ယေဟောဝါ၏အမှုတော်ကို အဘယ်ကြောင့်ဆောင်ရွက်သင့်သနည်း
“ယေဟောဝါ၏နေ့ကြီး ရောက်လုပြီ။ ‘ကြီးစွာသောဒုက္ခ’ နီးပြီ။ ဘုရားသခင့်အမှုတော်ကို သင်မဆောင်ရွက်ပါက ယင်းကပ်ဘေးကို ကျော်လွှားလိမ့်မည်မဟုတ်။” ထိုသို့သင့်အား တစ်ဦးတစ်ယောက်ပြောဆိုပါက သင်မည်သို့တုံ့ပြန်မည်နည်း။—ဇေဖနိ ၂:၂၊ ၃။ မဿဲ ၂၄:၂၁။
ယေဟောဝါ၏နေ့ကြီးကို ကျွန်ုပ်တို့အမြဲစိတ်စွဲလမ်းနေရမည် မှန်သည်။ နီးကပ်လာနေသော ကြီးစွာသောဒုက္ခကို ကပ်ကျော်လိုလျှင် ဘုရားသခင့်အမှုတော်ကို သစ္စာရှိစွာဆောင်ရွက်ရမည်မှန်သည်။ သို့သော် ဤအကြောင်းများသည် ယေဟောဝါဘုရားသခင်၏ မြင့်မြတ်သောလုပ်ငန်းတော်ကိုဆောင်ရွက်ရခြင်း၏ အဓိကအကြောင်းများ ဖြစ်သင့်ပါသလော။ ယေဟောဝါအမှုတော်ကို သင်အဘယ်ကြောင့်ထမ်းဆောင်ပါသနည်း။
ရည်ရွယ်ချက်အမှန် ရှိရန်လို
ဘုရားသခင့်အမှုတော်ကို ရည်ရွယ်ချက်မှန်နှင့် မထမ်းဆောင်လျှင် ကာလအတန်ကြာလေသော် မျှော်လင့်ထားသည့်အတိုင်း မဖြစ်ပျက်လာသဖြင့် ဆုတ်ခွာဖယ်ရှားသွားပေမည်။ ဥပမာ၊ အချို့သူများက ၁၈၄၃၊ သို့မဟုတ် ၁၈၄၄ တွင်ယေရှုခရစ်ပြန်ကြွရောက်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ထိုနေ့စွဲသာ ကုန်လွန်သည် သူတို့မျှော်လင့်သည့်အတိုင်း မဖြစ်လာခဲ့ပါ။ ယင်းနှင့်ပတ်သက်၍ Bible Examiner ကိုထုတ်ဝေသူ ဂျော့ဂျ် စတောစ်၏ရေးသားချက်သည် စိတ်ဝင်စားစရာဖြစ်ပါသည်။ နောက်ပိုင်းတွင် ဤသူသည် ကင်းမျှော်စင်အသင်း၏ ပထမဥက္ကဌ ချားလ်စ် တေဇ် ရပ်စဲလ်၏မိတ်ဆွေတစ်ဦး ဖြစ်လာပါသည်။ ၁၈၄၆ စက်တင်ဘာထုတ် Bible Examiner တွင် စတောစ် ဤသို့ရေးသားခဲ့သည်။
“ဘုရားအမှုတော်ဆောင်ရန်တာဝန်သည် နေ့တော်မြတ်ကုန်လုပြီဖြစ်ခြင်းထက် သာလွန်တာသွားပါသည်။ . . . ၁၈၄၆ နှင့် ၁၈၄၇ တွင်ဒုတိယအကြိမ်ကြွလာခြင်းကို မမြင်ရဘဲ ဖြစ်ကောင်းဖြစ်မည့်အခါ တုံ့ပြန်မှုသည် စဉ်းစား၍မရနိုင်သည်တိုင် စိတ်ဓာတ်ကျမှုဖြစ်ပေလိမ့်မည်။ ယင်းသို့ဖြစ်နိုင်သည်ကို တွေ့ကြုံမှုကတင်ပြခဲ့ပြီ။—၁၈၄၃ နှင့် ၁၈၄၄ အဖြစ်အပျက်ကို အကျွန်ုပ်ရည်ညွှန်းနေပါသည်။ သခင်အရှင်ကြွရောက်လာချိန်တိုင်ပြီဖြစ်သည့်အတွက် ပြုသင့်ပြုအပ်သည့်အလျောက် ‘ဘုရားအမှုတော်ထမ်းရန် တိုက်တွန်းခံရသည်’ ဟုဆိုကြသူအများ ယခုအဘယ်မှာရှိကြသနည်း။ ပဲ့တင်သံကား—အဘယ်မှာနည်းဖြစ်သည်။ ထိုသူဆယ်ယောက်အနက် တစ်ယောက်မျှသာ ခရစ်ယာန်ယုံကြည်ချက်ကိုဂုဏ်တင်ခြင်းငှာ သွားလာနေဆဲရှိသည်။ ဤသို့ အဘယ်ကြောင့်ဖြစ်ရသနည်း။ မှားယွင်းသောရည်ရွယ်ချက်များဖြင့် တိုက်တွန်းခံခဲ့ကြရသောကြောင့်တည်း။ အဓိကသဘောကျအားရခဲ့သည့်အရာမှာ သူတို့၏အတ္တသဘောဖြစ်သည်။ အသက်ထွက်လုနီးသောလူနာ၊ သို့မဟုတ် သမုဒ္ဒရာပင်လယ်တွင် မုန်တိုင်းသင့်နေသော အပြစ်သားနှင့် သူတို့တူကြပါသည်။ ထိုသူသေရမည်ဆိုလျှင် ခရစ်ယာန်ဖြစ်လာပါမည်။ အသက်အန္တရာယ်မရှိတော့လျှင်မူကား ခါတိုင်းကဲ့သို့ပင် ဥပေက္ခာပြုလျက်နေပါမည်။
ရည်ရွယ်ချက်မှန်များဖြင့် အမှုတော်ထမ်းခြင်း
အတ္တစိတ်နှင့် ဖျက်ဆီးခံရမည်ကိုစိုးရိမ်ခြင်းကြောင့် အချို့သူများသည် ယေဟောဝါအလိုတော်ကို ထမ်းဆောင်နေခြင်းဖြစ်ပေမည်။ အခြားသူများမူ ပရဒိသုတွင် အသက်ရှင်လိုသည့် မျှော်လင့်ချက်ပြင်းပြသောကြောင့်သာ ဘုရားသခင့်အမှုတော်ကို ဆောင်ရွက်နေပေမည်။ မည်သို့ဆို ဤရည်ရွယ်ချက်များကို အဓိကထားသူများက ယေဟောဝါ၏နေ့ရက်နှင့် ကြီးစွာသောဒုက္ခသည် မနီးကပ်လှသေးချေဟု ယူမှတ်ကြမည်ဆိုလျှင် ဘုရားသခင့်အမှုတော်ကို ဇွဲလုံ့လရှိရှိထမ်းဆောင်ချင်စိတ် ရှိကြမည်မဟုတ်ပါ။
ဘုရားသခင့်ကတိတော်များနှင့် ကြိုတင်ဟောထားသည့် ကောင်းချီးများ၌ ဝမ်းမြောက်ရွှင်လန်းခြင်းသည် အတ္တမဆန်သည်ကား အမှန်ပါ။ သားတော်ယေရှုခရစ်၏ တပည့်နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့ရှေ့ ချမှတ်ထားတော်မူသောအလားအလာများ၌ ကိုယ်တော်သည် ရွှင်လန်းအားရစေလိုတော်မူသည်။ “မျှော်လင့်လျက် ဝမ်းမြောက်ကြလော့” ဟုတမန်တော်ပေါလုပြောပြီးနောက် “ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြုကြလော့” ဟုထပ်ဆင့်ပြောပါသည်။ (ရောမ ၁၂:၁၂) ဆုတောင်းခြင်းနှင့်အတူ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကြောင့်ရွှင်လန်းခွင့်” အားဖြင့် စုံစမ်းခြင်းများကိုခံရပ်နိုင်ရန်နှင့် ဘုရားသခင့်ကတိတော်များ ပြီးပြည့်လာမည့်အချိန်ကို စိတ်ရှည်ရှည်စောင့်မျှော်နိုင်ရန် အကူအညီရရှိပါသည်။ (နေဟမိ ၈:၁၀၊ သမ) ထိုစဉ်အခါ ယေဟောဝါအမှုတော်ထမ်းရန် အကြောင်းကောင်းမြောက်မြားစွာရှိပါသည်။ ယင်းတို့အနက် အချို့ကားအဘယ်နည်း။
တာဝန်နှင့်အခွင့်အရေး
စကြဝဠာပိုင်သအုပ်စိုးခွင့်ရှိသူအနေနှင့် ယေဟောဝါရှင်သည် အကြွင်းမဲ့ချစ်မြတ်နိုးဝတ်ကိုရထိုက်၍ အတင်းအကျပ်တောင်းဆိုတော်မူသည်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅) ထိုကြောင့် ကြီးစွာသောဒုက္ခသည် နောက်တစ်နေ့၊ နောက်တစ်နှစ် သို့မဟုတ် ထိုနောက်၌စတင်သည့်တိုင် ခရစ်ယာန်တစ်ဦးစီ၌ ဘုရားသခင့်အပေါ် တာဝန်တစ်မျိုးတည်းရှိကြပါသည်။ မိမိစိတ်နှလုံး၊ မိမိစိုးလ်၊ မိမိခွန်အားအပြည့်အဝဖြင့် ဘုရားသခင်ကိုချစ်မြတ်နိုးရသောကြောင့် ယေဟောဝါ၏အမှုတော်ကို ကိုယ်ကျိုးမရှာ ထမ်းဆောင်ရန်တာဝန်ရှိသည်။ (မာကု ၁၂:၃၀) ရှေးခရစ်ယာန်အချို့သည် ယေဟောဝါ၏နေ့ကြီးနီးပြီဟုထင်မှတ်ခဲ့သော်လည်း သူတို့မျှော်လင့်သည်အတိုင်း မဖြစ်ပျက်ဘဲ ကွယ်လွန်သွားခဲ့ကြပါသည်။ (၁ သက်သာလောနိတ် ၅:၁-၅။ ၂ သက်သာလောနိတ် ၂:၁-၅) သို့သော် သေသည်တိုင်အောင် သူတို့သစ္စာရှိကြမည်ဆိုလျှင် ခရစ်တော်၏ ဤဘိသိက်ခံတပည့်နောက်လိုက်များသည် နောက်ဆုံးတွင် ကောင်းကင်အသက်တာဆုရရှိရန် ရှင်ပြန်ထမြောက်ကြမည်ဖြစ်သည်။—ဗျာဒိတ် ၂:၁၀။
အလိုတော်ကိုဆောင်ရွက်ရန်တာဝန်ကို စိတ်လိုကိုယ်လျောက်လက်ခံယူထားခဲ့ကြသောကြောင့် နှစ်ခြင်းခံယူပြီးသော ယေဟောဝါ၏သက်သေများသည် သစ္စာရှိရှိ အမှုတော်ထမ်းဆောင်သင့်သည်။ စဉ်းစားကြည့်ပါ။ သန့်ရှင်းသောကောင်းကင်တမန်များနည်းတူ စကြဝဠာပိုင်သအုပ်စိုးခွင့်ရှိသူ၏အလိုတော်ကို ကျွန်ုပ်တို့ဆောင်ရွက်ခွင့်ရရှိထားသည်။ (ဆာလံ ၁၀၃:၂၀၊ ၂၁) ဤသို့သောအခွင့်အရေးကို ယေရှုအထူးမြတ်နိုးတန်ဖိုးထားသည့်အတွက် ကိုယ်တော်က “ငါ့ကိုစေလွှတ်တော်မူသော သူ၏အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၄:၃၄) ကျွန်ုပ်တို့တွင် ထပ်တူစိတ်ဓာတ်မျိုးရှိမည်ဆိုလျှင် ယေဟောဝါကို ဇွဲရှိရှိချီးမွမ်းထောမနာပြု၍ ကျမ်းစာတွင်ဖော်ပြထားသည့် ကိုယ်တော်၏ရည်ရွယ်ချက်များကို သူတစ်ပါးအား ကြေညာပါလိမ့်မည်။ ဤနည်းအားဖြင့် သူတစ်ပါးကို ဝိညာဉ်ရေးအရကူညီခွင့်လည်း ရရှိထားပါသည်။ ယေဟောဝါ၏နေ့ရက်သည် မည်သည့်အချိန်တွင် စတင်စေကာမူ ဘုရားသခင်ကို ကျွန်ုပ်တို့ချစ်မြတ်နိုးသောကြောင့် အလိုတော်ဆောင်ရွက်နိုင်ခြင်းသည် အမှန်တကယ်ပင် ထူးမြတ်သောအခွင့်အရေးဖြစ်ပါသည်။
ကျေးဇူးတင်ခြင်းကြောင့် လှုံ့ဆော်ခံရ
သားတော်၏ရွေးနှုတ်ဖိုးပူဇော်သက္ကာကိုစီစဉ်ပေးတော်မူသည့် ဘုရားသခင့်မေတ္တာတော်ကို ကျေးဇူးတင်စိတ်ကလည်း ယေဟောဝါအမှုတော်ထမ်းဆောင်ရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးသင့်သည်။ တစ်ချိန်တစ်ခါက အပြစ်တရားကြောင့် ယေဟောဝါဘုရားသခင်နှင့် ကျွန်ုပ်တို့အဆက်ပြတ်ဝေးကွာနေကြပါသည်။ သို့ရာတွင် ယေရှုက “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကိုစွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” ဟူ၍မိန့်တော်မူခဲ့သည်။ (ယောဟန် ၃:၁၆) ပေါလုရေးသားခဲ့သည့်အတိုင်း ဤကိစ္စကို ယေဟောဝါရှင်ကအစဦး ပြုလုပ်တော်မူခဲ့သည်။ “ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏။” (ရောမ ၅:၈) ဤနည်းဖြင့် ဘုရားသခင်၏မေတ္တာတော်ဖော်ပြထားခြင်းကို ကျေးဇူးတင်သောအားဖြင့် ကိုယ်တော်အား စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ရန် လှုံ့ဆော်ခံရသင့်သည်။
ယေဟောဝါ၏ဝိညာဏနှင့် ရုပ်ပစ္စည်းဆိုင်ရာပြင်ဆင်ချက်များကို ကျေးဇူးတင်ခြင်းကြောင့် ကိုယ်တော်အား သစ္စာရှိစွာ အမှုထမ်းဆောင်ရန်အကြောင်း ထပ်ဆင့်ရှိစေသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် မှန်ကန်သောလမ်းပြ—ကျွန်ုပ်တို့လမ်းခရီးအတွက် အလင်းဖြစ်ပါသည်။ ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ မှတစ်ဆင့်ရရှိသောစာပေများက ဘုရားသခင့်အလိုတော်နှင့်အညီ အသက်ရှင်ရန် အကူအညီပေးပါသည်။ (မဿဲ ၂၄:၄၅-၄၇။ ဆာလံ ၁၁၉:၁၀၅) ဘုရားသခင့်နိုင်ငံတော်ကို ကျွန်ုပ်တို့ရှေ့ဦးရှာကြသောကြောင့် ယေဟောဝါရှင်သည် ကျွန်ုပ်တို့အား ရုပ်ပစ္စည်းများကိုလည်း ပေးတော်မူသည်။ (မဿဲ ၆:၂၅-၃၄) ဤအရာများအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း သင်တင်ပြနေပါသလော။
ဗာဗုလုန်ဘာသာမှ ဘုရားပေးလွတ်လပ်ခွင့်ရရှိထားသည့်အတွက် ကျေးဇူးတင်ခြင်းက ယေဟောဝါအား သစ္စာရှိရှိအမှုထမ်းဆောင်ရန် ထပ်ဆင့်အကြောင်းရှိစေသည်။ ဘာသာရေးပြည့်တန်ဆာ မဟာဗာဗုလုန်သည် “အသီးသီးဘာသာစကားကိုပြောသောလူအမျိုးမျိုးအစုစု” ကိုဆိုလိုသည့် “ရေအပေါ်မှာထိုင်” နေပါသည်။ (ဗျာဒိတ် ၁၇:၁၊ ၁၅) သို့ပင်ငြားလည်း ယေဟောဝါ၏ကျေးကျွန်များအပေါ် သူမမထိုင်၊ သူတို့အပေါ် ဘာသာရေးအရ ဩဇာညောင်းလွှမ်းမိုးနေခြင်းမရှိချေ။ ဥပမာ၊ လူ့ဝိညာဉ်စိုးလ်သည် မသေနိုင်ဟူသည့် ဗာဗုလုန်ဘာသာအယူအဆကို သူတို့ငြင်းပယ်ကြပါသည်။ လူသည် “အသက်ရှင်သောစိုးလ်” အဖြစ်ဖန်ဆင်းခံရ၍ သေလွန်သူများသည် “အဘယ်အရာကိုမျှမသိ” ဘဲ သူတို့ရှင်ပြန်ထမြောက်လာမည့်အကြောင်း သိထားကြပါသည်။ (ကမ္ဘာဦး ၂:၇။ ဒေသနာ ၉:၅၊ ၁၀။ တမန်တော် ၂၄:၁၅) ထိုကြောင့် လူသေကို သူတို့မကြောက်၊ ယင်းကိုလည်း မကိုးကွယ်ကြပါ။ ဤကဲ့သို့သောလွတ်လပ်မှုကို ကျေးဇူးတင်သည့်အတွက် အယူဖောက်ပြန်ခြင်းကို အသင်ငြင်းပယ်ပြီး ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေး၌ စွဲမြဲနေပါသလော။—ယောဟန် ၈:၃၂။
ယေဟောဝါ၏နေ့စဉ်ထောက်ပံ့မှုကို ကျေးဇူးတင်ခြင်းကြောင့် ကိုယ်တော်အား သစ္စာရှိရှိအမှုတော်ထမ်းရန်စိတ်ဆုံးဖြတ်ချက်ကို တိုးပွားခိုင်ခံ့စေသင့်သည်။ ဆာလံဆရာဒါဝိဒ် ဤသို့ကြေညာခဲ့သည်။ “ငါတို့ဝန်ကို နေ့စဉ်ထမ်းတော်မူသောအရှင်ဘုရား [ယေဟောဝါ၊ ကဘ] . . . သည်မင်္ဂလာရှိတော်မူပါစေသော။” (ဆာလံ ၆၈:၁၉၊ သမ) အခြားတစ်နေရာတွင် ဆာလံဆရာဤသို့ဆိုသည်။ “ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်အကျွန်ုပ်ကိုချီယူတော်မူမည်။” (ဆာလံ ၂၇:၁၀) မှန်ပါသည်။ ယေဟောဝါအမှုတော်ကို သစ္စာရှိစွာထမ်းဆောင်သူသည် စိုးရိမ်ပူပန်မှုနှင့်စုံစမ်းခြင်းများ အစရှိသည့် သူ၏ပုံဆောင်ရာဝန်ကို ဘုရားသခင်အပေါ်တင်ထားနိုင်ပါသည်။ ယေဟောဝါ၏ထောက်ပံ့မှုကို အစဉ်ခံစားနေရခြင်းကို ကျေးဇူးတင်ကြောင်း ကိုယ်တော်အားသစ္စာရှိရှိအမှုထမ်းခြင်းအားဖြင့် တင်ပြနေပါသလော။—ဆာလံ ၁၄၅:၁၄။
ယေဟောဝါရှင်နှင့် ကိုယ်တော်၏မင်းအရိုက်အရာကို ထောမနာပြု
ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေလိုသည့်ဆန္ဒကလည်း ကိုယ်တော့်အမှုတော်ထမ်းရန် ကျွန်ုပ်တို့အားလှုံ့ဆော်ပေးသင့်သည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏” ဟူ၍ ကောင်းကင်သတ္တဝါများသည် ဘုရားသခင်ကိုချီးကျူးထောမနာပြုကြောင်း တင်စားဖော်ပြထားသည်။ (ဗျာဒိတ် ၄:၁၁) ဒါဝိဒ်မင်းကြီးက “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့်ပြည့်စုံတော်မူ၏။ . . . အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်သည် အစိုးရတော်မူ၏။ ဂုဏ်အသရေနှင့်စည်းစိမ်းဥစ္စာသည် ကျေးဇူးတော်ကြောင့်သာဖြစ်၏။ ကိုယ်တော်သည် ခပ်သိမ်းသောသူတို့ကို အုပ်စိုးတော်မူ၏။ . . . သို့ဖြစ်၍ အကျွန်ုပ်တို့၏ဘုရားသခင်၊ ကျေးဇူးတော်ကြီးလှပါသည်ဟု အကျွန်ုပ်တို့သည် ဝန်ခံ၍ ဘုန်းကြီးသောနာမတော်ကို ချီးမွမ်းကြပါ၏” ဟုဘုရားသခင်ကိုထောမနာပြုခဲ့သည်။ (၁ ရာဇဝင်ချုပ် ၂၉:၁၀-၁၃) ယေဟောဝါကျေးကျွန်များအနေနှင့် ကိုယ်တော်၏ကတိတော်များ ပြည့်စုံလာမည့်အချိန်ကို စောင့်မျှော်နေစဉ် ကိုယ်တော်အား နှုတ်အားဖြင့်လည်းကောင်း၊ အကျင့်အားဖြင့်လည်းကောင်း ချီးကျူးထောမနာမပြုဘဲ နေနိုင်ပါမည်လော။—၁ ကောရိန္သု ၁၀:၃၁။
ဘုရားသခင့်နိုင်ငံတော်ပြင်ဆင်ထားရာများအကြောင်း ပြောပြလိုသည့် ပြင်းပြသောဆန္ဒက ယေဟောဝါအမှုတော်ထမ်းရန် တိုက်တွန်းပေးသော အခြားအကြောင်းတစ်ခုဖြစ်သည်။ ဤကျန်းခံ့သောရည်ရွယ်ချက်ကို ဆာလံဆရာ ဤသို့ကောင်းစွာဖော်ပြပါသည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းချီးပေးကြပါ၏။ [ဘုရားသခင့်] နိုင်ငံတော်၏ဘုန်းကိုလည်းကောင်း၊ တန်ခိုးတော်ကိုလည်းကောင်း ဟောပြောမြွက်ဆိုသဖြင့် တန်ခိုးပါသောအမှုတော်များနှင့် [ဘုရားသခင့်] နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့အား ဖော်ပြကြပါ၏။ ကိုယ်တော်၏နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက်တည်ရပါ၏။” (ဆာလံ ၁၄၅:၁၀-၁၃) ဘုရားသခင့်နိုင်ငံတော်သတင်းကိုကြေညာခြင်းသည် ခရစ်ယာန်တာဝန်ဖြစ်၍ ကျွန်ုပ်တို့ခေတ်တွင် အရေးအကြီးဆုံးလုပ်ငန်းဖြစ်သည်။ (မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀) သင်၌ ယေဟောဝါအားချီးမွမ်းထောမနာပြုပြီး ကိုယ်တော်၏နိုင်ငံတော်အကြောင်းကို သူတစ်ပါးအား ပြောပြလိုသောဆန္ဒ ပြင်းပြနေပါသလော။
ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်းနှင့် ကိုယ်တော်အုပ်စိုးပိုင်သခွင့်ကို သင်္ကာယနကင်းစေခြင်းသည် ကျွန်ုပ်တို့အတွက် အရေးကြီးလွန်းလှသဖြင့် ကိုယ်တော်၏အမှုတော်ကို သစ္စာရှိစွာထမ်းဆောင်လိုသင့်သည်။ ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်းနှင့် ကိုယ်တော်အုပ်စိုးပိုင်သခွင့် သင်္ကာယနကင်းစေခြင်းအတွက် ကျွန်ုပ်တို့ဆုတောင်းကြပေမည်။ (မဿဲ ၆:၉) ခရစ်ယာန်ဓမ္မအမှုတွင် မှန်မှန်ပါဝင်ခြင်းအားဖြင့်လည်းကောင်း၊ ဤအရေးကြီးသောအကြောင်းများနှင့်ပတ်သက်သည့် အမှန်တရားကို အနှံ့အပြားဟောပြောခြင်းအားဖြင့်လည်းကောင်း ကျွန်ုပ်တို့၏ဆုတောင်းချက်များနှင့်အညီ ကျင့်ကြံပြုမူနိုင်ကြပါသည်။—ယေဇကျေလ ၃၆:၂၃။ ၃၉:၇။
ဝမ်းမြောက်ခြင်းနှင့် ကျေနပ်ရောင့်ရဲခြင်း
ယေဟောဝါ၏အမှုတော်ကို သစ္စာရှိစွာထမ်းဆောင်ခြင်းအားဖြင့် ကိုယ်တော်အားရွှင်လန်းစေ၍ မာရ်နတ်သည် မုသာကောင်ဖြစ်ကြောင်း တင်ပြနိုင်ခြင်းကြောင့် ကျေနပ်မှုရှိနိုင်ပါသည်။ လူတို့သည် ကိုယ်ကျိုးအတွက်သာ ဘုရားအမှုတော်ထမ်းသည်ဟု စာတန်စွပ်စွဲသော်လည်း မိမိမေတ္တာကြောင့် ယေဟောဝါအမှုတော်ကို သစ္စာရှိရှိထမ်းဆောင်ခြင်းအားဖြင့် ထိုကဲ့ရဲ့သူအခိုင်အမာပြောဆိုသောစကားသည် မှားယွင်းကြောင်း သက်သေထူနိုင်ပါသည်။ (ယောဘ ၁:၈-၁၂) ယင်းကြောင့် သု၊ ၂၇:၁၁ အတိုင်းဆက်ပြုမူရန်အကြောင်းကောင်း ပေါ်ရှိစေသည်။ “ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကို ရွှင်လန်းစေလော့။” ထို့ပြင် စာတန်၏အတားအဆီးများကြား ယေဟောဝါကိုသစ္စာရှိစွာ အမှုထမ်းမည်ဆိုလျှင် ကျွန်ုပ်တို့၏သမာဓိစောင့်သိသောလမ်းစဉ်သည် ယုံကြည်သူချင်းများကို ဆောက်တည်ပေးနိုင်စရာအကြောင်းဖြစ်ပါသည်။—ဖိလိပ္ပိ ၁:၁၂-၁၄။
ဝိညာဏရိတ်သိမ်းခြင်း၌ပါဝင်ခြင်းမှရရှိသော ဝမ်းမြောက်ခြင်းနှင့် ကျေနပ်မှုကလည်း ယေဟောဝါအားသစ္စာရှိရှိအမှုထမ်းရန် တိုက်တွန်းအားပေးသင့်သည်။ အထူးသဖြင့် ဝိညာဉ်ရေးဘက် လူတို့အားကူညီပေးခြင်းမှ ယေရှုပျော်ရွှင်မှုများစွာခံစားခဲ့ရပါသည်။ မဿဲ ၉:၃၅-၃၈ ကဤသို့ဆိုသည်။ “ယေရှုသည် တရားစရပ်တို့၌ ဆုံးမသြဝါဒပေးလျက် [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] ကိုဟောလျက်၊ လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက် မြို့ရွာရှိသမျှတို့ကို ဒေသစာရီလှည့်လည်တော်မူ၏။ လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏။ ထိုအခါ ကိုယ်တော်က ‘စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စေလွှတ်တော်မူမည်အကြောင်း စပါးရှင်ကို ဆုတောင်းကြလော့’ ဟု တပည့်တော်တို့အား မိန့်တော်မူ၏။” စပါးရိတ်သိမ်းခြင်းလုပ်ငန်းသည် ထင်သည်ထက်ကြာမည်ဆိုလျှင် သူတစ်ပါးအား ဝိညာဉ်ရေးဘက် ကူညီပေးခွင့်ရသဖြင့် ဝမ်းမြောက်ခြင်းနှင့်ကျေနပ်မှုရရှိရန် အခွင့်အရေးပိုများလာပါသည်။ ဤနည်းအားဖြင့်လည်း ကျွန်ုပ်တို့၌ရှိသင့်ရှိအပ်သော ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ခြင်းမေတ္တာရှိကြောင်း တင်ပြနိုင်သည့်နည်းတစ်နည်းလည်းဖြစ်ပါသည်။—မဿဲ ၂၂:၃၉။
ဘုရားသခင့်အမှုတော်ကို အသင်အဘယ်ကြောင့်ထမ်းဆောင်သနည်း
ယေဟောဝါ၏အမှုတော်ကို သစ္စာရှိရှိထမ်းဆောင်စေမည့်အကြောင်း အနည်းအကျဉ်းကိုသာ ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်ခဲ့ပါပြီ။ ကိုယ်ကိုယ်တိုင် ဘုရားသခင့်အမှုတော်ကို အဘယ်ကြောင့်ဆောင်ရွက်ကြောင်း ဆုတောင်း၍ဆင်ခြင်လျှင် ကောင်းပေမည်။ အကြောင်းမူကား၊ ကျွန်ုပ်တို့တစ်ဦးစီသည် ဘုရားသခင်ရှေ့ စီရင်ခြင်းခံရမည်ဖြစ်သည်။ (ရောမ ၁၄:၁၂။ ဟေဗြဲ ၄:၁၃) ကိုယ်ကျိုးအတွက်သာ ဆက်အမှုထမ်းဆောင်သူများသည် ဘုရားသခင့်မျက်နှာသာတော် ခံစားရမည်မဟုတ်ပါ။
ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်းကို ကျွန်ုပ်တို့အဓိကထားပြီး ကိုယ်ကျိုးမပါသောရည်ရွယ်ချက်များဖြင့် ဘုရားသခင်၏မြင့်မြတ်သောအမှုတော်ကို ဆောင်ရွက်ကြမည်ဆိုလျှင် အဘယ်အရာကိုမျှော်လင့်နိုင်မည်နည်း။ ကျွန်ုပ်တို့ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ဓမ္မအမှုကိုလည်းကောင်း ယေဟောဝါကောင်းချီးပေးတော်မူမည်အမှန်။ (သု၊ ၁၀:၂၂) ယေဟောဝါအမှုတော်ကို သစ္စာရှိစွာထမ်းဆောင်ခဲ့သောကြောင့်လည်း ထာဝရအသက်ရပါလိမ့်မည်။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဂျပန်နိုင်ငံတွင် ထောင်ပေါင်းများစွာတို့သည် ယေဟောဝါအမှုတော်ထမ်းဆောင်ကြ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ကုတ်ဒ်အဗွား၌ ယေဟောဝါအမှုတော်ထမ်းနေခြင်း
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
SIX SERMONS, by George Storrs (1855)