ကျွန်တော်တို့ကို ယေဟောဝါဘယ်တော့မှမစွန့်ပစ်ပါ
နာရှို ဒိုရီပြောပြသည်
အမ်ဘာရဲစ်တန်ဆိုတာ ဂရိနိုင်ငံနဲ့မဝေးလှတဲ့ အယ်လ်ဘေးနီးယားနိုင်ငံကတောင်ပေါ်ရွာလေးတစ်ရွာဖြစ်ပါတယ်။ အဲဒီမှာပဲ ၁၉၀၇ မှာ ကျွန်တော်မွေးဖွားခဲ့ပါတယ်။ ကျွန်တော်ငါးနှစ်ပြည့်တဲ့အခါ ဂရိကျောင်းကိုစတက်ခဲ့ရပေမဲ့ ပထမကမ္ဘာစစ်အတွင်း အယ်လ်ဘေးနီးယားကို အီတာလျံတပ်ကကျူးကျော်တိုက်ခိုက်ခဲ့ကြတဲ့အချိန်မှာ ကျွန်တော့်ရဲ့ကျောင်းစာသင်ခြင်းဟာဖြတ်တောက်ခြင်းခံခဲ့ရပါတယ်။ စစ်ပြီးသွားတဲ့နောက် ကျောင်းပြန်တက်ရပေမဲ့လည်း အယ်လ်ဘေးနီးယားဘာသာစကားနဲ့သာဖြစ်ခဲ့တယ်။
ကျွန်တော့်မိဘတွေက ဘာသာရေးဘက် ဒီလောက်မကိုင်းရှိုင်းကြပေမဲ့လို့ အယ်လ်ဘေးနီးယန်းသြသဒေါက်စ်ချာ့ချ်ရဲ့ဓလေ့ထုံးတမ်းတွေကိုတော့ လိုက်နာကြတယ်။ ကျွန်တော့်အဘိုးလေးက အမ်ဘာရဲစ်တန်မှာ ဘုန်းတော်ကြီးတစ်ပါးဖြစ်တာကြောင့် ချာ့ချ်မှာကျွန်တော်အလုပ်လုပ်ခဲ့ရပြီး အထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အတွင်းကျကျတွေ့မြင်ခဲ့ရတယ်။ ဘာသာရေးဓလေ့ထုံးတမ်းတွေရဲ့ တကယ့်ကိုအနှစ်သာရကင်းမဲ့ပြီး အရေခြုံမှုကြီးတွေက ကျွန်တော့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်။
မိဘများက ဒေသဆိုင်ရာဓလေ့ကိုလိုက်ပြီး ကျွန်တော်လက်ထပ်ဖို့အတွက် အမျိုးသမီးငယ်လေးတစ်ယောက်ကို ရွေးပေးခဲ့တယ်။ အာဂျာရိုဟာ ဂရာဘိုဗာဆိုတဲ့ အနီးအနားရွာကဖြစ်တယ်။ ၁၉၂၈ ခုနှစ်၊ သူမရဲ့အသက် ၁၈ နှစ်အရွယ်မှာ ကျွန်တော်တို့လက်ထပ်ခဲ့ကြတယ်။
ကျမ်းစာသမ္မာတရားကို သင်ယူသိရှိရခြင်း
အဲဒီအချိန်လောက်မှာ အမေရိကန်ကလာလည်တဲ့ဝမ်းကွဲညီအစ်ကိုတစ်ယောက်ကို ဩသဒေါက်စ်ချာ့ချ်နဲ့ပတ်သက်ပြီးမကျေနပ်ချက်တွေကို ကျွန်တော်ပြောပြလိုက်တယ်။ “အမေရိကန်က ငါ့အိမ်နားမှာ လူတစ်စုရှိတယ်။ သူတို့မှာချာ့ချ်တော့မရှိဘူး၊ ဒါပေမဲ့ကျမ်းစာတော့လေ့လာကြတယ်” ဆိုပြီး သူပြန်ပြောပြတယ်။ ချာ့ချ်မရှိဘဲ ကျမ်းစာလေ့လာတဲ့အစီအစဉ်ကို ကျွန်တော်သဘောကျသွားတယ်။ ဒါကြောင့် ကျမ်းစာစာပေနည်းနည်းလောက်ပို့ပေးဖို့ သူ့ကိုမှာလိုက်တယ်။
ပြောခဲ့တဲ့စကားတွေကို ကျွန်တော်ဖြင့်လုံးလုံးမေ့သွားလိုက်တာ တစ်နှစ်လောက်ကြာပြီးလို့ ဝစ်ကာဆင်းပြည်နယ်၊ မီလ်ဝေါကီးမြို့က အထုပ်တစ်ထုပ်ကိုလက်ခံရရှိတဲ့အချိန်အထိပါပဲ။ အထဲမှာပါတာတွေကတော့ အယ်လ်ဘေးနီးယားဘာသာစကားနဲ့ ဘုရားသခင်၏စောင်းတော်ဆိုတဲ့စာအုပ်ရယ်၊ ဂရိဘာသာစကားနဲ့ ကင်းမျှော်စင်ရယ် ဖြစ်တယ်။ စာအုပ်ကို သာမန်ကာလျှံကာမျှဖတ်ကြည့်လိုက်တော့ စစ်မှန်တဲ့ချာ့ချ်ကိုရည်ညွှန်းထားတာ သတိပြုမိတယ်။ ကျွန်တော်စိတ်ပျက်သွားတော့တာပါပဲ။ ‘ချာ့ချ်နဲ့ပတ်သက်တာဆို ငါဘာမှအလိုမရှိဘူး’ ဆိုပြီး ကျွန်တော့်ဘာသာကျွန်တော်ရေရွတ်မိတယ်။ ဒါကြောင့် စာအုပ်ကို ကျွန်တော်အသေးစိတ်ဖတ်မနေတော့ဘူး။
၁၉၂၉ ခုနှစ်မှာ စစ်တပ်ထဲဝင်လိုက်ပြီး အယ်လ်ဘေးနီးယားရဲ့မြို့တော်၊ တီရာနာကို အပို့ခံရတယ်။ အဲဒီမှာ ဂရိကျမ်းစာကိုဖတ်နေတဲ့ စတေတီ မူစီနဲ့ ကျွန်တော်တွေ့ဆုံခဲ့တယ်။ “ခင်ဗျားချာ့ချ်သွားသလား” လို့ ကျွန်တော်မေးတော့ “မသွားတော့ပါဘူး။ ချာ့ချ်က ကျွန်တော်ထွက်လိုက်ပြီ။ ကျွန်တော်က အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားတစ်ယောက်ဖြစ်တယ်လေ” ဆိုပြီး သူပြန်ဖြေတယ်။ တနင်္ဂနွေနေ့မှာ နောက်စစ်သားတစ်ယောက်နဲ့ကျွန်တော်တို့ စတေတီနဲ့အတူ စည်းဝေးသွားတက်ခဲ့တယ်။ အဲဒီမှာပါပဲ ချာ့ချ်ဆိုတာ အဆောက်အအုံတစ်ခု ဒါမှမဟုတ် ဘာသာတစ်ခုကိုဆိုလိုတာမဟုတ်ဘဲ ခရစ်တော်ရဲ့ဘိသိက်ခံကျေးကျွန်တွေနဲ့ ဖွဲ့စည်းထားတာကိုပြောတာဖြစ်တယ်ဆိုတာ သိလာရတယ်။ ဘုရားသခင်၏စောင်းတော်က ပြောထားတာကို အခုမှကျွန်တော်နားလည်တော့တယ်။
နာရှို အိုင်ရီစီနဲ့ စပီရို ဗာရူဟိုတို့ဟာ ၁၉၂၀ ပြည့်လွန်နှစ်များအလယ်လောက်မှာ အမေရိကန်ကနေ အယ်လ်ဘေးနီးယားကိုပြန်လာပြီး အဲ့ဒီကသူတို့သိခဲ့ရတဲ့ ကျမ်းစာသမ္မာတရားကို ဖြန့်ဝေခဲ့ကြတယ်။ တီရာနာမှာ လက်တစ်ဆုပ်စာသာရှိတဲ့ကျမ်းစာကျောင်းသားတွေနဲ့အတူ စည်းဝေးတွေကို ကျွန်တော်စတက်ခဲ့တယ်။ မကြာခင်မှာပဲ ယေဟောဝါရဲ့အဖွဲ့အစည်းကိုတွေ့ပြီလို့ ကျွန်တော်သိမြင်လာတာကြောင့် ၁၉၃၀ ပြည့်နှစ်၊ ဩဂုတ် ၄ ရက်နေ့ အနီးအနားကမြစ်တစ်ခုမှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။
ပြီးတော့ ကျွန်တော့်ရဲ့ဖိနပ်ချုပ်တဲ့လုပ်ငန်းကို လုပ်ကိုင်ဖို့ အမ်ဘာရဲစ်တန်ကို ပြန်လာခဲ့တယ်။ ဒါပေမဲ့ ပိုပြီးအရေးကြီးတာကတော့ ကျွန်တော်တတ်သိခဲ့တဲ့ကျမ်းစာသမ္မာတရားတွေကို တခြားသူတွေကို စပြီးမျှဝေပေးဖို့လည်းဖြစ်တယ်။ “ယေရှုခရစ်ဟာ ချာ့ချ်မှာရှိတဲ့ရုပ်ပုံတွေနဲ့မတူဘူး။ ကိုယ်တော်ဟာ သက်ရှိထင်ရှားရှိနေတယ်!” လို့ သူတို့ကို ပြောပြတယ်။
ဆန့်ကျင်မှုကြား ဟောပြောခြင်း
အာခမ် ဘေး ဇိုရဲဟာ ၁၉၂၅ ခုနှစ်မှာ အာဏာရလာတယ်။ ၁၉၂၈ ခုနှစ်မှာ သူ့ကိုသူ ဇိုဘုရင် ၁ အဖြစ်ခန့်အပ်လိုက်ပြီး ၁၉၃၉ ခုနှစ်အထိစိုးစံခဲ့တယ်။ သူ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ကျွန်တော်တို့ရဲ့ခရစ်ယာန်လုပ်ငန်းအတွက်ထောက်ခံချက်ပေးပေမဲ့ ကျွန်တော်တို့မှာ ပြဿနာတွေရှိနေသေးတယ်။ အဲ့ဒါကတော့ ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ မူဆာ ဂျူကာက ရောမမှာရှိတဲ့ ပုပ်ရဟန်းမင်းကြီးနဲ့ နီးနီးကပ်ကပ်ပေါင်းဖော်နေတဲ့အတွက်ကြောင့်ပါပဲ။ ဂျူကာက မွတ်စလင်၊ ဩသဒေါက်စ်နဲ့ ရိုမင်ကက်သလစ်၊ ဘာသာသုံးခုကိုပဲအသိအမှတ်ပြုဖို့ အမိန့်ပေးတယ်။ ရဲတွေက ကျွန်တော်တို့ရဲ့စာအုပ်တွေကိုသိမ်းပြီး ကျွန်တော်တို့ရဲ့လုပ်ငန်းကိုရပ်တန့်သွားအောင်ကြိုးစားကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
၁၉၃၀ ပြည့်လွန်နှစ်တွေမှာ အယ်လ်ဘေးနီးယားကမြို့ကြီးတစ်မြို့ဖြစ်တဲ့ဗရက်ကို မကြာခဏကျွန်တော်သွားလည်ပတ်တယ်။ အဲ့ဒီကနေပဲ ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို မီဟာလ် စဗီစီက ညွှန်ကြားပေးတယ်။ နိုင်ငံတစ်ဝန်းလုံးကိုလှည့်လည်ဟောပြောဖို့ ကျွန်တော်တို့စီစဉ်ခဲ့ကြတယ်။ တစ်ခါက ရှာကိုဒါမြို့ကို ကျွန်တော်နှစ်ပတ်ကြာစေလွှတ်ခံရပြီး စာအုပ်စာတမ်းတွေအများကြီးထားနိုင်ခဲ့တယ်။ ၁၉၃၅ မှာ ကျွန်တော်တို့အုပ်စုက ကီဆိုက်ရီမြို့မှာသွားဟောပြောဖို့ ဘတ်စကားတစ်စီးငှားရမ်းခဲ့ကြတယ်။ အဲဒီနောက် ပါမက်၊ လက်စ်ကိုဗစ်၊ အီစကီ၊ ကိုစီ၊ ပိုကရာဒစ်နဲ့ အဲလ်ဘာစန်မြို့တွေအတွက် အယ်လ်ဘေးနီးယားမှာလှည့်လည်ခြင်းအစီအစဉ်ကို ရေးဆွဲခဲ့ကြတယ်။ ခရစ်တော်ရဲ့သေခြင်းသတိရအောက်မေ့ပွဲကို ကျင်းပမဲ့အချိန်ကလေးမှာပဲ တီရာနာမှာလှည့်လည်ခြင်း ပြီးဆုံးသွားခဲ့တယ်။
ဝိညာဏထောက်ပံ့မှုက ကျွန်တော်တို့ကိုဝိညာဉ်ရေးဆက်သန်မာနေစေတာကြောင့် စွန့်ပစ်ခံရတယ်လို့ ဘယ်တော့မှမခံစားခဲ့ရဘူး။ ၁၉၃၀ ပြည့်နှစ်ကနေ ၁၉၃၉ အထိ ဂရိကင်းမျှော်စင်ကို ကျွန်တော်မှန်မှန်လက်ခံရရှိခဲ့တယ်။ ကျွန်တော့်ရဲ့ပန်းတိုင်ကတော့ မျက်စိမကွယ်ခင် နှစ်ပေါင်း ၆၀ နီးပါးလောက်ကျွန်တော်လုပ်ခဲ့တဲ့ နေ့စဉ်အနည်းဆုံးတစ်နာရီ ကျမ်းစာဖတ်ဖို့ဆိုတာပါပဲ။ မကြာသေးမီကမှ အယ်လ်ဘေးနီးယားဘာသာနဲ့ ကျမ်းစာတစ်အုပ်လုံးကိုရနိုင်ခဲ့တာကြောင့် ကလေးဘဝတုန်းက ဂရိစာသင်ခဲ့ရတာကို ကျွန်တော်ဝမ်းသာမိတယ်။ အဲ့ဒီအစောပိုင်းအချိန်က အခြားအယ်လ်ဘေးနီးယားသက်သေခံတွေလည်း ကျမ်းစာတစ်အုပ်လုံးကိုဖတ်နိုင်အောင်ဆိုပြီး ဂရိစာကိုဖတ်တတ်ဖို့သင်ယူခဲ့ရတယ်။
၁၉၃၈ မှာ အာဂျာရို နှစ်ခြင်းခံခဲ့တယ်။ ၁၉၃၉ ရောက်တဲ့အခါ ကျွန်တော်တို့ရဲ့ကလေးဆယ်ယောက်ထဲက ခုနစ်ယောက်ကို မွေးပြီးနေပါပြီ။ ဝမ်းနည်းစရာက ကျွန်တော်တို့ရဲ့ပထမကလေးခုနစ်ယောက်ထဲက သုံးယောက်တို့ဟာ ငယ်ရွယ်စဉ်မှာပဲသေဆုံးသွားကြတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ခက်ခဲမှုများ
၁၉၃၉ ဧပြီလ ဒုတိယကမ္ဘာစစ်မစမီအချိန်ကလေးမှာပဲ အီတာလျံဖက်ဆစ်တပ်ဖွဲ့ဟာ အယ်လ်ဘေးနီးယားကို တိုက်ခိုက်ခဲ့ကြတယ်။ အဲဒီနောက်မကြာမီမှာပဲ ယေဟောဝါသက်သေများရဲ့လုပ်ငန်းဟာ ပိတ်ပင်ခံရတယ်။ ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ၅၀ လောက်ရှိတဲ့ ကျွန်တော်တို့ရဲ့အုပ်စုလေးကတော့ ဆက်ဟောပြောခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကျွန်တော်တို့ရဲ့စာအုပ်နဲ့စာအုပ်ငယ်လေး ၁၅,၀၀၀ လောက်သိမ်းဆည်းဖျက်ဆီးခံခဲ့ရတယ်။
ဂျဲနီ ကိုမီနိုမှာ စာပေစာတမ်းတွေအတွက် သူ့အိမ်နဲ့ကပ်လျက်မှာ သိုလှောင်ခန်းတစ်ခန်းရှိတယ်။ အီတာလျံတပ်ဖွဲ့တွေက စာအုပ်တွေကိုအမေရိကန်ကထုတ်တယ်ဆိုတာသိသွားတော့ စပြီးအနှောင့်အယှက်ပေးတော့တာပဲ။ “မင်းတို့ဟာ ဝါဒဖြန့်သမားတွေပဲ! အမေရိကန်ဟာ အီတလီကိုဆန့်ကျင်ဘက်ပြုနေတာ!” လို့ သူတို့ပြောကြတယ်။ ဇွဲရှိတဲ့လူငယ်ညီအစ်ကို တိုမာအီနဲ့ ဗစ်စလီ ကာမာတို့ကို ဖမ်းချုပ်လိုက်ကြတယ်။ နောက်ပြီး သူတို့ဝေနေတဲ့စာအုပ်တွေဟာ ကိုမီနိုဆီကရလာတယ်ဆိုတာသိသွားတဲ့အခါ သူ့ကိုလည်းဖမ်းချုပ်လိုက်ကြတယ်။ မကြာမီမှာပဲ စစ်ဆေးမေးမြန်းဖို့အတွက် ရဲတွေက ကျွန်တော့်ကိုဆင့်ခေါ်လိုက်တယ်။
“မင်းသူတို့ကိုသိသလား” ဆိုပြီးမေးတယ်။
“ဟုတ်ကဲ့” လို့ ကျွန်တော်ပြန်ဖြေလိုက်တယ်။
“သူတို့နဲ့အတူ မင်းအလုပ်လုပ်သလား။”
“ဟုတ်ကဲ့၊ ကျွန်တော်တို့ဟာ ယေဟောဝါသက်သေတွေဖြစ်ပါတယ်။ အစိုးရတွေကို မပုန်ကန်ပါဘူး။ ကျွန်တော်တို့ဟာကြားနေတဲ့သူတွေပါ” ဆိုပြီး ကျွန်တော်ဖြေလိုက်တယ်။
“ဒီစာပေတွေကို မင်းဖြန့်ဝေဖူးသလား။”
အမှန်အတိုင်းကျွန်တော်ဖြေလိုက်တော့ ကျွန်တော့်ကိုလက်ထိတ်ခတ်ပြီး ၁၉၄၀ ပြည့်နှစ်၊ ဇူလိုင် ၆ ရက်နေ့မှာ ကျွန်တော်ထောင်ကျခဲ့ရတယ်။ အဲဒီထဲမှာ ကျွန်တော့်ရွာကအခြားငါးယောက်ဖြစ်တဲ့ ဂျိုစီဖ် ကာစီ၊ လုကဲ ဘာကို၊ ဂျဲနီ ကိုမီနို၊ ကာမာညီအစ်ကိုတို့နဲ့ တွေ့ဆုံပေါင်းစည်းခဲ့ကြတယ်။ ထောင်ထဲမှာရှိနေတုန်း နောက်သက်သေခံသုံးယောက်ဖြစ်တဲ့ ဂိုရီ နာစီ၊ နီကိုဒင် စိုက်တီ၊ လီအိုနီဒတ် ပေါဖ်တို့နဲ့ ဆုံခဲ့ရတယ်။ ကျွန်တော်တို့ ကိုးယောက်စလုံးကို ၆ ပေ၊ ၁၂ ပေရှိတဲ့ အခန်းလေးထဲမှာထည့်ထားလိုက်ကြတယ်!
ရက်အနည်းငယ်ကြာပြီးတဲ့နောက် ကျွန်တော်တို့ကိုသံကြိုးနဲ့တွဲချည်ပြီး ပါမက်မြို့ကိုခေါ်သွားကြတယ်။ သုံးလကြာပြီးတဲ့နောက် တီရာနာကအကျဉ်းထောင်ကိုပြောင်းရွှေ့ရပြီး ဘာမှကြားနာစစ်ဆေးမှုမရှိဘဲ နောက်ထပ်ရှစ်လဖမ်းချုပ်ခြင်းခံကြရတယ်။
နောက်ဆုံးတော့ စစ်ခုံရုံးရှေ့ရောက်ခဲ့ကြရတယ်။ ညီအစ်ကိုစိုက်တီနဲ့ကျွန်တော်က ၂၇ လပြစ်ဒဏ်ချမှတ်ခံရတယ်၊ ညီအစ်ကို ကိုမီနိုက ၂၄ လ၊ တခြားသူတွေက ၁၀ လပြီးရင် လွတ်ကြမှာဖြစ်တယ်။ ဂျီအာကာစတာအကျဉ်းထောင်ကို ကျွန်တော်တို့ပြောင်းရွှေ့ရတယ်။ အဲဒီမှာပဲ ညီအစ်ကို ဂိုလီ ဖလိုကိုက ၁၉၄၃ မှာ ကျွန်တော်တို့လွတ်ဖို့ သေချာစေရန်အတွက် ကူညီပေးခဲ့တယ်။ နောက်ပိုင်း ကျွန်တော့်မိသားစုဟာ ပါမက်မြို့မှာအခြေချပြီး ကျွန်တော်က အသင်းတော်ငယ်လေးရဲ့ကြီးကြပ်မှူးဖြစ်လာခဲ့တယ်။
ကျွန်တော်တို့ရဲ့လုပ်ငန်းပိတ်ပင်ပြီး ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဒုတိယကမ္ဘာစစ်အပြင်းအထန်တိုက်ခိုက်နေကြပေမဲ့လို့ ဘုရားသခင်နိုင်ငံတော်သတင်းဟောပြောဖို့တာဝန်ကိုတော့ ကျွန်တော်တို့တတ်နိုင်သမျှ ပြီးမြောက်အောင်ဆက်လုပ်ဆောင်ခဲ့ကြပါတယ်။ (မဿဲ ၂၄:၁၄) ၁၉၄၄ မှာ သက်သေခံစုစုပေါင်း ၁၅ ဦးဟာ ထောင်ထဲမှာရောက်နေကြတယ်။ ဒါပေမဲ့လည်း ဒီခက်ခဲတဲ့ကာလအတွင်းမှာ ယေဟောဝါရဲ့စွန့်ပစ်မှုကိုခံရတယ်လို့ ဘယ်တော့မှမခံစားခဲ့ရဘူး။
ကြားနေခြင်းကိစ္စတွင် စမ်းသပ်ခံရခြင်း
၁၉၄၅ မှာ စစ်ပြီးသွားပေမဲ့လို့ ကျွန်တော်တို့ရဲ့ခက်ခဲမှုကတော့ ဆက်ရှိနေတုန်းပဲ၊ ပိုတောင်ဆိုးလာသေးတယ်။ ၁၉၄၆၊ ဒီဇင်ဘာ ၆ ရက်နေ့ ရွေးကောက်ပွဲကာလအတွင်းမှာ မပေးမနေရဆန္ဒမဲကိုထည့်ခိုင်းကြတယ်။ မဲမပေးဘဲနေဝံ့သူဟာ အစိုးရရဲ့ရန်သူအဖြစ်ယူမှတ်ခံရမှာဖြစ်တယ်။ ပါမက်အသင်းတော်မှာရှိတဲ့သူတွေက “ကျွန်တော်တို့ဘာလုပ်ကြရမလဲ” ဆိုပြီးစမေးလာကြတယ်။
“ခင်ဗျားတို့ ယေဟောဝါကိုယုံကြည်ကိုးစားကြမယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတာ ကျွန်တော့်ကိုမေးနေစရာမလိုပါဘူး။ ယေဟောဝါရဲ့လူမျိုးဟာ ကြားနေရမယ်ဆိုတာ ခင်ဗျားတို့သိပြီးသားပဲ။ သူတို့ဟာ ဒီလောကနဲ့မစပ်ဆိုင်ကြဘူး” လို့ ကျွန်တော်အဖြေပေးခဲ့တယ်။—ယောဟန် ၁၇:၁၆။
ရွေးကောက်ပွဲနေ့ရောက်လာတယ်။ အစိုးရရဲ့ကိုယ်စားလှယ်တွေ ကျွန်တော်တို့ရဲ့အိမ်ကိုရောက်လာကြတယ်။ “ကော်ဖီလေးသောက်ပြီး စကားပြောကြရအောင်။ ဒီနေ့ဟာဘာနေ့လည်းဆိုတာ ခင်ဗျားသိသလား” ဆိုပြီး အေးအေးဆေးဆေးပဲ သူတို့စပြောကြတယ်။
“ဟုတ်ကဲ့၊ ဒီနေ့ ရွေးကောက်ပွဲလုပ်နေပါတယ်” လို့ ကျွန်တော်အဖြေပေးလိုက်တယ်။
“ခင်ဗျားမြန်မြန်လုပ်တော့လေ။ မဟုတ်ရင်နောက်ကျသွားလိမ့်မယ်” ဆိုပြီး အရာရှိတစ်ယောက်ကပြောတယ်။
“ကျွန်တော် သွားဖို့အစီအစဉ်မရှိပါဘူး။ ကျွန်တော်တို့ရဲ့ဆန္ဒမဲက ယေဟောဝါအတွက်ပါပဲ” လို့ ကျွန်တော်ပြန်ဖြေလိုက်တယ်။
“ကောင်းပြီးလေ၊ ဒါဆိုရင် ကန့်ကွက်မဲလာထည့်ပေါ့။”
ယေဟောဝါသက်သေများဟာ လုံးဝကြားနေကြောင်း ကျွန်တော်ရှင်းပြလိုက်တယ်။ ကျွန်တော်တို့ရဲ့အခြေအနေကို လူသိများလာတဲ့အခါ ကျွန်တော်တို့ကိုပိုဖိနှိပ်လာကြတယ်။ စည်းဝေးတွေမလုပ်ဖို့ အမိန့်ပေးခံရတာကြောင့် လျှို့ဝှက်စွာပဲစည်းဝေးကြဖို့ စလုပ်ကြရတယ်။
ကျွန်ုပ်တို့၏ဇာတိရွာကို ပြန်လာခြင်း
၁၉၄၇ မှာ ကျွန်တော်နဲ့ကျွန်တော့်မိသားစုဟာ အမ်ဘာရဲစ်တန်ကို ပြန်လာကြတယ်။ ပြန်လာပြီးမကြာမီမှာ အေးချမ်းလှတဲ့နေ့ခင်းတစ်ချိန်မှာ စီကူရီမီအရာရှိ (လျှို့ဝှက်ရဲ) ဆီကို ကျွန်တော်ခေါ်သွားခံရတယ်။ “မင်းကို ဘာကြောင့်ငါခေါ်သလဲဆိုတာသိသလား” လို့ အရာရှိကမေးတယ်။
“ကျွန်တော့်ကိုစွပ်စွဲပြောဆိုတာတွေ ခင်ဗျားကြားရလို့ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်” ဆိုပြီး ကျွန်တော်ပြန်ဖြေလိုက်တယ်။ “ဒါပေမဲ့လည်း ကျွန်တော်တို့ကို လောကကမုန်းလိမ့်မယ်လို့ ကျမ်းစာကပြောထားတာကြောင့် စွပ်စွဲချက်တွေကိုကျွန်တော်မအံ့သြပါဘူးလေ။”—ယောဟန် ၁၅:၁၈၊ ၁၉။
“မင်း ငါ့ကိုကျမ်းစာအကြောင်းလာမပြောနဲ့။ မင်းကို ငါရိုက်မိလိမ့်မယ်” ဆိုပြီး မတ်ဆတ်ဆတ်နဲ့သူပြန်ပြောတယ်။
အရာရှိနဲ့သူ့လူတွေထွက်သွားပေမဲ့လို့ အပြင်ဘက်အအေးထဲမှာသွားရပ်နေဖို့ ကျွန်တော့်ကိုအမိန့်ပေးခဲ့တယ်။ ခဏကြာပြီးတော့ သူရုံးခန်းထဲပြန်ခေါ်ပြီး ကျွန်တော့်အိမ်မှာစည်းဝေးတွေမလုပ်တော့ဖို့ အမိန့်ပေးတယ်။ “မင်းရဲ့ရွာမှာ လူဘယ်လောက်နေထိုင်ကြသလဲ” လို့ သူကမေးတယ်။
“တစ်ရာ့နှစ်ဆယ်” လို့ ကျွန်တော်ပြောလိုက်တယ်။
“သူတို့က ဘယ်ဘာသာကလဲ။”
“အယ်လ်ဘေးနီးယား ဩသဒေါက်စ်။”
“မင်းကော။”
“ကျွန်တော်က ယေဟောဝါသက်သေတစ်ယောက်ပါ။”
“လူတစ်ရာ့နှစ်ဆယ်က တစ်လမ်းကိုသွားတယ်။ မင်းကျတော့ တခြားလမ်းကိုသွားတယ်ဟုတ်လား။” ဒါနဲ့ ချာ့ချ်ထဲမှာ ဖယောင်းတိုင်သွားထွန်းဖို့ ကျွန်တော့်ကိုအမိန့်ပေးတယ်။ ကျွန်တော်မလုပ်ဘူးလို့ပြောတဲ့အခါ တုတ်နဲ့စရိုက်ပါလေရော။ မနက်တစ်နာရီလောက်ကျမှ ကျွန်တော့်ကို ပြန်လွတ်လိုက်ကြတယ်။
စာပေစာတမ်းထောက်ပံ့မှု ပြတ်တောက်သွားခြင်း
ဒုတိယကမ္ဘာစစ်ပြီးနောက် ချောထုပ်တွေကနေတစ်ဆင့် ကင်းမျှော်စင်ကို စပြီးပြန်ရလာပေမဲ့ နောက်ဆုံးမှာတော့ မဂ္ဂဇင်းတွေကိုလာမပို့တော့ပါဘူး။ ဒါနဲ့ ညတစ်ည ဆယ်နာရီအချိန်မှာ လျှို့ဝှက်ရဲက ကျွန်တော့်ကိုဆင့်ခေါ်လိုက်တယ်။ “ဂရိလိုမဂ္ဂဇင်းတွေရောက်နေတယ်။ ဘာအကြောင်းတွေပါသလဲဆိုတာ ငါတို့ကို မင်းရှင်းပြပေးပါ” လို့ ကျွန်တော့်ကိုပြောတယ်။
“ကျွန်တော်ဂရိလိုကောင်းကောင်းနားမလည်ဘူး၊ ကျွန်တော့်ရဲ့အိမ်နီးချင်းက ပိုနားလည်တယ်။ ခင်ဗျားတို့ကို သူကူညီကောင်းကူညီနိုင်ပါလိမ့်မယ်” လို့ ကျွန်တော်ကပြောလိုက်တယ်။
ဂရိကင်းမျှော်စင် စာစောင်တွေကိုဆွဲထုတ်လိုက်ရင်းနဲ့ အရာရှိတစ်ယောက်က “မဟုတ်ဘူး၊ မင်းကိုပဲ ငါတို့ရှင်းပြခိုင်းစေချင်တာ” ဆိုပြီးပြောလာတယ်။
“ဟာ ဒါတွေက ကျွန်တော့်ဟာတွေပဲ!” ဆိုပြီး ကျွန်တော်အာမေဍိတ်ပြုလိုက်မိတယ်။ “ဒါဆိုရင်တော့ ဒါတွေကို ကျွန်တော်ရှင်းပြနိုင်ပါတယ်။ တွေ့ကြတဲ့အတိုင်း၊ ဒီမဂ္ဂဇင်းတွေက နယူးယောက်၊ ဘရွတ်ကလင်က လာတာ။ အဲဒီနေရာက ယေဟောဝါသက်သေတွေရဲ့ဌာနချုပ်တည်နေရာပေါ့။ ကျွန်တော်ကယေဟောဝါသက်သေတစ်ယောက်ဖြစ်တယ်လေ။ ကြည့်ရတာ သူတို့လိပ်စာမှားသွားတာဖြစ်မယ်။ ဒီမဂ္ဂဇင်းတွေက ခင်ဗျားတို့ဆီပို့ရမှာမဟုတ်ဘူး၊ ကျွန်တော့်ဆီကိုပို့ရမှာ။”
သူတို့ ကျွန်တော့်ကိုမဂ္ဂဇင်းတွေ မပေးခဲ့ကြဘူး။ အဲဒီအချိန်ကစပြီး ၁၉၉၁ အထိ၊ နှစ်ပေါင်း ၄၀ ကောင်းကောင်းကျော်ပါလိမ့်မယ်၊ အယ်လ်ဘေးနီးယားလို ဘယ်ကျမ်းစာစာပေစာတမ်းမှ ကျွန်တော်တို့မရတော့ဘူး။ အဲဒီနှစ်တွေအတွင်းမှာ ကျွန်တော်တို့ရဲ့ကျမ်းစာကိုပဲအသုံးပြုပြီး ဆက်ဟောပြောခဲ့ကြရတယ်။ ၁၉၄၉ မှာ သက်သေခံအယောက် ၂၀ လောက် ထောင်ထဲရောက်ကြရတယ်; တချို့ဆိုရင် ငါးနှစ်ပြစ်ဒဏ်ချမှတ်ခံရတယ်။
ခက်ခဲမှုများ ပိုတိုးလာခြင်း
၁၉၅၀ ပြည့်လွန်နှစ်တွေမှာ စစ်ဘက်ကိုထောက်ခံကြောင်း စာရွက်စာတမ်းတွေဆောင်ထားဖို့ လူတွေအမိန့်ပေးခံရတယ်။ ဒါပေမဲ့ယေဟောဝါသက်သေတွေကတော့ ဒီလိုစာရွက်စာတမ်းတွေဆောင်ထားဖို့ ငြင်းဆန်ကြတယ်။ ဒီအတွက်ကြောင့်ပဲ ညီအစ်ကို ကိုမီနိုနဲ့ ကျွန်တော် နောက်ထပ်နှစ်လလောက် အကျဉ်းထောင်ထဲဝင်လိုက်ရတယ်။
အဲဒီအချိန်အတောအတွင်းမှာပဲ အစိုးရက ဘာသာရေးအချို့ကိုတည်ရှိခွင့် ပြုခဲ့တာကြောင့် ကျွန်တော်တို့ လွတ်လပ်မှုအတော်အတန်ရလာတယ်။ ဒါပေမဲ့လည်း ၁၉၆၇ မှာ ဘာသာတွေအားလုံးပိတ်ပင်ခံရပြီး အယ်လ်ဘေးနီးယားနိုင်ငံဟာ တရားဝင်ဘုရားမဲ့ဝါဒနိုင်ငံလုံးလုံးဖြစ်သွားပါတော့တယ်။ သက်သေခံများကတော့ စည်းဝေးတွေဆက်ကျင်းပနိုင်ဖို့ကြိုးစားပေမဲ့ တော်တော့်ကိုပဲခက်ခဲလာပါတယ်။ ကျွန်တော်တို့ထဲကတချို့ဟာ ကျမ်းစာငယ်လေးတွေဝှက်ထားနိုင်အောင်ဆိုပြီး အင်္ကျီအတွင်းလိုင်နင်ထဲမှာ အထူးအိတ်ကပ်လေးတစ်ခုချုပ်ထားကြတယ်။ အဲဒီနောက် လယ်ကွင်းထဲကိုသွားပြီး ဖတ်ကြရတယ်။
တီရာနာကသက်သေခံတွေကိုဖမ်းမိသွားပြီး သုံးယောက်ကိုဝေးခေါင်လှတဲ့အလုပ်ကြမ်းစခန်းတွေမှာ ငါးနှစ်ပြစ်ဒဏ်ပေးလိုက်ကြတယ်။ ရလဒ်အနေနှင့် သူတို့ရဲ့မိသားစုတွေ ဒုက္ခရောက်ကုန်ကြတာပါပဲ။ သီးခြားရွာငယ်လေးတွေက ကျွန်တော်တို့ကိုကျတော့ အန္တရာယ်ကြီးတစ်ခုအဖြစ် သူတို့မထင်တဲ့အတွက် အဝေးကိုမပို့ကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ကြားနေခြင်းက အစားအသောက်ရရှိမဲ့စာရင်းထဲကနေ ကျွန်တော်တို့ရဲ့နာမည်တွေကို ဖယ်ထုတ်လိုက်ဖို့အတွက်ဖြစ်စေခဲ့တယ်။ ဒါကြောင့် ဘဝအသက်တာဟာ တကယ့်ကိုခက်ခဲကြပ်တည်းလာတယ်။ ဒါ့အပြင် နောက်ထပ်ကျွန်တော့်ရဲ့ကလေးနှစ်ယောက် သေခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့စွန့်ပစ်မှုကိုခံရတယ်လို့ ဘယ်တော့မှမခံစားခဲ့ရပါဘူး။
ကြောက်ရွံ့မှုက အယ်လ်ဘေးနီးယားမှာလွှမ်းမိုးနေတယ်။ ယောက်တိုင်းဟာ စောင့်ကြည့်ခံနေရပြီး အုပ်စိုးနေတဲ့ပါတီနဲ့ကွဲပြားတဲ့ထင်မြင်ချက်ကို ဖော်ပြဝံ့သူဘယ်သူ့ကိုမဆို လျှို့ဝှက်ရဲတွေက အစီရင်ခံစာတွေရေးကြတယ်။ ကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေအပေါ် အစီရင်ခံစာရေးခြင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့အထူးသတိထားနေကြရတယ်။ ဝိညာဏအားပေးမှုအတွက် နှစ်ယောက်သုံးယောက်ထက်ပိုပြီး အုပ်စုလိုက်မဆုံနိုင်ကြဘူး။ ဒါပေမဲ့လည်း ဟောပြောခြင်းကိုတော့ ဘယ်တော့မှကျွန်တော်တို့မရပ်နားခဲ့ဘူး။
ညီအစ်ကိုတွေအကြားမှာ ရှုပ်ထွေးမှုတွေဖြစ်အောင်ဆိုပြီး တီရာနာကအထင်ကရဖြစ်တဲ့သက်သေခံတစ်ယောက်ဟာ သူလျှိုဖြစ်တယ်လို့ လျှို့ဝှက်ရဲတွေက ကောလာဟလလွှင့်ကြတယ်။ ဒါက အချို့သူတွေကို ယုံကြည်စိတ်ချမှုပျောက်သွားစေပြီး ကျွန်တော်တို့ရဲ့စည်းလုံးမှုကို အတော်အတန်အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ နောက်ဆုံးထုတ် ဘယ်ကျမ်းစာစာပေစာတမ်းမှလည်းမရှိတဲ့အပြင် ယေဟောဝါရဲ့မျက်မြင်ရအဖွဲ့အစည်းနဲ့လည်းအဆက်အသွယ်မရတာကြောင့် အနည်းငယ်တို့ဟာကြောက်ရွံ့လာကြတယ်။
ဒါ့အပြင် အယ်လ်ဘေးနီးယားမှာ အလွန်လေးစားခံရတဲ့ခရစ်ယာန်အကြီးအကဲဖြစ်သူ စပီရို ဗာရူဟိုဟာ ကိုယ့်ကိုယ်ကိုသတ်သေသွားပြီဆိုပြီး အာဏာပိုင်များက ကောလာဟလလွှင့်ကြတယ်။ “မင်းတို့တွေ့တယ်မဟုတ်လား၊ ဗာရူဟိုတောင်မှ လက်လျော့သွားပြီ” ဆိုပြီးသူတို့ပြောကြတယ်။ ညီအစ်ကိုဗာရူဟိုဟာ အမှန်တကယ်တော့အသတ်ခံရတာဆိုတာ နောက်ပိုင်းမှာပဲထင်ရှားလာတယ်။
၁၉၇၅ မှာ အာဂျာရိုနဲ့ကျွန်တော်ဟာ တီရာနာမှာရှိတဲ့ ကျွန်တော်တို့ရဲ့သားနဲ့ လအနည်းငယ်လောက်သွားနေထိုင်ခဲ့ကြတယ်။ ရွေးကောက်ပွဲအချိန်အတွင်းမှာ မြို့ထဲမှာရှိနေကြတဲ့အာဏာပိုင်တွေက “မင်းတို့ဆန္ဒမဲမထည့်ကြရင် မင်းတို့ရဲ့သားကို အလုပ်ကထုတ်ပစ်လိုက်မယ်” လို့ ကျွန်တော်တို့ကို ခြိမ်းခြောက်ပြီးဖိအားပေးကြတယ်။
“ကျွန်တော့်ရဲ့သားဟာ သူ့အလုပ်မှာ ၂၅ နှစ်ကြာလုပ်ခဲ့ပြီးပြီ။ သူနဲ့သူ့မိသားစုရဲ့ အသေးစိတ်ကိုယ်ရေးမှတ်တမ်းတွေ ခင်ဗျားတို့ဆီမှာရှိပါတယ်။ ကျွန်တော်ဆန္ဒမဲမထည့်တာအနှစ် ၄၀ ကျော်ရှိပြီ။ ဒီသတင်းဟာ ကိုယ်ရေးမှတ်တမ်းတွေမှာရှိနေပါတယ်။ မရှိဘူးဆိုရင် ခင်ဗျားတို့ရဲ့မှတ်တမ်းတွေက စည်းစနစ်မကျလို့ဘဲ။ ခင်ဗျားတို့ရဲ့မှတ်တမ်းမှာရှိတယ်ဆိုရင် သူ့ကိုဒီလောက်နှစ်ကြာကြာအလုပ်လုပ်ခွင့်ပြုထားခဲ့တာဟာ ပါတီအပေါ်မှာ ခင်ဗျားတို့သစ္စာမရှိလို့ဘဲ” ဆိုပြီး ကျွန်တော်ပြန်ပြောလိုက်တယ်။ အဲဒါကို သူတို့ ကြားတဲ့အခါ ကျွန်တော်တို့အမ်ဘာရဲစ်တန်ကိုပြန်သွားမယ်ဆိုရင် ဒီကိစ္စကိုသူတို့ဖိအားပေးတော့မှာမဟုတ်ဘူးလို့ အာဏာပိုင်တွေကပြောတယ်။
ထူးခြားသောပြောင်းလဲမှုများ
၁၉၈၃ မှာ အမ်ဘာရဲစ်တန်ကနေ လေ့စ်မြို့ကို ကျွန်တော်တို့ပြောင်းရွှေ့လာကြတယ်။ ပြောင်းလာပြီးမကြာမီ ၁၉၈၅ မှာ အာဏာရှင်ကြီး သေဆုံးသွားပါတယ်။ သူဟာ ၁၉၄၆ ပထမဦးဆုံးမပါမနေရရွေးကောက်ပွဲကတည်းက အုပ်စိုးလာခဲ့တယ်။ အချိန်တန်တော့ စတာလင်ရဲ့ရုပ်တုနှင့် တီရာနာရင်ပြင်မှာစိုးမိုးလျက်ရှိတဲ့ သူရဲ့ရုပ်တုကြီးကို ဖြုတ်ချလိုက်ကြတယ်။
ကျွန်တော်တို့ရဲ့လှုပ်ရှားမှုကိုပိတ်ပင်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ သက်သေခံအများတို့ဟာ ရက်စက်ကြမ်းကြုတ်စွာပြုမူခံခဲ့ရပြီး အချို့ဟာ အသတ်ခံခဲ့ရတယ်။ “ကွန်မြူနစ်ခေတ်တုန်းက ကျွန်တော်တို့အားလုံး ဘုရားသခင်ကိုစွန့်ပစ်ခဲ့ကြတယ်။ ယေဟောဝါသက်သေတွေပဲ စုံစမ်းမှုနဲ့အခက်အခဲတွေကြုံရတဲ့ကြားက ကိုယ်တော့်အပေါ်သစ္စာစောင့်ခဲ့ကြတယ်” ဆိုပြီး အမျိုးသားတစ်ယောက်က သက်သေခံတချို့ကို လမ်းပေါ်မှာပြောပြခဲ့တယ်။
လွတ်လပ်မှုတွေပိုရလာတာနဲ့အမျှ ၁၉၉၁၊ ဇွန်လမှာ ခရစ်ယာန်ဓမ္မအမှုမှာပါဝင်သူကိုးယောက် မှတ်တမ်းသွင်းခဲ့ကြတယ်။ ပိတ်ပင်မှုကိုရုပ်သိမ်းပြီးလို့တစ်လအကြာ ၁၉၉၂၊ ဇွန်လမှာ ၅၆ ယောက် ဟောပြောခြင်းလုပ်ငန်းမှာပါဝင်လာတယ်။ အဲဒီနှစ်အစောပိုင်းမှာ ခရစ်တော်သေခြင်းရဲ့ သတိရအောက်မေ့ပွဲကို ၃၂၅ ယောက်တက်ခဲ့တဲ့အတွက် အလွန့်အလွန်ကိုပဲဝမ်းမြောက်ကြရပါတယ်။ အဲ့ဒီအချိန်ကစပြီး ဟောပြောသူအရေအတွက်ဟာ ၅၀၀ အထိတိုးလာပြီး ၁၉၉၅၊ ဧပြီ ၁၄ မှာကျတဲ့ သတိရအောက်မေ့ပွဲကိုတက်ရောက်သူစုစုပေါင်း ၃,၄၉၁ ယောက်ရှိခဲ့တယ်! မကြာသေးမီနှစ်များအတွင်းက ကျွန်တော်တို့ရဲ့အသင်းတော်တွေမှာ မြောက်မြားလှတဲ့လူငယ်လေးတွေ တိုးများလာနေတာကိုတွေ့ရတာ ကျွန်တော့်အတွက် မဖော်ပြနိုင်လောက်အောင်ပဲ ဝမ်းသာရပါတယ်။
ဒီနှစ်တွေတစ်လျှောက်လုံးမှာ အာဂျာရိုဟာ ယေဟောဝါနဲ့ကျွန်တော့်ပေါ်မှာ သစ္စာစောင့်ခဲ့ပါတယ်။ ကျွန်တော်ထောင်ကျနေချိန် ဒါမှမဟုတ် ဟောပြောခြင်းလုပ်ငန်းနဲ့ခရီးထွက်နေချိန်မှာ မိသားစုရဲ့လိုအပ်ရာတွေကို ညည်းညူမှုမရှိဘဲ စိတ်ရှည်စွာနဲ့ဂရုစိုက်စောင့်ရှောက်ခဲ့တယ်။ ၁၉၉၃ ခုနှစ်မှာ ကျွန်တော်တို့ရဲ့သားတစ်ယောက်နဲ့ သူ့ဇနီးတို့နှစ်ခြင်းခံခဲ့တယ်။ ကျွန်တော်တို့တကယ့်ကိုဝမ်းသာခဲ့ရပါတယ်။
ဘုရားသခင့်နိုင်ငံတော်အတွက်သာ
အယ်လ်ဘေးနီးယားမှာရှိတဲ့ ယေဟောဝါရဲ့အဖွဲ့အစည်းဟာ ဒီလောက်တောင်စည်းလုံးပြီး ဝိညာဏကြွယ်ဝမှုတွေကိုခံစားနေရတာတွေ့ရတဲ့အတွက် ကျွန်တော်ကျေနပ်အားရမိပါတယ်။ ကြာမြင့်စွာကတည်းက ကတိပေးထားတဲ့ မေရှိယကိုမြင်တွေ့ခွင့်ဆိုတဲ့တန်ဖိုးရှိအခွင့်ထူးကြီးကို မသေခင်ရလိုက်တဲ့ ယေရုရှလင်ကအသက်ကြီးသူရှိမောင်နဲ့တူတယ်လို့ ကျွန်တော်ခံစားရတယ်။ (လုကာ ၂:၃၀၊ ၃၁) အခု ကျွန်တော့်ကို ဘယ်အစိုးရမျိုးကြိုက်သလဲလို့မေးလာရင် “ကွန်မြူနစ်ကိုရော၊ အရင်းရှင်စနစ်ကိုရော ကျွန်တော်မကြိုက်ဘူး။ နယ်မြေကို လူကပဲပိုင်ပိုင်၊ နိုင်ငံကပဲပိုင်ပိုင် အရေးမကြီးပါဘူး။ အစိုးရတွေက လမ်းတွေဖောက်ပေးတယ်၊ ဝေးလံတဲ့ရွာတွေကို မီးသွယ်ပေးတယ်၊ စည်းစနစ်အတော်အသင့်ရှိစေတယ်။ ဒါပေမဲ့ အယ်လ်ဘေးနီးယားနဲ့ ကျန်တဲ့လောကတစ်ခုလုံးကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေရဲ့တစ်ခုတည်းသောဖြေရှင်းနည်းကတော့ ဘုရားသခင့်အစိုးရ၊ ကိုယ်တော့်ကောင်းကင်နိုင်ငံတော်ပဲဖြစ်ပါတယ်” လို့ ကျွန်တော်ပြောမိမှာပဲ။
ကမ္ဘာတစ်ဝန်းလုံးမှာ ဘုရားသခင့်ကျေးကျွန်တွေလုပ်နေတဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်းဟောပြောခြင်းဟာ ဘယ်လူသားရဲ့အလုပ်မှမဟုတ်ပါဘူး။ ဘုရားသခင်ရဲ့အလုပ်သာလျှင်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်တော်ရဲ့ကျေးကျွန်တွေဖြစ်တယ်။ အယ်လ်ဘေးနီးယားမှာ ကျွန်တော်တို့အခက်အခဲတွေအများကြီးရှိခဲ့တယ်၊ ယေဟောဝါရဲ့မျက်မြင်ရအဖွဲ့အစည်းနဲ့ အကြာကြီးဖြတ်တောက်ခံခဲ့ရတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကို ကိုယ်တော်ဘယ်တော့မှမစွန့်ပစ်ခဲ့ပါဘူး။ ကိုယ်တော့်ဝိညာဉ်တော်ဟာ ဒီနေရာမှာအမြဲရှိနေပါတယ်။ ခြေလှမ်းတိုင်းမှာ ကျွန်တော်တို့ကို ကိုယ်တော်ညွှန်ကြားပေးတယ်။ အဲဒါကို ကျွန်တော့်ရဲ့ဘဝအသက်တာတစ်လျှောက်လုံးမှာ မြင်တွေ့ခဲ့ရပါတယ်။