ထူးကဲမွန်မြတ်သည့်ရတနာကို ကျွန်မရှာတွေ့
ဖလော်ရဲန့်စ်ဝစ်ဒိုးစန်ပြောပြသည်
မိုချုပ်လာသည်နှင့် ပင်လယ်ရေတိမ်တစ်ခုအနားတွင် စခန်းချရန် ကျွန်မတို့ဆုံးဖြတ်လိုက်ကြသည်။ အမျိုးသမီးနှစ်ဦးအတွက် အကောင်းဆုံးစခန်းချရန်နေရာမဟုတ်သော်လည်း တစ်ညတာအတွက် လုံခြုံမှုရှိလိမ့်မည်ဟု ကျွန်မတို့ယူဆကြသည်။ ကျွန်မတဲထိုးခြင်းဖြင့်အလုပ်များနေစဉ် မာရ်ဂျရဲက ညနေစာပြင်ဆင်သည်။
နောက်ဆုံးတဲတံကျင်ကို ရိုက်ထည့်ပြီးသွားသောအချိန်၌ သစ်ငုတ်တိုမဲမဲတစ်ခုအနားတွင် လှုပ်ရှားမှုတစ်ခုကို ကျွန်မသတိပြုမိလိုက်သည်။ “ဟိုသစ်ငုတ်လှုပ်တာကိုမြင်လိုက်လား” ဟု မာရ်ဂျရဲအားကျွန်မအော်ပြောလိုက်သည်။
“မတွေ့ဘူး” ဟု အနည်းငယ်စိတ်ရှုပ်ထွေးလျက် သူမပြန်အော်ပြောသည်။
“ဟုတ်တယ်၊ တကယ့်ကိုလှုပ်နေတာ။ ငါ့ကိုကရားအိုးပေးပါ!” ဟု ကျွန်မအော်ပြောလိုက်သည်။
ကရားအိုးကိုင်၍ ပခုံးပေါ်တွင်ရဲတင်းကိုတင်လျက် ပင်လယ်တိမ်ဘက်သို့ ကျွန်မလျှောက်သွားသည်။ သစ်ငုတ်တိုနှင့် တစ်တန်းတည်းလောက်ရောက်သွားသောအခါ ယင်း၏နောက်ကွယ်မှ လူတစ်ယောက်ထွက်လာသည်!
“ပင်လယ်တိမ်ထဲကရေကို သောက်လို့ရသလား” ဟု ကျွန်မအားတင်း၍ ဗလုံးဗထွေးပြောလိုက်သည်။
“မရဘူး။ ဒါပေမဲ့ သောက်ရေလိုချင်ရင် ကျုပ်ယူလာပေးမယ်” ဟု သူကခပ်ပြတ်ပြတ်ပြောလိုက်သည်။
သူ့ကမ်းလှမ်းမှုကို ကျွန်မအလျင်စလိုငြင်းပယ်လိုက်ပြီး သူထွက်သွားတော့မှ ကျွန်မအတွက်သက်သာရာရတော့သည်။ စိတ်စနောင့်စနင်းဖြစ်လျက် မာရ်ဂျရဲထံ ကျွန်မအမြန်ပြန်လာပြီး အဖြစ်သနစ်ကို သူမအားပြန်ပြောပြသည်။ ကျွန်မတို့တဲကို အမြန်ဖြုတ်သိမ်းလိုက်ကာ ထိုနေရာမှထွက်ခွာခဲ့ကြသည်။ ထိုလူသည် ထောင်မှလွတ်လာသည်မှာ မကြာသေးကြောင်း နောက်ပိုင်းတွင်ကျွန်မတို့သိရသည်။
လွန်ခဲ့သည့် ၁၉၃၇ ခုနှစ်က ဩစတြေးလျားနိုင်ငံရှိ ရွှေထွက်သည့်ထိုဒေသများတွင် ရွှေရှာသူများစခန်းချလေ့ရှိသော်လည်း ကျွန်မတို့သည် အခြားအရာတစ်မျိုးကိုရှာဖွေသူများဖြစ်ကြသည်။ ကျွန်မတို့သည် ဘုရားအတွက်တန်ဖိုးရှိသူများကို ရှာဖွေနေကြခြင်းဖြစ်သည်။
ကျွန်မ၏မိသားစုနောက်ခံ
လွန်ခဲ့သည့်အနှစ်တစ်ရာက ကျွန်မ၏ဖခင်သည် ဗစ်တိုးရီးယားပြည်နယ်ရှိ ပေါ်ရ်ပန်ကာခေါ်ရွာကလေးတစ်ရွာတွင် ပန်းပဲဆရာဖြစ်သည်။ ၁၈၉၅ ခုနှစ်တွင် ထိုဒေသ၌ကျွန်မကိုမွေးဖွားခဲ့ပြီး ဘပ်ဖလိုတောင်ခြေ၊ အာဗန်မြစ်အနီးတွင် အစ်ကိုလေးယောက်နှင့်အတူ ကျွန်မကြီးပြင်းလာခဲ့သည်။ ကျွန်မ၏မိဘများသည် ယူနီယံချာ့ချ်အသင်းကို မှန်မှန်တက်ရောက်သူများဖြစ်ပြီး ကျွန်မက အဖေကြီးကြပ်ရေးမှူးလုပ်သောဥပုသ်စာဖြေကျောင်းကို တက်ခဲ့သည်။
၁၉၀၉ ခုနှစ်တွင် လေမုန်တိုင်းတစ်ခုကျရောက်နေစဉ် အမေသည် နှလုံးသွေးရပ်ပြီး အဖေလက်ထဲတွင်ကွယ်လွန်ခဲ့သည်။ ထို့နောက် ၁၉၁၄ ခုနှစ်ဦးပိုင်းတွင် ကျွန်မ၏အစ်ကိုတစ်ယောက် အိမ်မှထွက်သွားပြီး နာရီအနည်းငယ်အကြာတွင် သူ၏အလောင်းအိမ်ပြန်ရောက်လာသည်။ သူ့ကိုယ်သူသတ်သေခဲ့ခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကိုသတ်သေခြင်းသည် ခွင့်မလွှတ်နိုင်သောအပြစ်ဟုဆိုရာ ငရဲကသူ့ကိုစောင့်ကြိုနေသည်ဟူသော ချာ့ချ်သွန်သင်ချက်က ကျွန်မတို့၏ဝမ်းနည်းပူဆွေးမှုကို ပိုမိုတိုးပွားစေသည်။
ထိုနှစ်အကုန်ပိုင်းတွင် ပထမကမ္ဘာစစ်ဖြစ်ပွားရာ ကျွန်မအစ်ကိုနှစ်ယောက်သည် နိုင်ငံခြားတွင်အလုပ်လုပ်ရန် စာရင်းသွင်းလိုက်ကြသည်။ သွေးထွက်သံယိုမှုနှင့် ထိခိုက်ပျက်စီးမှုများက အဖေနှင့် ကျွန်မတို့မိန်းကလေးခြောက်ယောက်တို့အား ယောဟန်ကျမ်းစာစောင်ကိုလေ့လာရန် လှုံ့ဆော်ခဲ့သည်။
စစ်မှန်သောရတနာကိုရှာဖွေခြင်း
အယ်လယ်န်ဟတ်ဒ်ဆင်ထံတွင် ချားလ်စ်တေဇ်ရပ်စယ်လ်ရေးသည့် အချိန်နီးပြီ ဟူသောစာအုပ်ရှိသည်။ ယင်းစာအုပ်၌သူမ၏ထက်သန်သောစိတ်ဝင်စားမှုက ကျန်အုပ်စုရှိကျွန်မတို့အပေါ် ဩဇာသက်ရောက်ခဲ့သည်။ ထိုစာအုပ်သည် အတွဲခြောက်ခုရှိ ကျမ်းစာစောင်များမှလေ့လာစရာများ စာအုပ်မှ တစ်တွဲသာဖြစ်ကြောင်း သူသိရှိသောအခါ မဲလ်ဘုန်းမြို့ရှိ အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားများအသင်းသို့ ကျန်အတွဲများကို စာရေးမှာကြားခဲ့သည်။ ခေတ်များတစ်လျှောက်ဘုရားသခင့်အစီအစဉ် အမည်ရှိပထမတွဲကို ပတ်စဉ်ကျမ်းစာလေ့လာမှုတွင်အသုံးပြုရန် ကျွန်မတို့အုပ်စုသဘောတူသည်။
မီးတောက်ငရဲမရှိကြောင်း သိရှိလာခြင်းက အဖေနှင့်ကျွန်မတို့အတွက် မည်မျှဝမ်းသာစရာဖြစ်သည်ကို စဉ်းစားကြည့်ပါ။ ကျွန်မအစ်ကိုမီးတောက်ငရဲထဲတွင် အကျဉ်းချထားခံရသည်ဟူသော စိုးရိမ်ကြောက်ရွံ့မှုများ ပပျောက်သွားသည်။ သေနေသူများသည် အိပ်ပျော်နေသူကဲ့သို့သတိတရားမရှိဘဲ မည်သည့်နေရာ၌မျှ နှိပ်စက်ညှဉ်းပန်းခံနေရခြင်းမရှိကြောင်း ကျွန်မတို့အမှန်တရားကိုသိရှိလာရသည်။ (ဒေသနာ ၉:၅၊ ၁၀; ယောဟန် ၁၁:၁၁-၁၄) ကျွန်မတို့ကျမ်းစာလေ့လာသည့်အုပ်စုမှ အချို့တို့က အိမ်နီးချင်းများထံသွား၍ လေ့လာသိရှိရသည့်ကျမ်းစာသမ္မာတရားများကို ဟောပြောရန် ဆုံးဖြတ်ကြသည်။ အိမ်နီးနားချင်းများထံသို့ ကျွန်မတို့လမ်းလျှောက်သွားပြီး၊ မြို့ပြင်ဘက်ရှိလူများထံရောက်ရန် စက်ဘီးများနှင့် မြင်းတစ်ကောင်ဆွဲနှစ်ဘီးတပ်လှည်းတစ်စင်းကို အသုံးပြုကြသည်။
၁၉၁၈ ခု၊ နိုဝင်ဘာလ ၁၁ ရက်၊ စစ်ကြီးပြီးဆုံးသည့်နေ့တွင် တစ်အိမ်တက်ဆင်းသက်သေခံခြင်း၏အရသာကို ဦးဆုံးအကြိမ်ကျွန်မစတင်ထိတွေ့ခံစားခဲ့ရသည်။ လေ့လာသည့်အုပ်စုထဲမှ ကျွန်မတို့သုံးယောက်သည် မိုင် ၅၀ ဝေးသည့် ဝယ်င်ဂရက်တာမြို့သို့သွား၍ လူများအတွက်ဒေသနာ အမည်ရှိဝေစာကို ဖြန့်ဝေကြသည်။ နှစ်များကြာလာပြီးနောက် မြို့နှင့်ဝေးလံသည့်ဒေသတစ်နေရာတွင် ဟောပြောခြင်းတာဝန်ကျစဉ် အစပိုင်းကတင်ပြခဲ့သည့်အတိုင်း တွေ့ ကြုံခဲ့ရခြင်းဖြစ်သည်။
၁၉၁၉ ခုနှစ်တွင် မဲလ်ဘုန်းမြို့၌ကျင်းပသော ကျမ်းစာကျောင်းသားများ၏စည်းဝေးပွဲကို ကျွန်မတက်ရောက်ခဲ့သည်။ ၁၉၁၉ ခု၊ ဧပြီလ ၂၂ ရက်တွင် ထိုနေရာ၌ ယေဟောဝါထံကျွန်မ၏ဆက်ကပ်အပ်နှံမှုကို ရေနှစ်ခြင်းအားဖြင့်တင်ပြခဲ့သည်။ ဝိညာဏကျွေးမွေးပွဲကြီးက ကောင်းကင်နိုင်ငံတော်၏ဝိညာဏရတနာများနှင့် ယေဟောဝါ၏မြေကြီးဆိုင်ရာအဖွဲ့အစည်းအပေါ် ကျွန်မ၏လေးမြတ်မှုကို ပိုမိုနက်ရှိုင်းစေခဲ့သည်။—မဿဲ ၁၃:၄၄။
စည်းဝေးပွဲကြီးအပြီးတွင် ကျွန်မအိမ်မပြန်ဘဲ အချိန်ပြည့်ဟောပြောသူ ဂျိန်းနစ်ကိုလ်စန်နှင့် တစ်လကြာတွဲ၍သက်သေခံရန်ဖိတ်ခေါ်ချက်ကို လက်ခံခဲ့သည်။ ကျွန်မတို့ခန့်အပ်ခံရသည့်နေရာမှာ ကင်းမြစ်နားရှိ ယာခင်းနှင့်ကျွဲနွားများရှိရာဒေသဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်လောက်က ဤတောင်တန်းဒေသသည် နှင်းချောင်းကလူ ဟူသောရုပ်ရှင်ဇာတ်ကားအတွက် နောက်ခံရှုခင်းဖြစ်ခဲ့သည်။
၁၉၂၁ ခုနှစ်တွင် ကျမ်းစာလေ့လာမှုအတွက် အကူအညီကောင်းတစ်ခုဖြစ်သည့် ဘုရားသခင်၏စောင်းတော် ဟူသောစာအုပ်ကို ကျွန်မတို့ရရှိခဲ့သည်။ ယင်းကို ဥပုသ်စာဖြေကျောင်းအတွက်ပြဋ္ဌာန်းစာအုပ်အဖြစ် အဖေစတင်သုံးလာသောအခါ မိဘများစွာတို့က ကန့်ကွက်ကြပြီး အဖေအားနှုတ်ထွက်ခိုင်းကြသည်။ အဖေလည်း မဆိုင်းမတွနှုတ်ထွက်ခဲ့သည်။ နောက်ပိုင်းတွင် ငရဲ အမည်ရှိပြီး “ယင်းကအဘယ်အရာနည်း၊ ထိုတွင်မည်သူများရှိသနည်း၊ ယင်းမှသူတို့ထွက်မြောက်နိုင်သလော” ဟူသည့် စိတ်ဝင်စားမှုနှိုးဆွသည့် မျက်နှာဖုံးမေးခွန်းများပါသောစာအုပ်ငယ်ကို ကျွန်မတို့ရရှိလိုက်သည်။ အကြောင်းအရာအပေါ်၌ ရှင်းလင်းပြတ်သားသောကျမ်းစာအထောက်အထားများဖြင့် တင်ပြထားချက်ကို အဖေဘဝင်ခိုက်သွားသဖြင့် ချက်ချင်း ထိုစာစောင်ကို တစ်အိမ်တက်ဆင်းဝေငှလေတော့သည်။ ကျွန်မတို့၏ရွာနှင့် အနီးအနားဒေသများတွင် သူသည်စာအုပ်ရာပေါင်းများစွာဝေငှရသည်။
အဖေနှင့်အတူဟောပြောခြင်းခရီးစဉ်များ
နောက်ဆုံးတွင် အခြားဒေသများရှိလူများထံ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ယူဆောင်သွားပေးနိုင်ရန် ကားတစ်စင်းကိုအဖေဝယ်လိုက်သည်။ ပန်းပဲဆရာတစ်ဦးအနေနှင့် အဖေသည် မြင်းနှင့်ပိုမိုအကျွမ်းဝင်သည်။ ထို့ကြောင့် ကျွန်မမှာ ကားဒရိုင်ဘာဖြစ်လာရသည်။ အစ၌ ဟိုတယ်တွင် ကျွန်မတို့ညအိပ်တည်းခိုကြသည်။ ယင်းသည် အကုန်အကျများလွန်းကြောင်း မကြာမီကျွန်မတို့သိလာသဖြင့် အပြင်တွင်စခန်းချကြသည်။
အဖေက ကားရှေ့ခုံတွင်ကျွန်မအိပ်နိုင်အောင် ခပ်ပြန့်ပြန့်လုပ်ထားသည်။ အဖေအိပ်ရန် တဲငယ်ကလေးတစ်ခုကို ကျွန်မတို့ထိုးကြသည်။ ထိုသို့စခန်းချသွားလာခဲ့သည်မှာ ရက်သတ္တပတ်များစွာကြာပြီးနောက် ပေါ်ရ်ပန်ကာသို့ ကျွန်မတို့ပြန်ကြပြီး အဖေက ပန်းပဲဆိုင်တစ်ခါပြန်ဖွင့်သည်။ ကျွန်မတို့၏ နောက်တစ်ကြိမ်ဟောပြောခြင်းခရီးစဉ်အတွက် ကုန်ကျစရိတ်ကာမိလောက်သည့် အလုပ်အပ်သူများ၏လုပ်ခများစွာကို အမြဲရရှိသဖြင့် ကျွန်မတို့အံ့သြမဆုံးဖြစ်ခဲ့ရသည်။
စိတ်ထားမှန်သူများစွာတို့သည် ကျွန်မတို့၏လည်ပတ်မှုကို လိုလိုလားလားတုံ့ပြန်ကြပြီး နောက်ဆုံး အိမ်တွင်းကျမ်းစာသင်အံမှုများကို လက်ခံလာကြသည်။ ကနဦးက ပေါ်ရ်ပန်ကာမှနေ၍ ကျွန်မတို့အုပ်စုငယ်လေး သွားရောက်အမှုဆောင်သောဒေသတွင် ယခုအခါ ကိုယ်ပိုင်ခန်းမနှင့်အသင်းတော် ခုနစ်ခုရှိနေပြီဖြစ်သည်။ “အမှုငယ်ပြုသောနေ့ရက်” ကို မည်သူကအထင်သေးနိုင်သေးသနည်း။—ဇာခရိ ၄:၁၀။
၁၉၃၁ ခုနှစ်တွင် ကျွန်မတို့ “ယေဟောဝါသက်သေများ” ဟူသောအမည်သစ်ကိုခံယူသည့် အထူးစည်းဝေးပွဲကျင်းပရာနေရာသို့ ကျွန်မနှင့်အဖေတို့သည် မိုင် ၂၀၀ နီးပါးရှိ အလွန်ဆိုးသောလမ်းကို မောင်းနှင်သွားခဲ့ကြသည်။ ကျွန်မတို့နှစ်ဦးလုံး ဤထူးခြားသည့်ကျမ်းစာအခြေပြုအမည်ကို သဘောကျနှစ်သက်ကြသည်။ (ဟေရှာယ ၄၃:၁၀-၁၂၊ ကဘ) ယင်းအမည်သည် ထိုအချိန်အထိ ကျွန်မတို့အားသိရှိကြသည့် “အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားများ” ဟူသောအမည်ထက် ကျွန်မတို့အား ပိုမိုပြတ်သားစွာ မှတ်သားဖော်ပြနိုင်သည်။
ဘယ်သန်ငါမြို့တွင် သက်သေခံနေကြသောနေ့တစ်နေ့တွင် အင်္ဂလီကန်အသင်း၏ ဓမ္မအမှုဆောင်တစ်ယောက်နှင့် ကျွန်မတွေ့သည်။ သူဒေါသထွက်လာပြီး ကျွန်မတို့စာအုပ်များဝေငှခဲ့သည့်အိမ်များကို ပြန်လိုက်ရှာကာ စာအုပ်များကိုတောင်းယူသည်။ ထို့နောက် မြို့လယ်တွင် လူအများရှေ့စာအုပ်မီးရှို့ခြင်းကို သူလုပ်တော့သည်။ သို့သော် သူ၏ အထင်သေးဖွယ်လုပ်ရပ်သည် ပြောင်းပြန်အကျိုးသက်ရောက်ခဲ့သည်။
အဖြစ်အပျက်ကို အသင်းမ၏ဌာနခွဲရုံးသို့ ကျွန်မအကြောင်းကြားသောအခါ ထိုဓမ္မဆရာလုပ်ခဲ့သည့်လုပ်ရပ်ကို ပြစ်တင်ရှုတ်ချသည့်အကြောင်း အိတ်ဖွင့်စာတစ်ခုကို ပုံနှိပ်လိုက်သည်။ ကားတစ်စီးစာရှိသက်သေခံများအားလည်း ထိုဒေသတစ်ဝိုက်တွင် ထိုစာကိုဝေငှရန်စီစဉ်လိုက်သည်။ နောက်ပိုင်း အဖေနှင့်ကျွန်မတို့ ထိုမြို့သို့သွားရောက်သောအခါ ယခင်ကထက်ပို၍ စာအုပ်များကိုဝေငှကြရသည်။ မြို့နေလူများသည် “တားမြစ်ထားသည့်” စာပေတွင် မည်သည့်အရာများပါဝင်သည်ကို စူးစမ်းသိရှိလိုကြသည်တကား!
ကျွန်မတို့၏ဟောပြောခြင်းအတွက် ရလဒ်အနေနှင့် အရှေ့မြောက်ဗစ်တိုးရီးယားပြည်နယ်တွင် ကျမ်းစာသမ္မာတရားကို ဦးဆုံးလက်ခံသူမှာ မေလ်တန်ဂစ်ဘ်ဆိုသူဖြစ်သည်။ ကျွန်မတို့၏လည်ပတ်မှုနှစ်ခု စပ်ကြားတွင် ကျွန်မတို့ထားခဲ့ပေးသည့်အသင်းမစာအုပ်အားလုံးကို သူစေ့စေ့စပ်စပ်လေ့လာသည်။ ကျွန်မတို့ပြန်လည်ပတ်သွားသည့်တစ်ခေါက်တွင် ဤသို့ပြောသဖြင့်ကျွန်မတို့အား အံ့အားသင့်စေခဲ့သည်– “အခုကျွန်တော် ခင်ဗျားတို့ရဲ့တပည့်တစ်ယောက်ဖြစ်သွားပြီ။”
သူ၏ဆုံးဖြတ်ချက်ကို သဘောကျသော်လည်း ကျွန်မသူ့ကိုရှင်းပြသည်– “မဟုတ်သေးဘူးမေလ်တန်၊ ရှင်ကျွန်မရဲ့တပည့်တစ်ယောက်မဖြစ်နိုင်ဘူး။”
“ကောင်းပြီ၊ ဒါဆို ကျွန်တော်ရပ်သဖော့ဒ် [ထိုအချိန်က ကင်းမျှော်စင်အသင်း၏ဥက္ကဋ္ဌ] ရဲ့တပည့်တစ်ယောက်ပေါ့။”
ကျွန်မသူ့ကို ထပ်၍ပြောပြရပြန်သည်– “မဟုတ်ဘူး။ ရပ်သဖော့ဒ်ရဲ့တပည့်လည်းမဟုတ်ဘူး။ ခရစ်တော်ရဲ့တပည့်ဖြစ်ဖို့ ကျွန်မမျှော်လင့်တယ်။”
ကျွန်မနှစ်ပေါင်းများစွာအချိန်ကုန်ခံ၍ ရှာဖွေခဲ့သူများထဲတွင် မေလ်တန်ဂစ်ဘ်သည် အဖိုးထိုက်ရတနာများထဲမှ တစ်ခုသာဖြစ်ကြောင်း သက်သေထူခဲ့သည်။ သူနှင့်သူ့သားနှစ်ယောက်တို့သည် ခရစ်ယာန်အကြီးအကဲများဖြစ်နေကြပြီး သူ၏အခြားအိမ်သားများမှာ အသင်းတော်တွင် တက်ကြွလှုပ်ရှားနေသူများဖြစ်သည်။
စမ်းသပ်မှုအမျိုးမျိုးတွေ့ ကြုံရခြင်း
၁၉၄၁ ခု၊ ဇန်နဝါရီလတွင် ဩစတြေးလျားနိုင်ငံ၌ ယေဟောဝါသက်သေများ၏လုပ်ငန်း ပိတ်ပင်ခံခဲ့ရသည့်ကြားမှ သမ္မာကျမ်းစာကိုသာသုံး၍ ကျွန်မတို့ဆက်လက်ဟောပြောခဲ့ကြသည်။ အသည်းအသန်ဖြစ်နေသောအဖေကို ကြည့်ရှုစောင့်ရှောက်ရန် အိမ်သို့ ပြန်အခေါ်ခံရသောအခါ ကျွန်မ၏အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းဖြစ်သည့် ရှေ့ဆောင်ခြင်းကို ရပ်နားလိုက်ရတော့သည်။ နောက်ပိုင်းတွင် ကျွန်မလည်း နာမကျန်းဖြစ်ပြီး အရေးတကြီးခွဲစိတ်ကုသမှုတစ်ခုခံယူရန် လိုအပ်လာခဲ့သည်။ ပြန်လည်နေကောင်းလာရန် အချိန်အတန်ကြာခဲ့သော်လည်း သမ္မာတရားမှဘုရားသခင်၏ကတိတော်တစ်ခုကို ကျွန်မကြုံတွေ့ခဲ့ရသည်– “ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား။” (ဟေဗြဲ ၁၃:၅) ခရစ်ယာန်ညီအစ်မတစ်ဦးက ကျွန်မအားဤသို့စိတ်ချစေသည်– “မင်းဘယ်တော့မှ တစ်ယောက်ထဲမဟုတ်ဘူးဆိုတာ သတိရပါဖလော်ရဲန့်စ်။ ယေဟောဝါနဲ့အတူ မင်းအမြဲပဲ ကြီးကြီးမားမားလုပ်ဆောင်နေတာပဲ။”
ထို့နောက် ကျွန်မချစ်သောအဖေ၏နောက်ဆုံး ၁၃ ပတ်ကြာနာမကျန်းသည့်အချိန်ရောက်ရှိလာသည်။ ၁၉၄၆ ခု၊ ဇူလိုင် ၂၆ ရက်တွင် အဖေကွယ်လွန်သွားခဲ့သည်။ သူ့အသက်တာတစ်လျှောက်လုံးကို သူမွေ့လျော်ခဲ့ပြီး သူ့မျှော်လင့်ချက်မှာ ကောင်းကင်အသက်တာဖြစ်သည်။ (ဖိလိပ္ပိ ၃:၁၄) သို့နှင့် နှစ်ဦးပိုင်းများက အများအားဖြင့်အဖေနှင့်အတူရှိခဲ့သောကျွန်မသည် အသက် ၅၁ နှစ်တွင် တစ်ယောက်တည်းဖြစ်နေတော့သည်။ ထို့နောက်တွင် ကျွန်မ၏ခင်ပွန်းလောင်းကို တွေ့ဆုံခဲ့ရသည်။ ၁၉၄၇ ခုနှစ်တွင် ကျွန်မတို့လက်ထပ်လိုက်ကြပြီး အတူတကွရှေ့ဆောင်စလုပ်ကြသည်။ သို့သော် ဤပျော်ရွှင်သည့်အချိန်ကလေးသည် ကြာကြာမခံလိုက်ပါ။ ၁၉၅၃ ခုနှစ်တွင် သူလေဖြတ်ပြီး မစွမ်းမသန်ဖြစ်သွားသည်။
ကျွန်မခင်ပွန်း၏စကားပြောနိုင်စွမ်းမှာ အလွန်ထိခိုက်သွားပြီး သူနှင့်စကားပြောဆိုရန် မဖြစ်နိုင်တော့သလောက်ဖြစ်သွားသည်။ ယင်းကား သူ့ကိုပြုစုရန် အခက်ခဲဆုံးအပိုင်းဖြစ်သည်။ သူပြောရန်အားထုတ်သည့်အရာများကို နားလည်ရန်ကြိုးပမ်းရသည့် စိတ်ဒုက္ခမှာကြီးလှသည်။ အနီးအနားတွင် အသင်းတော်မရှိသော သီးသန့်ဒေသတွင် ကျွန်မတို့နေရသော်လည်း ဤစမ်းသပ်ရာနှစ်များတစ်လျှောက် ယေဟောဝါကျွန်မတို့ကိုပစ်မထားခဲ့ပါ။ အဖွဲ့အစည်းဆိုင်ရာနောက်ဆုံးအကြောင်းအချက်များ၊ အဆက်မပြတ်ဝိညာဏကျွေးမွေးမှုဖြစ်သော ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများအားဖြင့် ကျွန်မရင်ဘောင်တန်းခဲ့သည်။ ၁၉၅၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကျွန်မ၏ချစ်စွာသောခင်ပွန်းကွယ်လွန်ခဲ့ရသည်။
အယ်ဒလ်အေ့ဒ်တွင်အမှုဆောင်ခြင်း
ကျွန်မတစ်ကိုယ်တည်းဖြစ်ရပြန်သည်။ ကျွန်မဘာလုပ်ရမည်နည်း။ ငါးနှစ်နီးပါးရပ်နားခဲ့ပြီးမှ အချိန်ပြည့်အမှုဆောင်အဖြစ် ပြန်လည်လက်ခံခံရပါမည်လော။ ကျွန်မပြန်လည်လက်ခံခံခဲ့ရသည်။ သို့နှင့် ကျွန်မ၏အိမ်ကိုရောင်းပြီး တောင်ပိုင်းသြစတြေးလျား၏မြို့တော်ဖြစ်သော အယ်ဒလ်အေ့ဒ်တွင် လန်းဆန်းသောအစပြုခြင်းဖြင့် ရှေ့ဆောင်ပြန်လုပ်ခဲ့သည်။ ထိုအချိန်က ထိုနေရာတွင် ရှေ့ဆောင်များလိုအပ်နေပြီး ပရော့စ်ပက်အသင်းတော်တွင် ကျွန်မခန့်အပ်ခံရသည်။
မြို့ထဲတွင်ကားမောင်းရခြင်းကို ကျွန်မစိုးရိမ်မကင်းဖြစ်သောကြောင့် ကားကိုရောင်းပြီး စက်ဘီးကိုတစ်ဖန်ပြန်အသုံးပြုခဲ့ရသည်။ ယင်းကို ကျွန်မအသက် ၈၆ နှစ်အထိအသုံးပြုလာခဲ့ရာ ထိုဒေသတွင် ကျွန်မအား “စက်ဘီးပြာအပေါ်ကအမျိုးသမီးငယ်” ဟုပင်လူသိများကြသည်။ အတန်ကြာသော် သွားလာခြင်းသည် ပို၍လန့်စရာဖြစ်လာရသည်; ကျွန်မစက်ဘီး၏ရှေ့ဘီးသည် ဆက်တိုက်တုန်ခါနေဟန်ရှိသည်။ ခြံစည်းရိုးတစ်ခုထဲသို့လဲကျသော မွန်းလွဲချိန်တစ်ချိန်တွင် နောက်ဆုံးဒုက္ခကိုခံလိုက်ရသည်။ ‘ဒါနောက်ဆုံးပဲ’ ဟု ကိုယ့်ကိုယ်ကိုပြောမိလိုက်ပြီး ခြေထောက်နှစ်ဖက်ကို တစ်ဖန်ပြန်အားကိုးရတော့သည်။
နှစ်အနည်းငယ်ကြာပြီးနောက် ခရိုင်စည်းဝေးပွဲတစ်ခုကို ကျွန်မတက်ရောက်နေစဉ် ခြေထောက်များကစ၍ဒုက္ခပေးလာပြီး ကျွန်မ၏တင်ပါးဆုံရိုးအဆက်တွင် နှစ်ကြိမ်တိုင်ခွဲစိတ်ခံခဲ့ရသည်။ ခွဲစိတ်ကုသပြီးနောက် ခွေးကြီးတစ်ကောင်က ကျွန်မအားတိုက်လှဲခဲ့သည့်အချိန်မတိုင်မီအထိ ကျွန်မအခြေအနေကောင်းနေခဲ့သည်။ ထိုသို့လဲကျခြင်းက ထပ်၍ဆေးကုသမှုကိုခံရန်လိုအပ်ခဲ့ပြီး ထိုအချိန်မှစ၍ ကျွန်မသွားသွားလာလာလုပ်နိုင်ဖို့ လမ်းလျှောက်ရန်အထောက်အကူပြုကိရိယာတစ်ခု လိုအပ်လာခဲ့သည်။ ကျွန်မ၏စိတ်ကမူ တက်ကြွနေဆဲဖြစ်သည်။ မိတ်ဆွေတစ်ဦးယူမှတ်သကဲ့သို့ ဖြစ်သည်– “ခင်ဗျားရဲ့နုပျိုတဲ့စိတ်ကို အိုမင်းလာတဲ့ခန္ဓာက မလိုက်နိုင်တော့ဘူးနဲ့တူတယ်။”
နှစ်များတစ်လျှောက် အယ်ဒလ်အေ့ဒ်အသင်းတော်သည် ကြီးပွားတိုးတက်လာပြီး အသင်းတော်ခွဲဖွင့်လိုက်ရသည်ကို ကျွန်မမြင်ရသည်။ ၁၉၈၃ ခုနှစ်၊ ကျွန်မအသက် ၈၈ နှစ်ရောက်သောအခါ အယ်ဒလ်အေ့ဒ်မှ ထွက်ခွာခဲ့ရပြီး ဗစ်တိုးရီးယားပြည်နယ်ရှိ ကီယက်ဘရမ်မြို့တွင် မိသားစုတစ်စုနှင့်အတူပျော်ရွှင်ဖွယ်ဆယ်နှစ်တာအချိန်ကို ကုန်လွန်စေခဲ့သည်။ လယ်ကွင်းအမှုဆောင်ထွက်ရန် ကျွန်မကြိုးစားဆဲဖြစ်သည်; အသင်းတော်ထဲမှမိတ်ဆွေများက ကျွန်မထံမှမဂ္ဂဇင်းမှန်မှန်ယူဖတ်သူများထံသို့ ကားဖြင့်လိုက်ပို့ပေးကြသည်။ ထိုသူများက ကျွန်မနှင့်စကားပြောရန် ကားဆီရောက်သည့်အထိ စာနာစွာဖြင့်ထွက်လာပေးကြသည်။
၉၈ နှစ်ကြာခဲ့သည့် ကျွန်မ၏အသက်တာတစ်လျှောက် ပြန်သုံးသပ်လိုက်သောအခါ အထူးသဖြင့် ချီးမွမ်းဖွယ်ကောင်းသည့်အဖေအပါအဝင် ကျွန်မနှင့်အတူယေဟောဝါအားချီးမွမ်းခဲ့ကြသည့် သစ္စာရှိသူများအား ပြန်သတိရမိသည်။ ကျွန်မနှင့်တွဲခဲ့သည့် သစ္စာရှိရှေ့ဆောင်ဓမ္မအမှုဆောင်များထက် ကျွန်မကပိုအသက်ရှည်ပုံရသည်။ သို့သော် ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်တွင် အသက်ဆုကျေးဇူးရမည့်မျှော်လင့်ချက်ရှိသူများနှင့်အတူ ပြန်လည်ပေါင်းစည်းရသည့်အခါ ရမည့်ရွှင်လန်းမှုသည် အမှန်ပင် ထူးကဲမွန်မြတ်သည့်ရတနာသာ ဖြစ်တော့သည်တကား!
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
၁၉၁၉ ခု၊ ဧပြီ ၂၂ ရက်နေ့တွင် ကျွန်မနှစ်ခြင်းခံခဲ့သည်
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ကျွန်မအသက် ၁၀၀ နားချဉ်းကပ်လာသည်နှင့်အမျှ ပျော်ရွှင်စွာယေဟောဝါအားအမှုဆောင်ဆဲ