့ရခြင်းများပျောက်ကွယ်ကုန်မည်။ (၁ ကောရိန္သု ၁၀:၂၂။ ၁ ပေတရု ၅:၆၊ ၇) အဲသယောပိအမတ်က ဖိလိပ္ပုအား “ကျွန်ုပ်ဗတ္တိဇံကိုမခံစေခြင်းငှာ မည်သည့်အကြောင်း ဆီးတားပါသနည်း” ဟုမေးသကဲ့သို့ သင့်ကိုယ်ကိုသင်မေးရမည့်အချိန်သည် ယခုအချိန်ပင်အမှန်ဖြစ်သည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အဲသယောပိအမတ်ကဲ့သို့ “ကျွန်ုပ်ဗတ္တိဇံကိုမခံစေခြင်းငှာ မည်သည့်အကြောင်း ဆီးတားပါသနည်း” သင့်ကိုယ်သင်မေးသလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ