ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၅/၁၅ စာ. ၂၆-၂၉
  • ယေဟောဝါနောက် အသင်လုံးလုံးလိုက်ပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါနောက် အသင်လုံးလုံးလိုက်ပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြည်ထဲဝင်၍ သူလျှိုလုပ်ခြင်း
  • “ယေဟောဝါသည် ငါတို့ဘက်၌ရှိတော်မူ၏”
  • နောင်နှစ်ပေါင်းများစွာအကြာတွင် သစ္စာရှိဆဲသာ
  • ယေဟောဝါနောက် သူလုံးလုံးလိုက်ပါခဲ့
  • ယေဟောဝါနောက် အစဉ်အမြဲလုံးလုံးလိုက်ပါ
  • သူလျှိုတစ်ဆယ့်နှစ်ယောက်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယောရှုအမှတ်ရခဲ့ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ယေဟောဝါနောက် စိတ်နှလုံး အကြွင်းမဲ့ လိုက်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • သင်သည် ယေဟောဝါကို မမေ့လျော့ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၅/၁၅ စာ. ၂၆-၂၉

ယေဟောဝါနောက် အသင်လုံးလုံးလိုက်ပါသလော

ဖြောင့်မတ်သောသူမူကား ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်၏။” (သု၊ ၂၈:၁) သူတို့သည် ယုံကြည်ခြင်းတင်ပြကာ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ယုံကြည်အားထား၍ ဘေးရန်များကြား ယေဟောဝါ၏လုပ်ငန်းတော်ကို ရဲရင့်စွာ ဆက်လက်ဆောင်ရွက်ကြပါသည်။

ဣသရေလလူမျိုးသည် ဘီစီအီး ၁၆ ရာစုတွင် အီဂျစ်နိုင်ငံ၌ ကျွန်ခံရသည့်အဖြစ်မှ ကယ်နှုတ်ခံရပြီးနောက် သိနာအရပ်တွင်ရှိနေကြစဉ် ခြင်္သေ့ကဲ့သို့ရဲရင့်ကြောင်း အထူးသဖြင့်တင်ပြသူ လူနှစ်ယောက်ရှိခဲ့ပါသည်။ သူတို့သည် ခဲယဉ်းသောအခြေအနေများအောက် ယေဟောဝါကိုသစ္စာရှိကြောင်းကိုလည်း တင်ပြခဲ့ကြပါသည်။ ဤသူတို့အနက်တစ်ဦးသည် မောရှေ၏လက်ထောက်ဖြစ်သူ နောင်တွင် သူ၏နေရာကိုဆက်ခံရန် ခန့်အပ်ခံရသူ ဧဖရိမ်အမျိုးသား ယောရှုဖြစ်သည်။ (ထွက်မြောက်ရာ ၃၃:၁၁။ တောလည်ရာ ၁၃:၈၊ ၁၆။ တရားဟောရာ ၃၄:၉။ ယောရှု ၁:၁၊ ၂) နောက်တစ်ဦးသည် ယုဒအမျိုး၊ ယေဖုန္နာသား ကာလက်ဖြစ်သည်။—တောလည်ရာ ၁၃:၆။ ၃၂:၁၂။

ကာလက်သည် ယေဟောဝါ၏အလိုတော်ကို သစ္စာရှိရှိ ဇွဲလုံ့လဖြင့်ဆောင်ရွက်ခဲ့သည်။ သူ၏ရှည်သောအသက်တာတစ်လျှောက် သစ္စာရှိရှိဘုရားအမှုတော်ဆောင်ရွက်ခဲ့သည့်အတွက် မိမိသည် ‘ယေဟောဝါနောက်တော်သို့ လုံးလုံးလိုက်’ ခဲ့သည်ဟု သူပြောဆိုနိုင်ပါသည်။ (ယောရှု ၁၄:၈) “အကျွန်ုပ်၏သခင်အရှင် ဘုရားသခင်ကို အကျွန်ုပ်လုံးလုံးသစ္စာရှိခဲ့သည်” ဟု The New American Bible ကဆိုသည်။ ကာလက်သည် “သစ္စာရှိရှိ နာခံခဲ့သည်” သို့မဟုတ် ယေဟောဝါဘုရားသခင်၏ “ရည်ရွယ်တော်မူချက်ကို သစ္စာရှိစွာဆောင်ရွက်ခဲ့သည်။” (Today’s English Version; The New English Bible) အခြားတစ်နည်းဖြင့်တင်ပြရမည်ဆိုလျှင် ကာလက်ကြွေးကြော်ခဲ့သည်ကား၊ “ငါသည် . . . အကျွန်ုပ်၏သခင်အရှင် ဘုရားသခင်နောက်တော်သို့ စိတ်နှလုံးအပြည့်အဝ လိုက်လျှောက်ခဲ့သည်” ဟူ၍ဖြစ်သည်။ (New International Version) အသင်ကော။ ယေဟောဝါနောက် လုံးလုံးလိုက်ပါသလော။

ပြည်ထဲဝင်၍ သူလျှိုလုပ်ခြင်း

အီဂျစ်လူမျိုးအောက် ကျွန်ခံရသည့်အဖြစ်မှ ယေဟောဝါလွတ်မြောက်စေခဲ့ပြီးခါစ ဣသရေလလူမျိုးအဝင်တစ်ဦးအဖြစ် ကိုယ်ကိုယ်ကိုယူမှတ်ကြည့်ပါ။ ပရောဖက်မောရှေသည် ဘုရားသခင်ပေးထားသောညွှန်ကြားချက်များကို အတိအကျလိုက်လျှောက်လုပ်ကိုင်သည်ကို ရှုစားပါ။ မှန်ပါသည်။ ယေဟောဝါရှင်သည် မိမိ၏လူမျိုးနှင့်အတူ ရှိနေတော်မူကြောင်း ကာလက်၏ယုံကြည်စိတ်ချမှုကိုလည်း သတိပြုပါ။

အီဂျစ်နိုင်ငံမှ ထွက်လာခဲ့သည့် ဒုတိယနှစ်ဖြစ်၍ ပါရန်တော ကာဒေရှဗာနာအရပ်တွင် ဣသရေလလူမျိုးသည် တပ်ချနေကြပါသည်။ ကတိထားရာပြည်၏နယ်စပ်တွင် သူတို့အသင့်ပြင်ဆင်လျက်ရှိကြသည်။ ဘုရားသခင့်အမိန့်တော်အတိုင်း မောရှေသည် ခါနာန်ပြည်သို့ သူလျှို ၁၂ ဦးကိုစေလွှတ်လုဆဲရှိသည်။ သူဤသို့မှာကြားပါသည်။ “သင်တို့သည် တောင်မျက်နှာလမ်းဖြင့်သွား၍ တောင်ရိုးပေါ်သို့တက်ကြလော့။ ထိုပြည်သည် အဘယ်သို့သောပြည်ဖြစ်သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အားနည်းသလော။ များသလော၊ နည်းသလော။ သူတို့နေသောပြည်သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသောမြို့ရွာတို့သည် အဘယ်သို့နည်း။ တဲနှင့်နေကြသလော၊ ခိုင်ခံ့သောမြို့နှင့်နေကြသလော။ ထိုမြေသည် ကောင်းသလော၊ မကောင်းသလော။ တောများသလော၊ နည်းသလောဟု ကြည့်ရှုကြလော့။ ရဲရင့်သောစိတ်ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ကြလော့။”—တောလည်ရာ ၁၃:၁၇-၂၀။

ထိုလူ ၁၂ ယောက်တို့သည် အန္တရာယ်ခရီးကို စထွက်ကြသည်။ ရက်ပေါင်း ၄၀ ကြာရှည်ခဲ့သည်။ ဟေဗြုန်မြို့တွင် ကြီးမားထွားကြိုင်းသူများကို သူတို့တွေ့မြင်ခဲ့သည်။ ဧရှကောလချိုင့်တွင် ထိုပြည်နယ်၏ ကုန်ထွက်စွမ်းရည်ကို တွေ့ရှိကြပြီး သစ်သီးအချို့ကို သယ်ယူသွားရန် ဆုံးဖြတ်ကြသည်။ အသီးတစ်ပြွတ်ပါသောစပျစ်နွယ်ပင်အခက်တစ်ခက်မှာ လေးလံလှသဖြင့် လူနှစ်ယောက်တို့သည် ထမ်းပိုးနှင့်ထမ်းကြရ၏။—တောလည်ရာ ၁၃:၂၁-၂၅။

ဣသရေလတပ်စခန်းတွင်းသို့ ပြန်ရောက်ကြသောအခါ သူလျှိုများက ဤသို့သတင်းပေးပါသည်။ “အကျွန်ုပ်တို့သည် ကိုယ်တော်စေလွှတ်သောပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပြားရည်စီးသောပြည်ဖြစ်ပါ၏။ ဤအသီးတို့ကား ထိုပြည်၌သီးသောအသီးဖြစ်ပါ၏။ သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီးပါ၏။ ခိုင်ခံ့သောမြို့ကြီးနှင့် နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ၏။ အာမလက်အမျိုးသားတို့သည် တောင်ဘက်၌လည်းကောင်း၊ ဟိတ္တလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌လည်းကောင်း၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌လည်းကောင်း နေကြပါသည်။” (တောလည်ရာ ၁၃:၂၆-၂၉) သူလျှိုဆယ်ဦးသည် ဘုရားသခင့်အမိန့်တော်အတိုင်း ကတိထားရာပြည်ထဲချီတက်ရန် အသင့်မရှိကြပါ။

“ယေဟောဝါသည် ငါတို့ဘက်၌ရှိတော်မူ၏”

သို့ရာတွင် ယေဟောဝါဘုရားသခင်ကိုယုံကြည်အားထားကာ ကြောက်ရွံ့စိတ်မရှိသောသူလျှိုကာလက် ဤသို့တိုက်တွန်းခဲ့သည်။ “ချက်ခြင်းချီသွား၍ ထိုပြည်ကိုသိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်။” သို့သော် သူလျှိုဆယ်ဦးက ခါနာန်ပြည်သားတို့သည် ဣသရေလလူမျိုးထက်အားကြီးသည်ဟုပြောကာ ငြင်းဆိုကြသည်။ ထိုသူတို့ရှေ့မှာ မိမိတို့သည် နှံကောင်ကဲ့သို့ဖြစ်ကြသည်ဟု ကြောက်လန့်၍သစ္စာမဲ့သောသူလျှိုများ ထင်မှတ်ကြပါသည်။—တောလည်ရာ ၁၃:၃၀-၃၃။

“ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ငါတို့ဘက်၌ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကိုမကြောက်ကြနှင့်” ဟုကာလက်နှင့်ယောရှုတို့ တိုက်တွန်းကြပါသည်။ သူတို့စကားကို နားမထောင်ကြပါ။ ပရိသတ်အပေါင်းတို့သည် ထိုသူတို့ကို ကျောက်ခဲနှင့်ပစ်စေခြင်းငှာ စီရင်သောအခါ ဘုရားသခင်သည် ဟန့်တား၍ အပြစ်တင်မြည်တမ်းသူများကို ဤသို့စီရင်တော်မူသည်။ “ငါသည် ဤမည်သောပြည်၌ သင်တို့ကိုနေရာချမည်ဟု ငါကျိန်ဆို၏။ ထိုပြည်သို့ ယေဖုန္နာ၏သား ကာလက်၊ နုန်၏သား ယောရှုမှတစ်ပါး အဘယ်သူမျှမရောက်ရ။ . . . သူငယ်တို့ကို ငါဆောင်သွင်း၍ သင်တို့ပယ်သောပြည်ကို သူတို့သည်သိရကြလိမ့်မည်။ . . . ဤတော၌ သင်တို့အသေကောင်များပျောက်ပျက်သည်တိုင်အောင် ကိုယ်သားသမီးတို့သည် . . . လှည့်လည်ရကြလိမ့်မည်။ မှားယွင်းခြင်းအပြစ်များကိုဆောင်၍ တစ်ရက်ကိုတစ်နှစ်ထား၍ အနှစ်လေးဆယ်ပတ်လုံး ကိုယ်အပြစ်ကိုဆောင်လျက် ငါစွန့်ပစ်ခြင်းကိုသိရကြလိမ့်မည်။”—တောလည်ရာ ၁၄:၉၊ ၃၀-၃၄။

နောင်နှစ်ပေါင်းများစွာအကြာတွင် သစ္စာရှိဆဲသာ

အနှစ် ၄၀ စီရင်ချက်ခံရသည့်ကာလအတွင်း မြည်တမ်းသူလူမျိုးဆက်တစ်ဆက်လုံး ကွယ်လွန်လေသည်။ ကာလက်နှင့်ယောရှုမူကား ဘုရားသခင်အပေါ် သစ္စာရှိဆဲဖြစ်ကြသည်။ မောဘလွင်ပြင်တွင် မောရှေနှင့်ယဇ်ပုရောဟိတ် ဧလာဇာတို့သည် စစ်မှုထမ်းနိုင်သည့် အသက် ၂၀ နှင့်ထိုထက်ကြီးသူများ၏အရေအတွက်ကို ရေတွက်ခဲ့သည်။ ပိုင်းခြားထားသော ကတိထားရာပြည်ကို ဣသရေလလူမျိုးတစ်မျိုးစီမှ အပ်နှင်းခံရမည့်သူ တစ်ဦးစီအမည်ကို ဘုရားသခင်တင်ပြတော်မူသည်။ ထိုသူတို့တွင် ကာလက်၊ ယောရှုနှင့်ဧလာဇာအမည်များ ပါဝင်ပါသည်။ (တောလည်ရာ ၃၄:၁၇-၂၉) ယခု အသက် ၇၉ နှစ်ရှိနေပြီဖြစ်သော်လည်း ကာလက်သည် သန်မာကာ၊ သစ္စာရှိ၍ ရဲရင့်တုန်းပင်ဖြစ်သည်။

ခါနာန်ပြည်ထဲမဝင်ဝံ့ကြောင်း မပြောဆိုမီ သိနာအရပ်တွင် မောရှေနှင့်အာရုန်တို့သည် လူဦးရေကို ရေတွက်ခဲ့စဉ်က ဣသရေလဗိုလ်ခြေမှာ ၆၀၃,၅၅၀ ရှိပါသည်။ တောအရပ်တွင် အနှစ်လေးဆယ်ကြာမြင့်ပြီးနောက် စစ်သူရဲ၏အရေအတွက်မှာ ၆၀၁,၇၃၀ မျှရှိတော့သည်။ (တောလည်ရာ ၁:၄၄-၄၆၊ ၂၆:၅၁) သို့ဖြစ်၍ပင် သူတို့ကိုဦးဆောင်သူယောရှု၊ တွဲဖက်တိုက်ခိုက်သူ သစ္စာရှိကာလက်တို့နှင့်အတူ ဣသရေလလူမျိုးသည် ကတိထားပြည်ထဲ ချီတက်ပြီး အောင်ပွဲတစ်ခုနောက်တစ်ခု ရရှိခဲ့ကြပါသည်။ ယောရှုနှင့်ကာလက်တို့ မျှော်လင့်စမြဲမျှော်လင့်သည့်အတိုင်း ယေဟောဝါရှင်သည် လူမျိုးတော်အတွက် အောင်ပွဲများခံပေးတော်မူသည်။

ယော်ဒန်မြစ်ကို ဣသရေလစစ်သည်များနှင့်အတူ ဖြတ်ကျော်ကာ အသက်ကြီးရင့်သူ ယောရှုနှင့်ကာလက်တို့သည် ဆင်နွှဲလျက်ရှိကြသောစစ်ပွဲများတွင် မိမိတို့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြသည်။ သို့ရာတွင် ခြောက်နှစ်တိုင်တိုင် စစ်တိုက်ခိုက်ပြီးသော်လည်း သိမ်းယူရမည့်မြေ များစွာကျန်နေသေးပါသည်။ ထိုတွင်နေထိုင်သူများကို ယေဟောဝါနှင်ထုတ်လိမ့်မည်ဖြစ်သော်လည်း ဣသရေလလူမျိုးအတွက် ဤပြည်ကို အမွေဝေခွဲရန် မိန့်မှာတော်မူသည်။—ယောရှု ၁၃:၁-၇။

ယေဟောဝါနောက် သူလုံးလုံးလိုက်ပါခဲ့

စစ်မှုထမ်းဟောင်းတစ်ဦးအနေနှင့် ယောရှုရှေ့ ကာလက်ရပ်ကာ ဤသို့ဆိုပါသည်။ “ဤပြည်ကိုစူးစမ်းစေခြင်းငှာ ဘုရားသခင်၏ကျွန်မောရှေသည် အကျွန်ုပ်ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်သောအခါ အကျွန်ုပ်သည် အသက်လေးဆယ်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်စိတ်ထင်သည်အတိုင်း ပြန်ကြားလျှောက်ထားပါ၏။ အကျွန်ုပ်နှင့်အတူသွားသော ညီအစ်ကိုတို့သည် လူများစိတ်ပျက်စရာကို ပြုသော်လည်း အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] နောက်တော်သို့ လုံးလုံးလိုက်ပါ၏။” (ယောရှု ၁၄:၆-၈) မှန်ပါသည်။ ကာလက်သည် ယေဟောဝါနောက်တော်သို့ လုံးလုံးလိုက်ခဲ့သည်။ ဘုရားသခင့်အလိုတော်ကို သစ္စာရှိရှိ ဆောင်ရွက်ခဲ့သည်။

ကာလက်သည် ဤသို့ဆက်ပြောခဲ့သည်။ “ထိုနေ့ရက်၌ မောရှေက ‘သင်သည် ငါ၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] နောက်တော်သို့ လုံးလုံးလိုက်သောကြောင့်၊ အကယ်၍ သင်နင်းပြီးသောမြေသည် အစဉ်အဆက် သင်၏အမွေ၊ သင်၏သားမြေးတို့၏အမွေဖြစ်ရလိမ့်မည်’ ဟုကျိန်ဆိုသည်။ ဣသရေလအမျိုးသည် တော၌လှည့်လည်စဉ်အခါ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်ထိုသို့ မောရှေအားမိန့်တော်မူသောနေ့မှစ၍ ယခုတိုင်အောင် အမိန့်တော်ရှိသည်အတိုင်း အနှစ်လေးဆယ်ငါးနှစ်ပတ်လုံး အကျွန်ုပ်အသက်ကိုရှင်စေတော်မူသဖြင့် ယနေ့မှာ အကျွန်ုပ်သည် အသက်ရှစ်ဆယ်ငါးနှစ်ရှိပါပြီ။ သို့ရာတွင် မောရှေစေလွှတ်သောနေ့၌ ခွန်အားရှိသကဲ့သို့ ယနေ့၌ရှိပါ၏။ ထိုအခါ ထွက်ဝင်ခြင်းအမှု၊ စစ်တိုက်ခြင်းအမှုကိုဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်သကဲ့သို့ ယခုလည်း တတ်စွမ်းနိုင်ပါ၏။ သို့ဖြစ်၍ ထိုနေ့၌ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူသော ဤတောင်ကိုအကျွန်ုပ်အားပေးပါ။ ဤတောင်ပေါ်မှာ အာနကလူရှိကြောင်းကိုလည်းကောင်း၊ ကြီးမားခိုင်ခံ့သောမြို့တို့နှင့်ပြည့်စုံကြောင်းကိုလည်း ထိုနေ့၌ ကိုယ်တော်သည် ကြားရပြီ။ သို့ရာတွင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်အကျွန်ုပ်နှင့်အတူရှိတော်မူလျှင် အမိန့်တော်ရှိသည်အတိုင်း ထိုသူတို့ကိုနှင်ထုတ်ခြင်းငှာ အကျွန်ုပ်တတ်စွမ်းနိုင်ပါသည်” ဟုလျှောက်ဆို၏။ ဤတွင် ကာလက်သည် ဟေဗြုန်အရပ်ကို အမွေခံယူခဲ့ပါသည်။—ယောရှု ၁၄:၉-၁၅။

အသက်ကြီးရင့်သူ ကာလက်သည် အခက်ဆုံးအရပ်—ထူးခြားသောအရွယ်ရှိသူတို့နယ်ပယ်—ကိုသိမ်းပိုက်ခဲ့ရသည်။ သို့သော် ယင်းသည် ဤအသက် ၈၅ နှစ်ရှိစစ်သူရဲအတွက် ခဲယဉ်းလွန်းသည်မဟုတ်ပါ။ အချိန်တန်လေသော် ဟေဗြုန်အရပ်တွင်နေထိုင်သော အနိုင်ကျင့်သူများ စစ်ရှုံးနိမ့်လေသည်။ ကာလက်ညီ၏သား ဣသရေလနိုင်ငံတွင် တရားသူကြီးဖြစ်သူ ဩသံယေလသည် ဒေဗိရမြို့ကို သိမ်းပိုက်လေသည်။ ဤမြို့နှစ်မြို့လုံးတွင် နောင်ကာလ၌ လေဝိသားများနေထိုင်ကြ၍ ဟေဗြုန်မြို့သည် မတော်တဆလူသတ်မိသူအတွက် ခိုလှုံရာမြို့တစ်မြို့ဖြစ်လာလေသည်။—ယောရှု ၁၅:၁၃-၁၉။ ၂၁:၃၊ ၁၁-၁၆။ တရားသူကြီး ၁:၉-၁၅၊ ၂၀။

ယေဟောဝါနောက် အစဉ်အမြဲလုံးလုံးလိုက်ပါ

ကာလက်နှင့်ယောရှုတို့သည် မစုံလင်သောလူသားများဖြစ်ကြပါသည်။ သို့ဖြစ်၍ပင် ယေဟောဝါအလိုတော်ကို သစ္စာရှိရှိ ဆောင်ရွက်ခဲ့ကြသည်။ ဘုရားသခင်၏စကားကို ဣသရေလလူမျိုးမလိုက်နာခဲ့သောကြောင့် တောအရပ်၌ နှစ်ပေါင်း ၄၀ ဒုက္ခဆင်းရဲခံခဲ့ရသောအချိန်အတွင်း သူတို့ယုံကြည်ခြင်း မလျော့နည်းသွားပါ။ ထိုနည်းထပ်တူ ယေဟောဝါ၏မျက်မှောက်ခေတ်ကျေးကျွန်များသည် ဘုရားရှင်အားချီးမွမ်းထောမနာပြုခြင်းအမှုကို အဘယ်အရာမျှမတားဆီး၊ နှောင့်မယှက်စေပါ။ ဘုရားသခင့်အဖွဲ့အစည်းနှင့် စာတန်မာရ်နတ်စပ်ကြား ယှဉ်ပြိုင်တိုက်လှန်မှုဆင်နွှဲနေသည်ကို သိရှိကြ၍ သူတို့သည် မြဲမြံတည်ကြည်ကာ အရာခပ်သိမ်း၌ ကောင်းကင်ခမည်းတော်၏စိတ်တော်နှင့်တွေ့ရန် မှန်မှန်ကြိုးစားအားထုတ်ကြသည်။

ဥပမာ၊ ယေဟောဝါ၏လူများစွာသည် နှိပ်စက်ကလူပြုခံရခြင်းမက သေရမည့်အန္တရာယ်ရှိငြား သခင့်ညစာစားပွဲ၊ သို့မဟုတ် ယေရှုခရစ်၏သေခြင်းကို သတိရအောက်မေ့ပွဲကို တက်ရောက်ကျင်းပကြပါသည်။ (၁ ကောရိန္သု ၁၁:၂၃-၂၆) ဤအကြောင်းနှင့်စပ်လျဉ်း၍ ဒုတိယကမ္ဘာစစ်အတွင်း နာဇီချွေးတပ်စခန်းတွင် အကျဉ်းချခံရသော ခရစ်ယာန်အမျိုးသမီးတစ်ဦး ဤသို့ပြောပြပါသည်။

“လူတိုင်း အဝတ်လျှော်ခန်းထဲမှာ ည ၁၁ နာရီအချိန်ကျရင် ရောက်ရှိနေကြရမယ်လို့ မှာကြားခံရတယ်။ ည ၁၁ နာရီမှာ ကျွန်မတို့ ၁၀၅ ယောက် စုဝေးနေကြတယ်။ ကျွန်မတို့အားလုံး ဝိုင်းပြီးကပ်ရပ်နေကြတယ်။ ကျွန်မတို့အလယ်မှာ ပိတ်ဖြူအုပ်ထားတဲ့စားပွဲပေါ် မုန့်နဲ့စပျစ်ရည်တင်ထားတယ်။ လျှပ်စစ်မီးဖွင့်လိုက်ရင် သိကုန်မှာစိုးလို့ ဖယောင်းတိုင်တစ်ချောင်းရဲ့အလင်းသာရှိတယ်။ လှိုင်ဂူများထဲမှာ ရှေးခေတ်ခရစ်ယာန်များလိုပဲလို့ ကျွန်မခံစားမိတယ်။ အဓိပ္ပာယ်လေးနက်တဲ့ ပွဲတော်ဖြစ်တယ်။ အယ့်ဒီအချိန်မှာ ကိုယ်တော်ရဲ့နာမတော်မြတ် သင်္ကာယနကင်းရှင်းရေးအတွက် ကျွန်မတို့ခွန်အားရှိရှိသမျှကို အသုံးပြုပါမည်၊ သီအိုကရေစီဘက် သစ္စာရှိပါမည်လို့ ခမည်းတော်ကို ထပ်ပြီးစိတ်ထက်ထက်သန်သန် ကတိပြုကြပါတယ်။”

ညှဉ်းပန်းနှိပ်စက်ခံရသော ယေဟောဝါ၏ကျေးကျွန်များအနေနှင့် စုံစမ်းခြင်းခံရကြငြား ဘုရားသခင့်အမှုတော်ကို ရဲရင့်စွာထမ်းဆောင်နိုင်ရန်၊ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ဂုဏ်တင်ချီးမွမ်းရန် ဘုရားပေးခွန်အားကို ကျွန်ုပ်တို့မှီခိုအားထားနိုင်ကြပါသည်။ (ဖိလိပ္ပိ ၄:၁၃) ယေဟောဝါအလိုတော်နှင့်တွေ့ရန် ကျွန်ုပ်တို့ကြိုးစားကြစဉ် ကာလက်ကိုသတိရလျှင် ကောင်းပေမည်။ ယေဟောဝါနောက် လုံးလုံးလိုက်လျှောက်ခဲ့သော သူ၏ပုံသက်သေသည် ၁၉၂၁ ခုနှစ်က အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သော လူငယ်တစ်ဦးအတွက် စွဲမှတ်စရာဖြစ်ခဲ့ပါသည်။ သူ ဤသို့ရေးသားခဲ့သည်။

“ရှေ့ဆောင်ဖြစ်ဖို့ [အင်္ဂလန်နိုင်ငံ] ကပင်တရီမြို့မှာ ကျွန်တော်လုပ်ကိုင်နေတဲ့ ခေတ်မှီပုံနှိပ်တိုက်မှာရထားတဲ့အလုပ်ကို စွန့်လွှတ်ရပေမယ့် ကျွန်တော်ဝမ်းမနည်းခဲ့ပါဘူး။ ကျွန်တော့်ကိုယ်ကို ဆက်ကပ်အပ်နှံထားပြီဖြစ်တဲ့အတွက် ကျွန်တော့်အသက်ဟာ ဘုရားသခင်အတွက်ဘဲဖြစ်တယ်။ ယောရှုနဲ့အတူ ကတိထားရာပြည်ကိုဝင်ခဲ့တဲ့ ‘ယေဟောဝါနောက် လုံးလုံးလိုက်သူ’ လို့ခေါ်ခံရတဲ့ ကာလက်ကို ကျွန်တော်မှတ်မိတယ်။ (ယောရှု ၁၄:၈) အဲ့ဒီသဘောထားဟာ နှစ်လိုဖွယ်ကောင်းတယ်လို့ ကျွန်တော်ထင်မိခဲ့တယ်။ ဘုရားအမှုတော်ကို ‘လုံးလုံး’ လုပ်ဆောင်တာဟာ ကျွန်တော့်ဆက်ကပ်အပ်နှံထားတဲ့ဘဝအတွက် အရေးကြီးကိစ္စဖြစ်စေမယ်၊ ခရစ်ယာန်ရဲ့အမှတ်အသားဖြစ်တဲ့ အသီးများကိုသီးဖို့ အခွင့်အရေးပိုများစေမယ်လို့လည်း ကျွန်တော်သိတယ်။”

ယေဟောဝါနောက် သစ္စာရှိရှိ လုံးလုံးလိုက်လျှောက်ပြီး အလိုတော်မြတ်ကို အမြဲရှာကြံလုပ်ကိုင်ခဲ့သည့်အတွက် ကာလက်သည် အမှန်ကောင်းချီးရခဲ့ပါသည်။ သူကဲ့သို့ပင် အခြားသူများလည်း ဘုရားသခင့်လုပ်ငန်းတော်တွင် ပျော်ရွှင်မှုနှင့်ကောင်းချီးများစွာကို ခံစားခဲ့ကြရပြီ။ ယေဟောဝါနောက် အဆက်မပြတ် လုံးလုံးလိုက်သူတစ်ဦးအဖြစ် ထိုသို့သောအတွေ့အကြုံကို အသင်ပါခံစားရပါစေ။

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

စုံစမ်းခံရချိန်တွင် ကာလက်နှင့်ယောရှုတို့သည် ယေဟောဝါပေါ် သစ္စာရှိခဲ့ကြသည်။ အသင်ကော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ