ယေဟောဝါ၏ညွှန်ကြားချက်ကို ဝမ်းမြောက်စွာခံယူခြင်း
ယူလီစက်စ် ဗွီ. ဂလပ်စ်ပြောပြသည်
ယင်းသည် ထူးခြားသောအခါသမယတစ်ခုဖြစ်ခဲ့သည်။ ကျောင်းဆင်းပွဲတွင် ကျောင်းသား ၁၂၇ ဦးသာရှိခဲ့သည်။ သို့ရာတွင် နိုင်ငံအများအပြားမှပရိသတ် ၁၂၆,၃၈၇ ဦးတက်ရောက်ခြင်းမှာ စိတ်အားတက်ကြွဖွယ်ဖြစ်ခဲ့၏။ ၎င်းသည် နယူးယောက်မြို့၏ရန်ကီးအားကစားကွင်းတွင် ၁၉၅၃၊ ဇူလိုင် ၁၉ ရက်နေ့၌ ကျင်းပခဲ့သော ၂၁ ကြိမ်မြောက် ကင်းမျှော်စင် သမ္မာကျမ်းစာဂိလဒ်ကျောင်းဆင်းပွဲဖြစ်သည်။ ၎င်းသည် ကျွန်တော့်ဘဝတွင် အဘယ်ကြောင့် ဤမျှအရေးပါသည့်အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ရသနည်း။ ကျွန်တော့်နောက်ကြောင်းအနည်းငယ်ကို ပြောပြပါရစေ။
ဗျာဒိတ် ၁၂:၁-၅ မှာဖော်ပြထားတဲ့ မေရှိယနိုင်ငံတော်မတည်ထောင်ခင် နှစ်နှစ်အလို ၁၉၁၂၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ယူ.အက်စ်.အေ၊ အင်ဒီယန်းနားပြည်နယ်၊ ဗဲန်ဆင်းမြို့မှာ ကျွန်တော့်ကိုမွေးခဲ့တယ်။ အဲဒီအရင်နှစ်ကစပြီး ကျွန်တော့်မိဘတွေက ကျမ်းစာစောင်များမှလေ့လာစရာများ စာအုပ်အတွဲနဲ့ သမ္မာကျမ်းစာကို လေ့လာခဲ့တယ်။ အဖေဟာ တနင်္ဂနွေမနက်တိုင်း မိသားစုကို အဲဒီစာအုပ်တွဲထဲကတစ်အုပ်ကို ဖတ်ပြပြီးဆွေးနွေးခဲ့ကြတယ်။
အမေဟာ သားသမီးတွေရဲ့အတွေးအခေါ်ကိုပုံသွင်းဖို့ တတ်သိထားတာတွေကို အသုံးပြုခဲ့တယ်။ ကြင်နာတတ်ပြီး ကူညီဖို့အသင့်ရှိတဲ့အမေဟာ အရမ်းချစ်ဖို့ကောင်းတယ်။ အမေ့မှာ သားသမီးလေးယောက်ရှိလာတဲ့အပြင် အိမ်နီးချင်းကလေးတွေကိုလည်း သူမေတ္တာပြခဲ့တယ်။ ကျွန်တော်တို့နဲ့ အမေအချိန်ပေးခဲ့တယ်။ ကျွန်တော်တို့ကို ကျမ်းစာပုံပြင်တွေပြောပြတာ၊ ကျွန်တော်တို့နဲ့အတူ သီချင်းဆိုတာတွေကို အမေသဘောကျခဲ့တယ်။
ခရစ်ယာန်ဓမ္မအမှုမှာ အချိန်ပြည့်လုပ်နေသူတွေကိုလည်း အိမ်ခေါ်ဖိတ်တတ်တယ်။ သူတို့တစ်ရက်နှစ်ရက်လောက်နေကြပြီး တစ်ခါတလေ ကျွန်တော်တို့အိမ်မှာ စည်းဝေးတွေကျင်းပတယ်၊ ဟောပြောချက်တွေပေးခဲ့ကြတယ်။ အထူးသဖြင့် ဥပမာတွေသုံးပြီး ပုံပြင်ပြောတဲ့သူတွေကို ကျွန်တော်တို့သဘောကျခဲ့ကြတယ်။ ပထမကမ္ဘာစစ်ပြီးသွားပြီး နောက်တစ်နှစ် ၁၉၁၉ ခုနှစ်မှာ အလည်အပတ်ရောက်ရှိနေတဲ့ညီအစ်ကိုက အထူးသဖြင့် ကျွန်တော်တို့ကလေးတွေကိုရည်စူးပြီးဟောပြောခဲ့တယ်။ သူက အပ်နှံခြင်း—အခုအတိအကျခေါ်သောဆက်ကပ်အပ်နှံခြင်း—အကြောင်းဆွေးနွေးခဲ့ပြီး ကျွန်တော်တို့ဘဝကို ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာ နားလည်ရအောင် ကူညီပေးခဲ့တယ်။ အဲဒီညနေပိုင်းမှာ ကျွန်တော်အိမ်ရာဝင်တော့ ကောင်းကင်ခမည်းတော်ကို ဆုတောင်းခဲ့ပြီး ကိုယ်တော်ရဲ့အမှုတော်ကို အမြဲတမ်းထမ်းဆောင်ချင်ပါတယ်လို့ ပြောခဲ့တယ်။
ဒါပေမဲ့ ၁၉၂၂ ခုနှစ်နောက်ပိုင်းမှာ ဘဝရဲ့တခြားစိုးရိမ်ပူပန်စရာတွေကြောင့် အဲဒါက အဓိကမဟုတ်တော့ဘူး။ တစ်နေရာကနေတစ်နေရာပြောင်းနေရတဲ့အတွက် ယေဟောဝါလူမျိုးတော်ရဲ့အသင်းတော်နဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တယ်။ အဖေက မီးရထားဌာနမှာ အလုပ်လုပ်တာကြောင့် အပြင်ပဲထွက်နေရတယ်။ ကျမ်းစာလေ့လာမှုလည်း မမှန်တော့ဘူး။ စီးပွားရေးအနုပညာရှင်ဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ ကျောင်းမှာသင်တန်းတွေတက်ခဲ့ပြီး နာမည်ကြီးတက္ကသိုလ်တစ်ခုကိုတက်ဖို့ စီစဉ်ခဲ့တယ်။
ဘဝတွင် ကျွန်တော်၏အာရုံစိုက်ရာကို ပြောင်းလဲခြင်း
၁၉၃၀ ပြည့်နှစ်အလယ်လောက်မှာ ကမ္ဘာစစ်ကြီးပြန်ဖြစ်ခဲ့တယ်။ အိမ်ကို ယေဟောဝါသက်သေတစ်ယောက် ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ အိုဟိုင်အိုနယ်၊ ကလီဗ်လန်မြို့မှာ နေထိုင်ကြတယ်။ အဲဒီကျတော့မှ ကလေးဘဝက ကျွန်တော်တို့သိထားတာတွေကို ပိုပြီးအလေးအနက်ထားစတွေးတောခဲ့ကြတယ်။ အထူးသဖြင့် ကျွန်တော့်အစ်ကိုရပ်စယ်လ်က လေးလေးနက်နက်စဉ်းစားတတ်တဲ့အတွက် အရင်ဆုံးနှစ်ခြင်းခံခဲ့တယ်။ ကျွန်တော်ကတော့ အလေးအနက်စဉ်းစားတတ်သူမဟုတ်ပေမဲ့ ၁၉၃၆၊ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ကျွန်တော်လည်းပဲ နှစ်ခြင်းခံခဲ့တယ်။ ယေဟောဝါကိုဆက်ကပ်အပ်နှံတာဟာ ဘာလဲဆိုတာကို တဖြည်းဖြည်းလေးမြတ်လာပြီး ယေဟောဝါရဲ့ညွှန်ကြားချက်ကိုခံယူတတ်လာတယ်။ အဲဒီနှစ်မှာပဲ ကျွန်တော့်အစ်မကက်သရင်းနဲ့ ညီမဂါသရူးတို့လည်း နှစ်ခြင်းခံခဲ့ကြတယ်။ ကျွန်တော်တို့အားလုံး အချိန်ပြည့်ရှေ့ဆောင်စလုပ်ခဲ့ကြတယ်။
ဒါပေမဲ့ အဲဒါက တခြားဘာကိုမှစိတ်မဝင်စားကြဘူးလို့ ဆိုလိုနေတာမဟုတ်ဘူး။ အမှန်တရားအကြောင်း ကြားတဲ့အချိန်ကစပြီး “အားတက်သရော” ရှိပြီး အိမ်မှာကျင်းပတဲ့ စည်းဝေးတွေလာတက်မယ့် အဲန်းဆိုတဲ့မိန်းမချောလေးအကြောင်းကို ကျွန်တော့်မရီးကပြောတော့ နားစွင့်ပြီးစိတ်ဝင်စားခဲ့တယ်။ အဲဒီတုန်းက အဲန်းဟာ တရားရုံးမှာအတွင်းရေးမှူးလုပ်ခဲ့ပြီး တစ်နှစ်ထဲမှာပဲ နှစ်ခြင်းခံခဲ့တယ်။ ကျွန်တော်လက်ထပ်ဖို့အစီအစဉ်မရှိခဲ့ပေမဲ့ အဲန်းဟာ အမှန်တရားဘက်မှာ ရာနှုန်းပြည့်ပဲ။ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ အပြည့်အဝပါဝင်ချင်ခဲ့တယ်။ “လုပ်နိုင်ပါ့မလား” လို့ဘယ်တော့မှပြောတဲ့လူစားမဟုတ်ခဲ့ဘူး။ အဲဒီအစား၊ “ဒီအလုပ်စလုပ်ဖို့ အကောင်းဆုံးနည်းက ဘာလဲ” လို့ပဲမေးလိမ့်မယ်။ အဆုံးတိုင်လုပ်ကိုင်ချင်စိတ် သူ့မှာရှိခဲ့တယ်။ ဒီအပြုသဘောထားကို ကျွန်တော်သဘောကျခဲ့တယ်။ ပြီးတော့ သိပ်လှတယ်၊ အခုထိလည်း လှတုန်းပဲ။ ကျွန်တော့်ဇနီးဖြစ်လာပြီး မကြာခင်မှာ ရှေ့ဆောင်လုပ်ငန်းဖော်ဖြစ်ခဲ့တယ်။
ရှေ့ဆောင်များအဖြစ် တန်ဖိုးရှိသောလေ့ကျင့်မှု
ရှေ့ဆောင်တွေအနေနဲ့ ဆင်းရဲတဲ့အခါပဲဖြစ်ဖြစ်၊ ချမ်းသာတဲ့အခါပဲဖြစ်ဖြစ် ဘယ်လိုရောင့်ရဲရမလဲဆိုတဲ့သော့ချက်ကို ကျွန်တော်တို့သိလာတယ်။ (ဖိလိပ္ပိ ၄:၁၁-၁၃) တစ်ညနေမှာ ကျွန်တော်တို့စားဖို့ ဘာမှမရှိဘူး။ ကျွန်တော်တို့နှစ်ယောက်ပေါင်းမှ ငါးဆင့်ပဲရှိတော့တယ်။ အသားဆိုင်ထဲဝင်ပြီး “အသားအူချောင်း ငါးဆင့်ဖိုးပေးနိုင်မလား” လို့မေးခဲ့တယ်။ ကျွန်တော်တို့ကိုလှမ်းကြည့်ပြီး လေးချပ်ဖြတ်ပေးခဲ့တယ်။ ငါးဆင့်ဖိုးထက်များမယ်လို့ ကျွန်တော်ထင်တယ်၊ အဲဒါကိုစားပြီး အားရှိလာတယ်။
ခရစ်ယာန်ဓမ္မအမှုဆောင်နေချိန်မှာ အကြီးအကျယ်အတိုက်အခံကြုံရတာ မဆန်းပါဘူး။ နယူးယောက်၊ ဆစ်ရာခရုစ်အနီးက မြို့တစ်မြို့ရဲ့လမ်းပေါ်မှာ ကျွန်တော်တို့အထူးလူထုစည်းဝေးပွဲကိုကြော်ငြာတဲ့ ကတ်ထူတွေဝတ်ဆင်ပြီး လက်ကမ်းကြော်ငြာတွေ ဖြန့်ဝေနေကြတုန်း လူထွားကြီးနှစ်ယောက်က ကျွန်တော့်ကို ဖမ်းချုပ်ပြီးအတင်းခေါ်သွားခဲ့တယ်။ တစ်ယောက်က ရဲအရာရှိဖြစ်ပေမဲ့ ယူနီဖောင်းမဝတ်ထားဘူး၊ ရဲတံဆိပ်ကိုပြဖို့တောင်းဆိုတာကို သူဂရုမစိုက်ခဲ့ဘူး။ အဲဒီအချိန်မှာ ဘရွတ်ကလင်ဗေသလက ဂရဲန့် စူတာရောက်လာပြီး ရဲဌာနမှာ ပြဿနာသွားဖြေရှင်းမယ်လို့ ပြောခဲ့တယ်။ အဲဒီနောက် ဘရွတ်ကလင်ကအသင်းမရုံးကို ဖုန်းဆက်ပြီး မှုခင်းတစ်ခုအတွက် အစမ်းသဘောနဲ့ အဲဒီနေ့မှာပဲ ကျွန်တော်တို့နှစ်ယောက်ကို ကြော်ငြာကတ်ထူဝတ်ပြီးလက်ကမ်းကြော်ငြာတွေ ပြန်သွားဝေခိုင်းတယ်။ မျှော်လင့်တဲ့အတိုင်းပဲ အဖမ်းခံရရော။ ဒါပေမဲ့ ကျွန်တော်တို့ကို အကြောင်းမဲ့ဖမ်းတဲ့အတွက် တရားစွဲနိုင်တဲ့အကြောင်းပြောတော့ ကျွန်တော်တို့ကိုလွှတ်လိုက်ကြတယ်။
နောက်နေ့မှာ ဆူပူသောင်းကျန်းချင်တဲ့ဆယ်ကျော်သက်တွေကို ခရစ်ယာန်ဓမ္မဆရာက သွေးထိုးပေးလို့ ကျွန်တော်တို့ရဲ့စည်းဝေးနေရာကို ဝင်ရောက်နှောင့်ယှက်ခဲ့ကြတယ်၊ အဲဒီအချိန်မှာ ရဲတွေရှာမတွေ့ခဲ့ဘူး။ အဖျက်သမားတွေက ဘေ့စ်ဘောဘက်တံနဲ့သစ်သားကြမ်းပြင်ကို တဒုန်းဒုန်းထုပြီး အမိုးမရှိ ပျဉ်ပြားထိုင်ခုံတန်းတွေက ဧည့်ပရိသတ်တချို့ကို တွန်းပစ်ခဲ့ကြတယ်၊ စင်ပေါ်ကနေ အမေရိကန်အလံကိုမြှောက်ကိုင်ထားပြီး “အလေးပြု! အလေးပြု!” လို့အော်ခဲ့ကြတယ်။ ပြီးတော့ “စည်ဘီယာပိုလ်ကာ” သီချင်းစဆိုကြရော။ စည်းဝေးအစီအစဉ်ကို သူတို့လုံးဝဖျက်လိုက်ကြတယ်။ “သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ” မယ်လို့ ယေရှုပြောခဲ့တာ ဘာကိုဆိုလိုတယ်ဆိုတာကို ကျွန်တော်တို့ကိုယ်တွေ့ကြုံခဲ့ကြရတယ်။—ယောဟန် ၁၅:၁၉။
တကယ်တော့ လူထုဟောပြောချက်က အဲဒီတုန်းကကင်းမျှော်စင်အသင်းဥက္ကဋ္ဌ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်ရဲ့ဟောပြောချက်အသံသွင်းထားတာဖြစ်တယ်။ အဲန်းနဲ့ကျွန်တော်ဟာ အဲဒီမြို့မှာ တစ်ရက်နှစ်ရက်နေခဲ့ပြီး သူတို့ရဲ့အိမ်မှာပဲ အဲဒီဟောပြောချက်ကိုနားထောင်ကြဖို့ လူတွေဆီလည်ပတ်ကမ်းလှမ်းခဲ့တယ်။ လက်ခံတဲ့သူ နည်းနည်းပဲရှိခဲ့တယ်။
တိုင်းတစ်ပါးတွင်အမှုတော်ဆောင်ရန်စေတနာ့ဝန်ထမ်းလိုခြင်း
အတန်ကြာတော့ လုပ်ငန်းတော်အခွင့်အရေးအသစ်တွေပေါ်လာခဲ့တယ်။ ကျွန်တော့်အစ်ကိုရပ်စယ်လ်နဲ့ သူ့ဇနီးဒေါ်ရသီတို့ကို ၁၉၄၃ ခုနှစ်မှာ ဇနီးမောင်နှံလိုက် ပထမအကြိမ်ဂိလဒ်ကျောင်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်၊ နောက်တော့ ကျူးဘားကို [ခရစ်ယာန်] သာသနာပြုတွေအနေနဲ့ စေလွှတ်ခဲ့တယ်။ ကျွန်တော့်အစ်မကက်သရင်းက လေးကြိမ်မြောက်သင်တန်းမှာတက်ခဲ့တယ်။ သူလည်းပဲ ကျူးဘားမှာ တာဝန်ကျခဲ့တယ်။ နောက်တော့ ဒိုမီနီကန်သမ္မတနိုင်ငံကတစ်ဆင့် ပွာတီရီကိုနိုင်ငံမှာ တာဝန်ကျခဲ့တယ်။ အဲန်းနဲ့ကျွန်တော်ကော။
ဂိလဒ်ကျောင်းအကြောင်းနဲ့ အသင်းမက တခြားနိုင်ငံတွေဆီ [ခရစ်ယာန်] သာသနာပြုတွေစေလွှတ်ချင်တယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့သိတဲ့အခါ တိုင်းတစ်ပါးလုပ်ငန်းတော်အတွက် အဆင်သင့်ပဲ။ ပထမတော့ ကိုယ့်သဘောနဲ့ကိုယ် မက္ကဆီကိုသွားဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ဂိလဒ်ကျောင်းတက်ပြီးနောက်မှ အသင်းမတာဝန်ချမယ့်နေရာကို စောင့်နေမယ်လို့ ကျွန်တော်တို့ဆုံးဖြတ်ချက်ချခဲ့တယ်။ ယေဟောဝါအသုံးပြုနေတဲ့အစီအစဉ်တစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်တို့သဘောပေါက်ခဲ့တယ်။
လေးကြိမ်မြောက်ဂိလဒ်ကျောင်းမှာတက်ဖို့ ကျွန်တော်တို့ဖိတ်ခေါ်ခံခဲ့ကြရတယ်။ ဒါပေမဲ့ သင်တန်းမစခင်လေးမှာ အဲဒီအချိန်က ကင်းမျှော်စင်အသင်းဥက္ကဋ္ဌ အန်. အိပ်ချ်. နောရ်ဟာ အဲန်းရဲ့ငယ်စဉ်ကပိုလီယိုကြောင့်ဖြစ်ရတဲ့ ချို့ယွင်းချက်ကို သတိပြုမိခဲ့တယ်။ အဲဒီအကြောင်းကျွန်တော်နဲ့သူဆွေးနွေးခဲ့ပြီး တခြားနိုင်ငံမှာသွားအမှုဆောင်ခိုင်းဖို့ မသင့်ဘူးလို့ သူဆုံးဖြတ်တယ်။
နောက်နှစ်နှစ်လောက်မှာ စည်းဝေးကြီးအတွက်ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းလုပ်နေတုန်းမှာ ညီအစ်ကိုနောရ်နဲ့ပြန်တွေ့ပြီး ဂိလဒ်တက်ဖို့စိတ်ဝင်စားသေးသလားလို့ ကျွန်တော့်ကိုမေးခဲ့တယ်။ ကျွန်တော်တို့ကို တိုင်းတစ်ပါးမှာတာဝန်မပေးဘဲ အခြားတာဝန်တစ်ခုအတွက်ရည်ရွယ်ထားတယ်လို့ ပြောပြခဲ့တယ်။ ဒါနဲ့ ၁၉၄၇၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ကိုးကြိမ်မြောက်သင်တန်း အမည်စာရင်းမှာ ကျွန်တော်တို့ဟာ ကျောင်းသားအုပ်စုထဲ ပါဝင်ခဲ့တယ်။
ဂိလဒ်ကျောင်းတက်ခဲ့တဲ့ အဲဒီနေ့တွေကို ဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူး။ သင်ရိုးတွေက ဝိညာဉ်အစာအတော်ကြွယ်ဝခဲ့တယ်။ ရာသက်ပန်မိတ်ဆွေတွေလည်း ဖွဲ့ခဲ့ကြရတယ်။ ဒါပေမဲ့ ဒီကျောင်းမှာ ဒါထက်မက ကျွန်တော်ပါဝင်ခဲ့ရတယ်။
ဝါရှင်တန်နှင့်ဂိလဒ်စပ်ကြား
ဂိလဒ်ကျောင်းဟာ သစ်လွင်နေဆဲပါပဲ။ အမေရိကန်ပြည်ထောင်စုအစိုးရက ကျောင်းရဲ့ရည်ရွယ်ချက်တွေကို မသိရှိခဲ့တဲ့အတွက် ပြဿနာအများကြီးဖြစ်ခဲ့တယ်။ အသင်းမက ဝါရှင်တန် ဒီ.စီ. မှာကိုယ်စားလှယ်တစ်ဦးရှိစေချင်ခဲ့တယ်။ ဂိလဒ်ကျောင်းဆင်းပြီး လအနည်းငယ်ကြာတော့ ကျွန်တော်တို့ကို အဲဒီနေရာပို့ခဲ့တယ်။ တခြားနိုင်ငံတွေကနေ ဂိလဒ်ကျောင်းတက်ဖို့ ဖိတ်ခေါ်ခံရတဲ့သူအတွက် ဗီဇာရရှိဖို့နဲ့ တိုင်းတစ်ပါးမှာ [ခရစ်ယာန်] သာသနာပြုဖို့ စေလွှတ်ခံရတဲ့ကျောင်းဆင်းတွေအတွက် တရားဝင်စာရွက်စာတမ်းတွေရရှိဖို့ ကျွန်တော်စီစဉ်ပေးခဲ့ရတယ်။ အရာရှိအချို့ဟာ တော်တော်မျှတကြပြီး ကူညီပေးခဲ့တယ်။ တခြားသူတွေက သက်သေခံတွေကို အပြင်းအထန်တိုက်ခံလိုတဲ့စိတ်ရှိခဲ့ကြတယ်။ နိုင်ငံရေးအမြင်ပြင်းထန်သူတချို့ကြတော့ မနှစ်သက်သူလို့ သူတို့ထင်တဲ့သူတွေနဲ့ ကျွန်တော်တို့အဆက်အသွယ်ရှိတယ်ဆိုပြီး အခိုင်အမာဆိုခဲ့ကြတယ်။
ကျွန်တော်တို့က . . .၊ စစ်မတိုက်တဲ့အတွက် ကျွန်တော်ရောက်သွားတဲ့ရုံးကလူတစ်ယောက်က ကျွန်တော်တို့ကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချခဲ့တယ်။ အတော်ကြာကြာ အော်ကြီးဟစ်ကျယ်သူပြောပြီးနောက်မှ ကျွန်တော်က “ခင်ဗျားကို သိစေချင်တယ်၊ သိလည်းသိမှာပါ၊ ယေဟောဝါသက်သေတွေဟာ ဘယ်သူတွေနဲ့မှ စစ်မတိုက်ဘူး။ ကမ္ဘာ့အရေးကိစ္စတွေမှာ ကျွန်တော်တို့မပါဝင်ဘူး။ လူတွေရဲ့စစ်တွေမှာ၊ နိုင်ငံရေးတွေမှာ ကျွန်တော်တို့မပါဝင်ဘူး။ ကျွန်တော်တို့ဟာ လုံးလုံးကြားနေသူဖြစ်တယ်။ ခင်ဗျားတို့ကြုံနေရတဲ့ပြဿနာတွေကို ကျွန်တော်တို့ရှင်းနိုင်ခဲ့ပြီ; ကျွန်တော်တို့အဖွဲ့အစည်းမှာ စည်းလုံးမှုရှိတယ်။ . . . အခု ကျွန်တော်တို့ကို ဘာလုပ်စေချင်သလဲ။ ကျွန်တော်တို့လမ်းစဉ်ကိုစွန့်ပြီး ခင်ဗျားတို့ရဲ့နည်းလမ်းကို ပြန်လိုက်စေချင်သလား” ဆိုပြီးပြောခဲ့တယ်။ အဲဒီနောက်မှာ သူဘာမှမပြောတော့ဘူး။
တစ်ပတ်မှာနှစ်ရက် အစိုးရရုံးနဲ့ပတ်သက်တဲ့ အလုပ်တွေလုပ်ဖို့ ဖယ်ထားခဲ့တယ်။ အဲဒီအပြင် ကျွန်တော်တို့အထူးရှေ့ဆောင်အဖြစ်အမှုဆောင်နေကြတယ်။ အဲဒီအချိန်က လယ်ကွင်းအမှုဆောင်မှာ လတိုင်း ၁၇၅ နာရီ (နောက်မှနာရီ ၁၄၀ သို့ပြောင်းခဲ့) သွင်းရတာကြောင့် ညဉ့်နက်တဲ့အထိ အမှုဆောင်ခဲ့ရတယ်။ တကယ်ပျော်စရာကောင်းတယ်။ မိသားစုတစ်စုလုံးနဲ့ သင်အံမှုအတော်များများ ကျင်းပခဲ့ကြရပြီး သူတို့တွေအတော်လေးတိုးတက်ခဲ့ကြတယ်။ သားသမီးမယူဖို့ အဲန်းနဲ့ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့ပေမဲ့ ဝိညာဉ်ရေးအရပြောရမယ်ဆိုရင် သားသမီးတွေတောင်မကဘူး မြေး၊ မြစ်တွေတောင်ရနေပါပြီ။ သူတို့လေးတွေဟာ ကျွန်တော်တို့အတွက်ပျော်ရွှင်မှုပဲ!
၁၉၄၈ ခုနှစ်အကုန်ပိုင်းမှာ နောက်တာဝန်တစ်ခုကို ကျွန်တော်ရရှိခဲ့တယ်။ ဂိလဒ်ကျောင်းရဲ့မော်ကွန်းထိန်းဖြစ်ပြီး သွန်သင်ပေးသူညီအစ်ကိုရှရိုးဒါက အခြားအရေးကြီးတဲ့အလုပ်တွေနဲ့ အလုပ်များနေတော့မယ်လို့ ညီအစ်ကိုနောရ်ကရှင်းပြတယ်။ ဒါကြောင့် လိုအပ်မယ်ဆိုရင် ဂိလဒ်သင်တန်းပေးဖို့ ကျွန်တော့်ကိုတောင်းဆိုခဲ့တယ်။ စိတ်တထင့်ထင့်နဲ့ နယူးယောက်၊ စောက်သ်လဲန်းစင်းမှာရှိတဲ့ ဂိလဒ်ကျောင်းကို အဲန်းနဲ့အတူ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြန်ရောက်လာခဲ့တယ်။ ပထမတော့ ဂိလဒ်မှာ သုံးလေးပတ်ပဲနေပြီး ဝါရှင်တန်ကို ပြန်သွားခဲ့ကြရတယ်။ ဒါပေမဲ့ နောက်ကျတော့ ဝါရှင်တန်မှာနေတာထက် ဂိလဒ်မှာအနေများလာတယ်။
အဲဒီအချိန်မှာ ကျွန်တော်အစကပြောတဲ့အတိုင်း နယူးယောက်မြို့က ရန်ကီးအားကစားကွင်းမှာ ၂၁ ကြိမ်မြောက်ဂိလဒ်ကျောင်းဆင်းပွဲကျင်းပခဲ့တယ်။ ဒါကြောင့် သင်တန်းပေးသူတစ်ယောက်အနေနဲ့ ဒီကျောင်းဆင်းပွဲအစီအစဉ်မှာ ကျွန်တော်ပါဝင်ခွင့်ရရှိခဲ့တာ။
ကမ္ဘာ့ဌာနချုပ်၌ အမှုတော်ဆောင်ခြင်း
၁၉၅၅၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ နောက်လုပ်ငန်းတော်တာဝန်တစ်ခုကို ကျွန်တော်တို့စလုပ်ခဲ့ရတယ်။ ကျွန်တော်တို့ ယေဟောဝါရဲ့မျက်မြင်ရအဖွဲ့အစည်းရဲ့ ကမ္ဘာ့ဌာနချုပ်ဗေသလမိသားစုဝင်ဖြစ်လာခဲ့ကြတယ်။ အဲဒီထဲမှာ ဘာတွေလုပ်ခဲ့ရသလဲ။ အခြေခံအနေနဲ့ ဘာတာဝန်ကိုမဆိုလုပ်ဖို့ တလိုတလားရှိခဲ့တယ်၊ တခြားသူတွေနဲ့ပူးပေါင်းပြီး လုပ်တတ်ဖို့လိုခဲ့တယ်။ ဒီမတိုင်ခင်ကလည်း ကျွန်တော်တို့အဲဒီလိုလုပ်ခဲ့ဖူးပေမဲ့ အခုဆိုရင် ဌာနချုပ်ဗေသလမိသားစုကြီးဝင်တွေဖြစ်နေတယ်။ ယေဟောဝါရဲ့ညွှန်ကြားချက်ပဲဆိုပြီး ဒီတာဝန်အသစ်ကို ကျွန်တော်တို့အားရဝမ်းသာလက်ခံခဲ့တယ်။
ကျွန်တော့်အလုပ်က လူထုဆက်သွယ်ရေးသတင်းနဲ့ဆက်နွှယ်တဲ့ အလုပ်ကို အဓိကလုပ်ခဲ့ရတယ်။ စိတ်လှုပ်ရှားဖွယ်သတင်းရဖို့နဲ့ စိတ်စွန်းကွက်တဲ့သူတွေထံက အချက်အလက်ရယူထားတဲ့အတွက် သတင်းစာက ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မကောင်းသတင်းတွေရေးခဲ့တယ်။ အဲဒီအခြေအနေကိုပြုပြင်ဖို့ ကျွန်တော်တို့ကြိုးစားခဲ့ကြတယ်။
ကျွန်တော်တို့မှာ အလုပ်များများရှိရအောင် ညီအစ်ကိုနောရ်က တခြားတာဝန်တွေလည်းပေးခဲ့တယ်။ အဲဒီတာဝန်တချို့က စီးပွားရေးအနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ကျွန်တော်ယူထားတဲ့သင်တန်းနဲ့ပတ်သက်တယ်။ တခြားတာဝန်တွေက အသင်းမရဲ့အသံလွှင့်ဌာန၊ ဒဗလျူဘီဘီအာရ်နဲ့ပတ်သက်တယ်။ အသင်းမထုတ်လုပ်တဲ့ ရုပ်ရှင်နဲ့ပတ်သက်တဲ့အလုပ်တွေ အတော်များတယ်။ ဂိလဒ်သင်တန်းမှာ သီအိုကရက်တစ်သမိုင်းပါဝင်တာမှန်ပေမဲ့ မျက်မှောက်ခေတ် သီအိုကရက်တစ်အဖွဲ့အစည်းသမိုင်းအကြောင်းကို ယေဟောဝါရဲ့လူများ ပိုပြီးအသေးစိတ်သိရဖို့နဲ့ လူထုကိုလည်း သိစေရအောင် အစီအစဉ်အမျိုးမျိုးကို အခုစလုပ်ကိုင်နေကြတယ်။ ဂိလဒ်သင်တန်းရဲ့နောက်ကဏ္ဍတစ်ခုက လူထုရှေ့ဟောပြောတာနဲ့ပတ်သက်ပြီး အသင်းတော်ကညီအစ်ကိုတွေလည်း လူထုရှေ့ဟောပြောဖို့ အခြေခံအချက်တွေကိုသိရအောင် လုပ်ပေးဖို့လိုလာတယ်။ ဒါကြောင့် လုပ်စရာတွေအများကြီးပဲ။
ဂိလဒ်တွင် အတည်တကျလုပ်ကိုင်ရ
၁၉၆၁ ခုနှစ်မှာ နယ်လှည့်ကြီးကြပ်မှူးတွေနဲ့ ဌာနခွဲဝန်ထမ်းတွေကို လေ့ကျင့်ပေးရတော့မယ့်အတွက် ဂိလဒ်ကျောင်းကို ကင်းမျှော်စင်အသင်းရဲ့အဓိကရုံးခန်းတွေရှိတဲ့ ဘရွတ်ကလင်ကို ပြောင်းရွှေ့ခဲ့ရတယ်။ အတန်းထဲကို ကျွန်တော် နောက်တစ်ခေါက်ပြန်ရောက်ခဲ့တယ်။ ဒီတစ်ကြိမ်တော့ အစားထိုးသွန်သင်ပေးသူအနေနဲ့မဟုတ်တော့ဘဲ ဌာနအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပုံမှန်ဖြစ်ခဲ့တယ်။ တကယ်ထူးတဲ့အခွင့်အရေးပဲ! ဂိလဒ်ကျောင်းဟာ ယေဟောဝါဆီကဆုကျေးဇူးဖြစ်ပြီး ကိုယ်တော်ရဲ့မျက်မြင်ရအဖွဲ့အစည်းတစ်ခုလုံးကို အကျိုးဖြစ်ထွန်းစေတဲ့ဆုဆိုတာကို ကျွန်တော်အခိုင်အမာယုံကြည်ခဲ့တယ်။
အရင်ဂိလဒ်သင်တန်းသားတွေမရရှိခဲ့တဲ့ အခွင့်အရေးတွေကို ဘရွတ်ကလင်က ဂိလဒ်သင်တန်းသားတွေရရှိခဲ့ကြတယ်။ အဲဒီမှာ ဟောပြောချက်ပေးတဲ့ဧည့်သည်တွေပိုများပြီး အုပ်ချုပ်ရေးအဖွဲ့နဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းခွင့်ရတဲ့အပြင် ဌာနချုပ်ကဗေသလမိသားစုနဲ့ မိတ်ဖွဲ့ခွင့်အတော်ရခဲ့ကြတယ်။ သင်တန်းသားတွေကို ရုံးလုပ်ငန်းစဉ်တွေ၊ ဗေသလအိမ်ရဲ့လုပ်ငန်းစဉ်တွေနဲ့ စက်ရုံကဏ္ဍအသီးသီးတွေကိုလည်း လေ့ကျင့်သင်ကြားပေးနိုင်ခဲ့တယ်။
တစ်နှစ်ပြီးတစ်နှစ် သင်တန်းသားအရေအတွက် ကွာခြားသလို သွန်သင်သူအရေအတွက်လည်း ကွာခြားခဲ့တယ်။ ကျောင်းတည်ရှိတဲ့နေရာလည်း အကြိမ်ကြိမ်ပြောင်းခဲ့တယ်။ အခုတော့ နယူးယောက်မြို့၊ ပက်တာစင်နယ်ရဲ့ သာယာတဲ့ဝန်းကျင်မှာ ရှိပါတယ်။
ကျောင်းသားများနှင့်တွဲဖက်လုပ်ဆောင်ခြင်း
ဒီသင်တန်းတွေကို သင်ပေးရတာ တကယ့်ကို ပျော်စရာကောင်းတယ်! ဒီမှာ စနစ်ဟောင်းကိုစိတ်မဝင်စားတဲ့ လူငယ်တွေတွေ့ရတယ်။ သူတို့ရဲ့မိသားစု၊ မိတ်ဆွေ၊ အိမ်နဲ့ ဘာသာစကားတူသူတွေကို စွန့်ခွာခဲ့ကြတယ်။ ရာသီဥတု၊ အစားအစာ၊ အစစအရာရာ မတူတော့ပါဘူး။ သွားရမယ့်နိုင်ငံကိုတောင် သူတို့မသိကြဘူး၊ ဒါပေမဲ့ သူတို့ရဲ့ပန်းတိုင်က [ခရစ်ယာန်] သာသနာပြုဖြစ်ဖို့ပဲ။ အဲဒီလိုသူတွေကို လှုံ့ဆော်ပေးနေစရာမလိုဘူး။
ကျွန်တော် အတန်းထဲဝင်တာနဲ့ သင်တန်းသားတွေ သက်သောင့်သက်သာရှိစေဖို့ အမြဲကြိုးစားပေးတယ်။ စိုးရိမ်ပူပန်နေရင် ဘယ်သူမှကောင်းကောင်းသင်ယူနိုင်မှာမဟုတ်ဘူး။ ကျွန်တော်ဟာ သွန်သင်ပေးသူဖြစ်တာတော့မှန်ပါတယ်၊ ဒါပေမဲ့ သင်တန်းသားတစ်ယောက် ဘယ်လိုခံစားရတယ်ဆိုတာကို ကျွန်တော်သိတယ်။ တစ်ချိန်တုန်းက အဲဒီခုံတွေမှာ ကျွန်တော်ထိုင်ခဲ့ဖူးတယ်။ သူတို့တွေ ဂိလဒ်မှာကြိုးစားသင်ယူလေ့လာကြရတာမှန်ပေမဲ့ ပျော်လည်းပျော်စေချင်တယ်။
သူတို့တာဝန်ကျရာနေရာကိုသွားကြတဲ့အခါ အောင်မြင်ဖို့ လိုအပ်တဲ့အရာအချို့ရှိတယ်ဆိုတာ ကျွန်တော်သိတယ်။ သူတို့မှာ ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိဖို့လိုတယ်။ နှိမ့်ချမှုအများကြီးလိုတယ်။ အခြားသူတွေနဲ့သင့်မြတ်ဖို့၊ အခြေအနေတွေကို ခံယူတတ်ဖို့၊ အလွယ်တကူခွင့်လွှတ်တတ်ဖို့ သင်ယူကြရမှာဖြစ်တယ်။ ဝိညာဉ်အသီးဆက်သီးဖို့လိုတယ်။ လူတွေကိုချစ်ပြီး သူတို့လုပ်ကိုင်ဖို့စေလွှတ်ခံရတဲ့ အလုပ်ကိုမြတ်နိုးဖို့လည်းလိုတယ်။ သင်တန်းသားတွေ ဂိလဒ်မှာရှိနေတုန်း အဲဒါတွေကို အလေးအနက်သဘောထားတတ်ဖို့ ကျွန်တော်ကြိုးစားသင်ပေးခဲ့တယ်။
ကျွန်တော်သင်ပေးခဲ့တဲ့သင်တန်းသား ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ တကယ်မသိတော့ဘူး။ ဒါပေမဲ့ သူတို့နဲ့ပတ်သက်ပြီး ကျွန်တော့်ခံစားချက်ကို ကျွန်တော်သိတယ်။ အတန်းထဲမှာ သူတို့နဲ့ငါးလအတူနေပြီးနောက်မှာ သူတို့ကို သံယောဇဉ်ရှိလာခဲ့တယ်။ ကျောင်းဆင်းပွဲနေ့မှာ သူတို့စင်မြင့်ပေါ် တက်လာကြပြီး သူတို့ရဲ့အောင်လက်မှတ်တွေလက်ခံယူကြတဲ့အခါ သူတို့ဟာ သင်တန်းကို အောင်မြင်စွာတက်ရောက်ခဲ့ကြပြီး မကြာခင် ခွဲခွာထွက်ကြရတော့မယ်ဆိုတာ ကျွန်တော်သိခဲ့တယ်။ ကျွန်တော့်မိသားစုထဲကတချို့နဲ့ ခွဲခွာကြရတာနဲ့တူလိုက်တာ။ ကိုယ့်ကိုယ်ကိုပေးဆက်ဖို့နဲ့ ဒီလူငယ်တွေလုပ်တော့မယ့် အလုပ်ကိုလုပ်ဖို့ တလိုတလားရှိကြတဲ့ ဒီသူတွေကို ဘယ်လိုလုပ်မချစ်ဘဲနေနိုင်ပါ့မလဲ။
နှစ်နဲ့ချီကြာပြီးနောက်မှာ သူတို့ပြန်ရောက်လာတဲ့အခါ လုပ်ငန်းတော်မှာ သူတို့ရဲ့ပျော်ရွှင်မှုတွေကိုကျွန်တော်ကြားခဲ့ရတယ်၊ လေ့ကျင့်ပေးထားတဲ့အတိုင်း သူတို့ရဲ့တာဝန်တွေကို လုပ်ဆောင်နေကြဆဲရှိတယ်ဆိုတာ ကျွန်တော်သိခဲ့ရတယ်။ အဲဒါက ကျွန်တော့်ကို ဘယ်လိုခံစားစေသလဲ။ အရမ်းကိုအားရကျေနပ်စရာပါပဲ။
အနာဂတ်ကိုရှုမျှော်နေခြင်း
အခု ကျွန်တော့်မျက်စိမှုန်နေပြီ၊ ဒီလိုဖြစ်လာလို့ စိတ်ပျက်စရာတွေရှိပါတယ်။ ဂိလဒ်သင်တန်း မကိုင်နိုင်တော့ဘူး။ အစတော့ ခက်ခက်ခဲခဲပြုပြင်ခဲ့ရတယ်၊ ဒါပေမဲ့ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ အခြေအနေတွေကိုလက်ခံပြီး ဖြတ်သန်းရမယ်ဆိုတာ သိခဲ့ပါပြီ။ တမန်တော်ပေါလုအကြောင်းနဲ့ သူ့ရဲ့ “ကိုယ်၌စူးသောဆူး” အကြောင်းကို တစ်ခါတလေစဉ်းစားမိတယ်။ အဲဒီဒုက္ခမရှိဖို့ သုံးကြိမ်တောင် ပေါလုဆုတောင်းခဲ့ပေမဲ့ သခင်က “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်” တယ်လို့ သူ့ကိုပြောခဲ့တယ်။ (၂ ကောရိန္သု ၁၂:၇-၁၀) ပေါလု အဲဒီအတိုင်းပဲ အသက်ရှင်ခဲ့ရတယ်။ ဒီအတိုင်း သူနေနိုင်တယ်ဆိုရင် ကျွန်တော်လည်းကြိုးစားသင့်တယ်။ သင်တန်းမကိုင်နိုင်တော့ပေမဲ့ သင်တန်းသားတွေ နေ့တိုင်း သွားလာလှုပ်ရှားနေတာကို ကျွန်တော်မြင်နိုင်သေးတဲ့အတွက် ကျေးဇူးတင်တယ်။ တစ်ခါတလေ သူတို့နဲ့စကားပြောခွင့်ရပြီး သူတို့တင်ပြတဲ့ မွန်မြတ်တဲ့စိတ်ထားကို စဉ်းစားလိုက်ရင် ပျော်ရွှင်ကြည်နူးမိတယ်။
အနာဂတ်ကို စဉ်းစားလိုက်ရင် တကယ်အံ့သြစရာပါပဲ။ အခု အုတ်မြစ်ချနေပါတယ်။ အဲဒီလုပ်ငန်းမှာ ဂိလဒ်ဟာ ထင်ရှားတဲ့ကဏ္ဍကနေပါဝင်ခဲ့တယ်။ ကြီးစွာသောဒုက္ခကိုကျော်ပြီးတဲ့နောက်မှာ ဗျာဒိတ် ၂၀:၁၂ မှာဖော်ပြတဲ့ ကျမ်းလိပ်တွေကိုဖွင့်တဲ့အခါ ယေဟောဝါရဲ့လမ်းစဉ်တော်ကို အနှစ်တစ်ထောင်မှာ ထပ်ပြီးသင်ပေးစရာတွေရှိလိမ့်မယ်။ (ဟေရှာယ ၁၁:၉) ဒါပေမဲ့ အဲဒါဟာ အဆုံးမဟုတ်သေးပါဘူး။ အစပဲရှိပါသေးတယ်။ ထာဝရကာလမှာ ယေဟောဝါအကြောင်းပိုပြီးသိရှိရမယ့်အပြင် ကိုယ်တော်ရဲ့ရည်ရွယ်ချက်တွေ ပြည့်စုံလာတာနဲ့အမျှ လုပ်စရာတွေအများကြီးရှိလာပါလိမ့်မယ်။ ယေဟောဝါပေးခဲ့တဲ့ ထူးမြတ်တဲ့ကတိတော်အားလုံးကို ကိုယ်တော်ပြည့်စုံစေမယ်ဆိုတာ ကျွန်တော်လုံးဝယုံကြည်စိတ်ချတယ်၊ အဲဒီအချိန်ကျရင် ယေဟောဝါရဲ့ညွှန်ကြားချက်တွေကိုခံယူတဲ့သူတွေကြားမှာ ကျွန်တော်ပါဝင်ချင်တယ်။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၅၃ ခုနှစ်၌ နယူးယောက်မြို့ရှိ ရန်ကီးအားကစားကွင်းတွင် ဂိလဒ်ကျောင်းဆင်းပွဲ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဂါသရူး၊ ကျွန်တော်၊ ကက်သရင်းနှင့် ရပ်စယ်လ်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
စည်းဝေးကြီးဖွဲ့စည်းစီစဉ်ရေးတွင် အန်. အိပ်ချ်. နောရ် (လက်ဝဲအစွန်) နှင့် အမ်. ဂျီ. ဟင်ရှယ်လ်တို့နှင့်အတူ လုပ်ဆောင်ခြင်း
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဒဗလျူဘီဘီအာရ် အသံလွှင့်စတူဒီယို၌
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ဂိလဒ်စာသင်ခန်း၌
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
မကြာသေးမီက အဲန်းနှင့်အတူ