ငရဲမီး—တောက်လောင်နေသလော၊ မှေးမှိန်လာသလော
ပရိုတက်စတင့်တရားဟောဆရာ ဂျော်နသန်အက်ဒွပ်သည် ငရဲကို ပီပြင်စွာသရုပ်ဖော်ထားသည့်ရုပ်ပုံကိုအသုံးပြုပြီး ၁၈ ရာစုက တိုင်းတစ်ပါးအုပ်ချုပ်ခံအမေရိကန်များ၏ နှလုံးထဲသို့ အကြောက်တရားများရိုက်သွင်းခဲ့ဖူးသည်။ တစ်ခါက အပြစ်သားများကို ရွံရှာဖွယ်ပင့်ကူများကဲ့သို့ မီးပေါ်တွင်တွဲလဲဆွဲထားသည့်မြင်ကွင်းကို သူဖော်ပြခဲ့သည်။ အက်ဒွပ်က သူ့ပရိသတ်အား ဤသို့အပြစ်တင်သည်။ “အို အပြစ်သား၊ သင်သည် ဘုရားသခင်၏အမျက်တော်မီးဟုန်းဟုန်းတောက်နေစဉ် သေးသွယ်သောချည်မျှင်ကလေးဖြင့် တွဲလဲဆွဲထားခြင်းခံရပြီး အချိန်မရွေးမီးမြိုက်ခံရကာ အပိုင်းပိုင်းအစစဖြစ်အောင်လောင်ကျွမ်းသွားနိုင်သည်။”
သို့သော် ဤမနှစ်မြို့ဖွယ်ဟောပြောချက်ကို အက်ဒွပ်ဟောပြောပြီးမကြာမီမှာပင် ငရဲမီးတောက်အယူဝါဒသည် မှေးမိန်စပြုလာခဲ့သည်။a ဒီ၊ ပီ၊ ဝေါ်ကာရေးသည့် The Decline of Hell စာအုပ်တွင် “၁၈ ရာစု၏စတုတ္ထဆယ်စုနှစ်ရောက်သောအခါ ပြစ်ဒဏ်ကျသူအား ထာဝရညှဉ်းဆဲခံရခြင်းအယူအဆသည် ပြောင်ပြောင်တင်းတင်းစိန်ခေါ်ခံခဲ့ရသည်” ဟုမှတ်ချက်ပြုထားသည်။ ၁၉ ရာစုနှစ်အတွင်းတွင် ငရဲမီးသည် ဆက်၍မှေးမှိန်လာနေခဲ့ရာ ၂၀ ရာစုအလယ်ပိုင်းရောက်သောအခါ ငရဲသည် ‘ယင်း၏သားကောင်များအား သူတို့၏စိတ်နှင့်ကိုယ်ခန္ဓာတို့တွင် ပြင်းထန်စွာ ထာဝရလောင်ကျွမ်းသော မီးတောက်ဖိုကြီး’ ဟူသော အက်ဒွပ်၏အယူအဆသည် ယဉ်ကျေးသိမ်မွေ့သောအပြောအဆိုအဖြစ်မှ တစ်စစပျောက်ကွယ်သွားသည်။ “ခေတ်သစ်တွေးခေါ်ဆင်ခြင်မှုများ၏တိုက်ခိုက်ခြင်းကိုခံရပြီး ဟီရိုရှီးမားတွင်ကျရောက်ခဲ့သည့် မီးတောက်ကြီးနှင့်သေကျေဆုံးရှုံးမှုများနှင့်ယှဉ်လျှင် မှေးမှိန်သွားရသည့်အတွက် ငရဲ၏ကြောက်စရာအသွင်သဏ္ဌာန်သည် ယခင်ကလောက်ကြောက်စရာမကောင်းတော့ပေ” ဟု စာရေးဆရာ ဂျက်ဖရီရှေးလားကမှတ်ချက်ချသည်။
တရားဟောဆရာများစွာတို့လည်း မီးနှင့်ကန့်အကြောင်းကို မနှစ်သက်ကြတော့ချေ။ ခရစ်ယာန်ဘောင်မိရိုးဖလာချာ့ချ်များ၏ တရားဟောစင်မြင့်များတွင်လည်း အာဝဇ္ဇန်းကောင်းကောင်း၊ အာဘောင်အာရင်းသန်သန်ဖြင့်ဟောသော ငရဲ၏ကြောက်စရာကောင်းပုံဟောပြောချက်များလည်း ပျောက်လွင့်ကုန်ကြပြီ။ ဓမ္မပညာဆရာအများစုအဖို့ ငရဲသည် လေးလေးနက်နက်သင်ကြားရန်အတွက် ခေတ်နောက်ကျလွန်းသည့်ဘာသာရပ်တစ်ခုဖြစ်လာသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က ချာ့ချ်သမိုင်းဆရာတစ်ယောက်သည် ငရဲနှင့်ပတ်သက်သော တက္ကသိုလ်တစ်ခု၏သင်ကြားပို့ချချက်ကို သုတေသနပြုခဲ့ပြီး စာပေဆိုင်ရာဂျာနယ်များစွာတို့၏မာတိကာများကို စစ်ဆေးကြည့်ရှုခဲ့သည်။ ငရဲဟူသောခေါင်းစဉ်တစ်ခုမျှ သူ မတွေ့ခဲ့ရချေ။ Newsweek မဂ္ဂဇင်းအရ သမိုင်းပညာရှင်များသည် “ငရဲပျောက်သွားပြီ။ မည်သူမျှသတိမထားမိတော့” ဟုမှတ်ချက်ချကြသည်။
ငရဲပြန်ပေါ်လာ
ပျောက်သွားပြီလော။ မဟုတ်ပါ။ အံ့ဩစရာပင်၊ မကြာမီနှစ်များက ငရဲအယူဝါဒသည် အချို့နေရာများတွင် ပြန်လည်ပေါ်ပေါက်လာသည်။ အမေရိကန်တွင်ကောက်ခံရရှိသည့်စာရင်းအရ မိမိတို့ငရဲကိုယုံကြည်ပါသည်ဟုဆိုသောသူများသည် ၁၉၈၁ ခုနှစ်တွင် ၅၃ ရာခိုင်နှုန်းမှ ၁၉၉၀ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းအထိ တိုးများလာခဲ့သည်။ ထို့ထက်ပို၍ ငရဲအကြောင်းဟောပြောခြင်းလှုပ်ရှားမှုဆိုင်ရာ ကမ္ဘာချီတိုးပွားများပြားလာခြင်းက ငရဲသည် ခရစ်ယာန်ဘောင်၏အယူအဆထဲသို့ ဣန္ဒြေမပျက်ပြန်လည်ဝင်ရောက်လာသည့်အထောက်အထားဖြစ်ပြီး ယင်းသည် ကမ္ဘာချီဖြစ်ရပ်ဆန်းတစ်ခုအမှန်ဖြစ်ပေသည်။
သို့သော် ဤသို့ပြန်လည်ပေါ်ပေါက်လာခြင်းသည် ချာ့ချ်ဒါယကာအတန်းအစားများတွင်သာ ဩဇာသက်ရောက်မှုရှိခြင်းလော၊ သို့မဟုတ် ဓမ္မဆရာများလည်းပါသလော။ အဖြစ်မှန်ကား လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀ က ဂျော်နသန်အက်ဒွပ်ဟောခဲ့သည့် ငရဲမီးအကြောင်းသည် အချို့သောခရစ်ယာန်ဘောင်၏ရှိရင်းစွဲဝါဒီဓမ္မဆရာများထံမှ မည်သည့်အခါမျှပျောက်ကွယ်မသွားခဲ့ခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ် U.S.News & World Report စာစောင်ဖော်ပြချက်အရ “ပြုပြင်ပြောင်းလဲရေးလိုလားသော မိရိုးဖလာဂိုဏ်းဂဏအချို့၌ပင် ဓမ္မပညာဆရာများသည် ငရဲဟူသည့်အယူအဆကို လွန်ခဲ့သည့်ဆယ်စုနှစ်အချို့ကထက် ပို၍လေးလေးနက်နက်စတင်စဉ်းစားတွေးတောလာကြသည်။” သတိမပြုမိသည့်နှစ်များတွင် ငရဲမီးသည် ကမ္ဘာချီဘာသာရေးမြေပုံပေါ်တွင် တစ်ဖန်ပြန်ပေါ်လာသည်။ သို့သော် ယင်း၏မီးတောက်အသွင်သဏ္ဌာန်သည် ရှိမြဲရှိနေသေးသလော။
မေးခွန်းများပေါ်လာ
ဓမ္မပညာဆရာ ဒဗလျူ၊ အက်ဖ်၊ ဝေါလ်ဘရက်က “ငရဲသည် ငရဲသာဖြစ်သည်။ မည်သည့်လူ့ဆန္ဒ သို့မဟုတ် အတွေးအထင်ကမျှ ထာဝရပြစ်ဒဏ်စီရင်ခြင်းကို စိုးစဉ်းမျှလျှော့ပေါ့မသွားစေနိုင်” ဟု လုံးဝသံသယကင်းစင်စွာပြောခဲ့သည်။ ချာ့ချ်မှန်မှန်တက်သူများစွာတို့မူ ထိုမျှလောက်မသေချာချေ။ ငရဲရှိကြောင်းကို သံသယမဖြစ်ကြသည့်တိုင် ယင်း၏အခြေအနေကို စောဒကတက်ကြသည်။ အခြားဓမ္မပညာဆရာတစ်ဦးက “ကျွန်ုပ်အတွက်လည်း ငရဲဟူသည် ကျမ်းဆိုင်ရာအထောက်အထားက ရှင်းလင်းစွာကြေညာထားရာ စောဒကတက်စရာမရှိသောအဖြစ်မှန်ဖြစ်သည်။ သို့သော် ယင်း၏ အခြေအနေ အတိအကျနှင့်ပတ်သက်လျှင် ပြဿနာဖြစ်စရာပင်” ဟုဝန်ခံထားသည်။ မှန်ပါသည်။ ယနေ့ တိုးပွားများပြားနေသော ဓမ္မပညာဆရာများနှင့် အသင်းသားများမေးစရာကား “ငရဲ ရှိ သလော” ဟူ၍မဟုတ်တော့ဘဲ “ငရဲဟူသည် အဘယ်နည်း” ဟူ၍ဖြစ်သည်။
သင်မည်သို့ဖြေမည်နည်း။ ငရဲ၏အခြေအနေနှင့်ပတ်သက်၍ သင်မည်သို့သိထားသနည်း။ အရိုးခံသဘောရှိသောခရစ်ယာန်များသည် အဘယ်ကြောင့် ဤအယူဝါဒ၏နှောင့်ယှက်မှုကိုခံရသနည်း။
[အောက်ခြေမှတ်ချက်များ]
a ၁၇၄၁ ခု၊ ဇူလိုင် ၈ ရက်နေ့တွင် အက်ဒွပ်က “ဒေါသထွက်နေသောဘုရားတစ်ပါးလက်ထဲမှ အပြစ်သားများ” ဟူသည့်ဟောပြောချက်ကိုပေးခဲ့သည်။