ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၂/၁ စာ. ၁၄-၁၉
  • တုပစရာ နှိမ့်ချခြင်းပုံသက်သေများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တုပစရာ နှိမ့်ချခြင်းပုံသက်သေများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါဘုရားသခင်သည် နှိမ့်ချတော်မူ၏
  • ခရစ်တော်၏ နှိမ့်ချခြင်းပုံသက်သေ
  • နှိမ့်ချခြင်း ပုံသက်သေကောင်း၊ တမန်တော် ပေါလု
  • မျက်မှောက်ခေတ် ပုံသက်သေများ
  • စစ်မှန်သောနှိမ့်ချမှုကို မွေးမြူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • နှိမ့်ချခြင်းကို အဘယ်ကြောင့်ဝတ်ဆင်သင့်ကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • နှိမ့်ချသူတွေကို ယေဟောဝါ တန်ဖိုးထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ယေရှု နှိမ့်ချခြင်း ပုံသက်သေပြခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၂/၁ စာ. ၁၄-၁၉

တုပစရာ နှိမ့်ချခြင်းပုံသက်သေများ

“ကိုယ်တော်တိုင်၏ နှိမ့်ချခြင်းသည် အကျွန်ုပ်အား ကြီးမြင့်စေတော်မူမည်။” —ဆာလံ ၁၈:၃၅၊ ကဘ။

၁ ကင်းမျှော်စင်အသင်း၏ ဥက္ကဌဟောင်း တစ်ဦးတွင် နှိမ့်ချခြင်းဆိုင်ရာ အဘယ်သာဓက တွေ့ရှိနိုင်သနည်း။

ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်သည် အရပ်ခြောက်ပေကျော်၍ ပေါင် ၂၀၀ ကျော်ရှိသော ခန့်ညားကြီးမြင့်သူတစ်ဦးဖြစ်ခဲ့ပါသည်။ အသံလည်းအောင်ကာ ယခင်ကတစ်ခါမျှမလုပ်ခဲ့ဖူးသော ယေဟောဝါ၏နာမတော်ကို ထင်ရှားစေခြင်း၌ ယင်းကို အသုံးပြုခဲ့ရုံမက ခရစ်ယာန်ဘောင်၏ ဘာသာရေးကို “ကျော့ကွင်းနှင့် ကလိမ်ဉာဏ်ဆင်မှု” ဟုသမုတ်ကာ ထိုဘာသာရေးခေါင်းဆောင်များ၏ လိမ်ညာမှုများကို ထုတ်ဖော်ခဲ့သည်။ သူ၏မိန့်ခွန်းများသည် ပိုင်နိုင်ထိမိသော်လည်း အုပ်ချုပ်ရေးအဖွဲ့ရှိ ဗေသလမိသားစုနှင့်အတူ ဆုတောင်းဝတ်ပြုသည့်အခါ သားငယ်လေးကအဖေနှင့်ပြောသည့်ပမာ သူ့စကားပြောဆိုပုံသည် ဖန်ဆင်းရှင်နှင့် ရင်းနှီးသောဆက်ဆံမှုရှိရုံမက နှိမ့်ချမှုရှိကြောင်းကိုလည်း ဖော်ပြပါသည်။ မှန်ပါသည်။ ကလေးငယ်လေးတစ်ဦးကဲ့သို့ သူသည် နှိမ့်ချသူ ဖြစ်ပါသည်။—မဿဲ ၁၈:၃၊ ၄။

၂။ ယေဟောဝါဘုရားသခင်၏ ကျေးကျွန်များသည် ဤလောကကြီးရှိသူတို့နှင့် အထူးသဖြင့် အဘယ်ကိစ္စတွင် သိသိသာသာကွဲပြားသနည်း။

၂ ယေဟောဝါဘုရားသခင်၏ ကျေးကျွန်အစစ်အမှန်အားလုံးသည် အမှန်တကယ်ပင် နှိမ့်ချသူများ ဖြစ်ကြသည်မှာ ယုံမှားဖွယ်မရှိချေ။ ယင်းနှင့်စပ်လျဉ်း၍ ဤလောကရှိလူများနှင့် သူတို့သည် သိသိသာသာကွဲပြားစွာရပ်တည်ကြပါသည်။ ယခင်ကထက်ယခုကာလတွင် မာနထောင်လွှားသူ ပိုများနေသည့် အခွင့်အာဏာရှိသူများ၊ လူကုံထံနှင့် ပညာတတ်များ၊ ဆင်းရဲသားများစွာနှင့် အခြားနည်းမျိုးစုံဖြင့် ချို့ငဲ့သူများပင်လျှင် မာနထောင်လွှားတတ်ကြသည်။

၃။ မာနထောင်လွှားခြင်းအသီးများအကြောင်း အဘယ်ဆိုစရာရှိသနည်း။

၃ မာန်မာနသည် ခိုက်ရန်ဒေါသနှင့် စိတ်ဆင်းရဲမှုမြောက်မြားစွာကို ပေါ်ပေါက်စေသည်။ အမှန်မှာ စကြဝဠာတစ်ခွင် အမင်္ဂလာစတင်ဖြစ်ပေါ်လာရခြင်းမှာ ကောင်းကင်တမန်တစ်ပါးသည် မာန်တက်လာပြီး ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သာ ရသင့်ရထိုက်သော ဝတ်ပြုမှုကိုရလို၍ ဖြစ်သည်။ (မဿဲ ၄:၉၊ ၁၀) ထို့ပြင် မိမိကိုယ်ကို မာရ်နတ်စာတန်ဖြစ်စေခဲ့သူသည် ပထမမိန်းမ၊ ဧဝ၏ မာန်မာနကို မြှူဆွယ်ကာ သွေးဆောင်ရာတွင်အောင်မြင်ခဲ့သည်။ တားမြစ်ထားသောအသီးကို စားခြင်းအားဖြင့် ဘုရားသခင်ကိုယ်တော်တိုင်ကဲ့သို့ အကောင်းအဆိုးကို သိရလိမ့်မည်ဟု ကတိပေးခဲ့သည်။ သူမ သာ နှိမ့်ချသူတစ်ဦးဖြစ်မည်ဆိုလျှင် ‘ဘုရားသခင်နဲ့ ကျွန်မ ဘာကြောင့်တူချင်ရမှာလဲ’ ဟုဖြေဆိုခဲ့လိမ့်မည်။ (ကမ္ဘာဦး ၃:၄၊ ၅) လူသား၏ ကာယ၊ စိတ်ဓာတ်နှင့် စာရိတ္တအခြေအနေ မည်မျှကျဆင်းယုတ်ညံ့နေသည်ကို ဆင်ခြင်ကြည့်လိုက်သည့်အခါ လူသည် မာန်တက်စရာအကြောင်း လုံးဝမရှိပါတကား! ယင်းကြောင့် ယေဟောဝါသည် “မာနထောင်လွှားခြင်း၊ စော်ကားခြင်း” ကိုမုန်းတော်မူသည်ဟု ဖတ်ရှုရခြင်းမှာ လုံးဝအံ့သြစရာမရှိပါ! (သု. ၈:၁၃) ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာတွင် တွေ့ရှိရသည့် နှိမ့်ချခြင်းပုံသက်သေများမူကား မာနထောင်လွှားသူအားလုံးတို့နှင့် ထူးခြားစွာ ဆန့်ကျင်ပေသည်။

ယေဟောဝါဘုရားသခင်သည် နှိမ့်ချတော်မူ၏

၄။ ယေဟောဝါရှင်သည် နှိမ့်ချတော်မူကြောင်း အဘယ်ကျမ်းချက်များက ဖော်ပြသနည်း။

၄ ယေဟောဝါဘုရားသခင်—အမြင့်မြတ်ဆုံးအရှင်၊ စကြဝဠာ ပိုင်သအုပ်စိုးရှင်၊ ထာဝရဘုရင်မင်းမြတ်—သည်နှိမ့်ချတော်မူ၏။ (ကမ္ဘာဦး ၁၄:၂၂) ထိုသို့ဖြစ်နိုင်ပါမည်လော။ အမှန်ဖြစ်တော်မူ၏! ဆာလံ ၁၈:၃၅ (ကဘ) တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ဒါဝိဒ်မင်းကြီးက “ကိုယ်တော်သည် ကယ်တင်တော်မူခြင်းဒိုင်းလွှားကိုအပ်၍ လက်ယာလက်တော်ဖြင့် မစတော်မူလျက် ကိုယ်တော်တိုင်၏ နှိမ့်ချခြင်းသည် အကျွန်ုပ်အား ကြီးမြင့်စေတော်မူမည်” ဟုဆိုသည်။ ယေဟောဝါ၏ နှိမ့်ချခြင်းကြောင့် မိမိသည် ကြီးမြင့်ရကြောင်း ဤတွင် ဒါဝိဒ် ရှင်းလင်းစွာဝန်ခံနေခြင်း ဖြစ်သည်။ ထိုနောက် ဆာလံ ၁၁၃:၆ တွင် ယေဟောဝါသည် “ကိုယ်ကိုနှိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီးအရာတို့ကို ကြည့်ရှုတော်မူ” ကြောင်း တစ်ဖန်ဖတ်ရပြန်သည်။ အခြားဘာသာပြန်ကျမ်းများက “ကြည့်ရှုရန် ကိုယ်သိက္ခာအကျခံသည်၊” (အပြည်ပြည်ဆိုင်ရာ ဘာသာပြန်ကျမ်းသစ်) “ဤမျှနိမ့်ကျစွာကြည့်ရှုရန် အဖက်လုပ်တော်မူသည်” ဟုပြန်ဆိုထားသည်။—အင်္ဂလိပ်ကျမ်းစာသစ်။

၅။ ယေဟောဝါ၏နှိမ့်ချခြင်းကို အဘယ်ဖြစ်ရပ်များက သက်သေထူသနည်း။

၅ ဆိုးသွမ်းသော သောဒုံနှင့်ဂေါမောရမြို့များကို ဖျက်ဆီးပစ်ရန် ရည်ရွယ်တော်မူခြင်း၌ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို အာဗြဟံအား မေးခွန်းထုတ်ခွင့်ပြုခြင်းဖြင့် အာဗြဟံနှင့်ဆက်ဆံပုံတွင် ယေဟောဝါဘုရားသခင်သည် ကိုယ့်ကိုယ်ကို အမှန်နှိမ့်ချတော်မူခဲ့ပါသည်။a(ကမ္ဘာဦး ၁၈:၂၃-၃၂) ဣသရေလလူမျိုးကိုလည်း—တစ်ကြိမ်တွင် ရုပ်တုကိုးကွယ်ခြင်းအတွက်၊ နောက်တစ်ကြိမ်တွင် ပုန်ကန်မှုအတွက်—ဖျက်ဆီးပစ်လိုကြောင်းကို ယေဟောဝါမိန့်တော်မူခဲ့စဉ် မောရှေသည် အခြားလူသားတစ်ဦးတစ်ယောက်နှင့် စကားပြောဆိုနေဘိသကဲ့သို့ ကိစ္စရပ်တိုင်း၌ ယေဟောဝါဘုရားနှင့်ကျိုးကြောင်းဆင်ခြင်ခဲ့သည်။ အကြိမ်တိုင်း တလိုတလား ယေဟောဝါတုံ့ပြန်ခဲ့သည်။ ကိုယ်တော့်ဣသရေလလူမျိုးတော်အတွက် မောရှေ၏ အသနားခံချက်ကို သဘောတူခြင်းဖြင့် ကိုယ်တော်အနေနှင့် နှိမ့်ချခြင်းကို ဖော်ပြတော်မူခဲ့သည်။ (ထွက်မြောက်ရာ ၃၂:၉-၁၄; တောလည်ရာ ၁၄:၁၁-၂၀) လူသားတစ်ယောက်ချင်းနှင့်အပြန်အလှန် ဆက်ဆံခြင်း၌ ယေဟောဝါ၏နှိမ့်ချစွာ ဆက်ဆံခဲ့သည့်အခြားပုံသက်သေများကို တရားသူကြီးမှတ်စာ ၆:၃၆-၄၀ နှင့် ယောန ၄:၉-၁၁ တွင်မှတ်တမ်းတင်ထားသည့် ဂိဒေါင်နှင့် ယောနတို့၏အဖြစ်ပျက်များ၌တွေ့နိုင်ပါသည်။

၆။ ယေဟောဝါ၏ အဘယ်အရည်အချင်းတစ်ခုသည် ကိုယ်တော်၏နှိမ့်ချခြင်းကို ထပ်ဆင့်ဖော်ပြသနည်း။

၆ အမှန်မှာ ယေဟောဝါသည် “အမျက်ထွက် နှေးတော်မူ” (ကဘ) ကြောင်း အနည်းဆုံးကိုးကြိမ်တိုင်ဆိုထားသည်။bနှစ် ရာစုတစ်လျှောက် မစုံလင်သောလူသားများနှင့် ဆက်ဆံရာတွင် ယေဟောဝါစိတ်ရှည်စွာဖြင့် အမျက်ထွက်နှေးတော်မူခြင်းက ကိုယ်တော်သည် နှိမ့်ချတော်မူကြောင်း ထပ်ဆင့်သက်သေထူပါသည်။ မာန်မာနကြီးသူများသည် စိတ်တို၍ လွယ်ကူစွာအမျက်ထွက်တတ်သည်။ စိတ်ရှည်ခြင်းနှင့် ခြားနားလှလေသည်။ ယေဟောဝါ၏နှိမ့်ချခြင်းက မစုံလင်သောလူသားများအနေနှင့် မာန်မာနတက်ခြင်းကို ရယ်ဖွယ်ဖြစ်စေသည်တကား! ‘ဘုရားသခင်၏ချစ်သားများဖြစ်သည်နှင့်အညီ ဘုရားသခင်နည်းတူကျင့်ကြ’ ရန် မှာကြားခံရသူ ကျွန်ုပ်တို့သည် ကိုယ်တော့်နည်းတူ နှိမ့်ချကြရမည်။—ဧဖက် ၅:၁။

ခရစ်တော်၏ နှိမ့်ချခြင်းပုံသက်သေ

၇၊ ၈။ ယေရှုခရစ်၏နှိမ့်ချခြင်းအကြောင်း ကျမ်းစာက အဘယ်သို့ဆိုထားသနည်း။

၇ ကျွန်ုပ်တို့တုပရမည့် ဒုတိယ အထူးခြားဆုံး နှိမ့်ချခြင်းပုံသက်သေကို ၁ ပေတရု ၂:၂၁ တွင်ဖော်ပြထားသည်– “ထိုသို့အလိုငှာ သင်တို့ကို ခေါ်တော်မူပြီ။ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကို လျှောက်လိုက်စေခြင်းငှာ ပုံသက်သေကို ထားတော်မူပြီ။” လူသားအဖြစ် ကမ္ဘာပေါ်သို့ မကြွလာမီ ကြာမြင့်စွာအချိန်ကတည်းက ဇာခရိ ၉:၉ (သမ) တွင် ကိုယ်တော့်အကြောင်း ပရောဖက်ပြုထားသည်ကား “အိုသတို့သမီးယေရုရှလင်၊ ကြွေးကြော်လော့။ အောင်မြင်ကယ်တင်ရာ သက်ရောက်လျက်၊ စိတ်နှိမ့်ချသော သင်၏ဘုရင်မင်းသည် မြည်းမ၏သားငယ်၊ မြည်းပေါ်တွင် စီးကြွသည်တကား!” ဟူ၍ဖြစ်သည်။ ယေရှုခရစ်သာ မာနထောင်လွှားသူဖြစ်မည်ဆိုလျှင် ညွတ်ပြပ်ကိုးကွယ်ဟန်တစ်ကြိမ်ပြုရုံဖြင့် ဤလောက၌ရှိရှိသမျှသော တိုင်းနိုင်ငံတို့ကို ပေးမည်ဟု မာရ်နတ်ကမ်းလှမ်းခဲ့ချိန်တွင် လက်ခံယူခဲ့ပါလိမ့်မည်။ (မဿဲ ၄:၉၊ ၁၀) ကိုယ်တော် သွန်သင်ခဲ့သမျှသည် ယေဟောဝါနည်းပေးတော်မူသည့်အတွက်ဖြစ်ကြောင်း မိန့်တော်မူခြင်းအားဖြင့် ကိုယ်တော့်နှိမ့်ချခြင်းကို ထင်ရှားစေသည်– “သင်တို့သည် လူသားကိုမြှောက်ထားသောအခါ ငါသည် ဤမည်သောသူဖြစ်သည်ကိုလည်းကောင်း၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ ငါ့ခမည်းတော်သည် ငါ့အားနည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်ကိုလည်းကောင်း သင်တို့သည်သိကြလိမ့်မည်။”—ယောဟန် ၈:၂၈။

၈ ကိုယ်တော်၏ပရိသတ်အား “ငါ့ထမ်းပိုးကိုတင်၍ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်” ဟုသင့်လျော်စွာ မိန့်မြွက်နိုင်တော်မူခဲ့သည်။ (မဿဲ ၁၁:၂၉၊ ကဘ) လူသားအဖြစ် တမန်တော်များနှင့်အတူရှိခဲ့သည့် နောက်ဆုံးညတွင်လည်း သူတို့၏ခြေကိုဆေးကြောပေးခြင်းအားဖြင့် အလွန်ကောင်းသော နှိမ့်ချခြင်းပုံသက်သေကို ကိုယ်တော်ပြသတော်မူခဲ့သည်တကား! (ယောဟန် ၁၃:၃-၁၅) ထိုကြောင့် ဖိလိပ္ပိ ၂:၃-၈ (ကဘ) တွင်ယေရှုခရစ်ကို စံထားပြီး ခရစ်ယာန်များသည် “နှိမ့်ချသောစိတ်ရှိ၍” “ခရစ်တော်ယေရှု ... သည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့် ပြည့်စုံလျက်ရှိနှင့်သော်လည်း ဘုရားသခင်နှင့်ဂုဏ်ရည်တူညီသည့်အဖြစ်ကို လုယူဖို့ရန် ထည့်မစဉ်းစား။ ... မိမိ၏အသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်လျက် လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံယူတော်မူ၏။ ထိုမှတစ်ပါး လူ၏အသွင်နှင့်နေတော်မူရာ ကိုယ်ကိုနှိမ့်ချ၍ နှက်တိုင်ပေါ်၌ အသတ်ခံရသည်တိုင် နားထောင်မှုပြခဲ့၏” ဟုတမန်တော်ပေါလု ဩဝါဒပေးခဲ့ခြင်းသည် အလွန်လျောက်ပတ်ပေသည်။ ဘဝအသက်တာတော်တွင် အကြီးမားဆုံးအရေးအကြောင်းကို ရင်ဆိုင်တော်မူခဲ့ချိန်၌ ခမည်းတော်ထံ “အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” ဟုနှိမ့်ချစွာ ဆုတောင်းတော်မူခဲ့သည်။ (မဿဲ ၂၆:၃၉) ယေရှုခရစ်၏ ခြေရာတော်ကို ထက်ကြပ်မကွာ လိုက်လျှောက်သူ၊ ကိုယ်တော်ကျင့်တော်မူသည်နည်းတူ ကျင့်သူများဖြစ်ရန် အမှန်နှိမ့်ချကြရမည်။

နှိမ့်ချခြင်း ပုံသက်သေကောင်း၊ တမန်တော် ပေါလု

၉-၁၂။ တမန်တော်ပေါလုသည် အဘယ်နည်းများဖြင့် နှိမ့်ချခြင်းပုံသက်သေကောင်း တင်ပြခဲ့သနည်း။

၉ တမန်တော်ပေါလုက– “ငါသည် ခရစ်တော်၏နည်းတူ ကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူ ကျင့်ကြလော့” ဟုရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၁:၁) တမန်တော်ပေါလုသည် နှိမ့်ချသောစိတ်ရှိခြင်းအားဖြင့် ယေရှုခရစ်ကို တုပခဲ့သလော၊ သို့နှင့် ကျွန်ုပ်တို့အတုယူစရာ နှိမ့်ချခြင်းပုံသက်သေ နောက်တစ်ဦးဖြစ်ပါသလော။ အမှန်တကယ်ပင် ဖြစ်ပါသည်။ မိမိသည် ယေရှုခရစ်၏ကျွန်ဖြစ်ကြောင်း အစအဦး၌ပင် နှိမ့်ချစွာ သူအသိအမှတ်ပြု ဖော်ပြခဲ့သည်။ (ဖိလိပ္ပိ ၁:၁) ‘အလွန်နှိမ့်ချသောစိတ်ရှိလျက် မျက်ရည်ကျလျက် ယုဒလူတို့၏ မကောင်းသောအကြံအားဖြင့် စုံစမ်းနှောင့်ယှက်ခြင်းကို ခံလျက် သခင်ဘုရား၏အမှုတော်ကို သူဆောင်ရွက်’ ကြောင်း ဧဖက်မြို့မှအကြီးအကဲများအား ပြောဆိုခဲ့ပါသည်။ (တမန်တော် ၂၀:၁၇-၁၉) နှိမ့်ချခြင်းရှိသူသာမဟုတ်လျှင် ရောမ ၇:၁၈၊ ၁၉ ပါစကားများကို သူအဘယ်နည်းဖြင့်မျှ ရေးသားခဲ့မည်မဟုတ်ပါ– “ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မတည်သည်ကို ငါသိ၏။ . . . ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကို ကျင့်၏။”

၁၀ ၁ ကောရိန္သု ၂:၃ (ကဘ) တွင်မှတ်တမ်းတင်ထားသည့် ကောရိန္သုမြို့ရှိ ခရစ်ယာန်များထံ ပေါလုရေးသားခဲ့သောစာကလည်း သူ၏နှိမ့်ချခြင်းကို ဖော်ပြပါသည်– “သင်တို့နှင့်အတူငါရှိနေသောအခါ အားနည်းခြင်း၊ အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့်တကွငါရှိနေ၏။” ခရစ်ယာန်မဖြစ်မီ အတိတ်ဘဝအကြောင်းကို နှိမ့်ချစွာ ဖော်ပြကာ “ငါသည် ကဲ့ရဲ့သောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူဖြစ်ဖူးသော်လည်း . . . ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ ဤလောကသို့ ကြွလာတော်မူသည်။ . . . အပြစ်ရှိသောသူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏” ဟုရေးသားခဲ့သည်။—၁ တိမောသေ ၁:၁၃၊ ၁၅။

၁၁ သူကြိုးပမ်းခဲ့၍ အောင်မြင်မှုရရှိခြင်းသည် ယေဟောဝါဘုရားသခင်ကြောင့်ဖြစ်ကြောင်း နှိမ့်ချစွာ ထပ်ဆင့်ဖော်ပြသည်။ သူ၏ဓမ္မအမှုနှင့်ပတ်သက်၍ “ငါသည် စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကို ကြီးပွားစေသောသူကား ဘုရားသခင်ပေတည်း။ စိုက်ပျိုးသောသူမတတ်နိုင်။ ရေလောင်းသောသူလည်း မတတ်နိုင်။ ကြီးပွားစေတော်မူသောဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏” ဟူ၍ရေးသားခဲ့သည်။ (၁ ကောရိန္သု ၃:၆၊ ၇) မိမိသည် ကောင်းစွာသက်သေခံနိုင်မည်အကြောင်း ညီအစ်ကိုများ ဆုတောင်းပေးကြပါရန် တောင်းပန်ခဲ့ကြောင်း ဧဖက် ၆:၁၈-၂၀ တွင်လည်း ကျွန်ုပ်တို့ဖတ်ရှုရသည်– “ငါသည် ဧဝံဂေလိတရား . . . ၏နက်နဲသောအရာကို ဖော်ပြခြင်းငှာ . . . ထိုတရားကို ဟောပြောအပ်သည်နှင့်အညီ ရဲရင့်စွာ ဟောပြောမည်အကြောင်း ငါ့အဖို့လည်း ဆုတောင်းကြလော့။”

၁၂ အခြားတမန်တော်များနှင့် ပူးပေါင်းဆောင်ရွက်ပုံအားဖြင့်လည်း ပေါလုသည် နှိမ့်ချခြင်းကို တင်ပြခဲ့သည်– “ယာကုပ်၊ ကေဖ၊ ယောဟန်တို့သည်လည်း . . . မိမိတို့သည် အရေဖျားလှီးခြင်းကိုခံသောသူတို့ဆီသို့သွားမည်အကြောင်းနှင့် ငါတို့သည် တစ်ပါးအမျိုးသားတို့ဆီသို့သွားမည်အကြောင်း လက်ယာလက်ခံခြင်းကို ဗာနဗနှင့်ငါ့အား ပေးကြ၏။” (ဂလာတိ ၂:၉) လူငယ်လေးဦးနှင့် ဗိမာန်တော်သို့လိုက်သွား၍ သူတို့၏သစ္စာကတိကဝတ်ပြုခြင်းတွင်ကုန်ကျစရိတ်ခံပေးခြင်းအားဖြင့် ယေရုရှလင်အသင်းတော်ရှိ အကြီးအကဲများနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိကြောင်း သူတင်ပြပါသေးသည်။—တမန်တော် ၂၁:၂၃-၂၆။

၁၃။ ပေါလု၏နှိမ့်ချခြင်းကို ဘာက ဤမျှမှတ်သားဖွယ်ဖြစ်စေခဲ့သနည်း။

၁၃ ပေါလုကို ယေဟောဝါဘုရားသခင် ထူးခြားစွာအသုံးပြုတော်မူခဲ့ကြောင်း သတိပြုသည့်အခါ သူ၏နှိမ့်ချမှုသည် အလွန်မှတ်သားဖွယ်ဖြစ်ကြောင်း ထင်ရှားပါသည်။ ဥပမာ၊ “ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန်တရာထူးဆန်းသောတန်ခိုးများကို ပြတော်မူသည်” ဟုဖတ်ရှုကြရသည်။ (တမန်တော် ၁၉:၁၁၊ ၁၂) ထိုထက်ကား ထူးဆန်းသောရူပါရုံနှင့် ဗျာဒိတ်တော်များကို သူ့အားပေးကမ်းခဲ့သည်။ (၂ ကောရိန္သု ၁၂:၁-၇) ခရစ်ယာန်ဂရိကျမ်းစာစောင် (အမှန်မှာ စာများ) ၂၇ စောင် အနက် ၁၄ စောင်ကိုရေးသားရန် သူမှုတ်သွင်းခံရကြောင်းကိုလည်း ကျွန်ုပ်တို့လျစ်လျူမရှုသင့်ပါ။ ယင်းတို့ကြောင့် သူ့သွေး နားထင်မရောက်ခဲ့ချေ။ နှိမ့်ချမှု ဆက်ပြခဲ့ပါသည်။

မျက်မှောက်ခေတ် ပုံသက်သေများ

၁၄-၁၆။ (က) ကင်းမျှော်စင်အသင်း ပထမမြောက်ဥက္ကဋ္ဌ၏ နှိမ့်ချခြင်းဆိုင်ရာ ပုံသက်သေကောင်းကားအဘယ်နည်း။ (ခ) သူ၏ပုံသက်သေသည် မည်သူ၏ပုံသက်သေနှင့် သိသိသာသာကွဲပြားသနည်း။

၁၄ ဟေဗြဲ ၁၃:၇ (ကဘ) တွင်တမန်တော်ပေါလုက “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို သင်တို့အားဟောပြော၍ သင်တို့ကိုအုပ်ထိန်းသူတို့အား သတိရလျက်နေကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူကြောင်း စေ့စေ့ဆင်ခြင်ပြီး သူတို့၏ယုံကြည်ခြင်းကိုတုပလုပ်ကိုင်လော့” ဟုသြဝါဒပေးခဲ့သည်။ ဤစည်းမျဉ်းမူနှင့်အညီ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၏ ပထမမြောက်ဥက္ကဌ ချားလ်စ် တေဇ် ရပ်စယ်လ်၏ယုံကြည်ခြင်းကို တုပနိုင်သည့်မျက်မှောက်ခေတ် ပုံသက်သေတစ်ခုအဖြစ် တင်ပြနိုင်ပါသည်။ သူသည် နှိမ့်ချသူတစ်ဦး ဖြစ်ခဲ့ပါသလော။ အမှန်တကယ်ပင် ဖြစ်သည်! စာမျက်နှာ ၃,၀၀၀ ခန့်ရှိ သူ၏ ကျမ်းစာစောင်များကို လေ့လာခြင်း စာအုပ် ခြောက်တွဲတွင် သူ့အကြောင်းသူ တစ်ကြိမ်မျှမဖော်ခဲ့ကြောင်းကို ကောင်းစွာသတိပြုခဲ့ကြရပြီ။ ယနေ့ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းထုတ် စာအုပ်စာတမ်းအားလုံးသည် ဤမူအတိုင်းပင် ဆောင်းပါးရေးသူများအား သိသာထင်ရှားစေခြင်းဖြင့် လူကိုအာရုံစိုက်စေခြင်းမပြုပါ။

၁၅ သူ့အား အတိုက်အခံပြုသူများ အသုံးပြုခဲ့ကြသည့် “ရပ်စယ်လ်ဝါဒ” နှင့် “ရပ်စယ်လ်ဝါဒီ” စသည်တို့ကိုမိမိမသိရှိကြောင်း ကင်းမျှော်စင်တွင် တစ်ချိန်က ရပ်စယ်လ်ရေးသားခဲ့ပါသည်။ သူက “ကျွန်ုပ်တို့၏လုပ်ငန်းမှာ . . . ကြာမြင့်စွာ ပျံ့လွင့်နေခဲ့သော သမ္မာတရား အစိတ်အပိုင်းများကို—အသစ်အဖြစ်မဟုတ်၊ ကိုယ်ပိုင် မဟုတ်၊ သခင့်တရားအဖြစ် စုစည်းပြီး သခင့်လူမျိုးအား တင်ပြပေးရန် ဖြစ်ခဲ့ပြီ . . . ကျွန်ုပ်တို့၏ နှိမ့်ချသောစွမ်းရည်ကို အသုံးပြုရန် သခင်အလိုတော်ရှိသည့်လုပ်ငန်းသည် စတင်တီထွင်ခြင်းအလုပ်မဟုတ်ဘဲ ပြန်လည်ပျိုးထောင်ပြုပြင်၍ ညီညွတ်ဆီလျော်စေသည့်လုပ်ငန်းဖြစ်ပေသည်” ဟုဆိုပါသည်။ ၁ ကောရိန္သု ၃:၅-၇ ပါတမန်တော်ပေါလု၏သဘောထားကို သူအမှန်တကယ် တင်ပြနေခြင်းဖြစ်သည်။

၁၆ သူ၏စိတ်နေသဘောထားသည် ချားလ်စ် ဒါဝင်၏ စိတ်ထားနှင့် လုံးဝဆန့်ကျင်ပါသည်။ ၁၈၅၉ ခုနှစ်က မျိုးစိတ်တို့၏ မူလအစ ပထမထုတ်တွင် ဒါဝင်သည် ဆင့်ကဲအယူနှင့်စပ်လျဉ်း၍ သူ့ထက်အရင် အခြားသူများပြောဆိုခဲ့သောစကားများကို လျစ်လျူရှုထားကာ “အကျွန်ုပ်” သီအိုရီဟူ၍ ကြိမ်ဖန်များစွာ ဖော်ပြထားပါသည်။ ထိုရာစုနှစ်တွင် နာမည်ကျော်စာရေးဆရာတစ်ဦးဖြစ်ခဲ့သူ ဆဲမျူအယ်လ် ဗတလာက အခြားသူမြောက်မြားစွာတို့သည် ဆင့်ကဲအယူကို ဒါဝင်ထက်အရင် တင်ပြခဲ့ဖူးပြီဖြစ်ရာ ဒါဝင်၏ မူပိုင်အယူအဆ အဘယ်နည်းဖြင့်မျှမဟုတ်နိုင်ကြောင်း ဒါဝင်ကို ထိုးနှက်ပြောဆိုခဲ့သည်။

၁၇။ ညီအစ်ကိုရပ်သဖော့ဒ်၏နှိမ့်ချခြင်းနှင့်စပ်လျဉ်း၍ ထပ်ဆင့်တင်ပြနိုင်စရာ ဥပမာကား အဘယ်နည်း။

၁၇ မျက်မှောက်ခေတ်တွင် ယေဟောဝါဘုရားသခင် များစွာအသုံးပြုခဲ့သော အခြားသစ္စာရှိကျေးကျွန်တစ်ဦးမှာ အစကနဦးတွင် ဖော်ပြခဲ့သူ ဂျိုးဇက်အက်ဖ်ရပ်သဖော့ဒ်ဖြစ်သည်။ သူသည် အထူးသဖြင့် ယေဟောဝါနာမတော်နှင့် သမ္မာတရားကို ရဲရင့်စွာထောက်ခံပြောဆိုခဲ့သူဖြစ်သည်။ တရားသူကြီးရပ်သဖော့ဒ်ဟု အများသိကြသော်လည်း သူသည် စိတ်ရင်းသဘောအရ နှိမ့်ချမှုရှိသူတစ်ဦးဖြစ်ပါသည်။ ဥပမာ၊ ၁၉၂၅ ခုနှစ်တွင် ခရစ်ယာန်များသည် အဘယ်အရာများကို စောင့်မျှော်နိုင်ကြောင်း တစ်ယူသန်ဆန်ဆန်စကားများကို တစ်ကြိမ်က သူပြောဆိုမိပါသည်။ သူထင်မြင်သည့်အတိုင်း မဖြစ်လာသည့်အခါ မိမိသည် ကောင်းမွန်စွာဝေဖန်တတ်သည့်ဉာဏ်ကိုမသုံးခဲ့ကြောင်း ဘရုတ်ကလင်ဗေသလမိသားစုရှေ့တွင် နှိမ့်ချစွာ ဝန်ခံပြောဆိုပါသည်။ ညီအစ်ကိုရပ်သဖော့ဒ်သည် မဆင်ခြင်ဘဲပြောဆိုမိသည့်စကားတစ်ခွန်းကြောင့် ခရစ်ယာန်ချင်းတစ်ဦးအား စိတ်ထိခိုက်စေခဲ့သည့်အခါ မဿဲ ၅:၂၃၊ ၂၄ နှင့်အညီ လူရှေ့နှင့် နှစ်ကိုယ်ကြား တောင်းပန်ခဲ့သည်ကို ကြိမ်ဖန်များစွာ ကြားဖူးကြောင်း သူနှင့် ရင်းနှီးသူ ဘိသိက်ခံခရစ်ယာန်တစ်ဦးက ပြောပြပါသည်။ အခွင့်အာဏာရှိသူတစ်ဦးသည် မိမိလက်အောက်ခံတစ်ဦးကို ဝန်ချတောင်းပန်ရန် သူ့မှာ နှိမ့်ချမှုရှိရန်လိုပါသည်။ ညီအစ်ကိုရပ်သဖော့ဒ်သည် အသင်းတော်တွင်၊ နယ်လှည့်လုပ်ငန်းတွင်၊ သို့မဟုတ် အသင်းမ၏ ဌာနခွဲ တစ်ခုခုတွင်ရှိ အကြီးအကဲများအတွက် အလွန်ကောင်းသော ပုံသက်သေဖြစ်ပါသည်။

၁၈။ အသင်းမ၏ တတိယမြောက်ဥက္ကဌသည် နှိမ့်ချသောသဘော ထင်ရှားစေသည့် အဘယ်စကားများကို ပြောဆိုခဲ့သနည်း။

၁၈ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၏ တတိယမြောက်ဥက္ကဌ၊ နေသန်အိပ်ချ်နောရ်သည်လည်း ယေဟောဝါ၏ လူများစပ်ကြား ထင်ပေါ်ကျော်ကြားသူဖြစ်လျက်ပင် သူ၏အဆင့်ရာထူးကြောင့် ဂုဏ်မမောက်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ သူသည် ဖွဲ့စည်းစီစဉ်ခြင်းနှင့် လူထုဟောပြောချက်ပေးခြင်းဘက် အရည်အချင်းပြည့်ဝသူဖြစ်သော်လည်း သူတစ်ပါး၏အလုပ်ကို တန်ဖိုးထား လေးစားတတ်သည်။ သို့ဖြစ်၍ ပြုစုရေးသားဌာနဝင်တစ်ဦး၏ ရုံးခန်းသို့ တစ်ချိန်က သူရောက်သွားသောအခါ “ဤနေရာတွင် အရေးအကြီးဆုံးနှင့် အခက်ဆုံးလုပ်ငန်းကို ဆောင်ရွက်ပါသည်။ သို့ဖြစ်သောကြောင့် ဤအလုပ်မျိုးကို ကျွန်တော်အနည်းအကျဉ်းသာ လုပ်ကိုင်သည်” ဟုပြောဆိုခဲ့ပါသည်။ မှန်ပါသည်။ ဖိလိပ္ပိ ၂:၃ ပါသြဝါဒကို နှိမ့်ချစွာကျင့်သုံး၍ ‘သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ဖြင့်’ ပြောဆိုနေခြင်းဖြစ်သည်။ အဖွဲ့အစည်း၏ဥက္ကဌအဖြစ် အမှုဆောင်ရွက်ခြင်းသည် အရေးကြီးသည်မှန်သော်လည်း အခြားလုပ်ငန်းများပါ အရေးကြီးကြောင်းကို သူအသိအမှတ်ပြုတန်ဖိုးထားခဲ့ပါသည်။ သူ့အနေနှင့် ထိုစိတ်ထားမျိုးရှိပြီး ယင်းသို့ပွင့်လင်းစွာဖွင့်ဟပြောဆိုရန် နှိမ့်ချမှုရှိဖို့လိုပါသည်။ အထူးသဖြင့် ကြီးကြပ်ကွပ်ကဲရသည့် ထင်ပေါ်သောအဆင့်ရာထူးရှိသူများအတွက် သူသည်လည်း တုပစရာ ပုံသက်သေကောင်းဖြစ်ပါသည်။

၁၉၊ ၂၀။ (က) အသင်းမ၏ စတုတ္ထမြောက်ဥက္ကဌသည် နှိမ့်ချခြင်းဆိုင်ရာ အဘယ်ပုံသက်သေကောင်းကို တင်ပြခဲ့သနည်း။ (ခ) နှိမ့်ချခြင်းရှိနိုင်ကြရန် နောက်ဆက်တွဲဆောင်းပါးက အဘယ်သို့ကူညီပေးမည်နည်း။

၁၉ အဖွဲ့အစည်း၏ စတုတ္ထမြောက်ဥက္ကဌ ဖရက် ဒဗလျူ ဖရန့်ဇ်သည်လည်း နှိမ့်ချခြင်းပုံသက်သေကောင်းသူဖြစ်သည်။ ၃၂ နှစ်ခန့် အဖွဲ့အစည်း၏ ဒုဥက္ကဌအဖြစ်အမှုထမ်းစဉ် မဂ္ဂဇင်းများနှင့် စည်းဝေးပွဲကြီးများအတွက် အစီအစဉ်များစွာကို သူရေးသားခဲ့ပါသည်။ သို့ပြုခဲ့သော်လည်း အမြဲမိမိနာမည်ကိုမဖော်၊ ပေါ်လွင်ထင်ရှားရန်လည်းတစ်ခါမျှ မရှာကြံပါ။ ရှေးခေတ် နှိုင်းယှဉ်ချက်တစ်ခုကို ကိုးကားပြနိုင်ပါသည်။ အမ္မုန်လူမျိုးအား ရဗ္ဗာမြို့၌ နိုင်နင်းခဲ့ချိန်တွင် ဒါဝိဒ်အားအောင်ပွဲခံယူသူအဖြစ်သေချာရန် ယွာဘပြုလုပ်ခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၂:၂၆-၂၈။

၂၀ ကျွန်ုပ်တို့နှိမ့်ချမှုရှိစေရန်အကြောင်း တိုက်တွန်းပေးသည့် ယခင်နှင့်ယခုကာလတွင် ကောင်းသော ပုံသက်သေမြောက်မြားစွာရှိသည်မှာ အမှန်။ သို့ရာတွင် နှိမ့်ချနိုင်စရာ အခြားအကြောင်းများရှိသေး၍ ယင်းတို့နှင့်အတူ နှိမ့်ချခြင်းငှာ အထောက်အကူပြုသည့်အကြောင်းများကို နောက်ဆက်တွဲဆောင်းပါးတွင် သုံးသပ်ကြပါမည်။

[အောက်ခြေမှတ်ချက်များ]

a “နှိမ့်ချ၍” ကို “အခြေမြင့်သည့်ပုံစံဖမ်း” သည့်အဓိပ္ပာယ်မျိုးဖြင့် ဆက်စပ်အသုံးပြုလေ့ရှိသည်။ သို့သော် ယင်း၏အဓိကအနက်ဖွင့်ဆိုချက်—ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင်ပါသော အနက်အဓိပ္ပာယ်—မှာ “လိုက်လျောသည်၊” “အဆင့်ရာထူး၏အခွင့်အရေးကို လက်လွှတ်အလျှော့ပေးသည်” ဖြစ်သည်။—ဝက်ဘ်စတား၏ နဝမ ကောလိပ်အဘိဓာန်သစ်။

b ထွက်မြောက်ရာ ၃၄:၆; တောလည်ရာ ၁၄:၁၈; နေဟမိ ၉:၁၇; ဆာလံ ၈၆:၁၅; ၁၀၃:၈; ၁၄၅:၈; ယောလ ၂:၁၃; ယောန ၄:၂; နာဟုံ ၁:၃။

သင်မှတ်မိသလော

◻ မာနထောင်လွှားခြင်းအသီးတို့ကား အဘယ်နည်း။

◻ နှိမ့်ချခြင်းဆိုင်ရာ အကောင်းဆုံးပုံသက်သေကို မည်သူပြသခဲ့သနည်း။

◻ နှိမ့်ချခြင်းဆိုင်ရာ ဒုတိယအကောင်းဆုံးပုံသက်သေသည် မည်သူဖြစ်ကြောင်း အဘယ်အရာကပြသနည်း။

◻ နှိမ့်ချခြင်းဆိုင်ရာ အဘယ်ပုံသက်သေကောင်းကို တမန်တော်ပေါလု တင်ပြခဲ့သနည်း။

◻ နှိမ့်ချခြင်းဆိုင်ရာ အဘယ်ထင်ရှားသော မျက်မှောက်ခေတ် ပုံသက်သေများ ရှိသနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

နှိမ့်ချခြင်းရှိကြောင်း ယေရှု ကောင်းမွန်စွာ ဖော်ပြတော်မူ၏

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

နှိမ့်ချခြင်းပုံသက်သေကောင်းတစ်ခုကို ပေါလု တင်ပြခဲ့

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ညီအစ်ကိုရပ်စယ်လ်သည် မိမိအရေးအသားများအတွက် မိမိဂုဏ်မဖော်ခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ