အဆောင်လက်ဖွဲ့များသည် သင့်အား ကာကွယ်ပေးနိုင်သလော
သလင်းကျောက်တစ်လုံးကို ဘရာဇီးလူမျိုးတစ်ဦး မိမိအိမ်တွင် ဆောင်ထားသည်။ အမေရိကန်အားကစားသမား၏ ပြားစေ့တစ်စေ့။ အိုင်းရစ်မိသားစုတစ်စု၏အိမ်တွင် အိပ်ရာပေါ်ချိတ်ဆွဲထားသည့် သန့်ရှင်းသူဘရစ်ဂျစ်၏ လက်ဝါးကပ်တိုင်။ ဤကဲ့သို့သောအရာများကို လက်ဖွဲ့များ၊ သို့မဟုတ် အဆောင်များအဖြစ် သန်းပေါင်းများစွာသောသူတို့ အသုံးပြုကြသည်။aဤလက်ဖွဲ့များကို ဆောင်ထားခြင်းအားဖြင့် ဘေးအန္တရာယ်ကင်းစေ၍ ကံကောင်းစေမည်ဟု သူတို့ယုံကြည်ကြသည်။
ဥပမာ၊ ဘရာဇီးနိုင်ငံကို သုံးသပ်ကြည့်ပါ။ Veja မဂ္ဂဇင်းအရ ဘရာဇီးလူမျိုးများစွာတို့သည် “ကံမခေရန်နှင့် စွမ်းပကားရှိစေသည်ဟု ယူမှတ်ခံရသော ကျောက်စရစ်နှင့် ကျောက်ဖြုန်းများကို ဆောင်ထားတတ်သည်။” ပယောဂကင်းဝေးရန် ထိုနိုင်ငံရှိ အခြားသူတို့သည် အိမ်နံရံပေါ်တွင် ဘာသာရေးအမှတ်အသား၊ သို့မဟုတ် ကျမ်းချက်တစ်ချက်ကို ချိတ်ဆွဲထားတတ်သည်။ အချို့သူတို့သည် သမ္မာကျမ်းစာကို မွန်မြတ်သောလက်ဖွဲ့အဖြစ်ပင် အသုံးပြုကြသည်။ ယင်းကို ဆာလံ ၉၁ သို့ဖွင့်၍ စားပွဲပေါ် အမြဲတင်ထားတတ်သည်။
အာဖရိကတောင်ပိုင်းတွင် မျူတီ၊ သို့မဟုတ် ရိုးရာဆေးဝါးကို ဆေးကုနိုင်စွမ်းအတွက်သာမဟုတ် ကံမဆိုးဖို့အတွက် ထပ်တူနည်းအတိုင်း အသုံးပြုလေ့ရှိသည်။ ဖျားနာခြင်းများ၊ သေခြင်း၊ ငွေကြေးပြဿနာများနှင့် အချစ်ရေးနိမ့်ခြင်းတို့သည် ရန်လိုမုန်းထားသူများ၏ ပြုစားခြင်း၊ သို့မဟုတ် သေလွန်သော ဘိုးဘွားများကို မပသခဲ့၍ဖြစ်သည်ဟု များသောအားဖြင့် ယူမှတ်ကြသည်။ ထိုမျူတီ ကို သစ်ပင်ဝါးပင်၊ သို့မဟုတ် တိစ္ဆာန်အင်္ဂါအစိတ်အပိုင်းများနှင့် ရောစပ်ဖော်ထားသည့် ကျေးလက်ဆေးဆရာမှ အများအားဖြင့် ရှာယူကြပါသည်။ သို့သော် စိတ်ဝင်စားစရာကား မျူတီ ကိုကျေးလက်တောရွာတွင်သာ ရှာတွေ့နိုင်သည်မဟုတ်တော့ပါ။ တောင်အာဖရိကမြို့တော်ကြီးများတွင်လည်း အနှံ့အပြားရှိနေပါသည်။ စီးပွားရေးသမားများနှင့် တက္ကသိုလ်ဘွဲ့ရသူများပင်လျှင် မျူတီ ကိုအားထားသူများဖြစ်ကြသည်။
ကံကောင်းဖို့ ရှာကြံပြုမူသည့်အကျင့်ကို ဥရောပတိုက်ရှိ နိုင်ငံများတွင်လည်းတွေ့ရှိရပါသည်။ Studies in Folklife Presented to Emyr Estyn Evans စာအုပ်က ဤသို့ဆိုသည်။ “အိုင်ယာလန်နိုင်ငံရှိ အိမ်အချို့၊ သို့မဟုတ် အဆောက်အဦများ၏ တံခါးများပေါ်တွင် မြင်းခွာများ ချိတ်ဆွဲမထားသည့်မြို့ မရှိသလောက်ပင်ဖြစ်သည်။” ထိုနိုင်ငံတွင် ထိုထက်သမားရိုးကျဖြစ်သည်ကား ကံကောင်းဖို့ရန် ခုတင်များ၊ တံခါးများပေါ် ကျူပင်လက်ဝါးကပ်တိုင်များ ချိတ်ဆွဲထားခြင်းဖြစ်သည်။ အပေါ်ယံကြည့်မည်ဆိုလျှင် အိုင်းရစ်လူမျိုးအများသည် ဤအယူသီးမှုများကို ပေါ့ပေါ့ဆဆသာသဘောထားကြပုံရှိသည်ဟု သတိပြုသူများ ဆိုကြပါသည်။ သို့ဖြစ်သော်လည်း ယင်းတို့ကို လုံးဝလျစ်လျူရှုထားကြသူများ အနည်းအကျဉ်းသာရှိသည်။
အကာအကွယ်ရရန် ရှာပုံတော်ဖွင့်ခြင်း
ဤကဲ့သို့သော အယူသီးမှုများကို လူအများ အဘယ်ကြောင့်ကြိုက်နှစ်သက်ကြသနည်း။ လူတို့၌ရှိသော လုံခြုံလိုသည့်စိတ်ကို ယင်းတို့သည် ဖြေသိမ့်ပေးပုံရှိသည်။ အမှန်သော်ကား ညအခါ လမ်းပေါ်မှာလျှောက်သွားခြင်းမပြောနှင့် အိမ်ထဲတွင်ပင် လုံခြုံမှု မည်မျှရှိသနည်း။ အသက်မွေးဝမ်းကြောင်းရှာရခြင်း၊ သားသမီးများကိုကျွေးမွေးပြုစုခြင်းကို ထပ်ဆင့်ကြည့်ပါလေ။ မှန်ပါသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာခေါ်ဝေါ်ထားသည့် “ဒုက္ခကာလ” တွင် အသက်ရှင်နေကြပါသည်။ (၂ တိမောသေ ၃:၁၊ The New English Bible) ယင်းကြောင့် အကာအကွယ်ရလိုသည့်စိတ် ပြင်းပြခြင်းသည် သဘာဝကျပါသည်။
နတ်ဝိဇ္ဇာအတတ်နှင့် မှော်အတတ်အမျိုးမျိုး ခေတ်စားသည့် ယဉ်ကျေးမှုများတွင် ထိုစိတ်ထား အထူးတလည်ထင်ရှားပါသည်။ လူသေ၏ဝိညာဉ်ဟုယူဆသောတစ္ဆေ၊ သို့မဟုတ် ရန်လိုမုန်းထားသူ၏ ပြုစားခံရမည်ကိုကြောက်ရွံ့ ခြင်းကြောင့် အကာအကွယ်အဖြစ် အဆောင်တစ်ခု သို့မဟုတ် လက်ဖွဲ့တစ်ခုသည် မရှိမဖြစ်ပုံပေါက်သည်။ မည်သို့ပင်ဖြစ်စေ The World Book Encyclopedia ကဤသို့သတိပြုသည်။ “လူအများမှာ စိုးရိမ်စရာများ ရှိကြပါသည်။ ဤစိုးရိမ်မှုများကို ဖျောက်ဖျက်ခြင်းငှာ အယူသီးမှုများက အကူအညီပေးသည်။ ယင်းတို့အားဖြင့် သူတို့လိုတရပြီး ဘေးကိုရှောင်ကွင်းနိုင်မည်ဟု လူတို့ယူမှတ်ကြသည်။”
အဆောင်လက်ဖွဲ့များ၏ စိတ်မချရသောအစွမ်း
သို့ဖြစ်၍ ကမ္ဘာတစ်ဝန်းတွင် အဆောင်လက်ဖွဲ့အမျိုးအစား၊ ပုံစံ အမျိုးမျိုးတို့ကို ဝတ်ဆင်၊ သယ်ဆောင်၊ သို့မဟုတ် ချိတ်ဆွဲတင်ပြထားကြပါသည်။ သို့သော် လူလုပ်အဆောင်လက်ဖွဲ့သည် အမှန်တကယ်ပင် ကာကွယ်ပေးနိုင်မည်ဟု ယုံကြည်ရန် ယုတ္တိတန်ပါသလော။ လူကြိုက်များသည့် အဆောင်လက်ဖွဲ့အဖြစ် အသုံးပြုကြသောအရာများသည် စီးပွားဖြစ်ပစ္စည်းအနေဖြင့် ဒုနှင့်ဒေး ထုတ်လုပ်ကြပါသည်။ စက်ရုံတစ်ခုတွင် ထုတ်လုပ်စုစည်းထားသည့်အရာတစ်ခု၌ ဆန်းကြယ်သောတန်ခိုးများပါသည်ဟု ယုံကြည်ခြင်းမှာ ကျိုးကြောင်းဆီလျော်ခြင်းနှင့် သာမန်အသိဉာဏ်ကို ဆန့်ကျင်ရာကျမည်မဟုတ်လော။ ကျေးလက်ဆေးဆရာတစ်ဦး အထူးဖော်စပ်ပေးသောဆေးပင်လျှင် သာမန်ပစ္စည်းများ—သစ်မြစ်သစ်ဖုအစရှိသည်တို့—သာဖြစ်ပါသည်။ ဤသို့ဖော်စပ်ထားသည့်ဆေးသည် အဘယ်နည်းဖြင့် ဆန်းကြယ်သောသတ္တိများ ရှိနိုင်မည်နည်း။ ထို့ပြင် အဆောင်လက်ဖွဲ့များအသုံးပြုသူများသည် ယင်းတို့ကို အသုံးမပြုသူများထက် ပိုအသက်ရှည်သည်—သို့မဟုတ် ပို၍ပျော်ရွှင်မှုရှိသည်—ဟုထင်ရှားသောသာဓကရှိပါသလော။ ဤသို့သောဆန်းကြယ်သည့်လက်ဖွဲ့များကို ပြုစုပေးသူများပင်လျှင် ဖျားနာပြီး သေဆုံးတတ်ကြသည်မဟုတ်လော။
လူတို့ကို တကယ်ကာကွယ်ပေးပြီး ကိုယ့်ဘဝကိုယ်ဖန်တီးနိုင်သည့်သဘော ရှိစေမည့်အစား အယူသီးစွာဖြင့် အဆောင်လက်ဖွဲ့များကိုအသုံးပြုခြင်းက ကိုယ့်ပြဿနာကိုယ် အသိဉာဏ်ရှိရှိ မရင်ဆိုင်စေဘဲ အရာရာထက်စွမ်းရာအဖြစ် ကံကိုရှုမြင်စေသည်။ အဆောင်လက်ဖွဲ့များ၏အစွမ်းတန်ခိုးကို အားထားခြင်းကလည်း ယင်းကိုဆောင်ထားသူအား လုံခြုံပါသည်ဟု ထင်ယောင်ထင်မှားရှိစေသည်။ အရက်သောက်ထားသူသည် မိမိ၏စွမ်းရည်များ မပျောက်ပျက်ဟုဆိုမည်ဖြစ်သော်လည်း ကားမောင်းရန် သူကြိုးစားခဲ့လျှင် ကိုယ်ကိုယ်သော်လည်းကောင်း၊ သူတစ်ပါးကိုသော်လည်းကောင်း ဘေးသင့်စေနိုင်ပါသည်။ အဆောင်လက်ဖွဲ့၏အစွမ်းကို စိတ်ချယုံကြည်သူသည်လည်း မိမိကိုယ်ကို အန္တရာယ်ရှိစေသည်။ အကာအကွယ်ရထားသည်ဟု ထင်ယောင်ထင်မှားဖြစ်ပြီး ကံစမ်းရန်၊ သို့မဟုတ် ပညာမဲ့စွာ ဆုံးဖြတ်ချက်များချရန် စေ့ဆော်ခံရပေမည်။
အဆောင်လက်ဖွဲ့များ၏အစွမ်းတန်ခိုးကို ယုံကြည်အားထားခြင်းသည် ယင်းတို့ကိုအသုံးပြုသူ သန်းပေါင်းများစွာတို့မသိမမြင်သော အခြားကြီးမားသည့်ဘေးအန္တရာယ်များသို့ ရောက်စေပါသည်။ ယင်းတို့ကား အဘယ်နည်း။ ဘေးအန္တရာယ်ကင်းဝေးစေသည့် နည်းမှန်လမ်းကျဖြစ်သောလမ်းစဉ် ရှိပါသလော။ ဤမေးခွန်းများကို နောက်ဆက်တွဲဆောင်းပါးက ဖြေဆိုပေးပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a Webster’s Ninth New Collegiate Dictionary က “အဆောင်လက်ဖွဲ့” ကို “ဘေးအန္တရာယ် (ရောဂါ၊ သို့မဟုတ် ပြုစားခြင်းနှင့်) ကင်းစေရန်၊ သို့မဟုတ် လိုအင်ဆန္ဒပြည့်စေရန် ကိုယ်နှင့်မကွာ ဆောင်ထားသော မန္တရား၊ သို့မဟုတ် အက္ခရာပါသည့် အင်းအိုင်လက်ဖွဲ့ (အဆောင်အဖြစ်) အသုံးပြုသောအရာ” ဟုရှင်းပြထားပါသည်။