စာရှုသူများထံမှ မေးခွန်းလွှာ
“ဝိညာဉ်ဆုကျေးဇူးကိုခံရသောသူ” ဟူ၍ ၁ ကောရိန္သု ၁၄:၃၇ ပါစကားက လူတစ်ဦးသည် ဘိသိက်ခံရသည့်သဘောမျိုးဖြင့် သို့မဟုတ် ဝိညာဉ်တော်၏ အံ့ဖွယ်တန်ခိုးဆုကျေးဇူး ခံရခြင်းဖြစ်သလော။
ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် ဤကျမ်းချက်က–“ငါသည် သင်တို့အား ရေး၍ပေးလိုက်သောစကားတို့သည် သခင်အရှင်၏ပညတ်တော်ဖြစ်သောကြောင့် မိမိကိုယ်ကို ပရောဖက်ဖြစ်သည် သို့မဟုတ် ဝိညာဉ်ဆုကျေးဇူးကို ခံရသည်ဟုအထင်ရှိသူ မည်သူမဆိုသည် အသိအမှတ်ပြုလက်ခံပါစေ” ဟုဆိုသည်။—၁ ကောရိန္သု ၁၄:၃၇။
“ဝိညာဉ်ဆုကျေးဇူးကိုခံရသူ” ဟူသောစကားစုသည် ဝိညာဉ်တော်ဖွားဖြစ်၍ ဘုရားသခင်၏ ဝိညာဏသားများဖြစ်ကြသော ပထမရာစု ခရစ်ယာန်များကိုရည်ညွှန်းသည်ဟူ၍ စာရှုသူအနေနှင့် ထင်မြင်ယူမှတ်နိုင်သည်။ သို့မဟုတ် ထိုစကားစုသည် သန့်ရှင်းသောဝိညာဉ်တော်၏ အထူးဆုကျေးဇူးကို ခံခဲ့ရသူတစ်ဦးနှင့်သက်ဆိုင်သည်ဟူ၍ နားလည်စေနိုင်ပါသည်။ နောက်ခံအကြောင်းက တင်ပြသည့်အတိုင်း ဒုတိယအနက်ဖွင့်ဆိုချက်သည် ပို၍အဓိပ္ပာယ်သက်ရောက်သည်။
ဤတွင် “ဝိညာဉ်တော်၊ ဝိညာဉ်ရေးရာနှင့် ဆိုင်ခြင်း” အခြေခံသဘောတရားရှိ ဂရိစကားလုံး နျူမတီကော့စ်ကို တမန်တော်ပေါလုအသုံးပြုထားပါသည်။ ယင်းအသုံးပြုပုံကို “ဝိညာဏကိုယ်၊” “ဝိညာဏကောင်းချီး၊” “ဝိညာဏဉာဏ်” နှင့် “ဝိညာဏအိမ်” ဟူသည့်ဖော်ပြချက်တို့တွင် တွေ့ရှိရသည်။—၁ ကောရိန္သု ၁၅:၄၄; ဧဖက် ၁:၃၊ ကဘ; ကောလောသဲ ၁:၉၊ ကဘ; ၁ ပေတရု ၂:၅၊ ကဘ။
ထိုနေရာများတွင် သမ္မာကျမ်းစာက “ဝိညာဏ” ဟူ၍ဖော်ပြသည့်အရာ (ကိုယ်၊ ကောင်းချီး၊ ဉာဏ်၊ အိမ်) ကို တင်ပြနေခြင်းဖြစ်သည်။ သို့သော် အခြားသောနေရာများတွင်မူကား “ဝိညာဏ” ၏သဘောနှင့် သင့်လျော်သောအဓိပ္ပာယ်ကို ရှေ့နောက်စကားမှ ဆုံးဖြတ်ရမည်။ ဥပမာ၊ ၁ ကောရိန္သု ၂:၁၄၊ ၁၅ က ဇာတိပကတိလူ၏သဘောကို “ဝိညာဏလူ” ဟူ၍အဓိပ္ပာယ်ရှိသည့် ဟို နျူ·မ·တီ·ကော့စ် နှင့် ခြားနားစွာ ဖော်ပြထားပါသည်။
၁ ကောရိန္သု အခန်းကြီး ၁၂ မှ ၁၄ တစ်လျှောက် သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးများကို အာရုံပြုစေပါသည်။ ဘုရားသခင်သည် ဇာတိပကတိဣရေလလူမျိုးကို အသုံးပြုတော်မမူတော့ဘဲ ယခုခရစ်ယာန်များဖြစ်ကြသော “ဘုရားသခင်၏ ဣသရေလအမျိုး” ကို ကောင်းချီးပေးနေတော်မူကြောင်းကို သိသာထင်ရှားစေရန် ယင်းဆုကျေးဇူးတို့ကို ရှေးခရစ်ယာန်အချို့အား ပေးတော်မူခဲ့ခြင်းဖြစ်သည်။ (ဂလာတိ ၆:၁၆) ဤဆုကျေးဇူးများအကြောင်း ပေါလုက “ဆုကျေးဇူးတော် အထူးထူးအထွေထွေရှိငြားသော်လည်း ဝိညာဉ်တော်တစ်ပါးတည်းရှိ၏” ဟုရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၂:၄) အထူးဉာဏ်ပညာ၊ အသိပညာနှင့် ယုံကြည်ခြင်းတို့သည် ပရောဖက်ပြုခြင်း၊ ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုခြင်းနှင့် ဘာသာစကားအနက်ပြန်ဆိုခြင်းနည်းတူပင် ဝိညာဉ်တော်ဆုကျေးဇူးများအဝင်ဖြစ်သည်။—၁ ကောရိန္သု ၁၂:၈-၁၁။
ပေါလု၏စာကို လက်ခံရရှိသော ကောရိန္သုမြို့ရှိ ခရစ်ယာန်များသည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘိသိက်ခံထားသူများ ဖြစ်ကြပါသည်။ ပေါလုက–“သင်တို့ . . . သည် . . . ယခုတွင် သခင်ယေရှု၏နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ” ဟုဆိုသည်။ (၁ ကောရိန္သု ၆:၁၁; ၁၂:၁၃) မှန်ပါသည်။ သူတို့အားလုံးသည် “ဝိညာဉ်တော် တည်းဟူသော စရန်ကို” ရရှိထားကြပါသည်။ (၂ ကောရိန္သု ၅:၅) သို့ရာတွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သူတို့အားလုံး အထူးဆုကျေးဇူးကို မရကြပါ။ ဤဆုကျေးဇူးကို အထူးအရေးပေးကာ ဘာသာစကားအမျိုးမျိုးပြောဆိုခြင်းကို များစွာသောသူတို့သည် စိတ်ဝင်စားနေဟန်ရှိသည်။ သူတို့အတွေးအခေါ်ကို ပြုပြင်ပေးရန် ပေါလုရေးသားနေခြင်းဖြစ်၍ ပရောဖက်ပြုခြင်းဆုကျေးဇူးတမျှ ဘာသာစကားများကိုပြောဆိုခြင်းက များစွာသောသူတို့အား အကျိုးပြုနိုင်မည်မဟုတ်ဟု သူတင်ပြနေသည်။ အခန်းကြီး ၁၂ အဆုံးတွင် ကောရိန္သုမြို့သားတို့အား ပေါလုက “အမြတ်ဆုံးသောဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိ” နေကြရန် မှာကြားခဲ့သည်။—၁ ကောရိန္သု ၁၂:၂၈-၃၁။
ထိုနောက် အခန်းကြီး ၁၄ အစတွင် သူက “ချစ်ခြင်းမေတ္တာကို မီအောင်လိုက်ကြလော့။ ဝိညာဉ်ဆုကျေးဇူး [တာ နျူ·မ·တီ·ကာ] တို့ကို အလွန်အလိုရှိသည်တွင် ပရောဖက်ပြုရသောအခွင့်ကို သာ၍လိုချင်သောစိတ်ရှိကြလော့” ဟုတိုက်တွန်းပါသည်။ အဘယ်အရာကို အလွန်အလိုရှိဖို့ဖြစ်သနည်း။ ထိုခရစ်ယာန်များသည် ဝိညာဉ်တော်ဖြင့် ဘိသိက်ခံရပြီးသားဖြစ်ကြသောကြောင့် ယင်းကို အလိုရှိစရာမလိုတော့ပါ။ ထိုကြောင့် အခန်းကြီး ၁၂ အဆုံးတွင် အလွန်အလိုရှိကြရန် သူတို့အားပေါလုတိုက်တွန်းခဲ့သည်ကား ဝိညာဉ်တော် “ဆုကျေးဇူးများ” ပင်ဖြစ်သည်။ ယင်းကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်းက ၁ ကောရိန္သု ၁၄:၁ ကို “ဝိညာဏဆုကျေးဇူးများကို ဇွဲလုံ့လဖြင့် ရှာယူနေလော့” ဟုပြန်ဆိုသည်။ အခြားဘာသာပြန်ကျမ်းများက ဤတွင် တာ နျူ·မ·တီ·ကာကို “ဝိညာဏဆုကျေးဇူးများ” သို့မဟုတ် “ဝိညာဉ်တော်၏ ဆုကျေးဇူးများ” ဟုပြန်ဆိုပါသည်။
ဤနောက်ခံအကြောင်းမျိုးဖြင့် အခန်းကြီး ၁၄ ၏အဆုံးပိုင်းနားတွင် ပေါလုသည် ပရောဖက်ပြုခြင်းနှင့် နျူ·မ·တီ·ကော့စ်ကို ကွင်းဆက်ထားကြောင်း ကျွန်ုပ်တို့သတိပြုမိပါသည်။ အခန်းငယ် ၁ တွင်ကဲ့သို့ ရှေ့နောက်စကားက ဝိညာဉ်တော်ဆုကျေးဇူးခံစားရခြင်းကို သူဆိုလိုနေကြောင်း အကြံပြုပါသည်။ အာရ်၊ အက်ဖ်၊ ဝေးမာသ်၏ ခေတ်သုံးစကားဖြင့် ဓမ္မသစ်ကျမ်းက “အကြင်သူသည် မိမိကိုယ်ကို ပရောဖက်တစ်ပါးပါး သို့မဟုတ် ဝိညာဏဆုကျေးဇူးခံရသူတစ်ဦးဟု ယူမှတ်မည်ဆိုလျှင် ယခုငါရေးသားနေခြင်းကို သခင်ဘုရား၏အမိန့်အဖြစ် ထိုသူအသိအမှတ်ပြုပါစေ” ဟူ၍ပြန်ဆိုသည်။
မှန်ပါသည်။ ခရစ်ယာန်အားလုံးသည် ပရောဖက်ပြုနိုင်သည့်ဆုကျေးဇူးကိုဖြစ်စေ၊ ဝိညာဉ်တော်ဆိုင်ရာ အခြားမည်သည့်ဆုကျေးဇူးကိုမဆိုဖြစ်စေ ရထားသည့်တိုင် အသင်းတော်တွင် အရာရာတို့သည် မည်သို့ဖြစ်သင့်ကြောင်း ပေါလုရေးသားခဲ့သော ဩဝါဒစကားကို လက်ခံနာယူရန် လိုအပ်ပါသည်။