အရှေ့နှင့်အနောက်ရှိ၊ မိမိလူများကို ယေဟောဝါခိုင်ခံ့စေ
ဟောပြောခြင်းလုပ်ငန်းပိတ်ပင်ခံရသည့်ဒေသများ၊ အဓမ္မမှုထူပြောသည့်နိုင်ငံများနှင့် မကြာသေးမီက ပိတ်ပင်မှုကိုရုပ်သိမ်းလိုက်သောတိုင်းပြည်များ—မှန်ပေစွ၊ ကမ္ဘာအနှံ့ကျယ်ပြန့်သည့်လယ်ကွင်းပြင်—ရှိမိမိ၏သက်သေများအား ယေဟောဝါသည် “သာမန်ထက်ထူးကဲသောအစွမ်းတန်ခိုး” ကို ဆက်၍ပေးနေတော်မူသည်။—၂ ကောရိန္သု ၄:၇၊ ကဘ။
ပိတ်ပင်မှုအောက်ဖြစ်မြောက်အောင်မြင်ခြင်း
အရှေ့ဖျားဒေသရှိကျွန်းစုတစ်ခုတွင် ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်လာခဲ့သည်မှာ ယခုထိဆိုလျှင် ၁၇ နှစ်ရှိပေပြီ။ သက်သေခံများစိတ်ဓာတ်ကျဆင်းခဲ့သလော။ လုံးဝမကျဆင်းပါလေ! လွန်ခဲ့သည့်မေလက အများဆုံးကြေညာသူနှုန်းသစ်ဖြစ်သော ၁၀,၇၅၆ ယောက်ရရှိခဲ့ပြီး ၁,၂၉၇ ယောက်မှာ အချိန်ပြည့်ဓမ္မအမှုဆောင်များဖြစ်ကြသည်။ ကမ္ဘာ့အခြေအနေယိုယွင်းကျဆင်းလာသည်နှင့်အမျှ ကျွန်းသူကျွန်းသားများသည် သမ္မာတရားကိုပို၍နားထောင်လိုလာကြသည်။ ထို့ကြောင့် စိတ်ဝင်စားသူများ၏အိမ်တွင် ပြုလုပ်သောကျမ်းစာသင်အံမှုပေါင်း ၁၅,၆၅၄ ခုမှတ်တမ်းရရှိသည်။ အစောပိုင်းက တိုးတိုးတိတ်တိတ်ကျင်းပသည့် ယေရှု၏သေခြင်းကိုသတိရသောပွဲသို့ တက်ရောက်သူ ၂၅,၃၉၇ ယောက်ရှိခဲ့သည်။
“မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲကြီး—ဒေသအခြေအနေအရ သတိပညာရှိစွာ—ကျင်းပသောအခါ ညီအစ်ကိုညီအစ်မများသည် အမေရိကန်ပြည်ထောင်စုတွင် ထုတ်ဝေကြေညာသောစာအုပ်ကို ဒေသခံဘာသာစကားဖြင့်ရရှိခဲ့ကြသည့်အတွက် အလွန်ဝမ်းမြောက်ကြသည်။ စာမျက်နှာရာချီရှိသော အဓိကထုတ်ဝေကြေညာမည့်စာအုပ်အတွက် ပြင်ဆင်မှုများပြုနိုင်ရန် ဘာသာပြန်သူများ၊ စာပြင်သူများနှင့် အခြားသူများတို့သည် အချိန်ပိုစေတနာ့ဝန်ထမ်းလုပ်အားပေးခဲ့ကြရသည်။ ပူးပေါင်းလုပ်ဆောင်လိုသည့် သက်သေခံမဟုတ်သော အပြင်ပုံနှိပ်တိုက်ကလည်း သဘောကျနှစ်သက်ဖွယ်ကောင်းသော ပုံနှိပ်ခြင်း၊ ချုပ်လုပ်ခြင်းတို့ကို ပျော်ရွှင်စွာလုပ်ကိုင်ပေးကြသည်။ စည်းဝေးပွဲတက်ရောက်သူများသည် လှပသောရောင်စုံရုပ်ပုံပေါင်း တစ်ထောင်ကျော်ပါဝင်သည့်စာအုပ်ကို ရရှိကြသည့်အတွက် ဝမ်းသာခဲ့ကြသည်။ အစိုးရအရာရှိများစွာတို့သည် ယေဟောဝါသက်သေများကို လေးစားကြသည်။ ဆန့်ကျင်မှုများသည် အဓိကအားဖြင့် ခရစ်ယာန်ဘောင်ဓမ္မဆရာများထံမှဖြစ်သည်။ မကြာမီ ပိတ်ပင်မှုကိုရုပ်သိမ်းပေးမည်ဟု မျှော်လင့်ရသည်။
အမေရိကနိုင်ငံများကောမည်သို့နည်း
ဤအနောက်နိုင်ငံများရှိယေဟောဝါသက်သေများသည် မိမိတို့၏ပြဿနာများကို ရဲရင့်စွာကြိုးစားပမ်းစားရင်ဆိုင်ဖြေရှင်းခြင်းအားဖြင့် အရှေ့တိုင်းရှိမိမိတို့၏ညီအစ်ကိုများနှင့် တစ်စည်းတစ်လုံးတည်းဖြစ်နေကြပြီး ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်က ခက်ခဲသောအခြေအနေများကို အောင်မြင်ကျော်လွှားနိုင်ရန် သူတို့အားကူညီပေးသည်။ မူးယစ်ဆေးဝါးထိန်းချုပ်တားဆီးရေးအဖွဲ့ဝင်များ တောနင်းလှည့်လည်လျက်ရှိသည့် လက်တင်အမေရိကန်နိုင်ငံကို ဥပမာအဖြစ်ကြည့်ပါ။
ဝေးလံသည့်ရပ်ကွက်တစ်ခုသို့ သက်သေခံတစ်စု ဘတ်စကားဖြင့်သွားကြသည်။ သူတို့ဘတ်စကားပေါ်မှဆင်းသောအခါ ရွာမှနေ၍ခွဲထွက်သွားသော တောလမ်းကလေးတစ်ခုကို သတိထားမိကြသည်။ ထို့ကြောင့် ထိုတွင်ပါသောညီအစ်ကိုငါးယောက်တို့က ညီအစ်မများနှင့်ကလေးများကို ရွာထဲတွင်အမှုဆောင်နေရစ်စေပြီး ထိုလမ်းမြှောင်ကလေးမည်သည့်နေရာသို့ရောက်သည်ကို လိုက်ကြည့်ကြသည်။ ညီအစ်ကိုတစ်ယောက်ပြန်ပြောပြသည်မှာ–
“အဲဒီလမ်းအတိုင်း နှစ်နာရီလောက်လျှောက်သွားလိုက်တဲ့အခါ အိမ်လေးအနည်းငယ်တွေ့ရတယ်။ အဲဒီမှာ မျက်နှာဖုံးစွပ်လက်နက်ကိုင်ရှစ်ယောက် တောထဲကရုတ်တရက်ထွက်လာကြတယ်။ တချို့က မောင်းပြန်သေနတ်တွေပါပြီး၊ တချို့က ဓားမတွေကိုင်ထားကြတယ်။ ကျွန်တော်တို့ဘာကြုံရသလဲ။ သူတို့ဘာအလိုရှိသလဲလို့ ကျွန်တော်တို့စမေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကိုတိတ်တိတ်နေခိုင်းပြီး ရှေ့ကိုဆက်သွားခိုင်းတယ်။ ကျွန်တော်တို့သွားလိုက်တယ်! ထူထပ်တဲ့ချုံနွယ်ပိတ်ပေါင်းတွေနဲ့ တောကြီးမျက်မည်းထဲမှာ နောက်ထပ်နှစ်နာရီလောက် လျှောက်သွားပြီးတဲ့အခါကျမှ လက်နက်ကိုင်တပ်တစ်တပ်ကိုရောက်လာမှန်း ကျွန်တော်တို့သဘောပေါက်သွားတယ်။ နေရာတိုင်းမှာ သေနတ်ကိုင်အစောင့်တွေရှိနေတယ်။ အလယ်ဗဟိုမှာရှိတဲ့ စနစ်တကျဆောက်ထားတဲ့အိမ်တစ်လုံးဆီကို ကျွန်တော်တို့ခေါ်သွားခံရတယ်။
“ကျွန်တော်တို့ထိုင်လိုက်တဲ့အခါ စခန်းခေါင်းဆောင်နဲ့တူတဲ့လူတစ်ယောက်နဲ့ မိတ်ဆက်ခံရတယ်။ သူဟာ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး ကောင်းကောင်းပညာတတ်တယ်၊ အတော်ကိုလည်း တည်ကြည်ခန့်ညားတယ်။ ကျွန်တော်တို့ညီအစ်ကိုတွေထဲက တစ်ယောက်ကိုလက်ညှိုးထိုးပြီး မတ်တပ်ရပ်ခိုင်းတယ်။ ပြီးတော့ သူ့ကိုဒီလိုမေးလိုက်တယ်– ‘ဒို့အဖွဲ့ကို မင်းတို့ဘယ်လိုထင်သလဲ။’ ကျွန်တော်တို့ဘယ်ကိုရောက်နေတယ်ဆိုတာ ကောင်းကောင်းသိလိုက်တာနဲ့ ညီအစ်ကိုက ဒီလိုပြန်ဖြေတယ်– ‘ဟုတ်ကဲ့၊ ခင်ဗျားတို့အဖွဲ့အကြောင်း ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့၊ ခင်ဗျားတို့အဖွဲ့ကိုရော ဘယ်နိုင်ငံရေးအဖွဲ့ကိုမှ ကျွန်တော်တို့စိတ်မဝင်စားဘူး။ ကျွန်တော်တို့ဒီကိုရောက်လာရတဲ့အကြောင်းက ယေရှုအုပ်ချုပ်မဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ဟောပြောဖို့ပဲ။ မကြာခင် အဲဒီနိုင်ငံက ဒီမြေကြီးပေါ်မှာရှိတဲ့လူတွေကို ပရဒိသု—ဘယ်အဖွဲ့ကမှ ဒါမှမဟုတ် ဘယ်လူသားတစ်ယောက်ယောက်ကမှ လုပ်မပေးနိုင်တဲ့ အခြေအနေအားဖြင့် အံ့မခန်းကောင်းချီးတွေကို ယူလာပေးမယ်။’
“အဲဒီလူသဘောထားပြောင်းသွားတယ်။ မေးခွန်းတွေစမေးလာတယ်။ ‘ဒါတွေကို မင်းတို့ဘယ်ကနေသိတာလဲ။ ဒီလိုပြောတတ်အောင် မင်းတို့ဘယ်လိုပြင်ဆင်ထားသလဲ။’ တစ်နာရီခွဲလောက်အထိ ကမ္ဘာ့အခြေအနေတွေနဲ့ပတ်သက်ပြီး ကောင်းကောင်းသက်သေခံခွင့်နဲ့ ကျမ်းစာဖော်ပြတဲ့ လူသားတွေရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ကို တင်ပြခွင့်ရကြတယ်။ ရောမအခန်းကြီး ၁၃ မှာ—အာဏာစက်တွေကို ကျွန်တော်တို့နာခံတဲ့အကြောင်း၊ ဒါပေမဲ့ ယေဟောဝါရဲ့နှုတ်ကပါဌ်တော်နဲ့ ဆန့်ကျင်ဘက်ဖြစ်လာရင်တော့ ကျွန်တော်တို့ရဲ့ဘုရားသခင်ယေဟောဝါကို ဦးစားပေးနာခံကြကြောင်းကိုလည်း ရှင်းပြကြတယ်။ နောက်ဆုံး ကျွန်တော်တို့မှာပါလာတဲ့စာအုပ်တွေကို သူ့ကိုပေးတယ်။ စာအုပ်သုံးအုပ်နဲ့ ကျမ်းစာအုပ်တစ်အုပ်ကို သူယူပြီးတော့ အဲဒါတွေအတွက် အလှူငွေပေးတာကို ကျွန်တော်တို့တအံ့တသြကြုံခဲ့ရတယ်။ အဲဒီစာအုပ်တွေကို ဖတ်မယ်လို့သူပြောတယ်။
“နောက်ကျတော့ ခေါင်းဆောင်ဖြစ်သူက ကျွန်တော်တို့ကိုစခန်းအပြင်ခေါ်သွားဖို့ သူ့လူတစ်ယောက်ကို မျက်ရိပ်ပြလိုက်တယ်။ မကြာခင် လယ်ကွင်းနောက်ထပ်တစ်မျိုးမှာ သက်သေခံခွင့်ရခဲ့တဲ့အတွက် ယေဟောဝါကိုကျေးဇူးတင်ကြရင်းနဲ့ ကျွန်တော်တို့လာလမ်းအတိုင်းပြန်ခဲ့ကြတယ်။”
အဓိကရုဏ်းဒဏ်ခံအာဖရိက
အရှေ့ဖျားဒေသနှင့် အနောက်ဖျားဒေသတို့၏အလယ်တွင် အာဖရိကတိုက်ရှိသည်။ လူမျိုးရေးစစ်က ထိုနေရာရှိနိုင်ငံအချို့တို့အား အကြမ်းဖက်မှုဝဲဂယက်လှိုင်းကြီးထဲသို့ ဆွဲခေါ်သွားသည်။ လိုင်ဘေးရီးယားတွင် ရုတ်တရက်ဖြစ်ပွားသောပြည်တွင်းစစ်ကြောင့် ယေဟောဝါ၏လူများအား အလွန်အမင်းထိခိုက်စေပြန်သည်။ အစ၌ ၁၉၉၂ အောက်တိုဘာနှင့်နိုဝင်ဘာလများအတွင်း မြို့တော်အတွင်းနှင့်အနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားသည်။ ထိုနောက် စစ်သည် တိုင်းပြည်အထက်ပိုင်းထိပျံ့နှံ့လာရာ အသင်းတော်များကွဲလွင့်ကုန်ပြီး ညီအစ်ကိုများလည်း အခြားသူများနှင့်အတူ တောထဲထွက်ပြေးကြရသည်။ သို့သော် သူတို့၏စိတ်ဇောထက်သန်မှုသည် မှေးမှိန်မသွားဘဲ ဆက်လက်ရှင်သန်နေခဲ့သည်။ သူတို့ထွက်ပြေးစဉ် ဟောပြောကြပြီး ယင်းက နိုင်ငံတွင်းရှိ အစွန်အဖျားကျသောဒေသများအား ကောင်းစွာသက်သေခံခွင့်ကို ဖြစ်စေသည်။
ထွက်ပြေးခဲ့သောညီအစ်ကိုများ၏ အသင်းတော်တစ်ခုသည် ရော်ဘာတောတစ်ခုအလယ်တွင် ယာယီခန်းမတစ်ခုကို ဆောက်ထားကြသည်။ ရှေ့တန်းစခန်းအနီးရှိမြို့တစ်မြို့၌ နေ့အချိန်တွင် မြို့နေလူထုသည် ဝေဟင်မှကြဲချသည့်ဗုံးဒဏ်မှလွတ်မြောက်ရန် အနီးအနားရှိရော်ဘာတောထဲသို့ ပြေးဝင်ခိုအောင်းလေ့ရှိသည်။ ဒေသခံညီအစ်ကိုများ (မွန်ရိုးဗီးယားမြို့တော်မှ နှင်ထုတ်ခံရသောညီအစ်ကိုများစွာပါဝင်) သည် လယ်ကွင်းဓမ္မအမှုဆောင်ခြင်းကို ဖွဲ့စည်းစီစဉ်ပြီး ရော်ဘာတောထဲတွင် ခိုအောင်းနေသူထောင်ပေါင်းများစွာတို့အား ဟောပြောနေလေ့ရှိသည်ပင်! လေယာဉ်တစ်စင်းရောက်လာလျှင် ညီအစ်ကိုညီအစ်မများသည် နီးရာကျင်းထဲသို့ခုန်ဝင်လိုက်ကြပြီး အန္တရာယ်ကင်းရှင်းသွားသောအခါ ဆက်၍သက်သေခံကြသည်။
အံ့ဩစရာကား ဤသို့ ပြည်တွင်းစစ်များဖြစ်ပွားနေသည့်ကြားမှ အသင်းမသို့မှတ်တမ်းပေးပို့နိုင်သော အသင်းတော်ကြေညာသူတစ်ထောင်ကျော်သည် ပျမ်းမျှနာရီ ၁၈.၁ ရရှိကြပြီး လစဉ်ကျမ်းစာသင်အံမှု ၃,၁၁၁ ခုမှတ်တမ်းသွင်းနိုင်ကြသည်။
လွန်ခဲ့သည့် လေးနှစ်များအတွင်းက အာဖရိကရှိနိုင်ငံပေါင်း ၁၈ နိုင်ငံတွင် ယေဟောဝါသက်သေများ၏လုပ်ငန်း ကန့်သတ်ထားခြင်းကို ရုပ်သိမ်းခဲ့သည်။ ထပ်၍ဝမ်းမြောက်စရာများရှိပါသည်! ၁၉၆၇၊ အောက်တိုဘာလ က မာလာဝီနိုင်ငံရှိ သက်သေခံများအပေါ်ပိတ်ပင်ထားမှုကို ဩဂုတ် ၁၂ တွင် ရုပ်သိမ်းခဲ့သည်။ မြေအောက်ဟောပြောခြင်းလုပ်ငန်းသည် အမြဲအောင်မြင်ခဲ့သည်။ ယခုသော် သက်သေခံများသည် လွတ်လပ်စွာဆက်လက်ဟောပြောနိုင်ကြပြီ။ သို့သော်လည်း နိုင်ထက်စီးနင်းသူများအားဖြင့် အသတ်ခံခဲ့ရသည့် သူတို့၏ချစ်လှစွာသောအဖော်များ ထမြောက်လာမည်ကို နှုတ်ဆက်ရန်စောင့်ရဦးမည်ဖြစ်သည်။
မိုဇမ်ဘစ်နိုင်ငံ၌ ၁၉၉၂ ခု၊ အောက်တိုဘာ ၄ ရက်တွင် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု အကျိုးသက်ရောက်လာခဲ့သည်။ လွန်ခဲ့သည့် ၁၆ နှစ်တစ်လျှောက် ပျက်စီးဆုံးရှုံးစေသည့်စစ်ပွဲကြောင့် ရောက်ရှိရန်မလွယ်ကူသောရပ်ကွက်များသို့ ရောက်ရှိကြပြီး၊ ကာရီယိုကိုဒေသမှ လွန်ခဲ့သည့်ခုနစ်နှစ်တိုင်တိုင် အဖွဲ့အစည်းနှင့် လုံးလုံးအဆက်အသွယ်ပြတ်သွားသော ညီအစ်ကိုညီအစ်မ ၃၇၅ ယောက်နှင့် ပြန်လည်ဆက်သွယ်နိုင်ခဲ့သည်။ ခရိုင်မြို့တော်ဖြစ်သည့် မီလန်ဇ်တွင် အထူးစည်းဝေးပွဲတစ်ရက် ကျင်းပကြသည်။ ထိုမြို့သည် မာလာဝီမှဒုက္ခသည်အများစုခိုဝင်သည့် ယေဟောဝါသက်သေများအတွက် ချွေးတပ်စခန်းနှင့် “ထပ်ဆင့်ပညာပေးရေး” စခန်းများအဖြစ် နာမည်ကြီးခဲ့သောမြို့ဖြစ်သည်။ မထင်မမှတ်သောအရေအတွက်ဖြစ်သည့် ၂,၉၁၅ ယောက်တက်ရောက်ခဲ့ကြပြီး ယေဟောဝါသက်သေများအားကြိုဆိုလက်ခံသော မြို့နယ်ကြီးကြပ်မှူးလည်း အပါအဝင်ဖြစ်သည်။ သို့နှင့် ယခင်က “ထပ်ဆင့်ပညာပေးရေး” စခန်းသည် ထိုနေ့အတွက် မြင့်မြတ်သောသွန်သင်ခြင်းစခန်းဖြစ်ခဲ့သည်။
သာသနာပြုတစ်ဦးဤသို့စာရေးသည်– “တေတဆာပြည်နယ် ဒုက္ခသည်စခန်းမှာရှိတဲ့ ကျွန်တော်တို့ညီအစ်ကိုတွေနဲ့ပတ်သက်လို့ ယူအဲန်အိတ်ချ်စီအာ (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) ကိုယ်စားလှယ်တစ်ယောက်ရဲ့ သတိထားမိတဲ့အချက်က စိတ်ဝင်စားစရာကောင်းတယ်။ ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့ကိုယ်ပိုင်အုပ်စုတွေဖွဲ့စည်းကြပြီး တခြားအုပ်စုတွေနဲ့သီးခြားနေကြတယ်လို့ သူကပြောတယ်။ ‘သူတို့အုပ်စုက ထိန်းသိမ်းကွပ်ကဲလို့ရတဲ့ တစ်ခုတည်းသောအုပ်စုဖြစ်တယ်။ ယေဟောဝါသက်သေတွေဟာ သန့်ရှင်းတယ်၊ စုစည်းမှုရှိတယ်၊ ပညာတတ်ကြတယ်’ လို့ သူကပြောတယ်။ နောက်တော့ ကျွန်တော်ကိုယ်တိုင် တောတွေအပေါ်ကဖြတ်ပြီးမြင်နိုင်အောင် လေယာဉ်နဲ့ကျွန်တော့်ကိုခေါ်သွားတယ်။ လေထဲရောက်တော့ လေယာဉ်မှူးက အုပ်စုနှစ်စုကိုညွှန်ပြတယ်။ တစ်စုက ရှုပ်ယှက်ခတ်ညစ်ပတ်ပေရေနေပြီးတော့ ရွှံ့အိမ်တွေက အစီအစဉ်မရှိရှုပ်ထွေးပြွတ်သိပ်နေတယ်။ နောက်တစ်စုကြတော့ အိမ်တွေကစနစ်တကျနဲ့ လမ်းများကအတန်းလိုက်ခွဲထားပေးတယ်။ အိမ်တွေက သန့်ရှင်းသပ်ရပ်တဲ့အသွင်အပြင်ရှိပြီး အိမ်ခြံဝင်းတွေလည်း လှည်းကျင်းထားကြတယ်။ တချို့ဆိုရင် အိမ်တွင်းဖြစ်သုတ်ဆေးတွေနဲ့တောင် သုတ်လိမ်းထားကြတယ်။ ‘ခင်ဗျားတို့အဖွဲ့က ဘယ်အဖွဲ့လည်းဆိုတာကြည့်ပေတော့’ လို့လေယာဉ်မှူးကပြောတယ်။ ဒီစခန်းမှာ ညီအစ်ကိုတွေကိုတွေ့ရတာ ကျွန်တော့်အတွက် မဟာဝမ်းသာစရာကြီးပဲ။ ခုအဲဒီသက်သေခံရွာမှာ အသင်းတော်ရှစ်ခုရှိပြီ။”
“လင်းယုန်တိုင်းပြည်” တွင်
ယူ.အက်စ် အမှတ်တံဆိပ်လင်းယုန်မဟုတ်ပါချေ! အရှေ့နှင့်အနောက်ကြားတွင် ဥရောပနိုင်ငံတစ်ခုဖြစ်သည့် အယ်လ်ဘေးနီးယားရှိပြီး ယင်းအမည်သည် ယင်း၏ရုံးသုံးဘာသာစကားအရ ရှခီပရီယာ ဖြစ်ကာ အဓိပ္ပာယ်မှာ “လင်းယုန်တိုင်းပြည်” ဖြစ်သည်။ နှစ်ပေါင်း ၅၀ ကြာ ယေဟောဝါသက်သေများအပေါ် ရက်စက်ကြမ်းကြုတ်သည့်ပိတ်ပင်မှုကို မကြာသေးမီကရုပ်သိမ်းလိုက်ပြီး သူတို့သည် အရှေ့နှင့်အနောက်တို့မှ သူတို့၏ညီအစ်ကိုများနှင့်အတူ စည်းလုံးစွာဖြင့် ဝတ်ပြုရေးလွတ်လပ်မှုတွင် ပျော်မွေ့နေနိုင်ကြပြီ။ သူတို့သည် အမှန် “ကာလအချိန်ကို ရွေးနှုတ်” ကြသူများဖြစ်သည်။ (ဧဖက် ၅:၁၆) အယ်လ်ဘေးနီးယားရာဇဝင်တွင် ပထမဆုံးအကြိမ်ဖြစ်သော တစ်ရက်အစည်းအဝေးကို မြို့တော်ဖြစ်သည့် တီရားနားမြို့ အမျိုးသားကပွဲရုံတွင် မတ်လ ၂၁ ရက်၊ တနင်္ဂနွေနေ့၌ ကျင်းပခဲ့သည်။ စနေနေ့နေ့လည်ပိုင်းတွင် စေတနာ့ဝန်ထမ်း ၇၅ ယောက်ပါသည့် သက်သေခံအဖွဲ့တစ်ဖွဲ့သည် ပျက်စီးယိုယွင်းနေသောစုဝေးရာအရပ်ကို သန့်ရှင်းသည့်အစည်းအဝေးခန်းမအဖြစ် အသွင်ပြောင်းလိုက်ကြသည်။ အုပ်ချုပ်ရေးမှူးကြက်သေသေသွားခဲ့ရသည်။ မှတ်သားစရာမှာ ထို ၇၅ ယောက်အဖွဲ့တွင် အယောက် ၂၀ သာနှစ်ခြင်းခံပြီးသူများဖြစ်ကြသည်တကား!
ရာသီဥတုအတော့ကိုကောင်းမွန်နေသည်။ ပင်လယ်ရပ်ခြားကိုယ်စားလှယ်များ ရောက်လာကြသောအခါ—အမူအရာအားဖြင့်လည်းကောင်း၊ ပွေ့ဖက်နှုတ်ဆက်ခြင်းအားဖြင့်လည်းကောင်း—ကြိုဆိုခံရကြခြင်းက ထိုအထူးအစည်းအဝေးနေ့ကို အလွန် ထူးခြားစေသည်။ လက်ဖဝါးများကို မိုးပေါ်သို့ ဖြန့်ရင်း ညီအစ်ကိုနာရှိုဒိုရီက အဖွင့်ဆုတောင်းခဲ့သည်။ သူသည် ၁၉၃၀ ခုနှစ်က နှစ်ခြင်းခံခဲ့ပြီး ယခုအခါ သူ၏မျက်စိများကွယ်လုနီးပါးဖြစ်နေသည်။ အစီအစဉ်ကို အများအားဖြင့် နိုင်ငံခြားမှအထူးရှေ့ဆောင်အများစုက အယ်လ်ဘေးနီးယားဘာသာဖြင့် တင်ပြပေးသည်။ တက်ရောက်သူ ၅၈၅ ယောက်တို့သည် “ခရစ်ယာန်ဆက်ကပ်အပ်နှံခြင်း” ဟူသောသီချင်း—အစည်းအဝေးကာလအတွင်း အယ်လ်ဘေးနီးယားဘာသာစကားဖြင့် ပြန်ဆိုသည့်သီချင်းခြောက်ပုဒ်အနက် တစ်ပုဒ်—ကို သီဆိုနေစဉ် ၄၁ ယောက်သောညီအစ်ကိုညီအစ်မအသစ်တို့သည် လည်ပတ်ရောက်ရှိသောဂရိညီအစ်ကိုများက ဒေသခံနိုင်ငံတော်ခန်းမထဲတွင် ပြုလုပ်ပေးထားသော ရေကန်များရှိရာသို့ လျှောက်သွားကြသည်။ အပြောင်းအလဲကြီးပါတကား! ယခင်က ကျမ်းစာကိုပိုင်ဆိုင်လျှင် ချွေးတပ်စခန်းသို့အပို့ခံရပြီး အစည်းအဝေးများကို လူနှစ်ယောက်သုံးယောက်နှင့်သာ လုပ်ခဲ့ရသည်။
အစည်းအဝေးပြီး၍ နောက်တစ်နေ့တွင် ကင်းမျှော်စင်အသင်းရုံးမှ ကပွဲရုံညွှန်ကြားရေးမှူးထံမှဖုန်းဆက်ပြောဆိုမှုကို လက်ခံရရှိခဲ့သည်။ ပုံမှန်အားဖြင့် ကပွဲရုံကိုအသုံးပြုသူများ၌ သူအနည်းငယ်သာစိတ်ဝင်စားလေ့ရှိသည်။ ယင်းကား လက်ထောက်ညွှန်ကြားရေးမှူးလုပ်ရမည့်အလုပ်ဖြစ်သည်။ သို့သော် သူက “ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်လို့ပြောဖို့ ကျွန်တော်ခေါ်တာပါ။ ဒီနေရာ ဒါလောက်သန့်ရှင်းတာ ကျွန်တော်တစ်ခါမှမတွေ့ဖူးဘူး။ သရုပ်ဖော်ပြောရရင်တော့ မနေ့က ကျွန်တော်တို့ကပွဲရုံကို ကောင်းကင်ကလေပြည်လေညင်းကလေးဆင်းလာတယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့အဆောက်အအုံကို ခင်ဗျားတို့အသုံးပြုချင်တဲ့ဘယ်အခါမဆို ကျေးဇူးပြု၍ပြန်လာပါ။ ခင်ဗျားတို့ကိုဦးစားပေးပါ့မယ်။ ခင်ဗျားတို့ကို သုံးလတစ်ခါလောက် အခမဲ့ငှားပေးသင့်တယ်” ဟုပြောခဲ့သည်။
သက်သေခံများသည် ခွန်အားပြည့်ဝလျက်၊ ကျေးဇူးတင်လျက် မိမိတို့မြို့ရွာသို့ ပြန်လာကြပြီး ယေရှု၏သေခြင်းကို သတိရအောက်မေ့သောပွဲအတွက် စတင်ပြင်ဆင်ကြတော့သည်။ ၁၅ ရက်ခန့်သာကြာပြီးနောက် ဧပြီလ ၆ ရက်၊ အင်္ဂါနေ့တွင် ပထမဆုံးအကြိမ်ထင်ထင်ရှားရှားပြုလုပ်သော သတိရအောက်မေ့ပွဲကို ခုနစ်နေရာတွင်ကျင်းပခဲ့သည်။
ဘရတ်မြို့တွင် အစည်းအဝေးတက်ရောက်သူ ၁၇၀ အထိတိုးလာပြီး ဒေသခံဓမ္မဆရာသည် အလွန်ဒေါသထွက်လျက်ရှိသည်။ ဘရတ်မြို့ရှိဘုရားနိုင်ငံတော်ကြေညာသူ ၃၃ ယောက်အနက်မှ ၂၁ ယောက်တို့သည် စည်းဝေးပွဲတွင်နှစ်ခြင်းခံခဲ့ကြသည်။ သတိရအောက်မေ့ပွဲတက်ရောက်သူ ၄၇၂ ယောက် ကို ဘရတ်မြို့က မှတ်တမ်းပေးပို့သည်။ အခြားနေရာများတွင်ကျင်းပသော သတိရအောက်မေ့ပွဲတွင် တက်ရောက်သူအရေအတွက်သည်လည်း ထူးခြားထင်ရှားသည်။ အများအားဖြင့် အထူးရှေ့ဆောင်များက ကောင်းကောင်းဦးဆောင်ဦးရွက်ပြုကြခြင်းကြောင့်ဖြစ်သည်။
အယ်လ်ဘေးနီးယားနိုင်ငံတွင် ကက်သလစ်အများဆုံးနေပြီး ဝတ်ကျောင်းတစ်ကျောင်းရှိသည့်ရှခိုဒါမြို့တွင် ချာ့ချ်သည် လစဉ်ထုတ်သတင်းကြေညာချက်စာရွက်ကို စတင်ထုတ်ဝေပြီး လထုတ်တိုင်းတွင် “ယေဟောဝါသက်သေများကိုရှောင်ကြဉ်နည်း” နှင့်ပတ်သက်သည့်အကြောင်းများ ပါဝင်သည်။ နောက်ဆုံးထုတ်စာစောင်က “ယေဟောဝါသက်သေများသည် ရှခိုဒါမြို့ကို အနိုင်ရနေပြီ”! ဟုဆိုထားသည်။ ထိုတွင်ရှိသော သက်သေခံနှစ်ယောက်ပါဝင်သည့် ကြီးမားသောတပ်က ကောင်းစွာပြုမူကျင့်ကြံမှုရှိပြီး လေးနက်သည့်သဘောထားရှိသည့်လူ ၇၄ ယောက်တို့ကို သတိရအောက်မေ့ပွဲသို့စုရုံးနိုင်ခဲ့သည်။ သတိရအောက်မေ့ပွဲဟောပြောချက်နားထောင်ပြီးနောက် မိသားစု ၁၅ စုတို့က ကျမ်းစာသင်အံမှုပြုဖို့အတွက်တောင်းဆိုကြသည်။ သက်သေခံလေးယောက်ပါဝင်သောတပ်ရှိသည့် အခြားမြို့တစ်မြို့ဖြစ်သော ဒူးရက်စ်မြို့တွင် တက်ရောက်သူ ၇၉ ယောက်ပင်ရှိခဲ့သည်။
ယေဟောဝါသက်သေများအား ခဲနှင့်ပေါက်ထုတ်မည်ဟုခြိမ်းခြောက်သော ကက်သလစ်လူငယ်များ၏ ဆန့်ကျင်မှုကြောင့် တောင်ပေါ်ရွာကလေးဖြစ်သည့် ကာလ်မဲတီအီဖိုးဂဲရွာတွင် ကျင်းပမည့်သတိရအောက်မေ့ပွဲကို ဒေသခံညီအစ်ကိုတစ်ဦး၏အိမ်သို့ပြောင်းရွှေ့ခဲ့ရာ လူ ၂၂ ယောက်ငြိမ်သက်စွာတက်ရောက်ခဲ့ရသည်။ ထိုအုပ်စုတွင် သက်သေခံငါးယောက်ရှိပြီး သုံးဦးမှာ တီရားနားအစည်းဝေးပွဲတွင် နှစ်ခြင်းခံခဲ့သူများဖြစ်သည်။
ဗလိုနာမြို့တွင် လူငယ်နှစ်ယောက်တို့သည် ကင်းမျှော်စင် တစ်စောင်ကိုရရှိခဲ့ကြပြီး ယင်းကိုဖတ်ကာ အသင်းမထံစာရေးခဲ့သည်– “ကင်းမျှော်စင် မှာပါတဲ့သမ္မာတရားတွေကို ကျွန်တော်တို့လေ့လာသိရှိခဲ့ရလို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယေဟောဝါသက်သေတွေလို့ သတ်မှတ်လိုက်ကြတယ်။ ကျေးဇူးပြု၍ အကူအညီပို့ပေးပါ။” ထိုနေရာသို့ အထူးရှေ့ဆောင်နှစ်ယောက်ပို့ပေးပြီး လူငယ်တစ်ဦးမှာ ကြေညာသူဖြစ်ရန် လျင်မြန်စွာအရည်အချင်းပြည့်မီလာသည်။ ဗလော်ရာမြို့တွင်ကျင်းပသော သတိရအောက်မေ့ပွဲတက်ရောက်သူ ၆၄ ယောက်ထဲတွင် သူလည်းအပါအဝင်ဖြစ်ရသည့်အတွက် ပျော်ရွှင်ခဲ့သည်။
အမေရိကန်နိုင်ငံတွင် သမ္မာတရားလေ့လာခဲ့ရသော အယ်လ်ဘေးနီးယန်းညီအစ်ကိုတစ်ယောက်သည် ၁၉၅၀ ပြည့်လွန်နှစ်က သူ၏ဇာတိဖြစ်သည့် ဂီရကာစတာမြို့သို့ ပြန်လာပြီး ထိုတွင် အသက်ထက်ဆုံး တတ်နိုင်သရွေ့အမှုဆောင်သွားသည်။ သူသည် သားဖြစ်သူ၏နှလုံးထဲတွင် သမ္မာတရားမျိုးစေ့ကိုစိုက်ပျိုးခဲ့သည်။ ပိတ်ပင်မှုရုပ်သိမ်းလိုက်သောအခါ ထိုသားဖြစ်သူသည် ကင်းမျှော်စင်အသင်းသို့ အကူအညီတောင်းခဲ့သည်။ ယင်း၏မြောက်ဘက်နားတွင်ရှိသောရွာတစ်ရွာမှ စိတ်ဝင်စားသူတစ်ဦးကလည်း စာရေးအကူအညီတောင်းခံရာ ထိုနေရာသို့ အထူးရှေ့ဆောင်လေးယောက်စေလွှတ်ခဲ့သည်။ သတိရအောက်မေ့ပွဲပြီး၍ နောက်တစ်နေ့ဖြစ်သောဗုဒ္ဓဟူးနေ့တွင် သူတို့ထဲမှတစ်ယောက်က တီရားနားရှိဌာနခွဲရုံးသို့ ဖုန်းဆက်ပြောဆိုသည်– “ယေဟောဝါရဲ့ဝိညာဉ်တော် ဘယ်လောက်အလုပ်လုပ်သလဲဆိုတာ ညီအစ်ကိုတို့ကိုမပြောပြဘဲမနေနိုင်ဘူး။ ကျွန်တော်တို့အရမ်းပျော်ကြတယ်။ သတိရအောက်မေ့ပွဲဟာ အောင်မြင်မှုတစ်ခုဖြစ်ခဲ့တယ်။” တက်ရောက်သူ ၁၀၆ ယောက်ရှိပြီး ဘုရားနိုင်ငံတော်ကြေညာသူခုနစ်ယောက်အဖွဲ့လည်းပါဝင်သည်။
သတိရအောက်မေ့ပွဲတက်ရောက်သူစုစုပေါင်းမည်မျှနည်း။ ဘုရားနိုင်ငံတော်ကြေညာသူ ၃၀ သာရှိသေးသည့် ၁၉၉၂ ခုနှစ်တွင် တက်ရောက်သူ ၃၂၅ ယောက်ရှိသည်။ ၁၉၉၃ ခုနှစ်တွင် ကြေညာသူ ၁၃၁ ယောက်တို့က တက်ရောက်သူ ၁,၃၁၈ ယောက်ကို စုစည်းနိုင်ခဲ့သည်။ နှစ်နှစ်လုံးတွင် တက်ရောက်သူသည် ကြေညာသူအရေအတွက်၏ဆယ်ဆဖြစ်သည်။ ထိုမျှတိုတောင်းသည့်အချိန်အတွင်း “သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်” လာသည်ကို တွေ့မြင်ရခြင်းကား မည်မျှစိတ်အားတက်ကြွဖွယ်ပါတကား!—ဟေရှာ ၆၀:၂၂။
‘သင်၏တဲကြိုးတို့ကို ရှည်စေဦးလော့’
ယေဟောဝါသက်သေတို့၏ဟောပြောခြင်းလုပ်ငန်းသည် ကမ္ဘာအရပ်ရပ်သို့ရောက်ရှိသွားသောအခါ တောင်းဆိုချက်က ဆက်၍ထွက်ပေါ်လာသည်– “သင်၏တဲရာကိုကျယ်စေလော့။ သင်၏နေရာမျက်နှာကြက်ကိုကြက်ဦးလော့။ နှမြောသောစိတ်မရှိနှင့်။ ကြိုးတို့ကိုရှည်စေဦးလော့။ တိုင်တို့ကိုမြဲစွာစိုက်လော့။ အကြောင်းမူကား သင်သည် လက်ယာဘက်၊ လက်ဝဲဘက်၌ တိုးပွားလိမ့်မည်။” (ဟေရှာ ၅၄:၂၊ ၃) ဘုရားသခင်၏ကြီးမြတ်သောတဲတော်ကို ကိုယ်စားပြုသည့်—မိမိအားဝတ်ပြုသူများ၏ ကမ္ဘာချီအသင်းတော်—တွင်ဖြစ်သည့် ဤရုတ်တရက်တိုးပွားမှုသည် အရှေ့ ဥရောပတွင်၊ အထူးသဖြင့် ယခင်ဆိုဗီယက်ယူနီယံနိုင်ငံများတွင် ထင်ရှားသည်။ ဆယ်စုနှစ်များစွာကြာသည့် ဖိနှိပ်မှုကိုခံရသောအချိန်အတွင်း မိမိကျေးကျွန်များအား ထောက်ပံ့နေတော်မူခဲ့ပြီးနောက် ယေဟောဝါသည် အဖွဲ့အစည်းကိုတိုးချဲ့ရန်နှင့်ခိုင်ခံ့စေရန် မိမိ၏သက်သေများအား ကြီးမားသည့်အစွမ်းကို ပေးကမ်းနေတော်မူသည်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ လိုကိုမိုးတစ်ဗ်အားကစားရုံကြီးတွင် လွန်ခဲ့သောနှစ်ဇူလိုင် ၂၂-၂၅ ရက်များကကျင်းပခဲ့သော “မြင့်မြတ်သောသွန်သင်ခြင်း” စည်းဝေးပွဲစဉ်၏ အမှတ်တရဖြစ်စေသောအပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးတွင် အများဆုံးတက်ရောက်သူ ၂၃,၇၄၃ ယောက်ရှိခဲ့သည်။ လွန်ခဲ့သည့်နှစ်နှစ်ကပင် ဤမျှများမည်ဟု မည်သူထင်မည်နည်း။ သို့သော် များပြားခဲ့သည်ပင်! ဂျပန်နှင့်ကိုရီးယားတို့မှ ၁,၀၀၀ ကျော်၊ အမေရိကန်နှင့်ကနေဒါနိုင်ငံတို့မှ ၄,၀၀၀ နီးပါး၊ တောင်ပစိဖိတ်၊ အာဖရိက၊ ဥရောပနှင့်အခြားဒေသများရှိ နိုင်ငံပေါင်း ၃၀ ကျော်တို့မှထောင်ပေါင်းများစွာ လာကြသည်။ အရှေ့နှင့်အနောက်ဆုံတွေ့ခြင်းအမှန်ဖြစ်တော့သည်။ မိမိတို့၏ရုရှားညီအစ်ကိုညီအစ်မ ၁၅,၀၀၀ ကျော်နှင့် လွတ်လပ်စွာပေါင်းသင်းရင်းနှီးခွင့်ရသော ဤသူအားလုံး မည်မျှအားရှိလိုက်ကြမည်ဖြစ်ခြင်း! အတိုင်းမသိရွှင်လန်းမှုကြီးပင်ဖြစ်တော့သည်။
အံ့ဖွယ်အရေအတွက်ဖြစ်သည့် ၁,၄၈၉ ယောက်သောသက်သေခံလူသစ်များ နှစ်ခြင်းခံခဲ့ကြသည်။ နှစ်ခြင်းခံခြင်းကို နယူးယောက်တိုင်းမ် သတင်းစာမျက်နှာဖုံးတွင် တင့်တယ်လှပသည့်ဓာတ်ပုံအပါအဝင် လူထုဆက်သွယ်ရေးစနစ်များဖြင့် ကမ္ဘာတစ်ခွင်ဖြန့်ချိပေးခဲ့သည်။ နောက်ဆုံးဟောပြောချက်ဟောသူက စည်းဝေးပွဲကြီးအောင်မြင်စွာဖြစ်မြောက်အောင် ကူညီပေးခဲ့ကြသည့်စေတနာ့ဝန်ထမ်း ၄,၇၅၂ ယောက်တို့နှင့် ကြီးကြပ်ကွပ်ကဲသူများအား ကျေးဇူးတင်ကြောင်းပြောပြီးနောက် “အဓိကကတော့ ယေဟောဝါကိုကျွန်တော်တို့ကျေးဇူးတင်ပါတယ်!” ဟုပြောလိုက်သောအခါ နှစ်ခြင်းခံစဉ်ကကဲ့သို့ လက်ခုပ်သြဘာသံများခြိမ့်ခြိမ့်သဲခဲ့သည်။ မှန်ပါသည်၊ ယေဟောဝါ၏ဝိညာဉ်တော်က ဩသဒေါက်စ်ဘာသာရေးသမားများ၏ ပြင်းထန်သည့်ဆန့်ကျင်မှုကို ဟန့်တားပေးထားပြီး စည်းဝေးပွဲကြီးကို စိတ်အားတက်ကြွဖွယ်အမှန်ဖြစ်အောင် လိုအပ်သည့်အစွမ်းသတ္တိများပေးခဲ့သည်။
ယူကရိန်းနိုင်ငံ၊ ကီယက်ဗ်မြို့တွင်လည်း ဩဂုတ် ၅-၈ ရက်များတွင် ကျင်းပကြသေးသည်။ ဤတွင်လည်း စိတ်အားထက်သန်သည့်စေတနာ့ဝန်ထမ်းများသည် အားကစားရုံကိုတိုက်ချွတ်ဆေးကြောပစ်ရာ ဤကြီးမားသည့်စည်းဝေးခန်းမကြီးတွင် အများဆုံးတက်ရောက်သူ ၆၄,၇၁၄ ယောက်တို့အတွက် နေရာထိုင်ခင်းရရှိစေခဲ့သည်။ တစ်ဖန် အရှေ့၊ အနောက်နှင့် ယင်းတို့ကြားနေရာအနှံ့မှသက်သေခံများ ရောက်လာကြပြန်သည်။ အဓိကဟောပြောချက်ကို ဘာသာစကား ၁၂ မျိုးဖြင့်ပြန်ဆိုတင်ပြခဲ့သည်။ အများသုံးယာဉ်များဖြင့်ရောက်လာကြသည့် ကိုယ်စားလှယ် ၅၃,၀၀၀ ခန့်တို့သည် ဘူတာရုံများ၊ လေဆိပ်များတွင် ကြိုဆိုခံရကြပြီး ဟိုတယ်များ၊ ကျောင်းများနှင့် ကိုယ်ပိုင်အိမ်များအပြင် သင်္ဘောများပေါ်တွင်ပါ နေရာချထားခံရကြသည်။ ယင်းတို့အားလုံးသည် အဖွဲ့အစည်းအတွက် အကုန်အကျအသက်သာဆုံးနှင့် အဆင်ပြေချောမွေ့စွာ ဖြစ်မြောက်အောင်မြင်ခဲ့ရကား မြို့တော်ရဲအဖွဲ့က အံ့သြချီးမွမ်းရသည့်အထိပင်ဖြစ်သည်။
စိတ်အားတက်ကြွဖွယ်စည်းဝေးပွဲအစီအစဉ်၏ အထွတ်အထိပ်မှာ နှစ်နာရီခွဲကြာသည့်နှစ်ခြင်းခံခြင်းအစီအစဉ်ဖြစ်သည်။ အားကစားရုံကြီးအတွင်း လက်ခုပ်သံများပဲ့တင်ထပ်မစဲတသဲသဲညံနေစဉ် လူသစ်ညီအစ်ကိုညီအစ်မ ၇,၄၀၂ ယောက်တို့သည် ယေဟောဝါထံ မိမိတို့ကိုယ်ကိုဆက်ကပ်အပ်နှံခြင်းကို တင်ပြကြသည်။ ယင်းအရေအတွက်သည် ၁၉၅၈ ခုနှစ်က နယူးယောက်မြို့တွင် တက်ရောက်သူ ၂၅၃,၉၂၂ ယောက်ရှိသော စည်းဝေးပွဲကြီးတွင် အများဆုံးနှစ်ခြင်းခံခြင်းဖြစ်သည့် ၇,၁၃၆ ယောက်ထက် သာ၍များသည်။
ဤစီရင်ရာကာလသည် အဆုံးသို့ချဉ်းကပ်လာသည်နှင့်အမျှ အရှေ့၊ အနောက်နှင့် “မြေကြီးစွန်း” မှ သိုးကဲ့သို့သောလူများသည် လူ့သမိုင်းတစ်လျှောက် တစ်ခါနှင့်မျှမတူသောစည်းလုံးညီညွတ်မှုဖြင့် စုစည်းခံရကြသည်။ “အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ . . . [လူအုပ်ကြီး၊ ကဘ]” သည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို သင်္ကာယနကင်းစေမည့် ယေရှုခရစ်၏အဖိုးထိုက်ရွေးဖိုးပူဇော်သက္ကာကို ယုံကြည်ကြောင်းကြေညာကြခြင်းအားဖြင့် ဝိညာဏဣသရေလတို့နှင့် ပူးပေါင်းနေကြသည်။—တမန်တော် ၁:၈; ဗျာဒိတ် ၇:၄၊ ၉၊ ၁၀။
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
မော်စကိုနှင့်ကီယက်ဗ်မြို့များတွင် အရှေ့နှင့်အနောက်ဆုံတွေ့ခြင်း