လူငယ့်ဘဝမှ အကျွန်ုပ်အားထားရာ ယေဟောဝါ
ဘယ်စဲလ် ဆာတော့စ်ပြောပြသည်
၁၉၂၀ ခုနှစ်ဖြစ်သည်။ ဂရိနိုင်ငံ၊ အလွန်လှပသော ပီလိုပေါနီစော့စ်ရှိ အာကေဒီယာတောင်တန်းတွင်ဖြစ်သည်။ ကမ္ဘာတစ်ဝန်း ကပ်ဆိုက်ခဲ့သော ထိတ်လန့်ဖွယ် စပိန်တုတ်ကွေးကြောင့် ကျွန်တော် အိပ်ရာထဲ အပြင်းဖျားနေပါသည်။
ချာ့ချ်ခေါင်းလောင်းတီးတိုင်း ရောဂါသည်တစ်ဦး ကွယ်လွန်ပြီဟု ကျွန်တော်သိလိုက်ရသည်။ နောက်တစ်ယောက်မှာ ကျွန်တော်ပဲဖြစ်မလားလို့။ ထို့သို့ မဖြစ်ခဲ့ဘဲ နာလန်ထူနိုင်ခဲ့သည့်အတွက် ကျွန်တော်ဝမ်းသာခဲ့ရပါသည်။ သို့သော် သန်းပေါင်းများစွာ ကွယ်လွန်ခဲ့ရရှာသည်။ ထိုအချိန်က ရှစ်နှစ်အရွယ်သာရှိနေသေးသော်လည်း ထိုထိတ်လန့်စရာ အတွေ့အကြုံကို ကျွန်တော်မမေ့နိုင်သေးချေ။
အစောပိုင်း ဝိညာဉ်ရေး သောကများ
ထို့နောက် အဖိုးကွယ်လွန်ခဲ့သည်။ အသုဘချပြီးသောအခါ ကျွန်တော်နှင့်ကျွန်တော့်အမရှိနေသည့် လသာဆောင်သို့ အမေလာနှစ်သိမ့်ပေးခဲ့သည်ကို မှတ်မိသေးသည်။ “အမေတို့အားလုံး အိုကြသေကြရမှာပဲ” ဆို၍နှစ်သိမ့်ပေးချင်သည့်အတွက်ပြောခဲ့သောစကားကိုလည်း မှတ်မိသေးသည်။
ထိုသို့ ငြင်ငြင်သာသာ ပြောဆိုခဲ့သော်လည်း သူ့စကားများက ကျွန်တော့်ကို စိတ်အနှောင့်အယှက်ပေးခဲ့သည်။ ‘တကယ်ဝမ်းနည်းစရာပဲ။ မတရားလိုက်တာ’ ဟု တွေးမိသည်။ သို့သော် အမေက “ဒါပေမယ့် သခင်အရှင်လာတဲ့အခါတော့ လူသေတွေကို သူထမြောက်စေမယ်။ အဲ့ဒီအခါကျရင် အမေတို့ မသေကြရတော့ဘူး” ဟုပြောလိုက်သည်နှင့် ကျွန်တော်တို့စိတ်သက်သာမှုရခဲ့သည်။
ထိုအချိန်ကတည်းက ပျော်ရွှင်စရာကောင်းမည့်အချိန် ဘယ်တော့လာပါ့မလဲ ဆိုသည်ကို အထူးစိတ်ဝင်စားလာပါသည်။ လူတကာကိုမေးခွန်းထုတ်သော်လည်း ဘယ်သူမှ မဖြေတတ်ကြချေ။ ပြောရမည်ဆိုရင် ထိုအကြောင်း ဆွေးနွေးချင်စိတ်ပင် မပေါ်ကြချေ။
ကျွန်တော်အသက် ၁၂ အရွယ်၌ တစ်နေ့မှာ အမေရိကန်နိုင်ငံတွင်နေသည့် အဖေ့ညီတစ်ယောက်ထံမှ စာအုပ်တစ်အုပ် ရောက်လာသည်။ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း ထုတ်ဝေသော The Harp of God ဖြစ်သည်။ မာတိကာကို ကြည့်လိုက်ရာ “သခင်၏ ပြန်ကြွရောက်ခြင်း” အခန်းတစ်ခန်းကိုတွေ့လိုက်ရသည့်အတွက် ဝမ်းသာမိသည်။ စိတ်ဝင်တစားဖတ်လိုက်သော်လည်း ပြန်ကြွလာမည့်နှစ် မဖော်ပြထားသည့်အတွက် စိတ်ဓာတ်ကျသွားသည်။ သို့သော် ထိုအချိန် သိပ်မဝေးတော့ဘူးဟု ပြောထားသည်။
မကြာမီ အထက်တန်းကျောင်းတက်ပြီး ကျောင်းစာနှင့် အလုပ်များနေခဲ့သည်။ သို့သော် တစ်ခါတစ်ရံ အမေရိကန်မှ ကျွန်တော့်ဦးလေးပို့ပေးသည့် ကင်းမျှော်စင်ကို ဖတ်ပါသည်။ နောက် တနင်္ဂနွေပတ်တိုင်း ဥပုသ်စာဖြေကျောင်းတက်သည့်အခါ ဘိရှော့သည် ကျွန်တော်တို့နဲ့ တစ်ခါတလေ စကားစမြည်လာပြောပါသည်။
တနင်္ဂနွေနေ့တစ်နေ့မှာ ဘိရှော့က ဒေါသနှင့် “ငါတို့မြို့ထဲမှာ ကွဲပြားတဲ့အယူအဆစာပေတွေကို ဧည့်သည်တွေသွင်းနေတယ်” ဟုပြောခဲ့ပါသည်။ သို့နှင့် ကင်းမျှော်စင်တစ်စောင်ကိုထောင်ပြပြီး “ဒီလိုစာအုပ်မျိုးတွေ အိမ်မှာရှိနေမယ်ဆိုရင် ငါ့ဆီယူလာခဲ့။ ငါမီးရှို့ပစ်မယ်” ဟုပြောသည်။
သူ့အသံနေအသံထားကိုမက သူရဲ့ ရန်တုံ့ပြန်လိုတဲ့သဘောထားကို ကျွန်တော်ပိုပြီးမကြိုက်ခဲ့ပါ။ သို့ဖြင့် သူ့စကားကို နားမထောင်ခဲ့ဘူး။ သို့သော်လည်း ကင်းမျှော်စင်အသင်းထုတ်တဲ့စာပေများကို နောက်ထပ်မပို့ပေးပါတော့နှင့်ဟု ဦးလေးဆီ စာရေးခဲ့သည်။ သို့သော်လည်း ခရစ်တော်ပြန်ကြွလာမည့်အချိန်ကို ဆက်စိတ်ဝင်စားနေတုန်းပင်။
ဝိညာဏခံတွင်းတွေ့ခြင်း တိုးများလာ
နွေကျောင်းပိတ်ချိန်ရောက်သည့်အခါ အဝတ်အစားထည့်ဖို့ ကျွန်တော့်သေတ္တာကိုထုတ်ခဲ့သည်။ အောက်ဆုံး၌ ကင်းမျှော်စင်အသင်းပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ကလေးသုံးအုပ်ကို တွေ့လိုက်သည်။ ထိုစာအုပ်တွေကို သတိမထားမိခဲ့ချေ။ တစ်အုပ်နာမည်မှာ Where Are the Dead? ဖြစ်သည်။
သို့ဖြင့် ‘စိတ်ဝင်စားစရာပါလား’ ဟုစဉ်းစားမိသည်။ ဘိရှော့၏သတိပေးချက်ကို မှတ်မိလိုက်သော်လည်း ၎င်းစာအုပ်တွေထဲမှာရှိသည့် အမှားတွေကိုရှာမည်ဆိုသည့်သဘောနှင့် ဖတ်လိုက်မိသည်။ ခဲတံယူပြီး အမှားကိုအသေအချာရှာခဲ့ပါသည်။ ရေးထားသမျှ ယုတ္တိရှိနေပုံပေါက်သည့်အတွက် ကျွန်တော်အံ့သြခဲ့ရသည်။ ကျမ်းစာကို စာရှုသူ စစ်ဆေးကြည့်ရန် ဝါကျတစ်ခုစီအတွက် ကျမ်းချက်များလည်း ကိုးကားထားသည်။
ကျွန်တော်တို့၌ ကျမ်းစာမရှိတော့ စာရေးသူတွေအကြိုက် ကျမ်းချက်တွေကိုများ တလွဲသုံးထားသလားဟု စဉ်းစားမိသည်။ သို့ဖြင့် ဦးလေးဆီစာရေးပြီး ကျမ်းစာတစ်အုပ်ပို့ပေးဖို့ တောင်းဆိုခဲ့သည်။ ချက်ချင်းပို့ခဲ့ပါသည်။ အစမှအဆုံး နှစ်ခေါက်ဖတ်လိုက်သည်။ နားမလည်နိုင်သည့်အချက်တွေ များစွာရှိနေသော်လည်း ဒံယေလနဲ့ဗျာဒိတ်ကျမ်းကို အလွန်စိတ်ဝင်စားခဲ့သည်။ ထိုကျမ်းစောင်တွေ ကြိုတင်ဟောထားတဲ့အချက်တွေကို နားလည်ချင်ခဲ့သည်။ သို့သော် ကူညီပေးနိုင်မည့်သူတစ်ယောက်မျှ မရှိခဲ့ပေ။
၁၉၂၉ ခုနှစ်တွင် ကျောင်းထွက်ပြီး နောက်များမကြာမီ အမေရိကန်ကဦးလေးထံမှ ကင်းမျှော်စင်များ ပြန်စရောက်လာသည်။ ဖတ်လေသဘောကျလာလေဖြစ်သည့်အတွက် မှန်မှန်ပို့ပေးဖို့ တောင်းဆိုခဲ့ပါသည်။ မဂ္ဂဇင်းများမှ ကျွန်တော်သိလာရသည့် အနာဂတ်အတွက်မျှော်လင့်ချက်အကြောင်းကိုလည်း တခြားသူတွေကို ပြောပြခဲ့ပါသည်။ သို့သော် ကျွန်တော်ရဲ့ဘဝ ရုတ်တရက်ပြောင်းလဲသွားသည်။
မြန်မာနိုင်ငံတွင် ဝိညာဏတိုးတက်မှု
ကျွန်တော်၏ အမေဘက်မှဦးလေးများက မြန်မာနိုင်ငံတွင်ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။ ကျွန်တော့်မိသားစုကလည်း သူတို့ဆီကို ကျွန်တော်လိုက်သွားရင် အမြင်ကျယ်လာပြီး စီးပွားရေးလုပ်ရန် အခွင့်အလမ်းများရှိလာမည်ဟု ဆုံးဖြတ်ခဲ့သည်။ အရှေ့တိုင်းကို ကျွန်တော်အရင်ကတည်းက စိတ်ဝင်စားခဲ့သည်။ ထိုကြောင့် သွားရမည့်နေ့ရက်ကို စောင့်မျှော်ခဲ့သည်။ မြန်မာနိုင်ငံရောက်သည့်အခါ ဦးလေးထံမှ ကင်းမျှော်စင်ကိုဆက်ရခဲ့သော်လည်း ထိုစဉ်က ကျမ်းစာကျောင်းသားဟုခေါ်ခဲ့သည့် ယေဟောဝါသက်သေတစ်ယောက်နှင့်မျှ မတွေ့ဆုံခဲ့ချေ။
တစ်နေ့တွင် ဗျာဒိတ်ကျမ်းကိုရှင်းပြသည့် Light စာအုပ်နှစ်အုပ်ကို ကင်းမျှော်စင်ထဲ၌ ကြော်ငြာထားသည်ကိုဖတ်လိုက်ရလို့ အရမ်းဝမ်းသာမိသည်။ ထို့အပြင် ဘုံဘေမြို့၌ရှိသည့် ကင်းမျှော်စင်အသင်း၏ အိန္ဒိယဌာနခွဲသည် မြန်မာနိုင်ငံ၌ရှိသည့် ကျမ်းစာကျောင်းသားများ၏လုပ်ငန်းကို ကွပ်ကဲပေးနေကြောင်းလည်း သိလိုက်ရသည်။ ချက်ချင်း Light စာအုပ်များကိုမှာယူပြီး အိန္ဒိယ၌ရှိသည့် ကျမ်းစာကျောင်းသားများကို မြန်မာနိုင်ငံတွင် လာရောက်ဟောပြောရန် ပို့လိုက်ပါဟု တောင်းဆိုခဲ့သည်။
စာတိုက်မှတစ်ဆင့် စာအုပ်များ ချက်ချင်းရောက်လာခဲ့သည်။ နောက်တစ်ပတ်နှစ်ပတ်အကြာမှာ မြန်မာကျမ်းစာကျောင်းသားများ ကျွန်တော့်ထံရောက်လာသည်။ ကျွန်တော်နေထိုင်သည့် မြန်မာနိုင်ငံ၏ မြို့တော်၊ ရန်ကုန်၌ ကျမ်းစာကျောင်းသား လူနည်းစုတစ်ခုရှိကြောင်း သိရသည့်အခါ ဝမ်းသာမိသည်။ သူတို့မှန်မှန်ကျင်းပသည့် ကျမ်းစာလေ့လာချိန်ကို တက်ရောက်ရန်မက တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ ပါဝင်ဟောပြောရန် သူတို့က ကျွန်တော့်ကိုဖိတ်ခေါ်သည်။ အစတော့ နည်းနည်းတွန့်ဆုတ်စိတ်ရှိသော်လည်း မကြာခင် ကျမ်းစာအသိပညာ ဟောပြောခြင်းမှ ပျော်ရွှင်မှုရရှိလာသည်။
ထိုနောက် အိန္ဒိယဌာနခွဲမှ အချိန်ပြည့်ဓမ္မအမှုဆောင် (ရှေ့ဆောင်များဟုခေါ်) နှစ်ယောက်၊ ယူးဝါ့တ် ဖရန်းစစ္စနှင့် ရန်ဒယ်လ် ဟော့ပလီတို့ကို ရန်ကုန်မြို့သို့ စေလွှတ်ခဲ့သည်။ နှစ်ဦးစလုံး အင်္ဂလန်နိုင်ငံသားများဖြစ်၍ အိန္ဒိယနိုင်ငံတွင် နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့ပြီးဖြစ်သည်။ ကျွန်တော့်ကို သူတို့တကယ်အားပေးတည်ဆောက်ခဲ့သည်။ ၁၉၃၄ နှစ်မှာ ယေဟောဝါထံဆက်ကပ်အပ်နှံကြောင်းကို တင်ပြရန် ကျွန်တော်နှစ်ခြင်းယူခဲ့သည်။
ရဲစွမ်းသတ္တိရှိ သက်သေခံချက်
နောက်ပိုင်း မြန်မာနိုင်ငံသို့ အိန္ဒိယဌာနခွဲက ရှေ့ဆောင်များပို့ခဲ့သည်။ သူတို့အနက် နှစ်ဦးဖြစ်သူ ကလောဒ် ဂွတ်မန်နှင့် ရောန် တစ်ပင်တို့က မီးရထားဘူတာရုံတစ်ခုတွင် ရုံပိုင်ချုပ်စစ်ဒနီကု(တ်) အား သက်သေခံခဲ့သည်။ သူကလည်း စာအုပ်များလက်ခံပြီး အစမှအဆုံး လေ့လာခဲ့သည်။ ယင်းအကြောင်းများကို အိမ်ထောင်သည်အစ်မဖြစ်သူ မန္တလေးမြို့နေ ဒေစီဒီစူဇာထံ စာရေးအကြောင်းကြားခဲ့ပါသည်။ သူမလည်း စာအုပ်များကို အလွန်စိတ်ဝင်စားလာ၍ ထပ်မံပို့ပေးရန် တောင်းဆိုခဲ့သည်။
ထက်သန်သောကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်သူ ဒေစီသည် ထူးခြားသောသတ္တိရှိသူဖြစ်ပါသည်။ အိမ်နီးချင်းများထံ လည်ပတ်ကာ မိမိသင်ယူနေသောအကြောင်းများကို စတင်ပြောပြလေတော့သည်။ သူမ အဘယ်ကြောင့်ချာ့ချ်မတက်တော့ကြောင်းကို ဘုန်းတော်ကြီးက လာရောက်မေးမြန်းသည့်အခါ ပူပြင်းသောမီးငရဲပါအပါအဝင် သူသွန်သင်နေသောအကြောင်းများကို ကျမ်းစာမသွန်သင်ထားကြောင်း ဖော်ပြလေသည်။
နောက်ဆုံးတွင် ဘုန်းတော်ကြီးက “ပူပြင်းတဲ့မီးငရဲအကြောင်း နှစ်ပေါင်းများစွာသွန်သင်ပြီးနောက် အဲ့ဒီလိုနေရာမျိုးမရှိဘူးလို့ လူတွေကို ဘယ်လိုပြောနိုင်မလဲ။ အဲ့ဒီလိုသာပြောယင် ဘုရားကျောင်းတက်မယ့်လူရှိတော့မှာမဟုတ်ဘူး” ဟုပြောခဲ့ပါသည်။
“ရှင်သာ ရိုးသားတဲ့ခရစ်ယာန်တစ်ယောက်ဆိုရင် ဘာပဲဖြစ်ဖြစ် အမှန်တရားကို သွန်သင်ပေးမှာပါ” ဟုဒေစီပြန်ဖြေဆိုသည်။ ထိုနောက် သူမက “ရှင်မသင်ပေးရင် ကျွန်မသင်ပေးမယ်” ဟုထပ်ဆင့်ပြောပါသည်။ ထိုနောက်ဆက်၍ ဟောပြောလေတော့သည်။
ဒိခ်နှင့်ဒေစီ၊ သူတို့၏သမီးကြီးနှစ်ယောက်တို့သည် ကျွန်တော်နှစ်ခြင်းယူခဲ့သည့်အချိန်တွင်ပင်ရန်ကုန်မြို့၌ နှစ်ခြင်းယူခဲ့ပါသည်။ နောက်သုံးနှစ်အကြာ၊ ၁၉၃၇ ခုနှစ်တွင် သူတို့၏ဒုတိယသမီး၊ ဖီးလစ္စကို ကျွန်တော်ထိမ်းမြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရ
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်သားများ မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ၁၉၄၂ မတ် ၈ တွင်ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သည်။ ထိုအခါ နိုင်ငံခြားသားအမှုထမ်းများသည် အိန္ဒိယနိုင်ငံသို့ အလျင်အမြန်ထွက်ခွာရန်တွန်းအားပေးခံခဲ့ရသည်။ တောလမ်းခရီးဖြင့် ထွက်ပြေးရန် လူများစွာ ကြိုးစားခဲ့သည်။ သို့သော် လမ်းခရီးတွင်ပင် များစွာသောသူတို့သည် ကွယ်လွန်ခဲ့ကြသည်။ တပ်ရုပ်သိမ်းရေး တာဝန်ခံအရာရှိသည် ကျွန်တော်နှင့်ရင်းနှီးသောမိတ်ဆွေဖြစ်သောကြောင့် ရန်ကုန်မြို့မှ ကာလကတ္တားမြို့သို့လွှင့်သော နောက်ဆုံးကုန်တင်သင်္ဘောအတွက် လက်မှတ်များဝယ်နိုင်ခဲ့ပါသည်။ ကျွန်တော်တို့ရဲ့အိမ်ရော၊ ပိုင်ဆိုင်ရာများကို ရုတ်တရက်စွန့်လိုက်ရသည့်အတွက် အားလုံးဝမ်းနည်းကြပါသည်။ မြန်မာနိုင်ငံကို ၁၉၄၂ မှ ၁၉၄၅ အထိဂျပန်သိမ်းပိုက်ထားပါသည်။
အိန္ဒိယနိုင်ငံရောက်သည့်အချိန်တွင် ဝင်ငွေအလွန်နည်းနေပါသည်။ အလုပ်ရရန်လည်း မလွယ်ကူခဲ့ပါ။ ယင်းက ယုံကြည်ခြင်းစမ်းသပ်ချက်ဖြစ်ခဲ့ပါသည်။ အမြတ်များတဲ့ စစ်မှုထမ်းအလုပ်မဟုတ်သည့်အလုပ်တစ်ခုကို ဗြိတိသျှစစ်ဗိုလ်တစ်ဦးက ကျွန်တော့်ကို ကမ်းလှမ်းပါသည်။ သို့သော် ယင်းအလုပ်သည် စစ်ယန္တရားအဝင်ဖြစ်နေပါသည်။ ယေဟောဝါအကူအညီဖြင့် ထိုအလုပ်ကို လက်မခံဘဲနေနိုင်ခဲ့သည့်အတွက် ကြည်လင်တဲ့ခရစ်ယာန်သြတ္တပ္ပစိတ်ကို ထိန်းသိမ်းနိုင်ခဲ့ပါသည်။ (ဟေရှာယ ၂:၂-၄) အခြားနည်းမျိုးစုံဖြင့်လည်း ယေဟောဝါ၏မေတ္တာကို ကျွန်တော်တို့ခံစားခဲ့ကြရပါသည်။
နေရာထိုင်ခင်း အလွန်ရှားပါးသည့် အိန္ဒိယမြို့တော်၊ နယူးဒေလီတွင် ကျွန်တော်တို့အခြေချခဲ့ပါသည်။ ကျွန်တော်တို့တွေ့ခဲ့သည့်တိုက်ခန်းကျယ်မှာ မြို့အလယ်တွင်ဖြစ်သည်။ သီးသန့်တံခါးဝရှိသည့် ဧည့်ခန်းကျယ်ပါဝင်သဖြင့် ယင်းသည် နောင်အနှစ်အနည်းငယ်အတွင်း ယေဟောဝါသက်သေများ၏ ဒေလီအသင်းတော်အတွက် နိုင်ငံတော်ခန်းမဖြစ်ခဲ့ပါသည်။ သို့ရာတွင် ၁၉၄၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံရှိ ကင်းမျှော်စင်အသင်းစာပေအားလုံးကို ပိတ်ပင်ခဲ့သည့်အတွက် ကျမ်းစာစာပေများ မရနိုင်ခဲ့ကြပါ။
ပိတ်ပင်ထားချိန် မည်သို့ပွင့်ခဲ့
၁၉၄၃ ခုနှစ်၊ တနင်္ဂနွေနေ့တစ်နေ့တွင် ဒေလီမြို့ရှိ ချာ့ချ်များမှာ ဝတ်ပြုရေးတက်ခဲ့သူတို့သည် ချာ့ချ်အသီးသီးမှ ဓမ္မဆရာ ၁၃ ဦး၏လက်မှတ်ပါသော ဝေစာတစ်ခုကို လက်ခံရရှိခဲ့ကြသည်။ ယင်းက ဤသို့သတိပေးခဲ့သည်။ “ဒေလီမြို့သူမြို့သားတို့ ယေဟောဝါသက်သေများကို သတိပြုကြ။” နိုင်ငံရေးကြောင့် အိန္ဒိယနိုင်ငံတွင် ကျွန်တော်တို့ကိုပိတ်ပင်ထားသည်ဟု စွပ်စွဲထားသည်။
ဘုံဘေမြို့ရှိ ဌာနခွဲ၏ခွင့်ပြုချက်ဖြင့် ဓမ္မဆရာများအပြစ်ကို ဖော်ထုတ်သည့်ဝေစာတစ်ခုကို ကျွန်တော်တို့ ချက်ချင်းပုံနှိပ်ထုတ်ဝေလိုက်ပါသည်။ ကျွန်တော်က ဦးစီးကြီးကြပ်မှူးဖြစ်သည့်အတွက် ထိုပြင်းထန်သောဝေစာအောက်တွင် ကျွန်တော့်နာမည်နှင့်လိပ်စာကို ပုံနှိပ်ထားပါသည်။ နောက်များမကြာမီ မာဂရစ်တ် ဟော့ဖ်မင်နှင့်ကျွန်တော်တို့သည် ထိုဝေစာများကို ကမ်းနေချိန်တွင် ရဲတပ်ဖွဲ့များလာ၍ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါသည်။ သို့သော် အာမခံဖြင့် များမကြာမီထွက်လာခဲ့သည်။
နောင်တွင် အမှုတော်ဆောင်နေစဉ် မာဂရစ်တ်သည် အိန္ဒိယဘုရင်ခံ၏ဝန်ကြီးအဖွဲ့တွင် နာမည်ကျော်ကြားသောဝန်ကြီးဖြစ်သူ ဆာ စရီဗာစတာပါ အိမ်သို့ ရောက်သွားပါသည်။ ဆာ စရီဗာစတာပါသည် သူမကိုဧည့်ဝတ်ပျူငှာစွာလက်ခံ၍ စကားစမြည်ပြောဆိုကြစဉ်တွင် ကျွန်ုပ်တို့၏စာပေများကို အိန္ဒိယနိုင်ငံတွင် မတရားသဖြင့်ပိတ်ပင်ထားကြောင်း သူမပြောပြခဲ့သည်။ ထိုနေ့ရက်တွင်ပင် မဒရပ်စ်ပြည်နယ်မှ ပါလီမန်အမတ်တစ်ဦးကိုလည်း မာဂရစ်တ်တွေ့ဆုံခဲ့သည်။ ပါလီမန်အစည်းအဝေးတစ်ခုတက်ခြင်းငှာ ထိုသူရောက်ရှိနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏စာပေများကို ပိတ်ပင်ခြင်းသည် မတရားမှုဖြစ်ကြောင်း သူမတင်ပြခဲ့ရာ လာမည့်အစည်းအဝေးတွင် ယင်းအကြောင်း ထည့်ပြောဆိုပေးမည်ဟု သူ ကတိပြုခဲ့ပါသည်။
ထိုစဉ်က ဒေသခံဆေးရုံတစ်ခုတွင် ရူပကုထုံးဆိုင်ရာဆရာဝန်အဖြစ် ကျွန်တော်အလုပ်လုပ်ကိုင်နေပါသည်။ ဆာ စရီဗာစတာပါသည် မတော်တဆဒဏ်ရာရခဲ့၍ ရူပကုထုံးဖြင့် သူသက်သာနိုင်မနိုင် စစ်ဆေးကြည့်ရန် ဆေးရုံအမှုထမ်းများက ကျွန်တော့်အား သူ့ထံစေလွှတ်ခဲ့သည်။ ဆာ စရီဗာစတာပါသည် သဘောကောင်းသူတစ်ဦးဖြစ်၍ ကျွန်တော်တို့စကားစမြည်ပြောဆိုနေကြစဉ် မစ္စဟောဖ်မင်နှင့်ကျွန်တော်သည် အာမခံဖြင့် အချုပ်မှလွှတ်ထားကြောင်း မသိမသာထည့်ပြောပြခဲ့သည်။ ကျွန်တော်တို့ရဲ့ကျမ်းစာစာပေများ ပိတ်ပင်ခံရခြင်းမှာ ဓမ္မဆရာများက ကျွန်တော်တို့ကို နိုင်ငံရေးနဲ့ပတ်သက်သည်လို့ မတရားသဖြင့်စွပ်စွဲကြောင်း၊ အမှန်မှာ ကျွန်တော်တို့သည် နိုင်ငံရေးတွင် လုံးဝမပါဝင်ကြောင်း ရှင်းပြခဲ့ပါသည်။ ကျွန်တော်တို့၏ ဌာနခွဲကိုယ်စားလှယ် အဲဒဝင် စကင်နာသည် ကျွန်တော်တို့၏အနေအထားကို ရှင်းပြခြင်းငှာ လူတွေ့ဝင်ရောက်ခွင့်တောင်းဆိုခဲ့သော်လည်း အခွင့်မရနိုင်သေးကြောင်း ဆက်ပြောပြခဲ့သည်။
ရက်အနည်းငယ်အကြာတွင် ဆာ စရီဗာစတာပါက “ရက်အနည်းငယ်ကျရင် မစ္စတာဂျင်ကင်စ် [ကျွန်ုပ်တို့၏လုပ်ငန်းကို မျက်နှာသာမပေးသော အစိုးရအရာရှိ] အငြိမ်းစားသွားတော့မယ်။ သူ့အစား ဆာ ဖရန်စစ္စ မူဒီတက်လိမ့်မည်။ မစ္စတာစကင်နာကို လာခိုင်းပါ။ သူ့ကို ဆာ ဖရန်စစ္စနဲ့ မိတ်ဆက်ပေးမယ်” ဟုပြောပါသည်။
ဆာ စရီဗာစတာပါသည် ကတိပြုသည်အတိုင်း တွေ့ဆုံနိုင်ချိန်ကို စီစဉ်ပေးခဲ့ပါသည်။ ထိုအချိန်အတွင်း ဆာ ဖရန်စစ္စ မူဒီက ညီအစ်ကိုစကင်နာအား “ဘာကတိမှတော့ မပေးနိုင်ဘူး။ ဒါပေမယ့် ဒီကိစ္စကိုတော့ စစ်ဆေးကြည့်လိုက်မယ်” ဟုပြောသည်။ ရက်အနည်းငယ်တွင် ပါလီမန်ဖွင့်မည်ဖြစ်သဖြင့် ညီအစ်ကိုစကင်နာသည် မပြန်သေးဘဲ ရက်အနည်းငယ်စောင့်ကြည့်နေပါသည်။ ကတိရှိသည်အတိုင်းပင် မဒရပ်စ်ပြည်နယ် ပါလီမန်အမတ်သည် ပါလီမန်အစည်းအဝေးတွင်ထ၍ “ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းရဲ့ စာပေစာတမ်းများကို နိုင်ငံရေးနဲ့ပတ်သက်တယ်ဆိုပြီး ပိတ်ပင်ထားတာ ဟုတ်လား” ဟုမေးမြန်းခဲ့သည်။
“မဟုတ်ဘူး။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပိတ်ပင်ထားတာပါ” ဟု ဆာဖရန်စစ္စ မူဒီဖြေဆိုသည်။ “ဒါပေမယ့် ပိတ်ပင်ချက်ကို ရုပ်သိမ်းဖို့ အစိုးရကဆုံးဖြတ်လိုက်ပါပြီ။”
ထိုသတင်းကို ကျွန်တော်တို့ကြားသည့်အခါ အလွန်ဝမ်းသာပီတိဖြစ်ခဲ့ကြပါသည်။ တစ်ပတ်အကြာတွင် ပိတ်ပင်မှုကိုဖျက်သိမ်းခဲ့ကြောင်း စာအားဖြင့် ဘုံဘေမြို့ရှိ ဌာနခွဲထံ အကြောင်းကြားစာ ရောက်လာပါသည်။
စစ်ဘေးခံမြန်မာနိုင်ငံသို့ ပြန်ရောက်ရှိ
ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာနိုင်ငံ၌ ဗြိတိသျှအစိုးရ ပြန်တက်လာပါသည်။ သို့နှင့် လအနည်းငယ်တွင် သက်သေခံဆယ်ဦး ရန်ကုန်မြို့သို့ ပြန်သွားခဲ့ပါသည်။ ဒေသခံသက်သေခံအနည်းငယ်တို့နှင့် ပြန်တွေ့ဆုံခဲ့ရသည်ကို ကျွန်ုပ်တို့အလွန်ဝမ်းသာမိပါသည်။ တိုင်းပြည်တစ်ခုလုံးမှာမူ ဝမ်းနည်းစရာအခြေအနေတွင် ရှိနေပါသည်။ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးပါအပါအဝင် ပြည်သူ့အသုံးအဆောင်များ မရှိပါ။ သို့ဖြစ်၍ စစ်တပ်မှ ဂျစ်ကားတစ်စီးကိုဝယ်ပြီး ပြန်ရောက်လာပြီးနောက် များမကြာမီ စီစဉ်ခဲ့သောစည်းဝေးများသို့ လူတို့ကို ကြိုပို့ခဲ့ပါသည်။
စိတ်ဝင်စားသူတစ်ဦးက မြေကွက်ပေးသည့်အတွက် ထိုအရပ်ဒေသနေ ကူညီလိုစိတ်ရှိသူများအကူအညီဖြင့် ကျယ်ဝန်းသောနိုင်ငံတော်ခန်းမတစ်ခု ဆောက်ခဲ့ပါသည်။ ဝါးဘိုးတိုင်များ၊ ဝါးကပ်နံရံများ၊ ဓနိမိုးဖြင့် ယင်းကိုတည်ဆောက်ခဲ့ပါသည်။ ၁၉၄၇ ဧပြီလတွင် ထိုစဉ်က ကင်းမျှော်စင်အသင်း၏ဥက္ကဌ၊ နေသန် အိပ်ချ်၊ နောရ်နှင့် သူ၏အတွင်းရေးမှူး မီလ်တင် ဂျီ၊ ဟင်ရှယ်လ် တို့သည် ရန်ကုန်မြို့သို့ရောက်စဉ် ဟောပြောချက်များပေးခဲ့ပါသည်။ ထိုအချိန်တွင် မြန်မာတစ်နိုင်ငံလုံးတွင် သက်သေခံ ၁၉ ဦးသာရှိပါသည်။ သို့သော် ညီအစ်ကိုနောရ်၏ လူထုဟောပြောချက်ကို နယူးအက်စဲလ်စီရာ (ဝဇီရာ) ရုပ်ရှင်ရုံတွင် ကျင်းပခဲ့ရာ တက်ရောက်သူ ၂၈၇ ယောက်ရှိခဲ့ပါသည်။
ဩစတြေးလျားနိုင်ငံတွင် အခြေချ
၁၉၄၈ ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှနိုင်ငံမှ လွတ်လပ်ရေးရရှိခဲ့သည်။ ဥရောပတိုက်သားအများစုက အခြားနိုင်ငံတွင် ပြောင်းရွှေ့နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဖိလစ္စနှင့်ကျွန်တော်လည်း အတူတူဆုတောင်းဆင်ခြင်စဉ်းစားပြီးနောက် ဩစတြေးလျားနိုင်ငံတွင် သမီးလေးကိုခေါ်သွားနေထိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါသည်။ ကျွန်တော်တို့သည် ဩစတြေးလျအနောက်ပိုင်းမြို့တော်ဖြစ်သည့် ပါ့သ်မြို့တွင် အခြေချခဲ့သည်။
မြန်မာနိုင်ငံမှထွက်ခွာရပြန်၍ ဤတစ်ကြိမ်တွင် အမြဲတမ်းအတွက်ဖြစ်သည့်အတွက် အလွန်ဝမ်းနည်းစရာ ဖြစ်ခဲ့ပါသည်။ တစ်ခါတစ်ရံ ထိုနိုင်ငံမှ ချစ်မြတ်နိုးရသူများထံမှ သတင်းရ၍ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းသည် နိုင်ငံအတွင်း တဖြည်းဖြည်းတိုးတက်နေကြောင်း ကြားသိရ၍ ဝမ်းသာရပါသည်။
၁၉၇၈ ခုနှစ်မှစ၍ ဩစတြေးလျားနိုင်ငံ၏ မြို့ကြီးများရှိ ဂရိစကားပြောအသင်းတော်များထံ လေးနှစ်တိုင် လည်ပတ်အကူအညီပေးခွင့်ရခဲ့ပါသည်။ ဤကျယ်ဝန်းသောနိုင်ငံ၏ အနောက်ဖက်ကမ်းရိုးတန်းမှ အရှေ့ကမ်းရိုးတန်းအထိ မိုင်ပေါင်း ၂,၆၀၀ ရှိသည့်အတွက် ကျွန်ုပ်တို့ရှည်ရှည်ဝေးဝေးခရီးထွက်ခဲ့ရသည်။ အတန်ကြာလေသော် ပြည်နယ်တစ်ခုမှတစ်ခု အလွန်ကွာခြားသောရာသီဥတုကြောင့် ကျွန်ုပ်တို့ကျန်းမာရေးချို့တဲ့လာပါသည်။ သို့ဖြစ်၍ ပါ့သ်မြို့တွင် ပြန်အခြေချခဲ့ရာ မြို့တွင်းရှိ အသင်းတော် ၄၄ ခုအနက် တစ်ခုတွင် အကြီးအကဲတစ်ဦးအဖြစ် ကျွန်တော်ဆက်အမှုထမ်းနေပါသည်။
နှစ်ပေါင်းများစွာကုန်လွန်လေသော် ကျွန်တော့်မျက်စိမှုန်လာ၍ ခဲယဉ်းစွာ စာဖတ်ရပါသည်။ ကျန်းမာရေးပြဿနာများရှိသော်လည်း ကျွန်တော်တို့နှလုံးသည် နုနယ်နေဆဲရှိပါသေးသည်။ ယေဟောဝါကိုကြောက်ရွံ့သူများသည် ကိုယ်တော်၏မျက်နှာသာတော်အလင်းကို တွေ့မြင်ကာ “အနာပျောက်စေသောအတောင်တို့နှင့်ပေါ်ထွန်း . . . [လျက်] ထွက်သွား၍ တင်းကုပ်၌နွားသငယ်ကဲ့သို့ ခုန်ကြလိမ့်မည်” အချိန်ကို ကျွန်ုပ်တို့နှစ်ယောက်စလုံး စိတ်ချစွာ စောင့်မျှော်နေကြပါသည်။—မာလခိ ၄:၂။a
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
၁၉၄၇ မြန်မာနိုင်ငံတွင် ညီအစ်ကိုဟင်ရှယ်လ်နှင့်နောရ်တို့ရောက်စဉ်က ကျွန်တော့်မိသားစုနှင့်အတူ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဩစတြေးလျားနိုင်ငံတွင် ဘယ်စီလ် ဆာတော့စ်နှင့် သူ၏ဇနီး၊ ဖိလစ္စ
[အောက်ခြေမှတ်ချက်များ]
a သူ၏ဘဝအထုပ္ပတ္တိအပြီးသတ်ချိန်၌ ၁၉၉၂ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ညီအစ်ကိုဆာတော့စ် သေခြင်း၌ အိပ်ပျော်သွားခဲ့ပါသည်။