ကတိထားရာပြည်မှ မြင်ကွင်းများ
ဂိလဒ် သတ္တိရှိသူများ အတွက် အရပ်ဒေသ
ကတိထားရာပြည်ထဲ ယော်ဒန်မြစ်ကို ဣသရေလလူမျိုး ဖြတ်မကူးမီကလေးတွင် မောရှေက “အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် . . . သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူမည်” ဟုတိုက်တွန်းခဲ့သည်။—တရားဟောရာ ၃၁:၆။
မောရှေ၏နှိုးဆော်ချက်ကိုခံရသူတို့တွင် ရုဗင်နှင့်ဂဒ်အမျိုးသားအပြင် မနာရှေအမျိုးသားတစ်ဝက် ပါဝင်သည်။ ‘ဂိလဒ်သည် တိရစ္ဆာန်ကျက်စားစရာဖို့ ကောင်းသောနေရာ’ ဖြစ်ကြောင်း သူတို့တွေ့ရှိခဲ့သဖြင့် ဂိလဒ်တွင် နေထိုင်ခွင့် တောင်းဆိုခဲ့ကြပါသည်။—တောလည်ရာ ၃၂:၁-၄၀။
ဂိလဒ်သည် ယော်ဒန်မြစ်၏တစ်ဖက်ကမ်း၊ အရှေ့ဘက်တွင်ရှိသည်။ ယင်းဒေသသည် အရှေ့ဘက်တစ်ခြမ်းလုံး၊ ပင်လယ်သေ၏ မြောက်ဘက်စွန်းမှ ဂါလိလဲအိုင်အထိဖြစ်သည်။ ဤအရပ်ဒေသသည် ယော်ဒန်ချိုင့်ဝန်းမှ စိမ်းလန်းစိုပြေသောကုန်းပြင်မြင့်နှင့် လုံးချောသောတောင်ပူစာများသို့ မြင့်တက်သွားသည်။ ထိုကြောင့် ဂိလဒ်သည် ကောက်ပဲသီးနှံစိုက်ပျိုးခြင်း၊ တိရစ္ဆာန်မွေးမြူခြင်းအတွက် အလွန်ကောင်းသောဒေသဖြစ်ခဲ့ပါသည်။ အထက်ပါရုပ်ပုံက ဂိလဒ်နယ်ပယ်သည် အဘယ်ပုံသဏ္ဌာန်ရှိသည်ကို သိနားလည်စေသည်။ သို့သော် ဤမျှသာယာသောနေရာနှင့် သတ္တိကို အဘယ်ကြောင့် ကွင်းဆက်ပေးထားရပါသနည်း။
ဂိလဒ်၌နေထိုင်လိုသူများသည် ကြောက်ရွံ့စိတ်ကြောင့် ထိုတွင်နေထိုင်ရန် ရွေးချယ်ခဲ့ခြင်းမဟုတ်ကြောင်း ထင်ရှားပါသည်။ ကတိထားရာပြည်ရှိ ရန်သူများကိုတိုက်ခိုက်ရန် ယော်ဒန်မြစ်တစ်ဖက်ကို ကူးသွားမည်ဟုသဘောတူခဲ့ကြောင်း ပြန်သတိရပါ။ ဂိလဒ်သို့ သူတို့ပြန်ရောက်လာသည့်အခါ သတ္တိပိုလိုနေပါသည်။ အဘယ်ကြောင့်နည်း။ သူတို့သည် နယ်စပ်တွင်ရှိနေ၍ အရှေ့တောင်ဘက်ရှိ အာမ္မုန်လူမျိုးနှင့် မြောက်ဘက်ရှိ ရှုရိလူမျိုး၏ရန်ကို အမြဲကြုံတွေ့နေကြရသည်။ အကြိမ်ကြိမ်လည်း တိုက်ခိုက်ခံခဲ့ရကြသည်။—ယောရှု ၂၂:၉; တရားသူကြီး ၁၀:၇၊ ၈; ၁ ဓမ္မရာဇဝင် ၁၁:၁; ၄ ဓမ္မရာဇဝင် ၈:၂၈; ၉:၁၄; ၁၀:၃၂၊ ၃၃။
ထိုသို့တိုက်ခိုက်ချိန်များသည် သတ္တိရှိရန်လိုအပ်ခဲ့သော အချိန်အခါများဖြစ်သည်။ ဥပမာအနေနှင့်၊ ဂိလဒ်ကို အမ္မုန်လူမျိုးဖိနှိပ်ရန် ယေဟောဝါခွင့်ပြုခဲ့ပြီးနောက်တွင် ဘုရားသခင့်လူမျိုးတော်သည် နောင်တယူကာ ဂိလဒ်အမည်ရှိသူ၏သား “ခွန်အားကြီးသောသူရဲ” ၏ခေါင်းဆောင်မှုနောက်လိုက်ကြသည်။ ဤသတ္တိရှိသူရဲကောင်းသည် ယေဖသဖြစ်သည်။ ဤသူသည် သတ္တိရှိသူဖြစ်ငြား ဘုရားသခင်၏ညွှန်ကြားမှုနှင့် ကျောထောက်နောက်ခံမှုကို တောင်းခံတတ်သူဖြစ်ကြောင်းထင်ရှားစေသည့် ကတိသစ္စာပြုမှုတစ်ခုကြောင့် နာမည်ကျော်ကြားခဲ့ပါသည်။ ဖိနှိပ်စိုးမိုးနေသော အမ္မုန်လူမျိုးကို နှိပ်ကွပ်နိုင်ရန် ဘုရားသခင်ကူညီပေးပါမူ သူ့အား သူ၏အိမ်တံခါးဝမှထွက်လာပြီး ခရီးဦးကြိုပြုသော သူကို ‘အမှန်ဆက်သ၍ မီးရှို့ရာယဇ်အဖြစ် ပူဇော်’ သို့မဟုတ် ဘုရားသခင်ထံ ဆက်သပါမည်ဟု ယေဖသ သစ္စာကတိပြုထားသည်။a ခရီးဦးကြိုပြုသူကား ယေဖသ၏ တစ်ဦးတည်းသောကလေး၊ သူ၏သမီးဖြစ်လေသည်။ သူမသည်လည်း နောက်ပိုင်းတွင် ဘုရားသခင်၏တဲတော်၌ အမှုတော်ထမ်းဆောင်လေသည်။ မှန်ပါသည်။ ယေဖသနှင့် သူ၏သမီးလည်း ထူးခြားစွာ သတ္တိပြသခဲ့သည်။—တရားသူကြီး ၁၁:၁၊ ၄-၄၀။
ရှောလုခေတ်တွင် ထိုမျှမကျော်ကြားခဲ့သော်လည်း သတ္တိရှိကြောင်း ထင်ရှားသည့်အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါသည်။ ထိုအချိန်အခါနှင့် နေရာဒေသကိုသိရှိရန် ယော်ဒန်မြစ်ထဲ တောင်ပူစာများကြားမှ စီးဆင်းခဲ့သော လျှိုတစ်ခုတွင် တည်ရှိသော ယာဗက်-ဂိလဒ် ရှိ သူတို့၏ လက်ယာမျက်စိကို ဖောက်မည်ဟု ရှောလုမင်းမြှောက်ခံရစဉ်က အမ္မုန်လူမျိုးတို့ ခြိမ်းခြောက်ခဲ့ချိန်ကို ပြန်သတိရပါ။ ထိုအခါတွင် ယာဗက်မြို့ကို ခိုင်ခံ့စေရန် ရှောလုသည် စစ်သူရဲများကို ချက်ချင်းစုရုံးခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၁:၁-၁၁) ထိုအဖြစ်အပျက်ကို မှတ်ထားပြီး ရှောလုနန်းစံချိန် အကုန်ပိုင်းတွင် သတ္တိရှိခဲ့ကြောင်းကို ကြည့်ကြစို့။
ရှောလုနှင့် သူ၏သားသုံးဦးသည် ဖိလိတ္တိလူမျိုးနှင့် စစ်ဖြစ်စဉ်က သေဆုံးခဲ့ကြောင်းကို သတိရပေမည်။ ရန်သူများသည် ရှောလု၏ခေါင်းကိုဖြတ်ပစ်ကာ ရှောလုနှင့် သူ၏သားများ၏အလောင်းတို့ကို ဗက်ရှန်မြို့ရိုး၌ ဆွဲထားကြသည်။ (၁ ဓမ္မရာဇဝင် ၃၁:၁-၁၀၊ လက်ယာဘက်တွင် တူးဖော်ထားသည့် ဗက်ရှန်မြို့တောင်ပို့ကို တွေ့ရှိရ။) ဤသတင်းသည် ယော်ဒန်မြစ်တစ်ဖက်ကမ်း ဂိလဒ်တောင်တန်းဒေသရှိ ယာဗက်မြို့သို့ရောက်ခဲ့သည်။ ဣသရေလဘုရင်ကို စစ်တိုက်၍ အနိုင်ရသည့်ရန်သူကို ဂိလဒ်မြို့သားများ မည်သို့ရင်ဆိုင်ဝံ့မည်နည်း။
မြေပုံပေါ် လိုက်ကြည့်ပါ။ “သူရဲအပေါင်းတို့သည် ညဉ့်အခါထသွား၍ ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကို ဗက်ရှန်မြို့ရိုးမှချပြီးလျှင် ယာဗက်မြို့သို့ဆောင်ခဲ့၍ မီးရှို့ကြ၏။” (၁ ဓမ္မရာဇဝင် ၃၁:၁၂) မှန်ပါသည်။ ရန်သူ၏ခံတပ်ထဲသို့ သူတို့ညဉ့်အခါဝင်လုယူခဲ့ကြသည်။ ထိုကြောင့် သမ္မာကျမ်းစာက ထိုသူတို့အား သူရဲအပေါင်း၊ သို့မဟုတ် သတ္တိရှိသူများဟု အဘယ်ကြောင့်ခေါ်ဆိုထားသည်ကို သဘောပေါက်နိုင်ပါသည်။
အတန်ကြာလေသော် ဆယ်နွယ်ခွဲထွက်၍ မြောက်ဘက် ဣသရေလနိုင်ငံတည်ထောင်ခဲ့ရာ ဤတွင် ဂိလဒ်ပါ ပါဝင်သည်။ ပတ်ဝန်းကျင်ရှိနိုင်ငံများဖြစ်သည့် ဦးဆုံး ရှုရိနိုင်ငံ၊ ထိုနောက်တွင် အာရှုရိနိုင်ငံများနှင့် ယော်ဒန်မြစ်၏အရှေ့ဘက်ကမ်းမှ အရပ်ဒေသအချို့ကို သိမ်းပိုက်ခဲ့သည်။ ထိုကြောင့် ယခင်ကသတ္တိတင်ပြခဲ့ကြငြား ဂိလဒ်သားများသည် နယ်စပ်အရပ်တွင် နေထိုင်ကြရခြင်းအကျိုးဆက်ကို ခံခဲ့ကြရရှာသည်။—၄ ဓမ္မရာဇဝင် ၂၂:၁-၃; ၄ ဓမ္မရာဇဝင် ၁၅:၂၉။
[အောက်ခြေမှတ်ချက်များ]
a မှတ်တမ်းကို အသေအချာသုံးသပ်ကြည့်သည့်အခါ မိမိကလေးကို ယဇ်ကောင်အဖြစ် ယေဖသပူဇော်ခဲ့သည်ဟု အပြစ်တင်စွပ်စွဲခြင်းသည် မမှန်ကန်ကြောင်း တင်ပြသည်။ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းထုတ်ဝေသည့် Insight on the Scriptures, Volume 2, pages 27-8 ကိုရှု။
[Credit Line]
Based on a map copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel.
[Picture Credit Line on page 8]
Pictorial Archive (Near Eastern History) Est.
[Picture Credit Line on page 9]
Pictorial Archive (Near Eastern History) Est.