အိမ်ထောင်ရေးနှောင်ကြိုးများကို ခိုင်မြဲစေနိုင်ပုံ
“လူသည် ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့်ကွာအပ်သလော” ဟုကြီးမြတ်သောဆရာယေရှုခရစ်အား စကားပြောမှားစေလိုသူ ဖာရိရှဲများက မေးမြန်းခဲ့ပါသည်။ အစကနဦးလူ့အိမ်ထောင်စုကို ကိုယ်တော်ရည်ညွှန်းကာ “ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်” ဟူသောစံချိန်ကို တင်ပြကာဖြေဆိုတော်မူခဲ့သည်။
ထိုသို့ဆိုလျှင် “ဖြတ်စာ” ကိုပေး၍ ကွာစေခြင်းငှာ မောရှေသည် အဘယ်ကြောင့်စီရင်ရသနည်းဟု ဖာရိရှဲများ ငြင်းခုံခဲ့သည်။ ယေရှု ဤသို့ဖြေဆိုသည်။ “သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့်ကွာရသောအခွင့်ကို မောရှေသည်စီရင်၏။ အစအဦး၌ ထိုသို့မဟုတ်။ ငါပညတ်သည်ကား မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကို ပြစ်မှား၏။ ကွာသောမိန်းမနှင့်စုံဖက်သောသူသည်လည်း သူ့မယားကို ပြစ်မှားသည်။”—မဿဲ ၁၉:၃-၉။
အစကနဦးတွင် အိမ်ထောင်ရေးသည် တည်မြဲသောနှောင်ကြိုးဖြစ်စေရန် စီရင်ထားပါသည်။ သေခြင်းပင်လျှင် ပထမမောင်နှံစုံကို ခွဲခွာနိုင်မည်မဟုတ်ပါ။ အကြောင်းမူကား၊ သူတို့သည် ထာဝစဉ်အသက်ရှင်နိုင်သည့်အခွင့်ရှိသော စုံလင်သူများအဖြစ် ဖန်ဆင်းခံခဲ့ရသည်။ သို့ရာတွင် သူတို့ပြစ်မှားခဲ့ကြသည်။ သူတို့၏အပြစ်က အိမ်ထောင်ရေးကို ပျက်စီးယိုယွင်းစေခဲ့သည်။ သို့ဖြစ်၍ လူ့ရန်သူ သေခြင်းသည် မောင်နှံစုံများကို ခွဲခွာစပြုလေတော့သည်။ “မိန်းမသည် မိမိခင်ပွန်းမသေမီကာလပတ်လုံး တရားအားဖြင့် ချည်နှောင်လျက်ရှိ၏။ ခင်ပွန်းသေလျှင်မူကား၊ မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသောသူ၏မယားဖြစ်ခြင်းငှာ အခွင့်ရှိ၏” ဟုကျမ်းစာတွင် ကျွန်ုပ်တို့ဖတ်ရှုရသည်အတိုင်း သေခြင်းသည် အိမ်ထောင်ရေးကိုပြတ်စဲစေသည်ဟု ဘုရားသခင်ယူမှတ်တော်မူ၏။ (၁ ကောရိန္သု ၇:၃၉) ယင်းသည် တမလွန်ဘဝတိုင် အိမ်ထောင်ရေးနှောင်ကြိုး ဆက်ခိုင်မြဲသည့်အယူဖြင့် လင်ယောက်ျားကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူပါ ကိုယ့်ကိုယ်ကိုမီးရှို့အသေခံရသည့် စတ်တီဆိုသည့် ဘာသာရေးအယူအဆနှင့် အလွန်ကွာခြားပါသည်။
မောရှေပညတ္တိကျမ်း၏ ပြင်ဆင်ပေးချက်
မောရှေပညတ္တိကျမ်းကို ပေးသည့်အချိန်တိုင်လေသော် အိမ်ထောင်ရေးသည် အလွန်ပျက်စီးယိုယွင်းလာပြီဖြစ်သဖြင့် ဣသရေလလူမျိုး၏ စိတ်နှလုံးမာကျောမှုကြောင့် ကွာရှင်းပေးနိုင်သည့်အစီအစဉ်ကို ယေဟောဝါစီရင်ပေးတော်မူခဲ့ရသည်အထိ ဖြစ်လာပါသည်။ (တရားဟောရာ ၂၄:၁) ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်ဟူသောအမိန့်တော်၌ ထင်ရှားသည့်အတိုင်း မဆိုစလောက်အပြစ်များကြောင့် မိမိမယားကို ကွာရှင်းရန် ဤပညတ်ကို ဣသရေလလူမျိုးသည် အလွဲသုံးစားပြုရန် ဘုရားသခင်ရည်ရွယ်တော်မမူပါ။ (ဝတ်ပြုရာ ၁၉:၁၈) ဖြတ်စာပေးခြင်း အစီအစဉ်ကပင် တားဆီးပေးပါသည်။ အကြောင်းမူကား၊ ဖြတ်စာကို ဖြည့်စွက်ရေးသားခြင်းအစီအစဉ်တွင် ကွာရှင်းလိုသော လင်ယောက်ျားသည် အသင့်အတင့်ပြန်ပေါင်းသင်းရေးကို ဖျောင်းဖျပေးကြမည့် အခွင့်အာဏာအပ်နှင်းခံရသူများနှင့် ဦးစွာနှီးနှောတိုင်ပင်ရပါသည်။ “ခပ်သိမ်းသောအပြစ်ကြောင့်” မိမိမယားအားကွာရှင်းနိုင်ခွင့်ကို စီရင်ပေးခြင်းငှာ ဤပညတ်ကို ဘုရားသခင်ပေးထားသည်မဟုတ်ပါ။—မဿဲ ၁၉:၃။
သို့ရာတွင် ဣသရေလလူမျိုးသည် တဖြည်းဖြည်းနှင့် ပညတ်၏သဘောတရားကို ဥပေက္ခာပြုပြီး သူတို့အလိုရှိသည်အတိုင်း အခွင့်အရေးယူကာ ကွာရှင်းကြသည်။ ဘီစီအီး ငါးရာစုတိုင်လေသော် သူတို့အသက်ပျိုစဉ်က လက်ထပ်ထားသောမယားများကို ပြစ်မှား၍ မည်သည့်အကြောင်းပြချက်ဖြင့်မဆို ကွာရှင်းပစ်နေကြပါသည်။ ကွာရှင်းခြင်းကို ယေဟောဝါမုန်းတော်မူကြောင်း သူတို့အား အတိအလင်းမိန့်မှာတော်မူခဲ့သည်။ (မာလခိ ၂:၁၄-၁၆) ဤနောက်ခံအကြောင်းကိုအခြေပြုကာ ယေရှုသည် တစ်ခေတ်တည်းသား ဣသရေလလူမျိုးတို့ပြုကျင့်နေကြသော ကွာရှင်းခြင်းအမှုကို ပြစ်တင်ရှုတ်ချနေခြင်းဖြစ်သည်။
ကွာရှင်းခြင်းအတွက် တစ်ခုတည်းသော တရားဝင် အကြောင်းပြချက်
သို့သော် ကွာရှင်းခြင်းအတွက် တစ်ခုတည်းသောတရားဝင် အကြောင်းပြချက်ဖြစ်သည့်မှားယွင်းခြင်းအကြောင်း ယေရှုမိန့်တော်မူခဲ့ပါသည်။ (မဿဲ ၅:၃၁၊ ၃၂; ၁၉:၈၊ ၉) ကျမ်းစာနှင့်အညီပြုသော အိမ်ထောင်မင်္ဂလာပြင်ပရှိ လိင်တူ၊ သို့မဟုတ် လိင်ခြား၊ သို့မဟုတ် တိရစ္ဆာန်နှင့် လိင်ဆက်ဆံမှုအားလုံးသည် “မှားယွင်းခြင်း” ဟုဤတွင်ပြန်ဆိုသည့်စကားလုံး၌ ပါဝင်ပါသည်။
သို့တိုင် သစ္စာဖျက်သူအိမ်ထောင်ဖက်များအား ကွာရှင်းပစ်ရန် ယေရှု အားပေးနေခြင်းမဟုတ်ပါ။ အပြစ်ကင်းမဲ့သူ သို့မဟုတ် သူမသည် ဖြစ်ပေါ်လာသောအကျိုးဆက်များကို ချင့်ချိန်ဆင်ခြင်ပြီး ကွာရှင်းလိုမလို ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။ ဤကျမ်းဆိုင်ရာအခြေခံအရ ကွာရှင်းလိုသူများသည် ပထမမိန်းမအားသူမ၏အပြစ်အတွက် ဘုရားသခင်စီရင်ချက်ချစဉ်က မိန့်တော်မူခဲ့သောစကားများကိုလည်း ထည့်စဉ်းစားလိုပေမည်။ သေဒဏ်ချသည့်အပြင် ဧဝအား ဘုရားသခင်သည် ဤသို့အတိအလင်းမိန့်တော်မူခဲ့သည်။ “သင့်ယောက်ျားကို သင်တောင့်တမည်ဖြစ်၍ သူသည် သင့်ကိုစိုးမိုးလိမ့်မည်” ဖြစ်သည်။ (ကမ္ဘာဦး ၃:၁၆၊ ကဘ) စီ၊ အက်ဖ်၊ ကီးလ်နှင့် အက်ဖ်၊ ဒီလစ်ရှ်ရေးသော Commentary on the Old Testament ကဤ “တောင့်တ” ကို “ရောဂါသဖွယ်ဆန္ဒ” အဖြစ်ဖော်ပြထားပါသည်။ ဇနီးတိုင်း ဤမျှတောင့်တမှု ကြီးမားမည်မဟုတ်သည်မှန်သော်လည်း အပြစ်မရှိသောဇနီးသည်သည် ကွာရှင်းရန်စဉ်းစားနေသည့်အခါ ဧဝထံမှ အမွေအဖြစ် အမျိုးသမီးများရရှိထားသည့် စိတ်လှုပ်ရှားမှုဘက် လိုအပ်ရာများကိုပါ ထည့်စဉ်းစားခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်သည်။ သို့ရာတွင် ပြစ်မှားသောအိမ်ထောင်ဖက်၏ စာရိတ္တယိုယွင်းမှုကြောင့် အပြစ်မရှိသောအိမ်ထောင်ဖက်သည် အေအိုင်ဒီအက်စ်အပါအဝင် လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သော ရောဂါများရရှိနိုင်သောကြောင့် ယေရှုရှင်းပြသည့်အတိုင်း ကွာရှင်းမှဖြစ်မည်ဟု အချို့ဆုံးဖြတ်ချက်ချခဲ့ပါပြီ။
အိမ်ထောင်ရေးပြဿနာမျိုးစေ့ ကြဲခဲ့ခြင်း
လူတို့၏နှလုံးမာကျောခြင်းသည် ပထမလူမောင်နှံစုံ၏ အပြစ်တရား၌ မြစ်ဖျားခံပါသည်။ (ရောမ ၅:၁၂) ပထမလူမောင်နှံစုံသည် သူတို့၏ကောင်းကင်ခမည်းတော်ကို ပြစ်မှားခဲ့သောအခါ အိမ်ထောင်ရေးပဋိပက္ခမျိုးစေ့ ကြဲခဲ့ပါသည်။ မည်သို့အားဖြင့်နည်း။ ပထမအမျိုးသမီး ဧဝသည် တားမြစ်ထားသောအပင်မှအသီးကိုစားရန် မြွေ၏သွေးဆောင်ခြင်းကိုခံရသောအခါ ဇွတ်တရွတ် စားသုံးခဲ့သည်။ ထိုအရေးပါသော ဆုံးဖြတ်ချက်ကို ချပြီးနောက်၌သာ သူမအား မြွေပြောဆိုခဲ့သမျှကို လင်ယောက်ျားအား အသိပေးခဲ့ခြင်းဖြစ်သည်။ (ကမ္ဘာဦး ၃:၆) မှန်သည်။ လင်သားကို မတိုင်ပင်ဘဲ သူမပြုမူခဲ့ပါသည်။ ဤတွင် ယနေ့ အိမ်ထောင်စုအများ ကြုံကြိုက်နေရသော ပြဿနာများ၏အရင်းခံ—ရင်းနှီးပွင့်လင်းသောဆက်သွယ်မှုမရှိခြင်း—ထင်ရှားနေသည်။
နောက်ပိုင်းတွင် သူတို့အပြစ်တရား၏အကျိုးဆက်များကို ကြုံကြိုက်ကြရသောအခါ ဒုက္ခရောက်လျှင် ယနေ့ မောင်နှံစုံများစွာတို့ ပြုလုပ်တတ်သည့်နည်းတူ အာဒံနှင့်ဧဝသည် သူတစ်ပါးကို အပြစ်ဖို့ကြပါသည်။ ပထမလူသား အာဒံက ဇနီးကြောင့်လည်းကောင်း၊ ယေဟောဝါကြောင့်လည်းကောင်း မှားယွင်းခဲ့ရသည်ဟု “ကျွန်တော်၌ အပ်ပေးတော်မူသောမိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်” ဟုအပြစ်ဖို့ခဲ့သည်။ မိန်းမကလည်း “မြွေသည် ကျွန်တော်မကိုလှည့်စား၍ ကျွန်တော်မသည် စားမိပါပြီ” ဟုဆိုသည်။—ကမ္ဘာဦး ၃:၁၂၊ ၁၃။
ပေါ်ပေါက်လာမည့်ပြဿနာများ၏ အခြားအကြောင်းတစ်ခုကို အာဒံနှင့်ဧဝအား ယေဟောဝါစီရင်ခဲ့သည့် အပြစ်ဒဏ်အားဖြင့် ကြိုတင်ဖော်ပြတော်မူသည်။ လင်နှင့်မယားဆက်ဆံရေးနှင့်ပတ်သက်၍ ဧဝအား ယေဟောဝါဤသို့မိန့်တော်မူသည်။ “သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်။” ယနေ့ လင်ယောက်ျားများစွာသည် ပထမဆောင်ပါးပါ အီစာအိုနည်းတူ ဇနီးသည်တို့၏ခံစားချက်များကို မစာမနာ ရက်စက်ကြမ်းကြုတ်စွာ နိုင်ထက်စီးနင်းပြုတတ်ကြသည်။ သို့ပြုသည့်တိုင် ဇနီးသည်များစွာတို့သည် လင်သား၏ဂရုစိုက်မှုကို စွဲလမ်း တောင့်တကြဆဲပင်ဖြစ်သည်။ ထိုဆန္ဒပြည့်မလာသည့်အခါ မိမိကိုဂရုစိုက်ရန် ဇနီးသည်များသည် မရမကတောင်းဆိုပုံဖြင့် အတ္တဆန်ဆန်ပြုမူတတ်ကြသည်။ နိုင်ထက်စီးနင်းပြုသော လင်ယောက်ျားများနှင့် တောင့်တမှုပြင်းသည့် ဇနီးသည်များစွာရှိနေသည့်အတွက် အတ္တသဘောရှိမြဲရှိနေပြီး ငြိမ်သက်မှု ပျောက်လွင့်သွားပါသည်။ “ယခုခေတ် လင်မယားကွာရှင်းမှုများကို မည်သို့သုံးသပ်ကြည့်နိုင်” ဟူသည့်မှတ်တမ်းတစ်ခုတွင် ရွှန်စကီ စရီဇာဝါက “‘ကိုယ့်အကြိုက်ကိုယ်လိုက်ခြင်း’ ၏အရင်းခံပြဿနာဖြစ်သည့် ကိုယ့်ကိစ္စကိုယ်အရေးပိုပေးခြင်းကို ထည့်မစဉ်းစားလျှင် လင်မယားကွာရှင်းမှုများကို သုံးသပ်ကြည့်ရန်မဖြစ်နိုင်ချေ” ဟုဆိုသည်။
သို့ရာတွင် မစုံလင်သူများဖြစ်လျက်ပင် နာခံမှုရှိသော အိမ်ထောင်သည်များသည် အိမ်ထောင်ရေးသာယာမှု အနည်းနှင့်အများရရှိရန် ယေဟောဝါ၏နှုတ်ကပါဌ်တော်တွင် လမ်းပြညွှန်ကြားမှုကို ကိုယ်တော်ပေးထားတော်မူသည်။ အီစာအိုသည် ဘုရားသခင်ညွှန်ကြားသည့်အတိုင်း ပြုမူလုပ်ကိုင်ခဲ့သောကြောင့် ယခု ပျော်ရွှင်သာယာသောအိမ်ထောင်ရေးဘဝကို ခံစားနေရပါသည်။ အိမ်ထောင်ရေးနှောင်ကြိုးကို ခိုင်မြဲစေရန် ကျမ်းစာမူများက မည်သို့ကူညီပေးနိုင်ကြောင်း ကြည့်ကြဦးစို့။
ရင်ဖွင့် ဆွေးနွေးကြ
အိမ်ထောင်အများမှာ ဆက်သွယ်မှုမရှိခြင်း၊ တခြားသူကို အပြစ်ဖို့လိုသည့်ဝသီရှိခြင်း၊ အတ္တသဘောများ ရှိနေခြင်းတို့ကြောင့် လင်နှင့်မယား တစ်ဦး၏စိတ်လှုပ်ရှားမှုကိုတစ်ဦး နားမလည်နိုင်ကြပါ။ “ရင်းနှီးမှုရှိရန် ခံစားချက်များကို နှီးနှောတင်ပြဖို့ လိုသည့်အတွက် တစ်ဦးကိုတစ်ဦး အပြည့်အဝယုံကြည်စိတ်ချရမည်ဖြစ်သည်။ ယနေ့ ထိုယုံကြည်စိတ်ချမှုသည် ရှားပါးလှသည်” ဟုသုတေသနပြုသူ ကာရဲလ် အက်စ်၊ အေဗရီပြောပါသည်။ တစ်ဦးကိုတစ်ဦး အတွင်းအကျဆုံးခံစားမှုများကို နှီးနှောတိုင်ပင်မှုတိုးပွားလာခြင်းသည် ဤသို့သောယုံကြည်စိတ်ချမှုကိုတည်ဆောက်ပေးပါသည်။ သို့ဖြစ်စေရန် လင်နှင့်မယားစပ်ကြား ရင်းနှီးပွင့်လင်းသောဆက်သွယ်မှုရှိရန်လိုပါသည်။
အတွင်းရေးဖော်ပြပြောဆိုခြင်းကို အားပေးရန် နယပုံပြင်ကျမ်းက တင်စားချက်တစ်ခုကို အသုံးပြုထားပါသည်။ “လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့်တူသော်လည်း ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။” (သု၊ ၂၀:၅) အိမ်ထောင်သည်များသည် ထိုးထွင်းသိမြင်ခြင်းရှိရမည်။ မိမိအိမ်ထောင်ဖက်၏နှလုံးသားရှိ စိတ်ရင်းသဘောထားများကို ဖော်ထုတ်တတ်ရမည်။ သင့်အိမ်ထောင်ဖက်သည် စိတ်အနှောင့်အယှက်ဖြစ်နေသည် ဆိုပါစို့။ “ငါလည်း တစ်နေ့လုံး အရမ်းပင်ပန်းခဲ့တာဘဲ” ဟုတုံ့ပြန်မည့်အစား ကြင်နာစွာဖြင့် “အရမ်းပင်ပန်းခဲ့လား။ ဘာဖြစ်သလဲ ပြောပါအုံး” ဟုမေးမြန်းနိုင်ပါသည်။ သင့်အိမ်ထောင်ဖက်၏စကားကို နားထောင်ပေးရန် အချိန်သာမက ကြိုးစားအားထုတ်မှုလည်း လိုကောင်းလိုမည်။ သို့သော် သင့်အိမ်ထောင်ဖက်ကို ဥပေက္ခာပြု၍ နောက်ပိုင်းပေါက်ကွဲမည့်စိတ်ဓာတ်ကို ဖြေရှင်းရခြင်းထက် ဤနည်းဖြင့်အချိန်ကုန်ခံခြင်းသည် အများအားဖြင့် ပိုသာယာမှုရှိရုံမက ကျေနပ်မှုလည်းပေး၍ အချိန်ဖြုန်းရာမကျပါ။
ယုံကြည်စိတ်ချမှုတိုးပွားလာရန် တစ်ဦးချင်းစီ ရိုးသားဖြောင့်မတ်ရမည်။ တစ်ဖက်သားသဘောပေါက်နားလည်နိုင်သည့်နည်းဖြင့် မိမိတို့ခံစားချက်များကို ဖော်ပြရန်လိုပါသည်။ “မုသာစကားကိုပယ်ရှား၍ မှန်သောစကားကိုသာ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ၏” ဟုဘုရားသခင့်နှုတ်ကပါဌ်တော်က တိုက်တွန်းထားပါသည်။ (ဧဖက် ၄:၂၅) မှန်သောစကားကိုပြောဆိုခြင်းငှာ ထိုးထွင်းဉာဏ်လိုသည်။ မိမိပြောစကားကို ကြားပင်မကြားဟု ဇနီးဖြစ်သူခံစားရသည် ဆိုပါစို့။ သူမစကားမပြောဆိုမီ “စကားကိုချုပ်တည်းသောသူသည် အသိပညာရှိသူ၊ ထိုးထွင်းဉာဏ်ရှိသူသည် စိတ်တည်ငြိမ်၏” ဟူသောပညာရှိစကားကို သုံးသပ်သင့်သည်။ (သု၊ ၁၇:၂၇၊ ကဘ) လင်ယောက်ျားကို “ကျွန်မစကားပြောရင် ရှင်ဘယ်တော့မှ နားမထောင်ဘူး” ဟုအပြစ်ဆိုမည့်အစား စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ စိတ်ပျက်ခြင်းတို့ မိမိရင်၌ တိုးပွားစုပုံမလာမီ သူမ၏ခံစားချက်များကို အေးဆေးငြင်သာစွာတင်ပြခြင်းသည် သာ၍ကောင်းပေမည်။ “ရှင်အလုပ်များနေမှန်း ကျွန်မသိပါတယ်။ ဒါပေမယ့် ရှင်နဲ့သာအတူတူ အချိန်ပိုရမယ်ဆိုရင် ကျွန်မသိပ်ပျော်မှာဘဲ” ဟူသည့်စကားမျိုးပြောဆိုခြင်းအားဖြင့် မိမိခံစားချက်များကို သူမဖော်ပြကောင်းဖော်ပြနိုင်ပေမည်။
မှန်ပါသည်။ “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။” (သု၊ ၁၅:၂၂) သင့်အိမ်ထောင်ဖက်သည် သင့်အားချစ်မြတ်နိုးပါသည်။ သို့သော် ယင်းကြောင့် သင့်စိတ်ကိုသူသိသည်ဟု မဆိုလိုပါ။ ပါးနပ်လိမ္မာစွာဖြင့် သင့်စိတ်ထားကို အိမ်ထောင်ဖက်အား တင်ပြရမည်။ ဤသို့ပြုခြင်းအားဖြင့် ခရစ်ယာန်မောင်နှံစုံအနေနှင့် “အသင့်အတင့်ပေါင်းဖော်ခြင်းအဖွဲ့အစည်းအားဖြင့် သင်တို့သည် အချင်းချင်း စိတ်သဘောမခြားနား တစ်လုံးတစ်ဝတည်းဖြစ်အံ့သောငှာ ကြိုးစားအားထုတ်ကြ” ရန်မေတ္တာရှေ့ထား ပြုပြင်ပြောင်းလဲနိုင်ကြပါမည်။—ဧဖက် ၄:၂၊ ၃။
ဥပမာ၊ လောင်းကစားဝါသနာပါသည့် မယားကိုကြောက်ရသော ကာဇူအိုကို ကြည့်ကြစို့။ ဒေါ်လာထောင်ပေါင်းများစွာ ကြွေးမြီနစ်သည့်တိုင်ဖြစ်နေသည်။ အကြွေးဆပ်ရန် ငွေချေးယူခြင်းကြောင့် အကြွေးနွံအိုင်ထဲတွင်နစ်သည်ထက်နစ်လာပါသည်။ ထိုအခါ သမ္မာကျမ်းစာကို သူစလေ့လာပြီး နောက်ဆုံး မိမိပြဿနာများကို ဇနီးသည်အားတင်ပြရန် သတ္တိရရှိလာသည်။ သူမ၏ပြစ်တင်ချက်များကို နားထောင်ရန် သူ့ခမျာအသင့်ပြင်ထားပါသည်။ သို့ရာတွင် မိမိထက်အရင် ကျမ်းစာကိုလေ့လာခဲ့သူ ဇနီးက “ဒီအကြွေးတွေကို ဘယ်လိုဆပ်နိုင်မယ်ဆိုတာ ကြိုးစားကြရအောင်” ဟုအေးဆေးစွာပြောဆိုသည့်စကားကြောင့် သူအံ့အားသင့်သွားပါသည်။
နောက်တစ်နေ့တွင် ကြွေးရှင်များထံ သူတို့သွားကာ အကြွေးများကိုစဆပ်ပေးကြရာ အိမ်ကိုပင် ရောင်းထုတ်ခဲ့ကြရသည်။ အကြွေးကျေဖို့ တစ်နှစ်နီးပါးကြာခဲ့သည်။ သူ၏ဇနီး ကီမီးအား အဘယ်အရာက ပြောင်းလဲစေခဲ့သနည်း။ သူမက “ဖိလိပ္ပိ အခန်းကြီး ၄ အခန်းငယ် ၆ နဲ့ ၇ မှာပါတဲ့စကားတွေဟာ တကယ်မှန်တယ်။ ‘ဘာကိုမှမစိုးရိမ်ဘဲ အရာရာမှာ ကျေးဇူးတော်ကိုချီးမွမ်း၊ ဆုတောင်းပတ္ထနာပြုပြီး တောင်းပန်လိုတာတွေကို ဘုရားသခင် ကြားပါစေ။ အဲ့ဒီလိုလုပ်ရင် ဘယ်သူမှကြံ၍မမီနိုင်တဲ့ ဘုရားသခင်ရဲ့ငြိမ်သက်ခြင်းကို ယေရှုခရစ်ကတစ်ဆင့် ရပြီး စိတ်နှလုံး စောင့်မခံရမယ်။’” ထပ်ဆင့်၍ သူမက “အခက်အခဲများကြားမှာ ကျွန်မပြုံးနိုင်တဲ့အတွက် ကျွန်မသူငယ်ချင်းလည်း ကျွန်မနဲ့ကျမ်းစာ စသင်တယ်။” ကာဇူအိုနှင့်သူ၏ဇနီးသည် ယခုနှစ်ခြင်းယူပြီးကြပြီ။ သာယာသောအိမ်ထောင်တစ်ခု ဖြစ်နေပါသည်။
တစ်ဦးကိုတစ်ဦး မှန်သောစကားပြောဆိုခြင်းဖြင့် ယုံကြည်စိတ်ချမှုရှိသည့်အပြင် အထက်ပါတွေ့ကြုံမှုများရရှိခဲ့သော လင်ယောက်ျားနှင့်ဇနီးသည်များသည် မောင်နှံစုံများ၏ အိမ်ထောင်ရေးပြဿနာများဖြေရှင်းပေးရန် အကူအညီပေးသည့်အရာတစ်ခုကို ပြုလုပ်ခဲ့ကြပါသည်။ အိမ်ထောင်ရေးအစီအစဉ်ကို စတင်ခဲ့သောအရှင် ယေဟောဝါဘုရားသခင်နှင့် သူတို့ဆက်သွယ်ကြသည်။ မောင်နှံစုံများ ကြုံတွေ့ရသည့် ဖိစီးမှုများနှင့်အခက်အခဲများကြား သူတို့သည် ကိုယ်တော်၏မူဝါဒများကို ကျင့်သုံးရန် အတတ်နိုင်ဆုံးကြိုးစားပြီး ဘုရားသခင်လက်ထဲ အပ်နှင်းလိုက်မည်ဆိုလျှင် လူတို့ကြံ၍မမီနိုင်သည့် ဘုရားသခင်ထံတော်မှငြိမ်သက်ခြင်းကောင်းချီးကို ခံစားကြရမည်။ အတူတကွဆုတောင်းခြင်းသည် အထူးအကူအညီဖြစ်သည်။ လင်ယောက်ျားဖြစ်သူသည် ဦးဆောင်၍ ဘုရားသခင်အား ‘ရင်ဖွင့်’ ကာ သူတို့မောင်နှံစုံ ကြုံတွေ့နေရသည့် မည်သည့်အခက်အခဲကိုမဆို ဖြေရှင်းနိုင်ရန် ကိုယ်တော်လမ်းပြညွှန်ကြားပေးရန် တောင်းဆိုနိုင်ပါသည်။ (ဆာလံ ၆၂:၈) ဤကဲ့သို့သောဆုပတ္ထနာများကို ယေဟောဝါဘုရားသခင် အမှန်နားညောင်းတော်မူမည်။
မှန်ပါသည်။ အိမ်ထောင်ရေးနှောင်ကြိုးကို ခိုင်ခံ့မြဲမြံစေနိုင်ပါသည်။ ယခုပင်လျှင် ဒုက္ခမြားမြောင်သည့် ဤလောကအတွင်း မစုံလင်သူများအဖြစ် အသက်ရှင်နေကြစဉ်ပင် အိမ်ထောင်သည်များသည် တစ်ဦးနှင့်တစ်ဦးပေါင်းသင်းဆက်ဆံမှုမှ ပျော်ရွှင်သာယာမှု အတော်အသင့်ရရှိနိုင်ပါသည်။ လက်တွေ့ကျ ထပ်ဆင့်အကြံပြုချက်များနှင့် ဘုရားပေးသြဝါဒများကို ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းထုတ်ဝေသည့် သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်းစာအုပ်တွင် တွေ့ရှိနိုင်မည်။ ထို့ပြင် ကျမ်းစာမူများကို အတတ်နိုင်ဆုံးကြိုးစားကျင့်သုံးသောမောင်နှံစုံတို့သည် ဘုရားသခင်ပြုစုစီမံသည့် များမကြာမီရောက်ရှိလာတော့မည့် ကမ္ဘာသစ်တွင် ချစ်ခြင်းမေတ္တာနှောင်ကြိုးမြဲမြံခိုင်ခံ့စရာမျှော်လင့်ချက် ရရှိကြပါမည်။