“အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ”
ဝီလ်ဖရက် ဂျောန် ပြောပြသည်
မြစ်နှစ်ဘက်စလုံးမှ စစ်သားများ ကျွန်ုပ်တို့ကိုဝိုင်းထားလိုက်ကြသည်။ လှံစွပ်တပ် ရိုင်ဖယ်သေနတ်များဖြင့်ချိန်ရွယ်ကာ အဝေးပြေးလမ်းမကြီးတံတားအောက် ခါးအထိရှိသောရေထဲဆင်း၍ ကျွန်ုပ်တို့ကိုဝိုင်းထားလိုက်ကြသည်။
ကျွန်တော့်အဖော်နှင့် ကျွန်တော်ပါ တကယ်ထိတ်လန့်နေကြသည်။ ဘာကြောင့်ပါလိမ့်။ သူတို့ဘာသာစကားကို မတတ်မြောက်သော်လည်း သဘောပေါက်ပါသည်။—ကျွန်တော်တို့ကို ဖမ်းဆီးနေသည်။ မျက်နှာသုတ်ပဝါများကို ခါးစီးထားသည့် ကျွန်တော်တို့အား ရဲစခန်းသို့ခေါ်ဆောင်သွား၍ အင်္ဂလိပ်စကားတတ်သောအရာရှိတစ်ဦး၏ စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပါသည်။
ထိုအချိန်က ဒုတိယကမ္ဘာစစ်ဖြစ်စဉ် ၁၉၄၁ ခုနှစ်ဖြစ်၍ အဖျက်သမားများအဖြစ် ကျွန်တော်တို့အထင်မှားခံခဲ့ရချိန်ဖြစ်သည်။ အရာရှိအား ကျွန်တော်တို့၏ ခရစ်ယာန်ဟောပြောခြင်းလုပ်ငန်းအကြောင်း ကျေနပ်အောင်ရှင်းပြီးနောက် ဤထိပ်တိုက်ရင်ဆိုင်ပွဲတွင် အသတ်မခံရသည့်အတွက် ကျေးဇူးတင်သင့်သည်ဟု သူကပြောပါသည်။ အထင်မှားခံရသူအများကို မမေးမြန်းဘဲ သတ်ပစ်လေ့ရှိကြောင်း သူပြောပြပါသည်။ ယေဟောဝါဘုရားသခင်ကို ကျွန်ုပ်တို့ကျေးဇူးတင်ကာ နောက်နောင် တံတားများပတ်လည် ရစ်ဝဲမနေရန်အကြံပေးချက်ကို သတိမူခဲ့ကြသည်။
ဤအခြေအနေမျိုးကို ဘားမား (ယခု မြန်မာနိုင်ငံ) တွင် ကျွန်တော်မည်သို့ကြုံတွေ့ခဲ့ရပါသနည်း။ ကျွန်တော်၏ နောက်ခံအကြောင်းအနည်းငယ်တင်ပြ၍ ရှင်းပြခွင့်ပေးပါ။
ငယ်စဉ်ကပင် ရွေးချယ်ဆုံးဖြတ်ခဲ့ရာ
၁၉၁၇ ခုနှစ်တွင် ဝေးလ်ခရိုင်တွင် ကျွန်တော်မွေးဖွားခဲ့ပါသည်။ ခြောက်နှစ်အရွယ်တွင် ကျွန်တော်၏မိဘများ၊ ညီကလေးနှင့်အတူ နယူးဇီလန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့၍ အဖေ့နွားနို့ခြံတွင် ကြီးပြင်းလာပါသည်။ တစ်နေ့သောအခါ တစ်ပတ်နွမ်းဆိုင်တစ်ဆိုင်မှ အဖေဝယ်လာခဲ့သော စာအုပ်ထုပ်တစ်ထုပ်ကို အိမ်သို့ယူလာပါသည်။ ထိုတွင် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းထုတ်ဝေသည့် Studies in the Scriptures နှစ်တွဲပါသည်။ ဤစာအုပ်များသည် အမေအလွန်မြတ်နိုးသောစာအုပ်များဖြစ်လာသည်။ ထိုနောက် တိမောသေ၏မိခင် ဥနိတ်ကဲ့သို့ပင် ကျွန်တော်၏လူငယ်ဘဝကို ယေဟောဝါ၏နိုင်ငံတော်ရေးရာအတွက် အသုံးပြုရန် စိတ်ဆန္ဒကို အမေပြုစုပျိုးထောင်ပေးခဲ့သည်။—၂ တိမောသေ ၁:၅။
၁၉၃၇ ခုနှစ်တွင် အလုပ်နှစ်ခုအနက် တစ်ခုကိုရွေးချယ်ရန်အကြောင်းပေါ်လာသည်။ အဖေ့နွားနို့ခြံကို ပြန်တာဝန်ယူမည်လော၊ သို့မဟုတ် ဘုရားသခင့်ပရောဖက်ဟေရှာယနည်းတူ “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” ဟုယေဟောဝါအား ပြောဆိုမည်လောတို့ဖြစ်သည်။ (ဟေရှာယ ၆:၈) ကျွန်တော်သည် အသက်ငယ်ရွယ်သေး၍ ကျန်းမာရေးလည်းကောင်းပြီး ကျွန်တော့်အားမှီခိုသူမရှိပါ။ ခြံအလုပ်ကိုလည်း မြည်းစမ်းခဲ့ပြီဖြစ်၍ ပျော်စရာဖြစ်ကြောင်းသိရှိခဲ့ပြီ။ တစ်ဖက်ကကြည့်ပြန်လျှင် အချိန်ပြည့်ဓမ္မအမှုဆောင်၊ သို့မဟုတ် ရှေ့ဆောင်ဖြစ်ရန် ကျွန်တော့်မှာ ဘာအတွေ့အကြုံမျှမရှိပါ။ ဘယ်အလုပ်ကိုရွေးလျှင် ကောင်းမည်နည်း။—ခြံထဲမှာ အလုပ်ဆက်လုပ်ရမည်လော၊ သို့မဟုတ် ရှေ့ဆောင်ရမည်လော။
ယေဟောဝါသက်သေခံများ၏ ဩစတြေးလျနိုင်ငံ ဌာနခွဲမှ ဟောပြောသူများသည် ကျွန်တော့်အတွက် အားပေးမှုဖြစ်ခဲ့ပါသည်။ နယူးဇီလန်နိုင်ငံရှိ ကျွန်တော်တို့အရပ်သို့လာပြီး ကျွန်တော်၏အကောင်းဆုံးအရွယ်ကို ဘုရားသခင့်အမှုဆောင်ခြင်း၌ အသုံးပြုရန် သူတို့တိုက်တွန်းခဲ့သည်။ (ဒေသနာ ၁၂:၁) ယင်းအကြောင်းကို ကျွန်တော့်မိဘများနှင့်တိုင်ပင်သောအခါ ဘုရားသခင့်အလိုတော်ကို ဦးစားထားခြင်းသည် ပညာရှိကြောင်း သူတို့သဘောတူညီသည်။ တောင်ပေါ်ဒေသနာတွင် ယေရှုခရစ်မိန့်တော်မူခဲ့သော ဤစကားများကိုလည်း ကျွန်တော်တွေးတောမိသည်။ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။”—မဿဲ ၆:၃၃။
ကျွန်တော်ရွေးချယ်လိုက်ပြီ။ ထိုစဉ်က နယူးဇီလန်နိုင်ငံတွင် ယေဟောဝါသက်သေများ၏ ဌာနခွဲမရှိသေးသည့်အတွက် ဆစ်ဒနီမြို့ရှိ ဩစတြေးလျားဌာနခွဲတွင် အမှုထမ်းရန် ကျွန်တော်ဖိတ်ခေါ်ခံရသည်။ သို့နှင့် ၁၉၃၇ ခုနှစ်တွင် ယေဟောဝါဘုရားသခင်၏ အချိန်ပြည့်ဓမ္မအမှုဆောင်ဖြစ်ဖို့ ဩစတြေးလျားနိုင်ငံသို့ သင်္ဘောစီးသွားပါသည်။
‘ဘာတာဝန်များကျမလဲ’ ဟုကျွန်တော်တွေးမိသည်။ မည်သို့ဆိုစေ အရေးမကြီးပါ။ ယေဟောဝါအား ‘အကျွန်ုပ်ရှိပါ၏၊ ကိုယ်တော်အလိုရှိသည့် အဘယ်နေရာတွင်မဆို အသုံးပြုတော်မူပါ’ ဟုတစ်နည်းအားဖြင့် ပြောဆိုပြီးသားဖြစ်ပြီလေ။ ထိုစဉ်က အိမ်ရှင်များအား ကျမ်းစာဟောပြောချက်များကို ဖွင့်ပြပေးရန် ယေဟောဝါသက်သေများအသုံးပြုခဲ့သော ဓာတ်စက်များပြုလုပ်ရေးတွင် ကျွန်တော်နှစ်နှစ်လုံးလုံး ကူညီပေးခဲ့ရပါသည်။ သို့သော် ဌာနခွဲတွင် ကျွန်တော်အားအဓိကလေ့ကျင့်ပေးခဲ့သည့်လုပ်ငန်းမှာ စာပေစာတမ်းသိုလှောင်ရေးနှင့်ဆိုင်သည်။
စင်္ကာပူနိုင်ငံသို့
၁၉၃၉ ခုနှစ်တွင် အရှေ့ဖျားသို့သွားရန် ကျွန်တော်တာဝန်ရခဲ့သည်။—စင်္ကာပူနိုင်ငံရှိ အသင်းမ၏စာအုပ်သိုလှောင်ဌာန၌ အမှုထမ်းရန်ဖြစ်သည်။ ဤဌာနသည် ဩစတြေးလျား၊ ဗြိတိန်နှင့်အမေရိကန်နိုင်ငံများမှ စာအုပ်စာတမ်းများကိုလက်ခံယူကာ အာရှရှိနိုင်ငံအသီးသီးသို့ တင်ပို့ပေးရသည့်ဌာနဖြစ်သည်။
စင်္ကာပူနိုင်ငံသည် အရှေ့တိုင်းနှင့်ဥရောပယဉ်ကျေးမှုများ ရောနှောသော ဘာသာစကားပေါင်းစုံပြောဆိုသည့် မြို့ဖြစ်ပါသည်။ အများသုံးစကားမှာ မလေးစကားဖြစ်၍ တစ်အိမ်မှတစ်အိမ်ဟောပြောနိုင်ရန် နိုင်ငံခြားသားများသည် ထိုဘာသာစကားကို သင်ယူကြရသည်။ ဘာသာစကားအမျိုးမျိုးဖြင့် ထုတ်ဝေထားသည့် သက်သေခံကပ်ပြားများလည်း ကျွန်တော်တို့တွင်ရှိသည်။ ယင်းတို့တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို တိုတိုတုတ်တုတ် တင်ပြထားပါသည်။
အစကနဦးအနေနှင့် မလေးဘာသာစကားဖြင့် သက်သေခံကပ်ပြားပါစကားများကို ကျွန်တော်အလွတ်ကျက်ပါသည်။ သို့သော် အခြားဘာသာစကားအသီးသီးဖြင့် ကျမ်းစာစာပေများကိုလည်း အမြဲသယ်ဆောင်သွားပါသည်။ ဥပမာ၊ အိန္ဒိယနိုင်ငံသားများအတွက် ဂူဂျရာသီ၊ ဘင်္ဂါလီ၊ မာလယာလမ်၊ တယ်မီလ်၊ ဟင်ဒီနှင့်အူရ်ဒူစာပေများကို ယူဆောင်သွားသည်။ ဤမျှဘာသာစကားအမျိုးမျိုးပြောဆိုသူတို့နှင့် တွေ့ဆုံရခြင်းသည် ကျွန်တော့်အတွက် အတွေ့အကြုံအသစ်အဆန်းဖြစ်ခဲ့ပါသည်။
ဥရောပတွင် စစ်ကြေညာခဲ့သည့် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလကို ကောင်းစွာမှတ်မိပါသည်။ ‘ပိုပြင်းထန်လာပြီး အရှေ့ဖျားအထိ ရောက်လာမလား’ ဟုကျွန်တော်တို့တွေးမိကြသည်။ အာမဂေဒုန်အတွက် လမ်းခင်းပေးသည်။—အချိန်ကိုက်ပါပဲဟု ကျွန်တော်ယူဆမိသည်။ ထိုကြောင့် ကျွန်တော့်လူငယ့်ဘဝကို အကောင်းဆုံးနည်းဖြင့် အပြည့်အဝအသုံးပြုနေသည့်အတွက် ကျေနပ်အားရမိသည်။
စာအုပ်သိုလှောင်ဌာနတွင် လုပ်ရသည့်အလုပ်အပြင် အသင်းတော်အစည်းအဝေးများနှင့် လယ်ကွင်းဓမ္မအမှုတွင် အပြည့်အဝပါဝင်ခွင့်လည်းရရှိခဲ့ပါသည်။ ကျမ်းစာသင်အံမှုများကျင်းပခဲ့၍ အချို့လက်သင့်ခံတုံ့ပြန်ကာ ရေ၌နှစ်ခြင်းယူခဲ့သူများရှိပါသည်။ အနီးအနားရှိကမ်းခြေသို့ သူတို့အားခေါ်ဆောင်သွားပြီး စင်္ကာပူဆိပ်ကမ်း၏ ရေနွေးတွင် နှစ်ခြင်းပေးခဲ့ပါသည်။ စိတ်ဝင်စားသူများအား ဖိတ်စာများ မသိမသာဝေငှပေးပြီးနောက် စည်းဝေးပွဲတစ်ခုကျင်းပဖို့ ကျွန်တော်တို့ကြံရွယ်ကြသည်။ အာမဂေဒုန်မတိုင်မီ နောက်ဆုံးစည်းဝေးပွဲဟု ထိုစဉ်ကထင်မှတ်ခဲ့သည့်စည်းဝေးကို လူ ၂၅ ဦးတက်ရောက်ခဲ့သည့်အတွက် ကျွန်တော်တို့အလွန်ဝမ်းမြောက်ခဲ့ပါသည်။
စစ်ကြောင့် အသင်းမဌာနခွဲများနှင့် အဆက်အသွယ်အတော်အတန် ပြတ်တောက်ခဲ့ပါသည်။ ဥပမာ၊ ကျွန်တော်တို့၏စင်္ကာပူဌာနသို့ ဂျာမန်ရှေ့ဆောင်သုံးဦး၊ နာမည်မသိရသော သင်္ဘောဖြင့်လာ၍ မသိရသောအရပ်သို့သွား တာဝန်ယူမည့်သတင်းတိုတစ်ခုကို ရရှိခဲ့ပါသည်။ အပတ်အနည်းငယ်အတွင်းတွင် သူတို့ရောက်လာကြပြီး ကျွန်တော်တို့နှင့် ဆယ်နာရီမျှ အားတက်သရောပေါင်းသင်းခဲ့ပါသည်။ ဘာသာစကားပြဿနာရှိနေသော်လည်း သူတို့တာဝန်ကျသောနေရာမှာ ရှန်ဟိုင်းမြို့ဖြစ်ကြောင်း သိနားလည်လိုက်ရသည်။
ရှန်ဟိုင်းမြို့တွင် ကျွန်တော့်တာဝန်
နောက်တစ်နှစ်အကြာတွင် ရှန်ဟိုင်းမြို့၌အမှုထမ်းရန် ကျွန်တော်လည်းတာဝန်ရခဲ့သည်။ လိပ်စာမသိရဘဲ စာတိုက်သေတ္တာနံပါတ်သာရထားပါသည်။ စာတိုက်တွင် အသေးစိတ်မေးမြန်းခံရပြီးနောက် ကျွန်တော်မည်သူမည်ဝါဖြစ်ကြောင်း သေချာမှသာ အသင်းမတည်ရှိရာလိပ်စာကို ရခဲ့ပါသည်။ သို့သော် ထိုတွင်နေထိုင်နေသော တရုတ်အမျိုးသားက ဌာနခွဲပြောင်းရွှေ့သွားပြီဖြစ်၍ လိပ်စာအသစ်ကိုလည်း မသိရကြောင်း ပြောပါသည်။
‘ဘာလုပ်ရမလဲ’ ဟုကျွန်တော်စဉ်းစားမိသည်။ လမ်းပြညွှန်ကြားပေးပါရန် တိတ်တဆိတ်ဆုတောင်းပြီး မော့ကြည့်လိုက်သည်နှင့် လူအများထက်အရပ်မြင့်ပြီး အသွင်ထူးခြားသူသုံးဦးကို ကျွန်တော်တွေ့မြင်လိုက်သည်။ အချိန်ကုန်မြန်ခဲ့သောနာရီအနည်းငယ်အတွင်း စင်္ကာပူနိုင်ငံတွင် ခေတ္တရပ်နားခဲ့သော ဂျာမန်သုံးဦးနှင့် အလွန်တူပါသည်။ သူတို့ကို ကျွန်တော်အလျင်အမြန် တားဆီးလိုက်သည်။
“ခွင့်ပြုပါ” ဟုဝမ်းသာအားရ ထစ်ငေါ့၍ပြောလိုက်ပါသည်။ သူတို့ရပ်တန့်သွားပြီး ကျွန်တော်အားငေး၍သာ စိုက်ကြည့်နေကြသည်။ “စင်္ကာပူလေ၊ ယေဟောဝါသက်သေများ။ မှတ်မိလား” ဟုကျွန်တော်မေးလိုက်၏။
ခဏအကြာတွင် သူတို့က “ဂျာ၊ ဂျာ၊ ဂျာ” ဟုဖြေဆိုကြသည်။ အလိုအလျောက် ကျွန်တော်တို့ဖက်ရမ်းကြကာ ဝမ်းသာအားရမျက်ရည်ပေါက်များ ကျွန်တော့်မျက်နှာမှ စီးဆင်းခဲ့သည်။ သန်းပေါင်းများစွာသောလူများကြား ထိုအချိန်၌ပင်လျှင် ဤလူသုံးဦး ထိုနေရာသို့ အဘယ်နည်းဖြင့် ဖြတ်သန်းရောက်ရှိလာပါသနည်း။ “ကျေးဇူးတင်လိုက်တာ၊ ယေဟောဝါဘုရားသခင်” ဟုသာပြောနိုင်တော့သည်။ ထိုစဉ်က ရှန်ဟိုင်းမြို့တွင် တရုတ်မိသားစုသုံးဦး၊ ထိုဂျာမန်သုံးဦးနှင့်ကျွန်တော်သာ သက်သေခံများရှိပါသည်။
ဟောင်ကောင်မှတစ်ဆင့် မြန်မာနိုင်ငံ
လအနည်းငယ် ရှန်ဟိုင်းမြို့တွင်အမှုထမ်းခဲ့ပြီးနောက် ဟောင်ကောင်သို့သွားရန် တာဝန်ရပြန်သည်။ ကျွန်တော်နှင့်တွဲဖက်ရမည့် ဩစတြေးလျားနိုင်ငံမှရှေ့ဆောင်ညီအစ်ကို မပေါ်လာသောအခါ ယင်းကိုလိုနီနိုင်ငံတွင် သက်သေခံ ကျွန်တော်တစ်ဦးတည်းသာရှိနေသည်။ ယေဟောဝါအား “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” ဟုကျွန်တော်ပြောခဲ့ကြောင်းကို ကိုယ့်ကိုယ်ကို သတိပေးရပြန်သည်။
အင်္ဂလိပ်စကားပြောဆိုသော တရုတ်လူများထံသာ အဓိကသွား၍ အမှုဆောင်ခဲ့ရသော်လည်း သူတို့အိမ်တံခါးဝ၌ တရုတ်ဘာသာစကားသာပြောဆိုတတ်သော အလုပ်သမားများနှင့် စကားပြောရန် အခက်အခဲကြုံတွေ့ခဲ့ရပါသည်။ သို့ဖြစ်၍ အသုံးအများဆုံးတရုတ်စကားနှစ်မျိုးကို အနည်းအကျဉ်းပြောဆိုတတ်ရန် ကြိုးစားခဲ့သည်။ ဖြစ်သားပဲ။ တံခါးစောင့်များထံသွား၍ ကျွန်တော်၏လုပ်ငန်းဆိုင်ရာကတ်ပြားကိုထုတ်ပြပြီး တရုတ်စကားအနည်းအကျဉ်းပြောဆိုသည့်အခါ အများအားဖြင့် အိမ်ထဲခေါ်သွင်းခံခဲ့ရပါသည်။
တစ်ခါတွင် ကျောင်းတစ်ခုသို့ရောက်သွားသောအခါ ကျောင်းအုပ်နှင့်စကားပြောဆိုနိုင်ရန် ဤအစီအစဉ်အတိုင်း ပြုလုပ်လိုက်သည်။ လက်ထောက်ဆရာမတစ်ဦးက ကျွန်တော့်ကို အဝင်ဝခန်းတွင်လာကြိုပါသည်။ ကျောင်းရှိ အခန်းအနည်းငယ်ကို သူ့နောက်လိုက်၍ ဖြတ်ကျော်စဉ် ကလေးများ၏လေးစားသောအမူအရာကို အသိအမှတ်ပြုတုံ့ပြန်၍ ကျောင်းအုပ်နှင့်တွေ့ဆုံရန် အသင့်ပြင်ပါသည်။ ဆရာမက တံခါးခေါက်လိုက်၍ တံခါးဖွင့်ပေးပြီး နောက်ဆုတ်ရပ်ကာ အထဲဝင်ရန် အမူအရာဖြင့်ညွှန်ပြသည်။ ကျွန်တော်အံ့သြသွားရပြီး မခံမရပ်နိုင်ဖြစ်လိုက်ရသည်။ သူမသည် ကျွန်တော့်အား အိမ်သာသို့ပို့ပေးခဲ့ပါသည်။ ဖြစ်ပုံမှာ ကျွန်တော့်တရုတ်စကားကို သဘောမပေါက်ခဲ့ကြ၍ ကျွန်တော့်အား ရေပိုက်နှင့်မိလ္လာစစ်ဆေးရေးမှူးမှတ်ယူခဲ့ကြောင်း နောင်တွင်ကျောင်းအုပ်က ရှင်းပြပါသည်။
လေးလတိုင် ဤသို့လှုပ်ရှားပြီးနောက် ကျွန်တော်တို့၏ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်လိုက်ကြောင်း ဟောင်ကောင်ရဲဌာနမှ အကြောင်းကြားခဲ့သည်။ ထိုကြောင့် လုပ်ငန်းကိုရပ်တန့်လျှင်ရပ်၊ ပြည်နှင်ခံလိုလျှင်ခံဟု ရွေးချယ်စေသည်။ ဟောပြောခြင်းလုပ်ငန်းကို အခြားအရပ်ဒေသ၌ လုပ်ကိုင်နိုင်ခွင့်ရှိသေးသည့်အတွက် အနှင်ခံခြင်းကို ကျွန်တော်ရွေးချယ်ခဲ့ပါသည်။ ဟောင်ကောင်တွင်ရှိစဉ် စာအုပ်ကြီးပေါင်း ၄၆၂ အုပ်ဝေငှခဲ့၍ ဓမ္မအမှုတွင် အခြားသူနှစ်ဦးပါပါဝင်နိုင်ရန် ကူညီပေးခွင့်ရရှိခဲ့သည်။
ဟောင်ကောင်မှ မြန်မာနိုင်ငံသို့သွားရန် တာဝန်ရခဲ့ပြန်သည်။ ထိုတွင် ကျွန်တော်ရှေ့ဆောင်နေ၍ စာအုပ်စာတမ်းသိုလှောင်ရေးလုပ်ငန်းကို ရန်ကုန်မြို့၌ ထောက်ပံ့ကူညီပေးခွင့်ရရှိခဲ့သည်။ စိတ်ဝင်စရာအကောင်းဆုံးတွေ့ကြုံမှုများအနက် တစ်ခုကား ရန်ကုန်မှမန္တလေးမြို့အရောက် လမ်းမကြီးတစ်လျှောက်၊ တရုတ်ပြည်နယ်စပ်ရှိ လားရှိုးမြို့အထိသွားသော လမ်းခရီးစဉ်ရှိ မြို့ရွာကလေးများတွင် အမှုဆောင်ခြင်းဖြစ်ပါသည်။ ကျွန်တော့်ရှေ့ဆောင်ဖက်နှင့်ကျွန်တော်သည် အင်္ဂလိပ်စကားပြောသူတို့ထံသွား၍ Consolation (ယခု နိုးလော့ မဂ္ဂဇင်း) အတွက်နှစ်စဉ်ကြေး ရာချီရရှိခဲ့ပါသည်။ အလျဉ်းသင့်၍ပြောရလျှင် ဤရန်ကုန်မှမန္တလေးလမ်းမကြီးသည် နောင်တွင် မြန်မာလမ်းမကြီးဟူ၍အမည်တွင်ခဲ့ပါသည်။ ဤလမ်းပေါ်မှ အမေရိကန်စစ်ထောက်ပံ့ပစ္စည်းများကို တရုတ်ပြည်သို့ တင်ပို့ခဲ့ပါသည်။
ခြေမျက်စိအထိထူထပ်သော ဖုန်မှုန့်ထဲရုန်းကန်သွားခဲ့ရသည့်အတွက် ဆေးကြောသန့်စင်လိုစိတ် မကြာခဏပေါ်ပေါက်ခဲ့ပါသည်။ ယင်းကြောင့် ဦးဆုံးဖော်ပြခဲ့သောအခြေအနေမျိုးဖြစ်သည့် တံတားအောက် မြစ်ထဲဆင်း၍ ရေချိုးနေစဉ် အဖမ်းခံရသည့်အဖြစ်မျိုးကို ကြုံခဲ့ရခြင်းဖြစ်သည်။ နောက်များမကြာမီ စစ်ဆင်ရေးနှင့်ဖျားနာမှုကြောင့် ရန်ကုန်မြို့သို့ ပြန်သွားရလေသည်။ စစ်ဆင်ရေးတိုးများလာသည့် ၁၉၄၃ ခုနှစ်အထိမြန်မာနိုင်ငံတွင် ကျွန်တော်နေထိုင်ခဲ့ပါသည်။ ထိုနှစ်၌သာ ဩစတြေးလျနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။
ဩစတြေးလျနိုင်ငံသို့ ပြန်ရောက်လာ
ဤအချိန်အတောအတွင်း ဩစတြေးလျနိုင်ငံတွင် ယေဟောဝါသက်သေများ၏လုပ်ငန်းကို ပိတ်ပင်ထားခဲ့သည်။ သို့ရာတွင် များမကြာမီပင် လွတ်လပ်ခွင့်ပြန်ရပြီး အချိန်တန်လေသော် ဌာနခွဲတွင်အလုပ်လုပ်ရန် တစ်ဖန်ခေါ်ဖိတ်ခံရပြန်သည်။ နောက်ပိုင်း ၁၉၄၇ ခုနှစ်တွင် ဩစတြေးလျနိုင်ငံရှိ အသင်းမ၏ဌာနခွဲတွင် အမှုဆောင်နေသော ဘက်တီ မော့စ်နှင့် ကျွန်တော်လက်ထပ်လိုက်သည်။ ဘက်တီ၏မိဘများသည် ရှေ့ဆောင်များဖြစ်ကြသည်။ သူတို့က သမီးဖြစ်သူနှင့် သူ၏အစ်ကိုဖြစ်သူ ဘီလ်ကို ရှေ့ဆောင်လုပ်ငန်းရွေးချယ်ရန် အားပေးခဲ့ပါသည်။ ကျောင်းထွက်သည့် ၁၄ နှစ်အရွယ်၌ ဘက်တီသည် ရှေ့ဆောင်စလုပ်ခဲ့ပါသည်။ သူမလည်း ယေဟောဝါအား “အကျွန်ုပ်ရှိပါ၏၊ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” ဟုတစ်နည်းအားဖြင့်ပြောဆိုထားပုံရှိသူဖြစ်သည့်အတွက် ကျွန်တော်တို့ အတွဲမိလိမ့်မည်ဟု ယူမှတ်ခဲ့ပါသည်။
အိမ်ထောင်ပြုပြီးတစ်နှစ်အကြာတွင် ယေဟောဝါသက်သေများ၏အသင်းတော်များထံ လည်ပတ်ရသည့် တိုက်နယ်လုပ်ငန်းကိုလုပ်ကိုင်ရန် ဖိတ်ခေါ်ခံရပါသည်။ ဩစတြေးလျနိုင်ငံ၏ လူခေါင်သောအရပ်များ၌ အမှုဆောင်ရခြင်းသည် တကယ့်စိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်။ ရုတ်တရက်ရေလွှမ်းမိုးဘေးများ မကြာခဏပေါ်တတ်၍ အထူးသဖြင့် အလွန်ချောသောမြေစေးလမ်းများပေါ်တွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိတတ်သည်။ နွေအခါတွင် အရိပ်အောက်အပူချိန်သည် ဖာရင်ဟိုက် ၁၁၀ ဒီဂရီရှိသည်။ မိုးကာတဲများ၌ ကျွန်တော်တို့နေထိုင်ကြရာ ချစ်ချစ်တောက်ပူလောင်သော နွေရာသီများသည် မခံမရပ်နိုင်အောင် ပူပြင်း၍ ဆောင်းရာသီများမှာမူ ချမ်းချမ်းစီးစီးဖြစ်ပါသည်။
ဩစတြေးလျနိုင်ငံတွင် ခရိုင်နှစ်ခုတည်းသာရှိစဉ်က ခရိုင်အမှုထမ်းအဖြစ် အမှုဆောင်ရခြင်းသည် အလွန်အားရရွှင်လန်းစရာဖြစ်ခဲ့သည်။ ဒေါ်နယ်လ် မက္ခလင်းသည် ခရိုင်တစ်ခုကိုတာဝန်ယူ၍ အခြားတစ်ခုကို ကျွန်တော်တာဝန်ယူခဲ့ရသည်။ ထိုနောက် ခရိုင်ချင်းလဲလှဲကြပါသည်။ တစ်ချိန်က ကျွန်တော်တို့အမှုထမ်းဆောင်ခဲ့သောနေရာများရှိ အသင်းတော်များအကြောင်း ယခုဖတ်ရှုရခြင်းသည် အလွန်အားရစရာဖြစ်ပါသည်။ သမ္မာတရားမျိုးစေ့များ အမှန်တကယ်သီးပွင့်တိုးပွားနေပြီတကား။
ကနဦးစတင်ရာအရပ်သို့ ပြန်ရောက်ရှိနေ
၁၉၆၁ ခုနှစ်တွင် ဘရွတ်ကလင်နယူးရောက်သို့ ဂိလဒ်ကျောင်းပြောင်းရွှေ့ပြီးနောက် ပထမဂိလဒ်သာသနာပြုကျောင်းကို တက်ခွင့်ရရှိခဲ့သည်။ ဤကျောင်းကိုတက်ရောက်ရန် ယခင်က အကြိမ်ကြိမ်ဖိတ်ခေါ်ခံခဲ့ရသော်လည်း ကျန်းမာရေးအခြေအနေကြောင့် လက်မခံနိုင်ခဲ့ပါ။ ဆယ်လသင်တန်းပို့ချခံရပြီးသည့်နောက် နယူးဇီလန်နိုင်ငံတွင် တာဝန်လက်ခံရန် အခွင့်ရရှိခဲ့ပါသည်။
သို့ဖြစ်၍ ၁၉၆၂ ဇန်နဝါရီလကတည်းက ဘက်တီနှင့်ကျွန်တော်သည် နယူးဇီလန်နိုင်ငံတွင် ရောက်ရှိနေပါသည်။ ယင်းနိုင်ငံကို ပစိဖိတ်ရှိလက်ရွေးစင်ကျွန်းတစ်ခုဟု မကြာခဏရည်ညွှန်းကြပါသည်။ သီအိုကရေစီအရဆိုလျှင် တိုက်နယ်နှင့်ခရိုင်လုပ်ငန်းတွင် အမှုထမ်းခွင့်ရခြင်းသည် အလွန်ပျော်ရွှင်ဖွယ်ရာဖြစ်ပါသည်။ ၁၉၇၉ ဧပြီလကစသည့် လွန်ခဲ့သော ၁၄ နှစ်အတွင်းနယူးဇီလန်နိုင်ငံဌာနခွဲတွင် ကျွန်တော်တို့အမှုထမ်းခဲ့ရပါသည်။
ယခုဘက်တီနှင့်ကျွန်တော်သည် အသက် ၇၀ ကျော်ကြပြီ။ ကျွန်တော်တို့နှစ်ယောက်ပေါင်းလျှင် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို အချိန်ပြည့် ဆက်တိုက်ဆောင်ရွက်ခဲ့ချိန် ၁၁၆ နှစ်ရှိပါပြီ။ ၁၉၃၃ ဇန်နဝါရီတွင် ဘက်တီ စရှေ့ဆောင်ခဲ့ပြီး ကျွန်တော်မှာမူ ၁၉၃၇ ဧပြီတွင်စခဲ့ပါသည်။ ကျွန်တော်တို့ငယ်ရွယ်စဉ်ကကဲ့သို့ ကျွန်တော်တို့၏ဝိညာဏသားသမီးများနှင့်မြေးမြစ်များသည် ဒေသနာ ၁၂:၁ ပါသြဝါဒကိုလိုက်နာကာ “အသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့” နေကြောင်းကိုတွေ့ရှိရ၍ များစွာရွှင်လန်းအားရနိုင်ပါပြီ။
သခင်ယေရှုခရစ် မိန့်တော်မူသည့်အတိုင်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်း၊ တပည့်ဖြစ်စေခြင်းလုပ်ငန်း၌ ကျွန်ုပ်တို့၏အသက်တာတစ်လျှောက်လုံးနီးပါးကို အသုံးပြုနိုင်ခဲ့ခြင်းသည် အခွင့်ထူးလှပါသည်တကား။ (မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀) ရှေးလွန်လေပြီးသည့်အခါက ပရောဖက်ဟေရှာယနည်းတူ “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” ဟုပြော၍ ဘုရားသခင့်ဖိတ်ခေါ်ချက်ကို လက်ခံခဲ့သည့်အတွက် ကျွန်တော်တို့အလွန်ဝမ်းမြောက်ကြပါသည်။