ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၉/၁ စာ. ၄-၇
  • တကယ်ကာကွယ်မှု ရှိနိုင်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တကယ်ကာကွယ်မှု ရှိနိုင်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုးကွယ်နည်းတစ်မျိုး
  • လျှို့ဝှက်ဖုံးကွယ်ရာ၏ ကျော့ကွင်း
  • အယူသီးခြင်းနှောင်ကြိုးကို ဖြတ်တောက်ပစ်ခြင်း
  • ဘုရားသခင့်ကာကွယ်မှုကို ခံစားရခြင်း
  • အဆောင်လက်ဖွဲ့များသည် သင့်အား ကာကွယ်ပေးနိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • လျှို့ဝှက်ဆန်းကြယ်တဲ့အတတ် နောက်ကွယ်မှာ အမှန်တကယ် ဘယ်သူရှိသလဲ
    နိုးလော့!—၂၀၁၁
  • မှော်အတတ်နဲ့ ပတ်သက်တာ မှားသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • နတ်ဆိုးတွေကို တွန်းလှန်ဖို့ ယေဟောဝါရဲ့ အကူအညီကို လက်ခံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၉/၁ စာ. ၄-၇

တကယ်ကာကွယ်မှု ရှိနိုင်သလော

စာတမ်းရေးသူ ရာလ်ဖ် ဝေါလ်ဒို အီမာစင်သည် တစ်ချိန်က ဤသို့ပြောဆိုခဲ့သည်။ “ဉာဏ်တိမ်သူများသည် ကံကိုယုံကြည်၏။ . . . ကြံ့ခိုင်သူများမူကား အကျိုးနှင့်အကြောင်းကို ယုံကြည်ကြသည်။” မှန်ပါသည်။ အံဩဖွယ်အစွမ်းရှိ အဆောင်လက်ဖွဲ့များကို အားထားသူသည် မမြင်နိုင်သောအစွမ်းတန်ခိုးအား မိမိဘဝကို စိုးမိုးချုပ်ကိုင်ခွင့်ပြုပါသည်။ ယုတ္တိတန်၍ ကျိုးကြောင်းညီညွတ်ခြင်းကို ငြင်းပယ်ကာ ယုတ္တိမရှိသော အယူသီးခြင်း၌ ကြောက်ရွံ့စိုးရိမ်နေသည်။

သို့ရာတွင် သမ္မာကျမ်းစာက ဤသို့သောစိုးရိမ်မှုများမှ လွတ်မြောက်စေနိုင်ပါသည်။ အဆောင်လက်ဖွဲ့များသည် အစွမ်းမရှိ၊ ဘာမျှမတတ်နိုင်ကြောင်း ကျမ်းစာတင်ပြသည်။ မည်သို့အားဖြင့်နည်း။ The New Encyclopædia Britannica အရဆိုလျှင် “အဆောင်လက်ဖွဲ့များ အစွမ်းရှိခြင်းသည် [အရာအများအနက်] သဘာဝဖြစ်ရပ်များနှင့် ဆက်စပ်သောကြောင့်ဟု ယူဆထားကြ၍ဖြစ်သည်။” ဤသဘာဝဖြစ်ရပ်များသည် ‘လူသေ၏ နာမ်ဝိညာဉ်များ’ သို့မဟုတ် ‘ကံတန်ခိုး’ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် လူသေများသည် “အဘယ်အရာကိုမျှမသိ” ဟုကျမ်းစာက ရှင်းလင်းပြတ်သားစွာ တင်ပြထားပါသည်။ (ဒေသနာ ၉:၅) သို့ ဖြစ်၍ အသက်ရှင်သူတို့ကို ကူညီနိုင်သည့်၊ ဘေးပြုနိုင်သည့် လူသေတို့၏နာမ်ဝိညာဉ်များ မရှိပါ; လိုတရစေသည့် ကံကဲ့သို့သော မျက်မြင်မရအစွမ်းတန်ခိုးလည်း လုံးဝမရှိပါ။

ကျမ်းစာခေတ်တွင် ဘုရားသခင်အားစွန့်ပစ်သူ၊ ကိုယ်တော်၏သန့်ရှင်းသောတောင်ကို မေ့လျော့သူများနှင့် “ဂါဒ [ကံ] ဘုရားရှေ့မှာ စားပွဲကိုခင်း၍ မေနိ [ကံကြမ္မာ] ဘုရားအား သွန်းလောင်ရာပူဇော်သက္ကာကိုပြင်သောသူ” များကို ကိုယ်တော်အပြစ်စီရင်တော်မူခဲ့သည်။ အကာအကွယ်ရရှိကြမည့်အစား ကံကို ထောက်ခံအားပေးသူများသည် ဖျက်ဆီးခံခဲ့ကြသည်။ “သင်တို့ကို ငါရေတွက်၍ ဓား၌အပ်မည်” ဟုယေဟောဝါဘုရားသခင်မိန့်တော်မူခဲ့သည်။—ဟေရှာယ ၆၅:၁၁၊ ၁၂။

ဆန်းကြယ်သောတန်ခိုးများကို လိုက်စားကျင့်သုံးခြင်းအားဖြင့် ရှေးဗာဗုလုန်လူမျိုးသည်လည်း လျှို့ဝှက်ဆန်းကြယ်သောတန်ခိုးများမှ အကာအကွယ်ရနိုင်သည်ဟု ယုံကြည်အားထားကြသည်။ မည်သို့ဆိုစေကာမူ ဗာဗုလုန်သည် ပျက်စီးခြင်းဘေးကို ရင်ဆိုင်ခဲ့ရသည်။ “သင်၏ ဂါထာမန္တရားနှင့် ကြောက်ရွံဖွယ်မှော်အတတ်တို့တွင် တည်နေလော့။ သူတို့ထံမှ အကူညီကိုရကောင်း ရလိမ့်မည်။ . . . သို့ပင်ငြားလည်း သင်သည် များပြားသောပရိယာယ်အားဖြင့် အစွမ်းတန်ခိုးကင်းမဲ့ပါပြီ” ဟုပရောဖက်ဟေရှာယ စိန်ခေါ်ခဲ့ပါသည်။ (ဟေရှာယ ၄၇:၁၂၊ ၁၃၊ The New English Bible) အတန်ကြာလေသော် ထိုလူမျိုးသည် လုံးဝလူမျိုးတုံးသွားခဲ့သည်။ ဆန်းကြယ်သောပညာကို ယုံကြည်အားထားမှုသည် အချည်းနှီးဖြစ်ခဲ့ပေပြီ။ ထိုနည်းထပ်တူပင် မည်သည့်မှော်အတတ်၊ အဆောင်လက်ဖွဲ့မျှ သင့်အား မကူညီနိုင်ပါ။ အကာအကွယ်လည်း မပေးနိုင်ပါ။

ကိုးကွယ်နည်းတစ်မျိုး

မည်သို့ဆိုစေကာမူ အချို့သူများက ကျောက်သလင်း၊ ယုန်ခြေထောက်၊ သို့မဟုတ် ဘာသာရေးအဆောင်လက်ဖွဲ့တစ်မျိုးမျိုး ဆောင်ထားခြင်းသည် မမှားပါဟု ယူမှတ်ကောင်းယူမှတ်ပေမည်။ ယင်းတို့သည် ဘာမျှမဟုတ်သော လက်ဝတ်လက်စားများမျှသာမဟုတ်သလော။ သမ္မာကျမ်းစာအတိုင်းဆိုလျှင် ထိုသို့မဟုတ်ပါ။ ဆန်းကြယ်သောပညာနှင့်ဆိုင်သည့် ဝတ္တုပစ္စည်းများမှာ အဘယ်အန္တရာယ်မျှမရှိဟုဆိုခြင်းသည် လုံးဝမဟုတ်မမှန်ဟု တင်ပြထားပါသည်။

အဆောင်လက်ဖွဲ့များအသုံးပြုခြင်းသည် ကိုးကွယ်ခြင်းတစ်နည်းဖြစ်သည်။—ယင်းကို ဘုရားသခင့်နှုတ်ကပါဌ်တော်က ရှင်းလင်းပြတ်သားစွာ အပြစ်တင်ရှုတ်ချထားပါသည်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅) အဆောင်လက်ဖွဲ့ကို မိမိတိုက်ရိုက်ကိုးကွယ်နေသည်မဟုတ်ဟု တစ်ဦးတစ်ယောက် ယူမှတ်ပေမည်။ သို့သော် ယင်းကိုပိုင်ဆိုင်ခြင်းက မျက်မြင်မရသော တန်ခိုးများကို တန်ဖိုးထားလေးစား၍ ဦးချသောသဘောထား တင်ပြနေခြင်းမဟုတ်သလော။ ထိုအဆောင်လက်ဖွဲ့များကို (နမ်းခြင်းအစရှိသည့်) ကိုးကွယ်သောသဘောမျိုး ပြုလေ့ပြုထရှိသည်မဟုတ်သလော။ သို့ဖြစ်၍ပင် သမ္မာကျမ်းစာက ၁ ယောဟန် ၅:၂၁ တွင်ခရစ်ယာန်များအား “ချစ်သားတို့ . . . ကြဉ်ရှောင်ကြလော့” ဟုမှာကြားထားသည်။ ထိုတွင် အဆောင်လက်ဖွဲ့များအဖြစ် အသုံးပြုသည့်အရာများ ပါဝင်မည်မဟုတ်ပေလော။

လျှို့ဝှက်ဖုံးကွယ်ရာ၏ ကျော့ကွင်း

အဆောင်လက်ဖွဲ့များကိုအသုံးပြုခြင်းအားဖြင့် လျှို့ဝှက်ဖုံးကွယ်ရာ၌ ကျော့မိနေသူများစွာရှိပါသည်။ မှန်ပါသည်။ ယုံကြည်ကိုးစားသည်ထက် ထုံးစံရှိခဲ့၍ ကျောက်သလင်း၊ သို့မဟုတ် ဆန်းကျယ်သောပီယဆေးကို အချို့သူများ ဆောင်ထားကြမည်။ သို့သော် ပြည့်တန်ဆာနှင့်ထိကပါးရိကပါးလုပ်ခြင်းဖြင့် အေးဒ်စ်ရောဂါရနိုင်သည်နည်းတူ လျှို့ဝှက်ဖုံးကွယ်ရာနှင့် ဟိုလိုလိုဒီလိုလိုလုပ်ခြင်းသည် အကျိုးနည်းစေနိုင်ပါသည်။ အကြောင်းရှိ၍သာ ဘုရားသခင်က ဣသရေလလူမျိုးအား နတ်ဝိဇ္ဇာအတတ်နှင့် ဗေဒင်အတတ်ကို ရှောင်ကြဉ်စေခဲ့ခြင်းဖြစ်သည်။ “ထိုသို့ပြုတတ်သောသူအပေါင်းတို့ကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] စက်ဆုပ်ရွံရှာတော်မူ၏” ဟုသမ္မာကျမ်းစာက သတိပေးပါသည်။—တရားဟောရာ ၁၈:၁၀-၁၄။

အဘယ်ကြောင့် ဤမျှအတင်းအကြပ်တားမြစ်ရသနည်း။ အကြောင်းမူကား၊ ဤသို့သောအကျင့်များနောက်ဝယ်ရှိ မျက်မြင်မရသောစွမ်းအားတို့သည် လူသေ၏နာမ်ဝိညာဉ်လည်းမဟုတ်၊ ကံ၏ အစွမ်းလည်းမဟုတ်ဘဲ စာတန်မာရ်နတ်နှင့် သူ၏နတ်ဆိုးများ၏အစွမ်းဖြစ်သောကြောင့်တည်း။aအဆောင်လက်ဖွဲ့များအသုံးပြုခြင်းသည်နတ်ဆိုးဝတ်ပြုရေးနှင့် ဆက်နွယ်နေသည်ကားအမှန်ပင်။ Vine’s Expository Dictionary of Old and New Testament Words ကဤသို့ဆိုသည်။ “စုန်းအတတ်တွင် လျှို့ဝှက်ဖုံးကွယ်သောအစွမ်းကို မန်းပြီး အာနိသင်ရှိမရှိ ဆေးဝါးများကို အသုံးပြုလေ့ရှိသည်။ ယင်းနှင့်တွဲ၍ အဆောင်လက်ဖွဲ့အမျိုးမျိုးကို ပေးဆောင်တတ်ကြသည်။”

သို့ဖြစ်၍ လျှို့ဝှက်ဖုံးကွယ်သောအတတ်နှင့်ဆိုင်သည့် အဆောင်လက်ဖွဲ့ပိုင်ရှင်သည် နတ်ဝိဇ္ဇာအတတ်နှင့်ပတ်သက်နေသည်။ ဤသူသည် “ဤအစီအစဉ်စနစ်၏ဘုရား”—စာတန်မာရ်နတ်၏ဆိုးရွားသောသြဇာလွှမ်မိုးမှုအောက် ရောက်သွားနိုင်စရာအကြောင်းရှိပါသည်။ (၂ ကောရိန္သု ၄:၄) ယင်းကြောင့် နတ်ဝိဇ္ဇာအတတ်နှင့်ဆိုင်သောအရာခပ်သိမ်းကို ရှောင်ကြဉ်ရန် သမ္မာကျမ်းစာမိန့်မှာထားခြင်းသည် အကြောင်းရှိပါသည်။—ဂလာတိ ၅:၁၉-၂၁။

အယူသီးခြင်းနှောင်ကြိုးကို ဖြတ်တောက်ပစ်ခြင်း

မည်သို့ဆိုစေကာမူ The World Book Encyclopedia ကသုံးသပ်သည်–“လူလူချင်း တစ်ဦးကိုတစ်ဦး ကြောက်ရွံ့နေကြရ၍ မရေရာ၊ မသေချာသည့်အနာဂတ်ရှိသ၍ကာလပတ်လုံး အယူသီးမှုများပျောက်ကွယ်သွားမည့်ပုံမရှိပါ။” သို့သော် ဘေးပြုသော အယူသီးမှုများမှ လူတို့လွတ်မြောက်လာနိုင်ရန် ယေဟောဝါသက်သေများ ကူညီပေးနေကြပါသည်။ တောင်အာဖရိကအမျိုးသမီးတစ်ဦးသည် သူ့အဖြစ်ကိုသူ ဤသို့ပြန်ပြောပြပါသည်။ “နတ်ဆိုးအနှောင့်အယှက်ကို ကျွန်မခံနေရတဲ့အတွက် ပရောဂကင်းရအောင် တစ်အိမ်လုံးမှာ မျူတီ တွေကြီးထားခဲ့ရတယ်။” လျှို့ဝှက်ဖုံးကွယ်ရာနှင့် ကစားခြင်း၏အန္တရာယ်ကို ယေဟောဝါသက်သေများက သူမအား သဘောပေါက်စေခဲ့ပါသည်။ သူမမည်သို့တုံ့ပြန်ခဲ့သနည်း။ “ကျွန်မဆီမှာရှိတဲ့ နတ်ဝိဇ္ဇာအတတ်နှင့်ဆိုင်သမျှအရာများကို လွှင့်ပစ်လိုက်တယ်။ အဲ့ဒါနဲ့ ကျန်းမာရေးကောင်းလာတယ်။ ယေဟောဝါကို ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းယူခဲ့တယ်။” ယခုသူမသည် အယူသီးမှုနှင့်နတ်ဝိဇ္ဇာအတတ်မှ လွတ်မြောက်လာပေပြီ။

နိုင်ဂျီးရီးယားနိုင်ငံမှ ဘယဆေးဆရာကိုလည်းကြည့်ပါ။ သူဆေးကုသည့်အခါ နတ်ဝိဇ္ဇာပါရောပါလာသည်။ မိမိအိမ်သို့ ယေဟောဝါသက်သေများရောက်လာတိုင်း ကြိမ်းမောင်းပြောဆိုပစ်လေ့ရှိသည်။ တစ်ချိန်က ဆေးတစ်မျိုးကိုအထူးဖော်စပ်မန်းရွတ်ပြီး သက်သေခံတစ်ဦးမျက်နှာပေါ် မှုတ်ထုတ်ခဲ့ပါသည်။ “ခုနစ်ရက်ကြာရင် မင်းသေရမယ်” ဟုသူကြိမ်းမောင်းပါသည်။ ခုနစ်ရက်မြောက်နေ့တွင် သူ့ထံသက်သေခံပြန်သွားသည့်အခါ ဆေးဆရာက တစ္ဆေတွေ့သည်အထင်နှင့် အိမ်ထဲမှ ထွက်ပြေးသွားသည်။ ယခုသူ၏မှော်အတတ်ပညာသည် အစွမ်းမထက်ကြောင်းသိရှိသည့်အခါ ကျမ်းစာသင်အံမှုလက်ခံခဲ့၍ နောက်ဆုံးတွင် သူကိုယ်တိုင် သက်သေခံတစ်ဦးဖြစ်လာပါသည်။

သင်လည်း စိုးရိမ်ကြောက်ရွံ့ခြင်း၊ အယူသီးခြင်းအနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ပါသည်။ ယင်းကား လွယ်ကူမည်မဟုတ်သည်မှာ အမှန်ပါ။ အဆောင်လက်ဖွဲ့များသုံးလေ့သုံးထရှိသော ယဉ်ကျေးမှုတွင် အသင်ကြီးပြင်းလာခဲ့ပေမည်။ ရှေးဧဖက်မြို့မှခရစ်ယာန်များသည် ဤအဖြစ်ကို ရင်ဆိုင်ခဲ့ကြရသည်။ နတ်ဝိဇ္ဇာအတတ်လွှမ်းမိုးသည့် ယဉ်ကျေးမှုတွင် သူတို့နေထိုင်ကြပါသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ သမ္မာတရားကို သူတို့သိနားလည်ကြသောအခါ ဘာလုပ်ကြပါသနည်း။ သမ္မာကျမ်းစာက “နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သောသူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ရှေ့မှာ မီးရှို့ကြ၏။ စာစောင်အဖိုးကိုချင့်တွက်သော် ငွေအသပြာငါးသောင်းထိုက်သည်ကို သိကြ၏” ဟုဆိုပါသည်။—တမန်တော် ၁၉:၁၉။

ဘုရားသခင့်ကာကွယ်မှုကို ခံစားရခြင်း

လျှို့ဝှက်ဆန်းကြယ်သောအတတ်ကို အစအနမကျန်အောင် စွန့်ပစ်ခဲ့မည်ဆိုလျှင် အကာအကွယ်ကင်းမဲ့သွားမည်မဟုတ်သလော။ ထိုသို့ဖြစ်မည့်အစား “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့်ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။” (ဆာလံ ၄၆:၁) ဤဆိုးသွမ်းသောအစီအစဉ်စနစ်ကို ဘုရားသခင်ဖျက်ဆီးသည့်အခါ ကိုယ်တော်၏ကာကွယ်စောင့်ရှောက်မှုသည် အထူးထင်ရှားလိမ့်မည်။ “ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နှုတ်ခြင်းငှာလည်းကောင်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း . . . ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်တတ်နိုင်တော်မူ၏။—၂ ပေတရု ၂:၉; ဆာလံ ၃၇:၄၀ နှိုင်းယှဉ်။

ဤအချိန်အတွင်း ‘ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင့်သင်ခြင်းရှိသည်အတိုင်း ဖြစ်နေပါသည်။’ (ဒေသနာ ၉:၁၁) ဘုရားသခင့်ကျေးကျွန်များသည် “ဘေးကင်း” သည့်ဘဝအသက်တာကြုံတွေ့ရမည်၊ သို့မဟုတ် သူတို့အား ဘေးမသီရန်မခ ကာကွယ်စောင့်ရှောက်ထားတော်မူမည်ဟူ၍ ကိုယ်တော်ကတိမထားပါ။ သို့သော် ကျွန်ုပ်တို့၏ဝိညာဉ်ရေးနှင့် ကိုယ်တော်နှင့်ဆက်ဆံရေးကိုကား ကာကွယ်တော်မူမည်ဟု ကတိရှိတော်မူ၏။ (ဆာလံ ၉၁:၁-၉) မည်သို့အားဖြင့်နည်း။ တစ်ခုအနေနှင့် စာတန်၏ယိုယွင်းပျက်စီးသောသြဇာမှကာကွယ်ပေးပြီး ကျွန်ုပ်တို့အားအကျိုးပြုသည့် ပညတ်ဥပဒေများနှင့် မူများကို ချမှတ်ထားတော်မူသည်။ (ဟေရှာယ ၄၈:၁၇) ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိခြင်းအားဖြင့် ‘သမ္မာသတိသည် ကျွန်ုပ်တို့ကိုထိန်းသိမ်း၍ ဉာဏ်သည်လည်း စောင့်ရှောက်’ ပါလိမ့်မည်။—ဥပမာ၊ အကျိုးမရှိ၊ ဘေးပြုသောအမှုတို့မှ ကျွန်ုပ်တို့အား စောင့်ရှောက်နိုင်သည်။—သု၊ ၂:၁၁။

ကျွန်ုပ်တို့ကို ဘုရားသခင်ကာကွယ်ပေးသည့် အခြားတစ်နည်းမှာ ဒုက္ခကာလတွင် “လွန်ကဲသောတန်ခိုးတော်” ကိုပေးခြင်းအားဖြင့်ဖြစ်သည်။ (၂ ကောရိန္သု ၄:၇၊ သမ) အခြေအနေများက ခရစ်ယာန်တစ်ဦးကို လွှမ်းမိုးမည် စိုးရိမ်စရာရှိသည့်အခါ ကိုယ်တော်သည် “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်း” ကိုပေး၍ စိတ်နှလုံးကို စောင့်မပါသည်။ (ဖိလိပ္ပိ ၄:၇) မှန်ပါသည်။ ခရစ်ယာန်ဖြစ်သူအနေနှင့် “မာရ်နတ်၏ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း” အသင့်ပြင်ဆင်ခံရပါသည်။—ဧဖက် ၆:၁၁-၁၃။

ဤကာကွယ်မှုကို မည်သို့ရယူနိုင်ပါသနည်း။ ယေဟောဝါနှင့် ကိုယ်တော်၏သားတော်၊ ယေရှုခရစ်နှင့်ဆိုင်သောအသိပညာကို ဆည်းပူးခြင်းအားဖြင့် စတင်နိုင်သည်။ (ယောဟန် ၁၇:၃) ဤကိစ္စတွင် ယေဟောဝါသက်သေများသည် သင့်အား များစွာကူညီပေးနိုင်ပါလိမ့်မည်။ ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံမှုရှိလာသည့်အခါ ကိုယ်တော်၏ ကြင်နာမှုရှိသော ကာကွယ်စောင့်ရှောက်မှုကို ခံစားနေရကြောင်း တွေ့ရှိလိမ့်မည်။ ဆာလံ ၉၁:၁၄ တွင်ဘုရားသခင် ဤသို့မိန့်တော်မူထားသည်။ “သူသည် ငါ့ကိုချစ်သောကြောင့် သူ့ကိုငါကယ်နှုတ်မည်။ ငါ၏နာမကိုသိသောကြောင့် သူ့ကို ငါချီးမြှောက်မည်။”

သင်သည် ကိုယ်တော်အား အမှန်တကယ်သစ္စာတည်ကြည်မည်ဆိုလျှင် လာလတ္တံ့သောကမ္ဘာသစ်တွင် သင့်အား ထာဝရအသက်ဆုကျေးဇူးကို ဘုရားသခင်ပေးသနားတော်မူမည်။ ထိုအချိန်တွင်အသက်ရှင်မည့်သူများနှင့်ပတ်သက်၍ ယေဟောဝါ ဤသို့အာမခံပါသည်။ “ကြောက်စေသောသူတစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏နှုတ်တော်ထွက်အမိန့်တော်ရှိ၏။” (မိက္ခာ ၄:၄) ဖျားနာခြင်းနှင့်သေခြင်းသည် ရှိတော့မည်မဟုတ်။ (ဗျာဒိတ် ၂၁:၄) သို့သော် ယခုပင်လျှင် အသင်သည် ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရှိမည်ဆိုလျှင် လုံခြုံမှုအနည်းအကျဉ်းရှိနိုင်ပါသည်။ သို့ဖြစ်၍ ဆာလံဆရာနည်းတူ “ကောင်းကင်မြေကြီးကိုဖန်ဆင်းတော်မူသော ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ထံတော်မှ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏” ဟုသင်ပြောဆိုနိုင်ပါလိမ့်မည်။—ဆာလံ ၁၂၁:၂။

[အောက်ခြေမှတ်ချက်များ]

a ထပ်ဆင့်သိလိုလျှင် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းထုတ်ဝေသည့် Spirits of the Dead—Can They Help You or Harm You? Do They Really Exist? ဘရိုရှာကိုရှု။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

လျှို့ဝှက်ဖုံးအုပ်ပညာနှင့်ဆက်စပ်သောအရာခပ်သိမ်းကို ဧဖက်မြို့ရှိခရစ်ယာန်များသည် စွန့်ပစ်ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင့်နိုင်ငံတော်အောက်တွင် ကြောက်ရွံ့ခြင်း ရှိတော့မည်မဟုတ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ