သဘာဝဘေးဒဏ်များ သင့်သည့်အခါ
ဂါနာနိုင်ငံ၊ အကရာမြို့၊ ၁၉၉၅၊ ဇူလိုင် ၄– နှစ်ပေါင်း ၆၀ နီးပါးအတွင်း အသည်းထန်ဆုံးသောမိုးရွာသွန်းမှုက ရေကြီးစေ။ လူ ၂၀၀,၀၀၀ ခန့်ပစ္စည်းအားလုံး ဆုံးရှုံး၊ ၅၀၀,၀၀၀ မှာမူ သူတို့အိမ်ထဲဝင်လမ်းပျောက်နေ၊ ၂၂ ဦးသေဆုံး။
ယူအက်စ်အေ၊ တက္ခစပ်စ် ပြည်နယ်၊ စန်အဲန်ဂျီလိုမြို့၊ ၁၉၉၅၊ မေ ၂၈– နေထိုင်သူ ၉၀,၀၀၀ ခန့်ရှိ ဤမြို့ကို လေဆင်နှာမောင်းနှင့် မိုးသီးတို့က ဖျက်ဆီး၊ အပျက်အယွင်းများ (ယူအက်စ်) ဒေါ်လာသန်း ၁၂၀ ခန့်ရှိ။
ဂျပန်နိုင်ငံ၊ ကိုဘေးမြို့၊ ၁၉၉၅၊ ဇန်နဝါရီ ၁၇– စက္ကန့် ၂၀ သာကြာသော ငလျင်တစ်ခုကြောင့် ထောင်နှင့်ချီသေဆုံး၊ သောင်းနှင့်ချီ ထိခိုက်ဒဏ်ရာရပြီး သိန်းနှင့်ချီ အိုးအိမ်မဲ့ ဖြစ်။
ဘးဒဏ်များခေတ် ဟူ၍ခေါ်နိုင်သောကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေကြသည်။ ၁၉၆၃-၉၂ အထိ အနှစ် ၃၀ ကာလအတွင်း ဘေးဒဏ်များကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် အိုးအိမ်မဲ့ဖြစ်ရသူများ အရေအတွက်သည် ပျမ်းမျှအားဖြင့် နှစ်စဉ် ၆ ရာခိုင်နှုန်း တိုးများလာသည်ဟု ကုလသမဂ္ဂပြန်တမ်းတစ်ခုက ဖော်ပြသည်။ ဤစိတ်မောဖွယ်အခြေအနေကြောင့် ကုလသမဂ္ဂက ၁၉၉၀ ပြည့်လွန်နှစ်များကို “နိုင်ငံတကာ သဘာဝဘေးဒဏ် လျော့ပေါ့ရေး ဆယ်စုနှစ်” ဟုသတ်မှတ်လိုက်သည်။
လေမုန်တိုင်းတိုက်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေငလျင်လှုပ်ခြင်း အစရှိသော သဘာဝစွမ်းအင်တို့သည် အမြဲဘေးသင့်စေတတ်သည်မဟုတ်ပါ။ ယင်းတို့သည် လူတို့ကိုဘေးမသင့်ဘဲ နှစ်စဉ် ရာနှင့်ချီဖြစ်ပျက်နေပါသည်။ သို့သော် အသက်နှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှု အကြီးအကျယ်များသည့်အခါ ယင်းကို ဘေးဒဏ်ဟု ခေါ်ထိုက်ပေသည်။
သဘာဝဘေးဒဏ်များ တိုးများလာနိုင်ပုံရှိသည်။ သဘာဝဘေးဒဏ်များ—ဘုရားသခင့်စီရင်ချက်များလော၊ လူ့စီရင်ချက်များလော စာအုပ်က ဤသို့ဆိုသည်– “လူတို့သည် ဘေးဆိုးတစ်မျိုးမျိုး ဖြစ်ပျက်ဖို့ ပိုလွယ်ကူလာစေရန် မိမိတို့၏ပတ်ဝန်းကျင်ကို ပြောင်းလဲနေကြပြီး ဤဘေးအန္တရာယ်များက မိမိတို့ကို ပိုအနာတရဖြစ်စေရန် ပြုမူနေကြသည်။” ထိုစာအုပ်က ချင့်ချိန်တွေးတောကြည့်ရန် ဥပမာတစ်ခုကို တင်ပြသည်– “လျှိုမြောင်ဘေး၌ ပြီးကပစ် ရွှံ့အုတ်ဖြင့်တည်ဆောက်ထားသောတိုက်အိမ်များရှိမြို့တစ်မြို့တွင် ငလျင်အနည်းငယ်လှုပ်ရုံနှင့် အကြီးအကျယ်လူသေပြီး ဒုက္ခမြားမြောင်လိမ့်မည်မှာအမှန်။ သို့သော် ထိုဘေးဆိုးကြီးဆိုက်ခဲ့ခြင်းသည် မြေငလျင်ကြောင့်လော သို့မဟုတ် ဤကဲ့သို့အန္တရာယ်ရှိသည့်နေရာမှာ ဤကဲ့သို့သော စိတ်မချရသည့်အိမ်မျိုးတွင် လူတို့နေထိုင်ခြင်းကြောင့်လော။”
သဘာဝဘေးဒဏ်များ အဘယ်ကြောင့်တိုးများလာခြင်းကို ကျမ်းစာကျောင်းသားများ မအံ့သြကြသည့် အခြားအကြောင်းတစ်ခုရှိသေးသည်။ အခြားအရာများအနက် “အရပ်ရပ်တို့၌ . . . အစာခေါင်းပါးခြင်း၊ . . . မြေကြီးလှုပ်ခြင်း” တို့က “ဤစနစ်ဆုံးခန်း” ၏အမှတ်အသားဖြစ်လိမ့်မည်ဟု လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ နီးပါးက ယေရှုခရစ်တော် ကြိုတင်ဟောပြောတော်မူခဲ့သည်။ (မဿဲ ၂၄:၃၊ ၆-၈) “နောက်ဆုံးအချိန်” အတွင်း လူတို့သည် ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ပင်ကိုအရ ချစ်ခင်စုံမက်ခြင်းမရှိသောသူ၊ ကောင်းမှုကို မချစ်သောသူများဖြစ်မည်ဟူ၍လည်း သမ္မာကျမ်းစာက ကြိုတင်ဟောထားသည်။a (၂ တိမောသေ ၃:၁-၅) ဤဉာဉ်ဆိုးများက လူတို့အား မိမိပတ်ဝန်းကျင်ကို တိုက်ဖျက်စေရာ သူတို့သည် သဘာဝစွမ်းအင်များကြောင့် ပို၍အနာတရဖြစ်ကြရသည်။ လူလုပ်ဘေးဒဏ်များ ဖြစ်ပွားလာရခြင်းသည် လူအများ နေထိုင်ရကြသည့် မေတ္တာကင်းမဲ့သောလူ့အဖွဲ့အစည်းကြောင့်လည်းဖြစ်သည်။
ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏လူဦးရေ တိုးများလာသည်နှင့်အမျှ၊ လူ့အပြုအမူသည် လူတို့ကို အန္တရာယ်ပိုရှိစေသည်နှင့်အမျှ၊ ကမ္ဘာ့သယံဇာတများကို တိုး၍တိုး၍ တလွဲစီမံခန့်ခွဲ အသုံးပြုနေသည်နှင့်အမျှ လူတို့သည် ဆက်လက်၍ ဘေးဒဏ်များသင့်နေမည်သာဖြစ်သည်။ နောက်ဆောင်းပါးက တင်ပြမည်အတိုင်း ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် စိန်ခေါ်ချက်များ ဖြစ်ပေါ်စေသည်။
[အောက်ခြေမှတ်ချက်များ]
a နောက်ဆုံးနေ့ရက်များ၏နိမိတ်အကြောင်း ပိုမိုသိရှိလိုလျှင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မြို့မှ ထုတ်ဝေသည့် ထာဝရအသက်ရစေသော အသိပညာ စာအုပ်၊ စာမျက်နှာ ၉၈-၁၀၇ ရှု။
[Picture Credit Line on page 3]
Top: Information Services Department, Ghana; right: San Angelo Standard-Times
[Picture Credit Line on page 2]
COVER: Maxie Roberts/Courtesy of THE STATE