‘အို ဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြောတော်မူပါ’
“အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏နှလုံးကိုသိမှတ်တော်မူပါ။ . . . ထာဝရလမ်းထဲသို့သွေးဆောင်တော်မူပါ။” —ဆာလံ ၁၃၉:၂၃၊ ၂၄။
၁ ယေဟောဝါသည် မိမိကျေးကျွန်များနှင့် မည်သို့ဆက်ဆံတော်မူသနည်း။
နလည်မှုရှိသောသူ၊ ကျွန်ုပ်တို့၏အခြေအနေကို ထည့်တွက်သောသူ၊ ကျွန်ုပ်တို့မှားယွင်းသောအခါ အကူအညီပေးသူ၊ ကျွန်ုပ်တို့တတ်နိုင်သည်ထက် ပို၍မတောင်းဆိုသောသူနှင့်သာ ကျွန်ုပ်တို့အားလုံးဆက်ဆံလိုကြသည်။ ယေဟောဝါသည် မိမိ၏ကျေးကျွန်များအား ထိုနည်းအတိုင်းဆက်ဆံတော်မူသည်။ ဆာလံ ၁၀၃:၁၄ က “ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏” ဟုဖော်ပြထားသည်။ ခမည်းတော်ကို အပြည့်အဝရောင်ပြန်ဟပ်သူယေရှုခရစ်ကလည်း ဤသို့လှိုက်လှဲစွာခေါ်ဖိတ်ထားသည်–“ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့ [“ငါနှင့်အတူ ငါ့ထမ်းပိုးအောက်ဝင်လော့၊” ကဘ၊ အောက်ခြေမှတ်ချက်] ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏။”—မဿဲ ၁၁:၂၈-၃၀။
၂။ (က) ယေရှုခရစ် (ခ) ခရစ်တော်၏နောက်လိုက်များနှင့်ပတ်သက်၍ လူသားများနှင့်ခြားနားသော ယေဟောဝါ၏အမြင်ကို တင်ပြပါ။
၂ မိမိကျေးကျွန်များအပေါ်ယေဟောဝါ၏အမြင်သည် လူသားများနှင့်များစွာကွာခြားလေ့ရှိသည်။ ခြားနားသည့်ရှုထောင့်မှရှုမြင်တော်မူပြီး အခြားသူများလုံးဝမသိရှိနိုင်သည့်အခန်းကဏ္ဍများကို ထည့်တွက်တော်မူသည်။ မြေကြီးပေါ်အသက်ရှင်ခဲ့စဉ်က ယေရှုသည် ‘မျက်နှာလွှဲခြင်းနှင့်မထီမဲ့မြင်ပြုခြင်း’ ကိုခံခဲ့ရသည်။ ကိုယ်တော်မေရှိယဖြစ်ကြောင်းမယုံကြည်သူများက ကိုယ်တော်အား “ပမာဏမပြုကြ။” (ဟေရှာယ ၅၃:၃၊ သမ္မ; လုကာ ၂၃:၁၈-၂၁) သို့သော် ဘုရားသခင်၏အမြင်တွင် ကိုယ်တော်သည် “[ဘုရားသခင်၏] ချစ်သား” ဖြစ်ပြီး ဘုရားသခင်က “ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သား” ဟုခေါ်သောသူဖြစ်သည်။ (လုကာ ၃:၂၂; ၁ ပေတရု ၂:၄) ယေရှု၏နောက်တော်လိုက်များထဲတွင် ရုပ်ပစ္စည်းချို့တဲ့၍ ဆင်းရဲဒုက္ခများစွာခံရသောကြောင့် အထင်အမြင်သေးခံရသူများပါဝင်သည်။ သို့သော် ယေဟောဝါနှင့်သားတော်တို့၏အမြင်တွင် ထိုသူတို့သည် ကြွယ်ဝချမ်းသာလာပေမည်။ (ရောမ ၈:၃၅-၃၉; ဗျာဒိတ် ၂:၉) အဘယ်ကြောင့် အမြင်ခြားနားရသနည်း။
၃။ (က) လူများအပေါ်ဘုရားသခင်၏အမြင်သည် လူသားများ၏အမြင်နှင့် အဘယ့်ကြောင့်အလွန်ကွာခြားလေ့ရှိသနည်း။ (ခ) ကျွန်ုပ်တို့၏စိတ်နှလုံးအတွင်းလူကိုစစ်ဆေးရန် အဘယ်ကြောင့်အရေးတကြီးလိုအပ်သနည်း။
၃ ယေရမိ ၁၁:၂၀ (ကဘ) အဖြေပေးသည်–“ယေဟောဝါသည် . . .နှလုံးနှင့်ကျောက်ကပ်တို့ကို စစ်ဆေးတော်မူသည်။” ကျွန်ုပ်တို့၏အတွင်းသဘောကို သိရှိတော်မူပြီး အခြားသူများမမြင်နိုင်သော ကျွန်ုပ်တို့၏ဥပဓိရုပ်အသွင်အပြင်များကိုပင် မြင်တော်မူသည်။ ကျွန်ုပ်တို့အတွက်အတည်မြဲဆုံးအကျိုးဖြစ်ထွန်းစေမည့် မိမိနှင့်ကောင်းသောဆက်ဆံရေးအတွက် လိုအပ်သည့် အရည်အချင်းများနှင့်အခြေအနေများကို ကိုယ်တော်ဦးစားပေးစစ်ဆေးသည်။ ယင်းကိုကျွန်ုပ်တို့သိရခြင်းက စိတ်ချမှုကိုဖြစ်စေသည်; တည်ငြိမ်မှုကိုလည်းဖြစ်စေသည်။ ကျွန်ုပ်တို့၏အတွင်းသဘောကို ယေဟောဝါအာရုံစိုက်တော်မူသောကြောင့် ကမ္ဘာသစ်တွင် ကိုယ်တော်ထားလိုသောလူစားမျိုးဖြစ်ကြောင်း သက်သေထူရန် ကျွန်ုပ်တို့၏အတွင်းသဘောကို စစ်ဆေးရန်အရေးကြီးသည်။ ယင်းသို့စစ်ဆေးနိုင်ရန် ကိုယ်တော့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အားအကူအညီပေးသည်။—ဟေဗြဲ ၄:၁၂၊ ၁၃။
ဘုရားသခင်၏အကြံအစည်တော်များ မည်မျှမွန်မြတ်လှပါသည်တကား!
၄။ (က) ဘုရားသခင်၏အကြံအစည်တော်များသည် မိမိအတွက်မွန်မြတ်လှကြောင်း ဆာလံဆရာကြေညာရန် မည်သည့်အရာက သူ့အားလှုံ့ဆော်ခဲ့သနည်း။ (ခ) ကျွန်ုပ်တို့အတွက်လည်း အဘယ်ကြောင့်မွန်မြတ်သင့်သနည်း။
၄ မိမိကျေးကျွန်များအားကိုယ်တော်သိရှိသည့်အတိမ်အနက်နှင့် သူတို့လိုအပ်မည့်မည်သည့်အကူအညီမဆိုကိုပေးနိုင်သည့် ကိုယ်တော့်ထူးကဲသာလွန်သောအရည်အချင်းများအကြောင်း စဉ်းစားတွေးတောပြီးနောက် ဒါဝိဒ်ဤသို့ရေးခဲ့သည်–‘ကိုယ်တော်၏အကြံအစည်တော်များသည် အကျွန်ုပ်၌ မွန်မြတ်လှပါတကား!’ (ဆာလံ ၁၃၉:၁၇၊ သမ) လူ့အကြံအစည်များသည် မည်မျှထူးကဲကောင်းမွန်ဟန်ရှိစေကာမူ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ဖော်ပြထားသော ကိုယ်တော့်အကြံအစည်တော်များသည် လူသားများထံမှမည်သည့်အရာထက်မဆို အဆမတန်သာလွန်မြင့်မားသည်။ (ဟေရှာယ ၅၅:၈၊ ၉) ဘုရားသခင်၏အကြံအစည်တော်များသည် ကျွန်ုပ်တို့ဘဝ၌ အမှန်အရေးကြီးသောအရာများကို အာရုံစိုက်စေပြီး ကိုယ်တော့်အမှုဆောင်ခြင်းတွင် ဇွဲရှိစေသည်။ (ဖိလိပ္ပိ ၁:၉-၁၁) ယင်းတို့သည် ဘုရားသခင်၏နည်းလမ်းအတိုင်း အရာရာကိုမည်သို့ရှုမြင်ရမည်ကို ကျွန်ုပ်တို့အားဖော်ပြသည်။ ယင်းတို့သည် မိမိကိုယ်ကိုရိုးသားမှုရှိရန် အကူအညီပေးပြီး ကျွန်ုပ်တို့အမှန်မည်သည့်နှလုံးသားရှိသူများဖြစ်ကြောင်း သိမှတ်စေသည်။ သင် ထိုသို့ပြုရန် ဆန္ဒရှိနေသလော။
၅။ (က) “အခြားအရာအားလုံးထက်” မည်သည့်အရာကိုစောင့်ရှောက်ရန် ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အားတိုက်တွန်းသနည်း။ (ခ) ကာဣနနှင့်ပတ်သက်သည့်ကျမ်းစာမှတ်တမ်းက ကျွန်ုပ်တို့အား မည်သို့အကျိုးဖြစ်ထွန်းစေသနည်း။ (ဂ) ကျွန်ုပ်တို့သည် မောရှေပညတ်အောက်၌မရှိစေကာမူ ယင်းက ယေဟောဝါအားသဘောကျနှစ်သက်စေသည့်အရာကို ကျွန်ုပ်တို့နားလည်ရန် မည်သို့အကူအညီပေးသနည်း။
၅ လူသားများသည် အပေါ်ယံအသွင်အပြင်ကို အလွန်အမင်းအလေးပေးလိုကြသော်လည်း ကျမ်းစာက ကျွန်ုပ်တို့အား ဤသို့သြဝါဒပေးထားသည်–“နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။” (သု. ၄:၂၃) ယင်းသို့ပြုနိုင်ရန် ပညတ်ချက်နှင့်ပုံနမူနာနှစ်မျိုးလုံးတို့အားဖြင့် သမ္မာကျမ်းစာကျွန်ုပ်တို့အားကူညီသည်။ ယင်းက ကာဣနသည် နှလုံးထဲ၌ ညီဖြစ်သူအာဗေလအားအမျက်ထွက်ခြင်း၊ မုန်းတီးခြင်းတို့ ဆူပွက်နေစဉ် ဘုရားသခင်အား ဝတ်ကျေတန်းကျေယဇ်ပူဇော်ခဲ့သည့်အကြောင်း ကျွန်ုပ်တို့အားပြောပြသည်။ သူကဲ့သို့မဖြစ်ကြရန် ယင်းကကျွန်ုပ်တို့အားတိုက်တွန်းသည်။ (ကမ္ဘာဦး ၄:၃-၅; ၁ ယောဟန် ၃:၁၁၊ ၁၂) ယင်းကို မောရှေပညတ္တိကျမ်းအဖြစ် နာခံမှုတောင်းဆိုချက်က မှတ်တမ်းတင်ထားသည်။ သို့သော် ပညတ္တိကျမ်း၏အကြီးမားဆုံးတောင်းဆိုချက်မှာ ယေဟောဝါကိုဝတ်ပြုသူများသည် မိမိတို့၏စိတ်၊ နှလုံး၊ စိုးလ်နှင့် ခွန်အားအကြွင်းမဲ့ဖြင့် ကိုယ်တော်ကိုချစ်ရန်; နောက်အရေးကြီးသည့်အရာမှာ ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ရန်ပညတ်ကို ယင်းကဖော်ပြသည်။—တရားဟောရာ ၅:၃၂၊ ၃၃; မာကု ၁၂:၂၈-၃၁။
၆။ သု. ၃:၁ ကိုလိုက်နာရာတွင် ကျွန်ုပ်တို့ကိုယ်ကို မည်သည့်မေးခွန်းများမေးသင့်သနည်း။
၆ ဘုရားသခင်၏ပညတ်တော်များကို စောင့်ရှောက်ရုံမျှမက နာခံမှုဟူသည် ကျွန်ုပ်တို့နှလုံးထဲတွင်အမှန်တည်ရှိသောအရာတစ်ခု သေချာပေါက်ဖြစ်ရန် နယပုံပြင်ကျမ်း ၃:၁ က ကျွန်ုပ်တို့အားတိုက်တွန်းထားသည်။ ကျွန်ုပ်တို့တစ်ဦးစီ မိမိကိုယ်ကိုမေးသင့်သည်မှာ “ကျွန်ုပ်၏နာခံမှုသည် ဘုရားသခင့်တောင်းဆိုချက်များနှင့်အညီ အမှန်ဖြစ်သလော။” အချို့ကိစ္စများတွင် ကျွန်ုပ်တို့၏ဦးတည်ချက် သို့မဟုတ် အကြံအစည်များသည် ချို့တဲ့မှုရှိကြောင်းသိရှိလာခဲ့လျှင်—ကျွန်ုပ်တို့တစ်ဦးမျှ မိမိအနာအဆာကင်းသည်ဟုမပြောနိုင်ရကား—ကျွန်ုပ်တို့မေးသင့်သည်မှာ “အခြေနေတိုးတက်အောင် ကျွန်ုပ်ဘာလုပ်နေသနည်း” ဟူ၍ဖြစ်သည်။—သု. ၂၀:၉; ၁ ယောဟန် ၁:၈။
၇။ (က) မဿဲ ၁၅:၃-၉ ပါ ဖာရိရှဲများအား ယေရှု၏အတိအလင်းစွပ်စွဲချက်က ကျွန်ုပ်တို့၏နှလုံးကိုစောင့်ရှောက်ခြင်းတွင် မည်သို့အကူအညီဖြစ်စေနိုင်သနည်း။ (ခ) ကျွန်ုပ်တို့၏စိတ်နှင့်နှလုံးတို့ကို ပြင်းပြင်းထန်ထန်ဆုံးမရန် လိုအပ်သောအခြေအနေများကား အဘယ်နည်း။
၇ ဂျူးလူမျိုးဖာရိရှဲများက တစ်ကိုယ်ကောင်းဆန်မှုလှုံ့ဆော်သည့်အကျင့်များကို စဉ်းလဲစွာပြုစုပျိုးထောင်လျက်နှင့် ဘုရားသခင်အားရိုသေလေးမြတ်ဟန်ဆောင်သောအခါ ယေရှုက သူတို့အား အရေခြုံများအဖြစ်အတိအလင်းစွပ်စွဲပြီး သူတို့၏ဝတ်ပြုရေးသည် အချည်းနှီးဖြစ်ကြောင်း တင်ပြခဲ့သည်။ (မဿဲ ၁၅:၃-၉) ကာမဂုဏ်စည်းစိမ်ခံစားရရန်အလို့ငှာ ယိုယွင်းသောအတွေးအခေါ်များကို အမြဲစဉ်းစားနေလျက်နှင့် အပေါ်ယံကြောစာရိတ္တကောင်းမွန်သည့်ပုံစံဖြင့်အသက်ရှင်ခြင်းသည် နှလုံးကိုမြင်နိုင်သောဘုရားသခင်အား နှစ်သက်စေရန်အတွက် မလုံလောက်ကြောင်းကိုလည်း ယေရှုသတိပေးခဲ့သေးသည်။ ကျွန်ုပ်တို့၏စိတ်နှင့်နှလုံးကို ပြင်းပြင်းထန်ထန်ဆုံးမရန်လိုကောင်းလိုမည်။ (သု. ၂၃:၁၂; မဿဲ ၅:၂၇-၂၉) ကျွန်ုပ်တို့၏အလုပ်အကိုင်၊ ပညာရေးဆိုင်ရာပန်းတိုင်များ သို့မဟုတ် အပန်းဖြေမှုရွေးချယ်ခြင်းတို့တွင် ကျွန်ုပ်တို့သည် လောကကိုတုပသူများဖြစ်လာပြီး ယင်း၏စံချိန်များအတိုင်း ကျွန်ုပ်တို့အားပုံသွင်းခွင့်ပြုနေလျှင်လည်း ယင်းသို့သောဆုံးမမှုမျိုးလိုအပ်သည်။ မိမိတို့အား ဘုရားသခင်ပိုင်ဆိုင်သည်ဟုဆိုသော်လည်း လောကနှင့်မိတ်ဖွဲ့လိုကြသူများကို တပည့်တော်ယာကုပ်က ‘မတရားမေထုန်ပြုသူများ’ ဟု ခေါ်ဆိုခဲ့ကြောင်း ကျွန်ုပ်တို့ဘယ်တော့မျှမမေ့ပါစေနှင့်။ အဘယ်ကြောင့်နည်း။ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြ” သောကြောင့်တည်း။—ယာကုပ် ၄:၄; ၁ ယောဟန် ၂:၁၅-၁၇; ၅:၁၉။
၈။ ဘုရားသခင့်မွန်မြတ်သည့်အကြံအစည်တော်များမှ အကျိုးခံစားရရန် မည်သည့်အရာကိုကျွန်ုပ်တို့ပြုရန်လိုအပ်သနည်း။
၈ ဤကိစ္စနှင့်အခြားကိစ္စများအပေါ် ဘုရားသခင့်တွေးခေါ်ကြံစည်ပုံမှ ကျွန်ုပ်တို့အကျိုးအပြည့်အဝရရန်အလို့ငှာ ယင်းတို့ကိုဖတ်ရန် သို့မဟုတ် နားထောင်ရန် အချိန်ကိုဖယ်ထားရမည်။ ထို့အပြင် ယင်းတို့ကို လေ့လာရန်၊ ဆွေးနွေးပြောဆိုရန်၊ စဉ်းစားတွေးတောရန် လိုသည်။ ကင်းမျှော်စင် ဖတ်ရှုသူများစွာတို့သည် သမ္မာကျမ်းစာအကြောင်းဆွေးနွေးသော ယေဟောဝါသက်သေများ၏ အသင်းတော်အစည်းအဝေးများကို မှန်မှန်တက်ရောက်ကြသည်။ ယင်းသို့သူတို့ပြုနိုင်ရန် အခြားသောလုပ်ဆောင်မှုများမှ အချိန်ကိုဝယ်ယူကြသည်။ (ဧဖက် ၅:၁၅-၁၇) ယင်းမှသူတို့ပြန်ခံစားရသည့်အကျိုးသည် ရုပ်ပစ္စည်းကြွယ်ဝချမ်းသာမှုထက် သာလွန်မွန်မြတ်သည်။ ယင်းသို့သင်မယူမှတ်ပေလော။
၉။ ခရစ်ယာန်အစည်းအဝေးတက်ရောက်သူအချို့တို့သည် အဘယ်ကြောင့် အခြားသူများထက်ပိုမိုလျင်မြန်စွာ တိုးတက်ကြသနည်း။
၉ သို့သော် ဤအစည်းအဝေးများကို တက်ရောက်သူအချို့တို့သည် အခြားသူများထက်ပို၍ ဝိညာဉ်ရေးအရ လျင်မြန်စွာတိုးတက်ကြသည်။ သူတို့သည် သမ္မာတရားကို မိမိတို့၏အသက်တာတွင် သာ၍ပြည့်ဝစွာကျင့်သုံးကြသည်။ မည်သို့ဖြစ်နိုင်သနည်း။ ကိုယ်ပိုင်လေ့လာမှုတွင် လုံ့လဝီရိယစိုက်ထုတ်ခြင်းသည် အရေးကြီးသောအကြောင်းတစ်ခုဖြစ်လေ့ရှိသည်။ ကျွန်ုပ်တို့သည် မုန့်အားဖြင့်သာအသက်ရှင်ခြင်းမဟုတ်; ကာယအစာကိုမှန်မှန်စားသုံးရန် အရေးကြီးသည်နှင့်အမျှ နေ့စဉ်ဝိညာဏအစာလည်း အရေးကြီးကြောင်းကို သူတို့ကောင်းစွာနားလည်ထားကြသည်။ (မဿဲ ၄:၄; ဟေဗြဲ ၅:၁၄) ထို့ကြောင့်သူတို့သည် နေ့စဉ် အနည်းဆုံးအချိန်အနည်းငယ်ယူ၍ သမ္မာကျမ်းစာ သို့မဟုတ် ယင်းကိုရှင်းပြသည့်စာပေများကိုဖတ်ရှုရန် ကြိုးစားကြသည်။ အသင်းတော်အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ကြပြီး သင်ခန်းစာများကိုကြိုတင်လေ့လာကာ သမ္မာကျမ်းစာကိုကြည့်ကြသည်။ သူတို့သည် အကြောင်းအရာကို ဖတ်ရုံမျှမက တွေးတောဆင်ခြင်မှုပြုကြသည်။ သူတို့၏လေ့လာမှုပုံစံတွင် လေ့လာနေသောအရာသည် မိမိတို့အသက်တာတွင် မည်သို့အကျိုးသက်ရောက်သင့်ကြောင်းကို လေးလေးနက်နက်စဉ်းစားခြင်းပါဝင်သည်။ သူတို့၏ဝိညာဏရေးကြီးထွားလာသည်နှင့်အမျှ ဆာလံဆရာရေးခဲ့သကဲ့သို့ သူတို့ခံစားကြရသည်–“ကိုယ်တော်၏ပညတ်ကို အကျွန်ုပ်မည်မျှမြတ်နိုးလှပါတကား! . . . သတိပေးချက်တို့သည် အံ့သြဖွယ်ဖြစ်ကြပါ၏။”—ဆာလံ ၁:၁-၃; ၁၁၉:၉၇၊ ၁၂၉၊ ကဘ။
၁၀။ (က) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဆက်လေ့လာခြင်းမှအကျိုးဖြစ်ထွန်းခြင်းသည် မည်မျှတိုင်ကြာရှည်သနည်း။ (ခ) ယင်းကို သမ္မာကျမ်းစာမည်သို့ဖော်ပြထားသနည်း။
၁၀ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျွန်ုပ်တို့လေ့လာလာခဲ့သည်မှာ တစ်နှစ်ဖြစ်စေ၊ ၅ နှစ်ဖြစ်စေ၊ အနှစ် ၅၀ ပင်ဖြစ်ပါစေ ပြန်ထပ်သည်ဟူ၍မရှိပါ—ဘုရားသခင့်အကြံအစည်တော်များသည် ကျွန်ုပ်တို့အတွက်တန်ဖိုးရှိရာဖြစ်ပါက ယင်းသို့မဖြစ်ပါ။ ကျွန်ုပ်တို့တစ်စုံတစ်ဦးသည် ကျမ်းစာကို မည်၍မည်မျှပင်လေ့လာခဲ့ပြီးပါစေ ကျွန်ုပ်တို့မသိသောအရာများစွာရှိသေးသည်။ “အို ဘုရားသခင်၊ အကျွန်ုပ်၌ကိုယ်တော်၏အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။ ထိုအကြံအစည်တော်တို့ကိုရေတွက်လျှင် သဲလုံးနှင့်အမျှမက သာ၍များပြားကြပါ၏” ဟု ဒါဝိဒ်ပြောခဲ့သည်။ ဘုရားသခင်၏အကြံအစည်တော်တို့သည် ကျွန်ုပ်တို့ရေတွက်နိုင်သည့်အစွမ်းထက် သာလွန်များပြားသည်။ ကျွန်ုပ်တို့သည် တစ်နေကုန် ဘုရားသခင်၏အကြံအစည်တော်များကို ရေတွက်ပြီးမှအိပ်ပျော်သွားလျှင် နံနက်အိပ်ရာထသောအခါ စဉ်းစားစရာမြောက်မြားစွာကျန်နေဦးမည်သာဖြစ်သည်။ ထို့ကြောင့် ဒါဝိဒ်က “အကျွန်ုပ်သည် နိုးသောအခါ ကိုယ်တော်ထံ၌အစဉ်ရှိပါ၏” ဟုရေးသားခဲ့သည်။ (ဆာလံ ၁၃၉:၁၇၊ ၁၈) ယေဟောဝါနှင့် ကိုယ်တော့်နည်းလမ်းတော်များကို ကျွန်ုပ်တို့လေ့လာဆည်းပူးသွားစရာမြောက်မြားစွာ အစဉ်အမြဲရှိနေဦးမည်သာဖြစ်သည်။ အားလုံးသိသွားပြီဟူသည့်အဆင့်သို့ ကျွန်ုပ်တို့ဘယ်တော့မျှမရောက်နိုင်ချေ။—ရောမ ၁၁:၃၃။
ယေဟောဝါမုန်းသောအရာကို မုန်းခြင်း
၁၁။ ဘုရားသခင့်အကြံအစည်တော်များကို သိရှိရုံမက ကိုယ်တော့်ခံစားချက်များကိုပါ ဝေမျှခံစားရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၁ ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလေ့လာခြင်းသည် ကျွန်ုပ်တို့ခေါင်းထဲသို့ အကြောင်းအရာများထည့်သွင်းရုံသက်သက်မျှမဟုတ်ပါ။ ကျွန်ုပ်တို့နှလုံးထဲသို့ ၎င်းကို စိမ့်ဝင်ခွင့်ပြုသည်နှင့်အမျှ ကိုယ်တော့်ခံစားချက်များကို ကျွန်ုပ်တို့ဝေမျှခံစားကြရပေမည်။ ယင်းကား မည်မျှအရေးကြီးပါသည်တကား! ယင်းခံစားချက်များ ကျွန်ုပ်တို့တွင် တိုးပွားမလာပါက မည်သို့ဖြစ်နိုင်သနည်း။ ကျမ်းစာပြောထားသည့်အချက်များကို ကျွန်ုပ်တို့ပြန်လည်ရွတ်ပြနိုင်စေကာမူ တားမြစ်ထားသည့်အရာများကို လိုချင်တပ်မက်စရာ၊ တောင်းဆိုထားသည့်အရာများကို ဝန်ထုပ်ဝန်ပိုးများအဖြစ် ကျွန်ုပ်တို့ရှုမြင်လာနိုင်သည်။ မှားယွင်းသောအရာများကို ကျွန်ုပ်တို့မုန်းသည်မှန်စေတော့ လူ့မစုံလင်မှုကြောင့် ကျွန်ုပ်တို့ကြိုးစားရုန်းကန်ရမည်အမှန်ဖြစ်သည်။ (ရောမ ၇:၁၅) သို့သော် ကျွန်ုပ်တို့၏အတွင်းသဘောကို ဖြောင့်မတ်မှန်ကန်စေရန် အားတက်သရောကြိုးစားအားထုတ်မှုမရှိပါက ‘နှလုံးကိုစစ်ဆေးတော်မူသောအရှင်’ ယေဟောဝါအား နှစ်သက်မှုဖြစ်စေရန် မျှော်လင့်နိုင်ပါမည်လော။—သု. ၁၇:၃။
၁၂။ ဘုရားသခင်မုန်းသကဲ့သို့မုန်းခြင်းနှင့် ဘုရားရေးရာမေတ္တာတို့သည် မည်မျှအရေးကြီးသနည်း။
၁၂ ဘုရားသခင်မုန်းသကဲ့သို့မုန်းခြင်းသည် အမှားပြုခြင်းမှ စွမ်းအားကြီးမားစွာအကာအကွယ်ဖြစ်စေပြီး ဘုရားရေးရာမေတ္တာကဲ့သို့ မှန်ရာပြုခြင်းကို အားရနှစ်သက်ဖွယ်ဖြစ်စေသည်။ (၁ ယောဟန် ၅:၃) ကျမ်းစာက ကျွန်ုပ်တို့အား မေတ္တာနှင့်မုန်းတီးခြင်းနှစ်မျိုးလုံးကို ပြုစုပျိုးထောင်ရန် ကြိမ်ဖန်တလဲတိုက်တွန်းထားသည်။ “အို ယေဟောဝါကိုချစ်သောအသင်တို့ မကောင်းသောအရာကိုမုန်းကြလော့။” (ဆာလံ ၉၇:၁၀၊ ကဘ) “ဆိုးညစ်သောအမှုကိုစက်ဆုပ်ရွံရှာကြလော့။ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။” (ရောမ ၁၂:၉) ကျွန်ုပ်တို့ထိုသို့ပြုနေကြသလော။
၁၃။ (က) ဆိုးသွမ်းသူများအား ဖျက်ဆီးခြင်းနှင့်ပတ်သက်သည့် ဒါဝိဒ်၏မည်သည့်ဆုတောင်းချက်နှင့် ကျွန်ုပ်တို့အပြည့်အဝသဘောတူညီသနည်း။ (ခ) ဒါဝိဒ်၏ဆုတောင်းချက်တွင် ဘုရားသခင်ဖျက်ဆီးပေးရန် သူဆုတောင်းသောလူဆိုးများကား မည်သူများနည်း။
၁၃ ယေဟောဝါသည် ဆိုးသွမ်းသူများအား မြေကြီးမှ အမြစ်မကျန်ပယ်ရှင်းပစ်ပြီး ဖြောင့်မတ်ခြင်းတရားတည်မည့်ကမ္ဘာသစ်ကို ဆောင်ကြဉ်းပေးမည့်မိမိ၏ရည်ရွယ်ချက်ကို ရှင်းလင်းစွာဖော်ပြထားသည်။ (ဆာလံ ၃၇:၁၀၊ ၁၁; ၂ ပေတရု ၃:၁၃) ဖြောင့်မတ်ခြင်းကိုမြတ်နိုးသူများသည် ထိုအချိန်ကိုတမ်းတနေကြသည်။ သူတို့သည် ဤသို့ဆုတောင်းသောဆာလံဆရာဒါဝိဒ်နှင့် အပြည့်အဝသဘောတူညီကြသည်–“အိုဘုရားသခင်၊ ကိုယ်တော်သည် ဆိုးသောသူတို့ကို ကွပ်မျက်တော်မူပါစေသော။ လူသတ်တို့လည်း ကျွန်ုပ်ထံမှထွက်သွားကြပါစေသော။ ထိုသူတို့သည် စိတ်ထဲ၌ ကိုယ်တော်ကိုပုန်ကန်၍ နာမတော်ကို မုသာနှင့်ဆိုင်လျက်မြွက်ဆိုတတ်ကြပါ၏။” (ဆာလံ ၁၃၉:၁၉၊ ၂၀၊ သမ္မ) ဒါဝိဒ်သည် ထိုလူဆိုးများကို ကိုယ်တိုင်သတ်ရန်မတောင့်တခဲ့ပါ။ ယေဟောဝါ၏လက်တော်ဖြင့် အကျိုးအပြစ်ပေးဆပ်ရန် သူဆုတောင်းခဲ့သည်။ (တရားဟောရာ ၃၂:၃၅; ဟေဗြဲ ၁၀:၃၀) ဤသူများသည် တစ်နည်းနည်းဖြင့် ဒါဝိဒ်အား တမင်ကိုယ်ထိလက်ရောက်ရန်ဘက်ပြုသူများမဟုတ်ကြပါ။ သူတို့သည် ဘုရားသခင်အား ထင်ယောင်ထင်မှားဖြစ်စေကြပြီး ကိုယ်တော့်နာမတော်ကို အလွဲသုံးခဲ့ကြသည်။ (ထွက်မြောက်ရာ ၂၀:၇) ကိုယ်တော်အား မိမိတို့အမှုဆောင်သည်ဟုဆိုကြသော်လည်း ကိုယ်ပိုင်အကြံအစည်များဖြစ်ထွန်းအောင်မြင်ရန် ကိုယ်တော့်နာမတော်ကိုအသုံးပြုခဲ့ကြသည်။ ဘုရားသခင့်ရန်သူဖြစ်ရန် ရွေးချယ်သူများအား ဒါဝိဒ်မေတ္တာမရှိခဲ့ပါ။
၁၄။ ကူညီပေးနိုင်သောဆိုးသွမ်းသူများရှိသလော။ ရှိလျှင် မည်သို့အားဖြင့်ပေးနိုင်သနည်း။
၁၄ ယေဟောဝါကိုမသိသောလူသန်းပေါင်းများစွာရှိသည်။ ယင်းတို့ထဲမှများစွာတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်က ဆိုးညစ်သည်ဟုဆိုထားသောအရာများကို ဂရုမစိုက်ဘဲကျင့်ကြံနေကြသည်။ သူတို့ဤလမ်းစဉ်အတိုင်းဆက်သွားလျှင် ကြီးစွာသောဒုက္ခ၌ဖျက်ဆီးခံရမည့်သူများထဲတွင် ပါသွားကြမည်။ သို့သော် ယေဟောဝါသည် ဆိုးသွမ်းသူများသေဆုံးခြင်းကို သဘောမကျပါ။ ကျွန်ုပ်တို့လည်း သဘောမကျသင့်ပါ။ (ယေဇကျေလ ၃၃:၁၁) ယေဟောဝါ၏နည်းလမ်းတော်များကို သင်ယူ၍ကျင့်သုံးကြရန် ထိုကဲ့သို့သောသူများအား အကူအညီပေးဖို့ အချိန်ခွင့်ပြုသရွေ့ ကျွန်ုပ်တို့ကြိုးစားကြမည်။ သို့သော် တစ်စုံတစ်ယောက်သည် ယေဟောဝါအား ပြင်းပြစွာမုန်းတီးနေမည်ဆိုလျှင် မည်သို့နည်း။
၁၅။ (က) “ရန်သူအစစ်များ” ဟုဆာလံဆရာယူမှတ်သူများကား မည်သူများနည်း။ (ခ) ယနေ့ ယေဟောဝါကိုပုန်ကန်သူများအား ကျွန်ုပ်တို့ “မုန်းတီး” ကြောင်း မည်သို့တင်ပြနိုင်သနည်း။
၁၅ ထိုသူတို့နှင့်ပတ်သက်၍ ဆာလံဆရာက “ကိုယ်တော်ကိုပြင်းပြစွာမုန်းသောသူတို့အား ကျွန်ုပ်မုန်းပါသည်မဟုတ်လော၊ အို ယေဟောဝါ၊ ကိုယ်တော်ကိုပုန်ကန်သောသူတို့အား ကျွန်ုပ်ရွံရှာသည်မဟုတ်လော။ ကျွန်ုပ်သည် သူတို့ကိုအလျင်းမုန်းတီးပါ၏။ သူတို့သည် ကျွန်ုပ်၏ရန်သူအစစ်ဖြစ်လာကြပြီ” ဟုဆိုသည်။ (ဆာလံ ၁၃၉:၂၁၊ ၂၂၊ ကဘ) သူတို့သည် ယေဟောဝါအား ပြင်းပြစွာမုန်းတီးခဲ့ကြသောကြောင့် ဒါဝိဒ်ကသူတို့အား စက်ဆုပ်ရွံရှာစွာရှုမြင်ခြင်းဖြစ်သည်။ အယူဖောက်ပြန်သူများသည် ယေဟောဝါကိုပုန်ကန်ခြင်းအားဖြင့် ကိုယ်တော်ကိုမုန်းတီးကြောင်းတင်ပြသူများအုပ်စုတွင် ပါဝင်သည်။ အယူဖောက်ပြန်ခြင်းက စင်စစ်အားဖြင့် ယေဟောဝါကိုပုန်ကန်ခြင်းဖြစ်သည်။ အယူဖောက်ပြန်သူအချို့တို့သည် ဘုရားသခင်ကိုမိမိတို့သိပြီး ကိုယ်တော့်အမှုဆောင်နေသည်ဟုဆိုကြသော်လည်း ကိုယ်တော့်နှုတ်ကပါဌ်တော်တွင်ချမှတ်ထားသည့် သွန်သင်ချက်များ သို့မဟုတ် တောင်းဆိုချက်များကို ငြင်းပယ်ကြသည်။ အချို့တို့က သမ္မာကျမ်းစာကိုယုံကြည်သည်ဟုဆိုသော်လည်း ယေဟောဝါ၏အဖွဲ့အစည်းကို ငြင်းပယ်ပြီး ယင်း၏လုပ်ငန်းများနှောင့်နှေးစေရန် တက်တက်ကြွကြွကြိုးစားကြသည်။ သူတို့သည် အမှန်ကိုသိပြီးနောက်မှ ထိုဆိုးသွမ်းမှုမျိုးကိုတမင်ရွေးချယ်ပြီး ဆိုးသွမ်းမှုသည် သူတို့၏သဘောသဘာဝနှင့် ခွဲမရသည့်တိုင်စွဲမြဲနေလျှင် မိမိတို့ကိုယ်ကို ဆိုးသွမ်းမှုနှင့်စွဲစွဲမြဲမြဲတွယ်ကပ်နေစေသောသူများအား ခရစ်ယာန်တစ်ဦးသည် (သမ္မာကျမ်းစာအဓိပ္ပာယ်ဖွင့်ဆိုချက်အရ) မုန်းတီးရမည်။ ခရစ်ယာန်စစ်များသည် ထိုအယူဖောက်ပြန်သူများနှင့်ပတ်သက်သည့် ယေဟောဝါ၏ခံစားချက်များကို ဝေမျှယူကြသည်; အယူဖောက်ပြန်သူတို့၏တွေးခေါ်ကြံစည်မှုများကို သူတို့သိလိုစိတ်မရှိကြပါ။ ဆန့်ကျင်ဘက်အနေနှင့် မိမိတို့ကိုယ်ကို ဘုရားသခင်၏ရန်သူဖြစ်စေသူများအား သူတို့ “ရွံရှာ” ကြသော်လည်း ယင်းကိုလက်စားချေအရေးယူရန် ယေဟောဝါထံသို့သူတို့အပ်ကြသည်။—ယောဘ ၁၃:၁၆; ရောမ ၁၂:၁၉; ၂ ယောဟန် ၉၊ ၁၀။
ကျွန်ုပ်တို့အားဘုရားသခင်စစ်ကြောတော်မူသောအခါ
၁၆။ (က) ဒါဝိဒ်သည် အဘယ်ကြောင့် မိမိအားယေဟောဝါစစ်ကြောစေလိုခဲ့သနည်း။ (ခ) ကျွန်ုပ်တို့နှလုံးနှင့်ပတ်သက်သော မည်သည့်အရာများကို ကျွန်ုပ်တို့ပိုင်းခြားနားလည်နိုင်ရန် ဘုရားသခင့်အကူအညီတောင်းခံရမည်နည်း။
၁၆ ဒါဝိဒ်သည် မည်သည့်နည်းဖြင့်မျှ ထိုဆိုးသွမ်းသူနှင့်မတူလိုခဲ့ပါ။ လူများစွာတို့သည် မိမိတို့၏အတွင်းသဘောကို ဖုံးကွယ်ရန်ကြိုးစားကြသော်လည်း ဒါဝိဒ်ဤသို့နှိမ့်ချစွာဆုတောင်းခဲ့သည်– “အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏နှလုံးကိုသိမှတ်တော်မူပါ။ စုံစမ်း၍ [မငြိမ်သက်သော၊ ကဘ] စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်း [နာကျင်စေသည့်လမ်း၊ ကဘ] သို့ အကျွန်ုပ်လိုက်သည်မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်းထဲသို့သွေးဆောင်တော်မူပါ။” (ဆာလံ ၁၃၉:၂၃၊ ၂၄) မိမိ၏နှလုံးကို ဒါဝိဒ်ရည်ညွှန်းသောအခါ ပကတိကိုယ်အင်္ဂါအစိတ်အပိုင်းကို သူဆိုလိုနေခြင်းမဟုတ်ပါ။ ထိုအသုံးအနှုန်း၏ပုံဆောင်သဘောနှင့်အညီ သူ၏အတွင်းသဘော၊ အတွင်းလူကို သူရည်ညွှန်းနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့လည်း မိမိတို့၏နှလုံးကို ဘုရားသခင်စစ်ကြောခွင့်ပြုပြီး ကျွန်ုပ်တို့ထဲတွင် မတော်လျော်သော ဆန္ဒရမ္မက်များ၊ စိတ်ဇောတက်ကြွမှုများ၊ စိတ်လှုပ်ရှားမှုများ၊ ရည်ရွယ်ချက်များ၊ အကြံအစည်များ၊ သို့မဟုတ် ဦးတည်ချက်များရှိမရှိ ပိုင်းခြားသိမြင်သင့်သည်။ (ဆာလံ ၂၆:၂) ကျွန်ုပ်တို့အား ယေဟောဝါဤသို့ခေါ်ဖိတ်တော်မူသည်–“ငါ့သား၊ သင့်နှလုံးကိုငါ့အားပေးလော့။ သင့်မျက်စိတို့သည် ငါသွားသောလမ်းကိုကြည့်မှတ်ပါစေ။”—သု. ၂၃:၂၆။
၁၇။ (က) မငြိမ်သက်သည့်အတွေးအခေါ်များကို ဖုံးကွယ်ထားမည့်အစား ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။ (ခ) ကျွန်ုပ်တို့နှလုံးတွင် အမှားသို့တိမ်းညွှတ်လိုသည့်သဘောများကိုတွေ့လျှင် အံ့သြသင့်သလော။ ယင်းတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။
၁၇ ကျွန်ုပ်တို့၏ မှားယွင်းသောအလိုဆန္ဒ သို့မဟုတ် မှားယွင်းသောသဘောထားများ သို့မဟုတ် မှားယွင်းသောအကျင့်အကြံကြောင့် ကျွန်ုပ်တို့အထဲတွင် အနှောင့်အယှက်ဖြစ်၍ မငြိမ်သက်သောအတွေးအခေါ်များ ကိန်းအောင်းနေလျှင် ယင်းတို့ကိုရှင်းလင်းပစ်ရန် ယေဟောဝါအကူအညီပေးဖို့ ကျွန်ုပ်တို့အမှန်လိုလားကြပေမည်။ “နာကျင်စေသည့်လမ်း” ဟူသောအသုံးအနှုန်းအစား မိုဖက်တ်ဘာသာပြန်ကျမ်းက “မှားယွင်းသောလမ်း”၊ အင်္ဂလိပ်ကျမ်းစာသစ် က “ကိုယ်တော် [ဘုရားသခင်] အား ပူဆွေးစေသည့်လမ်း” ဟုသုံးနှုန်းထားသည်။ ကျွန်ုပ်တို့ကိုယ်တိုင် မိမိတို့၏မငြိမ်သက်သည့်သဘောများကို ရှင်းလင်းစွာနားမလည်ဘဲ ကျွန်ုပ်တို့၏ပြဿနာများကို ဘုရားသခင်အားမည်သို့တင်ပြရမည်ကို မသိဘဲဖြစ်နေနိုင်သော်လည်း ကျွန်ုပ်တို့၏အခြေအနေကို ကိုယ်တော်နားလည်တော်မူသည်။ (ရောမ ၈:၂၆၊ ၂၇) ကျွန်ုပ်တို့နှလုံးထဲတွင် ဆိုးညစ်ခြင်းသို့တိမ်းညွှတ်လိုသည့်သဘောများရှိနေပါက မအံ့သြသင့်ပါ; သို့တိုင် ယင်းတို့ကိုခွင့်ပြုမထားသင့်ပါ။ (ကမ္ဘာဦး ၈:၂၁) ယင်းတို့ကိုအမြစ်မကျန်ဖျောက်ဖျက်ပစ်ရန် ဘုရားသခင့်အကူအညီကိုရယူသင့်သည်။ ယေဟောဝါနှင့်ကိုယ်တော့်နည်းလမ်းများကို ကျွန်ုပ်တို့ချစ်မြတ်နိုးပါက “ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက်သာ၍ကြီးမြတ်” ကြောင်း ယုံကြည်စိတ်ချစွာဖြင့် ထိုအကူအညီအတွက် ကိုယ်တော်အားချဉ်းကပ်သင့်သည်။—၁ ယောဟန် ၃:၁၉-၂၁။
၁၈။ (က) ထာဝရလမ်းထဲသို့ ကျွန်ုပ်တို့အားယေဟောဝါမည်သို့ပို့ဆောင်သနည်း။ (ခ) ယေဟောဝါ၏လမ်းညွှန်မှုကို ကျွန်ုပ်တို့ဆက်လက်လိုက်လျှောက်ပါက မည်သည့်ချီးမွမ်းခြင်းကို ကျွန်ုပ်တို့ခံစားရရန်မျှော်လင့်နိုင်သနည်း။
၁၈ မိမိအား ထာဝရလမ်းထဲသို့သွေးဆောင်ရန် ဆာလံဆရာ၏ဆုတောင်းချက်နှင့်အညီ ယေဟောဝါသည် နှိမ့်ချ၍နာခံမှုရှိသောမိမိ၏ကျေးကျွန်များအား အမှန်ပင်ပို့ဆောင်တော်မူမည်။ ဆိုးသွမ်းသည့်လုပ်ရပ်ကြောင့်စောစောစီးစီးအသတ်ခံရခြင်းမဟုတ်သည့် အသက်ရှည်ခြင်းသာမဟုတ်ဘဲ ထာဝရအသက်သို့ရောက်စေသည့်လမ်းသို့ သူတို့ကို ကိုယ်တော်ပို့ဆောင်ပေးသည်။ ယေရှုပူဇော်သက္ကာ၏အပြစ်ဖြေပေးသည့်တန်ဖိုးကို ကျွန်ုပ်တို့လိုအပ်ကြောင်း ကျွန်ုပ်တို့အားကိုယ်တော်စွဲမြဲသိမှတ်စေသည်။ ကျွန်ုပ်တို့ကိုယ်တော့်အလိုတော်ဆောင်နိုင်ရန် မိမိ၏နှုတ်ကပါဌ်တော်နှင့် အဖွဲ့အစည်းမှတစ်ဆင့် လိုအပ်သည့်လမ်းညွှန်မှုပေးသည်။ ကျွန်ုပ်တို့သည် အပြင်ပန်းသဏ္ဌာန်၌တင်ပြထားသည့်အတိုင်း အတွင်းသဘော၏လူလည်းဖြစ်လာရန်အတွက် ကိုယ်တော့်အကူအညီကို တုံ့ပြန်ရန်အရေးကြီးမှုကိုလည်း ကျွန်ုပ်တို့အား အထူးပြုဖော်ပြတော်မူသည်။ (ဆာလံ ၈၆:၁၁) ဖြောင့်မတ်သောကမ္ဘာသစ်တွင် စုံလင်သည့်ကျန်းမာရေးနှင့်အတူ မှန်သောဘုရားတစ်ဆူတည်းဖြစ်သောကိုယ်တော်အား ဝတ်ပြုရန် ထာဝရအသက်ရရှိမည်ဟူသည့်မျှော်လင့်ချက်အားဖြင့်လည်း ကျွန်ုပ်တို့ကို အားပေးတော်မူသည်။ ကိုယ်တော့်လမ်းညွှန်မှုကို သစ္စာရှိစွာ ကျွန်ုပ်တို့ဆက်၍ခံယူသွားလျှင် “ငါနှစ်သက်မြတ်နိုးရာ” ဟုမိမိသားတော်အားကိုယ်တော်ပြောသကဲ့သို့ ကျွန်ုပ်တို့အားလည်းပြောမည်ဖြစ်သည်။—လုကာ ၃:၂၂; ယောဟန် ၆:၂၇; ယာကုပ် ၁:၁၂။
သင့်မှတ်ချက်ကားအဘယ်နည်း
◻ မိမိကျေးကျွန်များအပေါ်ယေဟောဝါ၏အမြင်သည် လူသားများ၏အမြင်နှင့် အဘယ်ကြောင့်ကွာခြားလေ့ရှိသနည်း။
◻ ကျွန်ုပ်တို့နှလုံးကိုဘုရားသခင်စစ်ဆေးသောအခါ ကိုယ်တော် ဘာကိုမြင်ကြောင်း ကျွန်ုပ်တို့သိမြင်နိုင်ရန် မည်သည့်အရာက အကူအညီပေးသနည်း။
◻ ဖြစ်ရပ်မှန်များကိုလေ့လာနိုင်ရန်နှင့် ကျွန်ုပ်တို့၏နှလုံးကို စောင့်ရှေက်နိုင်ရန် မည်သည့်လေ့လာမှုမျိုးက ကျွန်ုပ်တို့အားအထောက်အကူဖြစ်စေသနည်း။
◻ ဘုရားသခင်ပြောသည့်အရာကို သိရှိရန်မက ကိုယ်တော့်ခံစားချက်များကိုဝေမျှခံစားရန် အဘယ်ကြောင့်အရေးကြီးသနည်း။
◻ “အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏နှလုံးကိုသိမှတ်တော်မူပါ” ဟု ကျွန်ုပ်တို့တစ်ဦးစီအဘယ်ကြောင့် ဆုတောင်းသင့်သနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
လေ့လာမှုပြုသောအခါ ဘုရားသခင်၏အကြံအစည်များနှင့် ခံစားချက်များကို သင့်ကိုယ်ပိုင်ဖြစ်စေပါ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေဟောဝါ၏အကြံအစည်တော်တို့သည် “သဲလုံးနှင့်အမျှမက သာ၍များပြားကြပါ၏”
[Credit Line]
Pictorial Archive (Near Eastern History) Est.